“ဆန်းနှင့် ကြည်” (ဒဂုန်တာရာ)
ဂျပန် ဝင်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ဝင်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။
ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်း သွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာ ကို အုန်းလွင် တို့ ပါလာသော မော်တော်ဘုတ် ကျိုက်လတ်ဆိုက်သည်နှင့် ကျနော်လိုက်သွားသည်။ ညဘက် ရန်ကုန်ဆိပ်ကမ်းသို့ ကပ်ခွင့်မရ၍ ခနောင်တို့ဘက်တွင် တညအိပ်၍ နောက်နေ့ နံနက်စောစော ရန်ကုန် ရောက်သွားသည်။
ကြည့်မြင်တိုင် ဆိပ်ကမ်းမှနေ၍ အလံပြဘုရားလမ်းမှနေ၍ အလံပြဘုရားလမ်းရှိ ပတ်ခ်ဟိုတယ်သို့ တန်းသွားလိုက်သည်။ ကျနော်တို့ မိတ်ဆွေများနှင့်တွေ့ပါပြီ၊ ကျောင်းသားသမဂ္ဂ လုပ်ဖေါ်ကိုင်ဖက်များ၊ သူတို့သည် ဗမာ့လွတ်လပ်ရေးတပ်မ တော်သားများ ဖြစ်နေကြပေပြီ။ လန်ကတ်စတာလမ်းထောင့်ရှိ မက်သဒစ်ကျောင်း (ယခု အထက ၁ ဒဂုံ) သည် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်ရုံးချုပ်ဖြစ်နေပေပြီ။ ယင်းဗမာ့တပ်မတော် စစ်ရုံးချုပ်ရှေ့ဘက်ရှိ ယခင် အင်္ဂလိပ် သံအမတ်ကြီး အိမ်တွင် ဗိုလ်အောင်ဆန်းကို သွားတွေ့ရသည်။
ဗိုလ်လက်ျာကခေါ်၍ ပါသွားသည်။ ကိုအောင်ဆန်းကို ရေညှိစိမ်းရောင် သက္ကလပ်စစ်ဝတ်စုံနှင့် ခါးတွင်လည်း ဓားချိတ်လျက်။ ကျနော့် စိတ်ထဲတွင် တမျိုးဖြစ်သွားသည်။ အံ့လည်း အံ့ဩသွားသည်။ကျနော် မျှော်လင့်သော သခင်အောင်ဆန်း ၏ ရုပ်ပုံလွှာ။
ယခင် မြင်နေကျ သခင်အောင်ဆန်း၏ ရုပ်ကားချပ်ကတော့ ပင်နီအပေါ်ဖုံး၊ ရွှေတောင်လုံချည်နှင့်၊ သမိုင်းဆိုသည်က လည်း ပြောင်းလဲတတ်သည်မဟုတ်ပါလား။ ယခင်ကတော့ သခင်အောင်ဆန်း၊ သူက သခင်အောင်ဆန်း ခေါ်လျှင်ကြိုက် သူ၊ ယခု ဗိုလ်ချုပ်အောင်ဆန်းတဲ့။ ထိုအခါ ဗိုလ်တေဇ ဟုလည်း ခေါ်သည်။ နာမည်က မတွင်၊ ဗိုလ်အောင်ဆန်း နာမည်ကသာ သမိုင်းတွင်သွားသည်။
ခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးရှိ ပတ်ခ်ဟိုတယ်တွင် ကျနော်မတည်း၊ လူများနေသည်။ ကျနော်နှင့် ကျောင်းနေဖက် ကိုထွန်းလှ ခေါ်သွားသော လန်ကတ်စတာလမ်းရှိ ထရီနီတီဂေဟာဟုခေါ်သော အမျိုးသမီးဆောင်သို့ ရောက်သွားသည်။ အမျိုးသမီးဆောင်တွင် တနင်္သာရီဘက်တွင် ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်ရာလမ်းကြောင်းရှိ အုပ်ချုပ်ရေးဖွဲ့လျှင်သုံးရန် ခေါ်လာသော တက္ကသိုလ်ကျောင်းသားများ စုနေသည်။ ဘော်ဒါဆောင် သဘော။ ကျနော် အဲ သည်မှာ တည်းလိုက်သည်။ ကျနော့်အတွက် စန္ဒရားတလုံး ယူပေးထားသည်။ အတော်ပဲ။
‘ခင်ဗျားနဲ့ မိတ်ဖွဲ့ပေးရမယ်ဗျ၊ လာ၊ မခင်ကြည်နဲ့ မိတ်ဖွဲ့ပေးရမယ်၊ အပေါ်ဆုံးထပ်မှာနေတယ် လာ’ ဟု တယောက်က ပြော၍ ကျနော်တို့ လူစုသည် ဆေးရုံကြီးလုပ်ထားရာ အပေါ်ထပ်သို့ တက်သွားကြသည်။ (ဒိုင်အို မိန်းကလေးကျောင်းကို စစ်အတွင်းက ပြည်သူ့ဆေးရုံအဖြစ် ပြုလုပ်ထားသည်) သုံးထပ်တွင်ဖြစ်မည် ထင်သည်။
အထဲရောက်သောအခါ ဆရာမ မခင်ကြည်နှင့် မိတ်ဆက်ပေးသည်။ ဧည့်ခန်းတွင် စန္ဒရားကြီးတလုံးရှိသည်။ ‘တယောက်ကို သီချင်းဆိုခိုင်းရမယ်ဗျ၊ ခင်ဗျားတီး’ ကျနော့်ကို စန္ဒရားရှေ့သို့ ပို့လိုက်သည်။ မခင်ကြည်က အခန်းထဲပြန်ဝင်သွားသည်။ စန္ဒရားခလုပ်များကို ကျနော် စမ်းကြည့်လိုက်သည်။ တီးလို့မရ၊ အသံများ ပျက်နေသည်။ ကြိုးညှိမထားသဖြင့် ဘယ်လိုမှ တီး၍မရ၊ ကျနော်ကလည်း ဇီဇာကြောင်သည်။ စန္ဒရား အသံကောင်းကောင်းမှ တီးချင်သည်။
‘လုပ်လေဗျာ၊ သီချင်း တပုဒ်’ တယောက်က ပြောလိုက်သည်။
‘တီးလို့ မရဘူးဗျ၊ ကြိုးကျနေတယ်၊ တီးရင် အသံကြောင်တယ်’ သူတို့က နားမလည်။ ထို့နောက် ကော်ဖီများရောက်လာသည်။ ကိုအောင်ဆန်း၏ ချစ်သူ မခင်ကြည်က ပြန်ထွက်မလာ။ ကျနော် ကောင်းစွာမှတ်မိနေသည်။ ထို့နောက် ကျနော် တို့ ပြန်ခဲ့ကြသည်။ သူတို့ အသိုင်းအဝိုင်းတွင် ကျနော်တယောက်သာ စန္ဒရားတီးတတ်၍ ကျနော့်ကို မကြာခဏ တီးခိုင်းသည်။ မခင်ကြည် ပြန်ထွက်မလာသည်ကို သတိပြုမိသည်။ ရှက်နေဟန်တူသည်။ ကျနော်တို့ လူစုမှာ အသက်ပင် ၃ဝ မကျော်သေး။ ကျနော်က သည်အသိုင်းအဝိုင်းထဲတွင် အသက်အငယ်ဆုံး။ ထိုအခါက အသက် ၂၂၊ ကိုအောင်ဆန်းက ၂၆ နှစ်၊ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ကလည်း ကျနော့်ထက် ကြီးကြသူများ ဖြစ်သည်။
မခင်ကြည်ကို ကျနော်က ကြည့်ကောင်းသူဟု ခံစားမိသည်။ မျက်ခုံးမွှေး ထူထူ၊ မျက်နှာထားလည်း ချိုသည်။ ကြည်လင် ချိုမြ၊ လှေကားထစ်မှ ကျနော်တို့ ဆင်းလာသောအခါ ချောသားပဲဗျ၊ ကိုအောင်ဆန်း ရွေးတာမဆိုးဘူး’ ဟု ကျနော်က ပြောလိုက်သည်။ သူတို့ကလည်း တယောက်တပေါက် ပြောကြပြန်သည်။
ထိုအခါက ကျနော်တို့သည် ငယ်ရွယ်သူများ ဖြစ်သည်။
လွန်ခဲ့သော တပတ်ခန့်ကပင် သခင်မြအိမ်ရှိ စန္ဒရားကို ကျနော်တီးနေစဉ် ကိုအောင်ဆန်း စစ်ဝတ်စစ်စားနှင့်ဝင်လာသည် ကျနော်ဘေးတွင် ကိုထွန်းလှက သီချင်းဆိုနေသည်။ ‘သည်လိုအခါမျိုးမှာ ချစ်ကြမယ် ကြင်နာကြမယ် သီချင်းကမဟန်ဘူးဗျ’ ဟု ကျနော့်ကို ကြည့်ကာ ပြောလိုက်သည်။
ကျနော်က ပထမတော့ သူ့ကိုလှမ်းကြည့်ရင်း ဘယ်လိုလူပါလိမ့်ဟု တွေးမိသည်။ ကျနော်ဆက်တီးသည်။ ကိုအောင်ဆန်းကလည်း ဆက်ပြောသည်မဟုတ်။ ချက်ချင်း ဒေါက်ဒေါက်နှင့် အပြင်သို့ထွက်သွားသည်။ ဟောအခုကျတော့ ကျနော့်ကို အတင်းတီးခိုင်းပြန်သည်။ ကျနော်က မတီးချင်၊ မတီးချင်သည်မှာ အခြားမဟုတ် စိန်ဝေလျှံတီးနေသည်ကို ရပ်ခိုင်း၍ ကျ နော့်ကို တီးခိုင်းသည်ကို ကျနော်မကြိုက်။ သူကတော့ မရ။ ကျနော်က ထိုင်နေရာမှမထသည်ကို လက်နှင့်ခေါ်ပြီး အတင်း လုပ်ပါဦးဗျ။ ကဉ္စနသိချင်းဟု ဆိုလိုက်သည်။ အားလုံးပျော်ပျော်ပါးပါး ကျနော် သီချင်းတီးလိုက်သည်။ ဖန်ခွက်ထဲတွင် ရွှေရောင်တဖျတ်ဖျတ် ဆာကေးနံ့ တသင်းသင်း။
အပေါင်းအသင်းများမှာ ကသူ က။ ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်၊ တယောက်ပြီးတယောက် လက်ထပ်သွား ကြသည်ကို ကျနော် အံ့ဩနေသည်။ သခင်ချစ်၊ ကျောင်းဆရာသခင်ချစ်က သူ့တပည့်မလေး ခင်သန်းညွန့်နှင့် လက်ထပ်သည်။ သည်လူတွေ ဘယ်လို လူတွေလဲ။ ကျနော် တွေးမိသည်။ သူတို့ကို ကောင်းစွာနားမလည်။ ကျနော့်ကိုလည်း တယောက်ယောက်နှင့် စနေကြသည်။ အဆိုးဆုံးက ဗိုလ်စင်္ကြာ၊ သူက ကျနော့် စန္ဒရားလက်သံကို သဘောကျနေသည်။သူ့ အိမ်ရှိ ပြင်သစ်ပလေရယ် သုံးချောင်းထောက် စန္ဒရားကြီး၊ ဂရင်းပီယာနို ကျနော်ပဲ တီးရသည်။ သူနှင့်အတူနေသူ ဂျော်ဂျီ ကိုတင်အောင်က အင်္ဂလိပ်သီချင်းကြီးများကို ကောင်းစွာတီးတတ်သူ၊ ဗမာသီချင်းတော့ သူ မတီးတတ်၊ ကိုတင်အောင် မှာ ၁၉၃၆ က အိုးဝေမဂ္ဂဇင်း ကော်မတီတွင် ပါသူ၊ (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ ညီမအမာနှင့် လက်ထပ်သွားသည်) ကျနော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲဟု တွေးမိသည်။ ဟုတ်မဟုတ်တော့ မသိ။
ထိုအခါက ကျနော်သည် ရွှေတောင်ကြားရှိ ဗိုလ်လက်ျာအိမ်မှ စန္ဒရားကိုတီးဖြစ်သည်။ ရွှေတောင်ကြားရှိ ဗမာ့လွတ်လပ် ရေးတပ်မတော် အရာရှိကြီးများ နေထိုင်သော အိမ်တိုင်းလိုလို စန္ဒရားရှိသည်။ သို့သော် တီးသူက မရှိ။ ကျနော်ကို သူတို့က မျှော်တတ်ကြသည်။ ကျနော် ဗိုလ်လက်ျာအိမ်မှ စန္ဒရားကို သိပ်ကြိုက်သည်။ အသံက ချိုသည်။ ကျနော် တီးနေစဉ် ကို အောင်ဆန်းကားကြီးနှင့် ရောက်လာသည်။ ထိုအခါက ဗိုလ်လကျ်ာ အိမ်တွင် ကိုဗဟိန်း နေသည်။
‘လာဗျာ ကျနော်နဲ့ လိုက်ခဲ့စမ်းပါ မဂိုလမ်းမှာ ပလာတာသွားစားရအောင်’ ဟု ရပ်ရင်းပြောသည်။ ‘နေပါဦးဗျ ဖြည်းဖြည်းပေါ့’ ကျနော်က မဂိုလမ်းကို ပလာတာသွားစားမည်ကို သိပ်မကြိုက်၊ သူက ဗိုလ်ချုပ်ဖြစ်ပြီမဟုတ်လား၊ သည်နေရာမျိုးကို တယောက်တည်း မသွားသင့်ဟု ထင်သည်။ ကျနော်က သိပ်မလိုက်ချင်၊ သူထိုင်ပြီးနောက် ကျနော်တို့ နှစ်ယောက်စကား တပြောပြော၊ သူက လက်ထပ်မည်အကြောင်း ကျနော့်ကို ပြောသည်။ ‘ကျနော် သိနေတဲ့ ကိစ္စပဲ၊ အိ်မ်ထောင်မှုဆိုတာ လည်း အနုပညာရှိတယ်ဗျ’ ဟု သူက ကျနော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောလိုုက်သည်။
ကိုအောင်ဆန်းက အင်္ဂလိပ်လို တခါတရံပြောတတ်သည်။ ကျနော်က ပြုံးလိုက်သည်။ ကျနော်က အနုပညာသမားဆို၍ ကျနော်ကို သည်စကားပြောခြင်းဖြစ်မည်။ ကျနော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ။ သူလည်း ပလာတာ စားချင်စိတ် ပျောက်သွားပြီလား မသိ၊ ကျနော့်ကို မခေါ်တော့။
မကြာမီပင် ပြည်သူ့ဆေးရုံကြီး ဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲကျင်းပသည်။ ထိုအခါကတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်သည့် သတင်းမှာ ဟိုးဟိုးကျော်သွားသည်။ ကိုအောင်ဆန်း လက်ထပ်သွားသည်။ လက်မထပ်ခင် ၂ လ လောက်ကလားမသိ၊ သူနှင့် ကျနော်တို့ အတူနေကြသေးသည်။
ပထမ ကျနော် ဗိုလ်ဇေယျအိမ်တွင်နေသည်။ ဗိုလ်ဇေယျအထက်ဗမာပြည် စစ်ထွက်သွားပြီး သခင်တင်ဦးနှင့် ကျနော်တို့ ကိုအောင်ဆန်းအိမ်သို့ ပြောင်းသွားကြသည်။ ကိုအောင်ဆန်းက သူနှင့်အတူလာနေရန်ခေါ်သဖြင့် ပြောင်းသွားကြခြင်းဖြစ် သည်။ လက်ထပ်အပြီးတွင် ရွှေတောင်ကြားရှိ အမြောက် ၂ လက်နှင့် အိမ်မှ အင်းလျားကန်ဘေးရှိ တထပ်အိမ်လေးသို့ ပြောင်းသွားသည်။ ထိုအခါက အရေးတော်ပုံ ရာဇဝင်အမည်ရှိ စာအုပ်တအုပ် ရေးနေသည်။ ယင်းစာအုပ်ကို ကိိုဗဟိန်းကတော့ ကျနော့်ကိုသာ ရေးစေသည်။ ရေးစေလိုသည်မှာ အခြားအကြောင်းမဟုတ်၊ ဂျပန်သို့ သွားသည့်အကြောင်း။
ကျနော်က ရဲဘော်သုံးကျိပ်ဝင်များကို လိုက်မေးရသည်။ ထိုအခါကတော့ ဗိုလ်ရန်အောင်နှင့်သာ မေးရသည်။ ယင်းစာအုပ် ရေးသည့်ကိစ္စနှင့် ပတ်သက်၍ ကျနော် ကိုအောင်ဆန်းထံ သွားသည်။ သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိ အိမ်တွင် နေသည်။ သခင်တင်ဦးနှင့် ကျနော်တို့သွားကြသည်။ မခင်ကြည်နှင့် အတူတွဲ၍ အိမ်ပေါ်မှ ဆင်းလာကြသည်။
ကျနော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်။ သူတို့နှစ်ယောက် ရွှင်ပျနေသည်ကို ကျနော် သတိထားမိသည်။ ကိုအောင်ဆန်းသည် ယခင်လို ရှုသိုးသိုး မျက်နှာမျိုး မဟုတ်တော့။ ယခုတော့ ပြုံးစစ၊ ချိုမြမြ၊ မခင်ကြည်ကိုလည်း ကျနော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟု နားလည်ထားသည်။ သခင်တင်ဦးနှင့် ကျနော်တို့နှစ်ယောက်သည် ကိုုအောင်ဆန်းတို့ လင်မယား အိမ်မှပြန်လာကြသည်။
ထိုကာလက ကျနော်တို့၏ အသိုင်းအဝိုင်းများဖြစ်သော ဗိုလ်ဇေယျ စသူတို့လည်း လက်ထပ်သွားကြသည်။ သခင်သန်းထွန်းက မခင်ကြည်အမနှင့် လက်ထပ်သွားသည်။ ဗိုလ်ဇေယျမှာ ၁၉၃၉ မန္တလေး အရေးတော်ပုံတွင် ပုလိပ်များ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေစဉ်က ပန်းသီးလာပေးသော ကျောင်းသူလေးနှင့် လက်ထပ်လိုက်သည်။ ဗိုလ်လကျ်ာကလည်း ပဲခူးသူ မခင်လှနှင့် လက်ထပ်သွားသည်။ အလှက ကျနော်နှင့် သီချင်းဆိုဖက်။
ကိုဗဟိန်းက လက်ထပ်တယ်ဆိုတာ ဒုက္ခ သုတ်ခတွေကို ဝေမျှဖို့ပဲဗျဟုပြောသည်။ ယခုလည်း သူတို့သည် ဖက်ဆက် ဂျပန်များနှင့်ပေါင်းရန် ရည်ရွယ်ချက်ရှိသည် မဟုတ်၊ သို့သော် သမိုင်းဆိုသည်က တမျိုး၊ ကိုအောင်ဆန်းသွားသည်က တရုတ်ပြည်၊ ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် အမွိုင်သို့သွားခြင်းဖြစ်သည်။ သို့သော် ‘သမိုင်း ကံကြမ္မာ’ ကြောင့် ဂျပန် သို့ ရောက်သွားကြသည်။ သူတို့ ဖက်ဆစ်များနှင့် မပေါင်းချင်သည်ကို ကျနော်သိနေသည်။ ထို့ကြောင့် သူတို့ စိတ်ဓာတ် ကျနေသည်ဟု ကျနော်တွေးသည်။ စိတ်ဓာတ်ကျသည့်အခါ မိမိ၏ စိတ်ဆင်းရဲမှုကို ဝေမျှမည် ချစ်သူကို တမ်းတမိသည်။ ထို့ကြောင့် သူတို့သည် တယောက်ပြီး တယောက်လက်ထပ်သွားကြသည်ဟု ယူဆမိသည်။ ကိုကျော်ငြိမ်းလည်း ဂျပန်ခေတ်ကတည်းက လက်ထပ်သွားသည်။ သူ့ဇနီး မနွယ်က ကျနော်နှင့် ကျောင်းနေဖက်။
လက်ထပ်ခြင်း ဆိုသည်မှာ မိမိတို့ ဘဝ၏ အဆိုးအကောင်း အတွေ့အကြုံကို ဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေသည်။ တယောက်တည်း စိတ်ဆင်းရဲခြင်းထက် မိမိစိတ်ဆင်းရဲခြင်းကို ဝေမျှမည့် ချစ်သူနှင့် နေရခြင်းသည် စိတ်ချမ်းသာခြင်းဖြစ်မည်။ ထို့ကြောင့်လည်း ကျနော်တို့ အသိုင်းအဝိုင်းက သူတို့သည် လက်ထပ်ကြလေသလား၊ အသက်ထက်ဆုံးပင် သူတို့ ဇနီးများနှင့် ပေါင်းသင်းနေထိုင်ကြသည့် အထောက်အထားရှိကြသည်မှာ ထင်ရှားသည်။ သူတို့လက်ထပ်သွားကြသော်လည်း သူတို့၏ မူလ ယုံကြည်ချက်သည် ပြောင်းလဲမသွား၊ ယင်းသည် ချစ်မေတ္တာစစ် မဟုတ်ပါလား။
ဒဂုန်တာရာ (၂၃-၂-၉၉)
(ထုတ်ဝေခြင်း မပြုရသေးသည့် ချစ်ခြင်းမေတ္တာ စာအုပ်အတွက် ရေးသားပေးသည့် စာမူ ဖြစ်ပါသည်)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ …
19 comments
အရီးခင်
August 28, 2013 at 2:18 pm
မဖတ်ဖူးတဲ့ စာလေးပါ။
တင်ပေးသူ ရော ၊ ရေးသူ ကိုပါ ကျေးဇူးပါ။
မင်းခန့်ကျော်
August 28, 2013 at 4:12 pm
အောက်ဆုံးအပိုဒ် သုံးသပ်သလိုရေးထားတာ
ကြိုက်တယ်ဗျ ာ ။ဘာတဲ့
“သူတို့လက်ထပ်သွားကြသော်လည်း သူတို့၏ မူလ ယုံကြည်ချက်သည် ပြောင်းလဲမသွား၊ ယင်းသည် ချစ်မေတ္တာစစ် မဟုတ်ပါလား။”
တွေးစရာလေးပါ။
ခင် ခ
August 28, 2013 at 4:14 pm
အခုလိုတင်ပေးတော့ ဖတ်ရတာမို့ ကောင်းပါတယ် သဂျီးရေ။
“စစ်သားဆိုတာ စစ်တိုက်ရမယ် တိုင်းပြည်အတွက် အသက်ကိုပင်စွန့်သင့်ရင်စွန့်ကြပြီး အထက်အမိန့်အတိုင်း လိုက်နာလုပ်ရမှာဘဲ စစ်မြေပြင်မှာ သနားခြင်းဆိုတာထက် မိမိဘက်က ရည်ရွယ်ချက်အတိုင်း အနိုင်ရဖို့ လုပ်ကိုလုပ်ရလိမ့်မယ် စစ်မြေပြင်မှာစစ်သားတစ်ယောက် မဖြစ်မနေလုပ်ဆောင်ရမှာ အထက်အမိန့်ကို နာခံမှုဘဲ´´ ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန်ခွန်းတွေထဲမှာ ဖတ်ခဲ့ရတယ် အဲလိုစိတ်ဓာတ်တွေပြင်းထန်နေတဲ့ စစ်သားမှာလဲ ချစ်တတ်တဲ့နှလုံးသားတော့ ရှိတာပါဘဲ။ သူလည်းလေ လောကီသားပေမို့။
kai
August 28, 2013 at 4:19 pm
ဗိုလ်ချုပ်အောင်ဆန်းက.. ယောက်ျားတွေဟာ.. အသက်၂၇(နောက်ဆုံးထား) အိ်မ်ထောင်ပြုကြရမယ်လို့.. ပြောဖူးတယ်လို့.. ဖတ်ဖူးတယ်..။
သူက.. သူ့စကားအတိုင်းလုပ်တာပဲ..
သူများလည်းတိုက်တွန်းတာပါပဲ..
အခုခေတ်မယ်.. ပျိုကြီးလုပ်နေတဲ့.. ၈၈ မျိုးဆက်ခေါင်းဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်းစကား ပြန်ပြောချင်မိတယ်..။
မျိုးဆက်ပြတ်/ဆက်ခြင်းသဘော.. မသိနိုင်ဖြစ်နေကြသလားမသိ…။
ဗိုလ်ချုပ်အောင်ဆန်းအားတွေးတွေးရင်း.. လေးစားမိ… :kwi:
Inz@ghi
August 28, 2013 at 4:31 pm
အတိအကျ လိုက်နာပါ့မယ် သွားလေသူ အဘိုး ဗိုလ်ချုပ်ရယ်.
ဟိ
ဦးကျောက်ခဲ
August 28, 2013 at 6:04 pm
ကျောက်စ်လည်း နောက်ကျပေမည့် အပေါက်ဝက လှည့်မပြန်ပါဘူး ခင်ဗျာ…
😀
kai
August 29, 2013 at 12:53 am
တာဝန်ယူတဲ့အနေနဲ့.. ကလေး(အနည်းဆုံး) ၂ယောက်စီယူကြစေသတည်း..
ယူကြစေသတည်း..
ယူစေသတည်း..
သာဓု.. :kwi:
Inz@ghi
August 29, 2013 at 7:45 am
ကိုယ့်စကားနဲ့ ကိုယ်နော..သဂျီး ..
ကျော်နဲ့ ကျောက်စ် နဲ့ က တယောက် ၁ဂိုးစီ ရထားပြီးသား အေးချေးအေးချေး
နောက်တဂိုးရရင် ပွဲသိမ်းပြီ..။ နောက်တဂိုးကလည်း ရအောင် ကန်မှာ မြေကြီးလက်ခတ်မလွဲ..
သဂျီးသာ အရွယ်မလွန်ခင် နောက်တဂိုး ရှူးဖို့ ကြိုးဇားဘာ…။
ဒချိ ဒချိ။
အရီးခင်
August 29, 2013 at 2:00 am
သူကြီးမင်း ကရော ဘယ်နှစ်နှစ်မြောက် မှာ နှမခိုင် နဲ့ ရွှေလက်တွဲ ခဲ့ပါသတုန်း။ 🙄
အလင်းဆက်
September 1, 2013 at 2:55 pm
အင်းးးးး
အခု ၂၆ ပြည့်ဖို ့ ၁ရ ရက် အလို ဆိုတော့
၂ရ ပြည့်ဖို့က နီးနေသလိုလို ဝေးသေးသလိုလိုပါလား
ဘာပဲဖြစ်ဖြစ်
ဒီ ကြားကာလ မှာ
ချစ်သုဝေ နဲ့ ဖြစ်ဖြစ်
ဒေါ်ဖွားမေ နဲ့ ဖြစ်ဖြစ်
နီးစပ်အောင် ကြိုးစားရမယ်
🙂
==========
မြန်မာ စာပေလောက က တာရာ နှစ်ယောက်ကို
ချစ်တယ်
နှစ်ယောက်လုံးကို နှမြောတယ်
🙁
koyinmaung
August 28, 2013 at 10:06 pm
ဒီဆောင်းပါ မဖတ်ဘူးသေးလို့..
ကျေးဇူးတင်ပါတယ်သဂျီးရေ…
အောင်မယ်..အောင်မယ်..အတိအကျလိုက်နာမဲ့သူနဲ့
နောက်ကျပေမဲ့ အပေါက်ဝကပြန်မလှည့်မဲ့သူနဲ့
ဟေဟေ့..ဟိုဂျိုးလေးကရော ၂ရနှစ်ပြည့်ဘို့ဘယ်လောက်လိုသေးသတုန်းကွဲ့
အရီးခင်
August 29, 2013 at 2:00 am
အဲ့ကောင်လေး က အခုမှ ၂၂ ဆိုလား။
၅နှစ်လောက်လိုဦးမှာပေါ့ ကိုရင်မောင် ရေ။ 😉
ဦးကျောက်ခဲ
August 29, 2013 at 10:57 am
ကောင်ကလေးက ၂၆ ၊ ကောင်မလေးက ၂၃ ခင်ဗျ…
ရွာ့လူကြီးများ တိုက်ခန်းလက်ဖွဲ့ရင် တော်ပါပြီတဲ့… ဟီ ဟိ
😀
Ma Ma
August 29, 2013 at 8:27 am
စာရေးသူပေးချင်တာနဲ့ ………….
စာဖတ်သူတွေယူလိုက်တာနဲ့……….. 😛
garfield
August 29, 2013 at 8:34 am
ဒီစာကို ဝေမျှသူတွေ အားလုံး ကျေးဇူးပါ။
လက်ထပ်ခြင်းဆိုတာနဲ့ ပါရမီဖြည့်ဘက် အကြောင်း နည်းနည်းတွေးမိသွားတယ်။
intro
August 29, 2013 at 9:40 am
ကောင်းတယ်ဗျာ… အရင်က လုံးဝကို မဖတ်ဖူးခဲ့တာ…
black chaw
August 29, 2013 at 3:36 pm
ရိုးရိုးလေးပဲ ပြောပါရစေတော့…။
ကောင်းတယ်…။
ကြိုက်တယ်…။
ဗဟုသုတလည်း ရတယ်ဗျာ…။
kyeemite
August 29, 2013 at 3:43 pm
“လက်ထပ်ခြင်း ဆိုသည်မှာ မိမိတို့ ဘဝ၏ အဆိုးအကောင်း အတွေ့အကြုံကို ဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေသည်။ ”
“လိုက်နာပြီး…အသင့်”
😀
အရီးခင်
August 29, 2013 at 3:47 pm
ပင်တိုင် ငြင်းခုန်ရမည့်သူ ရရှိခြင်း လေး ကိုပါ ထည့်ပေးသင့်သလား 😉