အန်းမကြီးနဲ့ထို၃ယောက်
တက္ကသီလာ မြကျွန်းသာက ပညာရည်နို့ သောက်စို့လို့အပြီး အစိမ်းဝတ်များကြီးစိုးတဲ့ ရွှေပြည်ကြီးကို မောင်ကျောက်ခဲ စွန့်ခွာလာတာ အခုဆိုရင် နှစ်နှစ်ဆယ်နီးနီးရှိပြီခင်ဗျ။ မစွန့်လို့ကလည်း မဖြစ်ဘူးလေ။ တိုင်းပြည့်တာဝန် ထမ်းဆောင်ချင်ပါတဲ့ အမျိုးကောင်းသားများကို မတတ်တာဘာမှမရှိ၊ ရေဗူးပေါက်တာမလိုချင် ရေပါတာပဲလိုချင်တဲ့ ဒေါ်စိန်အေးကျောင်းတော်ဆင်း အစိမ်းဝတ်များက အထက်စီးကနေ နှိပ်စက်ကလူပြုနေကြတဲ့ အမှောင်ခေတ်ဆိုတော့ ဝေးရာကိုပြေးရတာပေါ့။ မောင်ကျောက်လိုပမွှားမပြောနဲ့ မောင်ကျောက်ရဲ့ဆရာ အမေရိကားပြန်ပညာရှင်ကိုတောင် သွားလေသူ အစိမ်းဝတ်ဘဘကြီးတစ်ဦးက လူပုံအလယ်မှာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲတာဆိုတော့ အနေအထိုင်မတတ်ရင် နံရံလေးဖက်ကြားမှာ လုံးတီးဆန်ကြမ်းနဲ့ ငပိပုပ်ကို ကိုယ်တိုင် ဝါးတီးပေးနေရမယ်။
စကားစပ်မိလို့ ဆရာကြီးအဖြစ်ကို ပြန်ဖောက်သည်ချရရင်တော့… တစ်ရက်သား အစိမ်းဝတ် ဝံမင်းတစ်ပါးက လိုအပ်သည်များကို စီမံညွှန်ကြားဖို့ ရွှေပုထိုးလုပ်ကွက်ကို ရောက်လာပါသတဲ့။ စခန်းရဲ့တာဝန်ခံ ဘူမိဗေဒပညာရှင် ဆရာကြီးက ရွှေကြောရဲ့ အခြေအနေ၊ ခန့်မှန်းထွက်နှုန်း စတာတွေကို ရှင်းပြတဲ့အခါ၊ ဝံမင်းက ဒေါသအမျက်ချောင်းချောင်းထွက်ပြီး “ငါ” နဲ့ ကိုင်တုတ်ပါသတဲ့။ နိုင်ငံတော်က အကုန်အကျခံပြီး ပညာသင်ပေးထားတာ အတိအကျ မတွက်နိုင်ဘဲ ခန့်မှန်းလို့ပြောတာ သူ့အတွက် အတော်နားခါးပါသတဲ့။ နောက်ပြီး ရွှေဆိုတာ အလွန်တန်ဖိုးရှိတာမို့ ၁၆ပဲရည်၊ ဘယ်နှစ်ပိသာ၊ ဘယ်နှစ်ကျပ်သား၊ ဘယ်နှစ်ရွေး ထွက်မယ်ဆိုတာ အတိအကျသိချင်ပါသတဲ့။ ဆရာကြီးလည်း ပညာမာနကို ထိပါးလာတာမို့ သည်းမခံနိုင်တော့ဘဲ “ဝံကြီး ကျုပ်မှာ နတ်မျက်စိ မရှိဘူး” ဆိုပြီး နှုတ်လှန်ထိုးမိတာ၊ ရာဇမာန်ရှသွားလို့ အတော်လေး ဒုက္ခပင်လယ်ဝေပြီး နှစ်အတော်ကြာမှ နိုင်ငံခြားကို ထွက်ခွင့်ရပါတယ်။
၂၀၁၅ပြီးရင်တော့ ဘယ်လိုဖြစ်လာမယ်မသိ။ ပြီးခဲ့တဲ့ အစိမ်းဝတ်များကြီးစိုးတဲ့ ခေတ်ပျက်မှာ ရွှေပြည်ကြီးရဲ့ တတ်သိပညာရှင်များစွာ ဆုံရှုံးခဲ့ရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ အဲသည်လိုပါပဲ ပြည်သူပြည်သားတွေ စားဝတ်နေရေး ကြပ်တည်းလာလို့ မိသားစုအတွက် ကမ႓ာပတ်ပြီး စီးပွားရှာကြတာ ရွှေ့ပြောင်းလုပ်သားဆိုတဲ့ လူတန်းစားတောင် ပေါ်လာသေးတယ်ခင်ဗျ။ အဝေးကြီးမကြည့်ဘဲ ခပ်နီးနီး ပြန်ကြည့်လိုက်ရင်တောင်မှ မောင်ကျောက်ရဲ့ ကျောင်းနေဖက် တစ်ဝက်လောက်က စင်ကာပူမှာ အမှုတော်ထမ်းနေကြတာ ခင်ဗျ။ အဲသည်တော့ ကျောင်းသားတည်းက ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် နေလာကြတာ စင်ကာပူမှာလည်း ထုံးစံမပျက် အိမ်ခန်းငှားပြီး စုနေကြတာပေါ့ဗျာ။ ဒီကောင်နဲ့ရန်ဖြစ်ရင် ဟိုကောင်အိမ်ပြောင်းနေ၊ တစ်ခါ မတည့်ပြန်ရင် ဒီကောင့်အိမ်ပြန်နေ၊ သံသရာလည်နေကြတာပေါ့။ ပြောရရင်တော့ ဦးကျောက်ခဲလည်း စင်ကာပူကျွန်းမှာ နေခဲ့တုန်းက ခေါင်းမချဖူးတဲ့အရပ်ကို မရှိသလောက်ပါပဲ။
အမှတ်ရစရာပြန်ပြောရရင် ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က စင်ကာပူ “ကလမန်းတီး” အရပ်မှာ ကျောင်းနေဖက် ဘအေး၊ ဖိုးစော၊ ဘုရားဒကာ ငထွန်း တို့နဲ့ အိမ်ခန်းငှားပြီးနေဖူးသေးတယ်ခင်ဗျ။ မောင်ကျောက်က ထုံးစံအတိုင်း အဲယားကွန်းပါတဲ့ အခန်းမှာအိပ်၊ ဘအေး နဲ့ ဖိုးစောက နောက်တစ်ခန်းကို အပိုင်သိမ်း၊ ဘုရားဒကာငထွန်းက ဧည့်ခန်း ဘုရားစင်အောက်မှာ ပုတီး လည်ပင်းစွပ်ပြီး ကျိန်းပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ရယ်တော့ အရယ်ရသား၊ ဘအေးက ရှမ်းကပြား၊ ဖိုးစောက ကရင် ခရစ်ယာန်၊ ဘုရားတရား အလွန်မြဲတဲ့ ငထွန်းက မြင်းခြံသား၊ ဒါပေသည့် အလွန်အအေးကြောက်တယ် ခင်ဗျ။ ဆန်းဒေးဆိုရင် ငထွန်းက ဘုန်းကြီးကျောင်း၊ ဖိုးစောက ဘုရားကျောင်း၊ မောင်ကျောက်နဲ့ ဘအေးက အိမ်မှာ ပုလင်းထောင်၊ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေကြတာ အန်းမကြီး မရောက်ခင် အချိန်အထိပေါ့။
မှတ်မှတ်ရရ လမ်းဘေးမှာစင်ထိုးပြီး ပုံချန်တုန်ချန်ဆိုင်းနဲ့ တရုတ်အငြိမ့်ကတဲ့ အခုလို ဩဂတ်စ်လပေါ့ခင်ဗျာ။ မောင်ကျောက်တို့ရဲ့ အိမ်ရှင် စလုံးတရုတ်မလည်း ထုံးစံအတိုင်း ဝက်ကင်ရယ်၊ ကြက်ကောင်လုံးပြုတ်ရယ်နဲ့ အခန်းမှာလာပြီး ဘိုးဘွားတွေကို ကန်တော့ပါတယ်။ ပါးစပ်ကလည်း တရုတ်လို ပွစိပွစိနဲ့ရွတ်၊ အမွှေးတိုင်တွေထွန်း၊ ရွှေလှောင်စက္ကူတွေကို မီးရှို့တာ မွှန်ထူနေတာပဲခင်ဗျ။ပြီးတော့ တရုတ်စာထွင်းထားတဲ့ တိုင်နီနီလေးရယ်၊ အမွှေးတိုင်ထိုးဖို့ အိုးတစ်လုံးရယ်ပေးပြီး ပြန်သွားပါတယ်။ မှန်ရာပြောရရင် သူ့ယောက်ျား ကျောင်းဆရာကို ခင်ပေမည့် လောဘကြီးပြီး အချေးအငှားထူတဲ့ အဲသည့်အိမ်ရှင် စလုံးတရုတ်မကို ဇယားရှုပ်လို့ ကြည့်မရပါဘူး။ အနှီ တရုတ်မက မြင်းပွဲတို့၊ ထီတို့ လောင်းကစားကို အင်မတန်ဝါသနာကြီးတာမို့ ဖဲသမားစကားနဲ့ပြောရရင် ဖောင်းလိုက်ပိန်လိုက်ဆိုတော့၊ သူ အိတ်ပိန်ရင် ကွိုင်ရှာတတ်လို့ပါ။
အဲသည်နေ့ကစရေရင် သုံးရက်မြောက်ညသန်းခေါင်မှာ ဧည့်ခန်းက ဘုရားဒကာမောင်ထွန်းဆီက ဗလုံးဗထွေးနဲ့အော်သံကြားရတာမို့ မောင်ကျောက်လည်း အခန်းအပြင်ကို အပြေးထွက် မီးဖွင့်လိုက်တာပေါ့။ ငထွန်းခမျာ ငုတ်တုတ်ကြီးထိုင်၊ ရှူရှူးတွေလည်းထွက်၊ တီဗွီကိုလက်ညှိုးညွှန်ပြီး ကြောင်စီစီဖြစ်နေတာမို့ ခပ်စပ်စပ်လေး ပခုံးကိုရိုက်လိုက်မှ ဟင်းကနဲ အသံထွက်လာပါတယ်။ ဘအေးနဲ့ ဖိုးစောလည်း ထွက်လာပြီး ပြူးတူးပြဲတဲဖြစ်နေတဲ့ ငထွန်းကိုမေးတော့ တီဗွီပေါ်ကနေ ခေါင်းဖြူဖြူနဲ့ အန်းမကြီး တစ်ယောက် ဇောက်ထိုးကြီး သူ့ကို ကြည့်နေပါသတဲ့။ မောင်ကျောက်တို့ ၃ယောက်ကတော့ ငထွန်း ပုတီးစိပ်တာများလို့ ဓာတ်ပေါက်သွားပြီဆိုပြီး ညသန်းခေါင်ကြီး ရယ်လိုက်ရတာဗျာ အူတောင်နာတယ်။ ဟုတ်တယ်လေ နေလာတာကြာပြီ ဒါမျိုးတစ်ခါမှ ဖြစ်ဖူးတာမှမဟုတ်တာ။ အဟဲ ငထွန်းကတော့ ရှူရှူးထွက်သွားလို့ ရှက်လည်းရှက်၊ ဒေါလည်းကန်တာမို့ ရေချိုးရင်း ဆဲတာပေါ့ခင်ဗျာ။ ရေချိုးပြီးတော့ အိပ်ရာစိုသွားတာ အကြောင်းပြပြီး မောင်ကျောက် အခန်းမှာ လာအိပ်ပါတယ်။
နောက်နေ့ ညလည်း ဟိုလိုလိုသည်လိုလိုနဲ့ မောင်ကျောက်အခန်းမှာပဲ လာအိပ်တာမို့ ဘအေးက ပုတီးလည်ပင်းစွပ်ပြီး ကြောက်တတ်ရန်ကောလို့ ရိတာကို ငထွန်းခမျာ အောင့်သီးအောင့်သက် နဲ့ခံရတာပေါ့ခင်ဗျာ။ ဒါပေမယ့် ကြာကြာ မစောင့်လိုက်ရပါဘူး နောက်နှစ် ရက်လောက်နေတော့ ငထွန်းက ဘအေးတို့ကို “မှတ်ပလားကွ” လို့ ပြန်နှိပ်ဖို့ အကွက်ပေါ်သဗျ။ ဟုတ်ကဲ့… ညသန်းခေါင် အသံကြားလို့ ဘအေးတို့အခန်းကို ဖွင့်လိုက်တာနှစ်ကောင်သား တုန်တုန်ရင်ရင်နဲ့ သွေးပျက်နေကြတယ်လေ။ ငထွန်းပြောတဲ့ အန်းမကြီးက သူတို့ကုတင် နှစ်လုံးကြားက ကွန်ပျူတာပေါ်မှာ ခြေထောက်တွဲလောင်း ချထိုင်နေပါသတဲ့။ မောင်ကျောက်လည်း ဘယ်လိုဘယ်ပုံဖြစ်ပါလိမ့်ဆိုတာ စဉ်းစားလို့မတတ်ပေမည့် ဗန္ဓုလရဲ့ ဒူးမနာသား သုံးကောင်ကတော့ မောင်ကျောက်အခန်းမှာပဲ ပြုံတိုးပြီးအိပ်ကြပါတယ်။ ဒီကောင်တွေ သတ္တိကောင်းပုံများကတော့ နောက်ရက်တွေမှာလည်း မောင်ကျောက် မရှိရင် အိမ်ပေါ်မတက်ကြဘူးခင်ဗျ။ ဟိုလိုလိုသည်လိုလိုနဲ့ တိုက်အောက်က စောင့်နေကြတယ်လေ။
ထူးဆန်းတာတစ်ခုက မောင်ကျောက် အဲသည့် အန်းမကြီးကို မတွေ့ရသလို၊ မောင်ကျောက်အိပ်ခန်းကိုလည်း မလာတာမို့ ဖိုးစောက “မင်းကို သရဲတောင်ကြောက်တယ်” လို့ နောက်ပါတယ်။ ဘုရားဒကာငထွန်းလည်း ပရိတ်ရွတ် အမျှဝေ၊ ဖိုးစောကလည်း ကျမ်းစာဖတ်၊ ညတိုင်းလုပ်ကြပေမည့် ပျောက်မသွားပါဘူး။ စနေတစ်ညမှာတော့ လေးယောက်သား ကြက်သားဘူးသီး ကာလသားဟင်းနဲ့ ထမင်းမြိန်နေတုန်း မောင်ကျောက်ထိုင်နေတဲ့ နောက်က အဝတ်လျှော်စက်ပေါ်မှာ အန်းမကြီး ငုတ်တုတ်ကြီး ထိုင်နေတာ မောင်ကျောက်မှအပ ကျန်သုံးယောက်က တွေ့လိုက်ကြတာမို့ ငထွန်းလည်း နောက်နေ့ ဘုန်းကြီးပင့်ပြီး ကမ္မဝါဖတ်ဖို့စီစဉ်ပါတော့တယ်။ ဝါတွင်းကြီးဆိုပေမည့် ငထွန်းက ဘုန်းကြီးနဲ့ခင်နေတော့ ကိုယ်တော်တစ်ပါး ကြွလာတာပေါ့။ ပြီးတော့ ထုံးစံအတိုင်း ရွတ်ဖတ်ပြီး တစ်အိမ်လုံးကို ဆန်နဲ့ ပေါက်ပေါက်ကို ရောမွှေပြီး ကြဲတာပေါ့ဗျာ။ ဟီး… ယုံချင်ယုံ မယုံချင်နေ၊ အဲသည့်နေ့ကစလို့ ဟိုကောင်တွေ ဘာမှမတွေ့ရတော့ပါဘူးတဲ့။ ဒါပေသည့်….မောင်ကျောက် ကတော့ အိမ်ရှင် တရုတ်မနဲ့ အကြီးအကျယ် ကွိုင်ပူးပါတော့တယ်ခင်ဗျာ။
အိမ်ရှင် တရုတ်မက မောင်ကျောက်ကို ဖုန်းခေါ်ပြီး “နင်တို့ ဘာလုပ်ထားသလဲ၊ ငါ့ အမေ အခု အိမ်ထဲဝင်လို့မရဘူး။ ရအောင် ပြန်ခေါ်ပေး… မခေါ်ပေးနိုင်ရင် အိမ်ပေါ်ကဆင်း” ဆိုပြီး ရာဇသံပေးတော့ ရုတ်တရက် ထူပူသွားတာမို့ ငထွန်းကို ဖုန်းဆက်ပြီးပြောတော့ သရဲခေါ်တဲ့ ကမ္မဝါ မရှိဘူးတဲ့။ အဲသည်တော့လည်း ဟန်ကိုယ့်ဖို့ အိမ်ရှင် တရုတ်မကို ဖုန်းခေါ်ပြီး “ငါတို့အိမ်ငှားတာ နင့်အမေ မပါ၊ နင့်အမေကိုလည်း ငါတို့မသိ၊ နင်ပြောတာကိုလည်း ငါတို့ နားမလည်၊ သရဲဆိုတာ ငါတို့လည်း မယုံ။ အဲသည့်တော့ ဆင်းဆိုရင် ဆင်းပေးမယ်၊ စာချုပ်အတိုင်း စပေါ်နဲ့ နစ်နာကြေး တစ်လစာ ပြန်အမ်း၊ မအမ်းရင် တရားစွဲမယ်” ဆိုပြီး ပြန်ဖြဲခြောက်တော့မှ ငတိမလည်း အသံတိတ်၊ သူ့ယောက်ျား ကျောင်းဆရာက ပြန်တောင်းပန်လို့ ကိစ္စပြတ်သွားပါတယ် ခင်ဗျား….။
54 comments
KZ
August 30, 2013 at 12:12 pm
အမငိ။
ဖေကျောက် ပြောတဲ့ ကလင်မန်းတီ အန်းမကြီးလားးး
သရဲ လ (ကိုယ့် အခေါ်) ဟန်းဂရီး ဂို့(စ) (သူတို့အခေါ်) ပွဲတွေ ကတော့ ပြီးခါနီးပြီ။
ဘာမှတော့ မကြုံဘူးသေးဘူးးးး
ဒီလိုတွေ ခေါ်ထား ကျွေးထားမှတော့ ဘယ် ကျွတ်မတုန်းးးး
ဦးကျောက်ခဲ
August 30, 2013 at 12:23 pm
ဒီမှာတော့ ဟိုတလောက ဆိုက်ထဲမှာ ကန်တော့ကြလို့ ဝက်ကောင်လုံးကင် တီးပြီးပြီ…
လမ်းဘေးက တရုတ်အငြိမ့်တွေက အဲသည့် သရဲဘိုးဘွားတွေ ကြည့်ဖို့တဲ့…
ဟီ ဟိ သတိထား ဂျူရောင်းမှာလည်း ပေါသတဲ့… အား ဟိ
😀
KZ
August 30, 2013 at 12:32 pm
အနော် က ပြီးခဲ့တဲ့ သောကြာနေ့က
ဝက်ကလေးကင်
ဘဲ ကင်
ကြက် ကင်
အဟမ်းးးး မစားကောင်းတဲ့ အရာမရှိ စားပြီး သကာလ
ဒီ တစ်လလုံးလုံး တီဗီ က ညတိုင်းလာတဲ့ သရဲကားတွေ စောင့်ကြည့်ရတာပဲ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြည့်လိုကောင်းးး နားထောင်လို့ ကောင်းးး တွေ။
ကိုယ်တိုင်ကြုံရမှ ဘယ်လိုနေမယ်မသိ။ 😀
ခွိ။
ခုတလော ပေးတဲ့ ပထမဆုံး ကော်မန့်တွေ စောင့်ပြီး နီ ပေးမဲ့ သူ ရှိလာတာ ကံဇာတာ စန်း တွေ တက်နေတဲ့ သဘောပေါ့နော။
:kwi:
ဦးကျောက်ခဲ
August 30, 2013 at 12:47 pm
မြင်တဲ့အတိုင်း မယ်ဆွိရေ…
ဖွင့်ပေးလိုက်ရင် တန်းအနီပေးတော့ တာပဲ…
ဟီး… ဟိုကောင်တွေ ပြန်ပြောတာက…
သူတို့ အရင် အိမ်ပြန်လာလို့ တံခါးဖွင့်လိုက်ရင်…
မျက်နှာကျက် ပန်ကာပေါ်ကနေ ဇောက်ထိုးတောင် နေပြသတဲ့…
တော်တော် ဆော့တဲ့ အန်းမကြီး… ဟီး ဟီး
😀
GARFIELD
August 30, 2013 at 12:17 pm
အော… ကျန်လူတွေတွေ့ပြီး…
ဦးကျောက်တစ်ယောက်ပဲ မတွေ့တာပေါ့….
အင်းပါလေ… သိပ်မကြာတော့တဲ့အချိန်မှာ အမ်းမကြီးတစ်ယောက်…
အဝတ်လျှော်စက်ပေါ်တင်မကဘူး… ဘေးမှာပါလာထိုင်တော့မှာ…
မမြင်ချင်ဘူးဆိုလဲ မရတော့ဘူး… အဲ့အမ်းမကြီးကို မြင်ကိုမြင်ရတော့မှာ..
အဲ့ကျတော့မှ ကြောက်လှချည့်ဆို ရှူးထွက်မကျနဲ့… ဟီး
ခင်မင်လျက်-
ဂါးဂါးကြီး
ဦးကျောက်ခဲ
August 30, 2013 at 12:27 pm
ဟီး ကျုပ်က ဘုရားတောင်ရှိခိုးတာမဟုတ်… ထူးဆန်းပါ့…
ခင်ဗျားကလည်း အဲသည့် အန်းမလေးဆိုရင်တော့…
ကြောက်ကြောက်နဲ့ မလွှတ်တမ်း… ဖက်… ထား… မှာ…
😀
MAUNG
August 30, 2013 at 12:20 pm
အောင်မငီး …ကျွတ်စိန် ကြီး ပါလား ဦးကျောက် ရယ် ။
ဦးကျောက်ခဲ
August 30, 2013 at 12:30 pm
ဟီး ဟီး… ကျောက်စ်ကတော့ မမြင်ရလို့ မကြောက်…
😀
မဟာရာဇာ အံစာတုံး
August 30, 2013 at 12:38 pm
ဟိုက် …
သရဲ တောင် မခြောက်ရဲဒဲ့ ဥငေး ဗျဲစ် …
ဘာအဆောင်ဒွေ ချိဒုန်း တိဝူးးး
ချိရင်လည်း နည်းနည်း မျှအုံးဂျာ …
တဂယ်တည်း .. တစ်ယောက်တည်း ဥ မထားနဲ့အုံး …
ဦးကျောက်ခဲ
August 30, 2013 at 12:50 pm
ကျောက်စ်မှာ ဘာအဆောင်မှမရှိ…
ဟိ… မေတ္တာပဲဆောင်ထားတာ…
😀
Inz@ghi
August 30, 2013 at 12:41 pm
သယဲခေါ်တဲ့ကမ္မဝါ မရှိလို့ပေါ့ဗျာ..
ရှိများ ရှိလို့ကတော့ မားခိုမ်တို့ အာဂုံဆောင်ထားပီးလောက်ပီ…
ဒချိ ဒချိ..
ဦးကျောက်ခဲ
August 30, 2013 at 12:53 pm
ဟီဟိ သူက စီးပွါးရေး အမျှော်အမြင်ရှိတယ်…
ရုံသွင်းပြီးပြစားမှာတဲ့၊ ဟိုက ဂုတ်ချိုးသွားမှ… အားဟိ
😀
Nyo Win
August 30, 2013 at 12:42 pm
ကျနော့် အဖေလည်းအရပ်ဘက်ပြောင်း လာတဲ့ အစိမ်းဝတ်ကြီးရဲ ့စားပွဲခုံ ကို
ထုပြီး ခင်ဗျား ဘယ်လောက်နားလည် လို ့လဲ လို ့ပြောလိုက် တာ……ဟီးဟီး
အထုတ်ခံထိမှာဆိုးလို ့မြန်မြန် ပင်စင်ယူရတဲ့ဘဝရောက် ရော……
ဒါနဲ ့ အဲ့ဒီ့ အစိမ်းဝတ် ကြီးတွေကို အန်းမကြီး နဲ ့ပေးတွေ ့ခိုင်းရမယ်……
ဦးကျောက်ခဲ
August 30, 2013 at 12:58 pm
ကိုရင်ညိုရေ
အစိမ်းဝတ်ကြီးတွေ အကြောင်းကတော့ စာဖွဲ့လို့မကုန်နိုင်ဘူး…
ကိုယ့်အဖေအရွယ်လောက်ကိုလည်း “မင်း နဲ့ ငါ” နှိုင်းသုံးတာ…
ရိုင်းချက်ကလည်း ကမ်းကုန်မို့၊ အန်းမကြီးတောင် ပြေးမယ်ထင်ရဲ့…
😀
Foreign Resident
August 30, 2013 at 3:17 pm
ဦးကျောက်ခဲ says:
” အစိမ်းဝတ်ကြီးတွေ အကြောင်းကတော့
ရိုင်းချက်ကလည်း ကမ်းကုန်မို့၊ အန်းမကြီးတောင် ပြေးမယ်ထင်ရဲ့ ”
အဘ အဖေ ရဲ့ သူငယ်ချင်း အစိမ်းဝတ် တစ်ယောက်က ၊
သူ့ ကုတင်နားလာပြီး ကိုယ်ထင်ပြတဲ့ Plain Face ဖြူရော်ရော် ကို ၊
ဆံပင်ကနေဆွဲပြီး သေနတ်ဒင်နှင့်ထု တာ ၊
အဲဒီ Plain Face လဲ ပြေးတာမှ တန်းနေတာပဲ တဲ့ ။
ဒီ အစိမ်းဝတ် တွေ ခမျာ မှာလည်း ကံဆိုး ရှာပါတယ် ၊
သူတို့ က ၊ ရာထူးကလည်းရှိတော့ကာ ၊ အရင်ခေတ်ကဆို ၊
သူတို့ တည်းရလေ့ရှိတဲ့ ဗိုလ်တဲ ဆိုတဲ့ အိမ်ကြီးတွေက ၊
အဲဒီ ပါတ်ဝန်းကျင်မှာ အကြီးဆုံး အိမ်ဟောင်းတွေ ကိုး ။
များသောအားဖြင့် အဲဒီ အကြီးဆုံး အိမ်ဟောင်းတွေ မှာ ၊
ဂျပန် ကင်ပေတိုင် တွေ စခန်းချပြီး ၊ ဗမာတွေကို နှိပ်စက် သတ်ဖြတ်လေ့ ရှိသကိုး ။
ဗမာတွေကို ဂျပန် ကင်ပေတိုင် တွေက ဘယ်လောက်တောင် သတ်ခဲ့လဲတော့မသိဘူး ။
သထုံဖက် က ဗိုလ်တဲ တစ်ခုမှာ အစိမ်းဝတ် တစ်ယောက် ညဖက် ကားမီးထိုးပြီး အဝင်မှာ ၊
အိမ်ရှေ့ ကွင်းပြင်မှာ ၊ ခေါင်းဖြတ်ခံထားရတဲ့ ၊ ခေါင်းမပါတဲ့ သရဲတွေ ၊
တန်းစီ ငုတ်တုတ် ထိုင်နေတာပဲ ၂ဝ / ၃ဝ လောက် ရှိတယ် ဆိုပဲ ။
ဦးကျောက်ခဲ
August 30, 2013 at 3:28 pm
ကျောင်းသားဘဝက ကွင်းဆင်းရပြီဆိုရင်…
အဲသည့် ရှေးအိမ်ကြီးတွေ၊ ဘိုတဲဆိုတာကြီးတွေကို…
ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တယ် အဘရဲ့…
အစိမ်းဝတ်ကြီးတွေလို ထုစရာ သေနတ်ဒင်မရှိဘူးလေ…
😀
surmi
August 30, 2013 at 1:19 pm
ဟူးးး နေ့ခင်းကြောင်တောင် ကြက်သီးတောင်ထယ် 🙂
မကြောက်ပါဘူး …. ဆံပင်တွေပဲထောင်သွားတာ ဟဲဟဲ
ဆိုတော့ …. သရဲမွေးထားတဲ့သဘောပေါ့နော
ကျနော်လည်း အခု ရေးနေတာမြပြီးသေးတဲ့ခေါစာဆိုတဲ့ ပို့စ်မှာ အဲလိုခတ်ဆန်ဆန် သဘောတစ်ခုပါသေးသဗျ
တစ်ချို့အရာတွေဟာ အာရှကလူတွေမှာ ခတ်ဆင်ဆင်ထင်ပါရဲ့
ဘာပဲဖြစ်ဖြစ် အဲဒီအမ်းမကြီးကတော့ ကမ္မ ဝါကြောက်တာတော့ ဟုတ်နေပြီ ။ ပြန်ကျက်ဦးမှ 🙂
သုဏာသုမေ ဘန္တေ သံဃော သံဃော …..
ဦးကျောက်ခဲ
August 30, 2013 at 1:31 pm
ဘာရယ်မဟုတ်ပါဘူး ကိုရင်ဆာက သရဲခြောက်တဲ့ရွာဆိုလို့…
ဒီလကလည်း တရုတ်ရိုးရာ တစ္ဆေကြီးကန်တော့တဲ့ အခါသမယ…
အမှတ်ရမိတဲ့ စင်ကာပူက အန်းမကြီး အကြောင်းရေးလိုက်တာပါ…
😀
ခင် ခ
August 30, 2013 at 1:31 pm
တကယ်တော့ အမ်းမကြီးက တကယ်တော့ ဟို ၃ ယောက်ကို လိုက်ခြောက်ပြီး အပြင်ထွက်ပြေးအောင် လုပ်တာနေမှာ။ သူတို့ထွက်ပြေးလို့ ကိုကျောက်တစ်ယောက်ထဲ ကျန်တဲ့အချိန်ကျမှ……….. အဲလို အကြံရှိသလားမှ မသိတာ ကိုကျောက်ကို အမ်းမကြီးက မခြောက်ဘူးဆိုတော့လေ။
အခုတော့ ဝေးခဲ့ပြီပေါ့နော် အမ်းမကြီးနဲ့ပြောတာပါ။
ဦးကျောက်ခဲ
August 30, 2013 at 1:42 pm
ဟီး ဟီး အန်းမကြီးက မောင်ကျောက်ကို အသားမဲလို့ မခြောက်တာထင်ပါရဲ့…
အခုတော့ အန်းမကြီးနဲ့ဝေးပြီး အန်းမလေးနဲ့နီးတော့မယ် ဆရာခရဲ့… အား ဟိ
😀
Ma Ei
August 30, 2013 at 1:50 pm
MD အိမ်က ကဗျည်းတိုင်တွေကို ရုံးကစတိုထဲမှာ လာပို့သိမ်းထားခဲ့တော့၊
ရုံးမှာ အန်းမကြီးတင်မက အန်းကုံးကြီးပါ ရှိတယ်..ကျောက်စ်ရေ…
အိုက်အခန်းဘေးကရုံးခန်းမှာ ည OT အိပ်တဲ့ မန်နေဂျာကို ခုံပေါ်က တွန်းချတာတဲ့…
ဦးကျောက်ခဲ
August 30, 2013 at 2:20 pm
ဟုတ်တယ်မအိရဲ့…
အဲသည့်အိမ်ရှင် တရုတ်မက သခိင်္ျုင်းကနေ ကဗျည်းတိုင်ကိုပြန်သယ်လာပြီး…
ကျောက်စ်တို့ အိမ်မှာ နေရာချခဲ့သတဲ့၊ နောက်မှပြန်သိတာ… ဟီး ဟီး
😀
nozomi
August 30, 2013 at 1:54 pm
ဒီရွာထဲ သူရဲကတောင် ပြန်ကြောက်ရတာ
ဦးကျောက်စ် နဲ့ သူကြီး နှစ်ယောက်တော့ ရှိသွားပြီး
ဘယ်သူတွေ ထပ်ထွက်လာဦးမယ် မသိ စောင့်ကြည့်လိုက်ဦးမယ်
ဦးကျောက်ခဲ
August 30, 2013 at 2:24 pm
ဟီး ဟီး ကိုရင်နိုကလည်း…
သူရဲက မောင်ကျောက်စ်ကို ခြောက်လည်း ထူးမှာမဟုတ်လို့…
ဘေးမဲ့ပေးလိုက်တယ် ထင်ပါ့… အား ဟိ
😀
Crystalline
August 30, 2013 at 1:56 pm
အဲဒီအစိမ်းဝတ်ဆရာတွေ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်တွေမှာ နေရာကောင်းတွေတက်ယူ.. ပြီးရင် ဘာတဲ့.. သတင်းစာထဲထည့်ရေးလေ့ရှိတာ.. ရုပ်သံသတင်းတွေမှာ.. ဘယ်လုပ်ငန်းခွင်သွားပြီး..ဘယ်သွားပြီး လိုအပ်သည်များကို ညွှန်ကြားတယ်တဲ့.. ကြားရတာမြင်ရတာတော်တော်အပြစ်ရောက်တယ်.. သူတို့က အဲဒီနယ်ပယ်အကြောင်းဘယ်လောက်နားလည်လို့ ညွှန်ကြားတာတုန်း.. အဲဒီလူတွေမှ ရှက်ကြောပြတ်မျက်နှာတွေနဲ့ တကယ့်သေခြင်းစိမ်းအစစ်တွေ :-{
သိချင်တာ.. အဲဒီအိမ်ရှင်တွေက ဘယ်ဘာသာကိုကိုးကွယ်လို့လဲမသိဘူး.. သူတို့အမေအဲလိုမကျွတ်မလွတ်ဖြစ်နေတာကြီးကို သဘောကျနေတာဆိုတော့
အန်းမကြီးက သူချစ်တဲ့သူတွေကိုပဲကိုယ်ထင်ပြတာဖြစ်ရမယ်.. အန်းမကြီးတောင် မချစ်တဲ့သူကို ချစ်သူလည်းရှိသေးတာပဲနော်..
ဦးကျောက်ခဲ
August 30, 2013 at 2:31 pm
တတ်ယောင်ကား အစိမ်းဝတ်တွေနဲ့ အလုပ်တွဲမလုပ်နိုင်လို့ လစ်လာတာ…
တကယ်တော့ တိုင်းပြည်အတွက် အတော်နစ်နာတယ် Crystalline ရဲ့…
အိမ်ရှင်တွေက Taoist တွေ… ခင်ဗျ…
အန်းမကြီး မချစ်ရင်နေ… တစ်ယောက်သောသူချစ်ရင် တော်ပြီ… ဟီ ဟိ
😀
အရီးခင်
August 30, 2013 at 2:22 pm
အော် အော် ….
ရှင်ကြီးက ဒီလိုကိုး ကကျောက်ရဲ့။
အန်းမကြီး နဲ့ လွဲခဲ့လို့ အန်းမလေး ကို ကြံသပေါ့။
😉
ဦးကျောက်ခဲ
August 30, 2013 at 2:34 pm
အန်းမလေးမှ အန်းမလေးပါ အရီးရယ်…
ဟီ ဟိ ညကတောင် ကိုဆွေနဲ့ ဗွီဒီယိုချတ်တာ အရီးအကြောင်း ပြောဖြစ်သေး…
😀
kyeemite
August 30, 2013 at 2:47 pm
အန်းမကြီး
ဗန်းဒပြပီး
အန်းမလေး
ကျောက်စ်မပြေး..ခွိခွိ
😀
ဦးကျောက်ခဲ
August 30, 2013 at 2:54 pm
ဟီ ဟိ အန်းမလေးကိုတော့ အမြန် “မ”ပြေးထားမှ စိတ်ချရမယ်…
😀
Wow
August 30, 2013 at 3:29 pm
တရုတ်တစေကြီးကတော့ ဒဂယ်လက်တွေ့ တစေကြီးပွဲမှာ စီလုပ်သူငယ်ချင်းအိမ်သွားအိပ်တာ သူ့သမီးခုတင်ပေါ်တက်အိပ်လို့ သေသွားတဲ့ အန်းကုန်းတစေက ကုတင်ပေါ်ကဆွဲချတာ… အိမ်မက်ထဲမှာ နိုးလဲနိုးရော ကုတင်အောက်ပြုတ်ကျနေတာ.. တအိမ်လုံးလဲ ကမည်းတိုင်တွေနဲ့ ညဘက်ကန်တော့ရတယ်ဆိုတဲ့ တစေကြီးအတွက်ထင်ထားတာ ကလည်း ကြက်တုံးလုံး ဝက်တုံးလုံးတွေ ကမည်းစင်ပေါ်မှာ … အဲဒီ့ဒဲက အိုက်သူငယ်ချင်းအိမ် ဘယ်လောက်ခေါ်ခေါ်မသွား 🙁
ဦးကျောက်ခဲ
August 30, 2013 at 3:52 pm
ဟီး ဟီး ကြက်ကောင်လုံး ဝက်ကောင်လုံးတွေကို တမုန်းဆွဲရတာတော့ ရှယ်ပဲ…
နောက်တခါ ကုတင်ပေါ်က တွန်းချရင် ကလိထိုးလွှတ်လိုက်… အား ဟိ
😀
Mon Kit
August 30, 2013 at 4:05 pm
အော်.. ဦးကျောက်စ်ကို အန်းမကြီး က ချစ်လို့မခြောက်တာ နေမှာပေါ့..
အန်းမကြီးက သူနဲ့ ဝေးခဲ့တော့ သူ့ကိုယ်စား အန်းမလေး ကို ပို့ပေးတာ နေမယ်…
:harr:
ဦးကျောက်ခဲ
August 30, 2013 at 6:38 pm
ဟီ ဟိ အန်းမကြီး မချစ်ရင်နေပါစေ အန်းမလေးချစ်ရင် တော်ပါပြီ မမွန်ကစ်ရယ်…
😀
Mr. MarGa
August 30, 2013 at 5:57 pm
အန်းမကြီးတွေ အန်းကုန်းကြီးတွေ ခြောက်တာကို နောက်ထားပြီး
သူတို့အတွက် တင်တဲ့ ကောင်လုံးကင်တွေကိုပဲ ပို စိတ်ဝင်စားတယ်ဗျာ … ရှလွတ်
ဦးကျောက်ခဲ
August 30, 2013 at 6:42 pm
ဟုတ်တယ် ကိုရင်သဂျားရဲ့…
ကျောက်စ်လည်း ဒီလဆို ဖရီးဘောဇဉ် ကောင်လုံးကင်တွေကို… ရှလွတ်
😀
kai
August 31, 2013 at 5:55 am
သရဲဆို.. ဘာလို့.. အမ်းမကြီးတို့.. အမ်းထီးကြီးတို့ပဲရှိတာလည်းဟင်း..
ငယ်ငယ်ရွယ်ရွယ်လှလှပပ ဘယ်တော့မှမရှိ…
ငယ်တဲ့သူတွေမသေတာကျနေတာပဲ.
ဧကန္တ.. သရဲမှာလည်း.. မင်းတုန်းမင်းလို.. လှရင်.. သိမ်းတော်ကောက်တဲ့သူရှိတယ်နဲ့တူတယ်..
ဦးကျောက်ခဲ
August 31, 2013 at 10:03 am
ဟီ ဟိ ငယ်ငယ်ရွယ်ရွယ်လှလှပပ ဆိုရင်တော့…
ကျောက်စ် ဘော်ဘော်တွေ ဘယ် ကမ္မဝါဖတ်လိမ့်မယ်တုန်း…
ချက်စား… အဲ… ဖက်ထားလိမ့်မယ်ပေါ့ သဂျီးရယ်…
😀
Ma Ma
August 31, 2013 at 7:30 am
ခုခေတ်တော့ ရိုးရာတွေလည်း ရောသမမွှေဖြစ်နေကြတော့….
တရုတ်အသုဘမှာ
၁။ တရုတ်ဘုန်းကြီးက ဝါးကိုင်းလေးကို်င်
ဆွဲလည်းလေး ခေါက်
ရွတ်ဖတ်ပြီး………..
သေသူ မိဘဘိုးဘွားကို အိမ်ပြန်ခေါ်ခိုင်းတယ်။
၂။ ဘုန်းကြီးက သရဏဂုံတင်၊ ပရိတ်ပဌာန်းတွေရွတ်ဖတ်ပြီး ကျွတ်လွတ်အောင် လုပ်ပေးတယ်။
အဲဒီကြားထဲမှာ ဘာတွေဘယ်လိုဖြစ်သွားကြမလဲတော့ မသိဘူး။ :loll:
ဦးကျောက်ခဲ
August 31, 2013 at 10:13 am
ဟီး ဟီး အဲသည့် ၂ခု ဝိရောဓိ မဖြစ်တော့ အန်းမကြီး ဘုံပျောက်သွားတာပေါ့…
အမှန်က သူသာ ငြိမ်ငြိမ်ဆိမ်ဆိမ်နေရင် ဘာမှမဖြစ်ဘူး အန်တီမာမားရဲ့…
ဘုန်းဘုန်းလဲ Lesson ရသွားတာမို့…
နောက်ပိုင်း အိမ်ပိုင်မဟုတ်ရင် ကမ္မဝါ ဖတ်မပေးတော့ဘူး…
😀
မိုက်ကယ်ဂျော်နီအောင်ပု
August 31, 2013 at 12:43 pm
ကျုပ်တွေးနေတာက
မြန်မာဘုန်းတော်ကြီးက
ပါဠိလိုဖတ်တဲ့ ကမ္မဝါကို တရုပ်သရဲမကြီးက
ဘယ်လိုဘာသာပြန်ပြီးနားလည်သွားသလဲဆိုတာ
…..
တရုပ်တွေကတဲ့ ဘါခေါ်သလဲ တရုပ်ဇာတ်ပွဲလား
တစ်ခါတစ်လေ
ပရိတ်သတ်ဆိုလို့ လူသုံးယောက်လောက်ဘဲရှိလည်း
လင်ကွင်းကြီးကို တချန်းချန်းတီးပြီး ညိညိညွှညွှ နဲ့ သူ့ဖါသာ ကနေကြတာဟုတ်လို့
သနပ်ခါးတွေလိမ်းထားတာကလည်း ဘာလှသလည်းမေပြာနဲ့
ဦးကျောက်ခဲ
August 31, 2013 at 1:03 pm
ဟီး ဟီး ဘယ်လိုနားလည်သလဲတော့ မသိဘူး… ကအောင်ပုရဲ့
ကမ္မဝါဖတ်ရင် သရဲပြေးမပြေး အင်္ဂလန်က ဆရာတွေသာမေးကြည့်ပေတော့…
အဲသည့် တရုတ်အော်ပရာက ဝိညာဉ်ဘိုးဘွားတွေကို ဖျော်ဖြေတာတဲ့…
ကပြရတဲ့သူတွေက ကရော်ကမယ် လုပ်လို့မရဘူးဆိုပဲ…
😀
TNA
August 31, 2013 at 3:26 pm
အုအုကျောက် အလျှောက်ကောင်းလို့အထောင်းသက်သာသွားတာပေါ့။ မဟုတ်လို့ကတော့ သရဲပြန်ခေါ်တဲ့ ကမဝါထွင်ပေးရမလိုဖြစ်နေဘီ။ ဟိဟိ
ဦးကျောက်ခဲ
September 2, 2013 at 8:50 am
အမှန်က ကြံရာမရလို့ ညစ်ညစ်နဲ့ ပြန်တွန်းလိုက်တာ မသဲရဲ့…
ဘုန်းဘုန်းကလည်း ဇယားရှုပ်တယ်ဆိုပြီး၊ ကော သေးတယ်…ဟီး ဟီး
😀
lele kyi
August 31, 2013 at 5:12 pm
ဟုတ်တယ်ဦးကျောက်စ် စင်ကာပူက တော်တော်သရဲပေါတာ။တခါမှတော့မြင်ဘူးဖူး။ မြင်လဲမြင်ချင်တယ် ဖမ်းလို့ရရင်ကောင်းမှာ သူကြီးဆီက မီလီယံဒေါ်လာလိုချင်လို့။ ဂျူယောင်းမှာတော်တော်ပေါတယ်။ ကျမတို့ နတ်ကွန်းကိုရောက်ဖူးတယ် အမွှေးတိုင်တွေထွန်းလွန်းလို့အထဲဝင်လိုက်ရင် အီလည်လည်နဲ ့။. သတိရသွားပြီ အချိန်ရရင်ဒါပုံ သွားရိုက်ရမယ်။ ပြီတော့ သူငယ်ချင်းတွေနဲ့ စုနေခဲ့တဲ့ ဂျူးယောင်းက အိမ်တအိမ်မှာ ဂေါ်လီလိမ့်တဲ့ သူရဲတော်တော်သောင်းကျန်းဘူးတယ်။ ကျမတို့ကထင်တာက အပေါ်ထပ်က ကလေးတော်တော်သောင်းကျန်းတယ်ပေါ့။ တချိန်လုံး ဂေါ်လီလုံးပစ်ချနေတယ်ပေါ့။ ရေချိုးခန်းတောင်မရှောင်ဘူးပေါ့။ ပြီတော့ ကျမတို့ရှိနေတတ်တဲ့နေရာအပေါ်လိုက်ပြီး ပစ်ချနေတယ်ပေါ့။ အဲ့ဒါ တရက်တော့ သူငယ်ချင်းနဲ့ အပေါ်ထပ်တက်ပြီး သွားချောင်းတာ တွေ့ရင် သူ့မိဘနဲ့ တိုင်မယ်ပေါ့။ အွန်းးးအဲ့အခန်းမှာ ကလေးမရှိဘူး။ အူကြောင်ကြောင်နဲ့ နှစ်ယောက်သားပြန်ဆင်းလာခဲ့ရတယ်။ သူငယ်ချင်းကသူ့ရုံးက စလုံးမကိုပြောပြတော့ ဟိုကရီတယ်တဲ့။ အိမ်ဆောက်ထည်းကဂေါ်လီလုံးတွေ ကစားဖို့ထည့်ပေးထားတာတဲ့။
ဦးကျောက်ခဲ
September 2, 2013 at 9:08 am
ဟုတ်ပါ့ မလီလီကြဲ့ရဲ့…
ယုံသော်ရှိ မယုံသော်ရှိ၊ စင်ကာပူက အဲဒါမျိုးတွေ အတော်ပေါသတဲ့…
ဟီ ဟိ ချန်ဂီဆေးရုံဟောင်းမှာ ညဖက် ဓာတ်ပုံသွားရိုက်ပြီး…
ရွာသူရွာသားတွေကို မျှပေးပါလားဟင်…
😀
ကိုရင်စည်သူ
August 31, 2013 at 7:42 pm
သရဲနဲ့ ရုတ်တရက်တွေ့ပီဆို… သရဲအကြောက်ဆုံးက ရှူးရှူးပါ… (ကိုယ်တွေ့စမ်းသပ်မှုအရ)
အန်းမကြီးကိုလည်း ကိုကျောက်စ်ဘော်ဒါက သေးနဲ့ပန်းရမှာကို ကြောက်ပြနေတာကိုးး။
ကိုကျောက်မမြင်ရတာတော့ ဧကန်ဒ… အဲ့တုန်းက လူပျိုစစ်စစ်ဖြစ်လို့လား..
သို့မဟုတ်…မျက်မှန်ကြီးတပ်ထားလို့ ပါဝါဗြောင်းဗြန်ဖြစ်လို့လား… တခုခုတော့တခုခုဘဲ..။
သရဲပြန်ခေါ်ချင်.. အခန်းကို အလုံမီးပိတ်ပြီး အမဲသား ဝက်သားအစိမ်းကို စတီးခွက်ထဲထည့်
တူတစ်ချောင်းနဲ့ ၅မိနစ် ဆက်တိုက်.. ခေါက်ပေးနေ… အဲ့ အန်းမကြီးပြန်လာလိမ့်မယ်…
(စောဒက တက်ချင်သူများ ကိုယ်တိုင် စမ်းသပ်လို့ရပါကြောင်း)
အပါယ်လေးဘုံးက သတ္တဝါတွေကို မယုံမရှိဟုထင်၊ သရော်သူတို့သည် မိတ်ဆာဒိဌိများသာဖြစ်လိမ့်မယ်..။ 😉
ဦးကျောက်ခဲ
September 2, 2013 at 9:14 am
ဟီး ဟီး ရှူးရှူးနဲ့ပန်းဖို့ နေနေသာသာ…
ကျောက်စ် ဘော်ဘော်တွေက မြင်တာနဲ့ ရှူးထွက်နေလို့ အလုပ်မဖြစ်ခဲ့ဘူး…
လိုက် ပန်းရပြန်ရင်လဲ တအိမ်လုံး ရေနဲ့ ဆေးချရလိမ့်မယ် ကိုရင်ရဲ့…
😀
မောင် ပေ
August 31, 2013 at 9:07 pm
သ ရောက် တောင် ကျဲ တဲ့
မ တစ် ထောင် ကျောက် ခဲ လို ့
ဆို ရ ချေ လိမ့် အံ့ ။
ဦးကျောက်ခဲ
September 2, 2013 at 9:22 am
အဟဲ… ကျောက်စ် လက်မှိုင်ချရတဲ့ ဇာတ်လမ်းလည်း ရှိသေးတယ် ကိုရင်ပေရဲ့…
😀
အလင်းဆက်
September 1, 2013 at 10:17 pm
မနက်ဖြန် …
အိမ်မှာ အေးဆေး ဖတ်ဖို ့…
သိမ်းလိုက်ပြီ ဗျို ့…။
ဦးကျောက်ခဲ
September 2, 2013 at 9:24 am
အေးဆေးသာဖက် ဒညင်းဝက်ရေ…
ဒေါ်ဖွားမေကို ပြောတာဗျ…
😀
ဦးကြောင်ကြီး
September 2, 2013 at 10:20 am
အနော် သာရဲဖြစ်လို့ဃဒေါ့ ရွာသူ သာမီးလေးတွေကို လှယျာဂျီးနဲ့ လှယျာဂျီးနဲ့….. 😎
ဦးကျောက်ခဲ
September 2, 2013 at 10:28 am
ကိုရင်ကြောင် လှယျာဂျီးချင်ရင် ကျောက်စ်တို့ ကပုတို့ ရှိတယ်လေ…
😀