သက်ရောက်မှုများ (ပထမပိုင်း)

ကျော်ဘသစ်October 2, 20131min3375

သက်ရောက်မှုများ

Effects

……………………………..

လိပ်ပြာသက်ရောက်မှု

Butterfly Effect

လူတစ်ယောက် တောစပ်တစ်နေရာ ရောက်လာသည်။ သစ်ပင်တစ်ပင်အောက် အမောပြေ ထိုင်နေတုန်း သူနဲ့ မလှမ်းမကမ်း မြက်ပင်ဖျားမှာ လိပ်ပြာတစ်ကောင် အတောင်ပံ တဖျတ်ဖျတ် ခတ်ရင်း ဂဏာမငြိမ်ဖြစ်နေသည်ကို သူ သွားတွေ့၏။

ပျံတာလည်း မဟုတ်၊ နားတာလည်း မဟုတ်၊ မြက်ပင်ဖျားမှာ ကြိုးခုန်သလို ခုန်ဆွခုန်ဆွ လုပ်နေတဲ့ လိပ်ပြာကို ကြည့်ရင်း နားမလည်နိုင်တဲ့အဆုံး ထိုလူက လိပ်ပြာကို သွားမေးသည်။

“ခင်ဗျား.. အားနေရင်လည်း ဒီအတိုင်း နားနေလို့ မရဘူးလား၊ ဘာဖြစ်လို့ မလိုအပ်ဘဲ အတောင်တဖျတ်ဖျတ် ခတ်နေတာလဲ”

“ဪ.. ဒါလား၊ အလကား ခတ်နေတာ မဟုတ်ဘူးဗျ၊ နောက်တစ်ပတ်မှာ တိုက်ဖို့ လေဆင်နှာမောင်းကြီးတစ်ခု ဖန်တီးနေတာ”

လိပ်ပြာ ပြန်ဖြေတဲ့စကား ကြားပြီး ထိုလူ ချက်ချင်း သင်္ချာစာအုပ် ထုတ်၊ ဖော်မြူလာတွေ ချ၊ မျဉ်းဖြောင့်တွေ မျဉ်းကွေးတွေ ဆွဲကြည့်ရင်း နောက်ဆုံး အသိတစ်ချက် လင်းခနဲ ပွင့်သွားသည်။

“မူလအစမှာ ရှိခဲ့တဲ့ အပြောင်းအလဲအသေးအမွှားတစ်ခုက နောင်ဖြစ်လာမယ့် အပြောင်းအလဲအကြီးစားတွေအပေါ် သက်ရောက်မှု ရှိသည်”

ထိုသို့ဖြင့် Butterfly Effect (ဝါ) လိပ်ပြာသက်ရောက်မှု ဟူသော သီအိုရီကို ဖော်ထုတ်ရင်း လိပ်ပြာရော၊ ထိုလူပါ မကြာခင် ကမ္ဘာကျော် သွားတော့၏။

ပိတုန်းသက်ရောက်မှု

Bumble-Bee Effect

လူတစ်ယောက် မြက်ခင်းပြင်ပေါ် ထိုင်ရင်း အေးအေးလူလူ အနားယူနေသည်။ ထိုစဉ် ပိတုန်းတစ်ကောင် လေထဲပျံနေရင်းက သူ့ရှေ့တည့်တည့် ဖုတ်ခနဲ ပြုတ်ကျလာသည်ကို တွေ့ရ၏။

ပိတုန်းကို ကူညီထူမရင်း ထိုလူက အံ့ဩတကြီး မေးသည်။

“ဘယ်လိုဖြစ်လာရတာလဲ ပိတုန်းကြီးရာ”

ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတဲ့ကြားကပဲ ပိတုန်းက သူ့ရာဇဝင်ကို ပြောပြသည်။

သည်နေရာကနေ ပိတုန်းပျံအားနဲ့ (၇) ရက်ပျံလောက် ဝေးတဲ့နေရာမှာ ကြီးကျယ်ခမ်းနားတဲ့ ပန်းခင်းကြီးတစ်ခု ရှိသတဲ့။ သူကတော့ အဲသည်ပန်းခင်းကြီးထဲမှာ ပိတုန်းဘုရင်ကြီးတစ်ပါး ဖြစ်ခဲ့သတဲ့။

ပိတုန်းကလွဲရင် အခြားသတ္တဝါတွေကို ကြည့်မရတဲ့ ပိတုန်းမင်းကြီးက တစ်နေ့တော့ တောနက်တစ်နေရာက ပန်းမျိုးစိတ်တစ်ခု ယူလာပြီး ပန်းခင်းထဲမှာ တိတ်တိတ်ပုန်း (ပိတုန်းတွေကိုပဲ အသိပေးပြီး) ရောညှပ် စိုက်ထားလိုက်သတဲ့။

အဲသည်ပန်းလည်း ပွင့်ချိန်ရောက်ရော၊ အပွင့်တွေက လှလည်းလှ၊ ရနံ့လည်း သင်း၊ ဝတ်ရည်လည်း အလွန်ရွှန်းမယ့်ပုံ ပေါက်နေတာကြောင့် ဝတ်ရည်စုပ်မယ့် သတ္တဝါမျိုးစုံ ပန်းရုံကြီးရှိရာ အလျှိုအလျှို ချီတက်လာကြတော့သတဲ့။

ဒါပေမယ့် ရောက်လာတဲ့ သတ္တဝါတွေ ဝတ်ရည် တဝကြီး စုပ်လိုက်မဟဲ့ဆိုပြီး ပန်းပွင့်အခေါင်းတွေထဲ တိုးဝင်သွားရုံရှိသေး၊ အပြင်ကနေ ပွင့်ချပ်တွေ လက်သီးဆုပ်လိုက်သလို ငုံပိတ်သွားပြီး အားလုံး ပန်းပွင့်ထဲမှာပဲ ဘဝဆုံးသွားကြရှာတော့သတဲ့။

သည်လိုနဲ့  သိပ်မကြာခင်မှာပဲ ပန်းခင်းထဲက ရှိသမျှ ပျားတွေ၊ လိပ်ပြာတွေ၊ နှံကောင်တွေ၊ ပသန်ကောင်တွေ တစ်ဆွေလုံး တစ်မျိုးလုံး ဝတ်ရည်ထောင်ချောက် ပန်းပွင့်တွေထဲမှာ ကိစ္စတုံး ကုန်ကြတော့သတဲ့။

အဲသည်မှာတင် သူ မျှော်လင့်မထားတဲ့ အခြေအနေတွေ ရင်ဆိုင်ရပါလေတော့သည်တဲ့။

ဝတ်မှုန်ကူးတဲ့ သတ္တဝါတွေ မျိုးတုံးကုန်တော့ ပန်းပင်တွေ ချစ်ကြိုးမသွယ်နိုင်။ ချစ်ကြိုးမသွယ်တော့ မျိုးစေ့ ထပ်မကျ၊ မျိုးစေ့ ထပ်မကျတော့ မျိုးဆက်သစ်တွေ ထွက်မလာ။ နောက်ဆုံး ပန်းတစ်ခင်းလုံး ဖုန်းဆိုးမြေလုံးလုံး ဖြစ်သွားရတော့သည်တဲ့လေ။

“နောက်ဆုံးတော့ ပိတုန်းတွေပါ အစာငတ်ပြီး သေကုန်တယ်၊ မသေလို့ကျန်တဲ့ အကောင်တွေလည်း ရဝမ်ဒါက ပိတုန်းတွေရုပ် ပေါက်ကုန်တယ်။ အဲဒါနဲ့ ကျုပ်လည်း ရှိသမျှ အင်အားလေး ခြစ်ချွတ်ပြီး လွတ်ရာကျွတ်ရာ ပြေးရင်း ဒီဘက် ရောက်လာ…..”

ပြောလျက်စ ဝါကျမဆုံးခင် ပိတုန်းဘုရင်ကြီး ထိုလူ့ရှေ့မှာ နတ်ရွာစံသွားလေတော့၏။ ယင်းသည့်အချိန်မှာပဲ သူ့ခေါင်းထဲ အတွေးတစ်ချက် ဘွားခနဲ ဝင်လာသည်။

“မူလအစမှာ ဘုမသိဘမသိ လုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုက နောက်ပိုင်း ဝင်လာမယ့် ဝရုန်းသုန်းကား ပျက်ဆီးမှုတွေအား လက်ယပ်ခေါ်လျှက်ရှိသည်”

ထိုသို့ဖြင့် Bubble Bee Effect (ဝါ) ပိတုန်းသက်ရောက်မှု ဟူသော သီအိုရီကို ဖော်ထုတ်ရင်း ပိတုန်းရော၊ ထိုပုဂ္ဂိုလ်ပါ ကမ္ဘာကျော် သွားကြပြန်လေသည်။

ခြင်သက်ရောက်မှု

Mosquito Effect

လူတစ်ယောက် ပက်လက်ကုလားထိုင်ပေါ် ထိုင်ရင်း
စာဖတ်နေသည်။ သူ စာဖတ်နေတုန်း ခြင်တစ်ကောင် ခြေထောက်ကို လာကိုက်သဖြင့် လက်နဲ့ ဝှေ့ယမ်း မောင်းထုတ်လိုက်ရည်။

ရန်သူ ပြန်ဆုတ်သွားပြီအတွေးနဲ့ အေးအေးလူလူ စာပြန်ဖတ်ဖို့ ပြင်နေတုန်း သိပ်မကြာခင်မှာပဲ စောစောက ခြင်၊ သူနဲ့အတူ ခြင်အဖိုးအို တစ်ကောင်ကိုပါ အဖော်ခေါ်လာပြီး သူ့ခြေထောက်ကို ဘယ်တောင်ပံ၊ ညာတောင်ပံက ညှပ်ကိုက်ကြပါလေတော့၏။

ထိုလူ ဒေါသတကြီးဖြစ်ပြီး ခြင်နှစ်ကောင်ကို တဖြန်းဖြန်း ရိုက်ရင်း လိုက်ခြေမှုန်းမယ်လုပ်တော့ မယုံနိုင်စရာကောင်းစွာ ခြင်အဖိုးကြီးက သူ့ကို ခပ်မာမာ ထပြောလိုက်သည်။

“မမိုက်ရိုင်းနဲ့၊ အသာတကြည်အကိုက်ခံ၊ မင်းဘိုးအေ မျောက်တွေတုန်းကလည်း ဒီလိုပဲ စေတနာဗလဝနဲ့ သွေးလှူလာခဲ့ကြတာပဲ”

အစချီကာ ရှေ့မီနောက်မီ ခြင်အဖိုးကြီးက ရှေးဟောင်းခြင်သမိုင်းကျမ်းမှာ အခုလို လာတယ်ဆိုပြီး အောက်ပါအတိုင်း ပြောပြလေတော့၏။

တစ်ခါက သစ်ပင်ကြီးတစ်ပင်မှာ အတူနေလာကြတဲ့ မျောက်တွေအကြား ကြီးမြတ်မှုဆိုတာကို အကြောင်းပြုပြီး ငြင်းခုန်ကြရင်းက အုပ်စုနှစ်စု ကွဲသွားကြသတဲ့။ နောက်ဆုံး အခြေအနေတွေ တင်းမာလာပြီး ဘယ်အုပ်စုက ပိုကြီးမြတ်တယ် ဆိုတာကို အဆုံးအဖြတ်ပြုဖို့ မျောက်ခေါင်းဆောင်တွေ နှစ်ဘက် သဘောတူ အစီအစဉ်တစ်ခု ဆွဲလိုက်ကြသတဲ့။

ကိုယ့်အုပ်စုထဲက အကောင်အထွားဆုံးမျောက် တစ်ကောင်စီ ရွေး၊ ပြီးရင် အဲသည်နှစ်ကောင်ကို အလေးချိန်ညှိကြည့်မယ်၊ အချိန် ပိုစီးတဲ့မျောက်ရဲ့ အုပ်စုက ပိုကြီးမြတ်တယ် သတ်မှတ်ကြကြေး။

သို့နှင့် မျောက်အုပ်စုနှစ်စုလည်း ကိုယ့်အုပ်စုကို ကိုယ်စားပြုမယ့် မျောက်အာနိုး တစ်ကောင်စီ ရွေးထုတ်လာကြပြီး သစ်ပင်ကြီးရဲ့ အကိုင်းမြင့်မြင့်တစ်ခုပေါ်မှာ ပျဉ်ချပ်တစ်ချပ်ကို အလျှားလိုက် တန်းကာ မျောက်နှစ်ကောင်ကို ပျဉ်ချပ်တန်း တစ်ဖက် တစ်ချက်စီမှာ ထိုင်ခိုင်းလိုက်ကြသတဲ့။

နှစ်ဘက်သဘောတူညီချက်အရ ဝိတ်ပိုစီးတဲ့မျောက် အောက်ပြုတ်ကျလာချိန်မှာ သူ့ဘက်တော်သားမျောက်အုပ်စုက အောက်ကနေ ဆီးဖမ်းကြ၊ အဲ… ရှုံးတဲ့ကောင် ကျလာရင်တော့ သူထိုက်နဲ့ သူ့ကံ၊ ဘယ်ကောင်မှ ဝင်မကယ်ကြေး။

ထိုသို့ပြိုင်ကြတော့ မျောက်နှစ်ကောင်ရဲ့ အလေးချိန်တွေချင်း အံ့ဩစရာ ကောင်းလောက်အောင် တူညီနေသည်။ တစ်ကောင်က တစ်ကောင်ထက် ၁ အောင်စ၊ ၁ ရွေး၊ ၁ မှုန်တောင် ပိုပြီးမသာ၊ ပိုပြီး မလျှော့။ ၅ မိနစ်၊ ၁ဝ မိနစ်၊ ၁၅ မိနစ် ထိုင်နေကြပေမယ့် သူတို့ထိုင်နေတဲ့ ပျဉ်ချပ်ဟာ (၁၈၀) ဒီဂရီ ချိန်ခွင်လျှာ ညီမျှနေသတဲ့။

ယင်းအချိန်မှာပဲ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခု ပေါ်လာသည်။ မျောက်တစ်ကောင်ရဲ့ ကိုယ်ပေါ် ခြင်တစ်ကောင် လာနားခြင်းပင်။ သည်လိုအချိန်မျိုးမှာ ခြင်တစ်ကောင်ရဲ့ ဝိတ်ကလည်း မဟာပထဝီမြေကြီးတမျှ သိသိသာသာ အချိန်စီးသွားတာကြောင့် ခြင်နားခံရတဲ့မျောက်လည်း ကောင်းကင်တမန် ကြွလာသမလိုမျိုး အကြီးအကျယ် ဝမ်းသာသွားတော့သတဲ့။

သို့သော် သူ ဝမ်းသာတာ ခဏပါပဲ။ နားပြီး သိပ်မကြာခင် ထိုခြင်က မျောက်ကိုယ်ထဲက သွေးတစ်စက်ချင်းကို တမြေ့မြေ့ စတင် စုပ်ယူတော့သည်လေ။ “ဟောဒီခြင် ငါ့သွေးတွေ စုပ်ပြီး ထပျံသွားရင်တော့ ဂွ” လို့ ဘုရားတရင်း အဲသည်မျောက်ခမျာ ငိုတပြုံးပြုံး မျက်နှာထားနဲ့ ခြင်စုပ်သမျှ သွေးပမာဏကို ဘေးကနေ ချင်တွယ်ပေးနေရတော့သတဲ့။

“အဲဒါပဲလေ၊ ခြင် သွေးစုပ်ပြီး ထပျံသွားတာနဲ့ အဲဒီမျောက် ရှုံးပြီ… ပြုတ်ပြီ.. ကျပြီ… သေပြီ။ ကြည့်…။ မင်းတို့တတွေ လူရယ်လို့ မဖြစ်ခင်ကတည်းက ငါတို့က သွေးစုပ်လာခဲ့တာ။ မင်းအလှည့်ကျမှ ကလန်ကဆန် လုပ်မယ်မကြံနဲ့”

ထိုလူလည်း ကလန်ကဆန် မလုပ်တော့ဘဲ ခြင်နှစ်ကောင်ကို သွေးဝအောင် တိုက်ပေးလိုက်သည်။ ပြီး အမှန်တရားတစ်ခုကိုလည်း စဉ်းစားတွေးတောမိသွား၏။

“မူလအစမှာ အချင်းချင်းဖြစ်ပွားတဲ့ ပဋိပက္ခက သွေးအုပ်စုမရွေး ရရာစုပ်မယ့် သွေးစုပ်သတ္တဝါတွေကို ‘သွေးအလှူခံ ကြွပါ’ လို့ ဖိတ်ခေါ်သလို ဖြစ်တတ်ပြီး ထိုသတ္တဝါတွေ ကိုယ်ပေါ်က ထပျံမသွားဖို့အရေးလည်း ဘုရားတရင်း ဧည့်ခံပေးရသေး၏”

ထို့သို့ဖြင့် Mosquito Effect (ဝါ) ခြင်သက်ရောက်မှု ဟူသော သီအိုရီကို ဖော်ထုတ်ရင်း ခြင်ရော၊ ထိုပုဂ္ဂိုလ်ပါ သိပ်မကြာခင် နာမည်ကြီးသွားကြပြန်ပါသည်။

ပိုးနသန်ကောင်သက်ရောက်မှု

Millipede Effect

လူတစ်ယောက် ကန်ရေပြင်ကို ကြည့်ငေးရင်း ဒဏ်ရာတွေကို ရေတွက်ဖို့ ကန်ဘောင်ရိုးပေါ် ရောက်လာသည်။ သူထိုင်နေတဲ့နေရာနဲ့ တစ်မီတာလောက်အကွာ၊ သူ့ရှေ့တည့်တည့်မှာက ကန့်လန့်ဖြတ် ဆန့်ဆန့်ကြီးလုပ်နေတဲ့ ပိုးနသန်ကောင်ကြီး တစ်ကောင်..။

တစ်နေရာရာ ထွက်သွားတော့မလိုလို ခေါင်းကြီး ထောင်လာလိုက်၊ နောက်.. ‘ဘယ်မှ မသွားတော့ဘူးပါဘူးဟယ်’ ဆိုတဲ့ ပုံစံနဲ့ ခေါင်းကြီး အောက်ပြန်ချလိုက်၊ ခဏနေတော့ “အခုတစ်ခါတော့ တကယ်ထွက်တော့မယ်” ဆုံးဖြတ်ချလိုက်သလိုမျိုး ခေါင်းကြီး ပြန်ထောင်လာလိုက်၊ နောက်တစ်ခါ… ခေါင်း ပြန်ချလိုက်။

သည်လိုနဲ့ ခေါင်းတင်ခေါင်းချ လုပ်ရင်း ထိုလူပြန်ခါနီးတဲ့အထိ ပိုးနသန်ကောင်ခမျာ လက်ရှိဘူတာက တစ်လက်မမှ မခုတ်မောင်းနိုင် ဖြစ်နေသည်။ နောက်ဆုံး ထိုလူ ရပ်ကြည့်နေရင်းက မနေနိုင်မထိုင်နိုင် ဖြစ်လာတာနဲ့ ထိုပိုးတုံးလုံးကြီးကို သွားမေးလိုက်၏။

“ဘယ်လိုလဲဗျ ပိုးနသန်ကောင်ကြီး… ရှေ့ဘူတာမှာ သံလမ်းရေမြုပ်နေတယ် သတင်းရထားလို့လား”

“ပြော.. မပြောချင်ပါဘူးဗျာ” လို့ ပြောပြီးမှ ပိုးနသန်ကောင် ဆက်ပြောတာက…

“မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသလို ကျုပ်တို့ ပိုးနသန်ကောင်မှာလည်း ခြေထောက်ပေါင်းတစ်ထောင် ရှိသဗျ။ မာရ်နတ်မင်းကတော့ သူ့လက်ရုံးတွေနဲ့ ဘယ်လိုနေလဲမသိ၊ ကျုပ်မှာတော့ အဲသည်ခြေထောက်တွေကြောင့်ပဲ ဦးနှောက် အခြောက်ကြီး ခြောက်နေရတယ်ဗျာ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ”

ဆိုပြီး ပြောရုံတင်မက ထိုလူ့ကို (စဉ်းစားဖို့) အိမ်စာပါပေး နေပြန်သည်။ သူ့ (ပိုးနသန်ကောင်) အခြေအနေကိုလည်း ကြည့်လေ။

သူ့ရှေ့ဆုံးခြေထောက်တစ်စုံက သူ့ကို အရေးဆိုသတဲ့။

“ခင်ဗျားတစ်ကိုယ်လုံးမှာ ကျွန်တော်တို့ပဲ အားအစိုက်ရဆုံး” လို့။

နောက်ဆုံးခြေနှစ်ချောင်းကလည်း သူတို့ဘက်သူတို့ ယက်ကြပြန်သတဲ့။

“ပိုးနသန်ကောင်ဆိုတာ နောက်ဘီးယက်သတ္တဝါဗျ” လို့။

ကျန်တဲ့ခြေထောက်တွေကလည်း တစ်ထောက်တစ်ပေါက် ဗြောက်သောက် ကိုယ်ထင်ရာကိုယ် လျှောက်ပြောနေကြတာ ပွက်လောကို ညံလို့တဲ့။

“လာ..လာ.. ကိုယ်လူတို့၊ တောင်အရပ်ကို သွားကြစို့”

“No.. no.. မြောက်အရပ်မှာ အစာရေစာ ပိုပေါတယ်”

“ဒီတစ်ခါတော့ အားလုံးပဲ ဝေါ့ကင်ရှူး စီးကြစို့ဗျာ”

“သောက်ရူး.. ပူရအိုက်ရတဲ့အထဲ၊ ညှပ်ဖိနပ်ပဲလုပ်”

“ဟေ့… ညာဘက်ခြမ်းက ခြေထောက်တွေ သိပ်ပြီး ရေသာမခိုကြနဲ့လေကွာ၊ ခွီးထဲမှပဲ၊ ဒီသေနာကြီးကို ငါတို့ချည်း ရုန်းနေရတာပဲ”

“Oh..ho.. we’re always right, everybody knows”

“ဟေ့ကောင်တွေ.. မင်းတို့ရှေ့ခြေထောက်တွေ.. ရပ်မယ်ဆို ကြိုပြောကြကွ၊ ရွေးလျှားမြဲအရာဟာ ဆက်ပြီး ရွေးလျှားတယ်ဆိုတာ မင်းတို့ မသင်ခဲ့ရဘူးလား၊ ဒီမှာ မှောက်ထိုးလဲပြီး သောက်ကျိုးနဲ ကုန်တော့မယ်”

“အံမလေး.. သေပါပြီတော့.. နောက်ခြေထောက်က ဘာဖြစ်လို့ ကျမခြေထောက်ကို လိုက်နင်းနေရတာလဲ”

“တကယ်တော့ ဒါဟာ ခြေထောက်အခွင့်အရေး ချိုးဖောက်တာပဲလေဗျာ”

“အို.. လူညီရင် ကျွဲကိုတောင် “ဤ” ခွင့် ရှိပါတယ်”

“အနိစ္စ.. အနိစ္စ.. ပုထုဇဉ်ခြေထောက်တွေ.. ပုထုဇဉ်ခြေထောက်တွေ.. လောဘတက်ပြီး ဟိုသွားချင်.. ဒီသွားချင်နဲ့၊ ငါလို ခြေတစ်ပေါင်ကျိုးလုပ်၊ ရီးလေးခိုနေတော့ရော နောက်ဆုံးတော့ သူတို့ရောက်တဲ့နေရာ ငါလည်း ရောက်တာပဲမဟုတ်လား”

“ဒီလိုနဲ့ ကျုပ်မှာ ခြေထောက်တွေ အများကြီး ရှိပြီးမှ တောင်လည်းသွားမရ၊ မြောက်လည်းသွားမရ၊ လမ်းလယ်မှာ ဂွကျကျကြီး ဖြစ်နေတော့တာပါပဲဗျာ”

ပိုးနသန်ကောင် ရင်ထုမနာ ရင်ဖွင့်လာတဲ့ စကားကို နားထောင်ပြီး ထိုလူ အိမ်အပြန်လမ်းမှာ သဘောတရားတစ်ခုကို စဉ်းစားလာသည်။

“မူလအစတည်းက ခြေထောက်တွေကိုယ်တိုင်က ခြေထောက် အလုပ်မလုပ်ဘဲ ပါးစပ်အလုပ် ဝင်လုပ်နေသမျှ ထုထည် (body) ဘယ်လောက်ကြီးကြီး ခရီးမရောက်နိုင်”

ထိုသို့ဖြင့် Millipede Effect (ဝါ) ပိုးနသန်ကောင် သက်ရောက်မှု ဟူသော သီအိုရီကို ဖော်ထုတ်ရင်း ပိုးနသန်ကောင်ရော၊ ထိုလူပါ ပေါ်ပြူလာဖြစ်သွားကြပြန်လေသည်။

 

(ဒုတိယပိုင်း ဇာတ်သိမ်း မျှော်)

5 comments

  • KZ

    October 2, 2013 at 11:35 am

    ဟဟဟ။
    သဘောကျချက်!!
    စောင့်ဖတ်မယ်နော်။
    ရှယ်သွားလိုက်ဦးမယ်။

    🙂

    “မူလအစမှာ ရှိခဲ့တဲ့ အပြောင်းအလဲအသေးအမွှားတစ်ခုက နောင်ဖြစ်လာမယ့် အပြောင်းအလဲအကြီးစားတွေအပေါ် သက်ရောက်မှု ရှိသည်”

    “မူလအစမှာ ဘုမသိဘမသိ လုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုက နောက်ပိုင်း ဝင်လာမယ့် ဝရုန်းသုန်းကား ပျက်ဆီးမှုတွေအား လက်ယပ်ခေါ်လျှက်ရှိသည်”

    “မူလအစမှာ အချင်းချင်းဖြစ်ပွားတဲ့ ပဋိပက္ခက သွေးအုပ်စုမရွေး ရရာစုပ်မယ့် သွေးစုပ်သတ္တဝါတွေကို ‘သွေးအလှူခံ ကြွပါ’ လို့ ဖိတ်ခေါ်သလို ဖြစ်တတ်ပြီး ထိုသတ္တဝါတွေ ကိုယ်ပေါ်က ထပျံမသွားဖို့အရေးလည်း ဘုရားတရင်း ဧည့်ခံပေးရသေး၏”

    “မူလအစတည်းက ခြေထောက်တွေကိုယ်တိုင်က ခြေထောက် အလုပ်မလုပ်ဘဲ ပါးစပ်အလုပ် ဝင်လုပ်နေသမျှ ထုထည် (body) ဘယ်လောက်ကြီးကြီး ခရီးမရောက်နိုင်”

    ကျနော်ဖတ်ရင်း အဖြစ်အပျက်အချို့ကို မြင်ယောင်လာသလိုလို….
    :kwi:

  • kai

    October 2, 2013 at 12:58 pm

    မူလအစဇတ်လမ်းကို.. ကိုယ်တိုင်တွေးပြီး.. ကိုယ်တိုင်ရေးတာလားဗျ..
    တော်တော်အတွေးကောင်းသမို့ပါ..

    အင်း..
    မူလအစ…ကပေါ့နော…။ အားလုံးအေးဆေးပါပဲတဲ့..။ :mrgreen:

  • kyeemite

    October 2, 2013 at 4:24 pm

    Butterfly Effect ဆိုတဲ့ဟာက သဂျီးပြောဖူးတဲ့ chaos သီအိုရီပဲပေါ့
    ကျန်တဲ့ အဖက်တွေ တော့ခုမှကြားဖူးတယ်ဗျာ… :kwi:

  • ဖွတ်ပြောင်

    October 2, 2013 at 5:07 pm

    အကောင် အက်ဖက် တွေချည်း ပါလား ဗျာ

    အားပေးသွားပါကြောင်း

    😛

  • alinsett

    October 7, 2013 at 7:37 am

    good တယ်ဗျို့

    ပြီးတဲ့ထိ စောင့်ဖတ်ပါမယ်

    ဒါနဲ့
    ကျွန်တော် မေးလ် တစ်စောင်ပို့ထားတာ ရောက်ရဲ့လားမသိ

Leave a Reply