လှေပျက်နဲ့အတူ ခရီးဆက်ခဲ့ကြသူများ
“လှေပျက်နဲ့ အတူ ခရီးဆက်ခဲ့ကြသူများ …………….”
ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုသောင်းတို့ရုံးက ဝန်ထမ်းဆုပေးပွဲလေးကို ကျနော်ရောက်သွားပါတယ်။
အလုပ်မပျက်တဲ့သူ စည်းကမ်းလိုက်နာသူ အလုပ်ကြိုးစားသူ အလုပ်ပေါ်မှာစေတနာထားသူ
ဆိုတဲ့ဂုဏ်ပုဒ်နဲ့ပြည့်စုံတဲဝန်ထမ်းတွေကို ဆုပေးတာပါ။
အဲဒီပေးတဲ့ဆုထဲမှာ တန်ဘိုးအကြီးဆုံးကတော့ မြေကွက်ပေါ့။
လုပ်သက်ဆယ်နှစ်ကျော်ရှိပြီး ရိုးသားကြုးိစားတဲ့ ဝန်ထမ်းငါးယောက်ကို
တစ်ကွက်ကို သိန်းတစ်ရာ့ငါးဆယ်လောက်တန်တဲ့ မြေကွက်တစ်ကွက်စီပေးပါတယ်။
ပေခြောက်ဆယ်-ပေတစ်ရာကွက်တွေပေးတာပါ။
မြို့ပေါ်မှာတော့ မဟုတ်ပါဘူး၊။
သူတို့ လုပ်ငန်းခွင်က တာဝန်ယူပြီးဆောက်နေတဲ့လုပ်ကွက်နဲ့သိပ်မဝေးတဲ့
ရွာထဲမှာပေါ့။
အခုတော့ရွာ နောင်မှာတော့ အမြန်လမ်းမကြီးနဲ့ ဆက်သွားရင် စည်ကား
လာဘို့ အလားအလာရှိတဲ့နေရာဆိုရင်လဲမမှားပါဘူး။
လေးငါးနှစ်လောက်တော့ စောင့်ရမှာပေါ့နော်။
ဘယ်လိုဘဲပြောပြော ကိုယ်ပိုင်အိမ်ယာလေးတစ်ခုပို်င်ဆိုင်သွားတယ်ဆိုတော့
အတိုင်းမသိဝမ်းသာနေကြတာကို မြင်နေရပါတယ်။
ပွဲမပြီးခင်မှာ ကိုသောင်းက ကျနော်ကို မပြန်နဲ့အုံးနော်ဆိုတာနဲ့
ကျနော်လဲ လူရှင်းတဲ့ ဒေါင့်လေးတစ်ခုမှာ ထိုင်နေလိုက်ပါတယ်။
************************************************
ပွဲအားလုံးပြီး သိမ်းဆည်းပြီးတဲ့အခါမှာ ကိုသောင်းရဲ့ရုံးခန်းထဲမှာ
သူနဲ့ကျနော်စကားပြောဖြစ်ကြပါတယ်။
“ကျနော်ဒီနေ့ အတော်စိတ်ချမ်းသာတယ်ဗျာ။
ကျနော်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကပေးခဲ့တဲ့
ကတိကို အကောင်အထည်ဖော်လိုက်နိုင်လို့” ဆိုပြီး ပြောရင်းပြုံးနေပါတယ်။
ကိုသောင်းတို့လုပ်ငန်းကကြီးမားတယ်လို့ဆိုနိုင်ပါတယ်။
လမ်းတံတားဖောက်တာကိုလဲ ကန်ထရိုက်ယူတဲ့အလုပ် လုပ်တယ်။
အဆောက်အဦလဲဆောက်တယ်။
ကုန်ပစ္စည်းတွေလိုအပ်တယ်ဆိုရင်လဲ နိုင်ငံခြားကနေမှာပေးတယ်။
ဆိုတော့ အလုပ်တော်တော်စုံအောင်လုပ်တယ်လုို့ပြောနိုင်ပြန်ပါတယ်။
သူနဲ့ကျနော်ကလဲ လုပ်ငန်းတစ်ခုမှာ အတူပူးတွဲလုပ်ရင်းခင်မင်သွားကြတာပါ။
“အခုကျနော်မြေကွက်တွေပေးလိုက်တဲ့ဝန်ထမ်းငါးယောက်က
ကျနော်မှာလှေပျက်ကြီးဘဲ ကျန်နေတဲ့အချိန်တုံးက
ကျနော်အတူ ခရီးဆုံးအထိအတူလက်တွဲခဲ့ကြသူတွေပေါ့ဗျာ”လို့
ဆက်ပြီးပြောပြန်ပါသေးတယ်။
“ကဲ ကိုသောင်းရေ ပြောမယ့်ပြောလဲ အစအဆုံးပြောဗျာ”လို့ဘဲ
ပွဲတောင်းလိုက်ရပါတယ်။
အဲတော့မှသူက “ဒီလိုဗျာ……………”ဆိုပြီးဇာတ်ကြောင်းပြန်ပါတော့တယ်။
**************************************************************
၂၀၀ဝခုနှစ်ကတော့ မြန်မာ့စီးပွားရေးလောကမှာအတော်လေးကိုအကျပ်အတည်းဖြစ်ခဲ့တဲ့
နှစ်လို့ဆိုနိုင်ပါတယ်။
ဆို်င်တွေပိတ်ပြေးကြတယ်။
ဘဏ်တွေ အနည်းနဲ့အများ ကမောက်ကမဖြစ်တယ်။
အဲတော့ငွေကြေးဆုံးရှုံးနစ်နာမူ့တွေများကြတယ်။
အဲဒီအကျိုးဆက်က လုပ်ငန်းတော်တော်များများရပ်ဆိုင်းကုန်တယ်။
လုပ်ငန်းမရပ်ဆိုင်းပေမယ့် လုပ်ငန်းတွေလျော့ချသလို ဝန်ထမ်းတွေ
လျော့ချရတဲ့ လုပ်ငန်းတွေလဲရှိလာခဲ့ပါတယ်။
အဲဒီအချိန်က ကိုသောင်းတို့က လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကိုငွေကြိုထုတ်ပေးပြီး
ကောက်ပဲသီးနှံပေါ်မှ ကုန်တွေပြန်ယူတဲ့လုပ်ငန်းလုပ်ကြတာပါ။
အဲဒီနှစ်က သီးနှံအထွက်လဲမကောင်း၊
သီးနှံဈေးလဲမကောင်းတော့ ခွက်ခွက်လန်အောင်ရှုံးပါတယ်။
အဲဒီအချိန်ကိုသောင်းတို့ အုပ်စု က ရှယ်ယာရှင်တွေလဲခေါင်းခြင်းရိုက်ကြရတော့ပါဘဲ။
လုပ်ငန်းလျော့ချပြီး ဝန်ထမ်းတွေလျှော့မလား။
ဒီလိုဘဲမှေးလုပ်မလားလို့ တိုင်ပင်ကြရတာပေါ့။
နောက်ဆုံးအဖြေကတော့ ဝန်ထမ်းမလျော့ဘူး။
ဝန်ထမ်းတွေကို အလုပ်မဖြုတ်ဘူး။
သူတို့အပါအဝင်အားလုံး လခကိုလျှော့ယူကြမယ်။
နောက်ထပ်လုပ်ငန်းအသစ်တွေရအောင်ကြိုးပမ်းကြမယ်။
ဒါပေမယ့် မလုပ်ချင်တဲ့ဝန်ထမ်းကတော့ ထွက်ချင်တဲ့ဆန္ဒရှိရင်
ထွက်ခွင့်ပြုမယ်ပေါ့။
ခက်တာက သူတို့မှာရင်းနှီးမြုတ်နှံငွေလက်ကျန်လဲ သိပ်အများကြီးမရှိတော့တာပါဘဲ။
အစကတော့ လုပ်ငန်းပြောင်းမယ်သာဆိုတယ် ဘာလုပ်ရမှန်းမသိ။
အရင်းအနှီးကလဲမရှိ။
ပထမခြောက်လ လောက်ကတော့ လုံးလည်ခတ်နေတာအမှန်ပါဘဲ။
ကံကောင်းခြင်တော့ ဘက်ဖိုးတွေမြေသည်ကားတွေထောင်ထားတဲ့
မိတ်ဆွေတစ်ယောက်က ဒီအလုပ်တွေမလုပ်ချင်တော့ဘူး။
အဲဒါတွေကို ကိုသောင်းတို့သာ ယူမယ်ဆိုရင် ပေါက်ဈေးထက်လဲ
လျော့ပေးမယ်။
ငွေလဲ ချန်ထားပေးမယ် ဆိုတာနဲ့ယူဖြစ်သွားပါတယ်။
ယူသာယူလိုက်တယ် အလုပ်က ဘယ်မှာနေမှန်းမသိ။
အဲလိုနဲ့ဘဲ သစ်လုပ်ငန်းလုပ်တဲ့လုပ်ငန်းတစ်ခုနဲ့ဆက်မိသွားပြီး
သူတို့သစ်ထုတ်မယ့်လမ်းကို ဖောက်ပေးရှင်းပေးရတဲ့ အလုပ်ရသွားပါတယ်။
ဒါပေမယ့် အဲဒီနှစ်က လုပ်ငန်းရှိတယ် ဆိုရုံပါဘဲ။
ဘာလို့လဲဆိုတော့ ဒီကားကြီးတွေမောင်းသူတွေကိုမထိန်းချုပ်တတ်တော့
အလေအလွင့်များလု့ိပါဘဲ။
တိုတိုပြောရရင် အရင်ကလူသုံးဆယ်လောက်ရှိခဲ့တဲ့ လုပ်ငန်းက
အမာခံလူလေးငါးယောက်လောက်ဘဲကျန်ခဲ့ပါတော့တယ်.။
အဲဒီအချိန်က ကျန်နေတဲ့ ဝန်ထမ်းတွေကို
နောင်တစ်ချိန်အောင်မြင်တိုးတက်လာခဲ့ရင် ထို်က်ထိုက်တန်တန်ဆုချမယ်
ကြည့်ရူ့စောင့်ရှောက်ပါမယ့် ဆိုတဲ့ ကတိဘဲပေးနိုင်တာပါ။
ဒီလိုဘဲလုပ်နေရင်းက ကိုသောင်းတို့ အဖွဲလေးကနာမယ်ရလာတဲ့အခါ
အလုပ်မပြတ်တဲ့အပြင် သူတို့နဲ့တွဲလုပ်နေတဲ့သစ်လုပ်ကွက်ထဲကို ရှိတဲ့ငွေလေးနဲ့ရှယ်ယာဝင်လိုက်တာ အိုကေသွားတယ်ဆိုပါစို့။
ကံကောင်းခြင်းလက်ဆောင်တွေရချင် ပြန်တော့ ကိုသောင်းတို့ထဲကတစ်ယောက်ရဲ့သူငယ်ချင်းက
နိုင်ငံခြားမှာနေပြီး ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။
အဲဒီကုမ္ပဏီက စက်မူ့လုပ်ငန်းသုံးအကြီးစားပစ္စည်းတွေထုတ်ပါတယ်။
ကိုသောင်းတို့ကို ကိုယ်စားလှယ်ပေးလိုက်တဲ့အခါ လုပ်ငန်းကထောင်တက်သွားပါတယ်။
အရင်သစ်လုပ်ကွက်တွေလမ်းဖောက်ရာကနေ လမ်းတံတားကို တဆင့်ခံကန်ထရိုက်လုပ်ငန်းတွေ
ဆက်တိုက်ရ။
မြေကွက်တွေ ဈေးသင့်ရင်ဝယ် အိမ်ဆောက်ပြီးပြန်ရောင်းရာကနေ
အဲဒီကမှ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တိုးချဲ့တာလဲအဆင်ပြေလာပါတယ်။
အကြောင်းမသိသူများက ဘိန်းဘဲ သယ်တာလိုလို ကျောက်ဘဲအောင်တာလိုလို
ဝေဖန်တာတောင်ခံကြရပါတယ်။
ကိုသောင်းတို့လုပ်ငန်းအောင်မြင်လာချိန်မှာတော့ အရင်နိမ့်ပါးစဉ်ကာလမှာ
အေးအတူပူအမျှနေခဲ့တဲ့ဝန်ထမ်းတွေကို တကယ်ကိုမြင့်မားအောင်မြ့ှင့်ပေးခဲ့ပါတယ်။
အခုမြေကွက်ပေးတဲ့ဝန်ထမ်းငါးယောက်က သူတို့နဲ့အတူရုန်းခဲ့သူတွေပါဘဲ။
“ကိုသောင်းတို့ဘယ်လောက်ကြာကြာရုန်းလိုက်ရလဲဗျ” လို့ကျနော်ကမေးတော့
“ငါးနှစ်နီးပါးလောက်တော့လိမ့်နေအောင်ခံလိုက်ရတယ်ဗျာ။
အဲဒီအချိန်တုန်းကတော့ ကျနော်တို့လဲ စိတ်ဓါတ်အတော်ကျမိတယ်။
လှေပေါက်ကြီးနဲ့ခရီးသွားရသလိုပါဘဲ။
ရှေ့ရောက်ဘို့ထက် ရေထဲနစ်မသွားအောင် ရေပက်ထုတ်နေတာနဲ့အချိန်ကုန်တာပါဘဲ။
ကံကောင်းတော့ လှေပေါက်ကိုဖာနို်င်တော့ ခရီးဆက်လု့ိရခဲ့တာပေါ့။
အဲဒီတုန်းကလှေပေါက်ကြီးနဲ့အတူခရီးသွားခဲ့ကြတဲ့သူတွေကိုတော့
ဘယ်မေ့ထားလို့ရမလဲနော်”
*************************************************
အပြန်လမ်းမှာတွေးမိတော့ လှေပေါက်သွားတဲ့အခါ
ဒီလှေကိုစွန့်ခွာသွားကြသူနဲ့
ဒီလှေပေါက်ကြီးကို ဖာထေးပြီး အတူခရီးဆက်ဘို့ ကြိုးစားသူ
ဘယ်သူက ပိုများမလဲ ဆိုတာလေးကိုပါ။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
9-10-2013
9 comments
sorrow weaver
October 9, 2013 at 9:59 am
အလုပ်ရှင်ရဲ့ စိတ်ဓါတ်ကိုရော …အရေးကြုံရင်ထွက်မပြေးတတ်တဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ကိုရော လေးစားပါတယ် ဦးဦးပေါက်ရေ…အခုခောတ်က သာတဲ့ဘက်ကို ပြောင်းဖို့ ဝန်မလေးတဲ့ ဝန်ထမ်းတွေက အများစုမလား
TNA
October 9, 2013 at 12:03 pm
တကယ့်ကို ချီးမြှင့်သင့်တဲ့သူတွေပါလေးပေါက်ရေ။ ကတိတည်ပြီးရိုးသားကျိုးစားတဲ့ အလုပ်ရှင် နဲ့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ဝန်ထမ်းတွေကိုပါချီးကျူးအတုယူစရာပါပဲ
ကိုပေါက်(မန္တလေး)
October 9, 2013 at 1:40 pm
တကယ်ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်ပါ.
ကျနော်ကိုယ်တိုင်လဲ 1996ခုနှစ်တုံးက အခုလက်ရှိစီးနေတဲ့လှေကြီး ပေါက်သွားတုန်းက
အတူ ပါဝင်ခဲ့ဘူးပါတယ်။
အဲဒီလှေကြီးပေါ်မှာနေတာ အခုထိပါဘဲ.
Ma Ei
October 9, 2013 at 3:18 pm
ကိုင်းကျွန်းမှီ..ကျွန်းကိုင်းမှီ
အပြန်အလှန် တန်ဘိုးထားကြတယ်ဆိုတော့
တန်ဘိုးရှိတဲ့ အရပ် တစ်သက်တာမှီခိုသင့်တဲ့ အရပ်ပါဘဲနော်…
ကိုပေါက်(မန္တလေး)
October 9, 2013 at 5:20 pm
စည်းကမ်းတွေဘောင်တွေ ရပိုင်ခွင့်တွေနဲ့ထိန်းချုပ်တာထက်စာရင်
အပြန်အလှန်တန်ဘိုးထားခြင်းက ပိုမို စိတ်ချမ်းသာစေပါတယ်။
ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ လူအတော်အများကတော့လက်ခံမယ်လို့ မထင်ပါ။
padonmar
October 9, 2013 at 6:45 pm
ကိုပေါက်ရေ
ကျမတို့ကိုလည်း အရွက်မထွက်တော့မယ့် သစ်ငုတ်တိုရယ်လို့ စွန့်ပစ်သွားကြတဲ့သူတွေ ရှိခဲ့ ရှိဆဲပါပဲ။
ဒီအပင်အိုကတော့ အဝေးမှာ သူ့ဘဝသာယာနေလည်း မုဒိတာပွားဆဲ၊ ပြန်လာနားလည်း အရိပ်ပေးဆဲပါ။
ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ကကျတော့ အလုပ်ပြောင်းလုပ်ဖို့ကို မတွန့်ပါနဲ့တဲ့။
ကိုယ့်အလုပ်မှာဆိုရင်တော့ ဘယ်မှ မပြောင်းတဲ့ လှေပျက်ပေါ်က ခရီးသည်တွေကို တန်ဖိုးထားတတ်တော့ ဆရာ့စကားကိုလက်မခံချင်ပါဘူး။
ဦးကြောင်ကြီး
October 11, 2013 at 9:59 am
အနော်လည်း အခုချိန်မှာ မာမွတ်လျှာပွတ် သဂျီးဂို အနစ်နာခံ ပေါင်းနေရသဗျား.. ဟေ့… သဂျီးသာမီးလေး အရွယ်ရောက်ရင် သားမက်လုပ်ပီးသူ့အိမ်ဦးခန်း တက်နေမှာကွ… အဲဒကြမှ ငါနဲ့မတည့်သူဒွေ ရွာထဲက ကန်ထုတ်ပစ်မယ်…
kyeemite
October 11, 2013 at 1:37 pm
အလုပ်ရှင်ရဲ့ စိတ်ဓါတ်ကို တော့တော်တော်လေးစာမိပါတယ်။
လုပ်ငန်းပြန်အောင်မြင်လာလို့ ချီးမြှင့်တယ်ဆိုပေမဲ့ လူတိုင်း
ဒီလောက်ရက်ရောဖို့တော့မလွယ်ဘူးလေ
တွေ့ရခဲပါဘိခြင်း။
ကိုပေါက်(မန္တလေး)
October 11, 2013 at 10:00 pm
ကိုမိုက်ရေ တကယ်တွေ့နို်င်ခဲတယ် ဆိုပေမယ့် လက်တွေ့မှာ တကယ်ရှိပါတယ်။