တစ်ခန်းရပ် ကို ဖတ်ချင်ရင် ဒီ မှာ   http://myanmargazette.net/170648

အဟွတ်။
ခု နောက်တစ်ခန်း ရပ်မယ်။

 

:mrgreen:

~~~~~~~~~~~~~~~

ဩဂတ် ၂၀၀၇

 

မိုင်ခိ၊ နင် ဂျပန် မင်းသားလေး မှတ်မိသေးလား။

သူငယ်ချင်း အနေ မှ မေးလိုက်ခြင်းဖြစ်၏။

မမှတ်မိစရာလား။ သူလည်း ဒီ မှာလေ။ ဘာဖြစ်လို့လဲ???

နင့် ဖုန်းနံပတ် တောင်းနေတယ်။

ဟယ်။ တကယ်လား။ ပေးလိုက်လေ။

အာ။ ငါ မသိဘူးလို့ပြောလိုက်ပြီ။ သူ့နံပတ်ပဲ ယူထားလိုက်။

ဟာ။ နင် လုပ်ကာမှ ငါက ဖုန်း စ ဆက်ရတဲ့ ဘဝ ရောက်ပြီပေါ့။ နင် ကတော့။

သူငယ်ချင်းနဲ့ ဖုန်းပြောရင်း စိတ်က ကျောင်း စာသင်ခန်းထဲ ပြန်သွားတယ်။ ကိုယ့်မေဂျာ မှာ သူတစ်ဦးထဲပဲ လားရှိုးမြို့က။ အသားဖြူဖြူ ဆံပင်ရှည်ရှည်လေးနဲ့ ဝတ်လိုက်ရင် အရောင်တောက်တောက်တွေ မို့ ကိုယ်က နာမည်ဝှက်ပေးထားတာ ဘရိုက်၊။

နယ်ပယ်တူ သူငယ်ချင်းမရှိလို့ အသံမထွက်တာရော၊ အနေအေးပုံပေါက်တာရော၊ ချောတဲ့ အထဲ ပါတာရောမို့ မာနကြီးသလို ပုံစံကို သဘောကျရုံကလွဲပြီး ဒီ တိုင်းပဲ ထားလိုက်သည်။ ကိုယ့်မှာက သူငယ်ချင်း ဟေးလားးး ဝါးလားးးး မနိုင်ဝန်တွေနဲ့ ဒီလို လူမျိုးနဲ့လည်း ပုံစံမတူတာမို့ ကြည့်ကောင်းချိန် လိုက်ကြည့်မိတာကလွဲလို့ သိပ်မလှုပ်ရဲ။။

ဒါကို … ချောတယ် ပြောထား ပြထားမိလို့ ဒီ တစ်ယောက်မြင်လိုက်တိုင်း “နင့် ဂျပန် မင်းသားလေး လာပါပြီ” ဆိုတဲ့ ရွဲ့ပြောတွေ ကြားနေကျ။ သူ့ ပုံစံက ကိုယ့်ကို တောင် မေဂျာတူ အချင်းချင်း သိသလိုလို မသိသလိုလိုမို့ “ပဲ သမား” ဟု သတ်မှတ်ကာ စိတ်ထဲက ထုတ်ထားလိုက်မိခဲ့တာ။

ခုလည်း စလုံး ရောက်တာနဲ့ သူ လည်း ဒီ မှာပဲ လို့ အသိကလွဲရင် စိတ်မှာ ဘာမှ သိပ်မရှိ။ ခု ဖုန်း နံပတ် မေးတယ် ဆိုလို့ အံ့ဩသွားတာလောက်ပဲ။

နက်ဖြန်လို ကိုယ့်မွေးနေ့မို့ ကပ်ချင်တဲ့ ဆွမ်းဟင်းချက်မလို့ ဈေးဝယ်နေတုန်း ဖုန်းဝင်လာပါတယ်။

ဟဲလို!

မိုင်ခိ နဲ့ စကားပြောချင်လို့ပါ ခင်ဗျ။

ဟုတ်ကဲ့ ပြောနေပါတယ်။ ဘယ်သူလည်း မသိဘူးရှင့်။

(ခပ်တိုးတိုး ရီသံ အဆုံး) ဘယ်သူလို့ ထင်လည်း ခင်ဗျ။

အထုတ်တွေ ဆွဲလာရတာတစ်ဖက်နဲ့ ဖုန်းဖြေနေရလို့ စိတ်တိုရတဲ့ အထဲ လာနောက်နေတယ် ဆိုပြီး ဒေါသထွက်သွားလိုက်တာမှ…

“မသိတဲ့ ဖုန်းနံပတ်ကြီး ကြည့်ပြီး ဘယ်သူမှန်း မှန်းရလောက်အောင် မအားဘူး။ ဒါပဲ”  ဆိုပြီး ဖုန်းချလိုက်မိပါရဲ့။

ချက်ချင်းဆိုသလိုပဲ ဖုန်းပြန်ခေါ်တာမို့ အပြတ်စွာမလို့ ပြင်ပြီး ပြန်ကိုင်လိုက်တာပေါ့။

“ငါ က နန္ဒပါဟ။ နင် ကလည်း ထင်တာထက် စိတ်မြန်ပြီး ဒေါသကကြီးလိုက်တာ…”

ဟမ်။ အလစ်ငိုက်ပြီး ဘာမှ ပြန်မပြောနိုင်သေး။။

ဂျပန် မင်းသားလေး ငါ့ ဆီ ဖုန်းဆက်လာတာပဲ။

 

“ဟိတ်! ဘာလို့ ငြိမ်သွားတာတုန်း။ ငါ့ မှာဖြင့် နင့် ဖုန်း နံပတ်ရဖို့ ဟိုလူ ဆီ လိုက်တောင်းရ၊ ဒီ လူ့ ဖားရနဲ့ နင့် သူငယ်ချင်းတွေများ အားကိုးရတယ်။ မသိဘူးချည်းပဲ… နင် အဲ့ဒါကြောင့် ခုချိန်ထိ မစွံတာနေမှာ…”

 

“အယ်! မဆိုင်တာတွေမပြောပါနဲ့။ အဲဒါဆို နင် ဖုန်းနံပတ် ဘယ်ကရတုန်း…”

“ဒီလိုပဲ ပေါ့ဟ။ ထားပါတော့။ နက်ဖြန် နင့်မွေးနေ့ အမှီ ဖုန်းဆက်ချင်လို့လေ…”

 

ဘုရား၊ ဘုရား။ ပြောနေတဲ့ လေသံ နူးနူးညံ့ညံ့လေး ….

နားထောင်နေရင်း ခြေထောက်တွေက မတ်မတ်မရပ်နိုင်သလိုလို၊ အိပ်မက်မက်နေ သလိုလို ဖြစ်လာတယ်။

သတိ မိုင်ခိ။ သတိ။ ဟိုတလောကမှ ကွဲထားတဲ့ အသည်းက ရီကာဗာဖြစ်တာ အရမ်းမြန်နေရဲ့။ စိတ်ထိန်းထား။

ကိုယ့်ကိုယ်ကို သတိပေးလိုက်ပြီး “အေး။ ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်၊ ဒီ နှစ် မွေးနေ့က နင် ပထမဆုံး နှုတ်ဆက်တာပါ။ ခုက ဈေးဝယ်ထားတဲ့ အထုတ်တွေနဲ့မို့ နောက်မှ အေးဆေး စကားပြောမယ်နော်” လို့ စကားအမြန်ဖြတ်ပြီး အိမ်ပြန်ရတယ်။ လူက ဟိုသူငယ်ချင်း လှမ်းကြွားချင်တာလိုလို၊ ဒီသူငယ်ချင် လှမ်းပြောချင်တာလိုလိုနဲ့ အဆဲခံရမှာ စိုးလို့သာ။

 

ဒီကြားထဲ သူ့ ဆီက ဖုန်းမဆက်ပဲ ဖုန်းမက်ဆေ့ လေးတွေလောက်ရောက်ရောက်လာတယ်။

ပထမဆုံးအလုပ်သေချာရပြီဆိုတော့ အရမ်းပျော်ပြီး သူ့ ဆီ ဖုန်းဆက်လိုက်မိတယ်။ စိတ်က အဲ့လိုပဲ ထိန်းထားတဲ့ကြားက လွတ်လွတ်သွားတယ်ရယ်။ စကားပြန်ပြောတဲ့ သူ့အသံကလည်း အားရဝမ်းသာမို့ စိတ်ထဲတော့ ပိုခင်သွားမိသလားမသိ။

အလုပ် စ တက် ရတဲ့ နေ့က ဖုန်းလှမ်းဆက်ပြီး ရထား မှာ ထိုင်စရာနေရာ ရသလားတဲ့။ ကိုယ်သွားမဲ့ နေရာက အဝေးကြီးကိုး။

“မရဘူး” ဆိုတော့။ “ဟင်၊ သနားပါတယ်…” တဲ့။

ဘုရား တ ရပြန်ပြီကွယ်။ ရေခြားမြေခြားမှာ အလုပ် စ လုပ်ရမဲ့ နေ့မှာ ကိုယ့်ကို ဒီ လို ဂရုတစိုက်၊ သတိတယ လှမ်းမေးပြီး သနားတယ်ဆိုတော့ မစွမ်းရင်းကလည်း ရှိ ထားသော မိုင်ခိတစ်ယောက် ကြွေသွားသည်မှာ အပြစ်မဟုတ်တုံ့လော။ (မဟုတ်ပါ၊ မဟုတ်ပါ….. :mrgreenn: )

 

ဒီလိုနဲ့ ဖုန်းဆက်လိုက်၊ ဂျီမေးမှာ စကားပြောလိုက်နဲ့ သူနဲ့ ကိုယ်နဲ့ တူညီတဲ့ အချက်က သီချင်းနားထောင်ခြင်းရယ်၊ ရုပ်ရှင်ကြည့်ချင်းရယ်၊ ပြီးတော့ ဖတ်ထားတဲ့ စာအုပ်တွေကလည်း တူတူပဲ ဆိုတော့ စကားပြောလို့ အင်မတန်ကောင်းပေါ့။ (အဲဒါမျိုးက စ တာပဲ….. :mrgreenn: )

သူ့ အသံက လိုအပ်တာထက် နူးညံ့သလောက် ကိုယ့် ကတော့ စကားပြောတာ မာရေကျောရေနဲ့ တဲ့လေ။

အင်္ဂလိပ်စာရော၊ ပြင်သစ်စာရော ကျွမ်းကျင်ပြီး ဂိုက် လုပ်ဖူးတာမို့ စကားပြောဟန်က စိတ်ရှည်ရှည် ရှင်းပြတဲ့ ဘက် နွယ်တာမို့ နားထောင်လို့ အတော်ကောင်းပါရဲ့။

ထူးဆန်းတာက ကျောင်းတုန်းက သူနဲ့ ကိုယ် သတိထားမိသလောက် အဖြစ်လေးတွေ အမှတ်တရပြန်ပြောနိုင်တာပဲ။

စကားတစ်ခါပဲ ပြောဖူးတာရော။ (ပရက်တီကယ် အဖြေ ကိုယ့်ဆီ လာတိုက်တာ)

ကျောင်းပြီးလို့ ကျောင်းသားရေးရာမှာ အမှတ်စာရင်းလာထုတ်ရင်း သူ့ အမှတ်စာရင်းကို ကိုယ့်ကို စာတိုက်ကနေလှမ်းပို့ခိုင်းလိုက်တာရော။

အဲဒီတုန်းက ကိုယ်ဘယ်လောက်တုံးသလဲဆို သူ က ဖုန်းဆက်စေချင်လို့ နံပတ်ပေးသွားတာကို မဆက်ဘူးးး

တခြားသူငယ်ချင်းကို လှမ်းမေးပြီး သူ့စာရွက်တွေ သူ့လက်ထဲ ရောက်ပြီး လို့သိလိုက်တဲ့နောက် အာရုံကမရတော့ဘူးး။ တခြား အရေးတွေနဲ့ ရှုပ်ထွေးနေရတာ။

 

တစ်ရက် စကားပြောရင်း မေးလာတာက “ဘာမုန့် အကြိုက်ဆုံးလဲ” တဲ့။ “ရေခဲမုန့်” လို့ပြန်ဖြေတော့ “မက်ဒေါ်နယ် ရေခဲမုန့် စားမလား၊ လိုက်ကျွေးမယ်…”တဲ့

အလို။ ဒါ အပြင်မှာ တွေ့ရအောင်လို့ ပြောတာပဲပေါ့။

ကိုယ်ငြိမ်သွားတော့ “ဘာလည်း နင့် ဟို အကောင်တွေ ဆူမှာ ကြောက်လို့လား” ဆိုပြီး ရန်စသလိုမေးပါတယ်။

အဲဒါနဲ့ ကမန်းကတန်းပဲ “မဟုတ်ပါဘူး။ ၂ ယောက်လုံး အဆင်ပြေတဲ့ရက် မုန့်သွားစားတာပေါ့” လို့သာပြောပြီး ဟို သူငယ်ချင်း တစ်စုကို ဘယ်လို ပြောရမလဲ ဆိုတာ အပြင်းအထန် စဉ်းစားနေရတယ်။ (ကိုယ်တိုင်ကလည်း သိပ်မသွားချင်ရှာဘူးးး ဆိုတော့ :mrgreenn: )

 

တွေ့တဲ့ နေ့က၊ မြင်မြင်ချင်းပဲ “မိုင်ခိ တို့ မိန်းကလေးဖြစ်သွားပြီ” တဲ့။ သူကတော့ နည်းနည်း ဝလာတာကလွဲရင် အရင်လိုပါပဲ။ ထင်းပြီး သန့်နေတယ်၊။

“ဘာလို့တုန်း…”

ဆံပင်တွေ ရှည်နေပြီလေ။ ကျောင်းတုန်းကတော့ ဂျင်းနဲ့ ရှပ်တွေနဲ့ ဆံပင် အတိုနဲ့လေ။ တွဲတာကလည်း မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်။ ငါက နင့်ကို ယောင်္ကျားလျာ မှတ်လို့။အကြောင်းသိ သူငယ်ချင်းတွေက မဟုတ်ကြောင်းပြောမှ ယုံရတယ်…အဲဒီတုန်းကများ မိုင်ခိတို့က တခြားသူတွေ ရှိတယ်လို့တောင် မမှတ်ဘူးးး။ နင့် ပုံစံကလေ အဲ့ဒီတုန်းက ဆောင့်ကြွားကြွား၊ ဂျစ်ကန်ကန်နဲ့ အမြင်ကပ်စရာ…”

သူ ပြောနေပုံက ပြုံးစိစိမို့ နောက်တာလား၊ အတည်လားလည်း စဉ်းစားမရပဲ ရေခဲမုန့်ကိုသာ ဆက်စားနေလိုက်တယ်။ ကျွေးတဲ့မုန့်စားပြီး အပြောခံရတော့ အောင့်သက်သက်။

 

“ဒါနဲ့။ နင် နဲ့ အတွဲများတဲ့ ဟိုတစ်ယောက် ဒေါ်နယ်(လ) လေ။ မိန်းမ ရသွားပြီနော်…”

 

စိတ်ထဲမှာ ဒိန်း ကနဲ့။ ဟဲ့ …ဪ … မိုင်ခိ တို့ ဒဏ်ရာတွ အကင်းမသေသေးပါလား။

အပြင်မှာတော့ မင်သေသေပဲ။

“အင်း…. ဟုတ်တယ်လေ။ မနှစ်က ဒီလို အချိန်ပဲ… မင်္ဂလာဆောင်တာလေ   ”

 

“အဲဒီတုန်းက နင်တို့တစ်ဖွဲ့လုံးကလည်း ရှုပ်နေတာပဲ။ ဘယ်သူနဲ့ ဘယ်သူမှန်းကိုမသိရဘူး။ ငါ့ သူငယ်ချင်းတစ်ယောက်ကို နင် နဲ့မိတ်ဆက်ပေးခိုင်းတော့ ပိုင်ရှင်ကြီးနဲ့တဲ့။ အဲလို မဟုတ်မှန်းသိတဲ့ သိတဲ့အချိန်က အတော်နောက်ကျနေပြီ”

 

သူပြောတာတွေ ဘာတွေ နောက်ကျနေမှန်းတော့မသိ၊ အလုံးစုံလည်း နားမလည်တာမို့ နားထောင်နေရုံသာ။ ကိုယ်က ဆက်မပြောတော့ သူလည်း ဒီ အကြောင်း ဒီမှာတင် ရပ်ပြီး တခြား အကြောင်းပဲ ပြောဖြစ်ခဲ့ကြတာပဲ။

နောက်ပိုင်း ဖုန်းပြောဖြစ်တဲ့ ရက်တွေက ထူးမခြားနား။

ပြောလာမယ် ထင်တဲ့ စကားတစ်ခွန်း မပြောလာတာကိုက အသည်းယားစရာ။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ညစ်တိုင်း စကားပြောဖော်၊ စာမရရင် လှမ်းမေးရတဲ့ သူငယ်ချင်း အနေနဲ့တော့ အဆင်တပြေပြေပါပဲ။

တရက် အနေ ဖုန်းဆက်တယ်။ သူ့ အသံက ဒေါသသံ ရှူးရှူးရှားရှားးးး

 

“မိုင်ခိ ၊ နင့် ဟိုတစ်ယောက် သတင်း ကြားပြီးပြီလားးးး”

“ဟင်!!! ဘာ သတင်းတုန်းးးး၊ ဘာမှမကြားဘူးးးးး”

 

“နင် တို့တွေ အဲ့ဒါ ခက်တာပဲ။ ရုပ်ကလေး ချောတာပဲ သိတယ်။ နောက်ကြောင်း ဘာမှမစုံမစမ်းနဲ့…”

“ဟဲ့! ငါ့ ကို ဘလိုင်းကြီး လာမဟောက်နဲ့။ ငါ ဘာလုပ်နေလို့တုန်းးးး”

“အေးးး ဘာမှ မလုပ်ဘူးပေါ့။ ဟုတ်လားးးး။ မုန့်သွားစားတာဆို၊ ၂ ယောက်တည်း ဆို။ ငါ တို့ကို မျက်စိပိတ်၊ နားပိတ်မှတ်လို့လားးးး၊ ပြန်ကြားပြီးသားးးးးး၊ နင့်ကို စိတ် နည်းနည်းမှ ချမ်းသာဆို ဘာမှမပြောတာ…”

“မုန့်သွားစားတာနဲ့ အဲလောက်  အပြောခံရတာတော့ မဟုတ်သေးပါဘူး အနေရယ်။ ငါ ဘာမှားလို့တုန်းးးးးး”

“ခုထိတော့မမှားဘူး မိုင်ခိ၊ ရှေ့ဆက်ရင်တော့ မှားပြီ”

“ပဂိုးဒါးးးး၊ ဘာမှားမှာတုန်းးး၊ ဖိနပ်တွေလားးးးး”

“ရူးသလို၊ ကြောင်သလို မလုပ်စမ်းနဲ့။ နင့် အဲ့ဒီ ကောင်က မိန်းမယူခါနီးဟ။ မသိဘူးလားးးးး။ သူ့ ရှမ်းဖွဲ့ တစ်ဖွဲ့လုံးသိတယ်…”

 

ဟမ်မလေးးးးး။

ခုမှ တကယ် ဘုရား တ ရပြီ။ တခါမှ မကြားဖူးးးး၊ သူ လည်း တခါမှ မပြောဖူးဘူးးး

စိတ်က မနားတမ်း အလုပ်လုပ်လိုက်မိတယ်။

ဘာလို့ မပြောတာလဲ???

ငါ သိပြီးသား မှတ်လို့လားးး??

သိသိကြီးနဲ့ သူ့ကို ခင်တွယ်နေတာလို့ ထင်ရင်တော့ သွားပါပြီ။

မသိသေးရင်ရော မပြောပဲ ဘယ်အထိ နေမှာပါလိမ့်???

ကျန်းးးး ဒါ ငါ့ က အထင်သေးပေါက် ချိုးတာပဲ စတာတွေ တွေးရင်း တွေးရင်းးး အတွေးနောက်က ဒေါသတွေက ကပ်ပါလာတယ်။

 

ဒါကို အလိုက်မသိတဲ့ သူငယ်ချင်းကောင် က “မိုင်ခိ တို့ ပါးနပ်လှ၊ လည်လှဆို။ ဒါလေးကို မသိဘူးလားးး ညံ့ပါ့!!” စသည်ဖြင့် မီးထိုးရာမှ ဒေါသတွေ မှ တစိမ့်စိမ့်ထွက်၊ အတုံးလိုက် အတစ်လိုက်ထွက် အလိပ်လိုက်ထွက်၊ ချောင်းချောင်းထွက် ပုံစံမျိုးစုံနဲ့ ထွက်လာတယ်။

အဲဒီ ရက် အတောအတွင်း ဖုန်းဆက်သမျှလည်း မကိုင်နိုင်၊

ဘာမေးလို့ ဘာပြောရမှန်းလည်းမသိ၊

ဘာမှလည်း သေချာမသိချင်၊

ဖြေလိုက်မဲ့ အဖြေကိုလည်း မကြားရဲ စတာတွေနဲ့ ယောက်ယက်ခတ်နေတာပဲ။

၃ ရက်လောက်နေတော့ ရုံး မှာ ဖုန်းလာတယ်ဆိုလို့ ကိုင်လိုက်တာ…  နန္ဒ ဆက်တာပါ။

 

“မိုင်ခိ၊ ဘာဖြစ်လို့ ဖုန်းတွေ ရှောင်နေတာလဲ။ ဘာ အလိုမကျဘူးတုန်းးး”

စိတ်ချဉ်ပေါက်နေပေမဲ့လည်း မကောင်းတတ်စွာ …

“မအားလို့ပါဟာ…”

 

ပြီးတော့ စိတ်ထဲ မေးမလား၊ မမေးလား သေချာ မဆုံးဖြတ်ရသေးတဲ့ မေးခွန်းက လွှတ်ကနဲ။

“နန္ဒ၊ နင် မိန်းမယူတော့မှာဆို”

သူ့ အသံက တိတ်ကနဲ့။ ခဏ ကြာမှ…

“နင် ဘယ်ကသိလည်း မမေးတော့ပါဘူးးး၊ အနှေးနဲ့ အမြန် သိမှာပဲလို့ ငါ စဉ်းစားပြီးသားပါ။ ပြောပြမယ် ကြံတော့လည်း ဘယ်က စ ပြောရမှန်းမသိတာနဲ့။ အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်လည်း မပြောပြချင်ဘူးးးး။ နင် ကြိုသိထားရင် ငါ့ ကို ဒီလောက် ဘယ်ခင်တော့မလည်းး။ ဟုတ်တယ်မဟုတ်လားးးး ပြောနိုင်တာကတော့ ဒီ ကိစ္စ မပြောခြင်းမှာ တခြား ညစ်ပတ်တဲ့ အကြံအစည် မပါဘူးဆိုတာပဲ…”

နားထောင်နေရင်းကို စကား အပြောကောင်းတာကို အသိအမှတ်ပြုလိုက်ရင်း …

“ဒါပေမဲ့ ပြောတော့ ပြောသင့်တာပေါ့ဟ၊ သူငယ်ချင်းချင်း ဒီလောက်တော့ သိသင့်တယ်မဟုတ်ဘူးလားး။ ခင်တယ် မခင်ဘူး က ဒီလို အခြေ အနေပေါ် မူတည်တာမဟုတ်ဘူးလေ…….”

အင်းး၊ နင် အဲ့လို နားလည်တာကို ကျေးဇူးတင်ပါတယ်ဟာ။ နောက် နှစ်ကုန်လောက်မှ ယူဖြစ်မှာမို့ ဘယ်သူ့ကိုမှ သေချာမပြောဖြစ်သေးတာလည်း ပါပါတယ်….”

ကိုယ်တိုင် မယုံကြည်နိုင်တဲ့ စကားတွေ ပြောလိုက်မိတဲ့ ကိုယ့်ကိုယ်ကို အတော်စိတ်ပျက်တာကတစ်မျိုးးး

မပြေတဲ့ ဒေါသတွေ က မထွက်နိုင်ပဲ မျိုသိပ်လိုက်ရတာ တစ်မျိုး

မကြားချင်တဲ့ အဖြေကို သေချာကြားလိုက်ရတာ တစ်မျိုးနဲ့ အဲဒီ တနေကုန် လူက ထုံပေပေ …..။

 

ဒီကြားထဲ ပြောဖြစ်သမျှ စကားတွေကလည်း ဝတ်ကျေတမ်းကျေ၊ ကိုယ့်ကိုယ်ကို လည်း ဆုံးမ နေရတယ်။

သူငယ်ချင်း ဆို……??? သူငယ်ချင်း အချင်းချင်း ကြားမှာ ဒါမျိုး ခံစားချက်မရှိရဘူး….!!!  မိုင်ခိ စိတ်ကောင်းကောင်းထား….!! စသည်ဖြင့်ပေါ့ကွယ်။

 

ကိုယ် စိတ်နဲ့ကို လိမ္မာမယ်မှ ကြံတုန်းးးးး

 

“မိုင်ခိ၊ ငါ မိန်းမ မယူချင်တော့ဘူးးးး”  ရုတ်တရက် တခြား စကားတွေ ပြောနေရင်းက ဖောက်လိုက်တဲ့ စကားကြောင့် လန့်သွားတယ်။

“၂ ဖက် အသိုင်း အဝိုင်းလည်း သိ၊ ၂ ယောက်သားလည်း ကြိုက်လို့ ဟာကို ခုမှ အရူးမထစမ်းပါနဲ့ ဟာ…”

 

“မသိဘူးဟာ။ တွေးရင်း တွေးရင်း မယူချင်တော့ဘူးးးး ရပါတယ်။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာ ကြည့်ရှင်းပါ့မယ်…ပြီးမှ ပြောစရာရှိတာ၊ ပြောချင်တာ ပြောပါတော့မယ် လေ……”

စိတ်ထဲ ထင့်ကနဲ့။

အရင်က ကြားချင်သလို စကားတစ်ခွန်းက ခုချိန်မှာတော့ မပြောသင့်တော့ဘူးလို့ ထင်တာပါပဲလေ။

သူ့ စိတ်အခြေအနေကို ကိုယ်မြင်နိုင်သလို ကိုယ့် စိတ် အခြေအနေကိုလည်း သူ သိကောင်းပါရဲ့။

 

ဒီ အဖြစ်တွေကို မတွေးမိအောင် ကြိုးစားနေ နေ ရာက နောက် သူငယ်ချင်း တစ်ယောက် အတာ က ဖုန်းဆက်လာတယ်။

အနေရယ်၊ အတာရယ် သူငယ်ချင်း ၃ ယောက် ညစာစားရင်း စကားပြောမယ်တဲ့။

 

အဲဒါနဲ့ စိတ်ပြေလက်ပျောက် တွေ့မယ် ဆိုပြီး သွားလိုက်တာ ကိုယ့်နေရာလေး ကိုယ် ထိုင်မိလိုက်တဲ့ ခဏ။

“မိုင်ခိ၊ သူများ သမီး ရည်းစား ကြား နင့် နာမည် မပါအောင် နေလို့ မရဘူးလားဟမ်?? ဒီ ထိ ဒါမျိုး ပြဿနာ ပါလာတုန်းးးးး”

အလန့်တကြားနဲ့ သူတို့ မျက်နှာတွေ ကြည့်တော့ ဒေါသကိုယ်စီနဲ့။ ကိုယ် ဘာမှားပါလိမ့် စဉ်းစားမရ။ ဘာပြန်ဖြေရမှန်းလည်း မသိ။

“ခု နင့် ဂျပန်ကောင်ရဲ့ ကောင်မလေး ဒီလိုက်လာတယ်”

“အန်။ အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်းးး၊ ဒီကြားထဲ ဖုန်းကို မပြောဖြစ်ဘူးရယ်”

မှန်သောစကားးး

သူ ခုတလော စိတ်ဂယောင်ဂယင်မို့ ပြောချင်ရာပြောရင် ကိုယ်လည်း ပြောချင်တာတွေ ပြောထွက်မိမှာမို့ ကိုယ်က စ မဆက်သွယ်မိ။

သူ့ဘက်ကလည်း ငြိမ်နေလို့…. ၁ လလောက်များရှိပြီလားမသိ။

“အဲဒီ ကောင်က မင်္ဂလာကိစ္စ ဆိုင်းမယ် ဆိုလို့ ဟိုကလိုက်လာတာ။ ဒီ ရောက်တော့ နင့် နာမည်ကို ကြားပြီး နင့်ကြောင့် ဖြစ်တာဆိုပြီး နင့် ကို မြင်ဘူးချင်လို့တဲ့… ငါတို့ မပတ်သက်ပါနဲ့ တားနေတာလဲ အဲဒီ ကောင်မလေးက လိုအပ်တာထက် သဝန်တိုတတ် မသင်္ကာဖြစ်တတ်လို့ပြောနေရတာ…။ ပြီးလို့ အပြောခံရရင် နင်ရော ငါတို့ရော ဒေါသထွက်၊ ပြဿနာတက်ရမှာလေ”

 

ခုမှ ဇာတ်ရည်လည်သွားတာ ဟုန်းကနဲပဲ။ ဒေါသမြှားက သူတို့ ဆီကို အရင်။

“အေးလေ!!!!!!  နင်တို့ သတင်းတွေ တစ်ခုပြီးတစ်ခု ထိန်ချန်လို့လေ…….။ ငါ့ကို အကုန်ပြောရင် ပြီးရောဟာကို တို့တိ တို့တိ နဲ့ ။ ခုမှ ငါ့ ကို ဆူရသလားးး????? ဂရုမစိုက်ဘူးးးးး ဘယ်သူလာလာ။ ငါ့ ကို စိတ်ထိခိုက်အောင် လာပြောရဲ ပြောကြည့်၊ ရွှေ့ဆိုင်းထားတဲ့ မင်္ဂလာ ကိစ္စ ဖြစ်မလာစေရဘူးးးး”

နည်းနည်း ပိုပိုသာသာ ပြောပလိုက်တာနဲ့…

“မဟုတ်ဘူးလေ မိုင်ခိ၊ စိတ်ထိန်းပါဟာ၊ မလုပ်ကောင်းပါဘူး။။။ ဝဋ် လည်တတ်တယ်ဟ။ ငါတို့က စေတနာလွန်ပြီး ကရုဏာ ဒေါသော ပြောမိတာပါ။ နောက် မပတ်သက်နဲ့ ဟာ။ ပြီးရော။”

သူငယ်ချင်းတွေ စေတနာကို သိသော်လည်း ဘာပြောအားမှ မရှိ။

ကိုယ့်ကို အလိုက်သိတာ၊ အလိုလိုက်တာ၊ အကြိုက်ညီတာ၊ စကားပြောဖော်ကောင်းတစ်ယောက်၊ စိတ်အလိုမကျရင် ရန်လိုတတ်တဲ့ ကိုယ့်ကို ရန်မဖြစ်အောင် အလျှော့ပေးနေနိုင်တဲ့သူ၊ စတဲ့ စိတ်နဲ့ အတွေ့ဆုံးသူတစ်ယောက် ဆုံးရှုံးရမှာတော့ နမြောမိတာပေါ့။

ခုနက ဒေါသအလျောက် ပြောမိတဲ့ အတိုင်းလည်း ကြံစည်ဖူးတာ အကြိမ်ကြိမ်။

ဒီလို အခါခါ လွဲချော်တတ်တဲ့ ကိုယ့် ကံကြမ္မာကိုယ်လည်း ဘာလို့တုန်းး အားမလိုအားမရ။

 

နောက်ဆုံး (အသည်းကွဲရုံမက သေသေ) ရွေးချယ်မှု အမြဲမှန်ကန်ရမယ် ဆိုတဲ့ မိုင်ခိ အစဉ်အလာ အတိုင်းးး

ဖုန်းနံပတ်လေး ပြောင်း::::::::::::::::

ရုံးမှာ လာတတ်တဲ့ ပါစင်နယ် ကောတွေ မကိုင်

သူနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင် မသွား စတာတွေနဲ့ ရုတ်တရက် အဆက်ဖြတ်လိုက်ပါတော့တယ်။

နောက်ဆုံး မေး(လ) ထဲက စာတိုလေးတစ်စောင်က နောက်ဆုံးပတ်သက်မှုပဲထင်ပါရဲ့။

 

မိုင်ခိ

 

ဝန်ခံချင်တဲ့ စကားတစ်ခွန်း ကို မကြားချင်ဘူးထင်လို့မပြောတော့ဘူးးး

အနားမှာ နေပေးခဲ့တဲ့ အချိန်တွေ အတွက် ကျေးဇူးတင်ပါတယ်။

 

နန္ဒ

 

ဤတွင် နောက် တစ်ခန်းရပ်။

(စိတ်ထဲ မနေတတ်လို့ အလွမ်းပြေ ရေခဲမုန့် ဝယ်စားရင်း တည့်တည့် တိုးတဲ့ ဖြစ်ရပ်ကြီးတော့ မရေးတော့ပါဘူး၊ ငိငိငိ :mrgreenn:)

 

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120