ကိုကြီးကျောက်ရဲ့ ပုံတို ပတ်စ
ဒီရက်ထဲမယ်ဗျာ စာရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး…
စိတ်ကလည်းလေလွင့်၊ အဖော်မွန် လက်ပကျွတ်လေးကလည်း နာမကျန်းဖြစ်လို့ ဆေးခန်းပို့ထားရတာမို့ စိတ်သွားတိုင်းလက်ကမပါ လိုရာဆန္ဒကို မပြည့်နိုင်ဘူးဖြစ်နေတယ်။ အဟဲ… အခုတော့ သူကလေးလည်း ဆေးခန်းကပြန်လာပြီမို့ အရင်လိုပဲ ရေးမိရေးရာ ပေါက်ကရစာတွေရေးပြီး စိတ်အပန်းဖြေပါရစေ… လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျ။
အခုရက်ထဲမယ် လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမ်းတတ ရှိနေမိတာကတော့ ဘဝတကွေ့မှာ ဆုံခဲ့ရဖူးတဲ့ ဘူမိဗေဒ ချစ်ကိုကြီးတစ်ယောက်ကိုပါ။ အကိုကြီးနဲ့ ဦးကျောက်က အသက်အတော်ကွာသလို၊ အမိတက္ကသိုလ်ချင်းလည်း မတူပါဘူး။ ဒါပေသည့် မောင်ကျောက်ဘဝ ကျောင်းပြီးစ စင်ကာပူရောက်လို့ အလုပ်ဝင်တော့ ကုမ္ပဏီ အတူတူမို့ စီနီယာအကိုကြီးပေါ့ခင်ဗျာ။ အကိုကြီးက၊ ကျောင်းပြီးတည်းက “ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေး” (ဘ.ဓ.ရ) ဋ္ဌာနမှာ အလုပ်ဝင်လိုက်တာ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံ တနံတလျား တာဝန်ထမ်းဆောင်ဖူးသူပါ။ ဘဝအတွေ့အကြုံလည်းစုံသလို၊ နဂိုရည် ရွှတ်ရွှတ်နောက်နောက် ပျော်ပျော်နေတတ်တဲ့ လူပြိုကြီးမို့ သူ့မှာ ညစ်တီးညစ်စုတ်ဇာတ်လမ်းကနေ သဲထိတ်ရင်ဖို တစ္ဆေသရဲပုံပြင်အထိ အကုန်ရှိတယ်ခင်ဗျ ။ အဲသည်တော့လည်း မောင်ကျောက်မှာ အလုပ်ပင်ပန်းလှပေမည့် ရယ်ရတာ ပါးစပ်မပိတ်သလို ၊ ပျင်းရင် အဆဲသန်တဲ့ အကိုကြီးကို စ ရတာ အရသာရှိတာမို့ ဘယ်လိုတွေ အချိန်ကုန်ခဲ့မှန်း မသိပါဘူးခင်ဗျာ။
ဟုတ်ကဲ့… ဦးကျောက်ခဲအခုပြောနေတဲ့ ချစ်ကိုကြီးဆိုတာ ဘလော့ဂါလောကမှာ လူချစ်လူခင်များပြီးထင်ရှားတဲ့ သွားလေသူ “ဘလော့ဂါ ကိုကြီးကျောက်” (ရွှေရတုမှတ်တမ်း penai22.blogspot.com) ပါခင်ဗျာ။ မောင်ကျောက်နဲ့ အကိုကြီး ရေစက်ဆုံပုံက စင်ကာပူမှာတင်မဟုတ်၊ တကြော့ပြန် ကျောင်းသားဘဝ ဘန်ကောက်မှာလည်း ဆုံဖြစ်ကြပါသေးတယ်။ ရုပ်တည်နဲ့ မိန်းမပိုးတတ်တဲ့သူ့ကို မောင်ကျောက်က ချစ်စနိုးနဲ့ “ကိုကြီးဂေါ်” လို့ ခေါ်တတ်သလို၊ မောင်ကျောက်ကို စိတ်ကောင်းဝင်နေရင် “ကောင်လေး” ၊ တင်း နေရင် “နွားလေး” လို့ ခေါ်တတ်ပါတယ်။ အမှတ်တရကတော့ ခရစ်စမတ်ဝန်းကျင်တည ၂ယောက်သား ခြေရှည်ရင်းနဲ့ ယိုးဒယားပျိုဖြူ တက္ကသိုလ်ကျောင်းသူလေးတွေနဲ့ အဖွဲ့ကျ မိတ်ဆွေဖြစ်ကြပါတယ်။ ဘာလူမျိုးလဲမေးတော့ ထုံးစံအတိုင်း “ခွန်အမေရိကန်” ပေါ့ (ဟိ… ဗမာလို့ပြောရင် နှိမ်လို့ပါခင်ဗျာ)။ အဲသည်မှာ ကောင်မလေး တစ်ယောက်က မောင်ကျောက်ကို “နိဂရိုး”လားတဲ့ ခင်ဗျ။ မောင်ကျောက်လည်း ဘာပြန်ပြောရမှန်းမသိလို့ ညစ်နေတုန်း အကိုကြီးဝင်ဖြေလိုက်ပုံက (နားနဲ့မနာ ဖဝါးနဲ့ နာပါခင်ဗျ)… သူက “နိဂရိုး” မဟုတ်ဘူး “နိဂ -ိုး” ပါတဲ့ခင်ဗျာ။ မောင်ကျောက်မှာ အူနာအောင်ရယ်ရပေမည့် ကောင်မလေးတွေက “ခွန်နိဂ -ိုး” လို့ ခေါ်တိုင်း ခေါင်းနပန်းကို ကြီးသွားတာပဲ… ဟီး ဟီး…။
ထားပါလေ… အကိုကြီးပြောပြတဲ့ “ပုံတို ပတ်စ” လေးတွေကို ဦးကျောက်ရဲ့ စကားပြေနဲ့ ပြန်ဖောက်သည်ချပါရစေ… အဟဲ နဲနဲတော့ စကားလုံးပြင် ဆင်ဆာဖြတ်မယ်ဗျို့….
“ဖွတ်ရဲ့ ဆရာ”
ဒီလိုကောင်လေးရဲ့… တခါသားကွာ ငါတို့ ဘ.ဓ.ရ က သတ္တုရိုင်းသိုက်ရှာဖို့ မြစ်ကြီးနားဘက်ကို ရထားနဲ့တက်တာပေါ့ကွာ ။ အဲသည်တုန်းက သူပုန်ကလည်း မိုင်း ခဏခဏခွဲ၊ ချောင်းပစ်၊ ငါတို့မှာကလည်း ဓာတ်ခွဲခန်းပစ္စည်းတွေ မြေတိုင်းကိရိယာတွေနဲ့ဆိုတော့ ဋ္ဌာနက မီးရထားရဲ ၂ယောက်ကို ငါတို့တွဲထဲ ထည့်ပေးလိုက်တယ်ကွ ။ အဲသည်မှာ ဖြစ်ချင်တော့ “နဘား” ကို အတော်လွန်မှ တိုက်ပွဲဖြစ်နေတာလား၊ ရထားပျက်တာလား မမှတ်မိဘူး၊ ရထားရပ်ထားရပါလေရော ။ ငါတို့လည်း ရှိတာလေးတွေ ထုတ်စား၊ ဝယ်လို့ရတာ ဝယ်စားကြပေမည့် ဟို မီးရထားရဲ ၂ယောက်ကတော့ အေးဆေးကွ ။ ထမင်းစားခါနီးရင် တပည့်ရဲသားက “ရဲ စိတ်ညစ်လာပြီနော်” လို့ ပြောပြီး ရထားတွဲပေါ်ကနေ ဆင်းသွားလိုက်တာ၊ ပြန်လာရင် ထမင်းနဲ့ စားစရာတင် မဟုတ်ဘူး၊ ပုလင်းပါ ပါသေးတယ် ။ ငါလည်း ထူးဆန်းပါပေ့ဆိုပြီး တွဲအောက်ဆင်း စပ်စုကြည့်တော့မှ ဘယ်ဟုတ်မလဲ… ဒီရဲတွေက မှောင်ခိုသစ်ကုန်သည်တွေဆီက သွားပြီး အေးဓားမြ တိုက်တာကိုး…။ အဲသည့်မှာ သစ်မှောင်ခိုအဖိုးကြီးတစ်ယောက်က ငါ့ကို “ဆရာတို့က ဖွတ်ဆရာတွေကို ပင့်လာတော့၊ ကျုပ်တို့တော့ မွဲပါပြီဗျာ” တဲ့…။ ငါလည်း “ဘကြီးရဲ့၊ဘာတုန်းဗျ ဖွတ်ဆရာဆိုတာ” လို့ မေးလိုက်တော့… ငါ့ကို ဒီပုံပြင် ပြောပြတယ်ကွ ။
အခါတပါး… ရွာအနီး တောတွင်း၌ ဖွတ်နှင့်ကျီးကန်းတို့သည် အဆွေခင်ပွန်းဖြစ်ကြလေသည်။ မိတ်ဆွေဖြစ်သည့်အားလျော်စွာ တစ်ဦးကိုတစ်ဦး ကူညီကြရန် ကတိစကားထား၍နေကြကုန်၏ ။ ဖွတ်သည်လည်း ဖွတ်တို့ဘာဝ တောတွင်းမှ မပြေးနိုင်သော သတ္တဝါများနှင့် အပုပ်အစပ်ကို အဟာရမှီတင်းသကဲ့သို့ ကျီးကန်းသည်လည်း ရွာနီးချုပ်စပ်မှ သားစိမ်းငါးစို အလစ်သုတ်၍ အသက်မွေးကြသည်တွင် တရက်သား၌ ကျီးကန်းသည် ဒဏ်ရာအနာတရများစွာဖြင့် ပြန်လာလေသည်။ ထိုအခါ… ဖွတ်မှ “အလို… အဆွေတော် ကိုကျီးကန်း၊ ဘယ်လို ဖြစ်လာတာလဲ… မထိတ်သာ မလန့်သာဗျာ” ။ ကျီးကန်းလည်း ရှိုက်ကြီးတငင်ငိုကြွေးပြီး “အဆွေတော် ကိုဖွတ်ရယ်၊ ရွာ တောင်ဖျားအိမ်ကလူတွေ ရက်စက်လိုက်တာဗျာ။ သူတို့ စားမည့်အစာကို လုပြေးလို့ ဆိုပြီး ကျုပ်ကို လောက်လေးခွနဲ့ ဝိုင်းပစ်ကြတာ ဒီမှာကြည့်ပါဦး” ။ “မိတ်ဆွေကြီး ကိုကျီးကန်း၊ ဘာမှစိတ်မပူနဲ့ ကျုပ် လက်စားချေပေးမယ်။ ဖွတ်တက်ရင် စီးပွါးပျက်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား ။ ကျုပ်… အဲသည့်အိမ်အောက်မှာ တစ်လကိုးသီတင်းသွားနေမယ်၊ သင်းတို့ စီးပွါးပျက်မှ ပြန်ခဲ့မယ်” ဟု ပြောပြောဆိုဆို ဖွတ်လည်းထွက်ခွါသွားလေသည်။ သို့သော် များမကြာမီတွင် အေးအေးဆေးဆေးပြန်လာသောဖွတ်ကို ကျီးကန်းက တွေ့သည်၌ “အလို… ဘဇာကြောင့် ချက်ချင်းပြန်လာသနည်း၊ မိတ်ဆွေ စကားမတည်သလော” ဟု မေးသည်တွင် “စိတ်သာချပေရော့ ကိုကျီးကန်း၊ ကျုပ်သွားနေစရာ မလိုတော့ဘူး… ကျုပ်ရဲ့ဆရာ ပြည်သူ့ရဲတွေ အိမ်ပေါ်တက်သွားတာ တွေ့ခဲ့သဗျ”….။
(လွန်တာရှိရင် ဝန္ဒာမိပါခင်ဗျ… ဦးဦးရဲကြီးများ စိတ်မဆိုးကြပါနဲ့၊ ဟိုဘကြီးပြောခဲ့တဲ့ပုံပြင်ကို တဆင့်၊ တဆင့်ပြန် ဖောက်သည်ချတာပါ ခင်ဗျာ။)
“စားလို့ သောက်လို့ ပြီးပြန်တော့… “
တရက်သားဗျာ အလုပ်မှာ ကွိုင်ပူးပါလေရော…။ ကွိုင်က မောင်ကျောက်ခဲတို့ ကိုကြီးကျောက်တို့နဲ့ မဆိုင်ပါဘူး… ကန်ထရိုက်တာရဲ့စက်တွေ မြေကျင်းပြိုပြီးညပ်နေလို့ပါ။ ပထမတော့ ကျိုးစားပြီးထုတ်ပေမည့် အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်လာတော့ သူတို့လည်းမရဲတော့တာမို့ “မိုးနတ်မင်းကြီးနဲ့ မြေနတ်မင်းကြီး” တို့ကို ပူဇော်ပသကြပါတယ်။ ဟီ ဟိ… အဲသလို ပူဇော်ပြီဆိုရင် မောင်ကျောက်ခဲတို့ကတော့သိပ်ကြိုက်။ ဘာလို့လဲဆိုတော့… ကန်တော့ပြီးရင် ကြက်/ဝက်/ဘဲကင် တမုန်းဆွဲရလို့လေ….။ ထုံးစံအတိုင်း ရွှေလှောင်စက္ကူ ငွေလှောင်စက္ကူတွေ မီးရှို့ပူဇော်လို့အပြီး ရုံးခန်းထဲလာပို့တဲ့ ခဲဘွယ်ဘောဇဉ်တွေကိုမှီဝဲအပြီးမှာ၊ အကိုကြီးကျောက်က ပြုံးစေ့စေ့နဲ့ “အေးကွ… စားလို့သောက်လို့ ပြီးပြန်တော့… ထင်ရာမြင်ရာ ပြောလိုက်ချင်” ဆိုပြီး အရွှန်းဖောက်ပါတယ်။ မောင်ကျောက်ခဲလည်း “ကိုကြီးဂေါ်… ဘာပြောမှာလဲ၊ ပြောလေ…” လို့ ဆိုလိုက်တော့… တဟဲ ဟဲ ရယ်ရင်း “နွားလေး… မင်းဟာလေ ဘုမသိဘမသိနဲ့ နာတော့မှာပဲ” ဆိုပြီး အတိတ်ကိုဆောင်ပါတယ် ခင်ဗျာ…။
ဒီလို နွားလေးရဲ့… ငါ “မုပ္ပလင်” ဘက်ကိုရောက်တုန်းကပေါ့ကွာ…
အဲသည့်အချိန်တုန်းက ချဲဆိုတာ ပေါ်စဦး၊ မွန်ပြည်နယ်ဘက်မှာ ခြိမ့်ခြိမ့်သဲ ထိုးကြတဲ့ အချိန်ပေါ့…။ တရက်သား ရွာထဲကမိန်းမတွေစုပြီး အကြားအမြင်ဘိုးတော်ကို ချဲနံပါတ်သွားမေးကြသတဲ့…။ ဟိုရောက်တော့ ဘိုးတော်က “ဒီတပါတ်တော့ ငါ နံပါတ်မမြင်၊ နင်တို့အတိတ်စိမ်းလိုချင်ရင် အရူးကို ကျကျနန ထမင်းကျွေးပြီး မေးပေတော့” လို့ ဟောလွှတ်လိုက်သတဲ့…။ အဲဒါနဲ့ အဲသည့်မိန်းမတွေလည်း ပျော်ပြီးပြန်လာကြသတဲ့…။ ဘာလို့ပျော်တာလဲဆိုတော့… သူတို့ရွာဦးကဇရပ်မှာ စိတ်မနှံ့ရှာတဲ့ အသက်ကြီးကြီး ကိုရင်ကြီးတစ်ယောက် အသင့်ရှိနေလို့ပါတဲ့…။ နောက်နေ့တော့ သူတို့လည်း တစ်အိမ် ဟင်းတစ်ခွက် ဖွယ်ဖွယ်မယ်မယ်ချက်ပြီး ကိုရင်ကြီးကို ဆွမ်းကပ်ကြတာပေါ့ကွာ…။ ကိုရင်ကြီးလည်း အားရပါးရစားပြီး ဇရပ်ခေါင်းရင်းမှာ ခြေထောက်ကိုချိတ် “စားလို့သောက်လို့ ပြီးပြန်တော့… ထင်ရာမြင်ရာ ပြောလိုက်ချင်” ဆိုပြီး ရေရွတ်နေပါသတဲ့…။ အဟဲ… ဟို မိန်းမတွေလည်း ဟန်ကျပြီဆိုပြီး “ကိုရင်ကြီး… ပြောမှာသာ ပြောပါ”လို့ ဘယ်လိုပဲ တောင်းပန်တောင်းပန် ကိုရင်ကြီးက “ဟင့် အင်း”ပဲ ကွ…။ နောက်ဆုံး မေးလွန်းမကမေးတော့မှ “ဟဲ့… စားသောက်ပြီးမှတော့ နင်တို့ကို -ိုးချင်တာ ပေါ့” လို့ စကားပြန်သတဲ့…။ ဘာပြောကောင်းမလဲ… အဲသည့် မိန်းမတွေလည်း ကျွတ်ကျွတ်ညံအောင် ဆဲပြီး ပြန်လာကြတာပေါ့ကွာ…။ အဟဲ… ဇာတ်သိမ်းတော့ အဲသည့်မိန်းမတွေထဲက တစ်ယောက်ကတော့ အဲသည့်အပါတ် တကယ် ချဲပေါက်တယ်ကွ…။ ဟီး ဟီး… သူက ” -ိုးချင်တာ ပေါ့” ကို အတိတ်စိမ်းယူပြီး ထိုးလိုက်တာတဲ့လေ…။ နွားလေးရာ… ထူးထွေသည့်အံ့ဘွယ် နောက်တခုက… အဲသည့် ချဲပေါက်တဲ့မိန်းမက အပျိုကြီး တဲ့လေ… ဟား ဟား ဟား…။
မောင်ကျောက်ခဲလည်း အကိုကြီးကျောက်ရဲ့ စကားအဆုံးမှာ ရယ်ရလွန်းလို့ တံတွေးတောင်သီးသွားပါတယ် ခင်ဗျား….။
(ကိုကြီးကျောက်ရဲ့ ရယ်ရွှင်ဘွယ်၊ ပုံတို ပတ်စတွေက အများကြီးခင်ဗျ… နောင်များ အလျဉ်းသင့်ရင် ပြန်ပြောပါ့မယ် ခင်ဗျာ)
48 comments
KZ
October 28, 2013 at 10:19 am
အလို ကိုကြီးကျောက်က ကျောက် ရဲ့ စီနီယာလားးးးး
အင်းးးးး
ဟုတ်နေပါပြီ။
အဲဒါကြောင့် ရေးလက်နဲ့ အတွေ့အကြုံဖော်လက်က အတော်ဆင်တာကိုးးးးးး
သူ့ စာတွေဖတ်ရရင်လည်း ပါးစပ်မစေ့ရအောင် ဟားရတယ်ဗျ။
😀
ဦးကျောက်ခဲ
October 28, 2013 at 10:55 am
ကိုကြီးကျောက်က မန်းတက္ကသိုလ်ဆင်း ဆိုပေမည့်…
အလုပ်ခွင်မှာ ဦးကျောက်ခဲရဲ့ စီနီယာပါ…
ဟီ ဟိ စာရေးပေါက်ဆင်မှာပေါ့…
သူနဲ့ နေ့တိုင်းလောက်နီးနီး ပွါးတာကိုး…
😀
Mr. MarGa
October 28, 2013 at 10:24 am
ဟီဟိ
ဒါက ဦးကျောက်ကြီး ပေါ့
ဦးကျောက်ကြီး ပြောတာကို ဦးကျောက်ငယ်က ပြန်ရေးပြသကိုး
ဖတ်ရင်း လွမ်းမိတယ်
အဲလို သွားချင်စိတ်တွေ ပေါ်လာတယ်
အဲဒါ ဖြေရှင်းပေးဘာာာ
ဦးကျောက်ခဲ
October 28, 2013 at 10:57 am
ဘယ်ကို သွားချင်တာလည်း သဂျားမဲ…
ရှင်းရှင်းပြောဘာ… ဟီ ဟိ
😀
Mr. MarGa
October 28, 2013 at 11:08 am
သွားမယ်…သွားမယ်…ဒီနိုင်ငံအနှံ့ကွယ်။
သွားမယ်..သွားမယ်…ကမာ္ဘပါ ပတ်ချင်တယ်….
MAUNG
October 28, 2013 at 10:27 am
ထပ် ရှိသေးရင် လုပ်ပါဦး ဗျ 😀
ဦးကျောက်ခဲ
October 28, 2013 at 11:07 am
လာမယ်လေဗျာ… ဖြေးဖြေးပေါ့…
😀
surmi
October 28, 2013 at 10:40 am
ဟား.. ဟား.. ကိုယ့်ဆရာ
ဒီလောက်နဲ့မလျို သွားနဲ့ဦးလေဗျာ …
အခုမှဘဲ ပေါ့ပေါ့ပါးပါး ရယ်စရာ ရသွားတယ်ဗျို့ …
ဒါနဲ့ .
အဲဒီ စီနီယာကျောက် အကြောင်းကို တခါက ပြောဖူးသေးသလား လို့ …
ဘာပဲဖြစ်ဖြစ် ဆက်ဖို့ မျှော်နေဦးမယ်ဗျို့ …
ဦးကျောက်ခဲ
October 28, 2013 at 11:12 am
ဟီး ဟီး မလျှိုပါဘူး ကိုရင်ဆာရယ်… ဆက်မှာပေါ့..
ဒါပေသည့် စီနီယာကျောက်ရဲ့ ဇာတ်လမ်းတွေက ပြန်ရေးဖို့ ခေါင်းစားတယ် ခင်ဗျ…
တော်တော်ကြီး ဆင်ဆာဖြတ်ရမှာတွေချည်းပဲ…
ဖြတ်ပြန်တော့လည်း အရသာပျက်တယ်…
😀
ရွှေမိုးတိမ်
October 28, 2013 at 10:46 am
ပုံတို ပတ်စလေးတွေ ဖတ်သွားပါတယ် ဦးကျောက်စ် 😀
ဦးကျောက်ခဲ
October 28, 2013 at 11:16 am
ဖတ်သွားတဲ့အတွက် ဦးကျောက်စ်က ကျေးဇူးတင်ပါသတဲ့ကွယ်…
😀
inz@ghi
October 28, 2013 at 11:10 am
အာဟိ…
တူယဲ ညှီဘီ
…
ငိငိ ….
ဒီရက်ပိုင်း မညှီရတာ ကြာတာနဲ့ ရေငတ်တုန်း ရေတွင်းထဲ ကျတာကလား …
သွပ်သွပ်….
ဂနေ့တော့ လစ်မစ်ပြည့်နေလို့ နက်ဖန်လောက်မှ ပြန်လာညှီအူးမယ် ဖြစ်ပါဂျောင်း…
ခင်တဲ့
ဦးကျောက်ခဲ
October 28, 2013 at 11:33 am
ညှီပါဘူးဗျာ… ဒါတောင် အကင်း ရှိသေးတယ်…
အော်ရီဂျင်နယ်အတိုင်းသာရေးထည့်လိုက်ရင်…
ရွာသူများ ကျွတ်ကျွတ်ညံအောင် ဩဘာပေးကြလိမ့်မယ်… ဟီ ဟိ
😀
Wow
October 28, 2013 at 11:13 am
ဟိုဘက်က သင်ပုန်းကြီးကို ဒီဘက်မှာ ဆက်နေဘီ
ဦးကျောက်ခဲ
October 28, 2013 at 11:46 am
ဘယ်နားက သင်ပုန်းကြီးလဲ မရွှေဝေါင်း… ဟီ ဟိ
😀
kai
October 28, 2013 at 11:16 am
မှတ်မိသလောက်ပေါ့လေ..
ရန်ကုန်ကရဲတွေလက်မောင်းတံဆိပ်က.. မိချောင်းရုပ်ဗျ..။
ဆိုတော့.. ဖွတ်ဆရာ.. မိကျောင်း..
ဦးကျောက်ခဲ
October 28, 2013 at 11:48 am
ငယ်ငယ်တုန်းကတော့ ဟုတ်တယ်သဂျီး… မိကျောင်းရုပ်…
အခုတော့ ပြောင်းသွားပြီ… ဟီး ဟီး
😀
sealion
October 28, 2013 at 11:17 am
ဘကျောက်ဆုံးသွားတောင် ကြာသွားပြီ ၂ နှစ်လောက်တောင် ရှိတော့မယ် .. ဘကျောက်ရဲ ့ ၂ နှစ်ပြည့် အမှတ်တယလေးတွေပေါ့ ရှိရင် ထပ်တင်ပါအုံး ဦးကျောက်
ဦးကျောက်ခဲ
October 28, 2013 at 11:59 am
ဟုတ်ပါ့ဗျား… လူဝင်စားတောင် ပြန်ဖြစ်နေပြီလားမသိ…
ကိုကြီးကျောက် အမှတ်တယတွေ ရေးပါဦးမယ်ဗျာ…
ဟီး ဟီး နဲနဲညှီရင်တော့… သည်းခံပါ ခင်ဗျား…
😀
sorrow weaver
October 28, 2013 at 12:03 pm
နီဂရိုးမဟုတ်ဘူးဆိုတော့ နီကိုးလား…အဟီး ကျောက်စ်…
ဦးကျောက်ခဲ
October 28, 2013 at 12:08 pm
ဟင်း ဟင်း မောင်ဆောရိုး… ကျောက်စ်က ဇ ပြင်းတယ်နော်…
ကျွဲကောသီး ခွါကျွေးရုံနဲ့ မဖြစ်ဘူး… ဟီး ဟီး
😀
KZ
October 28, 2013 at 12:11 pm
ကျွဲကောသီးပဲ ခွါတတ်လောက် တဲ့ ဇ နဲ့တော့
နာ့ ဖေကျောက်ဆီက ပညာရဖို့ မမြင်။
😀
ဗုံဗုံ
October 28, 2013 at 12:16 pm
နီဂရိုး ဟုတ်ဘူး..ဆောရိုးတဲ့…. အူးကျောက်..အတိတ်စိမ်းကောက်လိုက်တော့
sorrow weaver
October 28, 2013 at 12:43 pm
ဘယ်ကတဲ့ ကကြည့်မရနေမှန်းမသိဘူး…ခုခိခုခိ…ကျွဲကောသီးမဟုတ်ပါဘူး..ဒေါင်းဥပါဆိုမှ….ဒါပဲလိုက်ရှင်းပြနေရတယ်…အဟိဟိ
kyeemite
October 28, 2013 at 3:47 pm
အော်ဟော်ဟော်…ကိုကြီးကျောက်နဲ့ ကိုလေးကျောက်ပေါ့
နှစ်ယောက်သား လိုက်လည်းလိုက်ပ ဗျာ..ကိုကြီးကျောက်ကလည်းစာရေးကောင်းပဲနော
အင်း…ကျောက်ခေတ်..ကျောက်ခေတ် 😀
ဦးကျောက်ခဲ
October 28, 2013 at 5:37 pm
ကိုကြီးကျောက်က စာရေးတင်ကောင်းတာမဟုတ်…
အာဝဇ္ဇန်းလည်း အတော်ရွှင်တယ် အကိုမိုက်ရဲ့…
စင်ကာပူမှာ ဘုန်းကြီးကျောင်းကိုလာကန်တော့တဲ့…
မာတုဂါမလေးတွေကို ပွါးတာများ မောင်ကျောက်စ်တို့ လိုက်မမှီဘူး…
😀
TNA
October 28, 2013 at 3:57 pm
ကျောက်ကြီးပညာ ကျောက်ကလေးလက်ကုန်ရလိုက်သပေါ့။ ငိငိငိငိငိ ဒါနဲ့မြန်းရိုးရိုးသားသားလေးဘာချို။
ဆက်လက်စောင့်မျှော်လျှက်
ဦးကျောက်ခဲ
October 28, 2013 at 5:42 pm
ကျောက်စ်ကလေးက ရိုးရိုးသားသားပါ မွသဲရယ်…
အတုမြင် အတတ်သင်လည်း မလုပ်ရပါဘူး…
ဟီ ဟိ တစ်ခါတလေ လက်စောင်းထက်တာကတော့ ချွင်းချက်ပေါ့…
😀
alinsett
October 28, 2013 at 5:57 pm
ကိုကြီးကျောက်ရဲ့ ပုံတိုပတ်စတွေကို
ဦးကျောက်စ်က ပြန်ပြောပြတော့လည်း
ဂွတ်တာပါပဲ။
ပုံတိုပတ်စတွေ ဆက်ရေးပေးဦးနော် ဦးကျောက်စ်
ဦးကျောက်ခဲ
October 29, 2013 at 9:06 am
အကြောင်းသင့်တော့လည်း ရေးရတာပေါ့ ဒညင်းဝက်ရယ်…
ဂွဒ်တယ်ဆိုတော့လည်း ဟတ်ပီးဖြစ်ပါတယ်… လို့
😀
မိုက်ကယ်ဂျော်နီအောင်ပု
October 28, 2013 at 6:14 pm
ပုံတို ဆိုတာကတော့ ထားဘါတော့ ပုံတို
ပတ်စ ဆိုတာက မပေါက်ဘူးခင်ဗျ
ပတ်စ ရဲ့အဒိတ်ဘယ်ကို တတ်နိုင်သမျှ
ချဲ့ကားပျဘါခင်ဗျ
ဦးကျောက်ခဲ
October 29, 2013 at 9:12 am
ဟီ ဟိ… လူတတ်ကြီးလုပ်ပြီး ရွှေလိုက်ဦးမယ်…
ပတ်စ က ဆိုင်းဝိုင်းထဲက စကား… ပတ်မကြီးကို အသံသာအောင်…
ပြာနဲ့ထမင်းဦးပေါင်း ရောနယ်ထားတဲ့ ပတ်စာနဲ့ကပ်ရသဗျ…
လိုတိုးပိုလျှော့ဆိုတော့ ဟိုတစ သည်တစ ပတ်စာတွေ ပြန့်ကျဲနေတာပေါ့…
အဲသည်ကနေ တစုတစည်းထဲ မဟုတ်ရင် “ပတ်စ” လို့ ဆိုကြတယ်…
အ ဟဲ… မှတ်မိသမျှ ပြန်ပြောတာ…
😀
•*¨နန်းတော်ရာသူ •*¨
October 28, 2013 at 7:36 pm
စီနီယာကျောက်နဲ့ဂျူနီယာကျောက်တွေ့လည်းတွေ့တတ်ပါပေ့
ဒါနဲ့ဖေကျောက်ကိုနီဂရိုးလားလို့မေးတဲ့ထိုင်းမတွေကိုအံ့ဩတယ်ဂျာ
“ကတ္တရာဖျော်တဲ့ဦးဆာမိရဲ့သားမီးသွေးသည်လေးပါဗျ”
လို့ပြန်ဖြေလိုက်ပြီးရော..
(ချိတ်ချိုးရဝူးနော်)
ဦးကျောက်ခဲ
October 29, 2013 at 9:18 am
တိန်… တေဘာပြီ…
ငယ်ငယ်က ဦးလေးတွေ ကျောက်စ်သူငယ်ကို…
မီးသွေးပုံပေါ်မှာ မွေးတာလို့ စ ရင် အားကီး ချိတ်ဆိုးတယ်… ဟီး ဟီး
😀
Foreign Resident
October 29, 2013 at 5:07 am
ဘလော့ဂါ ကိုကြီးကျောက် ရဲ့ (ရွှေရတုမှတ်တမ်း penai22.blogspot.com)
Web Page က အခုထက်ထိ ပွင့်နေသေးတယ်နော် ။
ဦးကျောက်ခဲ
October 29, 2013 at 9:30 am
ဟုတ်တယ် အဘဖော…
Spammer တွေ Virus တွေ မဝင်သေးရင်တော့ ဆက်ပွင့်နေဦးမယ် ထင်ရဲ့…
Password တစွန်းတစသိပေမည့် မဝင်ချင်ပါဘူးဗျာ…ဒီအတိုင်းပဲ ကောင်းပါတယ်…
🙁
အဘ ဘုတ်ကလုံ
October 29, 2013 at 9:17 am
ကိုကျောက်လေး… ကိုကျောက်ကြီး ဆိုတာ..
အမေရိကားမှာ ကင်ဆာနဲ့ဆုံးသွားတဲ့ အစ်ကိုလား။
မဆုံးခင် တစ်လအလိုအထိ အဆက်အသွယ်ရခဲ့တယ်..
သူလဲ ဘာဆိုလားပဲနော်.. ခေသူမဟုတ်..။
ဦးကျောက်ခဲ
October 29, 2013 at 9:38 am
ဟုတ်ပါတယ် ခင်ဗျား…
ကိုကြီးကျောက်က ဆရာဝန်တွေ ပြောတဲ့အတိုင်း ၆လပဲ နေသွားရတာပါ…
မိတ်ဆွေများ စိတ်ပူ/ဝမ်းနည်းကြမှာစိုးလို့…
သက်သာတယ် ကောင်းသွားပြီလို့ အမြဲဖြေသိမ့်ပြောခဲ့သူပါ…
မောင်ကျောက်စ်နဲ့ ဆေးရုံမတက်ခင် ၂ရက်အလိုအထိ ပွါးခဲ့သေးတာ ခင်ဗျ…
😥
Crystalline
October 29, 2013 at 9:38 am
ရဲကိုကိုဘယ်ရောက်နေလဲမသိဘူး :mrgreenn:
ဦးကျောက်စ်က နေရှင်နယ်လိဂ်က ဘောလုံးသမားတွေရုပ်မျိုးဆိုတော့…ဘေဘီလေးတွေကျရင် ကပြားရုပ်လေးတွေထွက်လာပြီး တော်တော်ချစ်ချာကောင်းမှာ 😉
ဦးကျောက်ခဲ
October 29, 2013 at 9:45 am
ယက်ဆက်လိုက်တာ Crystalline ရယ်…
အဖေဗမာ အမေဗမာရဲ့သား… ဗမာစစ်စစ် ကျောက်စ်ပါ ခီည…
ဟိုလိုလို သည်လိုလိုရုပ်ထွက်နေတာ…
အမေ့ရဲ့ ဂုဏ်သိက္ခာကို တိုးတိုးတိတ်တိတ် ထိခိုက်စေတယ်… ဟီ ဟိ
😀
အရိပ်စစ်
October 29, 2013 at 3:57 pm
ပုံတိုပတ်စလေးတွေ
ြိပန်ပြောပြချင်လို့
နောက်ခါတွေလည်း
စောင့်ဖတ်နေမယ်နော် ဦးဦးကျောက်စ်
ဦးကျောက်ခဲ
October 29, 2013 at 6:05 pm
သာမီး အရိပ်စစ် ရယ်… ဦးလေးမှာ ပြန်ပြောချင်ပါသော်လည်း…
စကားလုံးရှာ ဆင်ဆာဖြတ်နေရတဲ့ ဘဝမို့…
“လာမည် ကြာမည်၊ သို့သော် ရယ်ရမည်”… အား ဟိ စောင့်ဖတ်ပါလေ…
😀
မဟာရာဇာ အံစာတုံး
October 29, 2013 at 4:09 pm
အာ …
ဟိုဘလော့ဂါ ကိုကြီးကျောက် ကို သိတာပေါ့ ..
အစကတော့ ဥလေးများ ဖစ်နေမလားလို့ ဝင်ကျိဒါ ..
နောက်မှ ဟုတ်ဘူးးးး
ပီးဒေါ့ …
ငါတို့ ကျောက်စ် နံမယ်ဂျီး ယူသုံးထားဒယ်ဆိုပီး …
သိပ်တောင် မကြည်ဘူးရယ် … ဟီးးး
အဲ့လိုပါဆို ….
ဦးကျောက်ခဲ
October 29, 2013 at 6:13 pm
ဂလို မောင်အံစာရဲ့… ဦးလေးတို့ ဘူမိကျောင်းဆင်းတွေက အစွဲကြီးတယ်…
ဘယ်နေရာရောက်ရောက် ကျောက်နဲ့ ပါတ်သက်တဲ့ နာမည်ပဲ ပေးကြတယ်…
ဒါရိုက်တာ ဦးကြည်စိုးထွန်းက “ကျောက်ခဲ” လို့ အမည်တတ်ပြီး စာရေးသဗျ…
ဆရာမ ဒေါက်တာရင်ရင်နွယ်လည်း ထိုနည်းလည်းကောင်း (ဟိ မပြောပြဘူး)…
ဆိုတော့ ကျောက်ကြီး ကျောက်ကလေး ရှော့မရှိ… ဟီ ဟိ
😀
Ma Ma
October 29, 2013 at 4:39 pm
လက်စသတ်တော့ နာမည်ကြီးဘလောဂါကြီးရဲ့ ဂျ ူ နီယာကိုး။
ကိုကြီးကျောက် အသဲကင်ဆာဖြစ်ပြီး ပထမပိုင်းတိုင်းရင်းဆေး မှီဝဲလို့ သက်သာတယ် ဆိုတဲ့ သတင်းပြန့်ချိန် ဒီရွာထဲမှာ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေး နောင်ဂျိန်ပလေးတဲ့အချိန်ဆိုတာကို မှတ်မိနေတယ်။
ဦးကျောက်ခဲ
October 29, 2013 at 6:26 pm
ဟီး ဟီး အန်တီမာမားရယ်…
ကျောက်စ်ကလေးက ဆင်ဖြူတော်မှီပြီး ကြံစုတ်တာပါ…
အကိုကြီးကျောက်လို ချက်ကျ လက်ကျ ကာရံမြောက်အောင် မရေးတတ်ပါဘူး…
တိုင်းရင်းဆေးကို ပြန်ပြောရရင်တော့…
ဟုတ်… အမေဂျီးကားက ဆြာဝန်တွေ ပြောတဲ့ အတိုင်း ၆လပဲ… နေသွားရသူပါ…
သူ့အကြောင်းသူသိသော်လည်း ဆေးနည်းပေးသူတွေ စိတ်ချမ်းသာအောင်…
ငါဟဲ့ ယောက်ျား လုပ်သွားတာပါ… အင်း… ရေးရင် စာရှည်တော့မယ်…
😥
ဦးကြောင်ကြီး
December 16, 2013 at 8:39 am
အနော်လည်း အဲသီ ကိုရင်ဂျီးလိုပဲ….. အဟီး… ကွိ ကွိ ဂွိ။
ခွစ်လေး နင့်ဂို ကကြောင် ဘာမှ ပေါဝူးနော်..။
ဦးကျောက်ခဲ
December 16, 2013 at 11:24 am
ဒီကကြောင်ဂျီးကတော့ ရသလို အစ လိုက်ဆွဲတာပဲ…
မြန်တျန့်ဂဇက်သူတွေက Drone ငှါးပြီး ကြောင်ဂျီးကို ဘေမလို့တဲ့…
😀