မရွှေပုသို့
မရွှေပုဟာ ကျမထက် အသက်၂နှစ်ခွဲကြီးတဲ့ အမဖြစ်ပါတယ်။
ဒါပေမယ့် ငယ်ငယ်ကတည်းက သူ့ကို နင်ငါနဲ့ပဲ ပြောဖြစ်လာပါတယ်။
သူတို့ အသက်တန်းတွေမှာ အပုဆိုတဲ့ နာမည်တွေ သိပ်ခေတ်စားခဲ့ပါတယ်။
ယောကျင်္ားလေးတွေလည်း အပု၊မောင်ပု၊ကိုပုတွေ အများကြီးပါ။
မိန်းကလေးတွေထဲလည်း အပု၊အပုလေး၊မိပု လို့ ချစ်စနိုးခေါ်ခံရတဲ့ နာမည်ရှင်တွေ တော်တော်ပေါပါတယ်။
ကျမတို့ အိမ်နားမှာကို သူနဲ့ရွယ်တူ ကျား ၁၊ မ ၁၊ အပုတွေရှိပါတယ်။
အဲတော့ သူများနဲ့ကွဲအောင် ကျမအမကို ကျမတို့အိမ်က မရွှေပုလို့ ခေါ်ကြပါတယ်။
သူက ကျမနဲ့ မတူ၊အလွန် သဘောကောင်း သည်းခံတတ်တဲ့သူပါ။
ကျမလည်း ခပ်အအ ထဲပါပေမယ့် ကိုယ်အတာ လူမသိအောင် ဟန်လုပ်တတ်ပါတယ်။
သူကတော့ သူအတဲ့အကြောင်း မဖုံးမဖိတတ်ပါဘူး။
ငယ်ငယ်တုံးက ကျမတို့ အဖေက ကုန်ဖိုးပိုက်ဆံတွေရေခိုင်းပါတယ်။သူက ၅တန်း၊ကျမက ၃တန်းလောက်ရှိမှာပေါ့။
သူရေနေတာကြည့်ပြီး အဖေက `အပုရယ်၊နင်ရေတာ မှန်ရဲ့လား´ ဆိုတော့
သူက `မှန်ပါတယ်၊ပါပါးရဲ့၊ဒီမှာကြည့်လေ´ဆိုပြီး
၅ကျပ်တန် အရွက် ၁၉ရွက်ကို ၁ရွက်အုပ်ထားတဲ့ ပိုက်ဆံ၁၀ဝ အုပ်ကို ပါးစပ်က ၁၊၂၊၃၊…၁၊၂၊၃..၁၊၂၊၃ ဆိုပြီး ရေပြပါတယ်။
ကျမတို့ဆိုတာ အူတက်အောင်ရယ်ကြရပါတယ်။
နောက်ပြီး ရန်ကုန်က ဖုန်းနဲ့ ကုန်ဈေးနှုန်းတွေ ပြောတဲ့အခါ လိုက်မှတ်ရပါတယ်။
ရန်ကုန်က ကုန်သည်က ဈေးကို တရုတ်လိုပြောတာပါ။
အဲဒါကို သူကလိုက်မှတ်တော့ နင်တရုတ်လို ပြောတာ နားလည်ရဲ့လားအပု လို့ အဖေက မေးပါတယ်။
နားလည်ပါတယ် ပါပါးရဲ့ဆိုပြီး သူရေးထားတဲ့ စာကိုဖတ်တော့
ထညက် စန်စဂေါ်
ကြံသကာ ကျစန်တွန့်
မကျည်းသီး လပ်တွန့် စသဖြင့် ဗမာအသံထွက်နဲ့ လိုက်ရေးထားတော့ အော် သူတရုတ်လို နားလည်တယ်ဆိုတာ ဒါကိုးဆိုပြီး ရယ်ကြရပြန်ပါတယ်။
သူက အားငယ်တတ်ကြောက်တတ်ပါတယ်။ငယ်ငယ်က သူ့ကို အိမ်မှာ တယောက်တည်းထားခဲ့ရင် မနေရဲပါဘူး။
ကျမကျ အကြောခပ်မာမာဆိုတော့ တယောက်တည်း ထားခဲ့လည်း နေတာပါပဲတဲ့။
ကျမတို့ ငယ်ငယ်က မိန်းကလေးတွေ မွေးလာရင် ရရက်လောက်ဆို အပ်နဲ့ပဲ နားဖောက်လိုက်တတ်ကြပါတယ်။
ကွန်မြူနစ်အဖေက သမီးအကြီးတွေတုံးက အမေ့ဆန္ဒကို မလွန်ဆန်နိုင်လို့ နားဖောက်ပေးရပေမယ့်
သူ့အလှည့်ကျတော့ ငါ့သမီးနားမဖောက်ရဘူးလို့ ဇွတ်တားတာကြောင့် အိမ်မှာ သူတယောက်တည်း နားပေါက်မပါပဲ ခေတ်မီသူဖြစ်ရပါတယ်။
ကျမအလှည့်ကျတော့ အမေ့ဗီတိုအာဏာက အဖေ့ကို ဖီဆန်ပြီး နားဖောက်ခံလိုက်ရပါတယ်။
ငယ်ငယ်က ဓာတ်ပုံတွေမှာ မရွှေပုနဲ့ ကျမခွဲရင် နားပေါက်ပါမပါကြည့်ပြီးခွဲကြပါတယ်။
အဖေချန်ပေးတဲ့ ခေတ်မီတဲ့ နားလေးကို သူစေ့စပ်လည်းပြီးရော ယောက္ခမက စိန်နားကပ်ဆင်မယ်ဆိုတာနဲ့ ရန်ကုန်မှာ သေနတ်နဲ့ နားဖောက်လာပါတယ်။ကျမဆိုတာ နှမျောစိတ်ဆိုးလိုက်တာ။
ကျမက အငယ်၊သူက အကြီးပေမယ့် သူကအေးပြီး ပျော့စိစိ။ကျမက စိတ်လည်းကောက်တတ်၊အကြောလည်းမာဆိုတော့ သူနဲ့ကျမရန်ဖြစ်ရင် သူပဲအရှုံးပေးရတာပါပဲ။
ကျမရှစ်တန်းဖြေအပြီး သူဆယ်တန်းစာမေးပွဲဖြေရခါနီးမှာတော့ သူအားငယ်တာ အပေါ်လွင်ဆုံးဖြစ်လာပါတယ်။
စာမေးပွဲတွက် စိုးရိမ်စိတ်တွေများပြီး စာဖတ်လို့မရတော့ဘူးဖြစ်ပါတော့တယ်။
သူ့ဘေးမှာ ကျမက အမြဲနေပေးရပါတယ်။
ကျမလည်းဝတ္ထုတအုပ်နဲ့ စောင့်ပေးတာပေါ့။
ကျမတို့ ၈တန်းစာမေးပွဲကပြီးပြီဆိုတော့ ဖရီးရိုက်နေတဲ့အချိန်လေ။
ညဆို မီးတွေကလည်းမလာတော့ ရေနံဆီမီးအိမ်နဲ့ စာဖတ်ရပါတယ်။
ကျမအိပ်ငိုက်လို့ သွားအိပ်ရင် သူမနေရဲတော့ဘဲ လာနှိုးတော့တာပါပဲ။
`မအိပ်ပါနဲ့၊ထပါဟယ်၊ငါနဲ့ အသားချင်းထိထားပါ´လို့ ပြောရင် ကျမလည်း သူစိတ်ချမ်းသာအောင် သူ့နားကပ်ပြီး သူ့အသားနဲ့ထိအိပ်လိုက်တာပါပဲ။
အဲသလိုနဲ့သူ ဆယ်တန်းစာမေးပွဲ ဖြေပြီးသွားပါတယ်။
တရက်ဖြေနေရင်း ဂုဏ်ထူးမထွက်နိုင်လို့ ခြစ်ချမယ်၊နောက်နေ့ မဖြေတော့ဘူး လုပ်တာနဲ့ မနည်း ဖြောင့်ဖျလိုက်ရပါတယ်။
ဆယ်တန်းအောင်စာရင်းထွက်တော့ သူ ၃ဘာသာ ဂုဏ်ထူးနဲ့အောင်ပါတယ်။
ကျမက အဲဒီနှစ် ၈တန်းကို ၆ဘာသာ ဂုဏ်ထူးထွက်တော့ (၈တန်းအောင်စာရင်းက အရင်ထွက်တာပါ)
သူ့ကို ငါ့အမပဲ ငါ့တဝက်တော့ ထွက်မှာပေါ့လို့ မာနနဲ့ ပြောလိုက်မိသေးတယ်။
မရွှေပုကတော့ စိတ်မဆိုးခဲ့ပါဘူး။
(ကျမအဲဒီကိစ္စကို အသက် ၄ဝကျော်ဖြစ်မှ နောင်တရပြီး တောင်းပန်ရပါတယ်။သူက မှတ်တောင်မမှတ်မိပါဘူးတဲ့၊အဲသလို အေးချမ်းတာပါ)
ဒေသကောလိပ် ၂နှစ်နဲ့ ဆေးကျောင်းတလျှောက်လုံးမှာလည်း စာမေးပွဲနီးပြီဆိုရင် နယ်က အမေလည်းလိုက်လာစောင့်ရတယ်။ကျမလည်း ဘေးမှာအမြဲနေပေးရတယ်။
အင်္ဂလိပ်စာ အက်ဆေးလိုမျိုးဆိုရင် ကျမကူရေးပေးရတယ်။
သူစာကျက်၊စာဆိုရင် ကျမက ကြည့်ပေးရတယ်။
အဲသလို လုပ်ပေးရတော့ နဂိုကတည်းက ခပ်ဆိုးဆိုးဖြစ်တဲ့ ကျမက အငယ်ပေမယ့် သူ့ကို နိုင်စားတော့တာပေါ့။
အမြဲတမ်း ကျမက ဆရာကြီးလုပ် ၊အထက်စီးကပြောတာ။
မရွှေပုကတော့ သူ့ကို ကျမဆူရင်လည်း ပြုံးပြုံးပါပဲ။
အမအလတ်ရဲ့သူငယ်ချင်းတွေက မရွှေပုကို ခပ်တည်တည်မျက်နှာပေးနဲ့၊ကျမကတော့ တွေ့ရင် ခပ်သွက်သွက်နှုတ်ဆက်တတ်တဲ့ ဆတ်စလူးဆိုတော့ နင့်ညီမအငယ်မလေးက မျက်နှာချိုတယ်သဘောကောင်းမယ်။ညီမအကြီးက သဘောမကောင်းဘူးလို့ မှတ်ချက်ချကြတယ်တဲ့။
အမအလတ်က ဘယ်ကလာ၊အိ်မ်မှာဆို ပြောင်းပြန်၊
ညီမအကြီးက သဘောကောင်း၊ပြောသမျှခံပြီး အငယ်မလေးက စိတ်ကောက်ချိတ်နေတာလို့ ပြန်ပြောရတယ်။
မရွှေပု အိမ်ထောင်ကျပြီး ပဲခူးမှာနေတော့ ရန်ကုန်လာတိုင်း ကျမကြိုက်တယ်ဆိုတဲ့ ပဲခူးက ဘိန်းမုန့်၊ထန်းသီးမုန့်တွေ ပါအောင်ဝယ်ဝယ်လာပေးတယ်။
သူက shopping ဝါသနာပါတော့ ကျမကိုလည်း နှစ်တိုင်းအဝတ်အစားဝယ်ပေးတယ်။
ကျမက ကပ်စေးနည်းတော့ ဈေးကြီးတာဆို ဝယ်မဝတ်ဘူး။
ကျမဝတ်တဲ့ အကောင်းစားတွေဆို မရွှေပုနဲ့ ကျမယောင်းမ ဝယ်ဆင်တာချည်းပဲ။
ကျမကတော့ သူတို့ကို ဝယ်မပေးပေါင်။
သူလည်းအရည်ပျော် ဆရာဝန် ၊ကိုယ်လည်း အရေပျော်ဆရာဝန် တူတူဟာကို သူ့မိသားစုတွေ ဖျားရင် နာရင် ကျမကို သူက ဆရာတင်ပြီးမေးတတ်သေးတာ။
ကျမကလည်း ဆရာကြီးလုပ်ပြီး နင်ဒါလေးတောင် မမှတ်မိဘူးလားလို့ ဆူတတ်သေးတယ်။
ဒီလို ညီအမမျိုးပါ။
တနှစ်တခါ နယ်က မိဘတွေ အုတ်ဂူကိုပြန်ရှိခိုးရင် အပြန်ကျ ရန်ကုန်မှာ ငါတို့အိမ် တညအိပ်အုံးလို့ ဆွဲထားလို့ ဘယ်တော့မှမရဘူး။သူ့အိမ် သူ့သားသမီးတွေဆီပြန်ဖို့ ပြင်တော့တာပဲ။
သူ့ကို တရားအားထုတ်ကြည့်ဖို့ တိုက်တွန်းရင် အေးပါ၊နောက်တော့လုပ်တာပေါ့ လို့ အမြဲပြောတတ်တယ်။
ကျမက သူ့ကိုကြည့်ပြီး `သားရေးသမီးရေး၊ပူဆွေးဗျာပွေ၊လရောင်နှင့်တွေ့ခွင့်မကြုံပေ´လို့ ရွတ်မိတယ်။
သတိပဋ္ဌာန်လမင်း ကို ဆိုလိုတာပါ။
အဲသလို အမြဲ အိမ်ထောင်မှု သားရေးသမီးရေးနဲ့ ချာလည်လိုက်နေတဲ့ မရွှေပု လွန်ခဲ့တဲ့ ၁လလောက်က ဆီးစပ်နားနည်းနည်း တင်းတင်းနေလို့ အိုဂျီပြမယ်လို့ ကြားလိုက်မိပါတယ်။
သူက နည်းနည်းချူချာတော့ အထူးကုတွေပြရတာ ကြားနေကျမို့ ရိုးနေသလိုပါပဲ။
ကြားထဲလည်း သူတို့ တအိမ်လုံး တုတ်ကွေးမိ ချောင်းတွေဆိုးနေကြလို့ သူအလုပ်ရှုပ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်ကမှ အိုဂျီပြကြည့်တော့ Transvaginal Ultrasound အာထရာဆောင်းမှာ သူ့ သားဥအိမ်ကြီးနေတာတွေ့ရပါလေရော။
CA125 ဆိုတဲ့ မမျိုးပွားအင်္ဂါတွေမှာ ကင်ဆာဆိုရင် တက်တတ်တဲ့ သွေးအဖြေကလည်း ၅၀ဝ တောင်ဖြစ်နေတယ်တဲ့။
CT scan ရိုက်လိုက်တော့မှ သူ့ဗိုက်ထဲ သားဥအိမ်အလုံးကြီးက 10 cm တောင်ရှိတယ်။အနားက ပြန်ရည်ကျိတ်Lymph node ကိုလည်းရောက်နေတယ်။Omentum ခေါ်တဲ့ ဝမ်းတွင်းမြှေးမှာလည်း seeding ပြန့်နေတာတွေတွေ့တယ်တဲ့။
ဘုရား ၊ဒါဆို stage 3 (c) ဖြစ်နေပါပေါ့လား။
Ovarian tumor တွေဟာ သားအိမ်ကင်ဆာတွေလို သွေးဆင်းတာမျိုးလက္ခဏာမပြတော့ ဗိုက်ထဲလေးသလိုလို နာသလိုလို၊မအီမသာလိုလိုလေးတွေနဲ့ အသံတိတ်ကြီးထွားတတ်ကြပါတယ်။
မရွှေပုလို သားရေးသမီးရေး ဦးစားပေးနေတတ်တဲ့ မိန်းမသားတွေ နောက်ကျမှပဲသိတတ်ကြရတာမျိုး။
အမှန်ဆို သားသမီးမမွေးတဲ့ သူတွေမှာ အဖြစ်များပေမယ့် ကျမအမ မရွှေပုက ကလေး ၄ယောက် နို့တိုက်မွေးထားတဲ့ အမေပါ။
ပြီးခဲ့တဲ့ တနှစ် medical check up လုပ်တော့လည်း မတွေ့ခဲ့ မရှိခဲ့သေးဘူး။
ဖြစ်လေ့ဖြစ်ထရှိတဲ့ အုပ်စုထဲ မပါပေမယ့် သူ့ကိုမှ ဒီရောဂါလာဖြစ်ရတာကတော့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာပါပဲ။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မယ်။ခွဲစိတ်ပြီး ထုတ်ပစ်ပြီးရင်တော့ Chemo ကင်ဆာဆေးသွင်းကုရမှာပေါ့။
မရွှေပုရေ၊နောက်ကလူတွေတွက်ရော ကိုယ့်ကိုကိုယ်တွက်ရော မပူပင်နဲ့နော်။
ကိုယ်လုပ်စရာရှိတာ အကောင်းဆုံးနည်းရွေးပြီး ကုသဖို့ပဲရှိတော့တယ်။
ခွဲခန်းထဲမဝင်ခင် ဘုရား၊တရား၊သံဃာ အာရုံပြု၊ပဋ္ဌာန်းပရိတ်ရွတ်ပြီး ဝင်သွားနော်။
ငါလည်း နင့်ကို မပြတ် မေတ္တာပို့နေမယ်။
နင်နေကောင်းလာရင်လေ၊ငါနင့်ကို အရင်လို မဟောက်တော့ဘူးနော်။ချိချိသာသာပြောတော့မယ်နော်။
အားတင်းထားနော် မရွှေပု။
41 comments
padonmar
November 2, 2013 at 2:14 am
ခွဲခန်းထဲက မရွှေပုသတင်းစောင့်ရင်း သတိရလွန်းလို့ ရင်ဖွင့် ရေးမိတာ၊Personal တွေမို့လို့ သည်းခံကြပါ။
ကျော်စွာခေါင်
November 2, 2013 at 5:40 am
မမပုလဲ အပူအပင်ကင်းတဲ့ သူ ၊ ဝေဒနာကင်းတဲ့သူ ဖြစ်ပြီး ကျမ္မာပါစေလို ့ အဝေးက မောင်ငယ်တစ်ယောက်က ဆုတောင်းပေးပါတယ်ဗျာ.။
ညီအမ၂ယောက်လုံးကလဲ ဆရာဝန်တွေ ဆိုတော့ သိပ်ပြီး စိတ်လဲ မပူပါနဲ ့ .စိတ်ပူလွန်းရင် အဖြေမေ့နေတတ်ပါတယ်..။ ဆေးပညာကိုလဲ ကိုယ်က လက်လှမ်းမှီ သလို.. ဆေးပညာကလည်း နည်းနည်းတော့ ကုသမှုပိုင်း အဆင့်မြင့်လာပါပြီ..။
နေကောင်းသွားမှာပါ..။
မမပုလဲ ကျမ္မာပါစေ..မမမာလဲ စိတ်ချမ်းသာပါစေ။
KZ
November 2, 2013 at 6:18 am
Wish her “Get Well Soon’ .
padonmar
November 2, 2013 at 7:49 am
ခေါင်နဲ့ကေဇီလေး
အားပေးတာကျေးဇူးပါ၊
သံယောဇဉ်အမျှင်မပြတ်နိုင်သေးတဲ့ လူသားပေမို့ သောကမကင်းနိုင်ပေမယ့် ရင်ဖွင့်ရမယ့် ရွာသူားတွေရှိလို့အားရှိပါတယ်။
alinsett
November 2, 2013 at 7:56 am
ကျွန်တော် လည်း ဆုတောင်းလျက်ပါ
အမြန်ဆုံးသက်သာ ကောင်းမွန်လာပါစေ လို ့
လုံမလေးမွန်မွန်
November 2, 2013 at 8:22 am
အမြန်ဆုံး သက်သာပြီး ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်နော်. . . ပါစင်နယ် ဆိုပေမယ့် အသိတရားတွေ အများကြီးရလိုက်တဲ့ ပို့စ်ပါ . . .
surmi
November 2, 2013 at 8:34 am
ဆုတောင်းပါတယ်အစ်မရေ..
အမြန်ဆုံးပြန်လည်ကောင်းမွန်လာပါစေဗျာ..
Ko chogyi
November 2, 2013 at 9:11 am
အမြန်ဆုံးကျန်းမာလာပြီး ပျော်ရွှင်မှုတွေနဲ့ပြည့်စုံပါစေလို့
ဆုတောင်းပေးပါတယ်။
MAUNG
November 2, 2013 at 10:31 am
ဆုတောင်းပေးပါတယ်။
padonmar
November 2, 2013 at 10:47 am
ဆုတောင်းမေတ္တာပို့သူတွေကိုကျေးဇူးတင်ပါတယ်။
လူ့ဘဝဆိုတာ တိုတိုလေးမို့ တွေ့ဆုံကြုံကွဲခဏတာမှာ ဆက်နွယ် ပတ်သက်တဲ့သူတွေကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြဖို့လည်း
တိုက်တွန်းချင်ပါတယ်။
kai
November 2, 2013 at 1:59 pm
ကင်ဆာအသံကြားရင်.. လန့်နေတတ်ပြီမို့.. ဘာပြောရမှန်းတောင်မသိ..
အကောင်းဆုံးတွေရွေးလုပ်သွားနိုင်မယ်လို့… မျှော်လင့်ပါတယ်…။
ဟုတ်ပါတယ်… လူ့ဘဝတိုပါတယ်..
တိုတဲ့လူ့ဘဝ.. အရသာရှိရှိခံစားစံစားနိုင်ကြဖို့…
padonmar
November 3, 2013 at 5:26 pm
သူကြီးရေ
ကျမတို့ လန့်ပေမယ့်လည်း ခေတ်ကြီးကိုက ကာဆီနိုဂျင် ပင်လယ်ထဲ မျောပါနေရတာမို့ ကြိုက်ရာကင်ဆာ နာမည်တခုတောင် ရွေးထားရရင် ကောင်းမလား စဉ်းစားနေမိတယ်။
ရေးတော့သာ လူ့ဘဝတိုတိုကို အရသာရှိရှိခံစားမယ်ပြောတာ ၊
သူကြီးလည်း သိပ်အရသာခံနေရတဲ့ပုံ မပေါ်ပေါင်။
(အိပ်ရာအောက်လည်း မိုးတွေယိုလို့)
ဝင့်ပြုံးမြင့်
November 2, 2013 at 2:39 pm
ညီအစ်မ မေတ္တာကို တွေ့လိုက်ရပါတယ် အန်တီမာရယ်။ နေမကောင်းတဲ့သူ အမြန်ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်။
Mr. MarGa
November 2, 2013 at 3:14 pm
ဒေါ်လေးရေ
ဖတ်ရုံနဲ့တင် ကြားက သံယောဇဉ်ကို မြင်ရပါတယ်။
အဆင်ပြေပြေ ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
padonmar
November 3, 2013 at 5:30 pm
ပြုံးနဲ့ သကြားရေ
ဆုတောင်းပေးတာကျေးဇူးပါ။
သံယောဇဉ်ဆိုတာကလည်း ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တခု တဲ့။
ငါ၊ငါ့အမ၊ငါချစ်တဲ့သူတွေ၊ငါ့ဂဇက်ရွာ ဆိုတာတွေ မဖျောက်နိုင်သေးတော့ ……
မဟာရာဇာ အံစာတုံး
November 2, 2013 at 6:10 pm
အာတီဒုံ က ခပ်ဆိုးဆိုး တဲ့ …
ထင်ရဝူးနော် …..
အေးလေ .. အပိုဂျီး ဆိုဒေါ့လည်း .. ဟီးးဟီးး
(လဂါး စဒါနော် …)
မရွှေပုအတွက်လည်း ဆုတောင်းပေးလိုက်ဘာဒယ် တီဒုံရေ …
အမြန်ဆုံး ပြန်လည် သက်သာလာပါစေ …
ကျနော့် အဒေါ်တစ်ယောက် အာသီးကင်ဆာ ဖြစ်တုန်းကဆိုရင်
ကုလိုက်တာ လူကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့တာပဲ …
အိုက်ရောဂါ က ကြောက်စရာဂျီးးးး
padonmar
November 3, 2013 at 5:41 pm
မောင်အံရဲ့
တချို့ ကင်ဆာတွေက သိပ်မဆိုးတာလည်းရှိတယ်။
ကင်ဆာထက်ဆိုးတဲ့ ရောဂါတွေလည်းရှိသေးတယ်။
Ma Ma
November 2, 2013 at 7:18 pm
ရင်ဖွင့်လို့ရတဲ့ရွာနဲ့
ချစ်ခင်စရာကောင်းတဲ့ရွာသူားတွေကို ရင်ဖွင့်ရင်း နည်းနည်းလေးစိတ်ပေါ့ပါးသွားပါစေလို့လည်း ဆုတောင်းမိပါတယ်။
မိသားစုညီအစ်ကိုမောင်နှမဆိုတာ ဘယ်လိုမှ မပြတ်နိုင်တဲ့သွေးသားသံယောဇဉ်တွေပါပဲ။
အကောင်းဆုံးကို လုပ်ဆောင်နိုင်ပါစေ။
ဆေးကောင်းဝါးကောင်း၊ ဆရာကောင်းသမားကောင်း၊ သင့်တော်ကောင်းမွန်တဲ့ကုထုံးများနဲ့ ကုသရပြီး ကံကောင်းနိုင်ပါစေ။
မိသားစုများအားလုံး ကျန်းမာပကတိ ချမ်းသာစွာရှိနိုင်ကြပါစေ။
padonmar
November 3, 2013 at 5:47 pm
ချစ်မမရေ
ခွဲစိတ်ပြီးတော့ ဆာဂျင်က ရှိသမျှ ကင်ဆာကျိတ်နဲ့ပြန့်နေသမျှတွေ ထုတ်လို့ ရလိုက်တယ်ပြောမှ ဟင်းချနိုင်တယ်။
၅နာရီကြာခွဲယူရတယ်၊သွေး ၄ပုလင်းသွင်းရတယ်။
သည်းနုအေးမေးဖူးတဲ့ စိတ်ရှုပ်ရင် ဘာလုပ်သလဲမှာ ဖြေစရာ တနည်းထပ်ရပြီ။
ရွာထဲမှာ နားပူအောင် ရင်ဖွင့်တယ်လို့။
ကိုပေါက်(မန္တလေး)
November 3, 2013 at 9:13 am
ကျနော်အဝက်ကတော့ ဂေါ်စဂေါ် ရောက်နေတော့
သေဘို့တော့ နီးပြိ
ဘာနဲ့သေမယ်သာ မသိတယ် မမာရေ
padonmar
November 3, 2013 at 5:50 pm
ကိုပေါက်ရေ
ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားရမယ်။
ကိုယ်လည်း အချိန်မရွေး သေနိုင်လောက်တဲ့ရောဂါပေါ်နိုင်တယ်။
ကိုယ်ချစ်တဲ့သူတွေလည်း အချိန်မရွေး သေနိုင်လောက်တဲ့ရောဂါပေါ်နိုင်တယ်။
ပြင်ဆင်ထားတော့ တကယ်ဖြစ်လာရင် နည်းနည်းခံနိုင်ရည်ရှိတာပေါ့။
စိတ်ဆင်းရဲပေမယ့် ငိုဟယ်ရီဟယ် မဖြစ်တော့ဘူး။
မှော်ဆရာ
November 3, 2013 at 10:47 am
အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေခင်ဗျာ …
padonmar
November 3, 2013 at 5:51 pm
မှော်ဆရာ့ အစွမ်းနဲ့ ပျောက်စေသတည်း။
(ကျေးဇူးပါ ကမှော်ရေ)
ဦးဦးပါလေရာ
November 3, 2013 at 5:11 pm
သက်သာလာပါစေလို့ ဆုတောင်းပါတယ် မပဒုမ္မာရေ…
ငယ်ငယ်ကဖြစ်ဖြစ် ဓါတ်ပုံလေး သို့မဟုတ် အမြဲသုံးတဲ့အသုံးအဆောင်ပုံလေးတွေ့ရရင်တော့
မေတ္တာပို့ပေးလို့ ပိုကောင်းမှာပဲ..
padonmar
November 3, 2013 at 5:53 pm
ဦးပါ
ကျမ ဖွဘုတ်ထဲမှာ ဓာတ်ပုံရှိတယ်လေ။
ငယ်ငယ်ကပုံရှာအုံးမယ်။
မောင်အံတို့က အာတီဒုံ ဆိုးတယ်ဆိုတာမယုံတော့ ငယ်ငယ်က ဂျစ်တိုက်တဲ့ပုံရှာကြည့်အုံးမယ်။
တညင်သား
November 3, 2013 at 6:42 pm
အန်တီ အစ်မနဲ့အသက်အရွယ်တူတူလောက်ရှိမယ်ထင်တယ် ရွာထဲမှာလေ နာမည်ပေးထားတာကိုကြည့်ပါလား ဦးဘပု တဲ့…….
ဆိုတော့ကားးးးးးးး ဒီနိင်ငံ
ဒီလိုရောဂါ
ဒီလိုအချိန်အတိုင်းအတာ
ဒီဆေးရုံ
ဒီချာဝန်တွေနဲ့ ဟင်းချနိင်ပြီဆိုတော့ ဘာမှ မပူနဲ့ကျမ လာမှာပါ တီတီ..
Don Juan Ronald
November 3, 2013 at 7:20 pm
ဆုတောင်း မေတ္တာ ပို့ ပေး လိုက် ပါ တယ် ၊ ညီအကို မောင်နှမ ချင်း စာ နှာ ပါ တယ် ။
တပါ တည်း ရွာ ထဲ ရှိ အမ များ ၊ ညီမ များ လဲ တစ် နှစ် တစ် ကြိမ် သားမြတ် နှင့် သားအိမ် check up လုပ် သင့် ပါ တယ် ၊
ရောဂါ ကို ကြိုတင် ကာကွယ် ချင်း ၊ နု ရာ က နေ စတင် ကု သ ချင်း ကို အားလုံး က သိ ကျ ပေ မဲ့ ၊ ပျင်း ပြီး သွား မ လုပ် ကြ တာ က များ ပါ တယ် ။
p.s.
ရွာ ထဲ မှ ဆရာ နှင့် ဆရာကြီး များ လည်း မိမိ ရဲ့ အမျိုးသမီး ကို ဂရု စိုက် ဖို့ မ အေ့ ပါ နဲ့ နော် ။
padonmar
November 3, 2013 at 8:19 pm
တညင်သား
တိတ်တိတ်နေ၊ဘပုကြားလို့ မူပိုင်ခွင့်တောင်းနေမယ်။
…
ဦးပေါ်ဦးရေ
ကျမပေးချင်တဲ့ မတ်စိကအဲဒါလည်းပါတယ်။
လက်လှမ်းမီရင် ကျန်းမာရေးစစ်ဆေးထားကြတာ မမှားဘူးပေါ့။
ဖြစ်လည်း နုတုံးသိရင်ကုရတာ သက်သာတာပေါ့။
အရီးခင်
November 3, 2013 at 9:13 pm
သတင်းကောင်းလေး ကြားရတာ ဝမ်းသာသွားတယ် အစ်မဒုံ ရေ။
ဒီနေ့ခေတ်မှာ တော်ရုံ ကင်ဆာ ရောဂါကတော့ ထိန်းထားနိုင်လောက်ပြီ ထင်ရဲ့။
သူငယ်ချင်းတစ်ယောက်လဲ ၂လ ဘဲခံမယ်ဆိုတဲ့ ကြားက ၂နှစ်ကျော်ပြီ။
စိတ်ဓာတ်အားကောင်းတာလဲ ပါမယ်ထင်ရဲ့။
ရောဂါ အမြန်ဆုံး ကင်းစင် သွားပါစေ လို့လဲ ဆုတောင်းပါတယ်။
padonmar
November 4, 2013 at 12:46 am
မလတ်ရေ
မအားတဲ့ကြားက အားပေးတာကျေးဇူးပါ။
Chemotherapy နဲ့ ဒီကင်ဆာကို ဆက်တိုက်ရမှာပေါ့။
ချစ်စ/ဆရာ
November 3, 2013 at 9:20 pm
( မရွှေပုရေ၊နောက်ကလူတွေတွက်ရော ကိုယ့်ကိုကိုယ်တွက်ရော မပူပင်နဲ့နော်)
ဒီစကားလေးတစ်ခွန်းဟာ အလွန်တန်ဘိုးရှိတယ်ဗျ
.. ပြောရရင်တော့ ပါရမီလို့ခေါ်ရမလားမသိ
ရံခါ စကားတစ်ခွန်းကို ကြားတာနဲ့ ဉဏ်နဲ့ယှဉ်ပြီး ပညာဆိုတာနဲ့
တိုင်းတာတွေးတောမိတဲ့အခါ
အလွန်တန်ဘိုးကြီးတဲ့ သတိသံဝေဂတစ်ခုကို ရတတ်တယ်
.. သေခြာပြန်တွေးကြည့်တော့
ဘဝဆိုတာ သတိမရှိလို့ကတော့ ဘာမှလည်းမဟုတ်ပါဘူးနော
အစဉ်လိုက် မျှောစီးသွားရတဲ့ရေစီးကြောင်းထဲက စီးမျှောခံ အရာဝတ္တုတစ်ခုလိုလိုပါဘဲ
padonmar
November 4, 2013 at 12:52 am
ချစ်စ/ဆရာ
သံသရာဆိုတာတွေးမိတော့ ကြောက်စရာနော်၊
သံဝေဂဖြစ်ပေမယ့် ရုန်းထွက်နိုင်စွမ်းလည်း မရှိသေး။
အဘ ဘုတ်ကလုံ
November 4, 2013 at 12:44 am
သမီးလေးဒုံဒုံရဲ့ မရွှေပုက မြစ်ပွားနာရောဂါပေါ့နော်..
မျှော်လင့်ချက်တော့ အင်မတန်နည်းပါတယ်လို့ အဘဘုတ်မြင်ပါတယ်။
ကျန်တဲ့ ရွာသူားတွေလဲ ကံ စိတ် ဥတု အာဟာရ ၄ပါးလုံး ညီအောင်ထားကြပါကွယ်..။
ဘယ်သူတွေ ဘာဆုတောင်းဆုတောင်း ကိုယ်ဖြစ်ကိုယ်ခံပါကွယ်။ ။
မြစ်ပွားနာကို တိုက်ဖျက်နိုင်တဲ့ဆေးဝါး မြန်မြန်ပေါ်နိုင်ပါစေကွယ်။
သတိအမြဲ ထားကြပါ.. ကျန်းမာရေးအတွက် ကုန်ကျမယ့် ငွေကို လုံးဝ (လုံးဝ) မနှောမြောကြပါနဲ့
အဘဘုတ် အကြံပြုပါရစေကွယ်…. အဟွတ်.. အဟွတ်…။
အဘဘုတ်လည်း သိပ်မမာပါဘူး။ ကိုယ်သက်တမ်းလေးတော့ ရှိသမျှ ပေါ့… သမီးလေးဒုံရေ..။ အဟွတ်..
padonmar
November 4, 2013 at 12:56 am
ဟယ်
ဒီရွာထဲ ကိုယ့်ကို သမီးခေါ်တဲ့သူရှိပြီ၊
တွေ့ရတာဝမ်းသာလိုက်တာ၊
Wow
November 4, 2013 at 10:22 am
လုပ်ထား အဘဘွတ်ကလုံရေ…
သူက ခေါင်တွေကိုချည်း ကိုင်တာ…
မရွှေပုအမြန်ကျမ်းမာပါစေလို့ ဆုတောင်းပေးပါတယ် အန်ကယ်ဒုံရယ် 🙁
kyeemite
November 4, 2013 at 10:54 am
အာတီဒုံရေ..နောက်ကျနေတာ ခွင့်လွှတ်ပါဗျာ..ပိတ်ရက်တွေဆို ရွာထဲကိုမရောက်နိုင်ဘူး..
ကြုံလို့ ပြောရရင် ကျနော့ အဖေနာမည်က “မောင်ပု” တဲ့…..
အဖေနဲ့ နာမည်တူတဲ့ မရွှေပု တစ်ယောက် အမြန်ပြန်ကျန်းမာလာပါစေဗျာ..
weiwei
November 4, 2013 at 2:14 pm
ဘာပြောရမှန်းမသိလို့ … မရွှေပု မြန်မြန်နေပြန်ကောင်းလာပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ် ..
Myo Thant
November 4, 2013 at 2:36 pm
အမဒုံရေ
အမရဲ့ အမပု အမြန်ဆုံး သက်သာပျောက်ကင်း ကျန်းမာရွှင်လန်းနိူင်ပါစေဗျာ ၊
စကားမစပ် အမေ့ညီမအရင်း မြစ်ကြီးနားက ကျနော့်အဒေါ်နာမည်က ဒေါ်ခင်ပု တဲ့ ၊
padonmar
November 4, 2013 at 8:22 pm
Wow, ဦးမိုက်၊ဝေ၊ကိုမျိုးသန့်
ဆုတောင်းပေးကြတာကျေးဇူးပါ။
ရွာထဲလည်း ပုအမျိုးတွေ အများကြီးပါလား။
နေတိုး
November 5, 2013 at 3:24 pm
မြန်မာပြည်မှာ ခေတ်စားနေတဲ့ ကင်ဆာဆိုတဲ့ ရောဂါကြီး အကြောင်းကတော့ ဆရာဝန်တွေမှတပါး အခြားမသိမို့
ကုတဲ့ ဆြာဝန်ကြီးတွေ အချိန်ပေးနိူင်ပါစေ
တာဝန်ကျ လက်ထောက်ဆြာဝန်တွေ စိတ်ရှည်ပါစေ
တက်ရောက်နေသော ဆေးရုံ အမှန်အကန်ဖြစ်ပါစေ
လူနာရှင် မိသားစု ပိုက်ဆံများများ တတ်နိူင်ပါစေ
လို့ ဆုတောင်းပေးရင်းဖြင့် ……
padonmar
November 5, 2013 at 10:51 pm
ရဲနေတိုးစီရဲ့ ခေတ်မီတဲ့ ဆုတောင်းပေါ့။