“ဖက်” တဲ့လား
“ဖက်” တဲ့လား
“ထွက်မသွားပါနဲ့ တားပေမဲ့…. မင်းနဲ့ ဘဝကို တည်ဆောက်ဖို့ အတွက်ပဲတဲ့။ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ ဝေဒနာတွေ ငါ့ကို တပုံကြီး ပေးခဲ့”
“ဟင်း …ဟင်း..ဒီသီချင်းပေါ့”
မချိတင်ကဲနဲ့ ခနိုးခနဲ့ ရီရင်း ပြောနေတဲ့ အေး မျက်နှာကို ကျွန်မ ငေးကြည့်မိလိုက်တယ်။
“သီချင်းဆိုတဲ့သူလား။ ဒါမှမဟုတ် ရေးတဲ့သူ ကိုယ်တိုင်ပဲ ခံစားခဲ့ရသလား မပြောတတ်ဘူး။ ဒါ့အပြင် ဒီလိုကြုံရတဲ့ သူတွေပဲ ထောင်သောင်းမက ရှိနေလို့ ရေးသူက အငှားခံစား ရေးသလား။ ငါကတော့ ငါ့ကို စောင်းပြီး ဆိုနေတယ်ပဲ ထင်တာ”
ခပ်ပြုံးပြုံးလေး ပြုံးကာလှည့်ကြည့်ရင်း ပြောလာတဲ့ အေးမျက်နှာမှာ သေချာကြည့်မယ်ဆို နာကျင်မှုတွေ အပြည့်။ အေး စကားကြောင့် ကျွန်မစိတ်ထဲ အေးထက်မပိုတောင် အေးအောက်မလျှော့တဲ့ နာကျင်မှုတွေကြောင့် ရင်ထဲမှာ စူးခနဲ တချက် အောင့်သွားတယ်။ အချစ်ဆုံး သူငယ်ချင်းမို့ ဖြစ်ရလေ သူငယ်ချင်းရယ်လို့ ရင်ထဲမှာ မချိလှဘူးရယ်။
“မငိုနိုင်တော့ဘူးတဲ့။ ဟုတ်တယ် ငါလည်း မငိုနိုင်တော့ဘူး။ ငိုလို့လည်း မရတော့ဘူး။ သိပ်ချစ်မိလို့ ရှုံးရပြီပေါ့တဲ့။ စကား လှလှပြောရရင် ချစ်မိလို ရှုံးရတာပေါ့။ တကယ်ဆို ငါအသုံးမကျလို့။ ငါ အယုံလွယ်လို့။”
စိတ်သဘောကောင်းပြီး အမြဲပြုံးနေတတ်သူ။ ရီလိုက်တိုင်း မျက်လုံးနှစ်လုံးဟာ ဘူးသီးကို လက်သည်းနဲ့ စိပ်ထားသလို ပိတ်ပိတ်သွားတတ်တာလေးကိုက ချစ်စရာကောင်းသူလေး။ ပိန်ပိန်ပါးပါးလေးနဲ့ ဖြူဖွေးတဲ့ သူ့အသားအရောင်နဲ့ လိုက်အောင် စိတ်ဖြူသူလေး။ ပြည့်စုံတဲ့ အေးချမ်းသာယာတဲ့ မိသားစုက ပေါက်ဖွားလာသူ။ အငယ်ဆုံး တဦးတည်းသော သမီးလေး။ အော်…အရာရာပြည့်စုံသူကိုများ ဘာအကြောင်းပြချက်နဲ့များ ထားခဲ့ရက်ပါသလဲ။ သိချင်သား။
“ဘာတဲ့ …နှစ်ယောက်ဘဝအတွက် သွားရမှာ။ နင်မှတ်မိသေးလား။ နင်ပါ ပါတယ်လေ အဲ့နေ့က။ ငါသွားရမှာ တို့နှစ်ယောက်ဘဝအတွက်ပါ။ နင်ပြောပေးပါဦးလို့ နင့်ကိုတောင် စစ်ကူတောင်းတယ်မဟုတ်လား။”
တွေးရင်း တွေးရင်း ရင်ထဲက နာလာတယ်ထင်ပါရဲ့ နှုတ်ခမ်းလေးတချက် မဲ့လိုက်ပါတယ်။ ကျွန်မတို့တွေ ကျောင်းပြီးစအချိန်။ နှစ်ယောက်တစ်ဘဝ တူတူတန်တန် ဖြစ်ဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကြိုးစားချင်လို့ နိုင်ငံရပ်ခြားကို ထွက်သွားဖို့ ကြိုးစားနေတဲ့ အချိန်တုန်းကတော့ ရည်ရွယ်ရင်း မှန်ပါလိမ့်မယ်။ မသွားဖို့တားရင်း ငိုနေတဲ့ အေးကို ချော့မရတာမို့ သားကြီးတယောက် ကျွန်မကို စစ်ကူတောင်းခဲ့တာလည်း အမှန်။ အခုလို အဖြစ်တွေ ဖြစ်မယ်လို့ ကြိုသိခဲ့ရိုးမှန်ပါလျှင် ကျွန်မ ဘယ်တိုက်တွန်းခဲ့ပါ့မလဲ။ မီးဝေးချိပ်လို အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ မာခဲသွားမှာ မတွက်မိတာ ငယ်သူငယ်ချင်းမို့ သံသယ မဝင်မိတာမှားပါသလား။ အော်…မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့သလိုပါပဲ။
အဲ့တုန်းကများ သူတို့လောက် ချစ်တတ်သူ မရှိသလိုမျိုး အချစ်ပိုကြတာ။ ဘာတဲ့ တယောက်က တယောက်ကို ချစ်ကြီးတဲ့။ တင်စားတာ ပြောပါတယ်။ နောက် ပြန်ထူးတာက ချစ်လေး။ ကျွန်မတို့က ချစ်စနိုးနဲ့ ချက်ကြီး ချက်လေးလို့ ခေါ်တော့ ဒေါပွမဆုံးဘူးလေ။ ပျော်စရာ အချိန်တွေပေါ့။ နေ့တိုင်းကျောင်းမှာ စကားပြောရတာ မဝလို့ ထင်ရဲ့ ညဘက် ဖုန်းပြောတာများ သန်းခေါင်သန်းလွဲထိ။ ဒါလည်း တနေ့တရက်မဟုတ် နေ့စဉ်။ နှစ်ဖက်မိဘတွေလည်း သိထားတာမို့ ဘာလိုသေးလည်း အချစ်ရယ် အဖြစ်မျိုး။ အရာရာဟာ ပန်းမွှေ့ယာ ရွှေကော်ဇော။ ကံကြမ္မာများ ကိုယ်ဖြစ်ချင်သလိုမဖြစ် သူဖြစ်ချင်လို ဖြစ်တာမို့ ကြမ္မာကငင်ပြီ။ နှစ်ဖက်မိဘနှစ်စုံလုံး ပြေပြေလည်တယ် ဆိုတာထက် ပိုတဲ့အခြေအနေ။ ဒါကို မကျေနပ်နိုင်တဲ့ သားကြီးတယောက် နိုင်ငံခြားရောဂါ ဘယ်ကဘယ်လို တက်လာတယ်မသိ။ တားမရ စီးမရ။ အေးတယောက် တငိုငိုနဲ့။ နှစ်ယောက်ဘဝအတွက် သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် မတားသာတော့ပဲ နောက်ဆုံးတော့ လွှတ်လိုက်ရတော့တယ်။ သားကြီး သွားခါစများကဆို အေးမှာ တော်တော်ကို ပိန်သွားရှာတာ။ နာမည်တောင် သူ့ရှေ့ထုတ်မပြောရဲဘူး။ နာမည်ကြားရုံနဲ့ မရွှေအေးတို့ မျက်ရည်က ကျကျလာလို့။ ရောက်ခါစက ကိုယ်တော်က တပတ်တခါ ဖုန်းဆက်။ အဲ…..နောက်တော့ တလ တခါ။ အဲ့လိုနဲ့ အနေဝေးလို့ သွေးအေးတယ်ထင်ရဲ့ သုံးလေးလမှ တခါဆက်တော့တယ်။ သူအလုပ်မအားရှာလို့ပဲ ဆိုကာ ကြံဖန်ခွင့်လွှတ်သေးတာ။ တွေးမိရင် သနားစရာ အေးရယ်ပါ။ ချန်ခဲ့သူနဲ့ ကျန်ခဲ့သူမှာ ကျန်ခဲ့သူ ပိုခံစားလေရော့လို့ ကျိန်စာများ ရှိခဲ့လေသလား။ အေးက ပိုခံစားရတယ်လို့ ဘက်လိုက်တယ်ပဲဆိုဆို ကျွန်မကတော့ ပြောချင်တယ်။ နောက်…နှစ်ကြာလာတာနဲ့ အမျှ ကိုယ့်ဘက်က မပိုင်နိုင်တော့တာ သိလာလို့ထင်ရဲ့ အေးခမျှာ ရတက်မအေးရှာဘူး။ ဟိုက သည်က သတင်းစကားတွေကြားရပြန်တော့ တခါ ဟုတ်များ ဟုတ်နေမလားလို့ ရင်ပူရ။ မပိုင်ဝက်မွေး ဘဝကိုး။ အေးက သားကြီးကို သိပ်ချစ်တာ သိလေတော့ ကျွန်မတို့လည်း အမှန်ကို မပြောရဲခဲ့ကြဘူး။ ဖုံးရင်း ဖိရင်းကြားက အေးသိသွားတဲ့နေ့ကများ အရူးမီးဝိုင်း ဆောက်တည်ရာမရ ဖြစ်နေတဲ့ အေးကို ကြည့်ပြီး ကျွန်မ သနားလိုက်တာ။ မိန်းမချင်းလည်း ကိုယ်ချင်းစာပါရဲ့။ ဆုပ်လည်းစူး စားလည်းရူးဘဝ။ မျက်ရည်တွေကြားထဲက
“ ငါ ကြားတာ သတင်းမှား မဟုတ်လား မိယု”
အဖြစ်မှန်ပေမဲ့ ကျွန်မဆီက လိမ်တဲ့ စကားလေးပဲ ဖြစ်ဖြစ် စိတ်သက်သာလို သက်သာငြား ကြားချင်လို့ မေးရှာတယ်။
“သူ မသွားခင်က ငါနဲ့ စေ့စပ်ကြောင်းလမ်းခဲ့တယ်လေ၊ သူ ဒီလို မလုပ်လောက်ပါဘူးဟာ။ ဟုတ်တယ် မဟုတ်လောက်ဘူး။”
အိမ်မက်သာ ဖြစ်လိုက်ပါတော့။ အိမ်မက်ဆိုးသာ ဖြစ်ပါစေ သူငယ်ချင်းရယ်လို့ ။ စိတ်ထဲမှာ အကြိမ်ကြိမ် ရေရွတ်ရင်း ကျွန်မမှာ လိုက်သာ သွားလို့ရရင် သားကြီးကို ရိုက်ရိုက်ပြီးသာ မေးလိုက်ချင်ရော့တယ်။ လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းပြီးမှ ကွဲကြ ကွာကြရင် အေးတယောက် သူ့ အသိုင်းအဝိုင်းကြားမှာ မျက်နှာတောင်ပြဝံ့ပါ့မလား။ သိက္ခာကို အလေးထားလွန်းတဲ့ အသိုင်းအဝိုင်းမို့ တခြားတခြားသော သူတွေနဲ့ အဖြစ်ခြင်းတူရင်တောင် အေးအဖြစ်က ပိုနာမှာ မလွဲဘူး။ နောင်…အချိန်နည်းနည်း ကြာလာတော့ အေးတယောက် အရာရာကို စဉ်းစားပြီးပြီ ထင်ပါရဲ့ ကျွန်မဆီ ရောက်လာပါတယ်။
“ငါ တရှက်ကနေ နှစ်ရှက် အဖြစ်မခံနိုင်ဘူးဟာ။ ယောက်ကျားလေးဆိုတော့ နီးစပ်မှုဒဏ် မခံနိုင်ဘူး ထင်ပါတယ်။ ခွင့်မလွှတ်တော့ရော ငါပဲအရှက်ကွဲမှာ မိယုရယ်။ သူသာ ပြန်လာပါစေ ငါခွင့်လွှတ်လိုက်မယ်။”
မိန်းမတွေဘဝဟာ ဖက်လိုပဲ။ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်။ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲ ပေါက်ရပြန်တာပဲ။ ဘယ်ဘက်က ကြည့်ကြည့် အနာဘက်ကမို့ အသက်သာဆုံးနည်းကို ရွေးတယ်ထင်ပါရဲ့။ အမှန်ဆို သစ္စာဖေါက်သူသာ ဒဏ်ခံရမဲ့ဟာကို အခုတော့ အဖေါက်ခံရသူမှာ သွေးချင်းချင်းနီလို့။ သနားလိုက်ပါဘိ။
နောက်တော့ အေးကပဲ အလျှော့ပေးလွန်းလို့လား မဆိုနိုင်ဘူး။ နိုင်ငံခြားထွက်သွားပြီး ငါးနှစ်ကျော်မှာ သားကြီးတယောက် ပြန်ရောက်လာပါတယ်။ ငယ်သူငယ်ချင်းတွေ ပြန်ဆုံတဲ့ပွဲမှာ အေးတယောက် ပျော်နေတာမြင်ပြီး ဘယ်သူမှ မမေးရက်ခဲ့ကြဘူး။ ပြီးတာတွေလည်း ပြီးပါစေပေါ့။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲဟာ သူငယ်ချင်းတွေထဲမှာ နောက်ဆုံးပွဲ။ အချိန်အကြာကြီး နေပြီးမှ အားလုံးပြန်ဆုံရတာမို့ အိုး….ပျော်စရာကောင်းလိုက်များ နာကျင်ခဲ့ရတာတွေ အကုန်မေ့။ သမီးလေး မွေးထားမိတော့ ဘယ်ဘက်က ကြည့်ကြည့် နာဘက်ကဖြစ်တဲ့ ဖက်အမျိုးမို့ အေး မိဘတွေမှာ သမီးကို မမေးရက်လို့သာ ရင်ထဲမှာတော့ ဘယ်လောက်များ ရင်ထိတ်နေကြသလဲဆို သမီး မင်္ဂလာပွဲပြီးမှ ရင်ထဲက အလုံးကြီးကျကာ စိတ်ချသွားပုံနဲ့ ဝမ်းသာစကားဆိုရှာတယ်။
“အားလုံး မျှော်နေတဲ့ပွဲ အခုမှပဲ ပွဲဖြစ်တော့တယ်” တဲ့လေ။
ဒါပေမဲ့ ဒီပျော်ရွှင်မှုလေးဟာ ဘယ်လောက်မှ မကြာနိုင်ဘူးဆိုတာရယ်၊ ဆေးခါးကြီး မလာခင် ပျားရည်လေး တစက် ချပေးတယ်ဆိုတာရယ်ကို ဘယ်သူကများ ကြိုသိနိုင်မလဲ။ သားကြီးတယောက် မင်္ဂလာပွဲအပြီး တလလောက်ကြာတော့ လက်စမသတ်ရသေးတဲ့ အလုပ်တွေ အပြီးဖြတ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်သွားလိုက်တာ ပြန်မလာတော့ဘူး။ တနေ့ပြန်လာနိုး တနေ့ပြန်လာနိုးနဲ့ လေးနှစ်သာကြာသွားရော ရေထဲချလိုက်တဲ့ ကျောက်ခဲလို ပေါ်ကိုမလာတော့တာ ဒီနေ့ အထိပဲ။ အေးမှာတော့ ဒီတခါ မိယုရယ် ငါဘာလုပ်ရမလဲလို့တောင် မမေးနိုင်တော့ဘူး။ မနေနိုင်လို့ ကျွန်မက မေးတော့မှ
“ငါလေ အကြိမ်ကြိမ် အမျိုးမျိုး စဉ်းစားတယ် ဘာလုပ်သင့်သလဲလို့ပေါ့။ အဖြေမရတဲ့ အကြိမ်က ပိုများတယ်။ ခပ်ရိုင်းရိုင်း ပြောရရင် တခါခြံခုန်ဖူးတဲ့ နွားဟာ ထပ်ခုန်မှာပဲ၊ ခွေးမြီးကောက် ကျည်တောက်စွပ်လို လူစားကို ငါက ခွင့်လွှတ်မိတာကိုး။ ဟင်းဟင်း…..စာချုပ်..လက်ထပ်စာချုပ်ကလဲ ငါ့အတွက်တော့ စက္ကူသာသာရယ်ပါ။ ငါ့ကို ဘာမှ ကာကွယ်မပေးနိုင်ဘူး။ ” ရင်ထဲမှာ အချိန်အတော်ကြာ မျိုသိပ် အောင့်အည်းလာတာတွေ အခုမှ တာကျိုးသလို အန်ကျလာတယ် ထင်ရဲ့။ နာနာကျင်ကျင်နဲ့ ပြောနေတဲ့ အေးကို ကျွန်မ ဘာမှ ပြန်မပြောနိုင်ပဲ ငေးပဲငေးကြည့်နေရတယ်။
“သူကမှ မပေါင်းချင်တော့တာ။ ငါ ဆက်လည်း မဆက်သွယ်ချင်တော့ဘူး။ တောင်းပန်ရအောင်လည်း ငါကမှ မမှားတာ မိယုရဲ့။ ငါ့ရဲ့ ကျန်နေတဲ့ သိက္ခာနဲ့ မာနလေးတော့ ဖက်တွယ်ထားချင်သေးတယ်။ ”
“ အခု နင် ဘာလုပ်ချင်လဲ”
ကျွန်မစကားက သူ့ပါးကို ဖြတ်ရိုက်ချလိုက်သလို ခံစားလိုက်ရလို့ ထင်ရဲ့။ ကျွန်မဘက် ရုတ်တရက် လှည့်လာတဲ့ အေးမျက်နှာမှာ နာကျည်းမှုနဲ့ နာကျင်မှုတွေ ရောထွေးကာ ဖုန်းမရ ဖိမရ ရုန်းကြွလို့။
“ ဘာလုပ်နိုင်မလဲလို့ မေးစမ်းပါဟာ။ ဘာလုပ်ချင်လည်းဆိုတာ လုပ်ခွင့်ရှိတဲ့ သူကိုမှ မေးရမှာ။ ငါ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ဥပဒေကရော လက်တလုံးခြား လုပ်တတ်သူတွေနဲ့ တွေ့တော့ ဟင်းဟင်း….။ ငါ ဘာများ လုပ်နိုင်မလဲ စုံစမ်းကြည့်တော့ တရားစွဲနိုင်မလားပေါ့။ ကာမကို လိမ်လည်ရယူမှုနဲ့ တရားစွဲရအောင်ဆိုတော့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားလို့ တရားဝင်လင်မယားမို့ မရဘူးတဲ့။ ရှင်းရှင်းပြောရရင် ရော်ကြေး မရဘူး။ လင်မယားခန်း ပြတ်ရင်တော့ တဝက်ရမယ်။ သူက သူ့နာမည်နဲ့ ဘာတခုမှ မရှိတော့ ငါက မပေးရရင်တောင် ကံကောင်း။ မယားစရိတ်တောင်းရင်ကော တပဲခြောက်ပြားပဲရမှာ။ အမှန်တော့ ငါ ငွေ မလိုပါဘူးဟာ။ သုံးနှစ် ထောက်ပံ့မှု မရှိရင် ကွာရှင်းခွင့် လျှောက်လို့ရတယ်။ ဒါတောင် သူက ကျေကျေနပ်နပ် လက်မှတ်ထိုးပေးပါမှ။ သုံးနှစ်ကြာရင် အလိုလို လက်ထပ်တာ ပျက်ပျယ်တယ်ဆိုတာကလည်း သူက တရားဝင် လက်မှတ်ထိုး ကွာပေးထားတာ မဟုတ်ရင် မိန်းမက နောက်အိမ်ထောင် ပြုမရဘူး။ ဘယ်လောက် ကြာကြာ မယားခိုးမှုနဲ့ တရားစွဲလို့ရတယ်တဲ့။ ငါကသာ သူ သစ္စာဖေါက်တာ နောက်တယောက်ယူတာကို အရေးယူမရတာ။ ဘယ်ဘက်က ကြည့်ကြည့် တို့ မိန်းမတွေက နာဘက်ကကြည့်ပါပဲ”
“ဟင်…အေး နောက်အိမ်ထောင်ပြုမလို့လား”
“တော်ပါပြီ မိယုရယ်။ ဒီတယောက်နဲ့တင် ကြောက်လှပါပြီ။ သူများ သားသမီးကို ယူထားပြီး ဘာတာဝန်မှ မယူတဲ့ ဒီကောင်ကို တခုခု သင်ခန်းစာ ပေးချင်တာပါပဲ။ ငါဟာ အသိုင်းအဝိုင်းနဲ့ မိကောင်းဖခင် သားသမီး။ ငါလို လူတောင် ဒီလို ဘာမှ ပြန်လုပ်လို့ မရနိုင်တာ။ ငါ့ထက် အားနည်းတဲ့ ငွေအင်အားနည်းတဲ့ မိန်းခလေးတွေ ဒီလို ဖြစ်ရင် ဒူးနဲ့ မျက်ရည်သုတ်ရုံပဲ ရှိတော့မယ်”
“အန်တီတို့ကရော ဘာပြောလဲ”
“ အမေကတော့ သိနေပေမဲ့၊ ငါ စိတ်မကောင်းဖြစ်နေတာသိတော့ ဘာမှ မပြောရှာဘူး။ ငါ့ကိုပဲ အရိပ်တကြည့်ကြည့်ရယ်။ တခုခု လုပ်သွားမှာ စိုးလို့ ထင်ပါရဲ့”
“ဒါဆို သားကြီး ဟိုမှာ မိန်းမ ယူထားတာကော၊ ပြန်မလာတော့ဘူး ဆိုတာရော သိလား”
“ အင်း…သိတယ်”
“ဟယ်”
“အမေကပြောတယ်ဟ…သမီး သူ့အပေါ် အကြွေးရှိလို့ ဖြစ်မယ်။ ဒီဘဝမှာ အကျေဆပ်လိုက်တယ်လို့ သဘောထားလိုက်တဲ့။ အမှန်တော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။ ငါ့ကို သနားလို့ ကျေရာကျေကြောင်း စိတ်သက်သာအောင် ပြောတယ်ဆိုတာ ငါသိပါတယ်။”
အေး ဆီက ပြန်လာတဲ့ အချိန်ထိ ကျွန်မ တခွန်းမှ အေးကို အကြံမပေးနိုင်ပါဘူး။ ကျွန်မမှာ ပေးစရာ အကြံကိုမရှိတာ။ ကျွန်မတို့ မိန်းမတွေကို မပေါင်းချင်လို့ ခွာသွားသူကို ဘယ်လိုများ တားနိုင်ဦးမှာလည်း။ တားလို့ ရခဲ့လို့ ပြန်ပေါင်းတော့ရော အလယ်မှာ အဆက်ရှိနေပြီမို့ ဘယ်လိုလုပ် ချောမွှေ့နိုင်တော့မလဲ။ ဘဝတလျှောက်လုံး သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ သေမှ မသေချာတော့တာ။ လူ့ဘဝတိုတိုလေးမှာ စိတ်မချမ်းသာတော့မှာ သေချာတဲ့ ဘဝကိုတော့ မပိုင်စေချင်တော့ဘူး။ မနေချင်လို့ သွားသူကို ဘာလို့များ တားနေဦးမှာလဲ။
“အမှန်တော့ အမရဲ့ အဲ့ဒါ မမအေး အမှား”
ဇာတ်စုံ သိထားတဲ့ ညီမလေးက ဝေဖန်စကားဆိုပါတယ်။
“ ပထမ တခါ စေ့စပ်ပြီးတော့ ပြန်မလာတော့ဘူး။ ပျက်မလိုလို ဖြစ်ကတည်းက အပျက်ခံလိုက်ရမှာ”
“ နင်ကလည်း အေးမှာက စေ့စပ်တာပျက်သွားတော့ နာမည်ပျက်မှာ ကြောက်နေရသေးတာ။ ဘယ်သူမှားမှား မိန်းခလေးကိုပဲ လက်ညှိုးထိုးကြမှာ”
“ အမကလည်း …အဲ့ဒါတွေ ခက်တာ။ အဲ့တုန်းကသာ ပြတ်စဲကြရင် စေ့စပ်တာပဲပျက်မှာမို့ ရည်စားတခုလပ်ပဲဖြစ်မှာ၊ အခုတော့ လင်တခုလပ်ဖြစ်တော့ ပိုဆိုးတာပေါ့”
ညီမလေး ပြောတာလည်း ဟုတ်သလိုလိုတော့ ရှိသား။
“ မိန်းမတွေဟာ ပေါက်တဲ့နဖူး မထူးတော့ဘူး။ တည်မိတဲ့ဘုရား ဠင်းတနားနား ဆိုပြီး တသက်လုံး ကျိတ်ခံစားကြတယ်။ အမှန်ဆို ကိုယ်မှားတာမှ မဟုတ်ပဲ အစကတည်းကသာ ပြတ်သားကြရင် ဒီလောက်ကို အခြေအနေ မဆိုးဘူး။ စေ့စပ်တာကို ဖျက်ပြီး မိဘပေးစားတာကိုသာ မမအေး ယူလိုက်ရင် အခုဆို သားတွေ သမီးတွေနဲ့ နေပျော်တဲ့ဘဝမှာ အသားကျနေလောက်ပြီ။ အခုတော့ ဘာဖြစ်လာသလဲ။ တခါမှားတာကို ဆယ်ဖို့ ကြိုးစားရင်းက နှစ်ခါမှားတာပဲ အဖတ်တင်တယ်”
“အေးကတော့ တရှက်ကနေ နှစ်ရှက် မဖြစ်ချင်လို့ထားပါ။ ဒီကောင် သားကြီးက ပိုယုတ်မာတယ်။ အစကတည်းက ပြန်မလာတော့မှာ သေချာတယ်။ သံယောဇဉ် မရှိတော့လို့ လက်မထပ်ချင်တော့တာ သေချာရင် ပြန်လာတုန်းက ပြတ်ပြတ်သားသား လုပ်သင့်တယ်။ သူက မပြတ်မသားလုပ်တော့ မိန်းကလေးမှာ နစ်နာရတာပေါ့”
ကျွန်မက အေးဘက်ကနေ မခံမရပ်နိုင်ဖြစ်ရင်း ပြောတော့ ညီမလေးက ခေါင်းရမ်းတယ်။
“ညီမလေးကတော့ မမအေးက ပိုမိုက်တယ်လို့ ထင်တာပဲ။ နောက်တယောက်တွေ့တာ ခွင့်လွှတ်နိုင်တယ်ထား။ လက်ထပ်တာလည်းထားဦး။ ကိုယ့်ဆီပြန်လာပြီးမှ ဟိုမှာလည်း အတူ ပေါင်းသင်းနေသူ ရှိတဲ့အရပ်ကို နောက်တခါ ပြန်သွားဖို့ ခွင့်ပြုတာ အမိုက်မဲဆုံး လုပ်ရပ်ပဲ။ အခုတော့ ရေစက်သာချလိုက်ပေတော့။ တော်သေးတာပေါ့ ကလေးတွေ ဘာတွေ မကျန်ခဲ့လို့”
“ကလေးကျန်ခဲ့ရင်တောင် မျှော်လင့်လို့ ရဦးမယ်။ ကလေးသံယောဇဉ်နဲ့လေ”
ကျွန်မစကားကြားတော့ ညီမလေးက ဟက်ဟက်ပက်ပက် ရီပါတော့တယ်။
“ ဒီမယ် မမယုရဲ့ မ ခင်မှ ဥ ခင်တာတဲ့။ ကြားဖူးတယ်မလား။ မ ကိုတောင် ပြစ်မှ ဒီ ဥ ကြီး ဘာလုပ်တော့မှာတုန်း။ ဟော့ ….ညီမလေးတို့ နှစ်အိမ်ကျော်က မငယ်လို ထပ်ဖြစ်မှာပေါ့။ ယောက်ကျားက နောက်တယောက် ထပ်တွဲနေလို့ ကလေးသံယောဇဉ်နဲ့ စိတ်များ ပြန်လည်လာမလားလို့ ကလေးထပ်ယူတယ်။ ပြန်လာလို့လား။ အရင် အကြီးလေး တယောက်တည်းနဲ့သာဆို ကလေးက ကြီးနေပြီမို့ လုပ်ကိုင် စားလို့ရဦးမယ်။ အခုတော့ မွေးကင်းစလေးနဲ့ ဘာမှလည်း လုပ်ကိုင်စားမရ။ လင့်ရဲ့ မသထာရေဆာကို မျက်နှာအောက်ကျို့ပြီး တောင်းနေရတာပဲ အဖတ်တင်တယ်။ ဒီလိုအကျင့်ရှိတဲ့သူကို ကလေးတယောက်မပြောနဲ့ ဆယ်ယောက်နဲ့ ဆွဲတောင်မရဘူး ဆရာမကြီးရဲ့။ ဟိုတယောက် လက်ထဲမှာကော ဘယ်လောက် ကြာနိုင်မလဲ သိချင်သား။ မမအေးကိုသာ ပြောလိုက်ပါ အစကတည်းက ရှုံးနေတာမို့ အေးအေးသက်သာ အရှုံးပေးလိုက်တော့လို့။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတာမို့ သူ့ထိုက်နဲ့ သူ့ကံ တနေ့ တန်ပြန်ပါလိမ့်မယ်လို့ ပြောဖြစ်အောင်ပြောလိုက်ပါ”
အော်….ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်။ ဖက်ပေါ် ဆူးကျလည်း ဖက်ပဲပေါက်ရပြန်တယ်တဲ့။ ပြောတတ်ပလေတယ်။ ခိုင်းနှိုင်းတတ်ပလေတယ်။ “ဖက်” တဲ့လား။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဖက် ဘဝမို့ ပေါက်ရတာ ဓမ္မတာလို့ ကိုယ်ညံ့လို့ ကိုယ်ခံရတယ်ဆိုကာ ခံခဲ့ရသူကို စာနာမည့်သူကော ရှိပါဦးမလား။ ညီမလေး ပြောသလို အေးကရော ကျေကျေနပ်နပ် အရှုံးပေးနိုင်ပါ့မလား။ မပေးနိုင်ခဲ့ရင်ကော ဘာတွေများ ဆက်ဖြစ်ဦးမှာလဲ………..။
22 comments
sorrow weaver
November 15, 2013 at 5:29 pm
သေတောင်နောင်ကြဉ်သွားမယ့် အဖြစ်ဆိုးတွေတိုးခဲ့လည်း…ရင်ထဲမှတ်ရန်အငြိုးတွေ..မထားပါ…..ဘာမှဟုတ်ဘူး…တီချင်းဝင်ဆိုတာ..အဟိဟိ
TNA
November 15, 2013 at 5:43 pm
မမှီတို့ကတော့ ပျောက်ချက်သားကောင်းရာကနေ ပေါ်ပေါ်လာပြီး သူများကိုဝေဒနေတွေပေးပေးသွားတယ်။ ပထမတခါအစား အခု အလွမ်း ဖတ်ရင်းဖတ်ရင်း ရင်ဘတ်ကြီးတောင်နာလာသလိုပဲ။ ဒေါသထွက်လိုက်တာ။ မမှီညီမလေးပြောမှပဲပြတ်ကရော။ မမှီညီမလေးပြောတာမှန်တယ်။ ဒါပေမဲ့လဲ အေးက ချစ်လွန်းအားကြီးလို့ ပျော့ညံ့သွားတာနဲ့တူပါတယ်နော်။ ပထမတခါစေ့စပ်ပြီးကတဲ့ကဖျက်လိုက်ရမှာ။
kai
November 16, 2013 at 12:43 am
မ,ကိုကျဉ်လည်း ဥ,ကိုခင်တဲ့ အဖေတွေအများကြီးပါဗျာ..။ ဖတ်ပြီး.. ဟိုနားဒီနား နာသလိုလို..။
sorrow weaver
November 16, 2013 at 8:39 am
ဒေါင်းဥကိုပြောတာလား တဂျီးးးးး အဟိဟိ
Tristan
November 16, 2013 at 10:07 am
ရွာက မြို့ ဖြစ်သွားတာနဲ့ တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် ကျွဲကောသီးရောင်းတဲ့ မ-၃လုံး ကို မြင်ပြီးကတည်းက ဒေါင်းဥမကလို့ မိကျောင်းဥလောက်တောင် စာမလိပ်တော့ဝူး ဆိုပဲဗျ…..
ငိငိ..
(အဲ… နောက်ထပ်တိုက်ဆိုင်တာတထုကတော့ ဒို့ အဘဖော ဩဇီ ပြန်သွားတာပါပဲဗျာ…)
အာ..ဟိ
ဒက်ဂလောက်..
Foreign Resident
November 16, 2013 at 10:29 am
Tristan says:
” ကျွဲကောသီးရောင်းတဲ့ မ-၃လုံး ကို မြင်ပြီးကတည်းက ဒေါင်းဥမကလို့
မိကျောင်းဥလောက်တောင် စာမလိပ်တော့ဝူး ဆိုပဲဗျ….. ငိငိ..
( အဲ… နောက်ထပ်တိုက်ဆိုင်တာတထုကတော့ ဒို့ အဘဖော ဩဇီ ပြန်သွားတာပါပဲဗျာ…) ”
အဘ မနေ့ကဘဲ ဩဇီ အိမ် ပြန်ရောက်ပါတယ်ကွယ် ။
ဲအဘ မိန်းမ ကို ဗဟုသုတ ရစေဖို့ ၊ ဩဇီ က ကိစ္စမို့လို့လဲ ပါသပေါ့ ၊
အဲဒီ ကျွဲကောသီးရောင်းတဲ့ သမီးလေးရဲ့ VDO ကို ၊ ဒီနေ့ ပြလိုက်မိတာ ၊
” ရှင် တနေ့တနေ့ ဒါတွေဘဲ ကြည့်နေတာလား တဲ့ “
Foreign Resident
November 16, 2013 at 3:24 am
ဆူး ပေါ် ဖက် ကျလည်း ၊ ဖက် ပဲပေါက်မှာဘဲ ။
ဖက် ပေါ် ဆူး ကျလည်း ၊ ဖက် ပဲပေါက်မှာဘဲ ။
ဘာကြောင့် ဖြစ်ရတာလဲ ။
ဆူး က မာ ထက် ပြီး ။
ဖက် က ပျော့ ပါး တာကိုး ။
အဲဒါကြောင့် ၊ ဖက် ကိုယ်တိုင်က မာကျော ထူထပ် အောင် ကြိုးစားလိုက်ပါ ။
သံမဏိ ဖက် ဖြစ်သွားရင် လာသမျှ ဆူး အကုန် ကျိုးရောပဲ ။
ယောက်ျား လုပ်စာ ကိုထိုင်စားတဲ့ အားပျော့တဲ့ မိန်းမသား ဘဝ ကနေ ၊
ယောက်ျား ကိုပါ လုပ်ကိုင် ကျွေးမွေးနိုင်တဲ့ မာကျောတဲ့ မိန်းမသား ဘဝ ၊
ရောက်တဲ့အထိ ပြောင်းလဲ ပြစ်လိုက်စမ်းပါ ။
ပါတ်ဝန်းကျင် ကိုလည်း ဂရုစိုက် မနေနှင့် ၊
ကိုယ် အောင်မြင်လာရင် ၊ ပါတ်ဝန်းကျင် ကပါ ကိုယ့်ကို ဦးညွှတ်လာလိမ့်မယ် ။
ငွေ ၊ ဂုဏ် ၊ အာဏာ တစ်ခုခု ကို ဆုပ်ကိုင်မိဖို့သာ ၊
ဒလမန်းကျန်း ကြိုးစား ရယူလိုက်စမ်းပါ ။
ပါတ်ဝန်းကျင် က သူ့အလိုလို ကိုယ့်ကို ဦးညွှတ်လာလိမ့်မယ် ။
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 7:38 pm
အော်….ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်။ ဖက်ပေါ် ဆူးကျလည်း ဖက်ပဲပေါက်ရပြန်တယ်တဲ့။ ပြောတတ်ပလေတယ်။ ခိုင်းနှိုင်းတတ်ပလေတယ်။ “ဖက်” တဲ့လား။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဖက် ဘဝမို့ ပေါက်ရတာ ဓမ္မတာလို့ ကိုယ်ညံ့လို့ ကိုယ်ခံရတယ်ဆိုကာ ခံခဲ့ရသူကို စာနာမည့်သူကော ရှိပါဦးမလား}}}}}
…..
အခုနောက်ပိုင်းခေတ်မိန်းကလေးတွေမှာတော့ ဒါတွေကိုသိပ်မှုပုံမရတော့ဘူးနော်…..
—-
ဆူး က မာ ထက် ပြီး ။
ဖက် က ပျော့ ပါး တာကိုး ။
အဲဒါကြောင့် ၊ ဖက် ကိုယ်တိုင်က မာကျော ထူထပ် အောင် ကြိုးစားလိုက်ပါ ။
သံမဏိ ဖက် ဖြစ်သွားရင် လာသမျှ ဆူး အကုန် ကျိုးရောပဲ ။
ယောက်ျား လုပ်စာ ကိုထိုင်စားတဲ့ အားပျော့တဲ့ မိန်းမသား ဘဝ ကနေ ၊
ယောက်ျား ကိုပါ လုပ်ကိုင် ကျွေးမွေးနိုင်တဲ့ မာကျောတဲ့ မိန်းမသား ဘဝ ၊
ရောက်တဲ့အထိ ပြောင်းလဲ ပြစ်လိုက်စမ်းပါ ။
ပါတ်ဝန်းကျင် ကိုလည်း ဂရုစိုက် မနေနှင့် ၊
ကိုယ် အောင်မြင်လာရင် ၊ ပါတ်ဝန်းကျင် ကပါ ကိုယ့်ကို ဦးညွှတ်လာလိမ့်မယ် ။
ငွေ ၊ ဂုဏ် ၊ အာဏာ တစ်ခုခု ကို ဆုပ်ကိုင်မိဖို့သာ ၊
ဒလမန်းကျန်း ကြိုးစား ရယူလိုက်စမ်းပါ ။
ပါတ်ဝန်းကျင် က သူ့အလိုလို ကိုယ့်ကို ဦးညွှတ်လာလိမ့်မယ် ။}}}}
…..
အဘဖောပြောသလို သံမဏိဖက်ဖြစ်လို့ နှုတ်ပိတ်ကျိတ်ပြောခံနေရတဲ့ဖက်တွေလည်း တပုံကြီးပါ။
ဘာပဲဖြစ်ဖြစ်
လူတိုင်းဟာ ကိုယ့်အကြောင်းထက်ပိုပြီး သူများအကြောင်းကို တစ်သက်လုံးစိတ်မဝင်စားနိုင်ပါဘူး..
ဒါပေမယ့်…အမှတ်ရစရာပေါ်တိုင်းတော့ ပြန်ပြောနေမိကြတာလည်းရှောင်မရနိုင်ဘူး….
…
…
ဖြစ်ချိန်တန်ဖြစ်..ပျက်ချိန်တန်ပျက်
ဖြူစိုင်း လူ
November 16, 2013 at 7:39 am
ဂလိုရှိပါတယ်မမှီ..
ဖက် ဘွကနေခံစားပီးရေးသွားတာ တစ်ကယ်ပဲ ခံစားရလိုက်ပါတယ်.. ခံစားရဆို ဇာတ်အိမ်ကလဲ ခိုင်ခန့်ပေတာကိုး.. ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို သိပ်သိပ်ချစ်၊ အဲဒီကောင်လေးက နိုင်ဂျံဂါးကိုသွား၊ နောက်ဆုံးတော့ ကောင်မလေးမှာ မျက်ရည်နဲ့ အဲဒီ့အခွက်ကြီးပဲကျန်.. မြန်မာဇာတ်ပေါကြီးတွေထဲကလိုပဲ
မယုံမရှိပါနဲ့.. ကျော် မြန်မာဇာတ်ပေါကြီးတွေမကြည့်တာ ဆယ်စုနှစ် တစ်စုကျော်သွားပီ.. ကျော် သူများရေမြေမှာနေလာတာလဲ ဆယ်စုနှစ်တစ်ခုကျော်ပီပေါ့နော်.. ဆိုတော့ကာ.. ကျော်လဲ မမှီဇာတ်လမ်းထဲက လူကြမ်းကြီးတစ်ယောက် ဖြစ်ချင်လဲ ဖြစ်နေနိုင်တာပေါ့နော်.. အဲလိုပဲထားပါတော့
ဆိုတော့ ထပ်ပြီးပြောရရင် မမှီလဲ သူများရေမြေမှာ လောင်တော်မင်နဲ့ လိုက်နေရင်း တစ်မြေရပ်ခြား၊ တိုင်းတစ်ပါးက ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ဖူးမယ်ထင်ပါတယ်.. ခက်တာက မမှီရောက်ခဲ့တဲ့နေရာမှာ ကြေးမြန်မာတွေ သိပ်မရှိဘူး.. ဆိုတော့.. ဒါလဲခွင့်လွှတ်လို့ရပါတယ်
ဒီနေရာမှာ စကားဖြတ်ပြီးဗျာ.. မမှီ ကျော်တို့လို လူတွေအပေါ်မှာ အတော်လေးသံယောဇဉ်ကြီးတယ်ဆိုတာ ကျော့် မောင်ဂလာဆင်မှာ စာရေးဆရာတွေထဲက ဦးဆုံးရောက်တဲ့သူတစ်ယောက်အနေနဲ့ရော၊ ဘယ်သူ့ပွဲမှ မတက်ဖူးပဲနဲ့ ကျော့်ပွဲကျမှ လူလုံးထွက်ပြတာကိုရော တစ်ကယ်ကို အပရီရှိတ် လုပ်ပါတယ်.. ဒီနေရာလေးမှာတော့ ပြောစရာလေးရှိလာလို့ ပြန်ဆွေးနွေးချင်ပါတယ်ပေါ့
ဒီတော့ ကျော်တို့ ဆက်ဆွဲကြမယ်ဗျာ
ကျော် ဆင့်ကာပူရမှာ နွားကျနေတုန်းက ကျော့်ကိုယ်ပိုင်အိမ်လေးတစ်လုံး မြန်မာပြည်မှာ ရှိတယ်ဆိုပါတော့.. အဲဒီအိမ်မှာ ကျော် ဖက်ရွက်လေးတစ်ရွက်ကို တင်ထားခဲ့တယ်.. မိုးလုံလေလုံပေါ့.. သုံးလေးနှစ်လောက် သွားကျွန်ခံနေရာကနေ အိမ်ပြန်လာတော့ ကျော့်ကို အိမ်ကခွေးတောင် အမြီးမနန့်ဘူး.. အဲဒီဖက်ရွက်လေးကို နေ့တိုင်း အပေါက်လေးဖောက်နေတဲ့ ဘောက်ဖတ်တစ်ကောက်ကတော့ တစ်သွေးတစ်မွေးနဲ့ လှလို့ပလို့.. ကျော်လဲ အဲဒီ့အိမ်ကြီးကို ရွံ့လွန်းလို့ အလကားပေးပြီး ဒေါ်လှ ၂ဝ ထဲနဲ့ လိမ်ဗျံဂျီးစီးလို့ ကန္တာရထဲ ရောက်လာပြန်သပေါ့နော်.. အဲဒီမှာပဲ နောက်ထပ် ၅ နှစ်ကျော် ၆ နှစ်လောက် ထပ်နေဖြစ်ပြန်သပေါ့..
ပြီးတော့ကာ အမှတ်မရှိ နောက်ထပ် ဖက်ရွက်လေးတစ်ရွက်ခူးမိပြန်သပေါ့
နောက်ဆုံးတော့လဲ ဆူးပဲ ကျိုးသွားပြန်သတဲ့ကွယ်..
ပုံပြင်လေးကတော့ ဒါဘာဘဲ..
(မြန်မာသောက်ပေါကားတွေထဲက
လူဂျမ်းကြီး။)
Tristan
November 16, 2013 at 10:09 am
အဝေးက ဦးချည ..ရွှေတိဂုံမြေပြန်မရောက်သေးသရွေ့တော့..
ဘာ ဖြစ်ဖြစ် သတိသာ ထား..
ငါတို့ရည်းစား သူများနဲ့ညား ….
အသေသာ မှတ်စွဲထား ..what so ever
ပျော်အောင်သာနေကြ..
မဟာလူတန်းစား အိပ်မက်များ..
အိမ်ပြန် အခန်းပိတ်ကျိတ်ငိုကြ …
အာရုံတက်တိုင်းထ.. မနက်တိုင်း ကြက်ဖ ..(အဲ့လေ တက်ကြွ)
လူလည် အာရှသား…
ဗြဲ …..
အဲ့လို လေးဒွေ စိပါဒယ် မမီရေ…
ကျော်လည်း …
မှတ်ပလား ဆိုဒေါ့ … မမှတ်သေးပါဝူးဗျာ…
ဦးဦးပါလေရာ
November 16, 2013 at 11:04 am
မှားတယ်… မှန်တယ်…. ဒီလိုဖြစ်သင့်တယ်… ဟိုလိုဖြစ်သင့်တယ်… ဆိုတာတွေကတော့
လူမှု့ဘဝပုစ္ဆာတွေမှာ တွက်တဲ့သူအပေါ်မူတည်ပြီး ထွက်လာတတ်တဲ့ အဖြေ မဟုတ်တဲ့ အဖြေတွေပါပဲ…။
ဒီနေရာမှာ .. ကျုပ်ကတော့
မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေရဲ့
လက်ထပ်ထိမ်းမြားခြင်း
ကွာရှင်းပြတ်စဲခြင်း
အမွေဆက်ခံခြင်း ဆိုင်ရာတွေမှာ
မညီမျှတာတွေ
မတရားတာတွေ
လူ့အခွင့်အရေးချိုးဖေါက်ထားတာတွေနဲ့
ဒင်းကြမ်းပြည့်နှက်နေကြောင်း
ထောက်ပြချင်တယ်..။
အဆင့်ရှိတဲ့လူမျိုးတွေနေတဲ့ အဆင့်ရှိတဲ့တိုင်းပြည်မျိုးတည်ဆောက်ချင်ရင်
အဲဒီ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေလို့ဆိုတဲ့
(လွန်ခဲ့တဲ့ နှစ်ခြောက်ရာခွန်နှစ်ရာက အိန္ဒိယဟိန္ဒူ ဖြတ်ထုံးတွေကို ခိုးချထားတဲ့)
မတရားမှု့ တွေ ဒင်းကြမ်းပြည့်နေတဲ့ ဥပဒေကို ပြောင်းပြန်လှန် အသစ်ရေးသင့်တယ်….
ဟိုးထား…. ဟိုးထား…. ငပါလေရာ….
နင်က ထင်ရာမြင်ရာတွေလျှောက်ပြောနေ..
ဟိုမှာဖြင့် ထမိန်စောင့်ဥပဒေကိုတောင် လွှတ်တော်တင်တော့မယ်….
သာကီမျိုးဟေ့- သူတို့မြန်မာ….
:kwi:
alinsett
November 16, 2013 at 9:07 pm
အပေါက် မခံတဲ ့ ဖက်တွေ ရှိပါတယ်…
အဟိ..
တွေ ့ဖူးတယ်..။
surmi
November 17, 2013 at 9:43 am
နင့်နင့်သီးသီး ခံစားရပါတယ်..
ဒါကြောင့်သိပ်မခံစားရအောင် နှစ်ခါပြန်ပြီးဖတ်ပါတယ် …
အကြောင်းအရာပိုင်းကတော့အထူးပြောစရာမရှိပါဘူး။
အရေးအသားတွေကိုတော့ဖြင့် အထူးလေးစားအားကျမိပါကြောင်း
ဖွဲ့စည်းပုံကောင်းလွန်းလို့ စာဖတ်နေရင်းအလုပ်ပေါ်လာတာကို စိတ်တိုမိသည်အထိ…။
လက်ကကိုမချချင်ဖြစ်မိတာ ။
ဒါနဲ့တစ်ဆက်တည်းမှာ ” ကွေးကောက်သွားသောဆူးတစ်ချောင်းအကြောင်း” ကိုလည်း
တနေ့ကျရင်တော့ဖြင့် ပြောပြချင်မိပါသေးရဲ့ဗျာ….
Ma Ma
November 17, 2013 at 9:23 pm
ပေါ်မလာ အတော်ကြာမှ ဝေဒနာတွေပေးဖို့ ရောက်လာတဲ့ မှီ ရေ………
မိန်းကလေးတွေထဲမှာလည်း မာဆင့် ( Hardness) အမျိ ုးမျိ ုး ရှိကြမယ်ထင်တယ်။
အေး ကိုတော့ စိတ်ပျောတဲ့အထဲ ထည့်ချင်တယ်။
မိန်းကလေးပဲဆိုပြီး အားငယ်တတ် အလျှော့ပေးတတ်တဲ့စိတ်ကို လျှော့သင့်တယ်။
ဒီစာကိုဖတ်ပြီး မိန်းကလေးငယ်အနေနဲ့ သင်ခန်းစာ ရနိုင်တာမို့ အကျိ ုးများလှပါတယ်။
ဖက်တွေ မပေါက်စေချင်သလို
ဆူးတွေကိုလည်း မကျိ ုးစေချင်ပါဘူး။ 🙁
(အသီးသီးကိုယ့်ကိုယ်ကို ကာကွယ်နိုင်ကြပါစေ။)
KZ
November 18, 2013 at 9:46 am
မမှီ ရေးတတ်လိုက်တာ။
ကျနော် အသက်ရလာတာနဲ့ အမျှ သိသိလာတာ
Relationship တိုင်းမှာ အားစမ်းရတယ်။
ကိုယ့် အားနည်းချက်ကိုလည်း ကိုယ်တိုင်သိရတယ်။
သူများ အားသာချက်ကိုလည်း သိဖို့ကြိုးစားရတယ်။
အမျိုးသမီးတွေက သဘာဝ အားဖြင့် Attack မလုပ်နိုင်ဘူးလေ။
ဒါကြောင့် Defense ကောင်းရတယ်။
၂ ခုလုံး အားနည်းတဲ့သူက အရှုံးနဲ့တွေ့တယ်။
နောက်ပြီး အချစ်ဘယ်လောက်ကြီးကြီး သတိမပါရင် သွားပါလေရောလားးးး
မမှီ စာဖတ်ပြီး ယူတတ်ရင် သင်ခန်းစာတွေချည်းပဲ။
nozomi
November 18, 2013 at 10:30 am
ဆူး နဲ့ ဖက် ဆိုတဲ့ အယူအဆ က အရင်ထက် စာရင် နဲနဲ ပြောင်းလာပြီ ဆိုပေမဲ့
အခု ထိ ရှိတော့ ရှိနေသေးတာပဲ
ဆူး ရော ဖက် ပါ အသိ သတိ တော့ လိုတယ်
ဦးကြောင်ကြီး
November 18, 2013 at 10:34 am
လူဆိုဒါ မီးနဲ့ဝေးတဲ့ ဖယောင်းလိုဗဲ ဆိုလားဗာလား အဲသလို ဥမပါမျိုးဗျာ…
ယောက်ျားမှမဟုတ် မီးမဒွေလဲ ထို့နည်းတူစွာပါဗဲ.. တွေ့မြင်သိကြားနေရတာ ပြောပါဒယ်…
ပြောရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ထက် ဆိုးမယ်… မပြောတာဗဲကောင်းပါမည်ထင်တယ်…
ဆိုဒေါ့… အနေဝေးရင် ဖောက်ပြန်တတ်ကုန်တာ လူ့သဘာဝ ဖြစ်လေသလား.. ဆုတ်ခေတ်မိုလို ဆိတ်ဓာတ်တွေ ချို့ယွင်းကုန်လေသလား..
ပိုရှုပ်ပိုညစ်ထေးတဲ့ ဇာတ်တွေတဗုံဂျီးပါဗဲဗျာ… ပြောမကောင်းလို့.. ပြောရင် သိကုန်ဂျလိမ့်မယ်.. ဒီတော့ မသိခြင်ထောင် ထောင်နေတာဗဲ ဘေးကင်းရန်ကွာ ဆိတ်ချမ်းသာ၏။
သို့ပေကလိ အဲလိုလူမျိုး ဟာမျိုးတွေက အသံကောင်းဟစ် သစ္စာမေတ္တာရွှေမန်းသဘင်ဇာတ်ခင်း ကပြနေရင်တော့ ရယ်ချင်ပက်ကျိ တခွိခွိဖြစ်ရတယ်.. ငါကိုယ်က မကောင်းတာပါလေ…။
hmee
November 18, 2013 at 1:07 pm
အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။
TNA ရှင့် အမြဲအားပေးတာကျေးကျေးပါနော်။
——————
ဟုတ်ပါတယ် သဂျီး
တချို့ ဖခင်တွေဟာ မိခင်တွေထက် ဥကိုပိုခင်တာ ရှိပါတယ်။
—————–
လေဖောရှင့် ဘာပဲဖြစ်ဖြစ် မ သဘာဝကကိုက အားနည်းတာပါ။
ဘယ်လောက်မာတဲ့ဖက်ပဲ ဖြစ်ပါစေ ဖက်ဟာဖက်ပါပဲ။
——————
ရှံးလူရေ ဆူးကို ချိုးတဲ့ဖက်လည်း တွေ့ဖူးပါတယ်။
အခုအဖြစ်ဟာ တကယ့်အဖြစ်ပါ။ တခါတလေ တကယ့်လက်တွေ့ဘဝက အဖြစ်တွေဟာ ရုပ်ရှင်တွေထက် ပိုဆန်းကျယ်ပါတယ်။
မမှီ သူငယ်ချင်းရဲ့ တကယ့်အဖြစ်။ ေ
ရှ့နေတွေနဲ့လည်း တကယ် တိုင်ပင်ခဲ့တာမို့ သိခဲ့တာလေ။
မမှီပြောချင်တာက လက်ထပ်စာချုပ်နဲ့ချုပ်လိုက်ရင် ပိုင်ပြီလို့ မတွက်စေချင်တာ။ တက်ဆို စိတ်ကိုသာ ပိုင်သင့်တာမဟုတ်လား။
မိန်းခလးတွေကို သိစေချင်တာ။ တကယ့်အဖြစ်ကို တကယ်ကို ခရေေ့တွင်းကျ သိပြီး ခံစ ရေးတာမို့ ဇာတ်အိမ်ခိုင်တာ ဖြစ်မယ်။
မမှီလည်း ပြည်ပမှာ အထီးကျန်စွာနေဖူးလို့ ပြ်ပကလူတွေခံစားချက်ကို တကယ်ကိုနားလည်ပါတယ်။
ရှုံးလူဆိုသလို သံယောဇဉ်ကြီးတယ်ဆိုပါတော့။ အမှန်တော့ ခံစားချက်ကို နားလည်တာ ဆိုရမှာ။
———————
ဦးပါလေရာရှင့် သူငယ်ချင်းအတွက်မေးတော့မှ အဲ့ဒါတွေသိရတော့မိန်းခလေးတွေကို သိစေချင်လိုက်တာ။
တကယ်ကို အရှုံးကြည့်ပဲဆိုတာ။
———————
ဦးဆာမိရှင့် ဖက်ကြောင့်ကောက်တဲ့ဆူးတွေတွေ့ဖူ်းတယ်။
ကိုယ်နဲ့ သိပ်မနီးတော့ ခံစားမရသေးလို့။ စာဆိုတာ ကိုယ်တိုင် ခံစားပြီးရေးမှ ရေးရတာ ပိုသွက်တယ်နော်။
———————
မမရေ အေးကပျော့လွန်းတယ်။ နောက်ပြီး ပုံသေတွက်လွန်းတယ်။ လက်ထပ်ထားရင် ချည်ထားနိုင်ပြီတွက်တာမှားတာ။
ကိုယ်ဘက့်က အရှုံးကို သူတွေးမထားဘူး။ မိန်းခလေးတွေ လက်ထပ်စာချုပ်ရှီရင် ပိုင်ပြီလို့ မတွက်စေချင်ဘူး။
ဒါဟာ ကိုယ့်ကိုကိုယ် ပြန်ချည်တယ်ဆိုတာ သိစေချင်တယ်။
စာနာတတ်တဲ့ယောက်ကျားဆို မထောင်းသာပေမဲ့ အကြင်နာကင်းသူဆို တသက်လုံးသွားပြီ။ ယုတ်မာသူဆို တွေးကြည့်ပေတော့ပဲ။
———————-
KZ ရေ တချို့တွေ မှာ ဒါမျိုးလေးတွေ ရှိနေတာ သိစေချင်တာပါပဲ။
———————-
ကို နိုဇိုမီရှင့် ကိစ်စတိုင်းမှာ ဘက်နှစ်ဘက် ရှိတတ်တယ်လေ။ ပေါက်တဲ့ဖက်ရှိသလို ကျိုးသွားတဲ့ ဆူးတွေလည်း ရှိမှာ အသေအချာပါ။
ကျွန်မက မိန်းမမို့ မိန်းမဘက်က ရေးတာ မဟုတ်ပါ။ အနီးဆုံးရဲ့ အဖြစ်မှာ ကိုယ်တိုင် ဝ င်ရောက် စွက်ဖက်ရင်း ကိုယ်သိရှိခံစားခဲ့ရတာလေးတွေကို ခံစားကြည့်ပြီး တင်ပြတာပါ။
———————-
ဦးကြောင် အားပေးတာ ကျေးကျေးပါ။
ကလေးတဖက်နဲ့မို့ ပြန်ဆွေးနွေး ရတာ အားမရဘူး။ ရေးလိုက် တောက်တောက်ပြေးနေတဲ့ သမီးကို လိုက်ဆွဲ လိုက်မို့ အမှားပါရင် ခွင့်လွှတ်ပါလို့။
ဝ ါသနာတူ မောင်နှမအလုံးကို ခင်မင်လေးစားလျှက်
မှီ
Wow
November 18, 2013 at 5:00 pm
ခံစားတတ်သူဘက်က ရှုံးတတ်တာပါပဲ…. ဆေးပညာသဘောအရဆိုရင်လဲ ယောက်ကျားက အားသာပါတယ်… အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ဦးနှောက်သဘာဝဖွဲ့စည်းမှုအရ ယောက်ကျားတွေ ဘက်က အချစ်လျော့လာပြီး မိန်းမတွေဘက်ကတော့ အချစ်ပိုလာတတ်ကြသတဲ့… ဒါပေမဲ့ မြန်မာ မိန်းခလေးတွေရဲ့ မှီတွယ်လိုစိတ်များတာ၊ ကိုယ့်ဘက်က အရှုံးလို့ပဲ လှေနံဓားထှစ်ခံစားနေတတ်တာ တွေလဲ ပါပါလိမ့်မယ်….
ကိုရီးယားကားတွေထဲမှာတော့ ခလေးအမေ လင်ပစ်သွားသူတွေ တယ်စွံပဲ…
ပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ပါပဲ… ရှုံးတယ်လို့ ခံစားလိုက်ရင် ရှုံးတာပါပဲ… ကြယ်ပွင့်တစ်ပွင့် ကြွေကျသွားတာ ကောင်းကင်တစ်ခုလုံး ပြိုကျသွားတာ မဟုတ်ပါဘူး…
ဖြစ်သင့်လို့ပဲဖြစ်ဖြစ် မဖြစ်သင့်ဘဲပဲဖြစ်ဖြစ် ပြီးသွားတဲ့အရာတစ်ခုကို Why me? လို့ ခံစားမနေပဲ… ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ပဲ လိုတာပါ…
Foreign Resident
November 19, 2013 at 4:01 am
Wow says:
” ဆေးပညာ သဘောအရ ဆိုရင်လဲ ယောက်ကျားက အားသာပါတယ်…
အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ဦးနှောက်သဘာဝ ဖွဲ့စည်းမှုအရ ၊
ယောက်ကျားတွေ ဘက်က အချစ်လျော့လာပြီး ၊
မိန်းမတွေ ဘက်ကတော့ အချစ် ပိုလာတတ်ကြသတဲ့ ”
အဲဒါ အမှန်ဘဲလား ။
အထောက်အထား Link လေးများ ရနိုင်မလားဗျာ ။
KZ
November 19, 2013 at 8:45 am
ဝါးးးးး ရေ။
ဟိ။
ဘဖောမေးနေပြီ။
အနော်တော့ ဆေးပညာနဲ့ပြောဘူးးးး
စိတ်ပညာနဲ့ ပြောမယ်။
အသက်ကြီးလာလေလေ မိန်းမတွေက သတ္တိရှိလေ သတ္တိကောင်းလေ တစ်ယောက်တည်း နေချင်လေ။
အသက်ကြီးလာလေ အမျိုးသားတွေက သံယောဇဉ်ကြီးလေ အနားမှာ ရှိတဲ့သူကို ပိုခင်တွယ်လေလေပဲ။
( ခုခိ ခုခိ)
😀
Wow
November 19, 2013 at 9:25 am
တူ့မိန်းမ ဆြာဝန်မဂျီးဆီမေးရင်မေး ဒါမှမဟုတ် google မှာ ကွကိုယ်ရှာပေါ့အေ…. တကထဲတော်… တကထဲတော် ….