ကြာသပတေးညနေ တနင်္ဂနွေနံနက်ခင်း- သော်ဇင်(လွိုင်ကော်)
(၁)
ကျွန်တော် သူ့ကိုတွေ့တော့ မျက်ကွင်းလေးတွေညိုနေတယ်။ မဟုတ်ဘူး။ မျက်ခမ်းအောက်ဘက်လေးတွေပိုညိုနေတာဗျ။ ပိန်တယ်ဆိုတာ သူ့ရဲ့ ပင်ကိုယ်အနေအထားတစ်ခု။ မမြင်ရတာကြာသွားပေမယ့် သူ့ ခန္ဓာကိုယ်ကို ပိုပြီး ထူးခြားမလာစေခဲ့ဘူး။ ကျွန်တော်မျှော်လင့်ခဲ့တဲ့ သူ့သွင်ပြင်ဟာ လန်းဆန်းခြင်း၊ တက်ကြွခြင်းတွေနဲ့အပြည့်လို့။ ဒါတွေကိုခုချိန်မှာ မမြင်ရဘူးလားမေးရင် မြင်ရပါတယ်။ ဒါပေမယ့် ပါးပါးလှပ်လှပ်လေး။ သူ့ရောက်နေတယ်ဆိုတဲ့ အကြောင်း ဖုန်းဆက် စကားပြောမိကြတော့ ကျွန်တော် သူ့ကိုတွေ့ချင်စိတ် တော်တော်ပြင်းပြလာတယ်။ ဒါဟာ ကြာသပတေးညနေခင်းတစ်ခုရဲ့ ပြန်လည်ဆုံတွေ့ခြင်းအထိမ်းအမှတ်တစ်ခု။ သူနဲ့တွေ့ဖို့ ကျွန်တော်တို့ပြင်ဆင်တာ သုံးနာရီခွဲကြာသွားတယ်။ ဘီလူးချောင်းဘေး ရွှေခြင်သေ့စားသောက်ဆိုင်ကြီးမှာ ဘီယာလေးစုပ်ရင်း အတူပါလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားတွေပြောရင်း ညဦးပိုင်းအချိန်တွေကို ကုန်ဆုံးစေတယ်။ နာရီဟာ အချိန်မှန်လည်ပတ်မြဲပါပဲ။ ကျွန်တော့်စိတ်တွေကသာ စောနေတော့ စောင့်ဆိုင်းရတဲ့အချိန်တွေဟာ ကြာလွန်းနေခဲ့တယ်။
အဲဒီဆိုင်လေးကနေ အနောက်တောင်ယွန်းယွန်းက မြင်နေရတဲ့ တောင်ကွဲစေတီကိုဘက်ကိုကြည့်ပြီး တစ်ချက်တစ်ချက် ညကောင်းကင်ထက်ကို မြင့်တက်လာတဲ့ တန်ဆောင်တိုင်ပွဲတော်ဆီက ထင်ရှူးတိုင်မီးရှူး မီးပန်းတွေရယ်၊ ပြီးတော့ တစ်ရပ်ကွက်တစ်လှည့်နဲ့ လွှင့်တင်နေတဲ့ မီးပုံးပျံတွေရယ် ကျွန်တော်ကြည့်တယ်။ ဒါလည်း ခဏပဲ ။ ပြီးတော့ နာရီကိုကြည့်မိရပြန်တယ်။ ရှစ်နာရီ ခွဲလု ခွဲခါနီးလေးမှာ Message လေးတစ်စောင့် ဝင်လာတယ်။
“ Come to my home “
အဲဒီ Message လေးကိုမြင်လိုက်တာနဲ့ ဆိုင်ကယ်သော့တွဲလေးကို ဖျက်ခနဲ ကောက်ဆွဲတော့ အတူထိုင်နေတဲ့ သူငယ်ချင်းက မေးတယ်။
“ဘယ်လဲ“ တဲ့။
“ခဏ ငါပြန်လာခဲ့မယ်။ မင်းကို ငါ Surprise လုပ်ချင်လို့ “
ကျွန်တော်ပြောပြော ထွက်ထွက် ပြေးလာခဲ့တော့ သူငယ်ချင်းက နားမလည်စွာနဲ့ကျန်ခဲ့တယ်။ ကျွန်တော့် ဆိုင်ကယ် လမ်းခုလတ်မှာ ဖုန်းဝင်လာတော့ သူ့ဖုန်း။
“အေး ဟေ့ရောင် မင်းရောက်ရင် စောင့်နေနော် ငါ နာရီစင်ကနေ ဆင်းလာနေပြီ“
ကျွန်တော် သူ့အိမ်ကိုရောက်တော့ ကျွန်တော့်မှာ စိတ်တွေပဲ စောနေလို့လားမသိဘူး။ အသက်ရှုတွေတောင်မြန်လို့ နေတယ်။ သူ့အဒေါ်ချပေးတဲ့ ခုံလေးမှာ ကျွန်တော်ထိုင်တော့ ဒူးက အလိုလိုနေရင်း နန့်နေမိပြန်တယ်။ ဒါက စိတ်မငြိမ်သက်ခြင်းရဲ့သဘောကို ဆောင်နေတဲ့သဘော။
စက္ကန့်ပိုင်းလေးပါပဲ။ သူ ရောက်လာတော့ ကျွန်တော့်ဆီ တန်းတန်းမတ်မတ်ပဲ လျှောက်လာတယ်။ ပြီးတော့ ကျွန်တော့်ပခုံးကို ပုတ်လိုက်စဉ်ခဏမှာ သူ ဟာ သူ မဟုတ်တော့သလို ကျွန်တော်ဟာလည်း ကျွန်တော်မဟုတ်တော့ သလိုဖြစ်သွားခဲ့တယ်။
(၂)
ပြောပုံက တစ်ခါတစ်ခါ တက်ကြွသွားလိုက်။ တစ်ခါတစ်ခါ ငေးငိုင်သွားလိုက်ပါပဲ။ ကျွန်တော်က သူ့ကို ကြည့်တော့ သူကလည်း ကျွန်တော့်ကိုကြည့်တာပေါ့။ ခု စားပွဲဝိုင်းလေးမှာ လူက သူနဲ့ သူ့ရှေ့လေးတင်ရောက်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ဆို လူကပိုစည်လာတယ်။ တစ်ယောက်ရုပ်သွင် တစ်ယောက်ကြည့်ပြီး ထင်မြင်ချက်လေးတွေ ပေးလိုက်ကြတာလဲ လူစင်စစ်ကနေ ဝက်ဖြစ်လို့ဖြစ်၊ ပုလွေရိုးဖြစ်လို့ဖြစ်ပေါ့။ ရှေးဟောင်းနှောင်းဖြစ်လေးတွေနဲ့ ငယ်ကျိုး ငယ်နာဖော်ပြောကြတော့လည်း ရယ်လိုက်ကြတာ တဝါးဝါး တဟားဟား။ ပြီးတော့ ပစ္စုပ္ပန်မှာ ဘယ်လိုအနေအထား အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ ယှဉ်ထိုးပြောကြတယ်။ ဒါပေမယ့် အတိတ်အကြောင်းကို ပြောတဲ့အခါမှာတော့ သူရော ကျွန်တော်ရော အသံတွေတိတ်ဆိတ်လာရပြန်တယ်။ အတိတ်ကိုလွမ်းလောက်စရာလားလို့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ကျွန်တော်ကတော့ လွမ်းလောက်စရာလို့ ပြန်ပြောခဲ့တယ်။
သူနဲ့ သူ့အိမ်လေးမှာတွေ့တွေ့ချင်း ပခုံးကို သုံးချက်နောက်ကနေပုတ်တယ်။
“မင်း မင်းကွာ ဒီလောက်တောင်ဝ ရသလား“ တဲ့။
“ငါက မင်းမမှတ်မိဘူးထင်နေတာ မင်းမှတ်မိသားပဲ“
“မင်းကရောငါ့ကို ဘာကြောင့်မှတ်မိတာလဲ အတူတူပဲကွ“
ကျွန်တော်က ဟက်ခနဲတစ်ချက်ရယ်တယ်။ သူကပြောပြန်တယ်။
“လောကမှာ ပြောင်းလဲသွားတာတွေ အချိန်နဲ့အမျှဆိုပေမယ့် တချို့အရာတွေကိုတော့ လောကကြီးက မပြောင်းလဲပေးနိုင်တာတွေရှိတယ်ကွ။ ဒါကဘာလဲဆိုတာ ငါမပြောနိုင်ဘူး။ မင်းဘယ်လောက်ဝဝ မင်းဆိုတာကို ငါ သိနေတယ် “ တဲ့။
ကျွန်တော့်ရင်ထဲမှာ လှိုင်းလုံးလေးတွေ တရိပ်ရိပ်လာပြီး ရိုက်ခတ်သွားသလိုပဲ။ သူ ကျွန်တော်နောက်ကျောမှာ ပြုံးနေမလား။ ကျွန်တော်က သူ့ရှေ့မှာဆိုင်ကယ်မောင်းပြီး ပြုံးနေသလား ။ ကျွန်တော်မသိဘူး။
ခုတော့ စကားတွေ ပြောနေကြပါပြီ။ အချိန်တွေများစွာ ကုန်ခဲ့ပြီ။ ခုချိန်မှာတော့ အချိန်တွေကုန်သွားခဲ့တာဟာ ဘာမှမဟုတ်ခဲ့သလိုပဲ။ ခုထိုင်နေကြတဲ့သူငယ်ချင်းက သူရော ကျွန်တော်အပါအဝင် ငါးယောက်။ တစ်ယောက်နဲ့ တစ်ယောက် အလုပ်အကုိုင် အကြောင်းတွေ ပြောကြတယ်။ လက်ရှိ အခြေအနေကို မေးကြတယ်။ မတွေ့ခဲ့တဲ့ အချိန်တွေ အတွင်းမှာ ဘယ်တွေသွားပြီး ဘာတွေလုပ်ခဲ့ကြသလဲ။ ဘယ်လိုအခက်အခဲ ဘယ်လို ခံစားမှုတွေဖြစ်ခဲ့ကြသလဲ။ ဘယ်အချိန်မှာ စိတ်ဓါတ်တွေကျပြီး၊ ဘယ်အချိန်မှာ ပျော်ရွှင်ခဲ့ရသလဲ။
ဒီအခါ တစ်ယောက်က သူပျော်ခဲ့ရတာတွေကို တက်တက်ကြွကြွနဲ့ တရစပ်ပြောသွားတယ်။ ငေးမောစရာ။ တစ်ယောက်က သူဘယ်လို အောင်မြင်ခဲ့သလဲဆိုတာကို အချက်အလက်အကိုးအကားတွေနဲ့ ပြောပြသွားတယ်။ အားကျစရာ။ တစ်ယောက်ကလည်း လက်ရှိအနေအထား အိမ်ထောင်ကျခဲ့တဲ့ အတွေ့အကြုံတွေကိုပြောသွားတယ်။ ဒီအချိန်မှာ သူရော ကျွန်တော့်မျက်လုံးတွေပါ အရောင်တွေ တဖိတ်ဖိတ်တောက်လို့။ သူနဲ့ ကျွန်တော်အလှည့်ရောက်လာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ်။ ဘဝဟာ တစ်ခါတစ်ခါ အဲလိုပဲ ပြုံးစရာကောင်းပါတယ်။
(၃)
“ ငါ မဲဆောက်မှာနေရတုန်းက သဲထမ်းရတယ်။ သူများတွေ သုံးခေါက်ရောက်တဲ့အချိန် ငါက တစ်ခေါက်။ မောလည်းမောတယ်။ ဒီအခါမှာ ငါဘာတွေးလဲဆိုတော့ ငါက ကာယလုပ်အားကိုအားကိုးလို့မရတဲ့လူတစ်ယောက်။ ဉာဏအားကိုအသုံးပြုမှ ငါ့ဘဝတိုးတက်မယ်ဆိုတာကိုမြင်လာတယ်။ အဲဒီမှာ ငါ ဘာလုပ်လဲဆိုတော့ အင်္ဂလိပ်စာကို ငါလေ့လာချင်လာတယ်။ လေ့လာချင်တာမှ ငါ ကောင်းကောင်းပြောတတ်၊ ရေးတတ်ချင်လာတာ။ အဲဒီအချိန်ငါ့လက်ထဲမှာ ပိုက်ဆံတစ်ကျပ်မှမရှိဘူး။ စာအုပ်ဝယ်ဖို့ပိုက်ဆံမရှိဘူး။ ဒီအခါ သူများနားက စာအုပ်တွေငှားရတယ်။ vocabularies တွေကိုအားရင် ထိုင်ကျက်တယ်။ Grammar လေ့လာတယ်။ နောက်စာအုပ်ငှားမယ့် လူ မရှိတော့ဘူး။ စာကြည့်တိုက်တွေသွားတော့ အင်္ဂလိပ်စာအတွက် သီးသန့်မရှိဘူး။ ဒီမှာငါ အင်္ဂလိပ်လိုရေးထားတဲ့ ဂျာနယ် အဟောင်းတွေကို သွားတွေ့တော့ တောင်းလာတယ်။ ဖတ်တယ်။ ငါ့ခံစားချက်တွေကို ချရေးတယ်။ အဆင်မပြေတာတွေကိုချရေးတယ်။ တစ်ယောက်တည်းပြောကြည့်တယ်။ တချို့က ဂေါက်နေတယ်လို့ထင်ချင်ကြတယ်။ တချို့က အားပေးတယ်။ အတူနေ ဝါသနာရှိပါသူတွေနဲ့ ငါပြောတယ်။ နောက်အဲဒီသူငယ်ချင်းတွေမရှိတော့ ငါ တစ်ယောက်ထဲ ဘာလုပ်လဲ သိလား“
သူ့အပြောမှာ အမောကို ကျွန်တော်တွေ့တယ်။ မျက်လုံးထဲမှာ သူ့လှုပ်ရှားပုံတွေ တစ်ကွက်ချင်းမြင်လာရတယ်။ သူပင်ပန်းပုံတွေ။ ဂျာနယ်ဟောင်းတစ်ထပ်နဲ့ ဖတ်မှတ်နေတဲ့ ဟန်။ သူ့ဦးလေးရဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကို တိုင်မှာ ချည်ပြီး ဗွီအိုအေအသံလိုင်း ဂျီဂျီဂျဲဂျဲကြားကနေ အင်္ဂလိပ်စကားပြောတာတွေကို နားထောင်နေဟန်။ နောက် မှန်တစ်ချက်ထောင်ပြီး တစ်ယောက်တည်း ကိုယ်မျက်နာကိုယ့်ကြည့် ကိုယ့်ပါးစပ်ကိုယ်လှုပ်တဲ့ အနေအထားကိုကြည့်ပြီး လေ့ကျင့်တဲ့ ဟန်။ ဒါတွေဟာ လူငယ်တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အားမာန်တွေ။ နောက်တော့ အင်္ဂလိပ် Guide ဆရာတစ်ယောက်အဖြစ် အသက်မွေးလာနိုင်တဲ့အထိ သူအောင်မြင်လာတယ်။ ဒါပေမယ့် လခစားပဲ။ သူ ဘွဲ့မရခဲ့ဘူး။ မြန်မာပြည်က ဘွဲ့ကို သူမယူခဲ့ဘူး။
ခုချိန်မှာအလုပ်ကောင်းကောင်းတစ်ခုမှာ အနေအထားတစ်ခုအထိတော့ သူအဆင်ပြေနေခဲ့ပြီ။ မဲဆောက်မှာ ခြောက်နှစ်။ မြန်မာပြည်ပြန်လာတာ နှစ်နှစ်။ ဘဝဟာ ဒုံးရင်း ဒုံရင်းပါပဲ။
ဒီကနေ့နေ့လည်ခင်းမှာ သူနဲ့ကျွန်တော်နှစ်ယောက်တည်းပဲ။မနေ့ညက သူငယ်ချင်းတွေ အလုပ်ရှိလို့မလာကြဘူး။ ကျွန်တော့် သူ့အတွက် သောကြာတစ်ရက်ကိုခွင့်ယူလိုက်တယ်။ သူနဲ့စကားပြောတယ်။ လက်ရှိအနေအထားကို မြင်အောင်ကြည့်ကြတယ်။ ဘဝက ဟန်ပဲရှိတယ်။ အဆန်မရှိတာချင်း သူရော ကျွန်တော်ရောအတူတူပါပဲ။ ရက်စွဲလေးတွေ ကတဲ့အခါမှာ သူနဲ့ကျွန်တော်ထိုင်နေခဲ့ဖူးပါတယ်။ လ အချို့ ခုန်ပေါက်တဲ့အချိန် သူနဲ့ကျွန်တော် အိပ်နေခဲ့ဖူးပါတယ်။ ရာသီအချို့ ကျန်းမာရေးမကောင်းတဲ့အခါ သူရော ကျွန်တော်ပါ နေမကောင်းခဲ့ပါဘူး။
တစ်ဆယ့်ခြောက်နှစ်ဆိုတဲ့ အရွယ်ကနေစ ခု နှစ်ဆယ့်ရှစ်ဆိုတဲ့ အချိန်ကာလအပိုင်းအခြားအတွင်းမှာ သူ သူ့အိမ်ကို ခြေချ အိပ်စက်တဲ့အချိန်ဟာ တစ်လမပြည့်ဘူး။ ဒီလိုပဲ ကျွန်တော်လည်း တစ်လမပြည့်ဘူး။ ခုလည်း သူ လာခဲ့ပါတယ်။ သူခြေလုံးဝမချဘူးလို့ ဆုံးဖြတ်ထားခဲ့တဲ့ မြို့ကလေးရဲ့ ရင်ခွင်ကို သူ ဝင်လာခဲ့တယ်။ မြို့ကလေးက နွေးထွေးစွာကြိုသလား မကြိုသလား ကျွန်တော်မသိဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်တို့တွေ ရင်ဘတ်ချင်းနီးခဲ့ဖူး လည်ပင်း ဖက်ခဲ့ဖူး၊ ထမင်းအတူစားဖူးတဲ့အတွက်တော့ ရာသီစာ စားမြုံပြန်ရတာနဲ့တင် နွေးထွေးခြင်းဆိုတာကို သီးသန့် အဓိပ္ပါယ်ဖွင့်စရာမလိုပါပဲ နားလည်နေလိမ့်မယ်လို့ထင်ပါတယ်။
(၄)
ကားဂိတ်မှာ လက်မှတ်ဖြတ်နေပြီ။
“ဟေ့ရောင် ငါ ပြန်ရမလား“ တဲ့။ သူမေးတယ်။ ကျွန်တော်ဘယ်လိုပြောရမလဲ။ မနက်ဖြန် စနေနေ့ထွက်မယ့်ကားက တစ်ခုံပဲလွတ်တယ်။ နောက် တနင်္ဂနွေမှာတော့ ခုံတွေတော်တော်များများရှိနေသေးတယ်။ လာတာ ကြာသပတေး။ ပြန်တာ စနေ။ ဒါနဲ့။
“မင်းတွေ့ရမယ့်လူ ကုန်ပြီလား။ နောက် မင်းကိုတွေ့ချင်ကြတဲ့လူတွေကို မင်း ဒီအတိုင်းပဲထားခဲ့မလို့လား။ နေလို့ရရင်တော့ မနက်ဖြန်တစ်ရက်လောက်တော့ နေစေချင်တယ်“
သူ တွေဝေသွားတယ်။ ကျွန်တော့်ကိုကြည့်တယ်။ ကျွန်တော်က
“ဟေ့ကောင် မင်းသဘောနော် ငါကပြောပြတာ။ ငါက မင်းကိုတွေ့လိုက်ရလို့ကျေနပ်ပေမယ့်။ မင်းကိုမတွေ့လိုက်ရလို့ မကျေနပ်တဲ့လူတွေရှိနေဦးမယ်။ ပြီးတော့ မင်းစကားပြောလို့ဝပြီလား။ “
“ညီမ မနက်ဖြန်ပဲ ယူတော့မယ်ရလား“
စာရေးမလေးက မျက်လုံးပင့်ကြည့်ပြီး ကျွန်တော့်တို့ကိုကြည့် ပြုံးတယ်။
“ဟုတ်ကဲ့ ရပါတယ် အစ်ကို“
ဒီလိုနဲ့ သူ နဲ့ ကျွန်တော်သာ ကျန်တဲ့ စနေ။ တခြားဘယ်သူငယ်ချင်းမှ ဖုန်းမဆက်လာသလို၊ ရှိတဲ့သူကလည်း အလုပ်နဲ့မို့မလာနိုင်ပါဘူး။ တန်ဆောင်တိုင်ပွဲတော်ကွင်းထဲ ဟိုလျှောက် ဒီလျှောက်။ ပွဲခင်းထဲ ဟိုလျှောက် ဒီလျှောက်။ တောင်ကွဲစေတီအောက် ဟိုလျှောက် ဒီလျှောက်။ ဒီည သူကျွန်တော်အိမ် လိုက်မအိပ်တော့ဖို့ ကျွန်တော်ပြောတယ်။ အရင် ကြာသပတေးညနဲ့ သောကြာည နှစ်ည ကျွန်တော်အိမ်မှာအိပ်ပြီး ညဉ့်နက်တဲ့အထိစကားတွေပြောကြတယ်။
တခြား အလုပ်တွေနဲ့ အောင်မြင်နေကြတယ် အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အိမ်ထောင်မရှိသူ၊ အိမ်ထောင်ရှိသူတွေကြားမှာ သူ့အနေအထား ကိုယ့်အနေအထားကို မြင်ကြတယ်။ ပြောကြတယ်။ ဘဝမှာ အောင်မြင်ဖို့ ဘာတွေလိုတယ်ဆိုတာ သိဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ခါးလည်ကနေပြတ်ပြတ်ကြတာ သူရော ကျွန်တော့်မှာပါ ထုံးစံ။ အခက်အခဲတွေဆိုတာ စနေမိုးလို ရွာလိုက် တိတ်လိုက်ပါပဲ။
အတိတ်က ဘဝမှာ ဆိုးခဲ့တဲ့ ကိုယ်ပြုခဲ့ဖူးတဲ့ ကံအချို့အချို့ လက်ရှိအနေအထားမှာ မိုးမလင်းတဲ့ ညမျိုးတွေလိုမျိုး မိုးထားတယ်။ မွေးဖွားရှင်သန်လာခဲ့ရတဲ့ မိသားစုရိပ်မြုံလေးထဲမှာ စိတ်ချမ်းသာမှုအချို့အချို့ကို ကျွန်တော်ရောသူပါ မရခဲ့ကြဘူး။ နှိပ်လိုက် မြင့်လိုက်နဲ့။ ဒါပေမယ့်ပေါ့ စိတ်ဓါတ်တွေ ကျနေလို့မဖြစ်ဘူးဆိုတာ သိဖို့လိုတယ်လို့ သူက ကျွန်တော့်ကိုအားပေးတဲ့အခါ ကျွန်တော့်ကသူ့ကိုပြန်အားပေးပေါ့။ သူက
“ဒီနေ့ မင်းနဲ့ငါ နှစ်ယောက်တည်းနော် သူငယ်ချင်း“
“အင်းလေ“
“ငါ ဒီမြို့ကနေ ပြန်ရမလို မပြန်ရမလိုနဲ့ ဘာဖြစ်နေမှန်းမသိဘူး။“
“ငါ နားလည်ပါတယ် သူငယ်ချင်း“
“ဒါပေမယ့် ငါပြန်ရတော့မယ်။ နောက်တစ်ပတ်ဆိုခွင့်ပြည့်ပြီ။ မင်းရောငါရော ဘဝတူတယ်။ သူငယ်ချင်းတွေက ငါ့ဆီဖုန်းလာရင် မင်းနဲ့ငါ့ကို အားကျသတဲ့“
ကျွန်တော်ရယ်တယ်။ ဒါပေမယ့် အသံမထွက်ဘူး။
“သူတို့အားကျတာ လစာကောင်းတဲ့အလုပ်မှာ နှစ်ယောက်လုံး လုပ်နေရလို့။ တကယ့်လက်တွေ့မှာ အဲဒီကောင်းလှပါတယ်ဆိုတဲ့ လစာနောက်မှာ ဖြေရှင်းလိုက်ရတဲ့ပြဿနာတွေ သူတို့မမြင်ဘူး။ “
“တော်တော့ကွာ။ မပြောတော့နဲ့။ ငါတို့ရှေ့မှာ လျှောက်ရမယ့်လှေကားတွေ အထစ်တွေအများကြီးပဲ။ ကောင်းကင်ကိုကြည့် ငါတို့နှစ်ယောက်ကြည့်ရင် ပြည့်နေတဲ့ လတောင် တစ်ပိုင်းပဲ မြင်တယ်။ တိမ်တွေဖုံးနေတယ်။ ဒါ မိုးလေကင်းစင်တဲ့ တန်ဆောင်မုန်းလ။ ဒါပဲ သူငယ်ချင်း ဘာပဲဖြစ်ဖြစ်အပြည့်အဝ ငါမလိုချင်တော့ဘူး။ အရိပ်ဆိုလည်း တခြမ်းပဲရရ၊ မိုးရွာရင်လည်း ဖွဲဖွဲပဲရွာရွာ၊ ……“
နောက်တော့ ဘာမှမပြောဖြစ်ကြတော့ဘူး။
ဆိုင်ကယ်ဘီးလေး လှိမ့်နေတာ မြန်သလား၊ နှေးသလား၊ အဲဒီည အိမ်အပြန် ကျွန်တော် တိုးတိုးလေး ဆိုလာခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်။
“အားလုံးပြီးဆုံးသွားတော့+++++++ရင်တစ်ခုလုံးကြေသွားလား+++++++++ကိုယ်ချင်းစာပါတယ် အိုသူငယ်ချင်းသိပ်မဆန်းဘူး++++++++++++ရှေ့ဆက်ပြီးတော့တွေ့ကြရမှာပဲ +++++++++++++ဆုံးရှုံးခြင်းက တို့တတွေ ပြေးမလွှတ်နိုင် မောပမ်းလွန်းတဲ့ မင်းရဲ့လိပ်ပြာလေး +++ဖြေသိမ့်လိုက်“
ဟုတ်တယ် သူငယ်ချင်း ဖြေသိမ့်လိုက်ပါ။
(၅)
မနက်(၆)နာရီ (၂၄) မိနစ်။
ကျွန်တော် ခြံထဲက ရေလောင်းပြီးအပြန် နာရီကိုကြည့်တော့ မမီတော့ဘူး။ ကားထွက်နေလောက်ပြီ။ အဲဒီအချိန်မှာ ပဲ ဖုန်း Ringtone မြည်လာတယ်။
“သူငယ်ချင်း ငါ ပြန်ပြီနော်၊ မင်းအလုပ်ရှိလို့မလာနိုင်တာကို ငါနားလည်ပါတယ်။ နောက်မှတွေ့မယ် သူငယ်ချင်း။ ဒါပဲ Good Bye“
နောက်မှတွေ့မယ်။
Good Bye
နုတ်ဆက်သွားတဲ့ တနင်္ဂနွေနံနက်ခင်းမှာ နှင်းတွေ ဝေတာ သူ မကြည့်သွားခဲ့ပါဘူး။
သော်ဇင်(လွိုင်ကော်)
Date-18th-Nov-2013
Time-03:49 PM
4 comments
alinsett
November 20, 2013 at 1:00 pm
လူငယ်တို ့ရဲ ့အရှေ ့မှာ
လှေကါးထစ်တွေ အများကြီးး
တချို ့က တက်ဖို ့ ဟန်ပြင်ကြတယ်
တချို ့က တက်လို ့ရောက်သွားကြပြီ
တချို့ကတော့ တက်ရမှာ ကြောက်လို့နောက်ဆုတ်
အင်းးး
ကိုသော်ဇင်ရေ
ကိုသော်ဇင့် လက်ရာတွေကို
အားပေး ခံစားနေမြဲပါနော့်
ရွှေမိုးတိမ်
November 20, 2013 at 1:01 pm
သဘောကျတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝနဲ့သံယောဇဉ် ။ ကိုသော်ဇင့် စာလေးတွေက ဖတ်လို့ကောင်းပြီးအမြဲအတွေးတွေပေးတတ်ပါတယ်။
kyeemite
November 20, 2013 at 1:29 pm
ဖတ်ရှုအားပေးနေတယ်နော…စာတွေများများရေးနိုင်ပါစေဗျား…
ကျုပ်တို့ကတော့စောင့်ဖတ်ပြီးခံစားမှာပေါ့… 🙂
padonmar
November 20, 2013 at 2:18 pm
တဖက်ခြံက မြက်ခင်းလေးကများပိုစိမ်းနေတတ်သလားကိုသော်ဇင်ရေ