လက်စွပ်တစ်ကွင်း၏ ရာဇဝင်

ကျော်ဘသစ်November 23, 20131min3416

(နိဒါန်း)

ကောင်မလေးရေ…

လူဆိုတာ အမှားတစ်ခုကို နှစ်ခါထပ်မလုပ်မိဖို့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရမယ်တဲ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ လူတစ်ယောက် ရှိခဲ့သတဲ့ကွယ်။

 

၆၀၀၂ ဘီစီ၊ ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး

သူ့နာမည်အရင်း၊ နာမည်ပြောင်၊ ငယ်နာမည်၊ ကျောင်းနာမည်စသည်ကိုတော့ မှတ်တမ်းအတိအကျ မရှိလို့ ဘယ်သူကမှ အတိအကျ မမှတ်မိကြဘူးတဲ့။ ဒါပေမယ့် နှောင်းခေတ်လူ အများစုကတော့ သူ့ကို ဗြဟ္မဒတ်ဆိုတဲ့နာမည်နဲ့ အသိများကြသတဲ့လေ။

ဗြဟ္မဒတ်ရဲ့ အလုပ်အကိုင်ကလည်း နယ်နယ်ရရ မဟုတ်ဘူးတဲ့၊ ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးကို စီမံအုပ်ချုပ်ရတဲ့ ဘုရင်မင်းကြီးအလုပ်တဲ့လေ။

တစ်နေ့ (နန်းတော်ထဲမှာ ရုံးပိတ်ရက်နဲ့ တူပါတယ်) မှာ အဲဒီဗြဟ္မဒတ်ဘုရင်ကြီးဟာ နန်းပလ္လင်ပေါ် ဒီအတိုင်း ထိုင်နေရတာ ပျင်းပျင်းရှိပါတယ်လေ ဆိုပြီး တောကစားထွက်ဖို့ စိတ်ကူးရတာနဲ့ သူ့ရဲ့ ပညာရှိအမတ်ကြီးတစ်ယောက်နဲ့ တိုင်ပင်သတဲ့။

အဲဒီမှာ အမတ်ကြီးက

“အို… အရှင်မင်းကြီး တစ်ပါးတည်း ကြွတော်မူမှာလားဘုရာ့၊ ဒါဆိုရင်တော့… တောထဲတောင်ထဲရောက်ရင် သတိနဲ့ သွား၊ သတိနဲ့ စားပါ၊ မင်းကြီး၊ ကမ္ဘာပေါ်မှာ လူလိမ်တွေ ပေါတယ်။ တောနက်လို့ ပြောလည်းပဲ အမှန်တကယ်တမ်းတော့ မြို့ပြကြီးတစ်ခုလိုပါပဲ” လို့ သူ့ကို ပြန်လျှောက်ထားသတဲ့။

(နောက်ပိုင်းခေတ်မှာ အမတ်ကြီးရဲ့စကားထဲက နောက်ဆုံးအပိုဒ်ကို ပြောင်းပြန်ယူပြီး မြန်မာပြည်က အဆိုတော်တစ်ယောက်က “မြို့ပြလို့ ပြောလည်းပဲ အမှန်တကယ်တမ်းတော့ တောနက်ကြီးတစ်ခုလိုပါပဲ” လို့ သီချင်းလုပ်ဆိုသတဲ့။ ဤကား စကားချပ်)။

အဲဒီလိုနဲ့ စီစဉ်စရာရှိတာ စီစဉ်၊ ယူစရာရှိတာ ယူပြီး ဘုရင်ကြီးဟာ တစ်ယောက်တည်း ထွက်လာခဲ့ရောတဲ့။

တောထဲတောင်ထဲမှာ ဟိုဟိုဒီဒီ လှည့်လည်ရင်း တစ်ခါမှာတော့ သူဟာ သမင်တစ်ကောင်ကို လှစ်ခနဲ တွေ့လိုက်ရပြီး အဲဒီသမင် ပြေးရာနောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလေသတဲ့။ လိုက်ရင်း လိုက်ရင်းကနေ တောနက်ကြီးထဲ ရောက်မှန်းမသိ ရောက်လာပြီး နောက်ဆုံးမှာ သမင်လည်းပျောက် လူလည်း မျက်စိလည် လမ်းမှောက်သွားပါလေရောတဲ့။

အဲဒီမှာပဲ သူ့အတွက် ကံဆိုးတာလား ကံကောင်းတာလား မသိ၊ လူသူအသံဗလံ တိတ်ဆိတ်လွန်းလှတဲ့ တောကြီးမျက်မည်းထဲမှာ ခြုံကွယ်တစ်နေရာဆီကနေ အမျိုးသမီးတစ်ယောက် သီချင်းဆိုနေတဲ့ အသံလွင်လွင်ကို ကြားရပါလေရောတဲ့။

သီချင်းသံ ကြားရာနေရာကို အသာအယာ တိုးကပ်သွားပြီး ချောင်းမြောင်းကြည်ရှုလိုက်တော့ အဲဒီမှာ အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် တစ်ယောက်တည်း ထင်းခွေနေတာကို သူ တွေ့လိုက်ရတော့တာပဲတဲ့လေ။

အဲဒီမှာတင် ရှင်ဘုရင်ကြီးလည်း အဲဒီမိန်းခလေးကို မြင်မြင်ချင်းပဲ ချစ်စိတ်ဝင်သွားလေတော့သတဲ့။ (ရှင်ဘုရင်တွေမှာကလည်း ဒါမျိုးက ခဏခဏဖြစ်တတ်ပုံပေါ်ပါရဲ့ကွယ်။ ထားပါ)။

အဲဒီမှာ မိန်းခလေးအနား ချဉ်းကပ်သွားရင်း ဘုရင်ကြီးက

“မင်းအသံလေးကိုတော့ ချစ်မိသွားပြီကွယ်”လို့ ပြောသတဲ့။

ဆက်ပြီး “သူဟာ ရှင်ဘုရင်ကြီး ဖြစ်တဲ့အကြောင်း၊ ရှင်ဘုရင်တွေဆိုတာ ချစ်မိပြီဆိုရင်ပဲ အလုပ်အတည်တကျ ဖြစ်အောင်တို့၊ တရားသူကြီးရှေ့ လက်မှတ်ထိုးပြီးအောင်တို့ ဘာမှ မလိုဘဲ) အခုချစ်တယ်ဆိုရင် အခုပဲ အဝှာ…  စိတ်သွားတိုင်း ကိုယ်ပါလို့ ရတယ်” ဆိုတဲ့အကြောင်းပါ ရေလာမြောင်းပေး ပြောလိုက်သတဲ့။

ဟိုမိန်းခလေးလည်း

“ဪ… အခု ပြောနေတဲ့ ဘဲကြီးက ရှင်ဘုရင်ကြီးတဲ့လား” ဆိုပြီး တစ်ခါတည်း ကြွေသွားပါလေရောတဲ့။ (သင်းတို့မိန်းမတွေဆိုတာကလည်း ဒီလိုပဲလား မသိပါဘူးကွယ်၊ ထားပါ)။

အဲဒါနဲ့ပဲ သူတို့ဟာ အဲဒီနေရာမှာပဲ အတူတူ ဖြစ်သွားကြရောတဲ့။ (စာအုပ်ထဲမှာလည်း ဒီလောက်ပဲပါသမို့ အသေးစိတ်ကိုတော့လည်း စဉ်းစားမနေပါနဲ့တော့ကွယ်။)

အဲဒီနောက် ဘုရင်ကြီးဟာ တစ်နေကုန် တောလိုက်ခဲ့ရတာနဲ့ပါ ပေါင်းပြီး ပင်ပမ်းလွန်းတာနဲ့ အဲဒီ့မိန်းခလေး မနီးမဝေးမှာ သစ်တုံးလေး ခေါင်းအုံးပြီး တစ်ရေးတစ်မော အိပ်ဖြစ်လိုက်သတဲ့ကွယ်။

အရမ်း အံ့ဩဖို့ကောင်းတာက ဘုရင်ကြီး တစ်ရေးနိုးလို့ အဲဒီမိန်းခလေးကိုလည်း လှည့်ကြည့်လိုက်ရော၊ မိန်းခလေးဗိုက်မှာ ကိုယ်ဝန်ကြီးတစ်လုံး ထုနဲ့ထည်နဲ့ ပိုးစိုးပက်စက် တွယ်ကပ်နေတာကို တုန်လှုပ်ချောက်ခြားစွာ တွေ့လိုက်ရပါလေရောတဲ့။

အဲဒီကျမှ ဘုရင်ကြီးလည်း အထိတ်တလန့်ဖြစ်ပြီး (တစ်ခြားအကြောင်းပြစရာကလည်း ဗြုန်းခနဲ ရှာမရလို့နေမှာပေါ့) ပြောမိပြောရာ ထပြောပါလေတော့သတဲ့။

“မိန်းခလေး… ကိုယ် စောစောက ပြောဖို့ မေ့သွားတယ်၊ တကယ်တော့ ကိုယ်လည်း နန်းတွင်း တက္ကသိုလ်တစ်ခုမှာ မာစတာတန်းတက်နေတာပါပဲ၊ အခုထိ ကျောင်းပြီးသေးတာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ် မင်းကို အခု တစ်ခါတည်း ခေါ်ပြီး ပေါင်းသင်းဖို့တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မိဘတွေ အမတ်တွေက သဘောတူမှာ မဟုတ်ဘူး။ ဘုရင်လုပ်ရတယ်ဆိုတာကလည်း.. သိတယ်မဟုတ်လား၊ လွယ်တာ မဟုတ်ဘူးလေ၊ ဟိုလူ့မျက်နှာ ကြည့်ရ.. ဒီလူ့မျက်နှာ ကြည့်ရ၊…ဟူး… လွယ်တာမဟုတ်ဘူး၊ ဒါကြောင့် ဟောဒီက ကိုယ့်လက်စွပ်လေးပဲ လောလောဆယ် ယူထားလိုက်၊ တကယ်လို့ ဒီကိုယ်ဝန်ကနေ မိန်းခလေး မွေးလာရင် ဒီလက်စွပ်လေး ရောင်းချပြီး လုပ်ကိုင် စားသောက်ပေတော့၊ တကယ်လို့ ယောက်ျားလေး မွေးခဲ့ရင်တော့ ဒီလက်စွပ်နဲ့အတူ သူ့ကို နန်းတော် ခေါ်လာခဲ့… အိမ်ရှေ့မင်းခန့်ဖို့ ကိုယ် ကတိပေးတယ်” လို့ ပြီးလွယ်စီးလွယ် ပြောပြီး သူ့လက်က ရွှေလက်စွပ်ကို (အင်တင်တင်)ချွတ်ပေးပြီး အဲဒီ့မိန်းခလေးကို သစ်ပင်အောက်မှာပဲ ထားပြီး ထွက်လာခဲ့ရောတဲ့။

ကံဆိုးမိုးမှောင်ကျစွာ နောက်ထပ် နှစ်ပေါင်း ၂ဝ အကြာမှာ အဲဒီအမျိုးသမီးဟာ လက်စွပ်တစ်ကွင်းနဲ့အတူ အရုပ်ဆိုးဆိုး ပေးတူးတူး ချာတိတ်လေးတစ်ကောင်ကို လက်ကဆွဲပြီး နန်းတော်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပါလေရောတဲ့။

ဘုရင်ကြီးလည်း တော်ဝင်တံဆိပ်ပါတဲ့ လက်စွပ် ပြပြီး လူပုံအလယ် ခပ်ရဲရဲဝင်လာတဲ့ မိန်းမကို ဘာမှ မပြောသာတော့ဘဲ သူ့ကတိအတိုင်း (မလွှဲသာမရှောင်သာ) မိဖုရားအရာ မြှောက်လိုက်ရပါတော့သတဲ့။ ဒါတင်မက နောက်ကပါလာတဲ့ မျောက်လောင်းလေးကိုပါ အိမ်ရှေ့အရာ ပေးလိုက်ရပါလေရောတဲ့ကွယ်။

 

၂၀၀၆ ဘီစီ၊ ဗာဗုလုန်ပြည်၊ ဘာညာကွိကွမြို့သား

ဗြဟ္မဒတ်မင်းကြီးဟာ ဗာရာဏသီပြည့်ရှင် ဘုရင်ဘဝကနေ စုတေ သေလွန်ပြီးနောက် ဟိုဘဝဒီဘဝတွေမှာ ဟိုလိုဒီလို ကျင်လည်ရင်း နောက်ထပ် နှစ်ပေါင်း လေးထောင်လောက်အကြာမှာ ဗာဗုလုန် (ဆရာယုဒသန်က ဗာဗုလုန်ဟု သုံးပြီး အခုနောက်ပိုင်း ဘာသာပြန်သမားတွေက ဘေဘီလုံလို့ ခေါ်ကြတဲ့) ပြည်ကြီးမှာ ဗလောင်းဗလဲဆိုတဲ့ ဘုရင်ကြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့အချိန် ဘာညာကွကွဆိုတဲ့အမည်နဲ့ မြို့တစ်မြို့မှာ လူလာဖြစ်ပြန်ပါသတဲ့။

တစ်နေ့မှာ ဘာညာကွိကွဟာ “မြို့ပေါ်မှာနေရတာ ပျင်းပါတယ်လေ၊ တောထဲတောင်ထဲထွက် အမဲပစ်ဦးမှလို့ အကြံဖြစ်တာနဲ့ သူ့တပည့်တစ်ယောက်နဲ့ တိုင်ပင်တော့ သူ့တပည့်က

“ဆရာသမား… သတိတော့ထားပါ၊ အရင်တစ်ဘဝတုန်းကလည်း တောထဲမှာ ခြေဆော့လက်ဆော့လုပ်မိလို့ ကိုယ်ဝန်အတုနဲ့ လာချည်တဲ့ မိန်းမတစ်ယောက်ကို တစ်သက်လုံး ပေါင်းလိုက်ရတဲ့အပြင် ဘာမှ အမျိုးမတော်တဲ့ ဒူးမနာသား တစ်ယောက်ကိုပါ အိမ်ရှေ့အရာ ပေးလိုက်ရပြီးပြီ။ အခုတစ်ခါတော့ လုံးဝကို သတိလက်မလွတ်ပါစေနဲ့” လို့ မှာသတဲ့။

ဘာညာကွိကွလည်း “စိတ်ချ တပည့်၊ ဆရာလည်း အရင်လို လူညံ့ မဟုတ်တော့ဘူး၊ စာတတ်သွားပြီ” လို့ ပြန်ပြောပြီးသကာလ တောထဲ တစ်ယောက်တည်း လစ်ထွက်လာခဲ့ပါသတဲ့။

တောနက်ထဲ ရောက်တယ်ဆိုရင်ပဲ (ဟိုရှေးအရင်ဘဝတုန်းကနဲ့ တစ်ထေရာတည်း) သမင်တစ်ကောင်ကို လိုက်ရင်း လိုက်ရင်းနဲ့ ထင်းခွေနေတဲ့ အမျိုးသမီးနဲ့ တွေ့ပြန်တော့သတဲ့လေ။ အဲဒါနဲ့ အရင်ဘဝတုန်းက စကားမျိုးကိုပဲ ပြောပြီး အဆင်ပြေတော့ အရင်ဘဝတုန်းကလိုမျိုးပဲ သူတို့ ပြုလုပ်လိုက်ကြပြန်သတဲ့။

အရင်ဘဝတုန်းကနဲ့ မတူတာဆိုလို့ ဘာညာကွိကွ တစ်ရေးနိုးလာတုန်း ကိုယ်ဝန်တစ်လုံးနဲ့ ဟိုအမျိုးသမီး တငိုငိုတရီရီ လုပ်နေတယ်ဆိုရင်ပဲ ဘာညာကွကွဟာ အရင်လို တွေတွေဝေဝေ လုပ်မနေတော့ဘဲ လက်မှာ စွပ်ထားတဲ့ လက်စွပ်လေးကို ဘတ်ခနဲ ပစ်ချပေးပြီး ကောင်မလေးကို ပြောလိုက်သတဲ့။

“အေးကွာ… အချစ်ကလွဲပြီး ကိုယ့်မှာ ဘာမှ မရှိဘူး.. ၊ ဒါပေမယ့် ခြစ်ခြစ်ချွတ်ချွတ် စုထားတဲ့ ဒီလက်စွပ်လေးတော့ ရှိရဲ့။ မင်း.. ယူထားလိုက်၊ မင်းဟာမင်း အထီးလေးပဲ မွေးမွေး၊ အမလေးပဲ ပေါက်ပေါက်၊ ငါ့ နောက် ထပ်လိုက်မလာနဲ့။ ငါ သွားတော့မယ်” လို့ ပြောပြီး အဲဒီနေရာကနေ တစ်ခါတည်း ထွက်လာခဲ့တော့သတဲ့။

စောစောက အမျိုးသမီးကို ထားခဲ့ပြီး အတော်လေး ခပ်လှမ်းလှမ်း တစ်နေရာရောက်တော့မှ ဘာညာကွိကွဆိုတဲ့လူဟာ တစ်ယောက်တည်း ပြုံးရင်း သူ့ကိုယ်သူ ပြောရှာတယ်၊

“အော် ငါ ဉာဏ်ကောင်းပေလို့။ ဒါတွေ ဖြစ်မယ်မှန်း ကြိုသိလို့ ဒစ်စကိုရွှေနဲ့ လက်စွပ်တစ်ကွင်း လုပ်လာခဲ့မိတာ မှန်သွားတယ်” တဲ့။

 

၂၀၀၆ အေဒီ၊ ဗမာပြည်၊ ဗရမ်းပတာရွာသား

ဘာညာကွိကွဟာ ဗာဗုလုန်မြို့သားဘဝကနေ စုတေသေလွန်ပြီးပြန်တော့ ဟိုဟိုဒီဒီ ဘဝတွေမှာပဲ ဟိုလိုလို ဒီလိုလို ကျင်လည်ပြန်ရင်း နောက်ထပ် နှစ်ပေါင်း နှစ်ထောင်ခန့်အကြာ ဗမာပြည် (နိုင်ငံခြားအခေါ် ဗမာပြည်၊ တရားဝင်အမည် မြန်မာပြည်) မှာ တစ်ခါ ဘုမသိဘမသိ ဘုရင်ကြီး စိုးစံနေတဲ့အချိန်မှာ ဗရမ်းပတာဆိုတဲ့အမည်နဲ့ ရွာတစ်ရွာမှာ လူလာဖြစ်ပြန်သတဲ့။

ထုံးစံအတိုင်းပဲ တစ်နေ့မှာတော့ ဗရမ်းပတာဟာ “အိမ်မှာနေရတာ သောက်ရမ်း ပျင်းတယ်ကွာ၊ ရိုင်ဖယ်တစ်လက်ဆွဲပြီး အမဲပစ်ထွက်ရ သောက်ရမ်းမိုက်မှာပဲ” လို့ စိတ်ကူးပေါက်တာနဲ့ သူ့သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တော့ သူ့သူငယ်ချင်းက

“ကိုယ်လူ… ဘာပဲဖြစ်ဖြစ်… အခွင့်အရေးဆိုတာ နှစ်ခါမရဘူး၊ အရေးကြုံရင်.. လက်မနှေးစေနဲ့” လို့ မှာလိုက်သတဲ့။

“စိတ်ချ… ကိုယ်လူ၊ တစ်ခြားလူ မဟုတ်ဘူး၊ ငါပါကွ၊ လက်စွပ်အတုတစ်ကွင်းလည်း အရံသင့်ယူသွားပါ့မယ်” လို့ ပြောပြီး အရင်ဘဝတွေကလိုပဲ တောထဲတောင်ထဲ လျှောက်သွားရင်း မျက်စိလည် လမ်းမှားရာကနေ နောက်ဆုံးတော့ ရိုးမအလယ်က တောနက်တွေအထိ တတိတတိနဲ့ ရောက်သွားလေတော့သတဲ့။

အဲဒီမှာ စတွေ့ပြန်တာပဲတဲ့။ ထင်းခွေနေတဲ့ အမျိုးသမီးပဲလေ။ “တကယ်ပဲလည်း နင် မချစ်ဘဲနဲ့” ဆိုတဲ့ ချမ်းချမ်းရဲ့ သီချင်းတစ်ပုဒ်ကို ဆိုလို့တဲ့။

ဗရမ်းပတာဆိုတဲ့လူလည်း ချက်ချင်းပဲ အရင့်အရင်ဘဝတွေ့က စုစောင်းထားခဲ့တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေအပြင် သူ့သူငယ်ချင်း မှာလိုက်တဲ့ စကားကိုပါ အောက်မေ့သတိရမိပြီး “အေးလေ… ငါတော့ ပွရချည်သေးရဲ့” လို့ တစ်ယောက်တည်း နှုတ်ခမ်းမွေးသပ်၊ ကြိတ်ပြုံးလိုက်ရင်း ထင်းခွေတဲ့ အမျိုးသမီးရှိရာ သွားပြီး နဂိုဗျူဟာနဲ့ နဂိုလိုပဲ ကျူဖို့ လုပ်ပါတော့သတဲ့။ လက်စွပ်ဝတ်ထားတဲ့ လက်ကို သိသိသာသာ မြှောက်ကာမြှောက်ကာလုပ်ရင်း အခုလို အင်ထရိုဝင်ပါသတဲ့။

“အို.. မင်းအသံလေးက ချိုလိုက်တာကွယ်”။

ဒါပေမယ့် အခြေအနေတွေဟာ အရင်ဘဝတွေတုန်းကနဲ့ မတူတော့ဘူးဆိုတာ သူ ကြိုပြီး တွက်မထားမိခဲ့ဘူးတဲ့လေ။ ကောင်မလေးမှာလည်း ဘဝါဘဝက သင်ကြားလာခဲ့တဲ့ အတွေ့အကြုံတွေအရ စာတတ်သွားခဲ့ပြီ မဟုတ်လား။

ဗရမ်းပတာ အဲဒီလို သွားပြောလိုက်တယ်ဆိုရင်ပဲ  ထင်းခွေနေတဲ့ အမျိုးသမီးဟာ အသံလာရာဘက် ဖြေးဖြေးချင်း ခေါင်းလှည့်ကြည့်တယ်။

စောစောက ဆိုလက်စ သီချင်းကို ရပ်လိုက်တယ်။

သီချင်းဆိုရင်း ပြုံထားတဲ့အပြုံးကို ရုတ်လိုက်တယ်။

ပြီး သူမမျက်နှာ ကြောင်တစ်ကောင် မာန်ဖြီတော့မလို တည်ခနဲ ဖြစ်သွားပြီး အခုလိုမျိုး အင်ဒိုဥရောပဘာသာစကားနဲ့ အော်ပြောလိုက်သတဲ့၊

“Fuck off! You ain’t get it this time” ။

 

(နိဂုံး)

ကောင်မလေးရေ….ပုံပြင်လေးကတော့ ဒါပါပဲကွယ်….။

လူဆိုတာ အမှားတစ်ခုကို နှစ်ခါထပ်မလုပ်မိဖို့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရမယ်တဲ့။

အခုလောက်ဆို… ကိုယ် မင်းကို ဘာကြောင့် လက်စွပ် ဝယ်မပေးရတာလဲဆိုတာ မင်းလည်း သဘောပေါက်လောက်ရော့ပေါ့ကွယ်။    ။

6 comments

  • lele kyi

    November 24, 2013 at 8:42 pm

    စိတ်ဝင်စားစရာ အကြောင်းပြချက်ကောင်းတစ်ခုပဲ။ 🙂

  • ဦးကြောင်ကြီး

    November 25, 2013 at 11:16 am

    ကျော်ဘသစ်
    စော်ထညှစ်
    အော်ကလစ်
    မျှော်ရခြစ်..။

  • kyeemite

    November 25, 2013 at 11:55 am

    ဖတ်လို့ကောင်းသဗျာ..ကိုဘသစ်လက်ရာတွေကတော့ ထူးထွေတည့် အံ့ဘွယ်ပါပဲ :kwi:

Leave a Reply