ပြောဖို့ ခက်ပါတယ်

teekaunglayAugust 6, 20101min1283

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့
ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို
မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး
အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
” မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား” တဲ့။
“ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး” လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။

“ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး” လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို
အကြံဉာဏ်တောင်းသတဲ့။
“ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး” လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့
အပါးတော်မြဲ ပြောတဲ့ “ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်” ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ “အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား” လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။

ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို
အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။

——————————

ပုံပြင်လေးရဲ့ အနှစ်သာရ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး
ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အများကြီး
ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်
လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။
ဝမ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘဝတစ်လျှောက်လုံး ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘဝလက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး

***** သူငယ်ချင်းတစ်ယောက်ပို့ပေးတာကို ကြိုက်လို့
အားလုံးမျှဝေခံစားစေချင်လို့ပါ *****

3 comments

  • Ba Gyi Taw

    August 6, 2010 at 7:33 am

    လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်
    လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။
    ဝမ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘဝတစ်လျှောက်လုံး ကိုယ့်ဘက်က
    ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
    မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
    ဘဝလက်တွဲဖော် တွေ ပါပါတယ်။
    တကယ့်အမှန်တွေဘဲ ။

  • winne

    August 6, 2010 at 8:27 am

    ဒီပုံပြင်လေးက ငယ်ငယ်က ဖေဖေ ပြောလို့ ကြားဘူးနေတာပါ။ အဖေကတော့ ဘာပဲ ဖြစ်ဖြစ် သူကတော့ ကောင်းဖို့ ဖြစ်လာတာဘဲလို့ အမြဲ ပြောတယ် တတ်နိုင်သမျှ အကောင်းဘက်က စဉ်းစားပေးတတ်အောင် အဖေက ဆုံးမပေးနေကြ ပုံပြင်လေးပါ။

  • True Faith

    August 6, 2010 at 8:33 am

    အင်း မိတ်ဆွေတို့ ပြောတာလည်း မှန်ပါတယ်။ နောက်ထပ် ရလိုက်တဲ့ သင်ခန်းစာတခုက အာဏာကို ထင်သလို သုံးခွင့်ရှိတဲ့ ဘုရင်တွေက သူတို့အကြိုက် လိုက်မပြောရင် စိတ်တော်မတွေ့ရင် အပြစ်မရှိလဲ ထောင်ထဲ ထည့်တတ်တယ် ဆိုတာပဲဗျ။ ဒီပုံပြင်ထဲမှာတော့ ဘုရင်က အမြင်မှန်ရသွားတယ်။ မြန်မာပြည်က ဘုရင်လိုလို ဟာကြီးကတော့ ဘယ်တော့များမှ အမြင်မှန်ရပါလိမ့်မလဲ။

Leave a Reply