“ကျွန်တော်နှင့် ရှင်းပြဖို့မလွယ်သည့် အချစ်ပုစ္ဆာ”

၁)

လူတိုင်း၌ ရူးသွပ်မှု တစ်ခုချင်းစီ ရှိကြပေလိမ့်မည်။ ကျွန်တော်ကတော့ ချစ်ခြင်းအားဖြင့် ရူးသွပ်သည်။ ကျွန်တော် ရူးသွပ်သည့် ကောင်မလေးနာမည်က `မွန်´။ ကျွန်တော့် ရူးသွပ်မှုသည် တစ်ကိုယ်ရည် တစ်ကာယ ရူးသွပ်မှုသာ ဖြစ်သည်။ ထိုကောင်မလေးအပေါ် အဆိပ်အတောက် မဖြစ်စေသလို မည်သူ့အပေါ်မှလည်း အနှောင့်အယှက် မဖြစ်စေခဲ့။ ကျွန်တော်က ချစ်ခြင်းမေတ္တာကို ကြိတ်၍ ကြည်နူးရခြင်းဖြင့် အရသာခံတတ်သူပင်။

ပိုင်ဆိုင်ရမှ အချစ်မြောက်သည်ဟူသော စကားသည် ကျွန်တော်နှင့် လုံးဝဆန့်ကျင်၏။ ထိုစကားသည် ကိုယ့်အတ္တကိုယ် အရောင်ဆိုးခြင်းသာ ဖြစ်သည်ဟု ကျွန်တော် ယူဆသည်။ ကျွန်တော်ကမူ ပိုင်ဆိုင်ခွင့်မရလည်း ချစ်၏။ ပိုင်ဆိုင်ခွင့်မရ၍ မုန်းလိုက်ခြင်းသည် ကျွန်တော့်အတွက်တော့ လှောင်ပြောင်သရော်ချင်စရာပင်။ ကျွန်တော် မွန့်ကို ချစ်၏။ သို့သော် သူ့ကို မပိုင်ဆိုင်ပါ။ ထိုသို့မပိုင်ဆိုင်သော်လည်း ကျွန်တော် သူ့အပေါ်ချစ်ခြင်းကိုကား အပြည့်အဝ ပိုင်ဆိုင်၏။ မည်သူမှ လုယူ၍ မရချေ။

မွန့်ကို မည်သည့်အချိန်က ချစ်ခဲ့သနည်း။ ယင်းအမေးကို လှပသောနေ့များအဖြစ် ကျွန်တော် ကဗျာဆန်အောင် ဖြေတတ်မည် မဟုတ်ချေ။ သမာရိုးကျဆန်ဆန် ကျောင်းတက်ရင်း သူငယ်ချင်းတွေဖြစ်လာရာမှ အချိန်ကာလတစ်ခုအတွင်း ချစ်ခြင်းတွေ နှစ်ဆတိုးလာခြင်းပင်။ ထိုအရာကို တချို့က အဖြူရောင်မှ ပန်းရောင်သို့ ကူးပြောင်းချိန်ဟု ဆိုကြသည်။ ကျွန်တော်ကမူ အဖြူရောင်ဟူသော မူလအရောင်အပြင် နောက်အရောင်ဖြစ်သော ပန်ရောင်လေးပါ တွဲပေါက်လာသည်ဟု ယူဆသည်။ ထိုအတိုင်းလည်း ခံစားရ၏။ သို့သော် ပြည့်စုံအောင် ကျွန်တော် ရှင်းပြတတ်မည်မဟုတ်ချေ။ မည်သူကရော ချစ်ခြင်းမေတ္တာအား ပြည့်စုံအောင် ရှင်းပြနိုင်မည်နည်း။

တချို့တွေက `မင်း… သူ့ကို ဘယ်လောက်အထိ ချစ်သလဲ´ဟု အဓိပ္ပါယ်သတ်မှတ်ခိုင်းသည်။ ခက်၏။ မွန့်အပေါ် ကျွန်တော့်၏ချစ်ခြင်းသည် ဧရာမပေတံကြီးလည်း တိုင်းနိုင်လိမ့်မည် မဟုတ်ချေ။ လူတစ်ယောက်အပေါ် တစ်ယောက်ချစ်ခြင်းသည် အလျားအနံမရှိသော ဒြပ်မဲ့တစ်ခုသာ ဖြစ်သည်။ ထိုဒြပ်မဲ့သည် ကျွန်တော့်အတွက် လေလို မမြင်တွေ့ရသော်လည်း အများကြီး အရေးပါပါသည်။

(၂)

ကျွန်တော် မွန့်အပေါ် ချစ်ပုံကို အနီးစပ်ဆုံး နှိုင်းယှဉ်ရလျှင် အရုပ်ကလေးတစ်ရုပ်ကို အလှကြည့်ချစ်ပုံမျိုးနှင့် ဆင်ပါသည်။ ကျွန်တော်က ထိုအရုပ်ကလေးကို အမြဲတမ်း ပြုံးစေချင်၏။ ထိုအရုပ်လေးကို ပျက်စီးစေမှာစိုး၍ ဆော့ကစားမှုလည်း မပြုလုပ်လို၊ ပကတိ အသစ်ကျပ်ချွတ်အတိုင်း မြတ်မြတ်နိုးနိုးနှင့် အဝေးကြည့် ငေးချစ်ခြင်းပင်။ ထိုသို့ကြည့်နေရာမှ လောဘလည်း မရှိ။ ပိုင်ဆိုင်ဖို့လည်း စိတ်ထဲမှာ မမြင်။ သဘာဝအတိုင်း အရုပ်ကလေးကို ကြည့်ရင်းကြည့်ရင်း ချစ်မဝဖြစ်ခြင်းပင်။ ဘယ်တော့မှလည်း မုန်းသွားလိမ့်မည် မဟုတ်။

ကျွန်တော်ချစ်သော မွန့်မှာ ချစ်သူရှိ၏။ မွန့်ကို ချစ်သောကြောင့် ကျွန်တော် မွန်၏ချစ်သူကိုလည်း ချစ်နိုင်ပေသည်။ သို့သော် မွန်က ထိုသူ့ကို မမုန်းမချင်း၊ ကျွန်တော်လည်း ထိုသူ့ကို မုန်းလိမ့်မည်မဟုတ်။ မွန်သာ ထိုသူ့ကို အတည်မုန်းလိုက်မည်ဆိုပါက ကျွန်တော်လည်း ထိုသူ့ကို မုန်းရပေလိမ့်မည်။ ထိုသို့ဖြစ်တတ်သည်မှာလည်း ကျွန်တော်၏ ရူးသွပ်မှုပင်။ မွန်၏စိတ်ကို ကျွန်တော်၏စိတ်ဖြင့် ထပ်တူခံစားလို့ရသည်မှာလည်း ချစ်ခြင်းမေတ္တာထဲ အကျုံးဝင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။

မွန်နှင့် ကျွန်တော်သည် တူညီသော အရာများစွာရှိသလို ကွဲလွဲသော အရာများစွာလည်း ရှိ၏။ ဥပမာအားဖြင့် မွန်က တီဗွီကြည့်ရတာ ကြိုက်သည်။ ကျွန်တော်က စာအုပ်ဖတ်ရတာ ကြိုက်သည်။ မွန်က ဂျေဒိုးနပ်ကြိုက်သည်။ ကျွန်တော်က ဘိန်းမုန့်ကြိုက်သည်။ မွန်က ခေတ်ဆန်ဆန် ဝတ်စားသည်။ ကျွန်တော်က ရိုးရိုးပုံတုံးကြီး ဝတ်စားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ လွဲနေကြသော်လည်း ကျွန်တော်တို့ လက်တွဲမဖြုတ်ခဲ့။ သူက ငယ်သူငယ်ချင်းဟူသော ခင်မင်မှုဖြင့် နားလည်လိုက်လျောသည်။ ကျွန်တော်က ကြိတ်ချစ်ရသော ချစ်သူအားဖြင့်လည်းကောင်း၊ သိပ်ခင်ရသော ငယ်ပေါင်းဖော်အားဖြင့်လည်းကောင်း နှစ်မျိုးစလုံး အကျုံးဝင်ပါသည်။ ထိုသို့ နားလည်မှုကြိုးဖြင့် ကျွန်တော်တို့ ချည်ထားကြသည်။ ထိုကြိုးသည် မည်သို့မျှ မမြင်ရသော်လည်း ပြတ်ခဲလှ၏။ ယခုချိန်ထိ ခိုင်မြဲနေသေးသည်မှာ မယုံနိုင်စရာပင်။

ကျွန်တော့်မှာ မွန်နှင့်ဝေးရ၍ အလွမ်းများ မရှိခဲ့။ ထိုကိစ္စနှင့် ပတ်သက်၍ တချို့တွေ နားမလည်နိုင်စွာ ဖြစ်လိမ့်မည်။ ကျွန်တော်၏ ချစ်ခြင်းကိုလည်း သံသယဝင်လိမ့်မည်။ အမှန်ကား မွန်နှင့် လူချင်းဝေးနေရသော်လည်း မည်သည့်နေရာရာရောက်ရောက် ကျွန်တော့်စိတ်ထဲမှာ မွန်အမြဲရှိ၏။ ဘယ်တောမှလည်း မူရင်းအချစ်ကို သစ္စာဖောက်လိမ့်မည်မဟုတ်။ မိတ္ထူလည်း ပွားလာမည် မဟုတ်ပေ။ တခြားသူတွေလို ပါးစပ်ဖျားက ပျားရည်လိမ်းမုသားတွေလည်း ဘယ်တော့မှ ထွက်လာလိမ့်မည် မဟုတ်။ ယင်းကား မွန့်အပေါ် သူ့အလိုလိုဖြစ်တည်သော ကျွန်တော်၏ သစ္စာတရားပင်ဖြစ်သည်။

(၃)

`ဒီလောက်ချစ်နေရင်လည်း ဖွင့်ပြောပေါ့´ဟု ကျွန်တော့်ကို ဘော်ဒါတချို့က တိုက်တွန်းကြသည်။ ကျွန်တော် သူ့အပေါ် အချစ်သည်းပုံကို ဘေးသူငယ်ချင်းတွေ ရိပ်မိပြီး လက်တို့ကြခြင်းပင်။ သူတို့က အပေါ်ယံလောက်ပဲ တွေး၏။ ကျွန်တော်ကမူ ယင်းချစ်ခြင်းမေတ္တာကို ပါးစပ်ဖြင့် ရင်ဖွင့်လိုက်မည်ဆိုပါက ပေါ့တန်သွားသလိုု အလိုလို ခံစားရသည်။ ကျွန်တော် သူ့အပေါ် ချစ်ခြင်းကို ပါးစပ်ဖြင့် ပြည့်စုံအောင် ရင်ဖွင့်နိုင်မည်ဟု မယုံကြည်။ ဘယ်တော့မှလည်း နှုတ်ဖြင့် ရင်ဖွင့်ဖြစ်လိမ့်မဟုတ်။ ကျွန်တော်၏ အပြုအမူ သက်မဲ့သက်သေများကပင် သူ့ကို ချစ်ကြောင်း ပြောနေကြလိမ့်မည်။ ထို့အတွက် သူ့သိစရာလည်းမလို။ ကျွန်တော် သူ့အပေါ် တစ်ခုခုမျှော်ကိုးပြီး ချစ်ခဲ့သည်မဟုတ်ကြောင်း တစ်သက်လုံး လိပ်ပြာလုံချင်သည်။

ပန်းပွင့်မြင်တိုင်း ပျားပိတုန်းတွေ ဝဲချင်ကြသည်မှာ ဓမ္မတာပင်။ မွန်က ပန်းပွင့်လှလှလေးဆိုတော့ ပိုဆိုး၏။ ထိုပန်းပွင့်တွင် ချစ်သူဆိုသော ပိုင်ရှင်ရှိသော်လည်း တချို့က အလွတ်ပေးချင်စိတ် မရှိကြ။ တချို့က နားလည်စွာ လက်ရှောင်ကြသော်လည်း၊ တချို့က အတင်းခူးချင်ကြ၏။ ယင်းအတွက် ကျွန်တော့်မှာ ဆူးဖြစ်ရတော့သည်။ သိပ်လှသော မွန့်လို နှင်းဆီပန်းအတွက် ကျွန်တော် ဆူးဖြစ်ရသည်မှာလည်း တန်ပါသည်။ မထိုက်တန်သူတွေအတွက် ကျွန်တော် သိပ်ချစ်ရသော ပန်းကလေးကို မကြွေချင်သောကြောင့်ပင်။ ထိုက်တန်သော ပန်းအိုးဖြင့်သာ နှင့်ဆီလေးကို တင့်တင့်တယ်တယ် မြင်စေချင်၏။ ထိုအရာကား ကျွန်တော်ချစ်ခြင်းနှင့် ပတ်သက်ပြီး မွန့်အပေါ် ရည်စူးသော စေတနာပင်။

ကျွန်တော်က မွန်နှင့် ပတ်သက်ပြီး အမြဲဖြည့်ဆည်းဖို့ပဲ တွေး၏။ ယင်းအတွေးသည် မွန်နှင့်ပတ်သက်၍ အချိန်မရွေးဖြစ်ပေါ်နေသော ဆန္ဒပင်။ ထိုဆန္ဒအတိုင်း သူ့အား တစ်ခုခုဖြည့်ဆည်းပေးခွင့်ရပြီဆိုလျှင် ကျွန်တော် အလွန်ပျော်၏။ ထိုသို့ဖြည့်ပေးလိုက်ရသည့်အတွက် ကျွန်တော်ရှုံးသည်ဟု တချို့က တွေးကြပေလိမ့်မည်။ အမှန်ကား ကျွန်တော် တစ်ခုခု (ငွေဖြင့်ဝယ်လို့မရသောအရာ) ပိုပြီးပြည့်စုံလာသလို ခံစားရ၏။ ယင်းခံစားမှုကို ခံစားလိုလျှင် သိမ်မွေ့နက်နဲသော မေတ္တာတရာ၏ ပေးဆပ်မှုဖြင့်သာ ရရှိနိုင်လိမ့်မည်။ တခြားအရာဖြင့် ရရှိလိမ့်မည်မဟုတ်။

ကျွန်တော်သည် မွန်နှင့်ပတ်သက်ပြီး သံတမန်လည်း ဖြစ်ဖူးသူပင်။ သူနှင့် သူ့ချစ်သူကြား ပြဿနာကြီးငယ်ရှိက ကျွန်တော်က ကြားက ညှိပေးရ၏။ ကျွန်တော့်အပေါ် မူတည်ပြီး သူ့တို့ပြဿနာတော်တော်များများ ပြေလည်သွားသည်က များသည်။ ထိုသို့ပြေလည်သွားတိုင်း ကျွန်တော့်မှာ သူတို့နှင့်ထပ်တူ ပျော်ရ၏။ ထို့ကြောင့် သူနှင့် သူ့ချစ်သူက ကျွန်တော်ကို `သံတမန်ကြီး… သံတမန်ကြီး´ဟု ချစ်စနိုးခေါ်ကြသည်။ ကျွန်တော် သူတို့ပေးထားသော နာမည်ကိုလည်း အလွန်နှစ်သက်၏။

(၄)

ကျွန်တော်က မွန့်ကို ဘယ်တော့မှ ပေးဖြစ်မည်မဟုတ်သည့် ကဗျာတွေ ရေးဖြစ်သည်။ ထိုကဗျာများက အမြောက်အမြားပင်။ ကျွန်တော့်နှလုံးသားထဲက မွန့်အပေါ်ချစ်ခြင်း၊ မေတ္တာ၊ ခံယူချက် စသည်ဖြင့် အမျိုးမျိုးသော အဖွဲ့အနွဲ့များဖြင့် ကဗျာတွေ ဖော်ကျူးခဲ့၏။ ယင်းကို ချစ်ခြင်းမေတ္တာမှ နှလုံးသားဘေးထွက်ယိုစီးမှုဟု ခေါ်ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် မွန့်အပေါ်ချစ်ခြင်းကို ကဗျာဖြင့် မည်မျှပင်တင်စားစား တကယ့်အချစ်ကို မှီနိုင်လိမ့်မည်မဟုတ်၊ နှလုံးသားမှ တစ်စုံတစ်ရာ ချစ်ခြင်း၏ သက်ရောက်မှုကြောင့် ဘေးထွက်ယိုစီးမှုအဖြစ်သာ မြင်သည်။ ပိုဆိုးသည်က ကျွန်တော်က ကဗျာဆရာတွေလို အဖွဲ့အနွဲ့မပိုင်နိုင်၊ သာမန်လူတစ်ယောက်၏ ခံစားမှုဖြင့်သာ ချရေးထားသောကြောင့်ပင်။ ဘာပဲပြောပြော ကျွန်တော်လည်း အချစ်ကြောင့် ကဗျာဆရာဖြစ်ခဲ့ဖူးသည်ကို မငြင်းနိုင်ပေ။

တချို့သော လူများက ဇရာသည် ချစ်ခြင်းမေတ္တာကို ပြောင်းလဲစေသည်ဟု ပြောကြသည်။ သို့သော် ထိုအတိုင်းချည်း အားလုံးမဟုတ်နိုင်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော် မွန့်အပေါ်ချစ်ခြင်းသည် အမြဲတမ်း နုပျိုလတ်ဆတ်နေလိမ့်မည်။ ဘယ်သောအခါမှ အိုဟောင်းသွားလိမ့်မည်မဟုတ်။ စစ်မှန်သောချစ်ခြင်းမေတ္တာသည် အသက်အရွယ်ကိုလည်း ဘေးချထားနိုင်သည်ဟု ကျွန်တော် ယုံကြည်သည်။

ကျွန်တော် ယုံကြည်မှုအတိုင်းလည်း မွန်နှင့် သူ့ချစ်သူနှစ်ယောက်စလုံးကို ရိုးမြေကျ ပေါင်းဖက်သွားစေလိုသည်။ ထို့အတွက်လည်း ကျွန်တော် တတ်နိုင်သည့်အပိုင်းမှ ကူညီသွားမည်ဟု ဆုံးဖြတ်ထားသည်။ ထိုဆုံးဖြတ်မှုအတွက်ကြောင့် ကျွန်တော် ဘယ်သောအခါမှ ဝမ်းနည်းလိမ့်မည်မဟုတ်။ ဘယ်သောအခါမှလည်း ဆုံးရှုံးလိမ့်မည်မဟုတ်ပေ။ ကျွန်တော်သည် မွန့်အပေါ် ပေးဆပ်ခြင်းဖြင့် တစ်ခုခုရယူသွားပြီဟု သိတဲ့သူကလည်း သိကြပေလိမ့်မည်။

ထိုအရာသည် မည်သည့်အရာနည်းဟု မေးလာမည်ဆိုပါက ကျွန်တော်ကိုယ်တိုင် သိသော်လည်း ရှင်းမပြနိုင်သောပုစ္ဆာတစ်ပုဒ်ဟုသာ ဖြေချင်ပါသည်။ ပြီးတော့လည်း သိချင်သူကိုယ်တိုင် လက်တွေ့တွက်ကြည့်မှ အဖြေထွက်၊ နားလည်နိုင်မည့်ပုစ္ဆာဟု ဖြည့်ပြောချင်သေးသည်။ သို့သော် ထိုပုစ္ဆာကို မွန့်အပါ် ကျွန်တော်တွက်သလို အခြားသူများကလည်း တစ်စုံတစ်ယောက်အပေါ် တွက်ဖူးကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ။

စေပိုင်ထွဋ်(ပုသိမ်)

13 comments

  • kai

    December 13, 2013 at 9:02 am

    ပိုင်ဆိုင်ရမှ အချစ်မြောက်သည်ဟူသော စကားသည် ကျွန်တော်နှင့် လုံးဝဆန့်ကျင်၏။ ထိုစကားသည် ကိုယ့်အတ္တကိုယ် အရောင်ဆိုးခြင်းသာ ဖြစ်သည်ဟု ကျွန်တော် ယူဆသည်။ ကျွန်တော်ကမူ ပိုင်ဆိုင်ခွင့်မရလည်း ချစ်၏။

    ဆိုတော့..
    အဲဒါကြီးပစ်ထုတ်လိုက်ပြီး.. ချစ်တဲ့သူနဲ့တညလောက်အတူတူအိပ်ဖို့ကျိုးစားကြည့်ပါလားဗျ..
    ပြီးမှဆက်ပြော… :mrgreen:

    • Wow

      December 13, 2013 at 10:57 am

      ဒေါင်းဥခိုင်တဲ့ နာမယ်တစ်လုံးနဲ့နေတာကွ…
      ခုမှ ကျွဲကော်သီးနဲ့အပေါက်ခံထားရလို့ငြိမ်နေဒါ… :mrgreen:

      • အဘရဟူဒီ

        December 13, 2013 at 12:27 pm

        အခန်းတံခါးပိတ်ပီး စန်းဒယားနှိပ်ဖို့ချည်း ချောင်းနေတာပါကလား …ကွယ်….

        😀

    • KZ

      December 13, 2013 at 12:05 pm

      ဂျာ!
      တဂျီးးးးး
      တည့်ပါလားးးးး
      အဲ ကိစ္စကို အခြေအတင် ဆွေးနွေးချင်သော်လည်းးးး
      ကျန်းမာရေးးးး က မကောင်းးးးးးးးးးးးး
      😀

      ဟိ။
      ဟို ပုသိမ်သားလေးးးး
      တဂျီးပြောတာမှန်တယ်။
      ကျန်တာ တော့ ဆက်မမေးနဲ့တော့။.
      :kwi:

      • စေပိုင်ထွဋ် (ပုသိမ်)

        December 16, 2013 at 5:00 pm

        တိန်၊ အဖြူထည်သက်သက် ချစ်ခြင်းမေတ္တာ ပေးဆပ်မှုရဲ့ အေးချမ်းခြင်းသဘောတရားကို
        ကိုယ့်ရဲ့ခံယူချက်နဲ့ရေးထားတာ
        တဂျီးတို့က အဟင့် ကိလေသာတောထဲ ပစ်ချခိုင်းနေတယ်
        ဗြဲ….
        (ဒီထဲမှာ ဖြစ်ရပ်မှန်တွေ တော်တော်များများပါတယ်ဗျ)
        ဗြဲ….

    • alinsett

      December 13, 2013 at 12:10 pm

      အချစ်ဆိုတာ အတဲ့ လူတွေ ချစ်တာ မဟုတ်
      🙂

    • sorrow weaver

      December 13, 2013 at 12:31 pm

      မင်းနန်ပျို့ကိုအလွတ်ကျက်ထားတဲ့လူရှေ့မှ ပြောရသလား….ဆြာစေပိုင်ထွဋ်ရယ်….ကဲကြည့်..ခုတော့…မြှောက်ပေးနေပြီ…ခုခွိခုခွိ

    • ဦးကျောက်ခဲ

      December 13, 2013 at 12:31 pm

      ဖူးစာဆိုတာ ဦးရာ တဲ့…
      ဟီ ဟိ သဂျီးပြောသလို လက်ဦးမှုရယူပါ…
      ကျောက်စ်ပြောတာ လက်ကလေးကို ကိုင်ဖို့ပါ… ဟီး ဟီး
      😀

    • Mr. MarGa

      December 13, 2013 at 1:14 pm

      အင်းးး သဂျီး စ ဖောက်တာနဲ့ ဝတ္ထုထက် အကြောင်းအရာဘက်ကို ပိုရောက်သွားပြီ :mrgreenn:

    • အာ့တွေတော့တဂျီးဂိုမထောက်ခံပါ။
      နှလုံးသားဟာ့ဒစ်တွေမှာ သိမ်းဆည်းထားလို့ရတဲ့အချစ်တွေအတွက် sexကိစ္စတွေမလိုပါ။
      သိုသိပ်ချစ်တွေကိုဖွင့်ထုတ်ဖို့ လိုအပ်လာတဲ့အခါ
      လူတွေဟာ ကဗျာဆရာများဖြစ်သွားကြလေအိ။
      (အနည်းငယ် ကဗျာဆန်သွားခြင်း)
      :mrgreen:

      • စေပိုင်ထွဋ် (ပုသိမ်)

        December 16, 2013 at 5:34 pm

        ငါ့ဘက်မှာ တစ်ယောက်ရှိတယ်ကွ 🙂

  • မဟာရာဇာ အံစာတုံး

    December 14, 2013 at 10:15 am

    ဟေ့လူ .. မတွေ့တာတောင် အတော်ကြာပြီ
    မအားရင် တစ်ပတ်တစ်ခါလောက် လာရေးအုံး
    ဝဲလ်ကမ်းပဲ
    ခင်ဗျားဟာလည်း ဖတ်တွားဒယ် ..
    ဒါဘာဗျဲစ်

    • စေပိုင်ထွဋ် (ပုသိမ်)

      December 16, 2013 at 6:16 pm

      ဟုတ်ကဲ့ဗျာ
      တစ်ပတ်တစ်ခါတော့ ဝင်နိုင်အောင် ကြိုးစားနေပါတယ်ဗျာ
      ခက်တာက ပတ်စဝေါ့ မေ့မေ့သွားတာ
      မှားမှားရိုက်မိတာ အဟင့်

Leave a Reply