အမေကြီးရဲ့ ထင်ယောင်မိမှား…..
ပြီးခဲ့တဲ့ နိုဝင်ဘာလ က ဗျာ… ဦးကျောက်ခဲ စာ တစ်ပုဒ်မှ မရေးခဲ့နိုင်ပါဘူး။ နှစ်ကုန်ခါနီးတော့ အလုပ်မှာ စာရင်းတွေချုပ်ရတဲ့အပြင် ဝန်ထမ်းတွေကို လစာတိုးဖို့၊ ဆုကြေးပေးဖို့ အရည်အချင်း အကဲဖြတ်ရတာဆိုတော့ မအားလပ်ခဲ့ရသလို၊ စိတ်ညစ်ညူးစရာ ကိစ္စတွေပေါ်လာလို့ ဂဇက်မြို့ထဲတောင် အလည်အပါတ် မထွက်နိုင်ခဲ့ပါဘူး။ ဒီကြားထဲ စိတ်ပြေလက်ပျောက် ရန်ကုန်အိမ်ကို ဖုန်းခေါ်တော့ မွေးသမိခင်က
“သားရေ… မင်းအကို မောင်ဇော်တို့ သားအဖ ရောက်နေတယ်…. ရော့ စကားပြောလိုက်ပါဦး…” ဆိုပြီး ဖုန်းခွက်ထိုးပေးပါတယ်။ ဦးကျောက်လည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဝမ်းကွဲညီအကိုတွေမို့ ပဋိသဒ္ဒါရစကား ဆိုမိပါမှ…
“…ညီလေးရေ… မင်း အမ လှရီတော့ မနက်လင်းအားကြီးကပဲ ပန်းလှိုင်ဆေးရုံမှာ ဆုံးသွားလို့၊ အကိုတို့သားအဖ နေ့တွင်းချင်း ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်ကွာ…။ အင်း… လှရီကတော့ ဝေဒနာခံစားနေရတာ ဝဋ်ကျွတ်သွားပြီပေါ့။ ဒါပေမယ့် တို့သားအဖမှာတော့ လွမ်းစရာတွေအများကြီးပေါ့ကွာ…။ အခု… ရွာပြန်တော့မလို့ ဒေါ်ဒေါ်လေးကို လှရီအကြောင်း အသိပေးရင်း၊ နှုတ်ဆက်ရင်း လှည့်ဝင်လာတာ…” လို့ ဝမ်းနည်းစကားကို ဆိုပါတယ်။ ပြောရရင်တော့ အကိုလေးဇနီး အမ မလှရီရဲ့ ကျန်းမာရေးအခြေအနေ သတင်းတွေကြားရပြီးသားမို့၊ တစ်နေ့ဒီလိုဖြစ်မယ်ဆိုတာ မျှော်လင့်ထားပေမည့် ဒီလောက်မြန်မယ် ထင်မထားခဲ့မိပါဘူး..။ အကိုလေးကတော့ အသက် ၅ဝတန်း ရင့်ကျက်ပြီမို့ တရားနဲ့ဖြေနိုင်ပေမည့် သူတို့သား မောင်မြင့်ကတော့ အသက် ၃ဝအောက်မို့ တရှုံ့ရှုံ့နဲ့ ငိုသံ ကြားနေရပါတယ်။
အဲဒါနဲ့ နှစ်သိမ့်စကားပြောရအောင် အကို့သား မောင်မြင့် ကို ခေါ်ခိုင်းလိုက်တော့ တရှုံ့ရှုံ့ ငိုနေရင်းကနေ…
“အမေက အရမ်းခေါင်းမာတယ် ဦးလေးရယ်၊ ကင်ဆာဆိုတာ ပိုက်ဆံသာကုန်ပြီး ကုလို့ပျောက်တာမဟုတ်ဘူး… အမေလည်းသေ မင်းတို့သားအဖလည်း ခွက်ဆွဲရလိမ့်မယ်၊ အမေ့ကို ဝေဒနာ သိပ်မခံစားရအောင်ပဲ လုပ်ပေးပါဆိုပြီး ဓာတ်ကင်မခံပဲ အသေခံသွားတယ်ဗျာ…” လို့ ငိုကြီးချက်မနဲ့ ပြောရှာပါတယ်။ စိတ်မကောင်းပေမည့်လို့ သတ္တဝါမှန်သမျှ တနေ့ သေကြရမှာမို့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမည့် ရွေးချယ်ခွင့်ရမယ်ဆိုရင် ကင်ဆာနဲ့တော့ မသေချင်ပါဘူး၊ ဦးကျောက်ခဲ မွေးသဖခင်လို ခေါက်ကနဲ သေချင်မိပါတယ်။
တကယ်တော့ အမ မလှရီက အကိုလေးတို့အမေ၊ ဦးကျောက် မွေးသဖခင်ရဲ့အမကြီး ကြီးကြီးလှရဲ့ မွေးစားသမီးပါ ။ မလှရီကို အသက် ၂ဝပြည့်လို့ လာတောင်းရမ်းတဲ့ ကြီးတော်ဝမ်းကွဲတစ်ယောက်ရဲ့သားနဲ့ အိမ်ထောင်ချပေးခါနီး၊ ဥပုသ် တောဖိတ်နေ့ ဘုန်းကြီးကျောင်းကို အမ မလှရီနဲ့ အကိုလေး ဆွမ်းချိုင့်ပို့ခိုင်းလိုက်တာ ချိုင့်ရောလူရော အကိုလေးက “မ” ပြေးတာပါ။ ဒါပေသည့် အကိုလေးကလည်း အိမ်ထောင်ကျပြီးတည်းက အသောက်အစား အပျော်အပါးမရှိ၊ အလုပ်အလွန်လုပ်သလို၊ အမ မလှရီကလည်း အသုံးအစွဲစေ့စပ်ပြီး စံနစ်ကျ၊ တကယ့်ကို ဘက်ညီတဲ့ ဇနီးမောင်နှံဆိုတော့ ရွာမှာနေပေမည့် ကြွယ်ဝကြပါတယ်။ သူတို့ရဲ့သားတော်မောင် မောင်မြင့်ကလည်း အောက်ခြေမလွတ်ပဲ ငယ်ငယ်တည်းက မိဘနဲ့ ဒိုးတူပေါင်ဖက် လယ်ထဲဆင်းစရာရှိဆင်း၊ နွားကျောင်းစရာရှိကျောင်း၊ အဖေနဲ့အတူ ပိုက်ချစရာရှိချ ၊ အပိုးကျိုးတဲ့အပြင် ကျောင်းပြီးလို့ ဘွဲ့ရပြန်တော့လည်း ရွာမှာပဲ ကျောင်းဆရာပြန်လုပ်ပါတယ်။ သူတို့မိသားစုက စိုက်ပျိုး၊ မွေးမြူရေးလုပ်တာမို့ မနက် ၄နာရီလောက်ကတည်းက အကုန်အိပ်ရာနိုးလို့ မရိုးနိုင်တဲ့ သူတို့ရဲ့မနက်စာ ထမင်းကြမ်းနဲ့ ငါးခြောက်ကိုစားပြီး လုပ်ငန်းခွင် စ ဝင်ကြပါတယ်။ အမ မလှရီက အသားသိပ်မစားပဲ ငါးပဲအစားလေ့သလို အကိုကလည်း အလုပ်အားရင် သူတို့အိမ်နောက်ကမြစ်ထဲမှာ ပိုက်ဆင်းချသေးတာမို့ “ဆန် ဘယ်ကရ… လယ်ထဲကရ၊ ဟင်း ဘယ်ကရ… မြစ်ထဲကရ” ပိုက်ဆံစုမိကြတာ သိပ်တော့မဆန်းပါဘူး။ ကြုံလို့ပြောရရင် ဟင်းချက်ကောင်းတဲ့ အမ မလှရီချက်တဲ့ လတ်လတ်ဆတ်ဆတ် ငါးတန်ဝမ်းပျဉ်းသားနဲ့ ချဉ်ပေါင်ဟင်းကို ဦးကျောက် အရမ်းလွမ်းပါတယ်။
အမ မလှရီကို စတွေ့ဖူးတော့ မောင်ကျောက်ခဲက ၄နှစ်ကျော်၊ အကိုလေးက ၁၂နှစ်၊ အမ က ၁၄နှစ်ပါ။ အဲသည်တုန်းက အမ မလှရီဟာ ဗမာစကားလည်းမလည်ဝယ်၊ စာလည်းသိပ်မတတ်၊ အလွန်လည်းကြောက်တတ်တဲ့ ကရင်မလေးပါ။ သူ့ခင်မျာ ထမင်းတောင် အိမ်သားတွေနဲ့အတူ မစားရဲရှာလို့ မောင်ကျောက် မွေးသမိခင်နဲ့ ကြီးကြီးလှ က ထမင်းဝိုင်းထဲအတင်းဆွဲသွင်းရပါတယ်။ အမရဲ့ဖွားအေ အမေကြီးဒေါ်မျှင်ကတော့ ထုံးစံအတိုင်း ဖိနပ်ချွတ်မှာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးခဲပြီး ငူငူကြီးထိုင်ကြည့်နေပါတယ်။ ထူးဆန်းတာက အိမ်သားတွေထမင်းစားပြီးရင် အမေကြီးဒေါ်မျှင်အတွက် ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်း ချန်ထားပေးရပြီး၊ အမေကြီးက အဲဒါတွေကို စုပြီး စားပါတယ်။ ဘယ်တော့မှ ထမင်းဝိုင်းထဲ ဝင်မစားသလို အသစ်ခူးခပ်ကျွေးလို့လည်း မရပါဘူး။ မောင်ကျောက်ငယ်ငယ်က အမ မလှရီကို အမေကြီးခေါ်သလို “ဒေမီး” (သမီးလို့ ခေါ်တာဖြစ်မယ်) လို့ ခေါ်ပါတယ်။ မလှရီ ဆိုတဲ့နာမည်က ကြီးကြီးလှတို့အိမ်ရောက်မှ “ဒေမီး” ဆိုတာကလွဲရင် နာမည်မရှိဖြစ်နေလို့ ကြီးကြီးလှ ပေးထားတဲ့ နာမည်ပါ။
မှတ်မိသလောက်ပြောရရင် သူတို့တွေ ရန်ကုန်လာရတဲ့ကိစ္စက ကြီးကြီးလှခင်ပွန်း ဘကြီးဦးကျော် စိတ်ဖောက်လို့ တံတားလေး စိတ်ရောဂါကုဆေးရုံကို လာပို့တာပါ။ ဘကြီးကို ကြည့်လိုက်ရင် လူကောင်းပကတိပုံစံနဲ့၊ တချက်ငိုင်သွားပြီး စိတ်ထဖောက်ရင်တော့ ကြမ်းသလားမမေးနဲ့ ရွာပါ မီးတင်ရှို့တာခင်ဗျ ။ အဲသည်လို ကြမ်းပြီဆိုရင် ပိန်ပိန်သေးသေး အမေကြီးဒေါ်မျှင်ကလွဲရင် သူ့သားတွေလည်းမနိုင် ရွာက ကာလသားတွေလည်းမနိုင်ပါဘူး။ အဲသည်တော့ သူ့အထိန်းတော် အမေကြီးဒေါ်မျှင်က အရိပ်အခြေကြည့်ပြီး ကျောကုန်းကို ပုတ်၊ သတိပေးနေရပါတယ်။ ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဋ္ဌာနကို လာပြတာ၊ စိတ်ရောဂါကုဆေးရုံကို လွှဲလိုက်တာမို့၊ အဲသည့်မှာ ထားခဲ့ရတာပေါ့ဗျာ။ ဒါပေသည့် ၄၅ရက်သာကြာသွားတယ် လူကောင်းပကတိအတိုင်း၊ ဘာမှမဖြစ်တာမို့ နောက်ဆုံး ရွာကိုပဲပြန်သွားကြပါတယ်။ ဘကြီးပြောတာ မှတ်မိပါသေးတယ်…
“အရူးတွေက ဗိုလ်ကျတယ်ဟ၊ ငါ့ဆီက ဆေးလိပ်မီးတတို့လောက်ဆိုပြီး ယူသွားရင်၊ ပြန်မပေးတော့ဘူး။ ငါလည်း အရူးနဲ့ဖက်ပြီး ရန်မဖြစ်ချင်တာနဲ့ အဆုံးခံလိုက်ရတာချည်းပဲ…” ဟူသတတ်။ နောက်တစ်ခုမှတ်မိသေးတာက လူကြီးတွေကဆေးရုံသွား၊ အမတွေကကျောင်းသွား၊ အိမ်မှာလူမရှိလို့ မောင်ကျောက် ဂျီကျပြီးငိုရင် အမေကြီးက မောင်ကျောက် အသံတိတ်အောင် မျက်လှည့်ပြတယ်ခင်ဗျ။
“ကောင်ကလေး…. မကိုင်နဲ့” ဆိုပြီး သစ်ရွက်ခြောက်တွေ အမှိုက်တွေကို ရေခွက်ထဲ ထည့်လိုက်တာ၊ ရောင်စုံ ပုဇွန်ဆိတ်လေးတွေ ငါးလေးတွေ ဖြစ်သွားပြီး တဖျတ်ဖျတ် ခုန်နေတာကို ပြပါတယ်…။ လှလိုက်တာဗျာ… အံ့ဩငေးမောရတာ မောင်ကျောက် ငိုဖို့နဲ့ လောကကြီးကို မေ့သွားဖူးတယ်…။
ပြန်ပြောင်းလို့ အမေကြီးတို့ မြေးအဖွားအကြောင်းပြောရရင်တော့ သူတို့ ကြီးကြီးလှတို့အိမ်က အိမ်စေ၊ အလုပ်သမားတွေ မဟုတ်ကြပါဘူး။ တစ်နေ့သား… ဘကြီးဦးကျော် ခပ်လှမ်းလှမ်းကရွာတစ်ရွာကို လှေနဲ့တစ်ယောက်တည်းသွားလိုက်တာ မိုးအတော်ချုပ်မှ “ဒီလူ နင်တို့ရွာကလား ဝေး” ဆိုတဲ့ အမေကြီးတို့ မြေးအဖွားအသံနဲ့အတူ လှေဝမ်းထဲမှာ ကြောင်စီစီထိုင်ရင်း ပြန်ရောက်လာပါသတဲ့။ ကြီးကြီးလှတို့မိသားစုလည်း စိတ်ပူလို့ မှန်အိမ်ထွန်းပြီးစောင့်နေတာမို့ ကြောင်စီစီဖြစ်နေတဲ့ဘကြီးကို အိမ်ထဲခေါ်သွင်းတော့ ဘကြီးက အစောပိုင်း ဘယ်သူ့ကိုမှ မမှတ်မိပါဘူးတဲ့။ အမေကြီးက ကရင်သံဝဲဝဲနဲ့ ကြီးကြီးကို ရှင်းပြပါသတဲ့၊ ဇာတ်လမ်းဆုံးတော့ ကြီးကြီးနဲ့ သမီးတွေ အတော်ငိုလိုက်ရပါသတဲ့။ ဖြစ်ပုံကဒီလိုပါ… အမေကြီးတို့ မြေးအဖွား ချောင်းနဘေးက လူမနေတဲ့ ဖုန်းဆိုးကွင်းမှာ တဲထိုးပြီးနေပါသတဲ့။ အဲသည့်နေ့က အမေကြီး ငါးရှာဖားရှာထွက်နေတုန်း အနီးနားရွာက လူ့ဗာလ ၂ကောင် ၁၃နှစ်သမီး မလှရီကို မတရားကျင့်ဖို့ကြိုးစားနေတာ ချောင်းရိုးအတိုင်း လှေလှော်လာတဲ့ ဘကြီးဦးကျော်က မြင်သွားပြီး ကမ်းကိုတက်လို့ ဟို ၂ကောင်ကို လှော်တက်နဲ့ တက်ရိုက်ပါသတဲ့။ ဟို ၂ကောင်လည်း ကွဲပြဲပြီး ထွက်ပြေးသွားတော့ ဆင်းရဲလွန်းလို့ စုတ်ပြဲသွားတဲ့အဝတ်အတွက် လဲစရာမရှိတဲ့ မလှရီကို သူ့အကျင်္ ီချွတ်ပေးပါသတဲ့။ အဲဒါကို စားစရာရှာရာကနေ ပြန်လာတဲ့ အမေကြီးဒေါ်မျှင်က ရုတ်တရက် သူ့မြေးကို စော်ကားတယ်လို့အထင်လွဲပါတယ်…..။ နောက်မှ အမ မလှရီ ရှင်းပြလို့ အကြောင်းစုံသိရပြီး ဘကြီးရဲ့ကျေးဇူးကို ကျွန်ခံဆပ်ပါ့မယ်ဆိုပြီး လိုက်လာတာပါ။
ကြီးကြီး နဲ့ဘကြီးက ရှေးဝဋ်လို့သဘောထားပြီး ဘယ်လိုပဲ ခွင့်လွှတ်ပါတယ်ပြောပြော၊ မရဘူးခင်ဗျ ၊ “ငါမှ နင့်ကို မစောင့်လျှောက်ရင် နင် မလွယ်” ဆိုပြီး ငြင်းပါသတဲ့ ။ သည်တော့လည်း အမေကြီးမြေး “ဒေမီး” ကို ကြီးကြီးလှက သူ့နာမည်လည်းပါအောင် လှလှရီလို့ အမည်သညာတပ်ပြီး၊ သမီးတွေနဲ့ တတန်းတည်းထား၊ အမတွေနဲ့ ဦးဇင်းဦးမောင်ကြီးက ဗမာလို စကားလည်းသင်၊စာလည်းသင်ပေးပါသတဲ့။ ရိုးရာနတ်ကိုသာ ကိုးကွယ်တဲ့ အမေကြီးက ဘာမှတော့မပြောပေမည့် ဘုန်းကြီးတွေနဲ့ အထူးသဖြင့် ဦးဇင်းဦးမောင်ကြီးကို အလွန်မျက်မောင်းကျိုးပါတယ်။ နောက်ပြီး တောအရပ်မို့ ဘကြီးဦးကျော်ကို အထက်ဂိုဏ်းဆရာတို့ ပရောဂဆရာတို့နဲ့ ကုပြီဆိုရင်၊ အိမ်နောက်ဖေးမှာ တဝါးဝါးသမ်းရင်း အိပ်ပျော်နေတတ်ပါတယ်။ အဲ… အဲ့ဆရာတွေလည်း ဘယ်သူမှ ဘကြီးကို မကုနိုင်ကြပါဘူး၊ ဘကြီး ထ ကြမ်းလို့ အကုန်ဆင်းပြေးရတာချည်းပါပဲ။
ပြန်ဆက်ရရင် ကွန်မြူနစ်စစ်သားဟောင်း ဘကြီးဦးကျော်ရဲ့ ဘဝဇာတ်သိမ်းက မကောင်းလှပါဘူး။ ဒီလိုပဲ… သူ့ကို အမေကြီးက အရိပ်တကြည့်ကြည့်နေလာတာ အခြေအနေ အတော်ကောင်းပါမှ ရေနစ်ပြီးသေပါတယ်။ ဖြစ်ပုံက… ဒီလိုပါ…၊ တဖက်ရွာကို သားလုပ်တဲ့သူ အကိုလေးက လှေဦးက လှော်၊ ဘကြီးက လှေပဲ့က လှော်ပြီး သားအဖ ၂ယောက် လှေနဲ့ရေလမ်းခရီးသွားလိုက်ကြတာ၊ ဘယ်အချိန် ရေထဲပြုတ်ကျခဲ့တယ်မသိ၊ သတိရလို့လှည့်ကြည့်လိုက်တော့ မရှိတော့ပါဘူး။ အကိုလေးလည်း ရှာမတွေ့တဲ့အဆုံး ငိုမဲ့မဲ့နဲ့အိမ်ပြန်လာတော့၊ အမေကြီးက “ငါ့ကို နင်တို့ သွားခဲ့တဲ့လှေလမ်းအတိုင်း ပြန်လှော်ပေးစမ်း” ဆိုပြီး ရေပြင်ကိုစမ်းရင်း လိုက်လာပါသတဲ့။ တနေရာရောက်တော့ လှေရပ်ခိုင်းပြီး၊ ထမီခါးတောင်းကြိုက်လို့ မြစ်ထဲကို ဒိုင်ဗင်ငုပ်သွားလိုက်တာ၊ ခဏနေတော့ ဘကြီးအလောင်းနဲ့အတူ ပြန်ပေါ်လာပါသတဲ့။
ဒီလောက်ဆို စာရှူ့သူများ ရိပ်မိကြပြီထင်ပါတယ်…. ဟုတ်ပါတယ် အမေကြီးဒေါ်မျှင်က ၁၂ကြိုးကဝေ တလိုင်းကရင်မကြီးပါ…။
သူ့အဖွားက သူ့ကိုပညာအမွေ ပေးခဲ့ပေမည့် ဘကြီးကို ရုတ်တရက်အထင်မှားပြီး ပြုစားမိတာကလွဲရင် ဘယ်သူ့ကိုမှ မနှိပ်စက်ဖူးပါဘူးတဲ့။ နောက်ပြီး သူ့အဖွားက သူ့ကို ပညာပြန်နှုတ်နည်းသင်မပေးသွားတာမို့ တကယ်တတ်သိတဲ့ ဆရာနဲ့တွေ့ရင် သူ့အသက်ပေးပါ့မယ်၊ ဘကြီးပြန်ကောင်းမယ်ဆိုရင်ကုပါလို့ တိုက်တွန်းပါသတဲ့။ ဒါပေသည့် သူ့ပညာကကြီးလွန်းတော့ ဆရာတွေ ဆင်းပြေးရတာကလွဲရင် ဘယ်သူမှ ဘကြီးကိုသက်သာအောင် မကုနိုင်ကြပါဘူး။ အမေကြီးမှာ ဆွေမျိုးညာတိ မရှိတဲ့အပြင် သူတို့ကရင်ရွာက သူ့ကိုစုန်းတတ်မှန်းသိလို့ ရွာ့ပြင်ထုတ်ထားပါသတဲ့။ သူ့ခင်ပွန်းက သဘာဝအတိုင်း ရောဂါနဲ့ဆုံးပြီး သမီးနဲ့ သားမက်က မလှရီ ၂နှစ်သမီးမှာ သူ့ကိုမနိုင်တဲ့ ပညာသည်တစ်ယောက်က မြွေနဲ့တိုက်သတ်လို့ သေရတယ်လို့ဆိုပါတယ်။
ကြီးကြီးလှနဲ့မိသားစုက အမေကြီးရဲ့အကြောင်းကို မိသာစုဝင်တွေကလွဲရင် ဘယ်သူ့ကိုမှပေးမသိသလို၊ ကြင်ကြင်နာနာဆက်ဆံကြပါတယ်။ ကြီးကြီးလှနဲ့ ဘကြီးဦးကျော်က အမေကြီးကို “မမကြီး”လို့ပဲ အမြဲ ခေါ်ဝေါ်ကြတာ မောင်ကျောက်နားနဲ့ဆတ်ဆတ်ပါ ခင်ဗျာ။ ဆက်ပြောရရင်တော့ အမေကြီးရဲ့နောက်ဆုံး နောက်ဆုံးနေ့ရက်များက အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဘကြီးဦးကျော်ဆုံးပြီးပေမည့် သံယောဇဉ်ကလည်းဖြစ်၊ သနားကလည်းသနားမို့ သူတို့မြေးအဖွားကို ကြီးကြီးက ပြန်မလွှတ်တော့ပါဘူး။ သည်လိုနဲ့ လပိုင်းအကြာလောက်မှာ အမေကြီး ငေးငိုင်နေရာကနေ နေမကောင်းဖြစ်ပါတော့တယ်။ ကြီးကြီးနဲ့ မိသားစုက ပြုစုပေမည့် ကြီးကြီးကလွဲရင် သူ့မြေး မလှရီကိုတောင် အနားကပ်မခံသလို၊ သူ့အသားကို ဘယ်သူ့မှ အထိမခံပါဘူး။ နောက်ပြီး ညဘက်ဆို သူအိပ်တဲ့ အိမ်မကြီးရဲ့မီးဖိုဆောင်အဖီလေးနောက် မြစ်ဘက်ကနေ လှေသံ လူသံတွေ ကြားရသလို၊ အမေကြီးရဲ့ ကရင်လိုရော ဗမာလိုရော ဆဲဆိုကြိမ်းမောင်းသံတွေ ကြားရတာမို့ နောက်ဆုံး အကိုလေးတို့ ညီအကိုက အမေကြီးကို ကပ်နဲ့တင်ပြီး အကိုအကြီးဆုံးရဲ့ ခြံဝိုင်းထဲက တဲကိုရွှေ့ထားပါတယ်။ ဒါတောင်မှ လူစိမ်းတွေ ရောက်လာတတ်လို့ အကိုလေးတို့ညီအကိုတွေ ညဆို မီးတိုင်ထွန်းပြီး ဓားထမ်းစောင့်ရပါသတဲ့။ နောက်ဆုံး အတော် မမာမကျန်းဖြစ်တော့ အမေကြီးက သူအလွန်မုန်းတဲ့ ဦးဇင်းဦးမောင်ကြီးကို ခေါ်ခိုင်းပါတယ်။ ဦးဇင်းကြီးရောက်လာတော့
“မောင်ကြီး… နင်… ငါဘာလဲ သိတယ်မဟုတ်လား” လို့မေးပါတယ်။ ဦးဇင်းကြီးက
“သိတာပေါ့ ဒကာမကြီးရယ်၊… အခုချိန်မှာ ကောင်းရာမွန်ရာ မြင့်မြတ်ရာကိုသာ အာရုံပြုပါ” လို့ မိန့်ပါတယ်။ အမေကြီးလည်း ရုတ်တရက် ဦးဇင်းကြီးလက်ကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်လိုက်ပြီး…
“မောင်ကြီး… နင့်ကို ငါ့ပညာတွေ ပေးပါတယ်ဟယ်….”လို့ ပြောအပြီး
“ဟင်းးးးး….” ကနဲ သက်ပြင်း လေးလေးကြီးချလို့ အသက်ပျောက်သွားသလို ဦးဇင်းဦးမောင်ကြီးလည်း တင်ပျင်ခွေကနေ ဆတ်ကနဲ ယိုင်ထိုးသွားပါတယ် ခင်ဗျား…..။
ဆွေမျိုးစုအတွင်းက တကယ့်အဖြစ်မှန်မို့ စိတ်ရှိလက်ရှိရေးလိုက်တာက ဝထ္တုလတ်တစ်ပုဒ်စာရှိသွားလို့ ချုံ ့လိုက်ရပါတယ်။ စာဖတ်ရတာ အဆင်မပြေ အဆုံးသတ်မှာ တုံးတိကြီးလို့ထင်မြင်ရင် ဦးကျောက်ခဲ အပြစ်ပါခင်ဗျား….။
55 comments
nozomi
December 13, 2013 at 8:48 am
အမေကြီးသာ ရှိသေးရင်ကောင်းမှာ
့
့
ဟုတ် တယ် အား လုံး ထင် တဲ့ အ တိုင်း
သူကြီးကို ပြ ချင် လို့
ဦးကျောက်ခဲ
December 13, 2013 at 9:44 am
အမေကြီးသာရှိသေးရင် အသက် ၉ဝကျော်ပြီခင်ဗျ…
ဟီး ဟီး သဂျီး ဂွပြောရင် ဂျစ်ပစီတွေဆီ လွှတ်လိုက်မယ်…
အဲတာမှ မှတ်လောက်သားလောက်ရှိမှာ…
😀
black chaw
December 13, 2013 at 9:13 am
ဘယ့်နှယ့် သေစကားတွေ ပြောနီးကီးနေရပါသလဲ ကွယ်…။
မနက်ဖြန်…သဘက်ပဲ မိန်းမယူရဦးတော့မယ့် ဟာပဲ…ဟာပဲ…ဟာပဲကို…။
ဟေး…ဟေး…။
nozomi
December 13, 2013 at 9:38 am
ဘလက်လေဘယ် သောက်တဲ့ ကိုချော ဆိုတဲ့ လူကြီး
Prome မှာ မူးမူး နဲ့ တစ်ခါ ပြောဘူးသလားလို့
အိမ်ထောင်ကျတယ်ဆိုတာ လူပြိုဘဝ လွတ်လပ်ခြင်းတွေရဲ့ သေဆုံးခြင်း အစ ဆို ဆို ဆို
ဦးကျောက်ခဲ
December 13, 2013 at 9:49 am
သတ္တဝါဆိုတာ တနေ့တော့ သေရမှာပဲ ကိုရင်ဘလက်ရဲ့…
အခုတော့ ကိုဘလက်တို့ ကိုနိုတို့ကို အားကျလို့ အိမ်ထောင်ပြုတော့မယ်…
လွတ်လပ်ချင်းတွေကို လွတ်လပ်ရေးနေ့မှာ စွန့်လွှတ်တော့မယ်… အား ဟိ
😀
Wow
December 13, 2013 at 9:39 am
ကျောက်စ်တို့ညံ့ချက် အမေကြီးဆီက ပညာလေးနဲနဲပါးပါးရအောင်ယူခဲ့တာ မဟုတ်ဘူး :kwi:
ဦးကျောက်ခဲ
December 13, 2013 at 9:52 am
အောင်မငီး…. မလိုချင်ပါဘူး ဂျီးတော်ဝေါင်းရယ်…
အလွန် ငရဲကြီးတယ်ဆိုပဲ… နောက်ပြီး ဘာသုံးစားလို့ရတာမှတ်လို့…
😀
sorrow weaver
December 13, 2013 at 10:11 am
ခွစ်ရှန်အယူကတော့ ..အဲ့ပညာတတ်ရင် 100% ငရဲတဲ့ဗျာ…သို့သော်..တတ်တော့အတတ်ချင်သား..အဟီး
ဦးကျောက်ခဲ
December 13, 2013 at 10:25 am
ဘယ် ဘာသာမှာကြည့်ကြည့်…
အဲ့ပညာကြီးက အပြစ်ကြီးပါတယ်…
ဟမ့် တတ်ချင်တာ ချစ်တီးမကြီးကို ပြုစားဖို့မဟုတ်လား…
နိအကျံ နာတိဒယ် ကဆောရိုး… ဟီး ဟီး
😀
Nyo Win
December 13, 2013 at 9:40 am
ကြီးကြီးလှတို ့မိသားစုရဲ ့သည်းခံနိူင်စွမ်းနဲ ့မေတ္တာတရားကို..အံ့ဩလေးစား
သွားပါတယ်..ဆကျောက်စ်..။ကျန်တာကတော ့အပေါ်က..ကိုနိုဇိုမိပြောသွား
အတိုင်းပါပဲ….။
ဦးကျောက်ခဲ
December 13, 2013 at 10:00 am
ကြီးကြီးလှ က နာမည်နဲ့လိုက်အောင် စိတ်ထားလှတယ် ဆြာညိုရဲ့…
နောက်ပြီး လက်လွန်သွားပြီမို့ သူတို့လည်း ဘာမှမလုပ်နိုင်ဘူးလေ…
အ ဟဲ ကျောက်စ်ကို အားမကျဘူးလား လူပျိုကြီး ဆြာညို…
😀
Mr. MarGa
December 13, 2013 at 9:46 am
ဪ…
ဘုံဘဝမှာ ကြုံရတာတွေက ဆန်းတော့ အဆန်းသား နော်…
ဒါနဲ့လေ ဦးကျောက်
ဘာလို့ အမေကြီးက သူ့မြေးကို မပေးဘဲ ဦးမောင်ကြီးကို ပေးသွားတာလဲဗျ။
ပြီးတော့ အမေကြီးနဲ့ ပယောဂဆရာများ ပညာပြိုင်ခန်းလေးလဲ လုပ်ပါဦး….
:mrgreenn:
ဦးကျောက်ခဲ
December 13, 2013 at 10:04 am
အင်း… လူ့ဘုံခန်းဝါမှာ မသိသေးတာတွေ အများကြီး သဂျားရဲ့…
အမေကြီး သူ့မြေးကို ပညာအမွေမပေးတာ သူ့လိုဖြစ်မှာစိုးလို့ထင်ပါရဲ့…
ဦးဇင်းဦးမောင်ကြီး ဆေးကုတုန်းက…
အပမှီ ပရောဂ လူပြုစားဆိုရင် သူ့ရှေ့ရောက်တာနဲ့ ပျောက်ရော…
😀
Mr. MarGa
December 13, 2013 at 11:29 am
ဒါဆို အတော် အဆင့် မြင့်တာပဲ နော်….
မဟာရာဇာ အံစာတုံး
December 13, 2013 at 9:57 am
အခု ..
ဦးဇင်းဂျီး ချိဒေးလား ခည …
ချိဒေးယင်ဒေါ့လား .. ငွင်းးငွင်းး
သွားပီး နှိပ်နယ် ပုစုပေးအုံးမှဗျဲစ် ….
လကားနောက်တာပါ …
ဦးကျောက်ခဲ
December 13, 2013 at 10:08 am
အရင်ပို့စ်မှာ ရေးထားတယ် အံစာရဲ့၊ နာဂစ်မဖြစ်ခင် ပျံတော်မူတယ်…
ဦးဇင်းကြီးလည်း သူသေရင် ချက်ချင်း မီးသင်္ဂြိုဟ်ဖို့မှာသွားတယ်…
ခြေဆုပ်လက်နယ် ပြုစုချင်ရင် ဦးလေးကျောက်စ် ရှိသေးတယ်လေ…
😀
မဟာရာဇာ အံစာတုံး
December 13, 2013 at 10:21 am
ဥငေးကျောက်စ် လည်း ယားဘာဒယ် ..
ကျေးဂျူးချင်ဂျီးဘဲ လုပ်ပေးရမှာပေါ့လို့ …
ဒါပေသိ ..
ပညာဒွေ အမွေပေးမယ်ဆိုမှနော် ..
ဥငေး ဆီက ပညာဒွေ ရလို့ဂဒေါ့
ကမ်ပနီ အကြီးကြီးထောင်ပီး လုပ်စားပလိုက်မယ် … ငိငိငိ
Crystalline
December 13, 2013 at 11:29 am
စိတ်ဝင်စားစရာကောင်းလိုက်တာ… စိတ်ဝင်တစားဖတ်သွားတယ်.. ကျမငယ်ငယ်ကလေးကတောင် အဲလိုပြုစားတာခံဖူးတယ်လို့ ပြောရမယ်ထင်တယ်.. ဒါပေမယ့် အစာမစားခင် ဘုရားအာရုံပြုလေ့ရှိတော့ မစားခင်သိလိုက်တာ.. မှတ်မိတာတော့ ၈နှစ် ၉နှစ်လောက်ပဲ.. ပူပူနွေးနွေးအိုးက ချကာစအကြော်ဝယ်လာတယ်.. အိမ်ပြန်ရောက် ဘုရားရှိခိုးပြီး စားဖို့ဖဲ့လိုက်တော့မှ မီးနေသည်နံ့လို စူးစူးဝါးဝါးထွက်လာတာ.. တကယ်တမ်းအဲဒီအနံ့ဆိုတာကိုလည်း သိတဲ့အရွယ်လည်း မဟုတ်ဘူးလေ… ဒါပေမယ့် ဘာဖြစ်လို့လဲမသိ.. ပါးစပ်ကလည်းပြော အမေကိုလည်းခေါ်တယ်.. ဟုတ်တယ်..သူလည်းရတယ်.. တော်သေးတာပေါ့.. မစားမိလို့.. :))
ဦးကျောက်ခဲ
December 13, 2013 at 11:47 am
တော်သေးတာပေါ့ Crystalline ရယ် ဘုရားကိုအာရုံပြုပြီးစားမိလို့…
အဲသည့်ပညာမျိုးက ကမ႓ာနဲ့အဝှမ်းမှာရှိနေတာ…
မလေးရှား ဆာဘား ဆာရာဝပ်မှာဆို မယုံတဲ့သူတွေကို လုပ်ပြတယ်…
😀
KZ
December 13, 2013 at 12:01 pm
ဆွေမျိုး အစုံ ကြိုးခုန်တဲ့ ဇာတ်လမ်းပါလားးးး
အဲဒါတွေ တကယ် ရှိပါတယ်ဆို။
ယောဘက်က ဆွေနီးမျိုးစပ်တွေမှာ ရှိသေးတယ်။
ခက်တာက ရုပ်ရှင်ထဲကလိုတွေ အင့်ဟာ ရော့ဟာတွေ မပြကြဘူးးး
သိုသိုသိပ်သိပ်ပဲနေကြတယ်။
နာ့သာ ၁၂ ကြိုး ကိုင်ရကြည့်။
၁၂ ယောက်လောက် ပြုစားပစ်စမ်းမယ်..
😀
ဦးကျောက်ခဲ
December 13, 2013 at 12:09 pm
ဟုတ်တယ် မိဇာဂျီးရဲ့၊ တကယ့်ပညာသည်တွေက လူသိမခံဘူး…
ကျောင်းတုန်းက မယုံတဲ့ ဘော်ဒါတွေ လူစုပြီး ဇင်းကျိုက်ဘက်သွားကြည့်တာ…
ကျွတ်ကျဲပြီး ပြန်လာရဖူးတယ်…
ဟိ ကျောက်စ် ၁၂ကြိုးသာတတ်ရင် ဆိုင်းဆိုင်းကို ဟိုသင်းဖြစ်အောင် ပြုစားမယ်…
😀
alinsett
December 13, 2013 at 1:19 pm
အဲဒီ ပညာသည်မျိုး ကျွန်တော် သေချာ မမြင်တွေ ့ဖူးပေမယ့်
ပြောကြဆိုကြရင် အရမိးစိတ်ဝင်းစားပြီး
နားထောင်နေကျ
ဦးကျောက်ခဲ
December 13, 2013 at 2:10 pm
ဒညင်းဝက်ရေ ဦးကျောက်စ်ကတော့ မြင်ဖူးတယ်ကွယ့်…
မွန်ပြည်နယ် ဇင်းကျိုက်ဘက်မှာ အခုအထိရှိသေးတယ်…
မြန်မာနိုင်ငံတစ်ခုမှာပဲရှိတာ မဟုတ်ဘူးလေ…
စုန်းမ ချောချောလေးဆို ယူမလား… ဟီ ဟိ
😀
ခင် ခ
December 13, 2013 at 1:59 pm
ပြုစားတယ်ဆိုတာ ပြုပြင်ပြီးစားတာကိုပြောတာလားဟင်။
မပြုမပြင်ဘဲ စားရင် စိမ်းဆော်နံတယ်ဆိုပေမယ် ဂျပန်အစားအစာတွေမှာ ငါးအစိမ်း ပုဇွန်အစိမ်းတွေနဲ့ စားကြတယ်လေ။ ဒါဆို ဂျပန်မှာ ပြုစားမခံရဘူးပေါ့နော်။
ဦးကျောက်ခဲ
December 13, 2013 at 2:06 pm
အကောင်လိုက် ကိုက်မစားခင် အသားလွှာရသေးတာမို့…
ဂျပန်မှာလည်း ပြုစားပါတယ် ဆြာခရယ်…
😀
kai
December 13, 2013 at 4:48 pm
ဦးဇင်းကြီးပညာပေးသွားတဲ့သူကို … သိချင်သား..
ဓမြတိုက်ပြီး.. ပညာလုမလို့…
ကွိ…။
ပြောသာပြောတာ..
အခုလောလောဆယ်.. အိမ်မှာထားတာ.. မိဘအမွေပေးသွားတဲ့..ပန်းပေါင်းစေတီလေးဗျ..
အဲဒီစေတီကို.. အထက်လမ်းပညာသည်တယောက်က.. အဖိုးနဲ့တူတူ နက္ခတ်ကြည့်တည်တယ်ပြောတယ်..။
အဖိုးဆိုတာက.. အဂ္ဂိယတ်အထိုးလွန်ပြီး.. ပြာတွေစား.. အသဲကင်ဆာနဲ့ဆုံးတဲ့အဖိုးပေါ့..
တွေးကြည့်ပေတော့…။ :kwi:
ဦးကျောက်ခဲ
December 14, 2013 at 10:07 am
ဦးဇင်းကြီးက ဘယ်သူ့ကိုမှ ပညာအမွေမပေးခဲ့တဲ့အပြင်…
အသက်ကြီးလာတော့ ဝိပဿနာ ကမ္မဋ္ဌာန်းလိုင်းဘက်ကို ကူးသွားပါတယ်…
နောက်ပိုင်း ကြီးကြီးလှကိုပြောတာကတော့…
အမေကြီး အသက်မထွက်ခင် သူ့ကိုပညာအမွေပေးတော့…
ငယ်သေးလို့ စိတ်ညွှတ်မိတာ အရမ်းနောင်တရပါသတဲ့…
😀
မိုက်ကယ်ဂျော်နီအောင်ပု
December 15, 2013 at 9:29 pm
အဲ့ဒါ ဘုန်းကြီးကိုပေးသွားတယ်မခေါ်ဘူး
လှူသွားတယ်လို့ခေါ်တယ် မှတ်ထားဂျ
ဘုရားရှေ့မှာ အရက်ပုလင်းကြီးချပြီး
ဒီအရက်တွေဘုရားလှူပါတယ် ဆိုတဲ့သဘောဘဲ
ဆိုလိုတာက ဒါကို သူမပြုတော့ဘူးလို့ သဘောပိုက်တယ်
မြင်သာအောင်ပြောရရင်
သက်သေထားပြီးလုပ်သွားတာ
ဥပမာ
သူငယ်မတစ်ယောက် လင်ရတဲ့အခါ
သူ့မှာလင်ရှိကြောင်း ရပ်ကွက်ကို လဖက်ရည်ချောတိုက်ပြီး
အသိပေးတဲ့သဘော
အဲ့သည်လို စုန်းမျိုးတွေ အများကြီးရှိတယ်
ကံအကြောင်းအရ သူကစုန်းဖြစ်ပေမယ့်
ပါရမီလို့ခေါ်ရမလား
သူ့ကိုယ်သူသိတယ် ဒါပေမယ့် မဆိုးသွမ်းဘူး
မြင်သာအောင်ပြောရရင်
လင်ယူသားမွေးတာ သဘောအရ
ကိလေသာဆိုတာကိုသိပေမယ့်
အကြောထတာကို ထိမ်းမနိုင်လို့
အကြောလျှော့တဲ့သဘော
ငါမူးတာငါသိဒယ် ဒါပေမယ့် နည်းနည်းများလို့
ယိုင်တိုင်တိုင်ဖြစ်နေတဲ့သဘော
..တောက်စ်!!!
..ပြောပြောထဲကစောရောဗျာ
..အောင်ပုနဲ့တွေ့လို့ကတော့
ဦးကျောက်ခဲ
December 16, 2013 at 11:37 am
လှုတာတော့ သိတာပေါ့ ကိုပုရယ်…
အမေကြီးက ဗုဒ္ဓဘာသာမဟုတ်တော့ ဘုန်းကြီးနဲ့ ဘယ်လိုပြောရတယ်ဆိုတာ သူ မသိဘူးလေ။ ကျောက်စ်ကလည်း သူတို့စကားပြောတာ အရင်းအတိုင်း ပြန်ပြောတာပါဗျာ။ ဟီ ဟိ စောစောကတွေ့ရင် ၁၂ကြိုး မားပု လုပ်မို့လား…
😀
•*¨နန်းတော်ရာသူ •*¨
December 13, 2013 at 7:41 pm
ဖေဖေရော အဒေါ်ငယ်တစ်ယောက်ပါခံရဘူးလို့ အာ့မျိုးတွေကိုမယုံမရှိပါဘူးဖေကျောက်စ်ရေ
တဖြည်းဖြည်းနဲ့ကျောက်မျိုးနွယ်တွေအကြောင်း သိသိလာပြီ
😀
ဦးကျောက်ခဲ
December 14, 2013 at 10:12 am
သူတပါး အကြောင်းရေးရတာ ရှော့ရှိလို့ ကိုယ့်အကြောင်းကိုယ်ရေးတာ…
အဖိုးအဖွားအကြောင်းပြီးတော့ အခု အမျိုးတွေဘက် လှည့်လာပြီ.. ဟီဟိ
😀
lele kyi
December 13, 2013 at 9:46 pm
ဦးကျောက်စ် ဇာတ်လမ်းဖတ်ပြီး ” Drag me to hell” မူဗီသတိရသွားပြီးပြန်ကြည့်နေတယ်။ http://www.youtube.com/watch?v=sp3lA1I4Ssw
တီဒုံရေ ဝါးခယ်မ က ဦးဂျာအေး လည်းအရမ်းစွမ်းတယ်ဆို။သေသေချာချာတော့သိဘူး ငယ်ငယ်က ဦးလေးတွေ အံ့ဩတကြီးပြောပြတာနားထောင်ဘူးယုံပါ။
ဦးကျောက်ခဲ
December 14, 2013 at 10:19 am
အန်တီဒုံတို့ ဝါးခယ်မက ဦးဂျာအေး အကြောင်း…
ရွာ့သူပုန်ကြီး ကရဲစည်နဲ့ ပြောဖြစ်သေးတယ်…
သူက အထက်ဂိုဏ်းတဲ့… ဟုတ်လားတော့ မသိ
😀
padonmar
December 17, 2013 at 1:46 am
ဦးဂျာအေးပညာပြတာမြင်ဖူးတဲ့သူတွေရှိတယ်။ကျမကိုယ်တိုင်တော့ မတွေ့ဖူးပါဘူး။ကျမတို့အတွက်တော့ လမ်းတွေ့ရင် အမေ ပိုက်ဆံပေးပါဆိုပြီး တောင်းတတ်တာပဲသိတယ်။
(ကျမထက် အသက်အများကြီးကြီးပါတယ်။သူက အဲသလိုတောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ ဘုရားတည် တံတိုင်းဆောက်လုပ်တယ်၊လူကိုကြည့်ရင် ရူးသလိုပေါသလိုနေတတ်တယ်။ဘုရားဆင်းတုသေးသေးလေးတွေ လက်ထဲကို ဘွားကနဲ ရောက်လာအောင်လုပ်ပြတာတွေ့ဖူးတဲ့သူရှိတယ်။)
ဦးကျောက်ခဲ
December 17, 2013 at 8:06 am
ကရဲစည် ဘယ်ရောက်နေတယ် မသိ…
သူပြောပြတာတော့ ဦးဂျာအေးက ဘာသာခြားမိသားစုမှာ မွေးတာပါတဲ့ ။ မြစ်ထဲကို မယုံလို့ ကြိုက်တဲ့ပစ္စည်းပစ်ချ ပြန်ယူပြပါသတဲ့ ။ အန်တီဒုံပြောသလို အရူးအပေါလိုနေပေမည့် သူလှူခဲ့တာတွေ အများကြီးပါ ။ လေထဲကို လက်ဆန့်ရမ်းလိုက်ပြီး “ရော့… ကိုးကွယ်ဖို့ ဘုရား”ဆိုပြီး ဆင်းတုတွေပေးတတ်တဲ့ ဦးဂျာအေးဟာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ပါသတဲ့…။
Credit to: သူပုန်ကြီး ကရဲစည်
😀
ဝင့်ပြုံးမြင့်
December 14, 2013 at 12:45 am
အံ့ဩစရာကြီးပါလား။
ဒါနဲ့ မကြာခင်မှာ ဦးကျောက်စ်လည်း ဦးကြောက်စ်လို့ နာမည်ပြောင်းရတော့မယ် ထင်တယ်နော်။
Ma Ma
December 14, 2013 at 9:43 am
ဟယ်……… ပြုံးကလည်း ရှေ့ဖြစ်ဟောတတ်တယ်တော့…….
မဟာရာဇာ အံစာတုံး
December 14, 2013 at 10:07 am
ဒါ ..
ကျုပ်ဥငေးကို သက်သက် စော်ဂါးနေဂျဒါ ..
ကျုပ် ခံဘူး …
သူဘဲ ခံလိမ့်မယ် .. ခိခိခိ
ဦးကျောက်ခဲ
December 14, 2013 at 10:29 am
မအံ့ဩနဲ့ မပြုံးရေ… ဤ ဒွန္နယားကြီးမှာ အကုန်ရှိတယ်…
အ ဟိ… ကြောက်စ် ဇာတ်လမ်းကတော့ ကိုရင်ဆာမိ ရေးဖူးသလို…
“… အရက်မသောက်ရဘူးတဲ့… ဂျစ်တူကပြောတယ်…”
“… ဆေးလိပ်မသောက်ရဘူးတဲ့… ဂျစ်တူကပြောတယ်…”
ဟတ်ကဲ့… ကျောက်စ်လည်း ဆြာတွေလမ်းစဉ်လိုက်လို့ ကြောက်စ်ပါတယ်…
ကျောပူတာခံနိုင်တယ် နားပူတာမခံနိုင်ဘူး ခင်ဗျ… ဟီ ဟိ
😀
TNA
December 21, 2013 at 8:38 am
ကျွန်မလဲရေးဖူးပါတယ် ရှေ့တော့ ဝုတ်ကဲ့ဝုတ်ကဲ့ ကွယ်ရာတော့ လုပ်ဟဲ့လုပ်ဟဲ့
Ma Ma
December 14, 2013 at 8:23 am
ငယ်ငယ်တုန်းကတော့ အိမ်နားက အဖွားကြီးတစ်ယောက်ကို (လူပြောသူပြောနဲ့) စုန်းမကြီးဆိုပြီး အိမ်နီးနားချင်းတွေက မခေါ်မပြောရဲပဲ ကြောက်ခဲ့ဖူးတယ်။
ဒါပေမယ့်လည်း ဘယ်သူမှ စုန်းကိုင်ခံရတယ်၊ နတ်ဖမ်းစားခံရတယ်တော့ မကြားဖူးဘူး။
စုန်းမကြီးတွေက သူ့တို့ပညာကို သူပြန်နှုတ်နိုင်တယ် ကြားဖူးတာ
ခုတော့ သူ့ပညာကို သူပြန်မနှုတ်နိုင်ဘူးနော်။
🙁
ဦးကျောက်ခဲ
December 14, 2013 at 10:45 am
ငယ်ငယ်က တွေ့ဖူးတာ အတော်ထူးဆန်းတယ် အန်တီမမရဲ့…
အတော်စွမ်းပါတယ်ဆိုတဲ့ အထက်ဂိုဏ်းဆြာ ပင့်လာတာ…
ဆြာက “ဟေ့… သူ့ကို ချုပ်လိုက်စမ်း” လို့ အမိန့်ပေးလိုက်တာနဲ့…
ဘကြီးက အမေကြီးလို ကရင်သံဝဲဝဲနဲ့…
“အောင်မယ် မလောက်လေးမလောက်စား ဆြာပမွှားက…
ဟေ့… နင်တို့ဆြာကိုပြန်ချုပ်… ကျောကို ဖနောင့်နဲ့ပေါက်”လို့ပြောလိုက်တာနဲ့…
ဟိုဆြာလည်း “အမလေး အဘလေး…” တ ရတော့တာပဲ…
ကြီးကြီးလှက “မမကြီးရယ် တော်ပါတော့”လို့ ငိုပြီးတောင်းပန်မှ ရပ်တယ်…
ဆြာလည်း ဆင်းပြေးတာ တန်းနေတာပဲ…
အမေကြီးက မီးဖိုဆောင် ကြမ်းပြင်မှာ ဆန့်ဆန့်ကြီး အိပ်နေတာ…
သူပြောတာ သူ့အဖွားက ပညာပြန်နှုတ်တာ သင်ပေးမသွားလို့တဲ့…
😀
ဦးကြောင်ကြီး
December 14, 2013 at 11:31 am
ခရစ်စတယ်လှိုင်းဂလေးဂရော အဲဒီတလိုင်းကရင်မကြီးလို ၁၂ကြိုးတတ်လား၊ အထက်ဂိုဏ်းဆြာ ဦးကြောင်ကြီးရဲ့ ၁၅၀ဝ ခြစ်ကြိုး ကဝေကိုတော့ ယှဉ်နိုင်မည်မထင်။ ဖမ်းကွာ အဲဒီ ပက်ကညော ကဝေမဂလေးကို.. ကြောင်အိမ်ထောင်ချပေးရအောင်။
ဦးကျောက်ခဲ
December 14, 2013 at 12:17 pm
ဒီကကြောင်ဂျီးကတော့ မနိုင်ဘူး… သွား စ ပြန်ပြီ…
😀
surmi
December 14, 2013 at 12:38 pm
ယုံတယ်…
ဒီလိုဖြစ်ရပ်လေးတွေကို ကိုယ်တွေ့မဟုတ်ပေမယ်
ယုံကြည်ရတဲ့သူတစ်ဦးကြုံခဲ့ဖူးလို့ပါ ။
လူမျိုးအသီးသီးမှာ မတူတဲ့ပုံစံမျိူးနဲ့လည်း
ရှိနေတတ်ပါတယ် ..။
အင်း…ရှားရှားပါးပါး ကြီးမေရဲ့ ခွင့်လွှတ်နိုင်စွမ်းနဲ့
အစ်မ မလှရီတို့မြေးအဘွားရဲ့ပြတ်သားတဲစိတ်ဓတ်တွေကိုတော့ဖြင့်
ဩချလောက်ပါရဲ့ ..။
ရီစရာပြောရရင် … ငယ်ငယ်ကသွားလည်ဖူးတဲ့ရွာတစ်ရွာမှာ
အဲဒီလိုပညာတတ်တဲ့ဘွားတော်တစ်ယောက်ရှီတယ်ဆိုလို့
ရွာထဲကကောင်မလေးတွေကို ရဲရဲ မကြည့်ရဲခဲ့ဘူး..
🙂
ဦးကျောက်ခဲ
December 14, 2013 at 1:46 pm
ကျောက်စ်ပြောချင်တာ အဲဒါပါပဲ ကိုရင်ဆာမိရယ်…
အမေကြီးတို့ မြေးအဖွားရဲ့ ပြတ်သားတဲ့စိတ်ဓာတ်…
အမှားကိုဝန်ခံတတ်တဲ့စိတ်ဓာတ်…
ကိုယ့်ကြောင့် ပျက်သွားတဲ့ ဘဝတစ်ခုကို…
ဘဝနဲ့ရင်းပြီးပေးဆပ်တဲ့စိတ်ဓာတ်…
ကြီးကြီးလှရဲ့ ကြင်နာ ခွင့်လွှတ် သီးခံတဲ့စိတ်ဓာတ်…
အမေကြီးရဲ့ ထိန်းသိမ်းတတ်သူလက်ထဲ ပညာအပ်ခဲ့မှုနဲ့…
ဦးဇင်းဦးမောင်ကြီးရဲ့ တလွဲမသုံးပဲ…
မကောင်းတဲ့ပညာကို အမွေမပေးခဲ့တဲ့စိတ်ဓာတ်…
အဲသည့်စိတ်ဓာတ်တွေကို လေးစားမိပါရဲ့ဗျာ…
🙂
TNA
December 14, 2013 at 4:49 pm
ကျောက်စ် က အချိန်မရတာနဲ့ နှစ်ပိုစ့်စာကို တပိုစ့်နဲ့ ချုံ့လိုက်တယ် လူဇိုး။ ဖတ်ရတာ တက်သုတ်ရိုက်ဖတ်လိုက်ရသလိုပဲ။
ဦးကျောက်ခဲ
December 16, 2013 at 11:40 am
ပြောရင်လည်း ခံရမှာပဲ မွသဲ၊ အရှည်ကြီးရေးရမှာ ပျင်းတာကိုး…
အဲဒါကြောင့် ကျန်ခဲ့တာတွေကို မန့်မှာ ပြန်ဖြေထားတာ ခင်ဗျ…
😀
ကျော်စွာခေါင်
December 15, 2013 at 4:39 am
ကိုကေကျာက်စ်
ဖတ်လို ့ကောင်းလိုက်တာဗျာ…
စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာနဲ ့အတုယူစရာတွေ အများကြီးပါဘဲ..
အမေကြီးတို ့လို ထူးခြားသူတွေကို ကျနော် သနားတယ်..လေးစားစိတ်ဲ ထားတယ်..
အမေကြီးလို ပညာရှင် ထိပ်ခေါင်တွေ တွေ ့ဘူးတယ်..အကြောင်းတိုက်ဆိုင်လာရင် ရေးပါဦးမယ်..
ကိုကျောက်လို ခေတ်ပညာတတ်တစ်ယောက်ကတောင် ချပြတော့ ကျနော်ရေးဘို ့အားရှိပါတယ်.. ကျေးဇူး
အဲဒီလို စိတ်စွမ်းအင် ပညာရပ်တွေက ကြုံတောင့်ကြုံခဲ ကိစ္စတေါ ကိုကျောက်စ်ရ..။
ဆက်ရေးပါဦး..ကျနော်လဲ ကိုကျောက်စ်ရဲ ့ပို ့စ်အဟောင်းတွေ ရှာပြီး ဖတ်လိုက်ဦးမယ်..။
ဦးကျောက်ခဲ
December 16, 2013 at 11:47 am
ရေးပါ အကိုကြီးရဲ့…
အကိုကြီးလို ဘဝစုံ ၊ အတွေ့အကြုံများ ၊ စာရေးကောင်းသူက ရေးလိုက်ရင်…
စာပိုချောပြီး စွဲမက်စရာ ရသဝထ္ထုကောင်း ဖြစ်တာပေါ့ဗျာ…
ကျောက်စ်မှာတော့ ကြုံလိုက်ရရင် ထူးထူးဆန်းဆန်းတွေချည်းပဲ…
😀
kyeemite
December 16, 2013 at 1:43 pm
နောက်ကျသွားတာခွေးလွှတ်ပါ ကိုကြောက်စ် ရေ..
ကျုပ်ငယ်ငယ်က သူငယ်နာလိုဖြစ်ပြီး သွားရည်တွေအမြဲကျနေတတ်တာ
လူကလည်းဝတော့ မေးစေ့ကရင်ဘတ်နဲ့ထိနေတာ..
သွားရည်တွေက မေးအောက်ကိုဝင်နေတော့ သွားရည်လောင်ပြီး
ရင်ဘတ်နဲ့လယ်ပင်းတစ်ခုလုံး နီရဲအသားနီလန်နေတာ
ဆရာဝန်နဲ့ကုတာလည်းဘယ်လိုမှမပျောက်..
နောက်ဆုံးမှ တရုတ်ကပြားအဖိုးကြီးတစ်ယောက်က ယတယာချေပြီး လည်ပင်းမှာ
ခမဲဆွဲကြိုးလေးဆွဲပေးမှ လုံးဝပျောက်သွားတော့တာ..
ဆိုတော့..မယုံလို့မရ… 🙁
ဦးကျောက်ခဲ
December 16, 2013 at 2:00 pm
ကျန်း… ဆြာမိုက် ကြက်မကြီးနဲ့ အိမ်ထောင်ကျခဲ့တာကို ထည့်မပြောဘူး…
လောကီပညာ အစီအရင်တွေက မယုံလို့လည်းမရဘူး ဆြာမိုက်ရေ…
တစ်ကျောင်း တစ်ဂါထာ ၊ တစ်ရွာ တစ်ပုဒ်ဆန်း နဲနဲပဲ ပုံစံကွဲတာ…
ဒီဇာတ်လမ်းက တမျိုးဆန်းနေလို့ ရေးလိုက်တာပါခင်ဗျာ…
😀
ကျော်စွာခေါင်
December 17, 2013 at 5:43 am
ညကမှ ပို ့စ်အဟောင်းတွေပါ ပြန်ရှာဖတ်တာ ကိုကျောက်စ်ရေ..။
ကိုကျောက်စ်က တစ်ကယ်ကို စာရေးကောင်းတာဘဲ…
ချင်းမိုင်ဈေးက မွတ်စ်ဈေးသည်၂ယောက်နဲ ့..ဟိုတယ် ဧည့်ကြိုနဲ ့ ကမ်းခြေနဲ ့ဖတ်ပြီး ည ၂နာရီကျော်မှ တခွိခွိနဲ ့ရယ်လိုက်ရတာ..။
ဗဟုသုတတွေလည်း ရတယ်..
ဒီကိုကျောက်စ်ရယ်…ဟို ကိုကြီးကျောက်ရယ် ၂ယောက်ဆီမှာ လူငယ်ဘဝမှာ ကျနော် လက်ဆွဲတပည့်လုပ်ပြီး သင်တန်းတက်ခဲ့ရရင်တော့
ဇာတ်လောကမှာ …မတွေးရဲစရာတွေတောင် ဖြစ်ကုန်နိုင်တယ်..ဟီး။
ဦးကျောက်ခဲ
December 17, 2013 at 8:13 am
ဟမ်မားယေး… အနေရအထိုင်ရခက်အောင် မမြှောက်ပါနဲ့ အကိုကြီးရယ်…
ကျောက်စ်က စိတ်ထဲရှိတာကို ရေးတတ်သလိုရေးတာပါ၊ ဒီလောက်မဟုတ်ပါဘူး…
အကိုကြီးနဲ့သာ လူငယ်ဘဝ ဆုံဖြစ်ရင် ကျောက်စ် အဆိုအငိုလည်းတတ်…
ဇာတ်သတ္တာဆင့်ပြီး ဂျွမ်းလည်းပစ်တတ်နေလောက်ပြီ… ဟီ ဟိ
😀
ဦးကြောင်ကြီး
December 17, 2013 at 8:20 am
အယ်မယ်လေး.. ခြစ်နေလိုက်ကြဒါ.. ခုလည်း အနော့်ဆီလာရင် အောမင်းသား ဖြစ်ဖို့ မှီပါသေးတယ်။ ပွန်းမင်းသားရဲ့ တိုင်းကြည့်လျင် အပြာဇာတ်ကားသစ်ကြီး ထွက်ရန်ရှိသည်။