Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စကားသုံးခွန်း (ဦးမာဃ တွေးမိတာလေးတွေ နှင့် လုံမလေးမွန်မွန်ရဲ့ ခံစားချက်)

စကားပလ္လင်အနေနဲ့ ပြောရရင် ဒီစာဟာ ဦးမာဃ နဲ့ လုံမရဲ့ အမြင်တွေကို ရေးထားတာပါ။ တစ်နည်းအားဖြင့်တော့ ၁၉၈၈ နောက်ပိုင်း မျိုးဆက်တွေရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်းပါ။ နောက်တစ်ခုကတော့ အဆဲခံရရင်လည်း အဖော်ရအောင်ပါ။

ငယ်ငယ်က မောင်ပေါက်ကျိုင်းပုံပြင်ကို ဖတ်ဖူး မှတ်ဖူးတဲ့အခါမှာ စကားကြီးသုံးခွန်း ဆိုတာကို ကြားဖူးခဲ့တယ်။
မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေအသက်ရှည် ဆိုတဲ့ စကားသုံးခွန်းပေါ့။
စကားပုံ၊ ဆိုရိုး၊ နီတိတွေ၊ စကားတွေဟာ ကျယ်ပြန့်ပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ ဥပမာ ဥပမေယျ အမျိုးမျိုးနဲ့ အဆိုးဘက်ကရော အကောင်းဘက်ကပါ လှည့်ပြီး ပြောသွားလို့ရတယ်လေ။ မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။

စကားနဲ့ပတ်သက်ရင် ပြောသူရဲ့ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်း၊ မျက်နှာအမူအယာ၊ ပတ်ဝန်းကျင်အခြေအနေ၊ အပြောခံရသူကိုလိုက်ပြီးတော့ စကားတစ်ခွန်းဟာ အကောင်းဘက်ရောက်သွားတာရှိသလို အဆိုးဘက်ရောက်သွားတာမျိုးလည်း အများသားကလား။
စကားအကြောင်းကို ဒီလောက် အစပျိုးနေတာ။ စကားကြီးသုံးခွန်းကို အစဖော်နေတာ ဆိုတော့
ဟုတ်ပါတယ်။ စကားသုံးခွန်းနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။
အပြုသဘောဆောင်တဲ့ စကားသုံးခွန်းတော့မဟုတ်ပါဘူး ရင်ထဲမှာ ဆစ်ခနဲနေအောင် နာမိတဲ့ စကားသုံးခွန်းပါ။

……………………………………………..

ကျွန်မအမေအရွယ် အဒေါ်ကြီးတစ်ယောက်က ကျွန်မကို ပြောဖူးတာတွေရှိတယ်။

(၁) ငါတို့တွေက ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ တက်ပြီး တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အဝခံစားခဲ့ရတာ။ နင်တို့လို မဟုတ်ဘူး။

(၂) ၈၈ ဆိုတာ ငါတို့တွေ ကြုံခဲ့ရတာပါ။ နင်တု့ိတွေ ဘာမှမသိဘူး။ နင်တို့က စာထဲကလောက်သာ သိကြတာ။

(၃) ဒီမှာ ငါတို့တွေလက်ထက်တုန်းက မျိုးလှိုင်ဝင်းတို့၊ သန်းတိုးအောင်ဆိုတာ အရမ်းတော်တဲ့ နာမည်ကြီးတွေ၊ နင်တို့လက်ထက် ကျော်ကိုကိုကျတော့မှ ချာလိုက်ကြတာ။

ကျွန်မစိတ်ထဲမှာ အတော်နာတဲ့စကားတွေပါ။

(၁) ငါတို့တွေက ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ တက်ပြီး တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အဝခံစားခဲ့ရတာ။ နင်တို့လို မဟုတ်ဘူး။

အဲဒီစကားကိုပြောတဲ့လေသံက သူ့ကိုယ်သူ ဂုဏ်ယူတဲ့လေသံ၊ ရန်ကုန်တက္ကသိုလ်ထဲမှာ မတက်ရတဲ့ ကျွန်မတို့ကို နှိမ်တဲ့လေသံ နဲ့ ပြောခဲ့တာပါ။ ပထမတော့ စိတ်ထဲမှာ ထောင်းခနဲဖြစ်သွားပါတယ်။ နောက် တဖြည်းဖြည်း ပြန်စဉ်းစားတော့မှ သူ့ရဲ့ သေးသိမ်လှတဲ့ဉာဏ်ကို သနားရကောင်းမှန်းသိလာတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းမတက်ရတာ ကျွန်မတို့ ညံ့လို့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အားနည်းချက်ကြောင့်လည်း မဟုတ်ပါဘူး။ တက်ခွင့်မပေးလို့ မတက်ရတာ ဘယ်သူမှ ဘာမှလုပ်လို့မရတဲ့ အခြေအနေပါ။ ဒါကို သေချာနားမလည်ပဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတဲ့သူ့ကို ကျွန်မကတော့ သနားမိတာ အမှန်ပဲ။ သေချာထပ်စဉ်းစားကြည့်ပြန်ရင် ကျွန်မတို့ကို ကြောက်လို့ မတက်ခိုင်းတာပါ။ အစိုးရကတောင် ကြောက်ရတဲ့ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် ကြံဖန်ပြီးတောင် ဝမ်းသာမိပါတယ်။

ထပ်စဉ်းစားမိတာက သူ့လိုမျိုးပဲ အဲဒီလို ထင်နေကြတဲ့ လူကြီးတွေ ဘယ်နှစ်ယောက်များ ရှိနေလိမ့်မလဲ လို့။

(၂) ၈၈ ဆိုတာ ငါတို့တွေ ကြုံခဲ့ရတာပါ။ နင်တု့ိတွေ ဘာမှမသိဘူး။ နင်တို့က စာထဲကလောက်သာ သိကြတာ။

ဒီလေသံကတော့ ကျွန်မတို့ကို အပြစ်တင်တဲ့လေသံ၊ အထင်သေးတဲ့ လေသံပေါ့။ အဲဒီလိုလေသံနဲ့ ခပ်ဆင်ဆင် ပြောဖူးတာရှိသေးတယ်။ တစ်ရက်သား အသိတစ်ယောက်နဲ့ ဗုဒဘာသာနေ့အထိမ်းအမှတ်အကြောင်း ဖုန်းပြောဖြစ်ရင်းက ဦးနုနဲ့ ဦးနေဝင်းအကြောင်းကို ရောက်သွားတယ်။ အဲဒီကတစ်ဆင့် ဦးနုက ပြည်တော်သာစီမံကိန်း လုပ်ခဲ့တယ်ဆိုတာကို ပြောဖြစ်တယ်။ အဲဒါကို ဘေးမှာရှိတဲ့သူက ကြားသွားတယ်။ ကျွန်မလည်း ဖုန်းချပြီးရော ဘာတွေပြောနေတာလဲတဲ့။ ပြည်တော်သာတွေရော ဘာတွေရောနဲ့ အဲဒီအကြောင်းတွေကို ဖုန်းနဲ့ မပြောရဘူးတဲ့။ ကျွန်မလည်း အံ့ဩသွားတာပေါ့။ ဘာဖြစ်လို့လဲ … အဲဒီပြည်တော်သာစီမံကိန်းက … လို့ စကားစရုံရှိသေး၊ သူက ေအာင်မယ်လေး..အစ်မကို လာမပြောပါနဲ့…ဒါတွေက အစ်မတို့တုန်းက ဖြစ်တာတွေပါ… ညီမတို့က မွေးတောင်မမွေးသေးဘူး… အစ်မ မမှတ်မိတာသာရှိမယ်..အကုန်သိတယ်… တဲ့။ ကျွန်မလည်း ဘာမှ ဆက်မပြောတော့ပါဘူး။

(တစ်ခုတော့ရှိတယ်.. အဲဒီတစ်ယောက်က ကျွန်မ သူ့ထက်ပိုသိမှာ.. မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ သူ့ထက်… သူ့သမီးအရွယ်လောက်ရှိတဲ့ ကျွန်မက ပိုသိနေမှာကို မနာလိုဖြစ်တာလားတော့ မသိဘူး)

တစ်ခါတစ်ခါ အဲဒီလိုလူမျိုးတွေလည်း ရှိသေးတယ်။ ၈၈ အရေးတော်ပုံကို မကြုံခဲ့ရတာပဲ အသုံးမကျတဲ့သူလိုလို၊ မျိုးချစ်စိတ်ပဲ မရှိသလိုလို၊ နင်တု့ိ ဘာမှမသိပါဘူး ဆိုတဲ့ ပုံစံနဲ့ ပြောကြတာ။ မွေးမှမမွေးသေးတာ ဘယ်သိမှာလဲ။ ကဲ..ဒါဆို ၈၈ က ဘယ်ကစတာလဲ ဆိုတော့လည်း သူတို့လည်း သေချာမပြောနိုင်၊ သေချာသိနိုင်မယ့် စာအုပ်တွေကိုလည်း မညွှန်း၊ ဟိုလိုလို ဒီလိုလိုတွေပြောနဲ့ စိတ်ကုန်ဖို့တော့ အကောင်းသား။ နောက် ကျွန်မတို့ကို အပြောခံရတာ ရှိတယ်။ ဒီခေတ်ကလေးတွေက ဗိုလ်ချုပ်ကိုတောင် ဘယ်သူမှန်းမသိကြဘူး၊ ဖေဖော်ဝါရီ (၁၄) လောက်သာ သိကြပြီး ဖေဖော်ဝါရီ (၁၃) ကို ဘာမှန်းမသိတဲ့သူတွေ တဲ့။ ကျွန်မကတော့ ရယ်ချင်တယ်။ သူများကို ထိုးတဲ့ လက်ညှိုးနောက်မှာ သူ့ကိုယ်သူ ပြန်ထိုးထားတဲ့ လက် (၃) ချောင်းရှိတယ်ဆိုတာ မသိကြဘူး။ ထားပါတော့..အစိုးရက ဗိုလ်ချုပ်အကြောင်းကို ဖုံးထားတယ်ပေါ့။ အစိုးရက ပါးစပ်ကို လိုက်ပိတ်လို့လား။ ကိုယ့်မိသားစု၊ ကိုယ့်မျိုးဆက်ကို ဗိုလ်ချုပ်အကြောင်းပြောပြပြီး လက်ဆင့်ကမ်းပေးလို့ မရဘူးလား။ အဲဒီလို ပြောပေးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ သမီးရေ..သားရေ.. အခုသင်နေရတဲ့ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ဆိုတဲ့ ကဗျာထဲက ဗိုလ်ချုပ်ဆိုတာကလေ ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးကွ.. လို့ အစချီပြီး အိပ်ရာဝင်ပုံပြင်ပြောသလို ပြောပေးတဲ့လူကြီး ဘယ်နှစ်ယောက်များ ရှိပါသလဲ။ မြန်မာစကားပုံတောင် ရှိသေးတယ်။ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း တဲ့။ ဒီတော့ ကျွန်မတို့ မျိုးဆက်တွေ မသိတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

(၃) ဒီမှာ ငါတို့တွေလက်ထက်တုန်းက မျိုးလှိုင်ဝင်းတို့၊ သန်းတိုးအောင်ဆိုတာ အရမ်းတော်တဲ့ နာမည်ကြီးတွေ၊ နင်တို့လက်ထက် ကျော်ကိုကိုကျတော့မှ ချာလိုက်ကြတာ။

ဒါကတော့ မကြာသေးတဲ့ ရက်ကမှ မြန်မာဘောလုံးအသင်းရှုံးတာ၊ ဆူပူပေါက်ကွဲမှုတွေအပေါ်မှာ အမြင်မတူရာကနေ ထွက်လာတဲ့ စကားပေါ့။ ဒါလည်း ရယ်ချင်စရာပါပဲ။ အပေါ်မှာ ပြောထားသလိုပေါ့။ အခု ကျွန်မတု့ိမျိုးဆက် ကျော်ကိုကို တို့ကို သင်ပေးတာ ဘယ်သူတွေပါလဲ။ ကိုယ့်ထက်တောင် ပိုညံ့တဲ့မျိုးဆက်ကို မွေးပေးတာ ဘယ်သူတွေပါလဲ။

ကျွန်မနယ်ပြန်သွားလို့ ဆရာတွေဆီ သွားလည်တိုင်း ကြားနေရတဲ့ စကားတစ်ခွန်းရှိတယ်။ ကလေးတွေက တဖြည်းဖြည်းနဲ့ ပိုညံ့လာကြတယ်..သမီးတို့တုန်းကနဲ့ တစ်ခြားစီပဲ.. တဲ့။ တကယ်တော့ ဒီစကားက ခုမှ ကြားရတာ မဟုတ်ပါဘူး။ ကျောင်းသူဘဝကတည်းက တစ်တန်းပြီးလို့ နောက်တစ်တန်းကို တက်သွားရင် မနှစ်ကအတန်းက ဆရာတွေက ကျွန်မတို့နဲ့တွေ့တိုင်း ပြောကြတာပါ။ ဒီနှစ်ကလေးတွေက သမီးတို့လောက် မတော်ကြဘူး.. တဲ့။ အစကတော့ အဲဒီလို အပြောခံရရင် သိပ်ဂုဏ်ယူတာ။ ငါတို့လောက်တောင် မတော်ကြဘူးဆိုပြီး ကလေးတွေကို သိပ်အထင်သေးတာ။ တဖြည်းဖြည်းနဲ့ အသိလေးတွေရှိလာတော့ ဒါကို ကြောက်စရာလို့ မြင်လာတယ်။ တစ်နှစ်ထက်တစ်နှစ် ညံ့သထက်ညံ့လာရင် ကျွန်မတိုု့နိုင်ငံရဲ့ ရှေ့ရေးက ရင်လေးစရာပါပဲ။ ငါတု့ိ ဘယ်လောက်တော်လဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးတယ်။ ကျွန်မတို့ ဘာမှမသိပါဘူး။ ကျွန်မတို့ကို တော်တယ်လို့ ပြောကြတာ ကျောင်းသင်ရိုးတွေကို ပိုင်နိုင်တာကိုပဲ ပြောတာပါ။ အဲဒီကျောင်းသင်ရိုးကိုရော တကယ်တတ်သလားမေးရင် တကယ်မတတ်ခဲ့ကြပါဘူး။ လပတ်စာမေးပွဲ၊ နှစ်ဆုံးစာမေးပွဲတွေမှာ သင်ခန်းစာတွေကို နှုတ်တိုက်ကျက်၊ မေးသမျှကို လက်တန်းချရေးတာလောက်ပဲ ရှိခဲ့ကြတာပါ။ အခုတော့ ဘာမှမသိတဲ့ ကျွန်မတို့ထက် ကျွန်မတု့ိရဲ့ နောက်မျိုးဆက်က ပိုညံ့တယ်တဲ့။ တွေးကြည့်ရင် နိုင်ငံ့အရေးက တကယ့်ကြောက်စရာပါ။

ကျွန်မတို့ကို ပုခုံးပြောင်းတာဝန်ပေးပါမယ် ဆိုတဲ့ လူကြီးတွေ… အနာဂတ်နိုင်ငံရဲ့ မျိုးဆက်သစ်တွေကို ဘာတွေများ လက်ဆင့်ကမ်းဖို့ ပြင်ဆင်နေကြပါသလဲ… ငါသိ၊ ငါတတ် ဆိုတာတွေကို သေတဲ့အထိ ယူသွားဖို့များ စိတ်ကူးနေကြပါသလားရှင်။

……………………………………
လုံမလေးမွန်မွန်က အစဆွဲထုတ်ရုံတင်မက လူကိုပါ မရမက အဖော်ညှိလာတာမို့ တတ်သလောက် မှတ်သလောက် မြင်သလောက် ဝင်ပြောပါဦးမယ်။ (အဆဲခံရရင်တောင် နှစ်ယောက်ဆိုတော့ တော်သေးတယ် ဆိုလား)

တက္ကသိုလ်ကျောင်းသူ ကျောင်းသားဘဝ ဆိုတာ တက္ကသိုလ် တက်ရတဲ့သူတိုင်း မက်မောတဲ့ဘဝပါ။ ဖတ်ခဲ့ရတဲ့ စာတွေ၊ ဝတ္ထုတွေနဲ့တင် မတက်ခင် ကြိုပြီး စိတ်ကူးတွေယဉ်ခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်း တက်ရတော့ မြို့ပြင်ထွက်ပြီး တမေ့တမော တပင်တပန်းနဲ့ တက္ကသိုလ် ဆိုတာကို ကျောင်းနဲ့ မခြား လို့ပဲ သတ်မှတ်ပြီး တက်ခဲ့ရတဲ့သူတွေ။ ပြီးတော့ ကျနော်တို့တွေက ဘယ်လိုမှ ရွေးချယ်ခွင့်မရှိဘဲ တက်ခဲ့ကြရတာလေ။
တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းခွင့်မရှိအောင် လုပ်ခဲ့ကြတာက ကိုယ်တွေမှ မဟုတ်တာ။ တက္ကသိုလ်ကျောင်းသားဘဝ ဆိုတာကို မက်မောတမ်းတမိပေမယ့် ဖြစ်မလာနိုင်တဲ့အရာအပေါ်မှာ စိတ်ကူးယဉ်နေတာထက် ပညာရှာတဲ့အရွယ်မှာ ပညာရဖို့ အဓိက ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ပြီးတော့ တက်ခဲ့ရတဲ့ ကျောင်းသားတွေက အများစုပါ။ တချို့တွေလည်း ပတ်ဝန်းကျင် အခြေအနေ၊ ခေတ်အခြေအနေကြောင့် လမ်းမှားရောက်တာတွေလဲ ရှိလာတာပေါ့။ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူး ဆိုပြီး အားလုံး ထိုင်နေခဲ့ကြတာတော့ မဟုတ်ပါဘူး။ လုပ်လို့ရတဲ့ လုပ်နိုင်တဲ့ဘောင်ထဲကနေ လုပ်နိုင်သလောက် ပွဲလမ်းသဘင်တွေ၊ လှုပ်ရှားမှုတွေကို ကျနော်တို့ လုပ်ခဲ့ကြတယ်။
University life, Campus life ဆိုတာ ဘဝတစ်လျှောက်မှာ အမှတ်ရစရာတွေ အများဆုံးကျန်ခဲ့တဲ့၊ အရောင်မဆိုးတဲ့ ခင်မင်မှုပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်တဲ့ ဘဝအပိုင်းအခြားတစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူး။ ကျနော်တို့ကို ဒီလိုဘဝမျိုး မပေးခဲ့လို့ ရှေ့မျိုးဆက်ကို လက်ညှိုးထိုး အပြစ်တင်ရမလား။ တကယ်တမ်းပြောကြကြေးဆို ကျနော်တို့က ရှေ့မျိုးဆက်ကို ပြန်လို့တောင် အပြစ်တင်လို့ရတယ်နော့။ ဒါပေသိ သူ့ကြောင့် ကိုယ့်ကြောင့်လို့ အပြစ်ပြောနေမယ့်အစား ရှေ့မျိုးဆက်တွေရဲ့ အမှတ်ရ၊ အားကျစရာ ဖြတ်သန်းမှုတွေကို ကျနော်တို့က အားတက်သရော နားထောင်ပြီးတော့ ဂုဏ်ယူအားကျနေချင်ကြသူတွေပါ။ ဒီလိုအတွေ့အကြုံတွေကို ကိုယ်တွေမရခဲ့ပေမယ့် နောက်ထပ် တက်လာမယ့် မျိုးဆက်တွေကိုတော့ ရစေချင်တာ အမှန်ပါပဲ။ စနစ်တစ်ခုရဲ့ သားကောင်တွေဖြစ်ခဲ့ရတဲ့ ကျနော်တို့တွေ ကိုယ့်ဘဝကိုယ် ကျေနပ်နေမယ်များ ထင်နေကြလားဗျာ။

၈၈ ဆိုတာ ကျနော်တို့ မသိဘူး။ ဟုတ်ပါတယ်။ ၈၈နောက်ပိုင်းမှာ မွေးလာ၊ ၈၈အကြောင်း လေသံတောင်ဟလို့မရအောင် ထိန်းထားတဲ့ ပတ်ဝန်းကျင်မှာ ၈၈ကို ဘယ်လိုသိနိုင်မလဲဟင်။ ဒီလိုလှုပ်ရှားမှုတွေကို မကြုံခဲ့၊ မတွေ့ခဲ့၊ မသိခဲ့ရလို့ ဒီမျိုးဆက်တွေက မျိုးချစ်စိတ် မရှိဘူး၊ နိုင်ငံရေး စိတ်မဝင်စားဘူး၊ ဒါတွေနဲ့ပတ်သက်ပြီးတစ်လုံးမှ မသိဘူး။ ဘာမှနားမလည်ဘူးဆိုတာကိုတော့ လက်မခံချင်။ ၈၈ကို တစ်လုံးမှမသိတာထက် မသိတာကိုသိအောင် နည်းမျိုးစုံနဲ့ လေ့လာနေတာကို ပိုလို့ အားမပေးသင့်ဘူးလားဗျာ။ ၁၉၈၈ ဆိုတာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အပြောင်းအလဲကြီးတစ်ခုကို အစပြုခဲ့တာ မှန်ပေမယ့် ဒီအပြောင်းအလဲမှာ ဘာကြောင့် လုပ်ရတယ်၊ ဘာအတွက် လုပ်နေတယ်ဆိုတာကို တကယ်သိပြီး တက်တက်ကြွကြွပါဝင်ခဲ့တဲ့သူတွေရှိသလို ဘုမသိဘမသိ သူများယောင်လို့ လိုက်ယောင်ခဲ့တဲ့သူတွေလည်း ရှိမှာပါပဲ။  အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ အထင်ကြီးရမှာလား။ အရေးတော်ပုံမှာ မပါခဲ့တာနဲ့ရော အထင်သေးခံရတော့မှာလား။ ဒါဆိုရင် ၈၈အလွန်မျိုးဆက်တွေဟာ နိုင်ငံရေးအမြင်လုံးဝမရှိတဲ့ သုံးစားလို့မရတော့တဲ့သူတွေ ဖြစ်သွားတော့မှာပေါ့။ ဘယ်နေရာမှာမဆို လူငယ်တွေကို နေရာမပေး၊ လူငယ်တွေမပါဘူးဆိုရင် ရေရှည်တည်တံ့ဖို့ မလွယ်ပါဘူး။ ရေဟာ မြင့်ရာကနေနိမ့်ရာကိုစီးနေသလိုပဲ ရှေ့မျိုးဆက်တွေ လုပ်ခဲ့သမျှ ကောင်းမွေ၊ဆိုးမွေ အထွေထွေဟာလည်း လူကြီးတွေဆီကနေ လူငယ်တွေ လက်ဆင့်ကမ်းယူရမှာပဲလေ။ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့စကားဟာ အလကားရှိနေတာမဟုတ်ပါဘူး။ “သမိုင်းသင်တာ မအ’အောင်လို့” ဆိုပြီး ဒေါက်တာသန်းထွန်း ပြောခဲ့ဖူးတာပဲ။

မျိုးဆက် ဆိုတာနဲ့ပတ်သက်လို့တော့ ပြောရမှာ သိပ်မကောင်းဘူး။ ဖတ်ဖူး မှတ်ဖူးတာနဲ့ ယှဉ်ပြောရရင်တော့ အနောက်နိုင်ငံတွေမှာ Generation X, Y, Z ဆိုပြီး ခွဲထားတာတွေရှိပါတယ်။ မျိုးဆက် တစ်ခုကနေတစ်ခုကိုပြောင်းတာနဲ့အမျှ ပိုလို့ တီထွင်နိုင်စွမ်းတွေ ရှိလာတယ်၊ ပိုပြီးတော့ စဉ်းစားတွေးခေါ်တတ်လာတယ်၊ ပိုပြီး တိုးတက်လာတယ်လို့ မှတ်ရဖူးပါတယ်။ ဒါဟာ တစ်ကမာ္ဘလုံးကိုပြောထားတာပါ။ ဒါပေမင့် ကျနော်တို့နိုင်ငံမှာတော့ တစ်ဆက်ကနေတစ်ဆက် ပိုပြီးဆိုးလာတယ်ဆိုတာတွေကိုပဲကြားနေမိတယ်။
တွေးမိသလောက် ပြောကြည့်ရရင်တော့ စဉ်းစားတွေးခေါ်မှု (thinking) ပိုင်းနဲ့ တီထွင်ဖန်တီးမှု (creative) ပိုင်းကို ဦးစားမပေးတာကြောင့်လို့ ထင်မိပါတယ်။ ဒါဝင်ရဲ့ သီအိုရီအရ လူဟာ မျောက်ကဆင်းသက်ရာမှာ စဉ်းစားတွေးခေါ်မှုနဲ့ တီထွင်ဖန်တီးမှုတွေကြောင့်သာ တဖြည်းဖြည်း ပိုမိုအဆင့်မြင့်လာတာလို့ မှတ်ခဲ့ဖူးတယ်ဗျ။ ဦးနှောက်ဟာလဲ ခဲတံလိုပါပဲ၊ ခဲတံကို ချွန်မထားရင် တုံးနေတတ်သလို ဦးနှောက်ဟာလဲ တွေးခေါ်တီထွင်မှုမရှိရင် တုံးသွားတတ်ပါတယ်။ ပညာရေးမှာ နှစ် (၂၀)လောက် ဒါမေး ဒါကျက် ဒါဖြေဆိုပြီးတော့ ကြက်တူရွေးနှုတ်တိုက်နည်းတွေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့အခါမှာ တီထွင်ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှုဆိုတာတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသပေါ့။ ဒါပေမင့် တစ်ဖက်မှာလဲ generation z ထဲမှာ ပါနေတာကြောင့် ပတ်ဝန်းကျင်ကနေ အတုယူလွယ်ပါတယ်၊ အတုယူရုံတင်မက ပိုပြီးကောင်းအောင်၊ ပိုပြီးဆိုးအောင်လည်း ထပ်ဆင့်ဖန်တီးတတ်သွားပြန်ရော။ တစ်ဖက်က (အခုအများစုပြောသလို) ဦးနှောက်အဆေးခံခဲ့ကြရပေမယ့် ပင်ကိုယ်ဗီဇအရ တီထွင်မှုအဟုန်က ကျန်နေသေးတဲ့အခါမှာ တစ်ဖက်မှာ အရမ်းညံ့သွားပြီး တစ်ဖက်ဖက်မှာကျ ထိပ်တန်းအဆင့်ကို ရောက်သွားပြန်ရော။ ဒါပေမင့် ဆန့်ကျင်ဘက်နှစ်ခု ပေါင်းသွားတာဖြစ်တဲ့အတွက် သွက်တဲ့သူ၊ တော်တဲ့သူတွေက ပုံမှန်ထက် ပို တော်နေပြီးတော့ ငြိမ်တဲ့သူ၊ ညံ့တဲ့သူတွေကျပြန်တော့လဲ ဖြစ်သင့်တာထက်ကို ပိုပြီးဆိုးသွားပါတယ်။ မတူတဲ့ပုံစံနှစ်ခု အားပြိုင်တာဖြစ်တဲ့အတွက် အလယ်အလတ် ပုံမှန်အနေအထားထက် အစွန်းနှစ်ဖက်ကို ပိုလို့ ရောက်သွားတာက များတဲ့အနေအထားဖြစ်သွားတာပေါ့။ ကျနော် လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ထက်ငယ်တဲ့သူတွေကိုကြည့်ပြီးသုံးသပ်ရရင် သူတို့တွေကို အထင်မသေးရဲပါဘူး။ တစ်နေကုန် ဂိမ်းဆိုင်မှာ အချိန်ဖြုန်းတဲ့ကလေးတွေ၊ ညနေတိုင် ဘီယာဆိုင်ရောက်နေတဲ့ကလေးတွေရှိနေသလို ပညာရပ်တစ်ခုခုကို ကိုယ်တိုင် (self study) လုပ်ပြီး လေ့လာနေတဲ့ကလေးတွေ အင်တာနက်ပေါ်မှာ အချိန်မဖြုန်းဘဲ ပညာရှာနေကြတဲ့ကလေးတွေလဲ မနည်းပါဘူး။ ဆိုတော့ ကျနော်တို့ မျိုးဆက်တွေဟာ တစ်ဖက်မှာ ပုံစံသွင်းစနစ်ကြောင့် ညံ့သွားပေမယ့် တစ်ဖက်က ပင်ကိုယ်ဗီဇအခံကြောင့် လုံးလုံးကြီး မျှော်လင့်ချက်တော့ မဲ့မနေသေးပါဘူး လို့။အခုအချိန်ကပဲဖြစ်ဖြစ် ဂရုတစိုက်ပြုစုပျိုးထောင်မယ်ဆိုရင် နောင်အနာဂတ်အတွက် စိတ်ချရတဲ့ လူတော်တွေ ဖြစ်လာမှာ သေချာပါတယ်။

အချုပ်အနေနဲ့ ပြောရရင်တော့
လူငယ်တွေနဲ့ လူကြီးတွေဟာ ကြားမှာ နည်းနည်း ကွာနေတယ်လို့ထင်ပါတယ်။
လူငယ်တွေက လူကြီးတွေကို ခေတ်စနစ်နဲ့ အမီမလိုက်နိုင်သူတွေ၊ ရွှေထီးဆောင်းခဲ့ရတာကို ပြန်တမ်းတနေကြသူတွေ လို့ မြင်တတ်ကြသလို လူကြီးတွေကလည်း လူငယ်တွေကို လေးစားသမှု မရှိတဲ့ကလေးတွေ၊ အဆံမရှိဘဲ ဟန်ထုတ်နေကြသူတွေ လို့ မြင်တတ်ကြပါတယ်။
ဖြတ်သန်းလာတဲ့ အသက်အရွယ်၊ အတွေ့အကြုံတွေကွာတာကြောင့် အမြင်ကွာမှာကတော့ ထုံးစံပါပဲ။
ဒါပေမယ့် မျိုးဆက် တစ်ဆက်ကနေ တစ်ဆက်ကို လက်ဆင့်ကမ်းပေးတယ်လို့ သဘောထားပြီး မတူတဲ့အမြင်တွေကို လျှော့တန်တာလျှော့ပြီး ညှိညှိနှိုင်းနှိုုင်း လုပ်ကြမယ်ဆိုရင်တော့ ဒီ အဟ ဟာ ကျဉ်းသွားမှာပါ။
လူငယ်တွေမှာ အားမာန်တွေရှိပါတယ်။ တောက်ပတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။
လူကြီးတွေမှာ အတွေ့အကြုံတွေရှိပါတယ်။ ဘဝသင်ခန်းစာတွေရှိပါတယ်။
တောက်ပတဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ရာမှာ ရှေ့က အတွေ့အကြုံတွေ ဘဝသင်ခန်းစာတွေကို အတုယူပြီး လူငယ့်အားမာန်နဲ့ ပုံဖော်လိုက်မယ်ဆိုရင်…………………..
“စုပေါင်းညီညာ အောင်ကြောင်းဖြာ” ၊ “win – win theory” ဆိုတဲ့ စကားတွေဟာ ဒီအတိုင်း ပြောခဲ့ကြတာ မဟုတ်ဘူးလေဗျာ။

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
12:50 AM 12/21/2013

50 comments

  • TNA

    December 22, 2013 at 12:13 pm

    အင်းဘယ်လိုပြောရမယ်တောင်မသိပါဘူး။ ကိုယ်ကလဲ လူကြီးလဲမဟုတ်လူငယ်လဲမဟုတ်ဆိုတော့ကာ ကြားဝင်ပြောရရင် လူငယ်အတွေးကလဲ ညင်းစရာမရှိအောင်မှန်သလို လူကြီးတွေ ဖက်ကကျတော့လဲ ကိုယ့်ထက်ပိုပိုညံလာတာတွေတွေ့ရတော့ အားမလိုအားမရဖြစ်မိတာဖြစ်နိုင်ပါတယ်။ ခက်တာက ဘယ်နေရာမှမှ ပွင့်လင်းမြင်သာမှု့မရှိခဲ့တဲ့အတွက်ကြောင့် အခုလိုတွေပဲ နေရတကာမှာ ကြိတ်ပုန်းတွေဖြစ်နိုင်ပါတယ်။ အခုခေတ်လူငယ်တွေကလဲ သူတို့ကပိုသိတယ် ပိုတတ်တယ်လို့ထင်တတ် ကြပါတယ်။ အိမ်ကသားတော်မောင်လဲအတူတူပါပဲ။ ဘာလို့လဲဆိုတော့ ဒီဖက်ခေတ်မှာ အစစအရာရာ နည်းပညာတွေ ပိုတိုးတက်လာသလို့ အသိပညာတွေလဲလေ့လာ သင်ယူဆည်းပူးစရာပိုများလာတာတော့ အမှန်ပါပဲ။ တချို့ပညာရပ်တွေဆိုရင် လူကြီးတွေအနေနဲ့လူငယ်တွေကိုမယှဉ်နိုင်တာတောင်ရှိပါတယ်။ လူငယ်တွေပိုတော်တယ်ဆိုတာလက်ခံပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာတွေမှာပေါ့။ အတွေးအခေါ် အသိမြင်ပိုင်းကျတော့ လူကြီးတွေကပိုကောင်းပိုနိုင်ပါတယ်။ လုံမလေးစွပ်စွဲထားတဲ့ သူတို့ထက်ပိုသိသွား မှာမနာလိုလို့ဆိုတဲ့စကားကိုတော့ ကန့်ကွက်ချင်ပါတယ်။ နဲနဲလေးပြင်းထန်ပါတယ်စကားလုံးက။ လူကြီးတွေအနေနဲ့က ရွှေထီးဆောင်းခဲ့ရတဲ့ကာလကိုပြန်တမ်းတနေမိတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ဂရပ်အနေနဲ့ကြည့်ရင် အကျဖက်တောက်လျှောက်ဆင်းနေတာကိုး။ သို့သော်လူငယ်တွေအနေနဲ့က အဲလိုပြန်တမ်းတတာတွေမကြိုက်ရင် အဲလိုရွှေထီးဆောင်းခဲ့စဉ်ကာလ ကအခြေအနေမျိုးဖြစ်အောင်ပြန်ဖန်တီးကြိုးစားပေးဖို့လိုမယ်လို့ထင်ပါတယ်။ အခုဟာကတော့မြင်နေ တာကတော့ ရွာထဲကလူငယ်တွေတကယ်တော်ပါတယ်။ အဓိကကတော့စာဖတ်အားပါ။ စာဖတ်အား များနေတဲ့လူငယ်တယောက်ရဲ့စိတ်ဓါတ်ကမြင့်မားပါတယ်။ အတွေးအခေါ်ကောင်းပါတယ်။ အကောင်းအဆိုးဝေဖန်တတ်ပါတယ်။ သို့သော် ဒါကလူနဲစုဖြစ်နေတယ်။ လူများစုသောလူငယ်တွေ ကိုအခုလေ့လာကြည့်လိုက်တဲ့အခါမှာ ပေါ့ပေါ့နေပေါ့ပေါ့စားတွေအများကြီးတွေ့နေရတယ်။ အဲဒါဟာတိုင်း ပြည်ကိုထိုးဆင်းဖို့အားကူနေတဲ့အချက်လို့တွေ့ရတယ်။ တကယ့်ကို ဘာကိုမှအလေးအနက် မရှိပဲ တိုင်းပြည်တိုးတက်ဖို့ မိသားစုတိုးတက်ဖို့ဝေးလို့ ကိုယ်တကိုယ်တိုးတက်ဖို့တောင် လုပ်ဖို့အလေး အနက်မရှိတဲ့လူငယ်တွေကိုပါတ်ဝန်းကျင်မှာအများကြီးတွေ့နေရတယ်။ တကယ့်ကိုစိတ်ပျက်စရာ အားမရစရာတွေပေါ့။ အဲတော့လူကြီးတွေက တယ်ကြည့်မရလှဘူးပေါ့။ အဲတော့ ဝါးလုံးရှည်နဲ့သိမ်းကြုံး ရမ်းတော့ လူနဲစုသောလူငယ်တွေပါပါသွားတော့တာပေါ့။ ဒါကို အဲဒီလူနည်းစုသော လူငယ်တွေက စိတ်ဆိုးစရာအဖြစ်မတွေးပဲ စိတ်နာစရာမခံချင်စရာလို့တွေးပြီး ဒီလိုအပြောတွေနောက် မခံရအောင် ငါတို့လဲလုပ်နိုင်တယ်ဆိုတာပြရအောင် အားအဖြစ်ပြောင်းပြီး ရွှေခေတ်တုန်းကလိုပြန် ရောက်အောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ ပဋိပက္ခအသွင်ကနေ တိုင်းပြည်တိုး တက်တဲ့လမ်းစ အဖြစ်ပြောင်းနိုင်လိမ့်မယ်လို့ထင်မိပါတယ်။ တဦးနဲ့တဦးအပစ်မမြင်ကြပဲ သူဘာလိုအပ်လဲ ငါဘာလုပ်နိုင် လဲညှိနှိုင်းလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ဒီလိုလူငယ်တွေနဲ့တဟုန်ထိုးပြန်လည်တိုးတက်လာနှိုင်ပါတယ်။ လူကြီးတွေအနေနဲ့လဲ အားမလိုအားမရဖြစ်တာတွေကို အပစ်တင်နေမဲ့အစားလိုအပ်ချက်တွေထောက်ပြ လူငယ်တွေအနေနဲ့ကလဲ သူတို့လုပ်လို့ငါတို့ဒီလိုဖြစ်တာဘာမှမတတ်နိုင်ဘူးဆိုတဲ့စကားအစား အခုငါတို့ ဘာရှိလဲ ဘာလုပ်နိုင်သလဲ လုပ်နိုင်သလောက်ရှေ့တိုးကြမယ်ဆိုရင် နဂိုအခံကောင်းတဲ့တိုင်းပြည် အရှေ့တောင်အာရှမှာကျားပြန်ဖြစ်နိုင်ပါတယ်။ တယောက်ကိုတယောက်အပစ်မတင်နေကြပဲနဲ့ပေါ့။ အဲလိုလေးပဲမြင်မိပါတယ်။

    • Mr. MarGa

      December 23, 2013 at 11:46 am

      တီသဲရေ…
      ဝါးလုံးရှည်နဲ့ သိမ်းကြုံး ရမ်းမိတာက
      လူကြီးတွေတင်မကပါဘူး လူငယ်တွေရောပါပဲ။
      တစ်ဖက်နဲ့တစ်ဖက် လက်ညိုးတွေ လှည့်ထိုး၊ အပြစ်တွေ ပတ်တင်သလို ဖြစ်နေတယ်လို့ မြင်မိနေတယ်။
      လူကြီးတွေကလဲ လူငယ်တွေကို အမြင်မကြည်။ လူငယ်တွေကလဲ လူကြီးတွေကို နားမလည် ဒါနဲ့ပဲ သံသရာလည်နေတာမျိုး မဖြစ်ချင်တာပါ။
      လူငယ်တွေဘက်ကလဲ အားနည်းချက်ရှိသလို လူကြီးတွေကိုလဲ နားလည်ပေးစေချင်စိတ်နဲ့ ဒီစာကို ရေးလိုက်တာပါ။
      တကယ် သဘောထားပြည့်ဝတဲ့ လူကြီးတွေကိုလဲ လေးစားပါတယ်။ ဒါပေမယ့် အားလုံးမဟုတ်တာတော့ ဝမ်းနည်းမိတယ်။
      ဘာပဲဖြစ်ဖြစ် ကျနော် ဒီရွာသားဖြစ်ရတာ ဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်း……… 🙂

    • လုံမလေးမွန်မွန်

      December 24, 2013 at 10:11 am

      ကွန်မန့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော် .. တီသဲ..
      စနစ်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ခံစားချက်အပေါ် အပြစ်တင်ခံရမှုပါ ထပ်ပေါင်းတော့ ပေါက်ကွဲထွက်လာတာပါပဲ…

      မနာလိုလို့ ဆိုတဲ့စကားကို ပြောရတာ နည်းနည်းပြင်းထန်မှန်းတော့ သိပါတယ်.. လူကြီးတိုင်းကို မဆိုလိုပါဘူး.. ဒါပေမယ့်လည်း ပတ်ဝန်းကျင်မှာ အဲဒီလိုတွေ တွေ့နေဖြစ်တယ်… ဌာနတစ်ခုမှာ အကြီးဆုံးဆိုတဲ့သူက အငယ်ဆုံးဆိုတဲ့သူ လခတိုးတာကို မနာလိုတာမျိုးတွေ..ကိုယ့်ထက်ငယ်တဲ့သူက.. ကိုယ့်ထက် လုပ်သက်နည်းတဲ့သူက ကိုယ့်ထက် ပိုသိလို့ နေရာပေးခံရမှာကို မနာလိုတာမျိုးတွေ… ကိုယ့်လက်ထက်ကဖြစ်ရပ်ကို ကိုယ်သိတာထက် ပိုသိလို့ မကြည်မလင်ဖြစ်တာမျိုးတွေကို ပတ်ဝန်းကျင်မှာ မြင်နေမိတော့… စိတ်ထဲမှာ မကောင်းဘူးဖြစ်မိတယ်…

      ဒီလိုနဲ့ ညှိနှိုင်းအဖြေရှာရမယ့်အစား.. လက်ညှိုးထိုးနေကြတော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်ရော..

      တဦးနဲ့တဦးအပစ်မမြင်ကြပဲ သူဘာလိုအပ်လဲ ငါဘာလုပ်နိုင် လဲညှိနှိုင်းလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ဒီလိုလူငယ်တွေနဲ့တဟုန်ထိုးပြန်လည်တိုးတက်လာနှိုင်ပါတယ်။ လူကြီးတွေအနေနဲ့လဲ အားမလိုအားမရဖြစ်တာတွေကို အပစ်တင်နေမဲ့အစားလိုအပ်ချက်တွေထောက်ပြ လူငယ်တွေအနေနဲ့ကလဲ သူတို့လုပ်လို့ငါတို့ဒီလိုဖြစ်တာဘာမှမတတ်နိုင်ဘူးဆိုတဲ့စကားအစား အခုငါတို့ ဘာရှိလဲ ဘာလုပ်နိုင်သလဲ လုပ်နိုင်သလောက်ရှေ့တိုးကြမယ်ဆိုရင် နဂိုအခံကောင်းတဲ့တိုင်းပြည် အရှေ့တောင်အာရှမှာကျားပြန်ဖြစ်နိုင်ပါတယ်။

      ဒါလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်..

  • alinsett

    December 22, 2013 at 12:29 pm

    ပိုစ့်ကောင်းတစ်ပုဒ်ပဲ။
    လူကြီးတွေ ပြောတာနဲ့ လူငယ်တွေ ဝင်ပြောကြမှာတွေကို စောင့်ကြည့်ဖတ်ရှု ရမယ့်ပိုစ့်ပေါ့

    ကျနော်ကတော့ . . . .
    သူများပါးစပ်လမ်းမဆုံးနဲ့ ဆိုတဲ့
    ဆုံးမစကားကို ပဲ နှလုံးသွင်းထားတော့တယ် ။

    သူများ ဝေဖန်တာတွေ ခံရလွန်းလို့ ထုံနေပြီ ။ တက္ကသိုလ်မတက်ဖူးလို့ အထင်သေးတယ်ဆိုလည်း ပြုံးပြုံးပဲ
    88 ကို ကိုယ်တိုင်မကြုဖူးတာကို ပဲ ခေတ်မမှီသလို လာပြောလည်း ပြုံးပြုံးပဲ။

    အတိတ်ကို အတိတ်မှာ ထားပြီး တည့်တည့်နေတတ်ဖို့ပဲ ကြိုးစားရမှာ

    • Mr. MarGa

      December 23, 2013 at 12:20 pm

      အလက်ဆင်းရေ
      စောင့်ကြည့်မနေနဲ့ ဝင်ပြောပါ။
      ထုံနေတာ မထောင်းသာပေမင့် လွန်သွားရင် မကောင်းဘူးနော်
      အငုံ့စိတ် အခံစိတ်ဘက်ကို ကူးသွားတတ်တယ်။
      အတိတ်ကို အတိတ်မှာ ချန်ထားခဲ့ချင်ပေမယ့် အတိတ်မှာ သင်ခန်းစာတွေက အပြည့်ပဲ
      ဆိုတော့ ကျနော်ကတော့ အတိတ်ကို ချန်မထားချင်ဘူး အတိတ်က ရနိုင်သမျှ သင်ခန်းစာတွေကို ယူပြီး အနာဂတ်ကို ပုံဖော်ချင်နေမိတယ်။
      အဲဒါလေး……….

  • KZ

    December 22, 2013 at 1:35 pm

    တော်တယ် မတော်ဘူးး
    ကောင်းတယ် မကောင်းဘူး ဆိုတာ အသက်နဲ့ မဆိုင်ဘူးး။
    ခေတ်နဲ့ မဆိုင်ဘူးးးး
    လူနဲ့ပဲဆိုင်တယ်။
    ယှဉ်ချင်ရင် ရွယ်တူချင်းပဲ ယှဉ်ကြည့်မှ တရားမျှတမှာပေါ့။
    ဒါတောင် မျိုးရိုးဗီဇ၊ ကြီးပြင်းခဲ့ရတဲ့ အသိုင်းအဝိုင်း၊ စတာတွေက ဘယ်လိုမှ မတူနိုင်တာမို့ လူ အချင်းချင်း ဘယ်သူက ပိုတော်တယ် ဘယ်သူက ပိုတတ်တယ် လို့ နှိုင်းတာကို လုံးဝ အားမပေးပါကြောင်းးးးး
    လူတစ်ယောက်ဆီမှ အရည်အသွေး၊အရည်အချင်း တစ်မျိုးစီရှိတာကို လက်ခံထားကြောင်းးးးး
    သုံးစားမရတဲ့ သူဆိုတာ မရှိကြောင်းးးးး
    ခွဲခြားချင်ရင်စိတ်ဓာတ် ကောင်း/မကောင်းတော့ ခွဲတယ်ရယ်။
    🙂

    • Mr. MarGa

      December 23, 2013 at 6:11 pm

      ငယ်ငယ်ကတည်းက
      ရွယ်တူချင်းတောင်
      ယှဉ်ပြောရင် အရမ်းမုန်းတယ်ဗျ။
      အရွယ်တူပေမယ့် ပတ်ဝန်းကျင်နဲ့ ဗီဇက စကားပြောသေးတာကိုး
      လူတွေမှာ ပုံတူဆိုတာ မရှိဘူးလို့ အဲ့ကတည်းက ခံယူထားတာ
      ဘယ်သူ့မှာမဆို ကောင်းကွက် ရှိသလို
      ဘယ်သူ့မှာမဆို ဆိုးကွက်ကလေးတော့ ရှိစမြဲ…………..
      အကာကို ဖယ် အနှစ်ကို သယ်ဖို့ လိုတယ်လို့ ခံယူထားမိတယ်။

  • surmi

    December 22, 2013 at 4:17 pm

    ဒီပို့စ်​​လေးဖတ်​ပြီး…
    ​ရေးဖို့​နေ့​ရွှေ့ ည​ရွှေ့လုပ်​​နေမိတဲ့
    စာ​လေးတစ်​ပုဒ်​​ရေးမိသွားတယ်​ …
    ​ကျေး​ကျေး 🙂

    • Mr. MarGa

      December 23, 2013 at 6:15 pm

      တွေးစရာ တစ်စကို
      နှိုးဆွ ပေးလိုက်တဲ့
      စာတစ်ပုဒ်ပေါ့ ဦးဆာရေ
      မရေရာတဲ့ အတွေးတစ်စကနေ
      စာတစ်ပုဒ်အဖြစ် အရာထင်သွားအောင်လုပ်လိုက်လို့
      ကျေးကျေးဗျို့

  • Foreign Resident

    December 23, 2013 at 4:15 am

    ၁ ။
    အမိ ၊ ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် ကြီး ( RASU ) မှာ တက်ခဲ့ဘူးတယ် ။
    ဂုဏ်ယူဖွယ်ရာ နှင့် လွမ်းမောဖွယ်ရာ အချိန် / အဖြစ်အပျက် တစ်ခုပါဘဲ ။

    ၂ ။
    ၁၉၈၈ လူထု အရေးတော်ပုံကြီးမှာ ( အများနည်းတူ ) ဒီမိုကရေစီ ကို တောင်းဆို ပါဝင် ဖူးတယ် ။
    အင်းးးး ။ ဒါလည်း ဂုဏ်ယူဖွယ်ရာ နှင့် လွမ်းမောဖွယ်ရာ အချိန် / အဖြစ်အပျက် နောက် တစ်ခုပါဘဲ ။

    ၃ ။
    အဲ ။ ပြဿနာက အခုမှစတာ ။
    ဟုတ်တယ် ၊ ကိုယ်တိုင် တက်ရောက်နိုင်ခဲ့ ၊ ပါဝင်နိုင်ခဲ့ တဲ့အတွက် ၊
    လွတ်လပ်စွာ ၊ ဂုဏ်ယူခွင့် နှင့် လွမ်းမောခွင့် ရှိတယ် ။
    ( တကယ်လည်း ဂုဏ်ယူ လောက် ၊ လွမ်းမော လောက် ပါတယ် ။ OK ပါ )

    သို့သော် ၊ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ ၊ မပါဝင်နိုင်ခဲ့ တဲ့ သူတွေကို ၊
    နှိမ့်ချတဲ့ သဘော နှင့် ဘယ်တော့မှ မပြောရဘူးလေ ။

    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဆိုတာရဲ့ အဓိပ္ပါယ် က ၊ အဲဒါဘဲလေ ။
    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ရဲ့ Limit က ၊
    သူတပါး ကို မထိခိုက် ၊ မတိုက်ခိုက် စဉ်မှာ Limit ကုန်သွားတယ်လေ ။

    ဥပမာ ။ ။ ဗုဒ္ဓ ဘာသာ ကောင်းကြောင်းကို ကြိုက်သလောက် ပြောနိုင်တယ် ။
    သို့သော် ၊ အစ္စလာမ် ဘာသာ ၊ နတ် ကိုးကွယ်တာတွေ ညံ့ ကြောင်း ကို ပြောခွင့် မရှိ ။
    ( ဒါပေမယ့် ၊ Personally မကြိုက်ကြောင်း လောက်အထိတော့ ပြောခွင့် ရှိပါတယ် )

    ၄ ။
    အဓိက သိချင်မိတာ တစ်ခု က ။
    ” ကလေးတွေက တဖြည်းဖြည်းနဲ့ ပိုညံ့လာကြတယ်..သမီးတို့တုန်းကနဲ့ တစ်ခြားစီပဲ ”

    ဆယ်စုနှစ်ပေါင်း များစွာ ၊ ဆက်တိုက် စာပေသင်ကြားလာတဲ့ ၊
    Professional ကျောင်းဆရာ တစ်ယောက်ရဲ့ မှတ်ချက်ဟာ စိတ်ဝင်စား စရာဘဲ ။

    မြို့ပေါ် က အစိုးရ ကျောင်း တစ်ခုက ကျောင်းဆရာ တစ်ယောက်ရဲ့ မှတ်ချက် ဆိုရင်တော့ ၊
    မြို့ပေါ်က လူချမ်းသာ / အရာရှိကြီး / ပညာတတ်ကြီး တွေရဲ့ ( IQ မြင့် ) သားသမီး အများစုဟာ ၊
    အစိုးရ ကျောင်းတွေမှာ မ ထားကြတော့တဲ့ အတွက် ၊ သူ့ မှတ်ချက် ကို ၊ နားလည် လက်ခံ နိုင်ပါတယ် ။

    အဲ ၊ တောနယ် က အစိုးရ ကျောင်း တစ်ခုက ကျောင်းဆရာ တစ်ယောက်ရဲ့ မှတ်ချက် ဆိုရင်တော့ ၊
    အဲဒါ ၊ ပြဿနာ ဘဲ ။
    – Malnutrition အဟာရ လုံလောက်အောင် မစားကြရလို့ဘဲ ဉာဏ်ရည် ကျသွားသလား ။
    – စားဝတ်နေရေးအတွက် ပါဝင်လုံးပမ်းနေရလို့ဘဲ ၊ ပညာရေး ဖက် ဦးစား မပေးနိုင်တာလား ။
    – ကျောင်း ဆရာတွေအပေါ် လေးစားမှု အားနည်းလာပြီး ၊ စာ ကို သိပ် ဂရုမစိုက်တော့တာလား ။

    ဆက် စဉ်းစားစရာတွေက အများကြီးပါ ။

    • Mr. MarGa

      December 23, 2013 at 6:36 pm

      ဘဖောရေ
      လွမ်းခွင့်ရှိပါတယ်။ တသသ ပြောခွင့်ရှိပါတယ်။ ကျနော်တို့လဲ စိတ်ပါဝင်စားစွာ နားထောင်အားကျချင်ပါတယ်။
      ၁၉၈၈ လူထုအရေးတော်ပုံကို မမီခဲ့ပါဘူး။ ဒါပေမယ့် တကယ် စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့သူတွေကို အားကျမိပါတယ်။
      သို့ပေမင့်
      လူကြီး မဆန်သော လူကြီးတွေကို တွေ့လာတဲ့အခါ။ လူငယ်တွေကို အမြဲ အထင်သေးတတ်တဲ့ လူကြီးတွေကို တွေ့လာတဲ့အခါ
      ထွက်လာမိတဲ့ အတွေးတွေ၊ ပြောပြချင်တဲ့ စကားတွေပါ။
      ကလေးတွေ ပိုညံ့လာတယ် ဆိုတာကတော့
      နေရာတော်တော်များများမှာ ကျနော်တို့ ကြားနေရတယ်ဗျ။ (အမွန် သေချာပြောနိုင်မယ်ထင်ပါတယ်)
      သို့သော် အဲဒီကလေးတွေ သွက်တဲ့နေရာကျပြန်တော့လဲ အလွန်ကို သွက်လွန်းနေပြန်တော့
      ဘယ်လိုမှတ်ချက်ချရမယ် မသိ………………

    • လုံမလေးမွန်မွန်

      December 24, 2013 at 10:20 am

      နယ်က ဆရာရဲ့ မှတ်ချက်ပါ အဘ…

      အရင်းစစ် အမြစ်မြေက ဆိုသလို..ပြောရရင်တော့ အခြေခံပညာကိုပဲ လက်ညှိုးထိုးရမှာပဲ..

      လုံမတို့တုန်းက မူလတန်းကျောင်းတွေမှာ စာကိုသေချာ သင်ပေးပါတယ်.. ကျူရှင်ဆိုတာကလည်း စာကျက်ဖို့သက်သက်ပါပဲ..ကျူရှင်သွားတယ်..စာကျက်တယ်..အလွတ်ဆိုတယ်..စာရေးတယ်.. တွက်စာတွက်တယ်..ဘယ်ကျူရှင်ကမှလည်း စာအသစ်မသင်ပေးပါဘူး..ကျောင်းကစာကိုပဲ ပြန်လေ့ကျင့်ရတာပါ..ကျောင်းတွေမှာကလည်း သေချာသင်ပေးပါတယ်…အခြေခံကောင်းကောင်းပါခဲ့တယ်ပေါ့…

      အထက်တန်းအထိလည်း ပညာရေးစနစ်က အဲဒီလောက် မဆိုးခဲ့သေးဘူး ထင်တာပဲ.. ဆယ်တန်းမှာလည်း ကျူရှင်ကို အားကိုးတယ်ဆိုပေမယ့် ကျောင်းကဆရာတွေက နားလည်မှုရှိတယ်.. စာမေးပွဲမှာ ဘယ်လိုနည်းနဲ့ဖြေဖြေ ပြသနာမရှာဘူး..လက်ခံတယ်..

      အခုကျတော့ မူလတန်းကျောင်းတွေက အခြေခံပါအောင် မသင်ပေး.. ကလေးတွေကလည်းကျူရှင်အားကိုး..ကျောင်းကဆရာမတွေကလည်း အလုပ်ကများများ..သင်ကြားရေးဘက်ကို အာရုံမစိုက်…ကျူရှင်တွေမှာ မေးခွန်းတွေပေး… အဆင့် ၁ ၂ ၃ တွေနဲ့ အထက်တန်းကိုတက်.. အခြေခံက ဘာမှမပါလာ… တစ်လတစ်ခါ စာနည်းနည်းလေးကိုတောင် ဦးနှောက်ထဲဝင်အောင် မလုပ်တတ်… သင်ကြားရေးစနစ်ကလည်း အသုံးမဝင်.. ဒီလိုနဲ့… ခုကျက်၊ ခုဖြေ၊ ခုမေ့ နည်းနဲ့ ဘာကိုမှ မတွေးတတ်၊ မခေါ်တတ်တဲ့ ကလေးတွေ ဖြစ်လာတော့တာပဲ…

  • မောင်မိုဘိုင်(သလ္လာဝတီ)

    December 23, 2013 at 6:19 am

    အရင်ညက ဝင်ဖတ်ပြီး comment ပေးမယ်လုပ်တော့
    comment off ဖြစ်နေတယ်… ကျနော်သုံးနေတဲ့ ကွန်ကများ
    မကောင်းလို့လား ဘာများလွဲနေလို့လဲဆိုပြီး ခဏတိုင်ပတ်သွားသေးတယ်
    ဒီနေ့ မန်းလို့ရပြီဆိုတဲ့အခါကျတော့ အရင်နေ့က မန်းချင်တဲ့ဟာတွေ မေ့သွားတယ်…

    • Mr. MarGa

      December 23, 2013 at 6:41 pm

      မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်နဲ့ အလောတကြီး တင်လိုက်တဲ့အခါမှာ
      ကွန်မန့်က ပိတ်သွားတယ် ကိုရင်ရ
      မေ့သွားတယ်ဆို ပြန်စဉ်းစားပါဦး
      ပြီးရင် နောက်တစ်ခေါက်လာမန့်ဗျာ။
      ဒဏ်ရာတွေကရော ဘယ်လိုနေလဲ သက်သာပြီလားဗျ။

  • လုံမလေး နဲ့ မောင် မာဃ ပြော ကြ တာ အမှန် တွေ ပါ ဘဲ။
    ဒါ ပေ မယ် ့ ကိုယ့် လူ ကြီး ရောက် တဲ့ အချိန် မှာ လူ ငယ ်တွေကို နား လည် ပေး နိုင် အောင် အခုချိန် ကတည်း က
    ပြင် ဆင် ထား ဘို့ လို ပါ မယ်။
    ခေတ် ကွာ ရင် အ တွေး ကွာ ပ ါ တယ်။
    အဲ ဒီ ကွာ ဟ ချက် ထဲ မှာ ကိုယ် ကိုယ် တို်င် မျော ပါ မ သွား ဘို့ လို ပါ မယ်

    • Mr. MarGa

      December 23, 2013 at 6:44 pm

      လေးပေါက်ရေ
      ကျနော်တို့ လူကြီးဖြစ်လာရင်လဲ
      လူငယ်တွေကို ဒီလိုပဲ မြင်နေမလားတော့ သေချာမသိဘူးဗျ။
      အခုအထိတော့ ခေတ်ကွာဟချက်ထဲမှာ မျောမသွားအောင် နေထိုင်နေဆဲပါဗျာ။

  • မဟာရာဇာ အံစာတုံး

    December 23, 2013 at 9:41 am

    စကားသုံးခွန်း ဆိုလို့
    ကြားဖူးတဲ့ စကားသုံးခွန်းများလားလို့ …
    ဟုတ်မှ ဟုတ်ဘဲနဲ့ …

    ကြားဖူးတဲ့ စကားသုံးခွန်းက ဂလို .. ဂလို ..
    ၁. မေးပါများ စကားရ
    ၂. သွားပါများ ခရီးရောက်
    ၃. မအိပ်မနေ အသက်ရှည်

    • Mr. MarGa

      December 23, 2013 at 6:46 pm

      အဲဒီ စကားသုံးခွန်းကို ထိပ်ဆုံးမှာ ပြူးပြဲနေအောင် တင်ထားတယ်လေ
      မတွေ့ဘူးလား

  • အဘရဟူဒီ

    December 23, 2013 at 11:52 am

    all we need is just a little patience
    GNR
    😛

    • Mr. MarGa

      December 23, 2013 at 6:50 pm

      patience……..!
      Patience………!
      PAtience……….!
      PATience……….!
      PATIence………..!
      PATIEnce…………!
      PATIENce………….!
      PATIENCe…………..!
      PATIENCE…………….!

  • sorrow weaver

    December 23, 2013 at 12:07 pm

    Generation X နဲ ့ Millennials generation ကွာနေတော့ way of thinking ကလဲ ဘယ်သို့မျှတူနိုင်မယ်မထင်….
    လူကြီးတွေက ခောတ်သစ်နည်းပညာကို မလိုက်နိုင် ..လိုက်နိုင်ရင်လဲ အယုံအကြည်မရှိ..စမ်းမသုံးချင်…..လူငယ်တွေကလဲ လူကြီးတွေရဲ့ ..check , cross check , double check , counter check တွေကို အချိန်ဆွဲတယ်ထင် ….ဒါလက်ရှိကုန်ပဏီမှာဖြစ်နေတဲ့ မန်းနေ့မန့် လယ်ဗယ်က လူကြီးနဲ့ လူငယ်တွေရဲ့ ပြသနာ …ဆိုတော့ တခုခုဆိုရင် kick off meeting လေးလုပ်ကြည့် …လူကြီးတွေရဲ့ အတွေ့အကြုံနဲ့စိတ်ရှည်မှု ..လူငယ်တွေရဲ့ အင်အားနဲ့တီထွင်ဉာဏ်ပေါင်းလိုက်ရင် remarkable result တခုတော့ ရလာမယ်ထင်…

    • KZ

      December 23, 2013 at 12:14 pm

      Kick off Meeting ဆိုတာ လူကြီးတွေက လူငယ်တွေကို Kick လို့ ရတဲ့ မီတင်လားဟမ်?
      အာ့ဆို နာလည်းတက်မယ်။
      အငယ်တွေ မချောင်ဘူးသာမှတ်။
      ခေါင်းပါခေါက်ပစ်မယ်။

      Remarkable ဖြစ်သွားစေရမယ်။

      😀

      • sorrow weaver

        December 23, 2013 at 12:21 pm

        အဲ့ kick off မိတင်ဆိုတာကို ဂျပန်လေး ဂီဂီကိုမေး…သူလဲ အဲ့ရာကို ချဉ်နေတယ်…အဟီးဟီး….

    • Mr. MarGa

      December 23, 2013 at 7:08 pm

      နောက်ပို်င်းမှာ
      ဘယ်လောက်ပဲ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေပါစေ
      တစ်နေရာရာမှာတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ရှိနေစမြဲဆိုတာကို တွေ့တွေ့နေတယ်။
      မှတ်ထားမိတာလေးတစ်ခုက
      အမြဲတမ်းရန်သူ ဆိုတာ မရှိဘူး ဆိုလား………

  • ခင် ခ

    December 23, 2013 at 12:35 pm

    မည့်သည့်တက္ကသိုလ်တက်ဖူးသည်ဖြစ်ပါစေ ကိုယ်တက်ခဲ့တဲ့တက္ကသိုလ်၏ပညာရပ်တွေ၊ လေ့လာမှုတွေဟာ ကိုယ့်အတွက် အထောက်အပံ အထောက်အကူ တစ်စုံတစ်ခုပြုခဲ့ရင် ထိုတက္ကသိုလ်တက်ခဲ့တာဂုဏ်ယူစရာပါ။

    ၈၈ ကြုံခဲ့ကြတယ်၊ ရွှေဝါရောင်အရေးကြုံခဲ့ကြတယ်၊ နာဂစ်ဘေးကြုံခဲ့ကြတယ် စသည့်ကြုံခဲ့တဲ့ အဖြစ်အပျက်တွေဟာ ကိုယ့်အတွက် ကိုယ့်တိုင်းပြည့်အတွက် ဘာလုပ်ရမည် ဘာလုပ်သင့်သည် အတွေးတွေ အတွေ့အကြုံတွေ သင်ခန်းစာတွေရယူနိုင်သူသည် ထိုအရေးတွေကြုံရကျိုးနပ်ပေလိမ့်မည်။

    ဘောလုံးအသင်းတစ်ခုဟာ ဇွဲရှိမယ် ကြိုးစားမှုရှိမယ် ကစားသမားအချင်းချင်း နားလည်သော အချိတ်အဆက် မိမိဆောင်ရွက်နိုင်မယ် ဆိုရင် မျိုးလှိုင်ဝင်းဖြစ်ဖြစ် ကျော်ကိုကိုဖြစ်ဖြစ် ရွာလယ်ကသာအေး ဖြစ်ဖြစ် ရွာတောင်ကဖိုးထောင်ဖြစ်ဖြစ် ရလာဒ်ကောင်းပေလိမ့်မည်၊ ပရိတ်သတ်ရဲ့ ချီးမွမ်းဩဘာသံကြားရပေလိမ့်မည်။ ဥပမာ- ၂ရကြိမ်မြောက်ဆီးဂိမ်းက မြန်မာအမျိုးသမီးဘောလုံး အသင်းသည် တစ်ဦးတစ်ယောက်ကောင်းမဟုတ် အသင်းလိုက်ကောင်းဖြစ်၏။

    လူကြီး လူငယ် အရွယ်ထက် ပင်ကိုယ်စိတ်ထားကောင်းလျှင် ကံကောင်းပါလိမ့်မည်ဟု ယူဆလျှက် …….။

    • လုံမလေးမွန်မွန်

      December 25, 2013 at 3:46 pm

      ဟုတ်တယ် လေးခ… တက္ကသိုလ်ဆိုတဲ့ နာမည်ပညတ်ချက်ထက်.. အဲဒီတက္ကသိုလ်က သင်တဲ့ ပညာရေးစနစ်… တက်ခဲ့တဲ့ကျောင်းသားတွေရဲ့ လေ့လာမှု .. အဲဒါတွေကို ပိုစိတ်ဝင်စားတယ်..

      တကယ်တော့ ရန်ကုန်တက္ကသိုလ်ဆိုတာထက်… အဆင့်မီသင်ကြားရေးဆိုတာကိုပဲ လိုချင်မိတာပါ…

      လေးလေးရဲ့ မှတ်ချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်..

    • Mr. MarGa

      December 26, 2013 at 1:32 pm

      လေးခရေ
      ကျနော်တို့ လိုချင်တာ အဲဒီအတွေ့အကြုံတွေကြောင့် ရလာတဲ့ သင်ခန်းစာတွေပါ။
      အမှားတွေကို နမူနာယူပြီး ပိုကောင်းအောင် ပြင်ချင်တာပါ။
      ဆိုတော့
      စေတနာကောင်းရင် ကံကောင်းမည် ဆိုတာကိုပဲ ယုံကြည်လျက်………….

  • kai

    December 23, 2013 at 3:37 pm

    ပြောရမှာစောနေပါတယ်ကွယ်… လို့ပါပဲ..
    ဒီခေတ်လူငယ်တွေ.. ရှေ့လူကြီးတွေထက်…. မညံ့ရေးချ… မညံ့ပါ..

    ဆိုတော့…

    မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။

    အဲဒါလေးတခုတော့.. မမှန်ပါဘူးလို့.. ပြောချင်ကြောင်း…။
    ကိုယ့်ါငါးချဉ်.. ကိုယ်ချဉ်နေတာသာဖြစ်ပါကြောင်း… :mrgreen:

    • ကြောင်ဝတုတ်

      December 24, 2013 at 10:05 am

      ဒီနေရာမှာ သူဂျီးကို ထောက်ခံပါတယ်…
      မြန်မာလို ဘာသာပြန်ကြည့်လို့အဆင်မပြေဘဲ… အင်္ဂလိပ်လိုတိုက်ရိုက်သုံးလိုက်ရတဲ့စာလုံးတွေမနည်း…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • အဘရဟူဒီ

        December 24, 2013 at 10:10 am

        ဘဒူလဲကွ … ငါဒို့ မြို့ပိုင်မင်းကို လာထောက် နေတာ….
        အာ..ဟိ….

        ကျော်ပြောဖူးပါတယ်.. ဆြာမောင်သာနိုးရေးတဲ့အကြောင်း….

        အော်ဒစ်ဆေ က ဆိုင်ကလော့ ကို … my name is no one ဆိုပီး

        မျက်လုံး ဒုတ်နဲ့ထိုးတယ်… အဲ… ဆိုင်ကလော့က အော်တာပေါ့… no one hits me ဆိုပီး…

        သည်တော့ အဖော်တွေက ဘယ်သူမှ လာမကူကြဝူးလေ…..အဲလာကို မြန်မာပြန်တော့ ဂွ ကျပါလေရော….

        🙂

        • ကြောင်ဝတုတ်

          December 24, 2013 at 11:43 am

          အဲ့တော့ နောက်ဆုံးဆိုလိုချင်တာက…

          မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။

          ဆိုတာဂျီးက…
          ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဆိုတာကြီးပေါ့နော်…

          အိုဘယ့်…
          မြန်မာစာသည် ဒို့..စာ…
          မြန်မာစကားသည် ဒို့.. စကား…
          မြန်မာစကားကို မြန်မာတွေသာပြောကြ၍ နိုင်ငံတကာနှင့်ဆက်ဆံ၍မရပါ…

          ခင်မင်လျက်-
          ဖက်ဖက်ကက်

        • KZ

          December 24, 2013 at 12:05 pm

          ဟဲ့။
          ဘယ် မျိုးမချစ်တွေ ပြောတဲ့စကားတုန်းကွဟေ။
          သူများတွေ မပြော/ မသိတော့ ပိုကောင်းတာပေါ့။
          အနည်းဆုံး သူများ အတင်းပြောလို့ရတာပေါ့။
          ဟိ

          😀

    • လုံမလေးမွန်မွန်

      December 25, 2013 at 3:50 pm

      အွန်… ချိတ်မပူဂျပါနဲ့..

      မြန်မာစကားကို လိပ်ပတ်လည်အောင် မပြောတတ်တဲ့သူတွေ…
      မြန်မာစာကို မြန်မာအချင်းချင်းဖတ်တာတောင် နားမလည်အောင် ရေးတဲ့သူတွေ..
      အားဂျိး..အားဂျီး..ရှိလာပီ…

      အီးလိုပြောတဲ့ မြန်မာနိုင်ငံတော်ဂျီး..တည်ဆောက်အံ့.. 🙁

    • Mr. MarGa

      December 26, 2013 at 3:45 pm

      ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပဲ ဆိုဆို
      လောလောဆယ်တော့ ကိုယ့်ဘာသာစကား ကိုယ် မြှင့်ပါရစေဦး
      မြန်မာဖြစ်ပြီး မြန်မာစကားကိုတောင် လိပ်ပတ်လည်အောင် မပြောတတ်တဲ့ မြန်မာစာကို ဖြောင့်အောင်မဖတ်တတ်တဲ့သူတွေ ဒီထက် ပိုများလာမစိုးလို့ပါ။

  • အမွန်ရေ တခြားအကြောင်းအရာတွေအကြောင်းကတော့မပြောတော့ပါဘူး။ဒါတွေက ခေတ်စနစ်အရဖြစ်လာရတာတွေ ကြံဖန်ဂုဏ်ယူချင်သူတွေအတွက်သက်သက်ပါ။
    တစ်ခုပဲ
    {ကျွန်မနယ်ပြန်သွားလို့ ဆရာတွေဆီ သွားလည်တိုင်း ကြားနေရတဲ့ စကားတစ်ခွန်းရှိတယ်။ ကလေးတွေက တဖြည်းဖြည်းနဲ့ ပိုညံ့လာကြတယ်..သမီးတို့တုန်းကနဲ့ တစ်ခြားစီပဲ.. တဲ့}

    ဟိုနေ့ကလေးတင် အစ်မနှဲ့ဆရာတစ်ယောက်ပြောနေခဲ့တာ။ဆရာဆိုပေမယ့် အစ်မအမေလောက်နီးနီးပါ။
    ဟိုခေတ်ကလူတွေအင်္ဂလိပ်စာကစလို့ အစစအရာရာအရည်အချင်းရှိကြကြောင်းကိုပေါ့။
    သူကအစ်မနဲ့အမြဲတန်းခေတ်စနစ်အကြောင်းစကားလက်ဆုံကျနေကျလေ။
    သူကတော်တဲ့လူကိုဆိုသူ့သားအရွယ်လောက်လဲ ပြောင်ချီးမွမ်း အားကိုးတတ်သလို၊ညံ့ရင်လည်း ဘယ်လိုလူမျိုးရဲ့သားသမီးကိုမှမချန်ပဲညံ့ကြောင်းတည့်တည့်ပြောတတ်တယ်။

    ခုနကစကားဆက်ဦးမယ်။
    အစ်မကပြောလိုက်ပါတယ်။
    အရင်ခေတ်ကလူတွေက အင်္ဂလိပ်ခေတ်အကြွင်းအကျန် ဆရာကောင်း၊သမားကောင်းတွေကြောင့်တော်
    ခဲ့ပါတယ်။နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကောင်းတဲ့လူက လက်ဆင့်ကမ်းလာသမျှ အရည်အသွေးက နည်းနည်းစီလျော့လာလားမသိပါဘူး
    အခုခေတ်မှာ ကလေးတွေရဲ့ပညာရေးကမြင်တဲ့အတိုင်း။
    ဒါတောင်မြို့ကျောင်းတွေမှာက အပြင်မှာတကယ်တော်တဲ့လူတွေငှားပြီး မိဘတွေကလုပ်ပေးလို့ရပေမယ့်
    နယ်တွေ၊အထူးသဖြင့်ကျေးလက်တောရွာက ကလေးတွေ၊ပိုဆုးိတာက လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ဒေသက ကလေးတွေရဲ့ အခြေခံပညာရေးဟာ ရှက်ဖွယ်လိလိဖြစ်နေပါပြီ။
    သင်ပေးနေတဲ့ဆရာမတွေကိုယ်တိုင်
    Pay ရဲ့ V2 ဟာ Paided ။တွက်ထားတဲ့သချာင်္ပုဒ်စာမှာ ယူနစ်တပ်ဖို့အရေး နေဦးချန်ထားလိုက် ဘာတပ်ရမလဲ ဆရာမစဉ်းစားခဲ့ဦးမယ်ဆိုတာမျိုးနဲ့ ကလေးတွေ စာလုံးမပေါင်းတတ်၊မေးသမျှ မြန်မာ၊အင်္ဂလိပ်အက္ခရာကိုဘာမှန်းမသိတာကြောင့် အတန်းတွေပြန်ပြန်ချရ။
    ဆယ်တန်းအဆင့်ကလေးတစ်ယောက်ဟာ Four က၂ပါလို့ပြောလိုပြော။ကျွနိုပ်သည်၊ကို၊၏ ဆွေကို I တစ်လုံးပဲမှန်ထားကြတာမျိုးတွေ အစကတော့ အံ့ဩမှုပေါင်းများစွာရှိခဲ့ပေမယ့်..တဖြည်းဖြည်းနဲ့မှ
    တော်တော်လေးယဉ်လာခဲ့ပါပြီ။
    ကဲ..ဘယ်လောက်ရင်လေးစရာလဲ..ဒီကလေးတွေရဲ့အနာဂတ်

    • လုံမလေးမွန်မွန်

      December 25, 2013 at 3:55 pm

      ဟုတ်တယ် အစ်မရယ်…
      အိမ်မှာလည်း ဆယ်တန်းညီမလေးတစ်ယောက် လာနေတာ… အခြေခံဘာမှပါမလာတော့…ဆယ်တန်းစာတွေကို မလိုက်နိုင်ဘူးဖြစ်နေတယ်… သူ့ဆရာဆို အင်္ဂလိပ်စာကို ငါးတန်းအဆင့်လောက်ကစပြီး ပြန်သင်ပေးနေရတယ်…. ဆိုတော့… နောက်မျိုးဆက်တွေ ညံ့လာတာကို အန္တရာယ်တစ်ခုအဖြစ် မြင်တဲ့သူတွေ များလာရင် ကောင်းမယ်လို့ တွေးမိတယ်..

    • Mr. MarGa

      December 26, 2013 at 4:44 pm

      နဝမတန်းကိုရောက်မှ
      I,me,my,mine, myself ဆိုတာကို သေသေချာချာသိခဲ့ရသူမို့
      ကျန်တဲ့သူတွေကိုမပြောတော့ပါဘူးဗျာ။
      ဒါပေမင့်
      ကြိုးစားရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့ သတင်းစကားလေးကိုတော့
      ပေးချင်မိပါဘိ

  • surmi

    December 23, 2013 at 8:00 pm

    တစ်​ခု​ပြောချင်​တာက​တော့….
    ကျုပ်​သားညံ့တယ်​ဆိုရင်​..သူ့ဆရာမ​ဂျောင်​့ :mrgreen:
    ဆရာမလုပ်​သူ၌သာ အပြစ်​အားလုံးရှိပါ​ကြောင်​းးးးး 🙂
    ဆရာမက ဘယ်​သူလဲ​တော့မသိ ?

    • Mr. MarGa

      December 26, 2013 at 5:34 pm

      သားသမီးမကောင်း မိဘခေါင်း
      တပည့်မကောင်း ဆရာခေါင်း တဲ့
      ဆရာကောင်းတပည့် ပန်းကောင်းပန် တဲ့
      ဆိုတော့
      ဆက်လက် တွေးတောရရင်
      တပည့်သည် သားသမီးလည်း မည်ပေတာမို့
      တပည့်မကောင်း မိဘ၊ဆရာခေါင်း ပါခည :mrgreenn:

  • Paing Lay

    December 24, 2013 at 10:08 am

    အဖွဲ့အစည်းတိုင်းမှာဖြစ်ဖြစ် မိသားစုတိုင်းမှာဖြစ်ဖြစ် ဘက်မလိုက် စည်းလုံးမှုဆိုတာ အရမ်းလိုအပ်တယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်ဗျာ 🙂 :mrgreen:

    • Mr. MarGa

      December 26, 2013 at 5:47 pm

      ညီညွတ်ကြပါပေါ့။
      ဘက်မလိုက်မှု ညီညွတ်မှုရှိမှ အောင်မြင်မှုဆိုတာ ဖြစ်တည်လာမပေါ့
      အဲ…………တစ်ဖက်နဲ့တစ်ဖက် နားလည်သဘောပေါက်ဖို့ကလဲ လိုသေးတယ်နော့။

  • Shwe Ei

    December 24, 2013 at 1:07 pm

    မောင်ငေးညီမငေးတို့ မမလောက်မသိကျပါဝူး..ညင်းညင်းး

    မမက ၈၈မတိုင်ခင် သုံးနှစ်လောက်စောမွေးလာတာ…အဖြစ်အပျက်အစအဆုံး မြင်ဖူးလိုက်တယ်

    အိမ်ရှေ့က ဖြတ်သွားဖြတ်လာမှန်သမျှ မလွတ်တမ်းထိုင်ကြည့်နေတာလေ..ခွိ

    • Mr. MarGa

      December 26, 2013 at 6:11 pm

      ရှေ့မီ နောက်မီ၊ ပေမီ ဒေါက်မီ ပါလားဟရို 🙂

  • ဦးဦးပါလေရာ

    December 24, 2013 at 1:16 pm

    ၁။
    ကျုပ် အသက် ၁ရနှစ်မှာ ရန်ကုန်တက္ကသိုလ် စရောက်ပါတယ်။ အသက် ၂၁ နှစ်မှာ ကျောင်းပြီးပါတယ်။
    အဲဒီတုန်းက အခု လုံမပြောတဲ့ စကား သုံးခွန်းမျိုး ကျုပ်ရဲ့ စီနီယာ့စီနီယာတွေ ပြောကြတာကို ကြားရ ခံရ ပါတယ်။
    အဲဒီတုန်းကတော့ သူတို့ပြောတာ မှားတယ် လို့ ထင်မြင်တယ်
    အခုတော့ သေချာသွားပြီ
    သူတို့ပြောတာ တက်တက်စင်အောင် မှား တယ်….။

    ၂။
    (ငါတို့တွေက ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ တက်ပြီး တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အဝခံစားခဲ့ရတာ။ နင်တို့လို မဟုတ်ဘူး။)
    လို့ ပြောတဲ့သူဟာ လုံမ အမေ လောက်ရှိတယ်ဆိုတော့ ကျုပ်နဲ့ မတိမ်းမယိမ်း အရွယ်ပေါ့….
    ကြုံရင်တော့ မေးကြည့်ချင်တယ်…
    သူက ဘာတွေများ အရသာတွေ့ခဲ့လို့တုန်း….. လို့….
    ပေါက်ကရတွေ လျှောက်ပြောတာ မယုံပါနဲ့…
    ၁၉၈၀-၁၉၈၈ အတွင်း တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအကြောင်း တစ်နေ့ရေးပြဦးမယ်…။

    ၃။
    ၈၈ ဆိုတာ ကိုယ်တိုင်ဝင်ကြုံခဲ့ရုံနဲ့ ၈၈ အကြောင်း မသိပါဘူး ။
    ကိုယ့်ကိုယ်ကို ထင်တစ်လုံးနဲ့ အလကားလျှောက်လိမ်တာ။
    ဥပမာပြောရရင်-
    သစ်တောထဲ ရောက်ဖူးရုံနဲ့ သစ်တောအကြောင်း ဘယ်လိုမှ မသိနိုင်ပါဘူး
    နမော်နမဲ့မနေရင်- အလွန်ဆုံးသိနိုင်တာက
    ကိုယ်မြင်ရတဲ့ သစ်ပင်တစ်ချို့အကြောင်း အပေါ်ယံပဲ သိနိုင်တာပါ။
    သစ်တောအကြောင်းကို သစ်တောအပြင်ကကြည့်မှ ပိုသိနိုင်ပါတယ်။
    ကျုပ်ထင်တာတော့ ၈၈ အကြောင်းကို နောက်လူတွေက ပိုသိတယ်ထင်တာပဲ…..။
    ဆန္ဒပြတဲ့ထဲပါဖူးတာ၊ နဖူးစီးအနီစီးဖူးတာ၊ ဝရုန်းသုန်းကားနဲ့ ရောက်ရာပေါက်ရာထွက်ပြေးဖူးတာ၊ စုံပလုံ ပွစိခတ်နေတဲ့ ခါတော်မီစာစောင်တွေဖတ်ဖူးတာ၊ သေနတ်ဒင်နဲ့ထု သေနတ်ပြောင်းနဲ့ ထိုးတာခံဖူးတာ၊ ဟောပြောပွဲတွေ တရားပွဲတွေ လိုက်နားထောင်ဖူးတာ၊ ထမင်းငတ်ဖူးတာ၊ ရပ်ကွက်ကင်းစောင့်ဖူးတာ ……
    အဲဒါတွေက သစ်တောထဲက သစ်ပင်တစ်ပင်စ နှစ်ပင်စ ပဲ ရှိပါသေးတယ်
    ပင်လယ်ကမ်းခြေမှာ ဒူးလောက် ခါးလောက် ဆင်းဖူးရုံနဲ့ ပင်လယ်အကြောင်းသိဖို့
    အဝေးကြီး …………………. မှ အဝေးကြီး………………………………………

    ၄။
    ကျုပ်တို့ခေတ်တုန်းက မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင် တို့ တော်တာ မှန်ပါတယ်…
    အခုလဲ သူတို့ထက်မညံ့နိုင်တဲ့သူတွေ ပိုတော်နိုင်တဲ့သူတွေ အများကြီးပါ…။
    လက်ရွေးစင်ထဲမပါတာကတော့… ကျုပ်လဲ မတတ်နိုင်….
    အဲဒါ လူငယ်တွေအပြစ်မဟုတ်
    စေ့စေ့တွေးကြည့်…
    အဲဒါ လူကြီးတွေ အပြစ် ။

    ၅။
    လူငယ်တွေကို အထင်သေးတာ တစ်ယောက်စ နှစ်ယောက်စ ဆိုရင်တော့ ကိစ္စမရှိ
    လူငယ်တွေကို အထင်သေးတာ အများကြီးဆိုရင်တော့….
    အဲဒီတိုင်းပြည် ခွေးဖြစ်ဖို့ပြင်ထား ……

    ၆။
    အော် …. ကျောင်းစာ လား…
    အဲဒါ ဘာလုပ်ရမှာလဲ….
    တန်းမီတဲ့လူတစ်ယောက်မှာ ကျောင်းကသင်ပေးတာက ၂ဝ ရာနှုံး ကိုယ့်ဘာသာ သင်ယူတာက ၈ဝ %
    ကျုပ်တစ်ယောက်ထဲအဖို့ဆိုရင်တော့
    ကျောင်းက သင်ပေးတာက အများဆုံး ၅% အပြင်က ကိုယ့်ဘာသာ လေ့လာသင်ယူတာက ၉၅%
    စာမရလို့သာ ညံ့တယ်ပြောကြေးဆိုရင်
    ဦးပါလေရာဆိုတာ ဒီကနေ့ ဘယ်ရှိတော့မလဲ
    ငတ်သေပြီး နတ်ပြည်ရောက်နေတာ ကြာရောပေါ့ ……။

    • Mr. MarGa

      December 26, 2013 at 6:22 pm

      ဦးပါ
      ပြည့်စုံလွန်းနေလို့ ဘာထပ်ပြောရမယ်မှန်းတောင်မသိ
      အဲ…ဒါပေမင့်
      နတ်ပြည်ကတော့ နေရာချန်ထားပါတယ် ဆိုတဲ့အကြောင်း………… 🙂

  • Swal Taw Ywet

    December 25, 2013 at 10:49 am

    ကျနော်တွေ့နေရတဲ့ ယနေ့အင်ဂျင်နီယာကျောင်းဆင်း အများစုကတော့….
    အခြေခံမပိုင်နိုင်၊လက်တွေ့မလုပ်ခဲ့ရလို့ ဘာဘာ ဘာမှမသိ၊နောက်ဆုံးပေါ်နည်းပညာများကိုလိုက်မမှီ။ ကိုယ်လုပ်ပေးနိုင်တာလေး အခြေခံ ဖေါင်ဒေးရှင်းကွက်လပ်ဖြည့်တာလေးတွေဘဲ တတ်နိုင်သလောက် အခွင့်အရေးရသလောက် လုပ်ပေးနေမိပါတယ်။
    နောက်မျိုးဆက်တွေရဲ့ရှေ့ရေး ရင်လေးနေမိတာတော့အမှန်ပါ။
    ဘာလို့ဆို…ကိုယ်တွေက တာဝန်မကျေနိုင်ခဲ့တာကိုးးးးး။
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • Foreign Resident

      December 25, 2013 at 4:33 pm

      ” ဘာလို့ဆို…ကိုယ်တွေက တာဝန်မကျေနိုင်ခဲ့တာကိုးးးးး။ ”

      မှန်ပါ့ ။ ကိုယ့်ဘာသာကိုယ်ဘဲ အပြစ်တင်ရတော့မယ် ။

      အဘ ရဲ့ အဖေ ပြောခဲ့တဲ့ စကားလေး တစ်ခွန်း ရှိတယ် ။

      ” ( ၈၈ မှာ ) ပြည်သူ နောက် ၃၀၀၀ဝ လောက် အသေခံကြည့်ပါလား ၊
      ဒီမိုကရေစီ ရကိုရမှာ ” တဲ့ ။

      ကိုယ်တွေကမှ အသေမခံရဲတော့လည်း ၊ ဒီလိုပါဘဲ ။

      • Mr. MarGa

        December 26, 2013 at 6:36 pm

        အင်း…………
        ဘဖောတို့ ကိုယ့်ဘာသာကိုယ် အပြစ်တင်ရတော့မယ် ဆိုတော့
        အခုထိ အပြစ်ကို ဝန်မခံသေးတဲ့ ဟိုလူကြီးတွေကို ဘယ်လိုပြောရမှန်းတောင် မသိတော့………… 🙄

    • Mr. MarGa

      December 26, 2013 at 6:33 pm

      ကျနော် တစ်ခါက ရေးခဲ့ဖူးသလိုပေါ့
      တာဝန် သိသူတွင် တာဝန် ရှိသည် တဲ့
      တာဝန်မကျေနိုင်ခဲ့ဘူး ဆိုပေမင့်
      အခုအချိန်ထိ လိုနေတဲ့ ကွက်လပ်ကို ဖြည့်ပေးနေတာမို့
      တာဝန်ကျေမကျေ ကျနော်မဆုံးဖြတ်ရဲပါဘူး
      ကျနော်တို့အလှည့် ရောက်လာရင်လဲ
      ကျနော်တို့ တာဝန်ကျေနိုင်ဖို့ကို
      ကြိုးစားရဦးမှာပါပဲ။

Leave a Reply