တနေ့သောခါ …. တစ်ခါကပေါ့…..
တစ်ခါကဆီ
ဒဏ္ဍာရီဟု
ရည်မျှော်တမ်းတ
ဘဝနေဝင်
လေနှင်ရွက်ဝါ
ချိန်သင့်ပါပြီ
ကြွေပါစေတော့
နေလေတော့နော် ………
လူကြီးဆိုတာ တခါတုန်းက လူငယ်ပါပဲ …
ဒီလိုပါပဲ …. လူငယ်ဆိုတာ တနေ့ကျရင် လူကြီးဘဝ ရောက်ကိုရောက်ရပါလိမ့်မည် ။
အိုခြင်း .. နာခြင်း… သေခြင်းတို့ကို မည်သူရှောင်နိုင်မည်နည်း …။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အလကားပါကွာ.. ဒီအဖိုးကြီးခေတ်မမှီတော့ပါဘူး… နားစမ်းပါ ”
ထိုသို့သောစကားတို့ကို ကျနော်ငယ်စဉ်ကဆိုခဲ့ဖူးပါလိမ့်မည် ။
ယခုသော်.. ထိုဝဋ်တို့ ကျနော်လည်တော့မည်ထင်၏ ။
အသက်အရွယ်အပိုင်းအခြားကြောင့် အမြင်မတူမှုများသည်
ဘယ်သောအခါမှ ပျောက်ကွယ်မည်မဟုတ် ။
အစဉ်အဆက် ကွဲလွဲနေဦးမည်သာ ။
နားလည်ပေးမှု ၊ သည်းခံခွင့်လွှတ်မှု ၊ အချင်းချင်းအပြန်အလှန်လေးစားမှု … ထိုသို့သော
ကြားခံချောဆီလေးများရှိပါမှ အတန်သင့်အဆင်ပြေနိုင်ပါလိမ့်မည် ။
ကျနော်တို့ နိုင်ငံ၏မိရိုးဖလာ ထုံးစံသည် လူကြီးစကားကို လူငယ်များအားနားထောင်စေချင်ပေသည် ။
ထို့ကြောင့် … ပြန်ခံမပြောနဲ့ဟူ၍လည်းကောင်း ၊ လူကြီးပြောလျှင်နားထောင်ရမည်ဟု လည်းကောင်း
ဩဝဒချွေခံခဲ့ရသည် ။
လူကြီးများအမြဲမှန်သလော…?
တခါတရံ မကြာခဏ မှားတတ်ပါသည် ။
ထို့ကြောင့် … ကျနော် ငယ်စဉ်ကဤသို့ဆိုခဲ့ဖူးသည်။
“ရှေးလူကြီးစကား .. ၃ နဲ့စား .. ၊ ကျန်တဲ့ တစ်ဝက် ယုံရခက် …”
ယခုသော် …. သား ၊သမီးတို့ပင် အလယ်တန်းကျောင်းသူားအရွယ်သို့ရောက်နေလေပြီ ။
ကျနော်သည်လည်း သက်လတ်ပိုင်းကိုစတင်ကျော်ဖြတ်ပြီး ဇရာ၏ ရှေ့ပြေးပုံရိပ်တို့ကိုတွေ့နေရပါပြီ ။
ရောဂါပေါင်းစုံတို့၏ အလုပ်လျောက်လွှာများကား …
အလုအယက် သူ့ထက်ငါ ဒစ်စကောင့်ချနေလေပြီ ။
ငါ…… အိုတော့မှာပါလား…….
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တချိန်က ….
ကျနော့သမီးလေးသည် ကျနော်အလုပ်သွားလျှင်
ပြတင်းပေါက်မှ လက်ပြနှု်တ်ဆက်တတ်သည် ။
ကျနော် ပြန်ချိန်ရောက်လျှင် တံခါးဝမှာစောင့်နေတတ်ပြန်သည် ။
မပီကလာပီကလာဖြင့် ” ဝေးးးးး…
အရုတ်ကပန်လာဘီ ” (အလုပ်ကပြန်လာပြီ)
ထိုသို့ အော်ရင်းပြေးဖက်တတ်သည် ။
ယခု… ထိုသို့မဟုတ်တော့ပြီ ။
ကျောင်း.. ကျူရှင် .. သင်တန်း .. သူလည်း လူ့ဘဝထဲဝင်ဖို့ လေ့ကျင့်ရေးဆင်းနေပြီပဲ..။
ကျနော့်ကို စောင့်ကြိုသောသူသည် သမီးမဟုတ်တော့ပါ ။
ကျနော်အလုပ်ကပြန်၍ တံခါးဝတွင်လူခေါ်ခေါင်းလောင်းနှိတ်သောအခါ
ကျနော်သားက တံခါးဖွင့်ပေးသည် ။
ကျနော်အပြင်သွားလျှင် ဝရံတာမှမျက်စိတဆုံးကြည့်နေတတ်သည် ။
ညဖက် ၉ နာရီကျော်လို့မှ ပြန်မရောက်လျှင် ဖုန်းတဂွမ်ဂွမ်ဆက်သည် ။
ကျနော်ပြန်မလာမခြင်း သူမအိပ်ပဲ စောင့်နေတတ်သည် ။
ယခုအချိန်တွင် ထိုသို့အခြေအနေပင်ဖြစ်သည် ။
သို့သော် …. နောင်နှစ်ပေါင်း ၂ဝ ခန့်အကြာတွင်မူ …..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တုန်တုန်ရီရီဖြင့် သော့ပေါက်ထဲသို့ သော့ချောင်းကိုမမြင်မစမ်းထိုးနေသော အရေတွန့်နေသော
လက်တစ်စုံ…………
အနွေးထည်အထပ်ထပ်ဖြင့် ချမ်းတတ်နေသော ချိနဲ့နဲ့ လူကြီးတစ်ယောက် …………..
သား၊သမီးတို့အလုပ်ကအပြန်ကို နာရီကြည့်ပြီးမျှော်နေတတ်သည့် အဖိုးအို…….
သား အပြန်ကိုမအိပ်သေးဘဲစောင့်နေတတ်တဲ့ လူအိုကြီးတစ်ယောက် …..
“ဟာ…အဖေ မအိပ်သေးဘူးလား … မစောင့်နေနဲ့လို့ပြောထားသားပဲ … ”
တချိန်က… သူပြောခဲ့ဖူးသော ဝါကျတချို့ကိုခံယူရင်း…..
.
.
.
တချိန်က ကားလမ်းကူးလျှင် သားကိုလက်ဆွဲပြီး ခတ်သွက်သွက် ကူးခဲ့ဖူးသည် ။
ယခု …. နှေးတုန့်တုန့်ဖြစ်နေသော သူ့ကို သားကဆွဲ၍ကူးပေးသည် ။
ယခင်က သူ့အပြန်ကို ချောင်းကြည့်ပေါက်လေးမှသားက ကြည့်ပြီး
တံခါးဖွင့်ပေးခဲ့သည် ။
ယခု .. သူ အဲဒီအပေါက်ကို ခြေသံကြားတိုင်းချောင်းကြည့်နေတတ်လေပြီ ။
သား လုပ်နေသော အလုပ်တွေကို သူနားလည်ခဲ့သော်လည်း
ယခု … သားက သူ့ကိုအနားပေးထားခဲ့သည် ။
ခေတ်တွေ ပြောင်းပြီမို့ … အဟောင်းတို့ လွင့်ရပေတော့မည် ။
ရော်ဝါရွက်သည် … မြေမှာသက်ဖို့ ဆင်းရပြီ ။
တချက်တချက် ပင်ယံထက်က ဖူငုံရွက်နုလေးများကိုကြည့်ရင်း …
အားကျကောင်း အားကျနေပါလိမ့်မည် ။
သို့မဟုတ် …. တနေ့ ဒို့လိုပဲ ဆင်းပေးရမှာပါလားဟု သံဝေဂ
ယူနေမည်လား.. မပြောတတ်ပါ ။
မှုန်ဝေ တုန်ရီနေသော အဖိုးအိုတစ်ယောက်၏ အိမ်မက်မြစ်သည်
ခမ်းခြောက်ခဲ့သည်မှာ ကြာလေပြီ ။
ပြီးခဲ့သော အတိတ်တို့ကိုသာတမ်းတခြင်းဖြင့် အားပြုရရှာလေသည် ။
ရှိပါစေတော့ ………..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အဖေတို့ဘာမှနားမလည်ပါဘူး….. ခေတ်မတူတော့ဘူးဗျ ”
” ဟာ … … အဖေ… ကျနော့ကိုထမင်းစားမစောင့်နဲ့လေ… ကျနော်အလှုပ်အရမ်းရှုပ်တယ်ဗျာ .. ”
” ကိုယ့်ဟာကိုယ်အေးအေးနေပါဗျာ …. ဒီခေတ်ကိုအဖေတို့နားမလည်ပါဘူး ..”
” ရှေးလူကြီးစကား.. ၃ နဲ့စား .. ကျန်တဲ့တစ်ဝက်..
ယုံရခက် … ”
နောင်အနှစ်နှစ်ဆယ်ကျော်မှာ…….
ကျနော် ့သားက ဒီလိုများပြောနေမလား .. ?
ကျနော် … ခံနိုင်ရည်ရှိပါ့မလား …?
ကျနော် ဒီညနေ အိမ်ပြန်ရင် သားကိုပြောပြရဦးမယ် ……
… ” သားရေ… မင်းအခုဖေဖေ့ကို ရပ်စောင့်ပြီး တံခါးဖွင့်ပေးတဲ့
နေရာလေးမှာ .. နောင်နှစ်ပေါင်း ၂ဝ ကျော်ရင် ….
ဖေဖေစောင့်ပြီး ဖွင့်ပေးရမှာပါ…… လို့ …. “……
လေးစားလျှက်
မောင်ဆာမိ
46 comments
alinsett
December 22, 2013 at 5:19 pm
လူငယ်ဆိုတာ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် လူကြီး
လူကြီးဆိုတာ အရင်တစ်ချိန်က လူငယ်
:kwi:
ဒဿန အတွေးတွေ တဝေဝေနဲ့ ဖတ်လိုက်ရလို့
လက်မ ထောင်လိုက်ပါတယ် ခည
surmi
December 23, 2013 at 10:18 am
@အလင်းဆက်…
ဒဿနတော့မဟုတ်ပါဘူး…
အခုတလောနေထိုင်မကောင်းဖြစ်ရင်း
တောင်တွေးမြောက်တွေးတွေပါ …
@မခိုင်ဇာ …
မရှိမဖြစ်အချက်တစ်ခုကိုထောက်ပြပေးတာကျေးကျေးနော.
ကျနော်တို့ တွေ့ကြုံနေရတဲ့ လူမှုအဖွဲ့အစည်းတွေမှာ အဲဒါလိုနေတာပါ ။
KZ
December 22, 2013 at 6:49 pm
Every relationship need/must have “Respect for Each Others”
🙂
Mr. MarGa
December 22, 2013 at 11:21 pm
လူကြီးနှင့် လူငယ်
ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ၊ ရခဲ့တဲ့အတွေ့အကြုံ၊ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
ဘယ်လိုမှ မတူနိုင်ဘူးကိုးဗျ။
ဒါပေမင့်
ယနေ့လူငယ် နောင်ဝယ်လူကြီး တဲ့
လူကြီးတွေ လူငယ်တွေကို နားလည်ပေးကြပါ။ နားလည်အောင်ရှင်းပြပေးပါ။
လူငယ်တွေ တစ်ဖက်ကနေ လှည့်တွေးကြပါ။ လူကြီးတွေကို ချဉ်းကပ်ပါ။
လူငယ်လူကြီး အမြင်မတူတာကို ငြင်းနေကြမယ့်အစား အထင်သေးနေကြမယ့်အစား
လူကြီးတွေရဲ့ တွေးခေါ်မြော်မြင်မှု အားကို
လူငယ်တွေရဲ့ တက်ကြွတဲ့ အားမာန်နဲ့ ပေါင်းပေးလိုက်ချင်တယ်။
မတူတာကို ခဏထား နားလည်မှုကို အရင်ဆောက်ကြရင်ကောင်းမယ်နော်……..
surmi
December 23, 2013 at 10:30 am
@သဂျား..
ကိုပ်ကိုယ်တိုင်က မကြာမကြာလူကြီးတော်လှန်ရေးလုပ်ခဲ့ဖူးတာလေ..။
အခုလည်း လူငယ်မက လူကြီးမကျဆိုတော့..ဖားတပိုင်းငါးတပိုင်းပါပဲ
သေချာတာကတော့… ဘယ်တော့မှ ြပြန်မငယ်တော့ဘူးဟေ့…
@အစ်မပဒုမ္မာ..
အခုလိုမျှဝေပေးတာ ကျေးဇူးကြီးကြီးနော
တကယ်ကိုဖြစ်လေ့ဖြစ်ထရှိတဲ့သဘောလေးတွေပါ …
လူကြီးတစ်ယောက်ကိုနားလည်ပေးဖို့က
လူကြီးဖြစ်လာမှ ကိုယ်ချင်းစာနိုင်တာဆိုတော့
အခုလို ြကြိုတွေးထားတာ ပိုကောင်းမယ်ထင်တယ်လေ…
padonmar
December 23, 2013 at 12:58 am
ဖွဘုတ်က မလာပါတယ်။
Aye Chan Mon’s photo.
မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့) (၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့! (၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့….. လုပ်ထားတာတွေကလည်း မကောင်းဘူး။ (သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်) (၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။ (မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်) (၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။ (ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့) (၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့! (ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ) (၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး! (သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်) (၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။ (၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ! (မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ… နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! ) မူရင်းရေးသားသူကို ကျေးဇူးတင်ပါသည်။လွင်သန္တာစိုး Aye Chan Mon# Credit To>လွင်သန္တာစိုး လွင်သန္တာစိုး <ပြန်လည်မျဝေခြင်းဖြစ်ပါသည်
မောင်မိုဘိုင်(သလ္လာဝတီ)
December 23, 2013 at 6:07 am
ဦးဆာမိက မယုံရင် ပုံပြင်မှတ် ဆိုပေငြားးး
ယခုပို့စ်ထဲမှာပါတဲ့ အကြောင်းအရာတွေကိုတော့
တစ်နေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း
မလွဲမသွေ တွေ့ကြုံလာ ဦးမှာပါလားဟု ယုံကြည်ပါတယ်။
ကိုပေါက်(မန္တလေး)
December 23, 2013 at 8:22 am
အမှန် တော့ ဖြတ် သန်း မူ့ ကွာ လျင် အ တွေး ကွာ ပါ သည်။
အပြန် အလှန် အပြစ် ပြော နေ မည့် အ စား
မောင်သာရ ပြော ခဲ့ သလို
သူ့ဘက်က နည်းနည်းလျော့ ကိုယ့် ဘက် က နည်း နည်းလျော့ ကြ လျင် အဆင်ပြေ မည် ထင်ပါသည်
surmi
December 23, 2013 at 10:37 am
@ကိုရင်မိုဘိုင်း
အရောက်လာအားပေးတာဝမ်းသာတယ်ဗျို့..
သေချာပေါက်အိုရမှာမို့… ြကြိုတွေးမိတာလေးတစ်ခုပါ…
@အစ်ကို ကိုပေါက်
အတွေး ကွာတာကတော့ အခုကတည်းကအစ်ကိုရေ…
တခါတလေ ကျနော်ပြောတာတွေကို သားက ြြပြန်ပြီး မေးခွန်းထုတ်နေတာလေ
အမှန်ပဲ… နဲနဲစီလျော့ကြပါဗျို့ 🙂
ခင် ခ
December 23, 2013 at 9:19 am
မနက် အာရုံတက်နေထွက်သည့်အချိန်ဆိုတာ နေ့တိုင်းရှိသည်။
ထိုအတူ ညနေဆည်းဆာနေဝင်သည့်အချိန်ဆိုတာလည်း နေ့တိုင်းရှိပါသည်။
အာရုံတက်နေအထွက်ဟာ နေခြည်တွေတဖြေးဖြေးဖြာကာ အလင်းအားတွေဖြန့်ကျက်ပြီး လောကတခွင်သို့ လင်းစေခဲ့ပေမယ့် ဆည်းဆာနေဝင်ချိန်ကတော့ အလင်းရောင်လေးများ တဖြေးဖြေးဖျော့လျှော့ကွယ်ပျောက် သွားတဲ့သဘောတရားကလည်း အမြဲရှိနေသည့် သဘာဝတရားပါ။
ကျွန်တော်တို့တွေ ဆည်းဆာနေဝင်ချိန်လေးကို လှသည်ထက်လှအောင် ချယ်မှုန်းနိုင်ကြမယ်ဆိုရင် သဘာဝတရားကို အံတုနိုင်မယ်ထင်။
surmi
December 23, 2013 at 10:46 am
@ဦးခ
နေဝင်ချိန်မှာတခါလောက်တော့တောက်ပချင်ကြတာ သဘာဝဘဲထင်တယ်…
နာလည်ပေးနိုင်ပြီး အားပေးနိုင်ရင်ပိုကောင်းမလားပဲ
မဟာရာဇာ အံစာတုံး
December 23, 2013 at 9:29 am
တစ်နေ့သော အခါမှာတော့ ..
ဒီလမ်းဟာ ဒီလမ်းပေါ့ ဥဥဆာ ရယ် …
ဒီလမ်းဟာ စမ်းရေလို အေးမြတဲ့ လမ်းလေးသာ ဖြစ်ခဲ့ရင်တော့
အတိုင်းထက် အလွန်ပေါ့ ခညာ
surmi
December 23, 2013 at 11:05 am
@မောင်အံ
ကြိုမသိနိုင်တာတွေများလို့
အဆိုးဆုံးအတွက်ပြင်ဆင်ထားသင့်တယ်လေ
အကောင်းဆုံးတွေက်ိုနှစ်သက်တတ်ပေမယ့်
အဆိူးဆုံးအတွက်ခံနိုင်ရည်လည်းရှိပါ့မလား ကိုယ့်ကိုကိုယ် အယုံရဲဘူး..
@မွန်မွန်
မွန်မွန်ပြောသလိုသာဆိုရင်
တစ်နှစ်နေလို့ တစ်ခါတွေ့ရပါ့မလားမသိ
အော်…… သံသရာ… တဝှီးဝှီးနဲ့ကိုလည်နေတတ်ပါလား… 🙁
လုံမလေးမွန်မွန်
December 23, 2013 at 9:48 am
အူးဆာရယ်..
မျက်မှန်လေးကိုပဲ တံခါးဖွင့်ပေးရမလား… အဘိုးအိုက တစ်အိမ်..မျက်မှန်လေးက သူ့မိသားစုနဲ့ တစ်အိမ်များ ဖြစ်နေမလား..
မတူတဲ့အတွေးနဲ့ မန့်သည်.. 🙂
sorrow weaver
December 23, 2013 at 10:29 am
10 နှစ်သားတုန်းက အဖေနဲ့အမေက ..ကြောက်ချာကြီး ( တုတ်နဲ့သမလို့ )
20 နှစ်သားတုန်းက အဖေနဲ့အမေက ..နည်းနည်းပွက်တယ်…ကဂျီကကြောင်အတော်နိုင်တယ်…
30 နှစ်သားကျတော့ …အဖေနဲ့အမေ …အနားမှာမနေရတာကိုက ငရဲ ….
ဆယ်စုနှစ်တခုစီအတွင်းမှာပြောင်းလဲသွားတဲ့ အတွေးကိုပြောပါတယ်..
surmi
December 23, 2013 at 11:11 am
@ကိုရင်ဆောရိုး
၄ဝ ရောက်ရင် နဲနဲစပြီးကိုယ်ချင်းစာတတ်လာလိမ်မယ်
၅ဝ ဆိုရင် တော်တော်လေး နောင်တရနေတတ်ပြီ
၆ ဝ မှာ စပြီးအထီးကျန်တော့မယ်ထင်ရဲ့
@ဗုံဗုံ
ဝဋ်ဆိုတာ မနေဘူးနော် 🙂
ကြုံရဦးမှာစိတ်ချ
ဗုံဗုံ
December 23, 2013 at 11:04 am
ကိုယ်များအိမ်ထောင်ကျလို့…(ဖွဟဲ့ ပြောကောင်းမပြောကောင်း)
ကလေးများမွေးခဲ့လို့ရင်…
ကိုယ်လိုသားသမီးမျိုးတော့ မရချင်တာအမှန်ဘဲ ဆာဆာရယ်….
ကမ္ဘာပျက်ရချည်ရဲ့……..:mrgreen:
Wow
December 23, 2013 at 11:26 am
တိဝူး… တိဝူး.. အပျိုဂျီးကို ဘာတွေလာမေးနေတာလဲ…
surmi
December 23, 2013 at 11:39 am
နောင်နှစ်ပေါင်း ၃ဝ ခန့်ကြာသော်……….
“” ကြီးကြီးရေ …. တံခါးတွေသေချာပိတ်နော်… သော့ခတ်ဖို့လည်းမမေ့နဲ့ …မီးတွေဖွင့်ပြီးရင်ပြန်ပိတ်နော်….
ဘယ်သူလာလာတံခါးဖွင့်မပေးနဲ့ …
အိမ်ထဲမှာပဲ ကောင်းကောင်းနေနော် ….””
KZ
December 23, 2013 at 12:05 pm
ဟိုဘက်အိမ်က သား သူငယ်ချင်း ကောင်လေးကို လည်း သွားသွား ရှိတ် မနေနဲ့ဆိုတာရော မှာရမယ်။
ဂျီး ဝါး ကို စိတ်မချနဲ့လို့။
ဟိဟိ
ဗုံဗုံ
December 23, 2013 at 12:33 pm
အံမယ်…အံမယ်…တူလည်း အတူတူဘဲဟာဂို….. ခပ်တည်တည်နဲ့… မမဂျီးကတော့
KZ
December 23, 2013 at 12:42 pm
ကျန်းးးးး
သူ့ဂျီးဝါး ထိတော့ မခံနိုင်ဘူး နာ့ ကို ပြန်ပြောတာ၊။
:hint:
Wow
December 23, 2013 at 1:35 pm
ဘယ်ခံမလဲ ဗုံကလေးရဲ့လေဖြတ်နေတဲ့အူးလေးနဲ့ စေ့စပ်ထားဒါလေ…
nozomi
December 23, 2013 at 1:00 pm
တစ်ခုခု ပြောလိုက်ရင် ရင်ထဲက အရှိန်လေးတွေ ပျော့သွားမှာ စိုးလို့
“ဟတ်ထိတယ်” ဆိုတာလေးပဲ ပြောချင်တော့တယ် ဆရာဆာ ရေ
surmi
December 24, 2013 at 8:28 am
ကိုနိုရေ….
လာရောက်အားပေးဖတ်ရှုသွားတာကျေးကျေးဗျာ ….
တကယ်တော့… တွေးမိတာကကြာပါပြီ
အခုမှ နေထိုင်မကောင်းဖြစ်ရင်း ရောက်တတ်ရာရာဟိုရေးဒီရေးလုပ်လိုက်တာ …
ကျနော်တို့ရဲ့မိဘတွေကတော့ အခုချိန်မှာ ကျနော်တို့အိမ်အပြန်ကိုမျှော်နေရပြီပေါ့…
ကျနော်တို့လည်း ..နောင်နှစ်အပိုင်အခြားတစ်ခုရောက်ရင် …….
@ခရစ်စတယ်လိုင်း..
ကျနော်ကအရင်ခံစားကြည့်လိုက်တာလေ….
တကယ်တော့ …..
ဘယ်သူဖြစ်ဖြစ်တွေ့ကြုံနိုင်တာမို့
အခုကတည်းကပြင်ဆင်ကြည့်တာ…
ခံနိုင်ရည်ရှိပါ့မလားလို့လေ…
Crystalline
December 23, 2013 at 3:53 pm
ဦးဆာရေ.. အရေးအသားကတော့ လူကိုကွက်တိထိတာပဲ.. :))
TNA
December 23, 2013 at 5:26 pm
ငါအိုသွားသောအခါ 😥
surmi
December 24, 2013 at 9:07 am
@မသဲနု
အိုဖို့ဝေးပါသေးတယ်… 🙂
ဟိုနေ့က ရွာကွတ်ပစ်မှာတွေ့တာ အန်တီသဲကတော်တော်နုတယ်ဆိုပဲ…
@နန်းတော်ရာသူ
လူကြီးတွေဘဝကို လွယ်လွယ်သဘောပေါက်နားလည်ပေးနိုင်တာကတော့
သားသမီးရှိတဲ့အိမ်ထောင်သည်တွေကများပါလိမ့်မယ် ။
တကယ်တော့ အပေါ်မှာပြောထားဖူးခဲ့သလို
အပြန်အလှန်လေးစားမှုုနဲ့
ကိုယ်ချင်းစာနားလည်ပေးတတ်မုှတွေကအရေးပါမယ်ထင်မိတယ် ။
လူကြီးတစ်ယောက်ကိုပြုစုဖူးတာကောင်းပါတယ်
ဒါမှ လူကြီးဘဝကိုပိုနားလည်ပေးနိုင်မှာပါ ။
•*¨နန်းတော်ရာသူ •*¨
December 23, 2013 at 6:58 pm
ဦးဆာတွေးသလို အားလုံးလက်ခံရမှာမလွဲပါရှင်.။
ဖေဖေမေမေကအဲ့အရွယ်မရောက်သေးလို့ အဲလိုမဆက်ဆံမိပေမယ့် ဘွားဘွားရှိတုန်းကတော့ နားလေးတဲ့အဘွားအိုကို မေးတာတွေစိတ်မရှည်တာရှိဖူးတယ်။ဒါပေမယ့် သေခါနီးအလူးအလဲအချိန်
နောက်ဖေးဝတ်တွေကအစ ကိုယ်တိုင်လျှော်ပေး သန့်ရှင်းပေးခဲ့ရလို့ကျေနပ်မိပါတယ်။
လောကမှာ သနားကိုယ်ချင်းအစာမိဆုံးက သက်ကြီးရွယ်အိုတွေနဲ့ကလေးလေးတွေပါ။
ဒါပေမယ့် တစ်ချို့တွေက ကိုယ့်ကိုယ်ကို ကြီးလို့ကြီးတာ ကျလို့ကျတာကို သတိမမူပဲ ငါတကောကောတတ်၊မာန်တတ်တတ်နေပြီး သေချိန်ကျမှ ဘုံးခနဲကျသွားတတ်တာမျိုးတွေလည်း ကြုံဖူးတယ်။
ဒါမျိုးက မသေခင်ကာလအထိ ဒေါသ၊မောဟ၊မာန်မာနတွေနဲ့လူငယ်တွေရဲ့မနှစ်မြို့မှုကိုခံယူပြီးမှ
သွားကြရသူတွေပေါ့။သံဝေဂပေါင်းများစွာနဲ့ဆင်ခြင်ဖတ်ရှုသွားပါတယ်ရှင်။
🙁
မင်း ခန့် ကျော်
December 24, 2013 at 10:15 am
မင်္ဂလာပါဗျိုးးး။
မိဘတိုင်းအတွက်စဉ်းစားရမဲ့ အတွေ့အကြုံဖလှယ်သင့်တဲ့ပိုစ့်
လို့ထင်ပါတယ်။ တယောက်နဲ့တယောက် ထပ်တူမကျနိုင်ပေမဲ့
ဝေမျှလို့တော့ရလောက်ပါရဲ့။
ကျတော်ကတော့ သား နှစ်ယောက်ရှိတယ်။
သူတို့နှစ်ယောက်နဲ့ ထိတွေ့ဆက်ဆံတဲ့အချိန်တိုင်း
သူတို့ရဲ့အသက်အရွယ်ဖြစ်အောင်ပြန်ငယ်ပစ်တယ်။
သူတို့နဲ့ အတူ စဉ်းစားတယ်။လူပ်ရှားတယ်။ ထပ်တူဖြစ်အောင်နေတယ်။
ဒီတော့ သူတို့ဘာလိုချင်တယ် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာမျိုး ကျတော်နားလည် လာတယ်။
အပြန်အလှန်အားဖြင့် ကျတော်ဘာမကြိုက်ဘူး ဘာဖြစ်စေချင်တယ် ဘယ်လို စီမံထားသလဲ သူတို့သိတယ်။
ဒီတော့ ကိစ္စတိုင်းနီးနီး သိပ်မညှိရတော့ဘူး။
ကျတော်ဆိုလိုချင်တာက
သားသမီးများနဲ့ အနီးကပ် (စိတ်ချင်းပါ)နေဖို့အချိန်ပေးပါ။
သူတို့နဲ့အတူ ပြန်လည်ကြီးပြင်းပါ။
ကျတော်တောင်ခု
လူပျိုပေါက်ပဲ ရှိသေးတယ်လေ
surmi
December 24, 2013 at 11:32 am
မင်္ဂလာပါ ကိုမင်းမင်းရေ…
ကိုမင်းပြောတာလေးတွေကိုသဘောကျနှစ်ချိုက်ကြောင်းပါနော ။
ကလေးတွေကို အတင်း အဓမ္မ ပုံသွင်းမယ့်အစား
လိုချင်တဲ့ပုံစံဝင်အောင် ပုံဖော်တာပိုသဘောကျပါတယ် ။
ဆိုတော့….. ကိုမင်းမင်းရဲ့ နည်းလမ်းများဟာ သင့်တော်လှကြောင်းပါ ။
ပြီးတော့ … တခါတရံ စိတ်ပျိုကိုယ်နုဆိုတာလေးလည်း ထောက်ခံပါကြောင်း 🙂
ဝင့်ပြုံးမြင့်
December 25, 2013 at 12:24 am
အဲလိုမျိုး မိဘနဲ့သားသမီး မကျေမလည်ဖြစ်ရတာ၊ ဒါမှမဟုတ် ရန်တကျက်ကျက် ဖြစ်ရတာလည်း ကောင်းတာပဲ။ တကယ်က ဒီ့ထက် ဆိုးရွားတဲ့နည်းလမ်း ရှိသေးတယ်။ အေးစက်သွားတာလေ။ အဲဒါမျိုးကျ ဘယ်လိုလုပ်မလဲ။ သူစိမ်းတစ်ယောက်လို ဖြစ်သွားမယ်။ အေးစက်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဦးဆာရဲ့ပို့်စ်ကိုဖတ်ပြီး သံဝေဂရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မပြုပြင်နိုင်ဘူး။ ဘဝမှာ မိဘက ကိုယ့်ကို အစိုးမိုးအခြယ်လှယ်နိုင်ခဲ့ဆုံး။ ကောင်းကျိုးရော ဆိုးကျိုးရော သူမတူအောင် ပေးခဲ့တဲ့လူတွေ။ တစ်ခါတလေ ပဲပြုတ်သယ် သားသမီးဖြစ်ချင်တယ်။ ခေါင်းရွက်ဖျပ်ထိုုး ဈေးသည်တစ်ယောက်ရဲ့ သားသမီးဖြစ်ချင်တယ်။ တကယ့် အညတရ စစ်စစ်ဖြစ်ချင်တယ်။ ဈေးထဲမှာ ထမီစွန်တောင်ဆွဲပြီး ရန်ဖြစ်ရဲတဲ့လူ ဖြစ်ချင်တယ်။ ဝုန်းဒိုင်း ဝုန်းဒို်င်းလုပ်မယ်။ ငိုချင်စရာရှိရင် ဝက်ဝက်ကွဲအောင် ငိုပစ်လိုက်မယ်။ ဒါတွေအားလုံးကို မလုပ်နိုင်တာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ကို ချ ု ပ် ထားတဲ့အရာတွေဟာ ဘာတွေလဲ။ တကယ်ကို တွေးစရာတွေ အများကြီးပေးတဲ့ ပို့စ်ပါ ဦးဆာရေ။
surmi
December 26, 2013 at 8:14 am
ဆရာမ မပြုံးခင်ဗျာ …
အေးစက်သွားတဲ့ဆက်ဆံရေးက လင်မယားဖြစ်ဖြစ်
မိဘနဲ့သားသမီးဖြစ်ဖြစ် အဆိုးဆုံးအခြေအနေပါ ။
ငယ်ဘဝကရိုက်ခတ်ခံရတဲ့ လှိုင်းတံဘိုးတွေရဲ့ဒဏ်ချက်တွေဟာ
အချိန်အတော်အကြာထိ သက်ရောက်နေတတ်တယ်ဆိုတာလဲကိုယ်တွေ့မို့
ကိုယ့်အလှည့်မှာကဘေးတွေအပေါ်မကျရောက်စေချင်ပါဘူး ။
အသက်ကြီးသွားရင် လူကြီးနဲ့ကလေးဟာအတူတူပဲဖြစ်နေပါလိမ့်မယ် ။
ကလေးအတွက် အနာဂါတ်ဆိုတာ စိတ်ကူးယဉ်လို့ရပေမယ့်…
လူကြီးတစ်ယောက်အတွက်ကတော့…အနာဂါတ်ကိုမှန်းလို့မရတော့ပါဘူး…
နားလည်ပေးခြင်းဖြင့်ဖေးမရင်းနဲ့သာ…..
ကျော်စွာခေါင်
December 25, 2013 at 3:01 am
ကိုဆာရေ
ပို့စ်ကောင်းလေးတပုဒ် ဖတ်လိုက်ရတယ်..
ကိုဆာပြောတဲ့….အချိန်
အဲဒီ အချိန်ဆိုတဲ့ လမ်းကလေးဟာ လူတိုင်းလျှောက်ရမှာ…
တစ်နှစ်လျှောက်တော့ ခံစားမှုတမျိုးနဲ ့….
အဲဒီလမ်းကလေးမှာ ….အလှည့်အပြောင်းတွေနဲ ့ကိုဆာရေ..
ဒိလို စာလေးတွေ သိပ်ကြိုက်တယ်…။
surmi
December 26, 2013 at 8:23 am
ဆရာခေါင်ရေ….
မအားလပ်တဲ့ကြားက လာရောက်ဖတ်ရှုပေးတာကျေးဇူးပါဗျာ ။
အသက်အရွယ်၊အချိန်အခါနဲ့ ၊ ပတ်ဝန်းကျင်ဟာ တကယ်ပဲ အလှည့်အပြောင်းတွေဖြစ်စေခဲ့တာပါ.။
ကျနော် အသက်၂ဝ လောက်ကဖတ်ဖူးခဲ့တဲ့စာအုပ်တစ်အုပ်ကို
အခုပြန်ဖတ်တော့… အတွေးတွေ ခံစားမှုတွေမတူတော့ဘူးဗျို့ ….
ဦးကြောင်ကြီး
December 26, 2013 at 12:47 pm
မိန်းမယူနဲ့ဗျ၊ ယူလည်း ခလေးမမွေးနဲ့ဗျ… ဒါဆို အဲဒီ ဒွတ်ခ တွေ့စရာ အလိုဗူး.. ယနေ့လည်း လူငယ်၊ နောင်ဝယ်လည်း လူငယ်၊ သေသည်အထိ လူငယ်ဗဲ.. ရဗူး.. အလျှော့နိုင်ဗူး…။ ဟေ့ကြောင်ကြီး အသက် ၂၁နှစ်ကွ…. ခွစ်စတယ်လေးကရော အဘောက်ရဲ…
DEPARKO DEPARKO
December 26, 2013 at 8:46 pm
ကိုဆာမိရေ ကျွန်တော်လည်း ဇရာထောင်းလာတော့ ခင်ဗျားလိုဘဲတွေးမိတယ်
လောကီထဲက ရုန်းမထွက်နိုင်သေးတော့လည်း
ဦးကျောက်ခဲ
December 27, 2013 at 1:04 pm
ကိုရင်ဆာရေ တည့်တည့်ထိသဗျ…
ကျောက်စ်မှာ အခုအချိန် အဖေသာရှိသေးရင်လို့ တွေးမိတာ ခဏခဏပဲ…
🙁
surmi
December 29, 2013 at 12:38 pm
@ဦးကြောင်
ဒီတစ်သက်တော့ ၊ ဦးကြောင်လက်လျော့
နေလေတော့ ….. 🙂
@ကိုဒီပါကြီးရေ…
တခါတလေ … ဇတ်ဆရာအလိုကျပေါ့ဗျာ…
စွမ်းနိုင်တဲ့နေ့ ရောက်ခဲ့ရင်သာ ……
@အစ်ကိုဦးကျောက်
အတူတူပဲပေါ့အစ်ကိုရေ…
ကျနော်လည်း မကြာမကြာသတိယမိပါရဲ့…
ကိုယ့် အဖေဖြစ်လာတော့မှ .. ကိုယ့်အဖေကို ြြပြန်ပီး ကိုယ်ချင်းစာမိတာ 🙁
kyeemite
March 3, 2014 at 11:04 am
အင်း…ခုမှပဲဖတ်မိတော့တယ်ကိုဆာမိရေ…ဒီလို ပို့စ်ကောင်းလေးကိုဘယ်လိုမျက်စေ့မှောက်ပြီး
ကျော်ခဲ့တယ်မသိဘူး… 🙁
“” ကိုယ့်ဟာကိုယ်အေးအေးနေပါဗျာ …. ဒီခေတ်ကိုအဖေတို့နားမလည်ပါဘူး ..””
အဲဒီလိုတော့ ကျုပ်အဖေ အမေတို့ကို ကျုပ်မပြောဖူးခဲ့တာအမှန်ပါ…သူတို့နားမလည်တာရှိရင်
ကိုယ်က အေးအေးသာသာရှင်းပြလေ့ရှိခဲ့တယ်ဗျ….
ကျုပ်သားသမီးတွေ လက်ထက်ကျရင်တော့ ကိုယ့်ကိုဘယ်လိုဆက်ဆံကြမယ်မသိ…
ဘာဖြစ်ဖြစ် ရင်ဆိုင်နားလည်ပေးနိုင်ဖို့တော့ ပြင်ထားပါတယ် ကိုရင်ဆာရေ 😛
surmi
November 12, 2014 at 9:23 am
ယေဘူယျမားဖြင့်ဖြစ်တတ်တာလေးတွေးမိလို့ရေးလိုက်တာပါဦးမိုက်ရေ
ကျနော်လည်းအခုမှဦးမိုက်ကွန်မန့်ကို မေးလ်ထဲမှာတွေ့လို့ရီပလိုင်းလုပ်ရတာ ဟားး ဟား ………
ဘာဘဲဖြစ်ဖြစ် သိပ်မအိုသွားသေးခင်တော့ ရိပ်သာလေးတစ်ခုလောက်ရှာထားဦးမှပါလေ ။
ခေတ်ကာလမတူတော့ လူကြီးလူငယ် ပဋိပက္ခတွေက အမြဲရှိနေတတ်တာဆိုတော့ :kwi:
uncle gyi
November 12, 2014 at 10:53 pm
ဒါကြောင်ဆရာအောင်သင်းကပြောတာကိုဆာမိရဲ့
အိမ်ထောင်ကျစကအိမ်ဦးနတ်
အိမ်ဧည့်ခန်းကကု်ိယ့်အခန်း
နောက်ကိုယ်ကတဖြည်ဖြည်းဘေးဖယ်ပေးရရော
အိမ်ဧည့်ခန်းကသူတို့အခန်းဖြစ်သွားရော
ဒါကလည်းဘုရားဟောနဲ့ကိုက်ပါတယ်လေ
သံသရာလည်နေတာပါ
surmi
November 13, 2014 at 9:29 am
တကယ်တော့ အန်ကယ်ကြီးရယ်
ကာလတစ်ခုမှာ အသုံးအဝင်ဆုံး အရေးအပါဆုံး မရှိမဖြစ် ဆိုတာမျိုးဖြစ်ခဲ့ပေမယ့်လဲ
ကာလတစ်ခုမှာတော့ သင့်တော်တဲ့သူတွေရဲ့ဦးဆောင်မှုကို ကျေကျေနပ်နပ်လက်ခံရမှာဘဲမဟုတ်လားဗျာ ။
နားသင့်တဲ့အချိန်မှာတော့ လှလှပပလေးနားချင်တယ်ဗျို့
Yae Myae Tha Ninn
November 13, 2014 at 9:46 am
ကျွန်တော် မဖတ်ရသေးတဲ့ ပို့စ်ကောင်းတခုပဲ ဗျ… ဦးလေးကြီးကို သဘောကျ ကျေးဇူးတင်ပါတယ်… ဦးလေးကြီးက ပို့စ်အဟောင်းတွေ ရှာဖွေဖော်ထုတ်နေသလိုပဲ… 🙂
manawphyulay
November 13, 2014 at 10:01 am
အမှန်ပြောရရင် အရင်အချိန်တုန်းနဲ့ အခုအချိန်က အတော်ကွာခြားနေပြီနော်
လူငယ်လူကြီးတောင် အမြင်မတူတာတွေ ပိုများလာသလို နောင်ဝယ်မှာ အတော် ဝေးကွာလာလေမလား
မနောတို့လည်း လူကြီးအရွယ်ရောက်ရင် ဘယ်လိုနေမလဲလို့ စဉ်းစားနေတုန်း
ခုမှ ကျောင်းစတက်နေတဲ့ တူမလေးက စကားပြောရင် ကြီးကြီးက ဘာသိလို့လဲဆိုတဲ့ စကားလေး တစ်ခွန်း တွင်တွင်သုံးနေပါရောလား…. 😆
naywoon ni
March 30, 2015 at 9:48 pm
ခုလောလောဆယ်တွေ့နေရတာက အသက်တော်တော်ကြီးတဲ့သူတွေနဲ့ တွေ့ရင် စကားတော်တော်နဲ့ အမျှင်မပြတ်တတ် ။ သူတို့မှာ ပြောစရာ လူမရှိတော့ဘူးလေး ။ လူငယ်တွေက သူတို့ပြောမဲ့ ရှေးဟောင်းနှေင်းဖြစ် တွေကိုစိတ်မဝင်စားတော့ အားနာပါးနာ နားထောင်ပေးတဲ့ နေဝန်းနီ နဲ့တွေ့ရင် မနားတမ်းပြောတော့တာ ။ နေဝန်းနီ ဆိုတဲ့ သူတောင့်သား ကလည်း တစ်မျိုး ။ စိတ်လက်ကြည်သာရှိရင်သာ ပြောချင်သလောက်ပြောကြစမ်းပစေ ။ ဆိုပြီးနားထောင်ပေးတာ ။ တစ်ခါတစ်လေ သိစိတ်နဲ့ မသိစိတ် ကိုယ်တွင်း ရန်ဖြစ်နေတဲ့ အခါများ ဆို စကား လာပြောမဲ့ သူမြင်ရင် ဝေးဝေးက ရှောင်ပြေးမိ ။ နောက်မှ ပြန်စဉ်းစားမိတာ ။ ငါကော သူတို့ အရွယ်ရောက်ရင် ငါပြောမဲ့စကား အားနားပါးနာ နားထောင်ပေးမည့်သူကော ရှိပါ့မလား လို့ ။ အဲ့သလို တွေးမိရင် စောစောက ရှောင်ပြေးမိတာ ကျေကွဲသလိုလို နောင်တ ရသလိုလို ။ 🙂