နဂါးနီ ဟစ်ပ်ဟော့ပ်
(၁)
တစ်နေ့သ၌ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမေရိကန်ဗီးရှင်းမျက်မှန်ဆိုင်ထဲသို့ ကြောက်ရွံ့ရွံရှာဖွယ် အသွင်အပြင်ရှိသော ဘိုးတော်တစ်ဦး ဝင်လာသည်။ မွဲထပ်ထပ်ဆံပင်၊ ဖရိုဖရဲမုတ်ဆိတ်၊ အညိုရောင် ညစ်ထေးထေးဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် တစ်လုံးက အာလူးသီးလောက်၊ တစ်လုံးက ခရမ်းချဉ်သီးလောက်၊ မညီမညာ အသတီချင်စရာ အပြင်ကို ပြူးထွက်နေသော သူ့မျက်လုံးကြီးများကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေသည့်ကြားက အရောင်းစာရေးမလေးတစ်ယောက်က တာဝန်အရ အရဲစွန့်ပြီး မေးရှာသည်။
“ဟုတ်… ဟုတ်.. ဟုတ်ကဲ့၊ ဘာ… ဘာ.. ဘာအလိုရှိပါသလဲရှင်”
“မျက်မှန်တစ်လက် လိုချင်တယ်”
“မျက်..မျက်… မျက်မှန်က အမျိုး..မျိုး..မျိုး..မျိုးမျိုး ရှိပါတယ်၊ ဘ… ဘ.. ဘယ်လိုမျက်မှန်မျိုး လိုချင်ပါသလဲရှင်”
“နေကာမျက်မှန်”
“နေ…နေ.. ကာမျက်မှန်ကလည်း အမျိုးမျိုး ရှိတယ်၊ ဘယ်လိုအမျိုးအစား ယူမလဲ..လဲ..လဲ..ရှင်”
“ဘာပဲရရ၊ ငါ့မျက်နှာပေါ်က နွားမျက်လုံးနဲ့ ဆိတ်မျက်လုံးကို ဖုံးလို့ရရင်တော်ပြီ”
ထိုသို့ဖြင့် အရောင်းစာရေးမလေးမှ ထိုထူးဆန်းခြောက်ခြားဖွယ် ဘိုးတော်အား RayBan မျက်မှန်တစ်လက် ရောင်းချပေးလိုက်သည်။
ဘောင်ချာထဲက Customer Name နေရာမှာ ယင်းဘိုးတော်ရေးပေးထားခဲ့တဲ့နာမည်က…
“ရှင်အဇ္ဇဂေါဏ” တဲ့။
(၂)
တစ်နေ့သ၌ ရန်ကုန်မြို့၊ ပြည်လမ်းမနံဘေး၊ နွေနန်းတော်ဟိုတယ် ဧည့်ခန်းတွင် အဘိုးအိုတစ်ဦး ထိုင်နေသည်။ မျက်နှာလေးထောင့်၊ ဆံပင်ရှည်ရှည်၊ တိုက်ပုံအကျင်္ီနှင့် ပုဆိုးကို ဒူးလောက်အထိ တိုတိုဝတ်ထားပြီး ခြေကလင်ချိတ်ကာ စီးကရက် ထိုင်ဖွာနေသော ထိုပုဂ္ဂိုလ်အား ဟိုတယ်ဝန်ထမ်းတစ်ယောက်က လာမေးသည်။
“အဘ ဘာအလိုရှိပါသလဲခင်ဗျာ”
“အဘမဟုတ်ဘူးကွ၊ အဘိုး..၊ ဘိုးဘိုး”
“ဟုတ်ကဲ့… ဘိုးဘိုး၊ အခန်းယူမလို့လားခင်ဗျ”
“အေး၊ ဒါပေမယ့် အိပ်ခန်းတော့ မဟုတ်ဘူး၊ အနှိပ်ခန်း ယူမှာ”
“ဟုတ်ကဲ့ ရပါတယ်၊ ဘယ်နှစ် section ယူမလဲခင်ဗျာ”
“ငါ ဒီအတိုင်း ခြေကလင်ချိတ် ဆေးလိပ်ဖွာနေရတာ နှစ်ပေါင်း ရာချီနေပြီ၊ သောက်ရမ်း ညောင်းတယ်၊ အဲတော့ ၁၂ နာရီလောက် နှိပ်မှ နေသာထိုင်သာ ရှိမယ်။ လောလောဆယ် ၁ဝ နာရီ ပေး”
“ဟုတ်ကဲ့… ခဏလေးစောင့်ပါ”
ထိုသို့ဖြင့် ဟိုတယ်ဝန်ထမ်းမှ ယင်းဘိုးဘိုးဆိုသူအား အခန်းတစ်ခန်းနှင့် အနှိပ်သည်တစ်ယောက် စီစဉ်ပေးလိုက်လေတော့၏။
ဟိုတယ် Reception မှာ သူ့နာမည်စာရင်း သွင်းသွားတာက…
“ဘိုးမင်းခေါင်” တဲ့။
(၃)
တစ်နေ့သ၌ ရန်ကုန်မြို့၊ သမိန်ဗရမ်းလမ်းမရှိ စတီးလ်သံပန်းပြုလုပ်ရာ ဆိုင်တစ်ဆိုင်သို့ RayBan မျက်မှန်တပ်ထားသော ဘိုးတော်တစ်ယောက်နှင့် တိုက်ပုံအင်္ကျီဝတ်၊ ဆံရှည်၊ မျက်နှာလေးထောင့်ရှိသူ အဘိုးအိုတစ်ယောက် ရောက်လာသည်။ ဆိုင်ရှင်က ၎င်းပုဂ္ဂိုလ်နှစ်ဦးအား ယဉ်ကျေးပြူငှာစွာ မေးလာသည်။
“ဘာအလိုရှိပါသလဲခင်ဗျာ” (…ဆိုတော့ မျက်မှန်နဲ့ ဘိုးတော်က…)
“စတီးချောင်း တစ်ယောက်တစ်ချောင်းစီ လိုချင်တယ်”
“အော်.. လူကြီးမင်းတို့ တောင်ဝှေးလုပ်ဖို့နဲ့ တူတယ်” (…ဆိုတော့ ဆံရှည်အဘိုးကြီးက…)
“မဟုတ်ဘူးကွ… ။ အဖျားဖက်က ချွန်မြနေတဲ့ စတီးလ်ချောင်းမျိုး လိုချင်တာ၊ အရှည် နှစ်တောင်လောက်ပေါ့ကွာ။ ငါတို့က ဟိုတုန်းက ဝါးချွန်တွေပဲ သုံးခဲ့ကြတာလေကွာ၊ အခုတော့ ခေတ်နဲ့အညီ စတီးလ်ချွန်တွေ ပြောင်းသုံးတော့မှာ”
ထိုသို့ဖြင့် ဆိုင်ရှင်မှ အရံသင့်လုပ်ထားသော စတီးလ်ချွန်နှစ်ချောင်းကို ထုတ်ပေးလိုက်ရာ ထိုဘိုးတော်နှင့် ဘိုးဘိုး နှစ်ယောက်လည်း အချွန်တစ်ယောက် တစ်ချောင်းစီ ခါးမှာ ထိုးဝှက်ပြီး သမိန်ဗရမ်းလမ်းမကြီးအတိုင်း ခပ်တည်တည် ထွက်ခွါသွားကြလေတော့သည်။
(၄)
ထိုသို့ဖြင့် တစ်နေ့သ၌နှင့် နေ့တိုင်းနီးပါးတို့၌ နံနက်ခင်း၊ နေ့လည်ခင်း၊ ညနေခင်းနှင့် ၂၄ နာရီနီးပါးတို့တွင် ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွအသီးသီးမှ မဏ္ဍပ်အသီးသီးတို့တွင် ဟစ်ပ်ဟော့သီချင်းအသစ်တစ်ပုဒ် မြိုင်ဆိုင်စွာ ထွက်ပေါ်လာလေတာ့၏။
“ဟ..ဘိုးမင်းခေါင်နဲ့…ဟ..
ဟ.. ရှင်အဇ္ဇဂေါဏ..ဟ..
.မ… မ… မ,တဲ့ကိန်း ဆိုက်မည်ဗျ.. ဟ…
တို့မြန်မာပြည်ကွ… ဟ… အာဟ… အာဟ….”။ ။
…………………………..
ကျော်ဘသစ်
15 comments
ကျော်ဘသစ်
January 6, 2014 at 7:48 pm
ပြင်လို့လည်း ရတော့ဝူးနော်…။ ဘဘအနဲ့ ဘမခနဲ့ မွှားနေလို့…။
padonmar
January 6, 2014 at 8:22 pm
သူကြီးအိပ်နေတုံး။
ပြင်ပေးမယ့်သူကို လက်တို့လိုက်မယ်။
….
ဝါးချွန်ကိုင်တာ ဘယ်ဘိုးတော်လဲ ၊မသိလို့။
တိမ်တမန်
January 6, 2014 at 8:34 pm
အတွေးသစ်..အမြင်သစ်….
အာဟ…အာဟ
:kwi:
မဟာရာဇာ အံစာတုံး
January 6, 2014 at 10:03 pm
ညီငေးး
အဘ က ခဏတွေ့ချင်လို့တဲ့
ကိုဂျီးတို့နဲ့ ခဏ လိုက်ခဲ့ဘာအုံး …
kai
January 7, 2014 at 8:13 am
အနော်ရထာကတော့.. ခြေရာတိုင်းလာတဲ့သူရဲကောင်းတွေရှင်းချင်တာနဲ့.. “နတ်စိမ်း”ထွင်ပြီး.. လူထုကိုမျက်လှည့်ပြတယ်…
ရှင်အဇ္ဇဂေါဏ က..မုဆိုးမဆီက.. ရွှေတွေအပြောင်ရိုက်တာ.. လူမသိအောင် “မ”တယ်နေမှာ..
ဘိုးမင်းခေါင်.. ဘိုးဘိုးအောင်တို့လည်း.. ဒီလိုနိုင်ငံရေးလှည့်ကွက်တွေကနေ… သိပ်ခြားနားမယ်မထင်…။
ခုခေတ်တင်ကြည့်ပါလား…
ဦးစိန်လွင်ကပဲ.. အရှင်ထွက်လိုလို.. အသေထွေက်လိုလို.. ထိုင်ကန်တော့ရမလိုလို…
ဟိုလိုလို.. ဒီလိုလိုနဲ့.. နောက်နှစ်၁၀ဝလောက်နေရင်… သမိုင်းထဲက ဘိုးတော်ဖြစ်နေဦးမှာ…
ကပ္ပိယ သာဒင်
January 7, 2014 at 10:54 am
သူကြီး kai မှားနေပါတယ်
ဦးစိန်လွင်ဟာ မဟာစည်ရိပ်သာကြီးမှာဘုန်းကြီးဝတ်နဲ့
နေသွားတာပါ ။
မသေခြာပဲ အပစ်တင်မစောပါနဲ့
လောကီပညာဆိုတာ အခြားလူမျိုးတွေမှာလည်း ရှိပါတယ်
နိုင်ငံရေးနဲ့မည်သိ့မှမဆိုင်ပါ
စာရေးသူလှောင်ပြောင်ထားတဲ့ ဘိုးတော်တွေကို
ကျုပ်လည်း မကိုးကွယ်ပါဘူး
သို့သော်လည်း ယခုကဲ့သို့ မလှောင်ပြောင်သင့်ပါ
KZ
January 7, 2014 at 11:27 am
အချွန်နဲ့ အ မ ခံရတော့ မဲ့ တို့ ပြည် တို့ မြေ။
😀
ကျော်ဘသစ်
January 7, 2014 at 11:33 am
ကျွန်တော်တို့ဆီမှာ ဘာသာရေးနဲ့ ပတ်သက်တာ ဝေဖန်မိလို့ တရားစွဲ၊ နှစ်ရှည် ထောင်ချတာတွေ ရှိတယ်…။
ဘိုးတော်တွေ၊ နတ်တွေ (organized order မရှိတဲ့ကိုးကွယ်မှု) ကို ဝေဖန်ရင်ကော အပြစ်ပေးကြသလား…။
အမှန်တော့…
ကျွန်တော်ရေးတဲ့ပုံပြင်က (ဘိုးတော်တွေနဲ့ တိုက်ရိုက်မဆိုင်လှပဲ) ကျွန်တော်တို့ဆီမှာ လူတွေကို မ,မယ်၊ ကယ်တင်မယ် ပြောပြီး နိုင်ငံကို State and Church ဝေမျှအုပ်ချုပ်ခဲ့ကြ၊ ဆက်ပြီးတော့လည်း ဝေမျှအုပ်ချုပ်ဖို့ ကြိုးစားနေကြတယ်လို့ ခံစားရတာကို ရေးတတ်သလို ရေးလိုက်တာပါ။
လှောင်ပြောင်တယ်ရယ်လို့တော့ မဟုတ်ပါဘူး…။
ဒီလိုလုပ်ခဲ့၊ လုပ်နေတာတွေ သက်သေရှိလို့ ချရေးဖြစ်တာပါ။
(ဒါနဲ့ ကျွန်တော်ရေးလိုက်တာဟာ ဘိုးတော်ချင်း မှားနေတယ်…၊ ဖြစ်နိုင်ရင် အက်ဒ်မင်အခွင့်အရေးရှိသူတစ်ဦးဦးက ပြန်ပြင်ပေးနိုငရင်တော့ ကောင်းမှာပဲ…။)
အားလုံးကို ကျေးဇူးတင်၊ လေးစားလျှက်….
kai
January 7, 2014 at 12:35 pm
အရင်စစ်အစိုးရက.. ဘာသာရေးသုံးပြီး… နိုင်ငံရေးကစားခဲ့တယ်…။
မြန်မာလူမျိုးတွေရဲ့.. ပျော့ကွက်ကိုနောကြေနေတဲ့.. စစ်တပ်ဟာ.. ဒီနှစ်၁၀၀ဝ ကျိန်စာ.. နည်းအတိုင်းဆက်ကစားဦးမယ်လို့… တတ်အပ်ပြောလို့ရတယ်..
ဒါကို.. ဒီအင်တာဗျုးက.. တစွန်းတစ.. ပြတယ်..
အင်တာဗျုးပေးပြီး လှစ်ဟပေးလိုက်တဲ့.. မြန်မာသံတော်ဆင့်မီဒီယာကို.. ကျေးဇူးအထူးတင်ပါကြောင်း….။
==
http://myanmarthandawsint.com/2013/12/20/%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%81%8F-%E1%80%A1%E1%80%81%E1%80%AB%E1%80%B1%E1%80%90/
ကပ္ပိယ သာဒင်
January 7, 2014 at 12:48 pm
နာမည်ကျော်ကြားသူတွေကို ခုတုံးလုပ်ပြီး ပြောချင်ရာပြောတဲ့အင်တာဗျူးပဲ။
တစ်ခုမှ အနစ်မရှိဘူး ။
သူ့အပြောအရ ဆရာတော်င်္ကြးတွေ ဂုဏ်ငယ်ရတယ်
မကြည်ညိုသူတချို့ရဲ့ ခနဲ့တာခံရတယ်
ဒီလိုကောင် နိုင်ငံတော်အကြံပေးဖြစ်တာ နာတယ်ကွာ
padonmar
January 10, 2014 at 1:03 am
ဒီအင်တာဗျူးဖတ်ပြီး မျက်စိတွေကို လည်သွားတာပဲ၊ဘာဆိုလိုချင်မှန်းကိုမသိဘူး။သူရေးထားတဲ့ ဉာဏ်တွေလည်း နာမည်တွေ မှားနေပါတယ်။
သေတော့ ပျော့ပျော့လေးဆိုတာ ရဟန္တာလို့ ပြောတာမဟုတ်ပါဘူး။
အပါယ်မလားဘူး။
လားရာဂတိကောင်းတယ်လို့ ပြောတာပဲရှိပါတယ်။
သံသရာက လွတ်တဲ့ ရဟန္တာ အဆင့်ကို ဒီလို သေတော့ ပျော့တယ်ဆိုရုံနဲ့ ဆုံးဖြတ်လို့မရပါဘူး။
ကျမအဖေတောင် ဆုံးပြီး ၂၈ နာရီကြာမှာ ပျော့ပျောင်းနေတာ ဗီဒီယိုရိုက်ထားသေးတယ်။
သေပြီး မတောင့်တင်းတဲ့ သူတွေအကြောင်း မှတ်တမ်းတင်ဗီဒီယိုခွေရှိပါတယ်။ဝိပဿနာအကျိုးလို့သာပြောတာ ရဟန္တာဖြစ်တယ်လို့ သတ်မှတ်ပြခြင်းမရှိပါ။
Paing Lay
January 10, 2014 at 3:34 pm
ကိုရင် San Hla Gyi နဲ့ အူးကြောင်ရဲ့ ကောမန့်များကို စောင့်ဖတ်ပါဦးမည် :mrgreenn:
ကျော်ဘသစ်
January 10, 2014 at 4:46 pm
သူကြီး တင်ပေးတဲ့အင်တာဗျူး တစ်ခါမှ မဖတ်ဖူးဘူး…။
ဆရာတော်ကြီးတစ်ပါးကနေ နတ်ပြည်မှာရောက်နေတဲ့ နတ်သမီးနဲ့ အင်တာဗျူးလုပ်တယ် (ဆိုတာမျိုး ခပ်ဆင်ဆင်တော့) ဖတ်ဖူးတယ်…။
အင်း… ဘယ်လိုပြောရမလဲဆိိုတော့… ဘယ်လိုမှ မပြောချင်တော့ဘူး….။
ကျွန်တော့်ကိုယ်တွေ့ တစ်ခုတော့ ပြောချင်သေးတယ်…
ပြီးခဲ့တဲ့ ၄-၅ နှစ်လောက်က ကျွန်တော်လည်း တစ်ခု စမ်းသပ်ဖူးတယ်။
ရိတ်ပြီးသား နှုတ်ခမ်းမွေးတွေ စုပြီး သောက်ပြီးသား အရက်ပုလင်းပြားထဲ ထည့်ထားတာပါ။
အံ့ဩစရာကောင်းတာက… အတော်ကြာတော့ နှုတ်ခမ်းမွေးတွေ လုံးနေတာ တွေ့ရတော့တာပဲ…။
အခုအင်တာဗျူး ဖတ်ကြည့်ပြီး ကျွန်တော်လည်း အဆင့်တစ်ခုခုများ ရောက်နေပြီလား သံသယ ဝင်မိတယ်…. 😀
kai
January 10, 2014 at 5:52 pm
တော်တော်သေချာတဲ့အဆင့်တခုပါ..။
လုပ်တဲ့သူတော့မသိ.. လက်ခံယုံကြည်တဲ့သူ(တွေ)ကိုပြောတာ..
တိန်..
Ma Ma
January 11, 2014 at 7:53 am
နဂါးနီဟစ်ဟော့ ကျေးဇူးနဲ့ အချွန်နဲ့ မ တဲ့ ဇာတ်လမ်းအစကို သိလိုက်ရတယ်။
ဟိုးတုန်းက ဝါးချွန်၊ ခုခေတ်တော့ စတီးချွန် ဆိုတော့ကာ……… 🙁