ဖုန်းပျောက်မှုကြီး
ဤစာရေးသူကား အလွန်စေ့စပ်သေချာသူဟု ပြောနိုင်ပါသည်။ တစ်သက်တာကာလတွင် ဘာပစ္စည်းမှ ကျမပျောက်ဖူးပေ။ (တမင်ခိုးယူခြင်းခံရတာတော့ရှိ၏။) ဟမ်းဖုန်းခေါ်၊ မိုဘိုင်းလ်ဖုန်းခေါ်၊ လက်ကိုင်ဖုန်းဆိုလျှင် ပို၍ပင် ဂရုစိုက်သတိထားသဖြင့် ဖုန်းကိုင်သည့် သက်တမ်းခုနှစ်နှစ်မှာ တစ်ခါမျှ မမေ့ခဲ့၊ မပျောက်ခဲ့၊ မကျကွဲခဲ့ပါ။ ဟန်းဆက်တစ်ခုကိုလည်း သုံးနှစ်ကျော်အထိ မလဲပါ။ မော်ဒယ်ဘာပဲပေါ်ပေါ်၊ ကိုယ့်မူလဟန်းဆက်ကလေးကိုသာ တယုတယပြုခဲ့သူဖြစ်၏။ ဖုန်းနှင့်ကျွန်မ သစ္စာခိုင်မြဲသည်ဟု ဆိုနိုင်ပါသည်။
အိမ်မှာက မိသားစုငါးဦးရှိသည်။ အားလုံးကျောင်းသွားကြ၊ ရုံးသွားကြ၊ ကျူရှင်သွားကြ၊ ညဂျူတီသွားကြစသဖြင့် လုပ်ကြရသည်။ ရန်ကုန်မြို့ကြီးကလည်း ရှုပ်ပွေသည်။ နေ့မြင်ညပျောက်များသည်။ ထို့ကြောင့် မိသားစုဝင်များ၊ ဘယ်သူဘယ်ရောက်နေကြောင်း အဆက်အသွယ်ရှိဖို့ အရေးကြီးသဖြင့် ဟန်းဖုန်းများကို တစ်ယောက်တစ်လုံးကျ ဝယ်ခဲ့၏။ တစ်ပြိုင်နက် မဟုတ်ပါ။ ၁၅သိန်းတုန်းကတစ်ခါ၊ ငါးသိန်းမှာတစ်ခါ၊ နှစ်သိန်းမှာ နှစ်ခါနဲ့ နောက်ဆုံးသမ္မတကြီးပေးသည့် ၁၅၀ဝ တစ်ခါ ဖြစ်၏။ နံပါတ်တွေက ၅၀…..၊၇၃….၊၄၃……၊၄၂…..၊၂၅……. တို့ဖြစ်သည်။ (ဒီနံပါတ်တွေ စကားပြောကြောင်း နောက်မှသိရ၏။)
ကျွန်မက စေ့စပ်သေချာသလောက်၊ အငယ်ဆုံးကောင် ခုနှစ်တန်းကျောင်းသားက ပစ္စည်းပျောက်လေ့ရှိသည်။ ပေါ့ပေါ့ဆဆနိုင်သည်။ ယခုလ လွတ်လပ်ရေးနေ့ကစားပွဲမှာ သူ့ဖုန်း(၂၅…..) ပျောက်၏။ ပျောက်ပုံပျောက်နည်းက ကွင်းဘေးရေးအိုးစင်မှာတင်ထားပြီး ဘောလုံးကန်သည်ဆို၏။ ခိုးသူအပြစ်မဟုတ်။ လွယ်လွယ်ထားသူ၏အပြစ်ဖြစ်၏။ လွယ်လျှင်သူကြွယ်ပင်မရှောင်ဟု ဆိုရိုးရှိလေသည်။
ဖုန်းပျောက်တော့ သူငိုပြီးတိုင်၏။ ဖုန်းက ၁၅၀ဝ ဆိုသော်လည်း ဟန်းဆက်က မနေ့က နှစ်သစ်ကူးလက်ဆောက်အဖြစ် ဝယ်ပေးခဲ့သော ဆမ်ဆောင်းနောက်ဆုံးထုတ်မို့ အတော်နှမြောစရာကောင်း၏။ သူ့အစ်မလတ်က အင်တာနက်လျှောက်ပေးဖို့ ကတ်ပြားဝယ်နေဆဲဖြစ်သည်။ ကလေးကို ဒါလောက်အလိုလိုက်ရလားဟု အပြစ်တင်လျှင်လည်း ခံရပါမည်။ အားလပ်တိုင်း အင်တာနက်ဆိုင်သွားနေသော အရွယ်မို့ အခုလို စီမံပေးရခြင်းဖြစ်ပါ၏။ သူငိုနေသဖြင့် သူ့ကို မဆူသည့်အပြင် မုန့်ဝယ်ကျွေးပြီး ချော့ရသည်။ တစ်သက်တာ သင်ခန်းစာအဖြစ်မှတ်ယူရန် အသိပေးရသည်။ ကတ်ပြားပျောက်ကြောင်း ဆက်သွယ်ရေးသို့ တိုင်ရမည်။ နှစ်သောင်းသွင်းရမည်ဟု သတင်းကြားထား၏။ သွင်းရုံပေါ့။ ဟန်းဆက်တော့ အသစ်ဝယ်မပေးတော့ချေ။ အိမ်မှာ ဟန်းဆက်သုံးပြီးသား တစ်ပတ်ရစ်တွေ အများကြီးရှိသည်။ သူ့ဖုန်းက သူ့အစ်မလတ်နာမည်ဖြင့်မဲပေါက်ထားသော ဖုန်းဖြစ်၏။ စာချုပ်နှင့်အတူ ပိုင်ရှင်ကိုယ်တိုင်မှတ်ပုံတင်ပြီး လူကိုယ်တိုင်သွားလျှောက်ရမည်ဟု ကြားဖူးသည်။ (စာချုပ်ပျောက်သွားလျှင်မရ…ဟု ထင်သည်။) ကျွန်မလည်း အလတ်မကိုချော့ခေါ်ပြီး ရွှေဂုံတိုင်ရုံးချုပ်သို့ သွားရ၏။ ထုံးစံအတိုင်း ‘ပွဲစား’တွေရှိနေသည်။ ကျွန်မတို့မိသားစုက ကိုယ့်အားကိုယ်ကိုး။ ဘယ်တော့မှ ပွဲစားအားမပေး။ နှစ်ယောက်သားကုန်းမြင့်ကြီးပေါ်တက်၊ ပါးစပ်ပါရွာတွေ့ဆိုသကဲ့သို့ ဖုန်းပျောက်လို့ဟု ပြောရာ၊ အောင်မယ်….ကိုယ့်လိုဖုန်းပျောက်သူတွေ မနည်းပါလား။ ‘ကတ်ပျောက်လျှောက်လွှာယူရန်’ ဟုပင်စာတန်းတင်ပြီး ကောင်တာဖွင့်ထားသည်။ စာချုပ်နှင့်မှတ်ပုံတင်မူရင်းရော မိတ္တုပါလိုသည် ဆိုတော့၊ အောက်ပြန်ဆင်းပြီး ရွှေဂုံတိုင်မီးပွိုင့်မှာ မိတ္တုသွားကူးရ၏။ ရုံးဝင်းထဲမိတ္တုစက်ထားလျှင် အဆင်ပြေမှာပဲဟု တွေးပြီးမပြောဖြစ်ပါ။ အပေါ်ပြန်တက်လာပြီး စာချုပ်မူရင်း မိတ္တုနှင့် မှတ်ပုံတင်မူရင်းမိတ္တုထပ်ရသည်။ ကိုယ့်အလှည့်ရောက်သောအခါ ‘၂၅……က စာတိုက်ကြီးသွားရမယ်’ ဟုပြောပြီး ပြန်ပေးလေ၏။ စောစောကမသိလေခြင်း။ ဤရွှေဂုံတိုင်ရုံးချုပ်မှာက ဂျီအက်စ်အမ်….၅၀၊၄၃၊၄၂ တွေပဲ လုပ်ပေးသည်ဟုဆိုသည်။ လျှောက်လွှာဖြည့်ပြီး စာချုပ်နှင့် မှတ်ပုံတင် ယူထားမည်။ ငွေနှစ်သောင်းသွင်းရမည်။ နှစ်ပတ်ကြာလျှင် ရမည်ဟု သိရသည်။ ၇၃….ဆိုလျှင်ကောဟု စပ်စုရာ ၇၃က အလုံရုံးမှာဟု ဖြေ၏။ ဘာမှစောဒကတက်၍မဖြစ်။ သူတို့ချမှတ်ထားသော မူအတိုင်းလိုက်နာရုံပေါ့ဟု….သားအမိနှစ်ယောက် စာတိုက်ကြီးသို့ သွားရသည်။ တက္ကစီခစောစောက နှစ်ထောင်၊ ယခုတစ်ခါ နှစ်ထောင်ပေးရုံပေါ့လေ။ လူသက်သာဖို့ လိုသည်။ ဗဟိုစာတိုက်ကြီးဘေး (ဗိုလ်အောင်ကျော်လမ်းဘက်)မှာ ‘မြန်မာ့ဆက်သွယ်ရေးရန်ကုန်တိုင်းဒေသကြီးမန်နေဂျာရုံး’ ဟု ဆိုင်းဘုတ်တွေ့ရ၏။ ပွဲစားမတွေ့ရ။ အပေါ်ထပ်က ဆင်းလာကြသော သူများကို မေးရသည်။
‘ဖုန်းပျောက်ဒီမှာလား’
‘ဟုတ်တယ်၊ အပေါ်ဆုံးထပ်၊ ရဲစခန်းထောက်ခံချက်လိုတယ်’
‘ဟင်၊ ရွှေဂုံတိုင်မှာမပေးရပါဘူး’
‘ဟုတ်တယ်၊ ဘယ်ရုံးမှမတောင်းဘူး၊ ဒီရုံးတစ်ခုပဲ၊ ဟိုမှာ ရဲစခန်းထောက်ခံချက်ဝယ်လို့ရတယ်၊ ၁၅၀၀’
ကဲ….ဘယ်နှယ့်လုပ်မည်နည်း။
အိမ်ပြန်ထောက်ခံချက်ယူလျှင် အသွားအပြန်တက္ကစီခငါးထောင်ကျမည်။ ရဲထောက်ခံချက်က ချက်ချင်းမရ။ ရပ်ကွက်မှာ အရင်တောင်းရမည်။ ရပ်ကွက်ရုံးက ညမှ ဖွင့်သည်။ ရပ်ကွက်ထောက်ခံစာရပြီး နောက်နေ့မှ ရဲစခန်းသွားရမည်။ တစ်ရက်နောက်ကျမည်။ (အဲ…အလှူငွေလည်း နည်းနည်းပါးပါးပေါ့။)
သည်တော့မှ မှောင်ခိုပွဲစားအားမပေးဘဲနေ၍ မဖြစ်တော့ချေ။ စာတိုက်ကြီးဘေးနံရံမှာ တိုလီမိုလီတွေတင်ပြီး ရောင်းနေသူများကိုကြည့်ပြီး ‘ရဲစခန်းထောက်ခံချက်ရမလား’ ဟုမေးရ၏။
‘ရတယ်၊ ၁၅၀၀’
‘ဘယ်မြို့နယ်ကလဲ….’
‘ဘယ်မြို့နယ်ဖြစ်ဖြစ်ရတယ်’
တယ်ဟုတ်ပါလား။ သူ့ဆီမှာပုံစံအဆင်သင့်။ ရဲတံဆိပ်ထုပြီးသား စစ်စစ်နှင့်။ ကိုယ်က ‘ကမာရွတ်’ဟု ပြောတော့မှ သူ့ဘာသာသူ ကမာရွတ်ဟု ဖြည့်ရေးသည်။ လိုအပ်သည့် အချက်များကို စာချုပ်ဖြန့်ကြည့်ပြီး သူ့ဟာသူရေး၏။ တစ်မိနစ်အတွင်း ပြီးသွားသည်။ ပေးလိုက်တော့ ၁၅၀၀။
သူ့ဘေးမှ မိန်းမတစ်ယောက်က ဝင်ပြောသေးသည်။
‘ထားခဲ့ရင်ကြာမယ်။ ကျွန်မလုပ်ပေးရင် ချက်ချင်းရမယ်။ ဘာစာရွက်စာတမ်းမှ မလိုဘူး။ နှစ်သောင်းခွဲပေး’
အလိုလေးပိုင်လှချည်လား။
ကျွန်မတို့ မိသားစုက ပွဲစားအားမပေးသူများမို့ သူ့ကို အလုပ်မအပ်ပါ။ ကျွန်မက အပေါ်ဆုံးထပ်ကို မော့ကြည့်၏။ အမြင့်ကြီးပါ။ စစ်ကြိုခေတ်လေးထပ်ဆိုသည်မှာ ယခုခေတ်ကန်ထရိုက် တိုက်ရှစ်ထပ်နှင့်ညီသည်။ ကျွန်မ မောသွား၏။
‘သမီးပဲသွားလိုက်မယ်’
အလတ်မက လိမ္မာသည်။ ကျွန်မလည်း လမ်းဘေးက ခုံကဘေးမှာ ကော်ဖီမှာသောက်ရင်း စောင့်ရတော့၏။
နေ့စဉ်သတင်းစာ (ပုဂ္ဂလိက) တစ်စောင်ပါလာသဖြင့် ဟိုဖတ်၊သည်ဖတ်လုပ်ရ၏။ ဆောင်းပါးရှည်တစ်ပုုဒ်ဖတ်နေဆဲ ရှေ့သို့အလတ်မ ရောက်လာသည်။ လက်ထဲမှာ ကတ်ပြားအသစ်ပါလာပြီ။
‘ဟယ်…..တယ်ဟုတ်ပါလား။ ချက်ချင်းကြီး’
နံပါတ်ဟုတ်၊ မဟုတ် တိုက်ကြည့်ရ၏။ နံပါတ်မှန်သည်။
‘ဘယ်လောက်ကျလဲ’
‘နှစ်သောင်းနဲ့ထောင်းငါ့ရာ’
‘ဟင် နှစ်သောင်းမဟုတ်ဘူးလား’
‘ကတ်ဖိုးက နှစ်သောင်းနဲ့ငါးရာတဲ့။ ဖောင်ဖြည့်ဖို့ဝယ်ရတာက ၅၀၀၊ ငွေးသွင်းဖို့ဖောင်က ၂၀၀။ အဲဒီမှာ ၅၀ဝ တန်ပေးတော့ ၃၀ဝ ပြန်မအမ်းဘူး။ ဒီတော့ စုစုပေါင်း နှစ်သောင်းနဲ့ ထောင့်ငါးရာ’
ကျွန်မဘာတတ်နိုင်ပါဦးမည်နည်း။
ချက်ချင်းရတာကိုပဲ ဝမ်းသာရမည်မုဟုတ်ပါလား။
ရန်ကုန်ချင်းအတူတူတောင် ရုံးချုပ်နှင့်တိုင်းရုံး ဤမျှကွာခြားနေလျှင် နယ်တွေမှာ ဘယ်လိုဖြစ်မည် မသိ။ အကြီးမ၏ စာချုပ်က ပျောက်နေသည်။ ဖုန်းမပျောက်ဖို့ ကြပ်ကြပ်သတိပေးရဦးမည်။ ကိုယ့်ဖုန်း ၇၃ ကိုလည်း ခါတိုင်းထက် အရိပ်တကြည့်ကြည့် လုပ်ရမည်။ ၇၃ ပျောက်လျှင် အလုံရုံးဆိုပဲ။ ဘယ်လောက်တောင်းမည် မသိ။
(ဖုန်းကိုင်သူများ သတိရှိကြဖို့ ရေးသားလိုက်ပါသည်။)
(ရွှေကူမေနှင်း ၉-၁-၂၀၁၄ စံတော်ချိန်နေ့စဉ်သတင်းစာ)
15 comments
kai
January 9, 2014 at 3:45 pm
ဖုံးပျောက်ဇတ်လမ်းဖတ်ပြီး.. ခေါင်းတွေတောင်မူးသွားမိတယ်…။
ဆိုတော့…
ယူအက်စ်ကအစိုးရဌာနတွေလို… အမြန်ကြေး/အမြန်လိုင်း ဆိုတဲ့.. လိုင်းတလိုင်း/ကောင်တာတခု.. အသစ်ဖွင့်လိုက်ရင်.. ပွဲခပေးရတဲ့ပိုက်ပိုက်..လဘ်ထိုးရငွေတွေ.. (တရားဝင်)လမ်းကြောင်းနဲ့.. ဌာနလက်ထဲ ..ဝင်ငွေရောက်လာမှာပေါ့..
ဌာနအကြီးအကဲများ.. ကော်ပီကက်လုပ်ကြစေလို..။
Myo Thant
January 9, 2014 at 3:55 pm
သဂျီးရေ
ကျနော့်ဖုန်းလည်း ဒီနေ့မှ ကတ်ပြန်ရတာ ၊
နာမည်ပေါက် မဟုတ်လို့ စာချုပ်ထဲက မှတ်ပုံတင်အတိုင်း
မပါပေမယ့် ငွေ တစ်သောင်းနဲ့ ဇာတ်လမ်းပြတ်ပါတယ် ၊
ကျနော်တို့ သားအဖက ၂ ရက်ဆက်တိုက် ကိုယ်စီ ဖုန်းပျောက်ကြတာ ၊ 🙁
kyeemite
January 9, 2014 at 4:09 pm
ကျုပ်ရော ကျုပ်သားရော ဖုန်းပျောက်ဖူးလို့ ကိုယ်ချင်းစာပါတယ် ကိုမျိုးရေ
Myo Thant
January 9, 2014 at 4:43 pm
ကိုမိုက်နဲ့ ဘဝတူဘူးပြီပေါ့ ၊
TNA
January 9, 2014 at 4:35 pm
ဗဟုသုတရပါတယ်ကိုမျိုးသန့်ရေ။ မှတ်သားသွားပါတယ်။ ကိုယ့်ဖုန်းလဲကိုယ်ထိမ်းသိမ်းရတော့မယ်။ ပျောက်မစိုးလို့။ မဟုတ်လို့ကတော့ အခုလိုပဲဇာတ်လမ်းရှည်အုံးမှာ
Myo Thant
January 9, 2014 at 4:48 pm
အမသဲရေ
ဖုန်းပျောက်တာက စနေည ၊
ရုံးဖွင့်ရက်ပြန်စောင့် ၊ ဟိုဟာတွေး ဒီဟာပူနဲ့
စိတ်နဲ့လူ မကပ်သလိုချည်းပါဗျာ ၊
အခုမှ သက်ပြင်းလေး ပြန်ချရပါတယ် ၊
ဒါတောင် အရင် ဟန်းဆက်ကလေးတွေကို တမ်းတမိနေတုန်း ၊
ဖုန်းနံပါတ်တွေလည်း အကုန်ပါသွားတော့
ဘယ်လိုဆက်လုပ်ရမယ် မသိသေးပါဘူး ၊
မဟာရာဇာ အံစာတုံး
January 9, 2014 at 4:46 pm
ကျော်လည်း ကိုယ်ဂျင်းစာဘာဒယ် ဥမျိုးရာ ..
ကျော်လည်း ဖုံးထားတာလေး ပျောက်မှာစိုးညို့
ရေလည် ဒဒိထားနေရဒယ် …
အိုက်ဒါ ပျောက်ယင် ဘယ်မှ ပြန်လျှောက်လို့ရမှာ မီဟုတ်လောက်ဘူး …
နောက်ဒါ … ခွိခွိ
လုံမလေးမွန်မွန်
January 10, 2014 at 2:11 pm
စာချုပ်တဲ့တော်ရေ..စာချုပ်တဲ့..
padonmar
January 10, 2014 at 12:51 am
ဆရာမကြီးက စာရေးကောင်းတော့ ကွက်ကွက်ကွင်းကွင်းပါပဲ ကိုမျိုးသန့်ရေ။
ကျမတို့လည်း တနေရာက ထတိုင်း ဖုန်းပါမပါပြန်ပြန်စစ်နေရတာ။
ပျောက်မိရင် ဇယားရှုပ်လွန်းလို့။ကိုယ်ချင်းစာပါတယ်။
KZ
January 10, 2014 at 12:37 pm
ဆရာမကြီး အစားမောသွားတာပဲ အေ။
တို့ နိုင်ငံကြီးမှာ ဆားဗစ် ရမ်းရမ်းကောင်းတာကို သိရတာပေါ့။
:hint:
ကြောင်ဝတုတ်
January 10, 2014 at 1:30 pm
ကျွန်တော်လား…
ဖုန်းပျောက်လျှောက်ရတာ (၁၅)ကြိမ်မက…
ဘယ်ကမလဲ… တစ်နိုင်ငံလုံး၊ ရုံးခွဲအားလုံးရှိသမျှ (၃၈)လုံးသော မိုဘိုင်းဖုန်းများက ကျွန်တော့်လက်ထဲမှာ…
ကဒ်ပျက်… ကဒ်ပျောက်… ၁၅၀ဝတန်ဖုန်း ငွေမသွင်းလို့ ပိတ်…
စုံမှစုံ…
အဲ့ထဲမှာအစာမကြေတာလေးတစ်ခုတော့ရှိသဗျ…
တန်ရာတန်ကြေးပေးဝယ်ထားတဲ့တယ်လီဖုန်း…
အစိုးရက (၁၅၀၀)တန်တယ်လို့ သတ်မှတ်ထားလို့ ၁၅၀ဝ ပေးဝယ်ထားတဲ့ဖုန်း…
(အပြင်ပေါက်ဈေးအကြောင်းမပြော… မဲပေါက်ချင်ယောင်ဆောင်ပြီး ဝယ်ရတဲ့အကြောင်းမပါ….)
ကဒ်ပျောက်… ကဒ်ပျက်ရင် ၂၀၀၀ဝ သွင်းရမယ်ဆိုတော့ဖြင့်…
အစိုးရက ဖုန်းတစ်လုံးကို ၁၉၈၅ဝ ကျပ်ပဲ စိုက်ပြီး ပြည်သူတွေအတွက် သက်သာစေလိုလို့
အဆမတန် ဈေးချရောင်းနေသယောင်ယောင်…
၁၅၀ဝ တန်ပျောက်ရင်… ၁၅၀ဝ ပေးရင်တော်ပြီပေါ့လို့…
၁၅သိန်းဖုန်းတွေ… ၅သိန်းဖုန်းတွေ… ၂သိန်းဖုန်းတွေမို့ ၂သောင်းကောက်ရင်မပြောပါဘူး…
ဟဲ..ဟဲ… ရယ်ရတာလေးပြောဦးမယ်…
နိုင်ငံခြားသားအသစ်ရောက်တိုင်း အရင်တုန်းက CDMA450, CDMA800, GSM, WCDMA
ကွာခြားချက်တွေ ရှင်းပြရုံတင်မကတော့ဘူး…
အခုဆိုရင် ၁၅သိန်းတန်ကိစ္စ… ၅သိန်းတန်ဆိုတာဘယ်လို… ၂သိန်းဖုန်းဆိုတာဘယ်သို့…
၁၅သည် ဘယ်ပုံပါတိုးလာပြီ…
တကယ်တော့ GSM နဲ့ CDMA (၂)မျိုးသာဖြစ်သင့်ပါတော့သည်…
ခင်မင်လျက်-
ဖက်ဖက်ကက်
လုံမလေးမွန်မွန်
January 10, 2014 at 2:13 pm
ဖုန်းပျောက်မှာ အကြောက်ဆုံးပဲ.. အနော့်လက်ထဲမယ် စာချုပ်မရှိသေး.. 🙁
Myo Thant
January 10, 2014 at 2:21 pm
သူများတွေဆီမှာလို
ငွေရှိ ကောက်ဝယ်
ပျောက်ရင် ထပ်ဝယ်
အဲသလိုပဲ ဖြစ်ချင်မိတယ် ၊
ဒညင်းဝက်
January 18, 2014 at 9:42 pm
ဟူးးးး
မလွယ်…….
myat pearl phyu
February 17, 2014 at 5:13 pm
စာကို စစဖတ်လိုက်တော့ ဖုန်းနှင့်ကျွန်မ ဆိုတော့ ..
တွေးမိဒါက ဒီစာရေးသူ Myo Thant ဆိုတာ မိန်းမကြီးလားပေါ့ …
@_@
ဟိုတလောက တူတင်တဲ့ ပါရမီ ၁၇၄ ပိုစ့်ကိုဖတ်ဖူးထားတော့ အဲ့တုန်းကတော့
ဖိုက်တင်းပလေးတာ ကျားကြီးပါပေါ့ …
ေိခိ
အောက်ဆုံးကြမှပဲ ရွှေကူမေနှင်း ရေးသားတယ်ဆိုတာ တိတော့လယ် …
အော် … ကြုံသမျှ ဘုံဘဝတူများ စုံလေစွ လောကဓံ ရယ် …
အနော်လည်း တကယ့်ကို အမှတ်မရှိတဲ့ အသည်းပါပဲဂျာ … (မေ့တတ်ပုံများတော့)