ကျွန်မရဲ့ တရားဟောဆရာ နှစ်ယောက်
(၁)
လူတစ်ယောက် ကျွန်မကို ကြည့်နေတာ ကြာပြီ။ ကျွန်မလည်း ဆုံးဖြတ်ထားပြီးပါပြီ။ အချိန်လည်း မရှိတော့ဘူးမဟုတ်လား။ နောက်ခဏဆိုရင် ဆိုင်လည်း သိမ်းတော့မယ်လေ။ ကျွန်မ ဒီဆိုင်မှာ ထိုင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ။ ဘာတွေ တွေးနေလို့ဒီလောက်အကြာကြီး ထိုင်နေမိတာလဲဆိုတာကိုတောင် ကျွန်မကိုယ်ကျွန်မ မမှတ်မိတော့ပါဘူး။ ကျွန်မအတွက် တကယ်တမ်းကျတော့ တွေးစရာတွေလည်း များများစားစား မရှိတော့ပါဘူး။ အခုအချိန်မှာ အရာရာကို အရှုံးပေးလိုက်ဖို့ ကျွန်မ ပြင်ဆင်ထားခဲ့ပြီးပါပြီ။ ဘုရားသခင်ကိုလည်း ကျွန်မ လက်မြှောက်ကြောင်းကို လွန်ခဲ့တဲ့အချိန်အနည်းငယ်က အသိပေးခဲ့ပြီးပါပြီ။
ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဟိုလူ ကျွန်မဆီကို ထလာတယ်။
“သွားရအောင်လေ”
ဘုရားရေ့…ကျွန်မ ထင်ထားတာထက် ပိုပြီး တိကျတဲ့အသုံးအနှုန်းနဲ့ ကျွန်မကို ခေါ်နေပါပြီ။ လွန်ခဲ့တဲ့တစ်လလောက်က နယ်မြို့ကြီးတစ်မြို့ရဲ့ တက္ကသိုလ်တစ်ခုက တတိယနှစ်ကျောင်းသူတစ်ယောက်ဟာ အခုအချိန်မှာ လူစိမ်းတစ်ယောက်ရဲ့ တိတိကျကျ ခေါ်ငင်ခြင်း ခံနေရပါပြီ။ ကျွန်မထပ်ပြီး မစဉ်းစားမိတော့ပါဘူး။ ကျွန်မ သူ့နောက်က ထလိုက်လာခဲ့တယ်။ သူ အငှားကားတစ်စီးတားလိုက်တယ်။ တစ်နေရာကိုသွားဖို့ သူပြောတယ်။ ကားပေါ်မှာ သူက ကျွန်မကို မေးခွန်းအတော်များများမေးတယ်။ ကျွန်မရဲ့ ကိုယ်ခန္ဒာအနှံ့အပြားကို သူ ထိကိုင်တယ်။ ကျွန်မကလည်း သူမေးသမျှ အကုန်ပြန်ဖြေပါတယ်။ သူ့ကြည့်ရတာ ကျွန်မအဖြေတွေကို ကြားရလေ ပိုပြီး ပျှော်ရွှင်တက်ကြွပြီး မျက်လုံးတွေ အရောင်တောက်လာတာကို ကျွန်မ မြင်နေရတယ်။
တိုက်ခန်းတစ်ခုရှေ့မှာ ကားရပ်သွားတယ်။ သူ ကားပေါ်ကဆင်းပြီး ကျွန်မကို တံခါးဖွင့်ပေးတယ်။ ကျွန်မ လိုက်ဆင်းလိုက်တယ်။ ပြီးတော့ တွဲလောင်းကျနေတဲ့ ကြိုးတစ်ချောင်းကို သူ ဆွဲလှုပ်လိုက်တယ်။ ဟိုး အပေါ်မြင့်မြင့်က အရိ်ပ်တစ်ရိပ်ထွက်လာပြီး ပြန်ဝင်သွားတယ်။ သူ ဦးဆောင်ပြီး တိုက်ခန်းလှေကား ကျဉ်းကျဉ်းမှောင်မှောင်ထဲ တက်သွားတယ်။ ကျွန်မလည်း သူ့နောက်က တက်လိုက်လာခဲ့တယ်။ ဘုရားရေ့..ကျွန်မဟာ သားရဲတွင်းထဲကို မိုက်မိုက်ကန်းကန်း တိုးဝင်မိခဲ့ပါပြီကော။ အို…ဒီလိုဖြစ်လာဖို့ကို ကျွန်မ မျှော်လင့်ထားခဲ့ပြီးသားပဲ။ ကျွန်မမှာ ငြင်းဆန်နေဖို့ ငြင်းဆန်နိုင်တဲ့ အခြေအနေ အခွင့်အရေးကော ရှိတော့လို့လား။ လောလောဆယ် ကျွန်မဗိုက်ပြည့်ဝဖို့နဲ့ ကျောခင်းဖို့သိပ်အရေးကြီးနေတယ်။ ကျွန်မ ပင်ပန်းလွန်းနေပြီ။ သားရဲတွင်းမကလို့ ငရဲမီးခံတွင်းဝဆိုရင်လည်း ကျွန်မ တိုးဝင်ရတော့မှာပဲ။
လှေကားတစ်ထစ်ပြီးတစ်ထစ် တက်ခဲ့ရင်း ကျွန်မ အတော်လေး မောလာချိန်မှာ သူ ရပ်လိုက်ပြီး အခန်းတံခါးတစ်ခုကို ခေါက်လိုက်တယ်။ တံခါးတစ်ချပ် ပွင့်လာကာ လင်းဖျော့ဖျော့ အလင်းကိုကွယ်ပြီး ဆံပင်ဖိုးရိုးဖားရားနဲ့ လူတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ သူနဲ့ ကျွန်မ အထဲကို လိုက်ဝင်လိုက်ကြချိန်မှာ တံခါးဖွင့်ပေးလိုက်တဲ့ ယောကျာ်းတစ်ယောက်နဲ့ ကြမ်းပြင်မှာ ထိုင်နေတဲ့ယောက်ျားတစ်ယောက် ကျွန်မကို တွေ့သွားပြီး ကြက်သေ သေနေကြတယ်။ သူတို့လိုပဲ ကျွန်မတစ်ကိုယ်လုံးလည်း မြောက်ကြွသွားသလို ခံစားလိုက်ရတယ်။ ကျွန်မတစ်ကိုယ်လုံး လေမှာလွင့်နေပြီး ကျွန်မကိုယ်ကျွန်မ ဖမ်းမမိနိုင် အောင်ဖြစ်နေရတယ်။ ကြောက်စိတ်တွေ ကျွန်မတစ်ကိုယ်လုံးကို ဖုံးလွှမ်းလာတယ်။ အို ကြမ်းတမ်းတဲ့ယောက်ျားကြီး သုံးယောက်တောင်မှပါလား။ အပျိုစစ်စစ်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ သူစိမ်းယောက်ျားတစ်ယောက် နောက်ကို အိပ်မက် မက်သလိုလိုက်လာခဲ့ရာကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ယောကျာ်းသား သုံးယောက်ရဲ့ငရဲခန်းသားရဲတွင်းကို ကျွန်မ အရှင်လတ်လတ် ရောက်ရှိနေခဲ့ပြီပဲ။ ဆေးလိပ်မီးခိုးတွေကလည်း တစ်ခန်းလုံး ထုံမွှမ်းလို့။ ပြန့်ကျဲနေတဲ့စားသောက်ဖွယ်ရာတွေနဲ့၊ ပုလင်းလွတ်တချိုု့လဲလျက်၊ တချို့လည်း လက်ကျန်တစ်ဝက်တစ်ပျက်နဲ့။ ဆံပင်ဘုတ်သိုက်၊ စွပ်ကျယ်ချိုင်းပြတ်၊ ဘောင်းဘီတိုနှင့် အဆီပြန်နေသည့် မျက်နှာများနှင့် ကြက်သေ သေနေသည့် ယောက်ျားသားနှစ်ယောက်။
“ရဲဘော်တို့ ကိုယ် သက်ရှိ ဂစ်တာတစ်လက် ဆောင်ကျဉ်းလာတယ်”
ကျွန်မကို ခေါ်လာသူရဲ့ စကားသံကြောင့် လန့်ဖျတ်ကာ ကျွန်မ သတိပြန်ဝင်လာတယ်။ မတ်တပ်ရပ်နေမိတဲ့ ကျွန်မ တဆတ်ဆတ်တုန်နေတာ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိနိုင်ဘူး။
“ကဲပါလေ…ဒီက ညီမ ထိုင်ပါဦး
ဟေ့ကောင်…မင်းဘာတွေ လုပ်လာတာလဲ”
အိမ်ထဲက ဆံပင်ဖားလျားနဲ့တစ်ယောက်က ကျွန်မကို ထိုင်ခိုင်းပြီး မေးခွန်းထုတ်နေချိန်မှာ ကျန်တစ်ယောက်က ကျွန်မကို ခေါ်လာသူကို ကုတ်ကဆွဲပြီး နောက်ဖေးကို ခေါ်သွားကြတယ်။
ကျွန်မ ရောက်နေတဲ့ တိုက်ခန်းက ဟောခန်းကြီးပါ။ ယောက်ျားသုံးယောက်ဝင်သွားကြတဲ့ နောက်ဖေးကို ကန့်ထားတဲ့ အုတ်နံရံတစ်ကန့်ပဲရှိတယ်။ အဲဒီ အုတ်နံရံထောင့်မှာ ကုတင်တစ်လုံး။ တစ်ခန်းလုံးမွစာကျဲလို့။ ဖရိုဖရဲဖြစ်နေတဲ့ စာအုပ်ပုံတွေ၊ စာရွက်အပိုင်းအစတွေဟာ ကျွန်မကို အကြီးအကျယ်စိတ်နောက်ကျိအောင်လုပ်နေသလိုပဲ။ ကျွန်မဟာ ကံဆိုးလွန်းလှစွာပဲ လူရမ်းကားများရဲ့ သတ်ကွင်းထဲကို ရူးရူးမိုက်မိုက် ဝင်လာခဲ့မိပါပြီ။ အိမ်ရှေ့ကိုနောက်ကျောပေးထိုင်နေတဲ့ ကျွန်မ နောက်မှာတော့ ခုံအရှည်ကြီးတစ်လုံးပေါ်မှာ မည်ကာမတ္တ လုပ်ထားတဲ့ ဘုရားစင်တစ်ခုကို တွေ့လိုက်ရလို့ ကျွန်မ ရုတ်တရက်ပြုံးမိမလိုဖြစ်သွားပေမဲ့ အဲဒီဘုရားစင်ပေါ်မှာ စိမ်းလန်းလတ်ဆတ်နေတဲ့ ဘုရားပန်းပွင့်များကိုတွေ့ရတာကတော့ ကျွန်မစိတ်ထဲ နည်းနည်း ထူးဆန်းနေတယ်။
ပြီးတော့ အခန်းနံရံပေါ်က အရုပ်တွေ၊ ကားချပ်တွေ၊ ပန်းချီကားလည်းမဟုတ်တဲ့ ထောင့်ဖြတ်တွေအချွန်တွေအဝန်းတွေ၊ ကျွန်မ နားမလည်တဲ့စာတမ်းတွေ၊ အို ကျွန်မ တွေ့ဖူးတဲ့ လမ်းဘေး အုတ်နံရံက ခြစ်မိခြစ်ရာခြစ်ထားကြတဲ့ပုံတွေထက်ကို ကျွန်မရဲ့ အမြင်မှာဆိုးရွားနေမိတယ်။ ကျွန်မ ကြောက်ရွံ့ထိတ်လန့်နေပါပြီ။ အခန်းက ဖရိုဖရဲ။ လူပုံပန်းတွေလည်း ဖရိုဖရဲ။ အို…ကျွန်မလည်း မကြာခင် ဖရိုဖရဲ ဖြစ်ရတော့မှာပါလေ။ ကြောက်စိတ်နဲ့အတူ ကျွန်မ ဗိုက်ပြန်ဆာလာတယ်။
နောက်ဖေးခန်းက တိုးတိုးကြိတ်ကြိတ် ဆဲသံ၊ ဆိုသံ၊ ရန်ဖြစ်သံတွေကို ကျွန်မ မသဲမကွဲ ကြားနေရတယ်။
“ဟေ့ကောင် ငါ့တို့အခန်းကို ဘယ်မိန်းမမှ မတင်ဖူးဘူးကွ၊ ပြန်ခေါ်သွား”
“ဟေ့ကောင် ဒါက ကြက်မဟုတ်ဖူး…။ မန္တလေးက တတိယနှစ်ကျောင်းသူကွ၊ အိမ်က ထွက်ပြေးလာတာ၊ ငါ ကျောင်းသားကတ်ရော၊ မှတ်ပုံတင်ရော တောင်းကြည့်ပြီးပြီ၊ သူ ပိုက်ဆံပြတ်သွားတဲ့အချိန်နဲ့ ငါနဲ့ တည့်တည့်တိုးလို့ မ လာတာ၊ တစ်ပြားမှ ကုန်စရာမလိုဘူး”
နောက်ဖေးခန်းက တွန်းသံ ထိုးသံ၊ ဆဲဆိုရန်ဖြစ်သံတွေ အချိန်အတော်ကြာ ကြားနေရသည်အထိ ကျွန်မ ထိုင်နေမိတယ်။ ပြီးတော့ သူတို့ ပြန်ထွက်လာကြတယ်။ ကျွန်မကို ခေါ်လာတဲ့လူရဲ့ မျက်နှာဟာ ကြေက်မက်ဖွယ် ပုပ်သိုးမာထန်လို့။ ပြီးတော့ သူတို့တွေ အရက်တစ်ခွက်စီကို ငှဲ့ပြီး တစ်ရှိန်ထိုး သောက်ချလိုက်ကြတယ်။ ပြီးမှ သူတို့ထဲက တစ်ယောက်က
“ကဲ..ညီမ ..ထမင်းစားပြီးပြီလား ..အေးလေ ငါ့နှယ် ဘယ်စားရဦးမှာလဲ
ဒီတော့ နောက်ကအိုးတွေ ထဲမှာ ထမင်း၊ ဟင်း အားလုံးရှိတယ် ကိုယ့်ဘာသာ သွားပြီး ခူးခတ်စား
ဘာမှ အားမနာနဲ့ ပြီးတော့ ဒီည ဒီမှာအိပ်၊ မနက်မှ မင်းသွားချင်တဲ့နေရာကိုဆက်သွား၊ ပြီးရင် ဟိုကုတင်ပေါ်မှာ အိပ် ကိုယ်တို့ အောက်မှာ အိပ်မယ် ဟုတ်ပြီလား”
ကျွန်မ နားကြားမှားသလား။ ဒါမှမဟုတ် စိတ်လိုလက်ရ “ဟုတ်” လို့ ပြောလိုက်မိသလား။ ကျွန်မ မသိတော့ဘူး။ သူကတော့ ပြောပြီး အရက်ခွက်ကိုချဉ်းလှိမ့်သောက်နေတာ တွေ့ရတယ်။ ကျွန်မ ကြောင်အမ်းနေစဉ်မှာပဲ နောက်တစ်ယောက်က
“သွားလေ သွားစားပြီး အိပ်တော့ နောက်ကျနေပြီ”
ကျွန်မ မယုံပါဘူး။ ကျွန်မ ဘယ်သူ့ကိုမှ မယုံပါဘူး။ ဒါပေမဲ့ ကျွန်မ စားရမယ်။ ဒီလိုစားလိုက်တဲ့အတွက် ကျွန်မ ဘာပြန်ပေးရမယ်ဆိုတာကိုလည်း ကျွန်မ ရင်ဆိုင်ဝံ့ပါပြီ။ ဟုတ်တယ်။ ကျွန်မကို ထမင်းကျွေးတယ်။ ပြီးတော့ အိပ်ဖို့ ကုတင်တစ်လုံးပါပေးမယ်။ ပြီးတော့ ဘာဆက်ဖြစ်လာမှာတဲ့လဲ။ ကျွန်မ ဂရုမစိုက် တော့ပါဘူး။ ဒီ ထမင်းတစ်နပ်ဟာ ကျွန်မဘဝမှာ အကောင်းဆုံးထမင်းတစ်နပ်၊ အချိုမြိန်ဆုံးထမင်းတစ်နပ်လေ။ မကြာခင် ရင်ဆိုင်ရတော့မယ့် အိပ်မက်ဆိုးတွေရဲ့ အန္တရာယ်က ခုခံကာကွယ်နိုင်ဖို့ ကျွန်မစားရမယ်။ အချိန်မြိန်ဆုံးဖြစ်အောင် ကျွန်မ စားလိုက်တယ်။ ပြီးတော့အခန်းအလယ်မှာ ကျွန်မ ပြန်လာထိုင်နေလိုက်တယ်။
တစ်ယောက်ထလာပြီး ယိုင်ထိုးထိုးနဲ့ ကျွန်မကို ကုတင်ပေါ်မှာ အိပ်ဖို့ ပြောတယ်။ ပြီးတော့ စောင်တစ်ထည် ခေါင်းအုံးတစ်လုံးကို ကုတင်ပေါ်မှာထားခဲ့ပြီး ကျန်တဲ့စောင်တွေကို ဆွဲချသွားတယ်။
“ဒါ ငါတို့ဖို့ မင်းလည်း အိပ်တော့”
ဆိုတာနဲ့ ကျွန်မလည်း ကုတင်ပေါ်တက်ပြီး စောင်ခြုံပစ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုလုပ်အိပ်ပျော်မှာတဲ့လဲ။
ကျွန်မအသံတွေ ဆက်ကြားနေရတယ်။
“ငါပြန်မယ်…မင်းတို့လို သူတော်ကောင်းနှစ်ယောက်အခန်းထဲ ငါမအိပ်ရဲဘူး”
“မင်းက ရွဲ့တာလား”
“မရွဲ့ရဲပါဘူးကွာ…မင်းတို့က ဘုရားဖြစ်မယ့် ကွန်ကရစ်တုံးတွေပဲ”
“ဟေ့ကောင် ငါတို့တွေလည်း အဆင်ပြေတဲ့ကောင်တွေ မဟုတ်ဘူး။ အပျော်အပါးလည်း ကင်းတဲ့ကောင်တွေ မဟုတ်ဘူး။ ဒါပေမဲ့ အပျော်အပါးကို အပျော်အပါးနယ်မြေမှာပဲ ရှာတယ်။ ငါတို့ လောကမှာလည်း ငါတို့ဟာ ဒုက္ခတွေနဲ့ ရုန်းကန်နေကြရတာပဲ။ ငါတို့ကို ကြီးစိုးထားတဲ့နယ်မြေမှာ ငါတို့ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေကြရတာလဲ။ အခု ငါတို့ အခန်း၊ ငါတို့ ကမ္ဘာကို ဒုက္ခရောက်နေတဲ့တစ်ယောက် ရောက်လာတယ်။ သူ့ဟာသူ ကျောင်းသူ မဟုတ်ရင်လည်း ဒီသဘောပဲ။ နောက်ဆုံး မင်းပြောတဲ့ ကြက်ဖြစ်နေစေဦးတော့ကွာ”
“အေးလေ….လူ့ဘဝကြီးတစ်ခုကို ကယ်တင်ပေးလိုက်ပါ။ ကုသိုလ်ရပါတယ်။ အလယ်ခေတ်က တရားပြဆရာတို့ရာ။ ပြီးရင် အလုပ်ပါ ရှာပေးလိုက်ကြဦးပေါ့။ တာ့တာကွာ….ဝုန်း…”
တံခါးဆောင့်ပိတ်လိုက်သံကြောင့် ကျွန်မ လန့်သွားတယ်။ ပြီးတော့ ကျွန်မ ငြိမ်ငြိမ်လေး ပြန်ပြီး နားစွင့်နေမိတယ်။ ဒါပေမဲ့ ဖန်ခွက်တွေ သိမ်းဆည်းသံကလွဲလို့ ကျွန်မ ဘာသံမှ မကြားရတော့ဘူး။ သူတို့ နောက်ဖေးခန်းထဲဝင်သွားကြတယ်။ ထမင်းစားနေကြတယ်လို့တော့ ကျွန်မ တွေးမိပါတယ်။ တစ်အောင့်နေတော့ သူတို့ ပြန်ထွက်လာကြပြီး ဝရန်တာကို ပြန်ထွက်သွားကြတယ်။ ကျွန်မ စောင်ကိုအသာ ခွာကြည့်တော့ ဝရန်တာမှာ ငြိမ်သက်စွာ ဆေးလိပ်ထိုင်သောက်နေတဲ့ ယောကျာ်းနှစ်ယောက်ကို တွေ့နေရပါတယ်။ မကြာခင်မှာ အခန်းမီးပိတ်သွားတယ်။ ကျွန်မ …ကျွန်မ..ဘာဆက်ဖြစ်လာဦးမှာလဲ။ တိတ်ဆိတ်မှုဟာ အမှောင်ကြောင့် နှစ်ဆတိုးပြီး ပိုမိုတိတ်ဆိတ်သွားတယ်လို့ ကျွန်မ ထင်မိတယ်။ ကိုယ့်အသက်ကို ကိုယ်ရဲရဲမရှူရဲလောက်အောင်ထိ ကျွန်မ စိတ်လှုပ်ရှားနေမိတယ်။ အို..ကျွန်မဘဝ မိုးမလင်းခင်အချိန်ထိ ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ။
(၂)
ကျွန်မ အိပ်ရာက နိုးလာတော့ နေအတော်မြင့်နေပြီ။ အခန်းထဲမှာ ဘယ်သူမှ ရှိမနေဘူး။ ကျွန်မ ဘာလို့ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှန်း မသိဘူး။ အိပ်မပျော်ခဲ့တဲ့ ညတွေများလွန်းခဲ့လို့လည်းဖြစ်နိုင်သလို တန်ပြန်သက်ရောက်မှုနဲ့ ခံစားမှုအားပြိုင်ခဲ့ရာမှာ ကျွန်မ အရှုံးပေးလိုက်တဲ့အတွက် အာရုံငါးပါးလုံး ခွေယိုင်ကျသွားတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်မ အိပ်ရာထဲက ထပြီးအခန်းထဲကို လျှောက်ကြည့်တယ်။ ဘုရားစင်ပေါ်က ကုန်ခါနီးအမွှေးတိုင်ဆီက မွှေးရနံ့သင်းသင်းနဲ့ မီးခိုးလက်ကျန်လေးတွေထွက်နေတယ်။ အခန်းဟာ မနေ့ညက ကျွန်မ ရောက်ခါစတုန်းက ထင်ခဲ့သလို အော်ဂလီဆန်ဖွယ်ရှုပ်ပွေနေတဲ့အခန်းတစ်ခုလို့ ကျွန်မစိတ်ထဲ မမြင်မိတော့ပြန်ပါဘူး။ ကျွန်မ စိတ်ဘာဖြစ်နေတာလဲ ကျွန်မမသိဘူး။ အခန်းဟာ စနစ်တကျပဲ ရှုပ်ဖွထားသလို အတွေးမျိုးတွေးမိလို့ကိုယ့်ကိုယ်ကိုယ်လည်း အတော်ရူးကြောင်ကြောင်နိုင်နေပြီလို့ သရိုးသရီလေး တွေးမိပါသေးရဲ့။ နောက်ဖေးက ထမင်းစားခုံပေါ်မှာ လက်ဘက်ရည်ခွက်နဲ့ ဖိထားတဲ့စာတစ်စောင်ကို တွေ့ရတယ်။ လက်လက်ရည်က အပူငွေ့ငွေ့လေးကျန်နေတုန်း။ ဘေးမှာ မုန်းဟင်းခါးတစ်ပွဲကို ဟင်းရည်သပ်သပ်ခွဲထားတယ်။ ကျွန်မ စာကို ဖတ်ကြည့်လိုက်တယ်။
ညီမ…
ကိုယ်တို့အလုပ်သွားပြီ…
မင်းအဆာပြေစားဖို့ လက်ဘက်ရည်နဲ့ မုန့်ဟင်းခါး ထားခဲ့တယ်
ကိုယ်တို့နှစ်ယောက် အခန်းမှာ မိန်းကလေး တစ်ယောက်နေဖို့တော့ မသင့်တော်ဘူး
ဒါပေမဲ့ မင်းအနေနဲ့ အလုပ်လုပ်ဖို့ဖြစ်ဖြစ်၊ အိမ်ပြန်ဖို့ဖြစ်ဖြစ်
အဆင်တစ်ခုခုမပြေသေးခင်
သုံးလေးရက် စိတ်ချလက်ချ နေနိုင်တယ်
မင်းလိုအပ်တာ သုံးစွဲဖို့ ခေါင်းရင်းမှာ ပိုက်ဆံနည်းနည်းထားခဲ့တယ်
တကယ်လို့ မင်းပြန်သွားလို့ အခန်းကို သော့ခတ်ပြီးရင်သော့ကို
ခြေနင်းခုံအောက်မှာ ထားခဲ့လိုက်ပါ
ကျွန်မ ငိုမိသလား မပြောတတ်ဘူး။ ကျွန်မ အိမ်က ထွက်လာစဉ်ကတည်းက ကျွန်မခန္ဒာကိုယ်ကို ကာကွယ်ဖို့ နေ့ရောညပါ ကြောက်လန့်တကြီး မောပန်းတကြီးအားထုတ်ခဲ့ရတယ်။ ထွက်ပြေးခဲ့ရတယ်။ ပါလာသမျှပိုက်ဆံနဲ့ ကျွန်မ မာန နဲ့
ကျွန်မ နိုင်သလောက် ကာကွယ်ခဲ့ပေမဲ့ လက်မတင်နီးနီး ဘေးဒုက္ခတွေက ကျွန်မ အကြိမ်ကြိမ်လွတ်လာခဲ့သလို အကြိ်မ်ကြိမ်လည်း ကျွန်မ ကြုံနေရဆဲ။ ပြီးခဲ့တဲ့ညကတော့ ကျွန်မဟာအရာရာကို လက်နက်ချလိုက်ပါပြီ။ ကျွန်မမှာ ခုခံကာကွယ်နိုင်စွမ်းရော၊ ကာကွယ်လိုစိတ်ရော၊ အားအင်တွေရော၊ မာနရော ဘာတစ်ခုမှ မရှိတော့ပါဘူး။ မနေ့ညကအထိ ကျွန်မရဲ့ အပျိုစင်ခန္ဒာကိုယ်က အန္တရာယ်အရံအတားဆူးငြောင့်ခလုတ်တွေလည်း ဘာတစ်ခုမှ မရှိတော့တဲ့ညပါ။ ကျွန်မကိုယ်တိုင် ကျွန်မရဲ့ဘဝအသစ်ကို အကဲစမ်းဖိတ်ခေါ်လိုက်တဲ့ညပါ။ အို….လောကကြီးက အံ့ဩစရာကောင်းလိုက်တာ။ အခုလို အကာအကွယ်မဲ့တဲ့အဖြစ်ကျမှ ကျွန်မ ဘယ်လိုလူတွေနဲ့ လာတွေ့နေရပါလိမ့်။ ရှည်ရှည်ဝေးဝေး ကျွန်မ ထပ်ပြီး မစဉ်းစားတော့ပါဘူး။ ကိုယ်လက်သန့်စင်ပြီးတော့ ကျွန်မ မုန့်ဟင်းခါးစားတယ်။ လက်ဘက်ရည်သောက်တယ်။ ပြီးတော့ ပြန့်ကျဲနေတဲ့ စောင်နဲ့ ပုဆိုး၊ အကျင်္ီတွေကို ခေါက်သိမ်းပေးလိုက်တယ်။ ပြီးတော့ ခေါင်းရင်းမှာ ထားခဲ့တဲ့ငွေစက္ကူအတော်များများကို ကျွန်မ ယူလိုက်တယ်။ ဘုရားစင်ရှေ့မှာ အချိန်အတော်ကြာ ကျွန်မ ဘုရားရှိခိုးတယ်။ ပြီးတော့ ကျွန်မ အဲဒီ အခန်းက ထွက်လာခဲ့ပါတယ်။
(၃)
ကျွန်မ ပြန်ရောက်လာရပြန်ပါပြီ။ ကျွန်မ တိုက်ခန်းလှေကားတွေပေါ်ကို အနိုင်နိုင်တက်ရတယ်။ အာခေါင်တွေလည်း ကွဲအက်လုမတတ်ခြောက်ကပ်နေတယ်။ အာခေါင်ထဲ မီးလိုပူနေတယ်။ ပြီးတော့ ရေငတ်တယ်။ အမြင်အာရုံတွေလည်း ဝေဝါးနေတယ်။ သူတို့ အခန်းတံခါးကို ကျွန်မ ခေါက်လိုက်တဲ့အချိန်မှာ ကျွန်မ ပြိုလဲသွားခဲ့တယ်။
“ဟာ ဟေ့ကောင်
ဒီမှာ ဖျားလာတယ်ကွ”
ဆိုတဲ့ အသံတစ်သံကို ကြားလိုက်ရပြီးနောက်ပိုင်း ကျွန်မ ဘာမှ မသိတော့ဘူး။
ကျွန်မ သတိပြန်ရတဲ့အချိန်မှာ ဂစ်တာသံ သဲ့သဲ့နဲ့ ငရုတ်ဆုံထောင်းသံကို တစ်ပြိုင်တည်းကြားရတယ်။
“နိုးလာပြီကွ” ဆိုတဲ့အသံနဲ့အတူ လူနှစ်ယောက် ရောက်လာကြတယ်။
“မင်း မနေ့ညက အတော်ဖျားလာတာ။ ပြီးတော့ ဖိနပ်လည်း မပါလာတော့ဘူး။ ဘယ်လိုဖြစ်လာတာလဲ”
တစ်ယောက်က ကျွန်မကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေတဲ့ပုံနဲ့ မေးတယ်။ ကျွန်မ ငိုတယ်။ ပြီးတော့ အဲဒီနေ့က ကျွန်မတို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ်။
“မင်း နေကောင်းသွားလို့ သွားချင်ရင် ငါ့ဖိနပ်ကိုစီးသွား၊ ဖိနပ်က အောကတ္တီပါအသစ် မစီးရသေးဘူး။ မင်းနဲ့ နည်းနည်းကြီးလောက်ပေမဲ့ စီးလို့ရမှာပါ”
ကျွန်မ သူတို့အိမ်မှာ (၃)ရက်လောက် ဆက်နေပြီး အားအင်တွေ ပြည့်လာခဲ့တယ်။ ပြီးတော့ ကျွန်မ ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါ ထွက်လာတာကတော့ နောက်ဆုံးအကြိမ်ပါ။ ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ဘူး။ ပြီးတော့ ပြီးတော့ ကျွန်မ ရှင်တို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ဖိနပ်ကို တကယ်စီးလာခဲ့တယ်ရှင့်။
(၄)
စီးကရက်တစ်လိပ်ဖွာလိုက်ပြီး ကျွန်မ ဒီဖိနပ်လေးကို ထုတ်ကြည့်နေမိတယ်။ ဟုတ်တယ်။ နေ့လည်က ရှင်တို့နှစ်ယောက်ထဲက တစ်ယောက်ကို မြို့ထဲမှာ တွေ့ခဲ့တယ်။ ကျွန်မ နှုတ်မဆက်ခဲ့ပါဘူး။ နှုတ်ဆက်စရာလည်း မလိုတော့ပါဘူး။ အခု ကျွန်မ အဆင်ပြေနေပြီလေ။ ရှင်တို့ထက်တောင်မှ ကျွန်မ ပိုပြီး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီလိုအဆင်ပြေနေတာကို ရှင်တို့ သဘောကျမယ် မထင်ပါဘူး။ အဆင်ပြေနေတဲ့ ကျွန်မထက် ဒုက္ခရောက်နေတဲ့ ကျွန်မကိုပဲ ရှင်တို့ ပိုသဘောကျမယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ ဖျားနာနေခဲ့တုန်းက ရှင်တို့ ဆုံးမခဲ့တဲ့စကားတွေကိုလား။ ကျွန်မ မေ့လိုက်ပြီရှင့်၊ ဟုတ်ယ်။ ကျွန်မ မေ့ပစ်လိုက်ပြီ။ ဟုတ်တယ် အဲဒီတုန်းက ကျွန်မ ကတိပေးခဲ့ပေမဲ့ အခု ကျွန်မ အကုန်လုံးကို မေ့ပစ်လိုက်ပါပြီ။ အခု ကျွန်မ တိုက်ခန်းတွေနဲ့ မျှားတတ်တဲ့ လူတွေနဲ့ အသားကျနေပါပြီ။ အခု ကျွန်မအတွက် ရှင်တို့ဆုံးမစကားတွေက ပူလောင်တယ်ဆရာတို့ရဲ့။ ရှင်တို့ ဆုံးမ စကားတွေ ဟာ လက်ရှိ ကျွန်မရဲ့ အခြေအနေနဲ့ နားထောင်ဖို့ မကိုက်ညီဘူး။ ဒါကြောင့် ကျွန်မ ပြန်မတွေးတော့ဘူး။ အကုန်မေ့ပစ်လိုက်ပါပြီ။
ရှင်တို့ရဲ့ စိတ်ထားဟာ ကျွန်မတို့အားလုံးကို ကိုယ်စားမပြုပါဘူး။ ပြုလို့လည်းရမှာမဟုတ်ပါဘူး။ ရှင်တို့ကလည်း ကိုယ်စားပြုရအောင် ကျွန်မကို ကြည့်ရှုခဲ့ကြတာ ဟုတ်မယ်မထင်ပါဘူး။ ဒါပေမဲ့ ရှင်တို့ရယ်…..ဖိနပ်အသစ်ပေးတဲ့ရှင်ရယ်ကတော့ ကျွန်မ နှလုံးသားကို အမြဲကိုယ်စားပြုပါတယ်။ ရှင်တို့ ဆုံးမစကားတွေကို ဦးနှောက်က မေ့ပစ်လိုက်ပေမဲ့ နှလုံးသားက သိမ်းထားမိပါတယ်ရှင့်…..။
11 comments
တိမ်တမန်
January 10, 2014 at 7:23 pm
ကျွန်မတော့ အဲ ကျွန်တော်တော့ ဒီအရေးအသားကို အင်မတန်မှ သဘောကျနှစ်သက်မိပါတယ်ရှင် အဲ ခင်ဗျာ
ကိုကမ်းရေ ဗရာဗိုပါ နော့
TNA
January 10, 2014 at 10:27 pm
မမကမ်းဖြစ်တွားဒါလားဟင် 🙄 🙄 🙄 🙄 🙄
padonmar
January 11, 2014 at 12:32 am
ကိုကမ်းရေ
ကောင်းလိုက်တဲ့ လက်ရာ၊
kyeemite
January 11, 2014 at 10:36 am
လက်တွေ့ဘဝတစ်ခုကိုကွက်ကွက်ကွင်းကွင်းမြင်အောင်သရုပ်ဖေါ်ထားချက်..ကောင်းလိုက်တာ ကိုရင်ကမ်းရေ…ခေါင်းစဉ်လေးလည်းကြိုက်တယ်ဗျာ…
ko six
January 12, 2014 at 5:23 pm
ရွာထဲကိုဝင်လာခဲ့ပြီဆိုတော့
ငါ…..
ပေါက်လို့ပဲစားတွေကို
မြစ်ဆိပ်မှာထားခဲ့ပြီ သူငယ်ချင်း
surmi
January 13, 2014 at 9:33 am
ကြိုဆိုပါတယ် ko six
တွေ့ဆုံပွဲမှာ တစ်ဝိုင်းတည်းထိုင်ခဲ့ပြီး
ပထမဆုံး မိတ်ဆွေဖြစ်ခဲ့ရတာကိုလည်း သတိယနေပါတယ် …
ဆရာ six တို့ရဲ့ အနုပညာမြောက်လက်ရာလေးများလည်း မျှော်နေပါပြီနော…..
@ကိုကမ်း
ရဲရဲရင့်ရင့် ရှုထောင့်တမျိုးကနေ ပုံဖော်ထားတာ အလွန်ပဲသဘောကျမကြောင်းပါ။
နောက်ထပ်လည်းစောင့်မျှော်နေပါဦးမယ်နော …
Ma Ma
January 12, 2014 at 6:20 pm
ဒီလိုအရေးအသားမျိုး ထပ်ဖတ်ချင်သေးတယ်။
ဗရာဘိုပါ မစ္စတာကမ်း။
လူ့လောကမှာ အနုပညာလောကမှာ ကမ်းမဝေးပဲ ကမ်းနီးပါစေ…… 🙂
Mr. MarGa
January 13, 2014 at 1:49 pm
ဪ….ကိုကမ်း ကိုကမ်း
တစ်ပုဒ်ဆိုတစ်ပုဒ် ပီပီသသ ပါလား ဗျာ
ဗရာဗိုပါ ဗျို့
KZ
January 13, 2014 at 1:56 pm
အတော်ကြွေတယ်။
ဒီလို အရေးအသားတွေကို။
တီလေးကို သင်ပေးပါ။
sorrow
January 13, 2014 at 2:14 pm
လေးစားပါတယ် ကိုကမ်းကြီးရေ …. ဘယ်လိုရဲရင့်တဲ့အရေးအသားပါလိမ့်
မောင်ဘလိူင်
January 13, 2014 at 5:01 pm
Inspired from true story ဆိုပဲ။ ကြည့်ရတာ ကိုကမ်း ရယ်
အဲဒီတစ်ယောက်နဲ့ ပြန်တွေ့ခဲ့တယ်နဲ့ တူပါ့။
အရေးအသားကတော့ ကဗျာဆရာ ပီသ သဗျာ။