သူများမကောင်းကြံ ……………….. ? အပိုင်း(၂)

San Hla GyiJanuary 12, 20141min47618

(ယခင်လမှ အဆက်)

အခန်း(၆)

ပြန်ခါနီး မစ္စတာလိုကျင်း တယောက် စိတ်ပျက်စွာဖြင့် ရုံးခန်းထဲ ထိုင်နေမိသည်။ ဖြစ်ရပုံက မိမိဌာနမှ ဘူးဆန်းဆိုသော လူငယ် တယောက်ကြောင့် ဖြစ်သည်။ မစ္စတာလိုသည် တခြားဌာနမှ လူများ အတွက်သာ ကြောက်စရာ ဖြစ်နေသော်လည်း မိမိဌာနမှ တပည့်တွေ အတွက်တော့ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို အကာအကွယ် ပေးသလို စောင့်ရှောက် ကာကွယ်ပေးတတ်သည်။

ဒီနေ့ ဖြစ်ရပုံများတော့ မပြောချင်တော့ဟု မစ္စတာလို တွေးနေမိသည်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ရှိသဖြင့် သူ့အနေနဲ့ နေသိပ်မကောင်းတာတောင် ရုံးကို လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ သူဌေးကြီး ကေကေဝမ် အပါအဝင် အခြားဌာနများမှ လူကြီးများနဲ့ ဆွေးနွေးအပြီး အစည်းအဝေး ပြီးခါနီးတွင် မစ္စတာဝမ်က သူ့ကို ပြောစရာရှိလို့ ဆိုပြီး အခန်းထဲမှာ ဆက်နေခိုင်းသည်။ အားလုံး ထွက်သွားတော့မှ မစ္စတာဝမ်က ဝန်ထမ်းရေးရာဌာန မန်နေဂျာဖြစ်သူ မဒမ်ဆူဇန်ကို တိုးတိုးကပ်ပြောကာ အပြင်ခဏ လွှတ်လိုက်လေသည်။

ဆူဇန် ပြန်ဝင်လာတော့ သူတယောက်တည်း မဟုတ်တော့။ သူ့နောက်မှ ဘူဆန်းဆိုသော မိမိလက်ထောက် အင်ဂျင်နီယာ ပါလာလေသည်။ ဘာပါလိမ့်ဟု သူ ဇဝေဇဝါနှင့် တွေးနေဆဲတွင် မစ္စတာဝမ်က စကားစလိုက်သည်။

“မစ္စတာလို အံ့ဩနေသလား ဘာမှ အရေးတကြီး မဟုတ်ပါဘူး။ မစ္စတာလို လက်အောက်က ဘူးဆန်းဆိုတဲ့ ကောင်လေးကို ကျုပ် အခု လစ်လပ်တော့မယ့် တင်ဒါဌာန လက်ထောက်မန်နေဂျာ လီလီရဲ့ ရာထူးမှာ ခန့်ထားချင်လို့ပါ။ သူကိုယ်တိုင်လည်း ဒီနေရာကို စိတ်ဝင်စားတယ်လို့ အဆိုပြုထားတယ်လေ။ နောက်ပြီး သူ ဒီကုမ္မဏီမှာ လုပ်တာလည်း ၃နှစ်လောက် ရှိနေပြီ မဟုတ်လား။ အဲဒါ မစ္စတာလိုကို အခု ကျုပ်တို့ အသိပေးတာပါ။”

မစ္စတာလို အံ့ဩလိုက်တာမှ ပါးစပ်ကြီးတောင် အတော်ကြာကြာ အဟောင်းသား ဖြစ်နေခဲ့သည်။ အခုမှ ချက်ချင်း သိလိုက်ရသဖြင့် တုန်လှုပ်မှု(shock) ပါရသွားခဲ့သည်။ သူထင်ကို မထင်ခဲ့မိ။ ဘူးဆန်းကို ဒေါသနှင့် လှမ်းကြည့်လိုက်တော့ သူဌေးကြီး အလစ်တွင် အသနားခံသည့် မျက်လုံးများနဲ့ သူ့ကို ကြည့်နေတာ တွေ့လိုက်ရသည်။ မစ္စတာလို အားချင်း ပေါ်လာသော ဒေါသစိတ်ကို သတိနဲ့ ပြန်မျိုချရင်း တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

“ဖြစ်ပါ့မလား ဘော့စ်ခင်ဗျာ။ ကျနော့်ကောင်လေးက ပရောဂျက်လုပ်ငန်း အတွေ့အကြုံပဲ ရှိတာ။ တင်ဒါလုပ်ငန်း အတွေ့အကြုံ ရှိတာ မဟုတ်ဖူးနော်။ ဘူးဆန်း မင်းစဉ်းစားဦးနော် ချာတိတ်။” မစ္စတာလို သဌေးကြီးနဲ့ ဆူဇန်ရှေ့မှာ ပြုံးပြီး ပြောလိုက်သော်လည်း စိတ်ထဲကတော့ ကိုယ့်လူကိုယ် အရေခွံပါ ဆုတ်ချင်စိတ် ဖြစ်နေလေသည်။

သူ ဘူးဆန်းအကြောင်း ကောင်းကောင်းသိသည်။ သူ့ ဌာနမှာတောင် အလွန်အမှား များသည်။ သူက အပေါ်မှ မသိအောင် ဖုံးဖုံးဖိဖိနဲ့ သူ့ရဲ့ များပြားလွန်းသည့် လုပ်ငန်းအတွေ့အကြုံများကို လွှာသုံးကာ ဖြေရှင်းပေးခဲ့ရတာ ဖြစ်သည်။ အခုလည်း ဒီကောင် လုပ်နေသော ပရောဂျက် နံပါတ် ၆၄မှာ ကြီးကြီးကျယ်ကျယ် အမှားတွေ ပေါ်နေလို့ မစ္စတာလို ခေါင်းခြောက်ပြီး ဖြေရှင်းဖို့ နည်းလမ်း စဉ်းစားနေရတာ ဖြစ်သည်။ ဒါကို ဒီကောင် ကြောက်ကာ တာဝန်မယူချင်တော့သဖြင့် တင်ဒါလုပ်ငန်းက လွတ်တော့မည့် ရာထူးကို ရဖို့အတွက် သူဌေးကြီးကို ဝင်တွေ့ပြီး နှူးနှပ်လိုက်တာ ဖြစ်ရမည်။

“ဒါက ဒီလိုရှိပါတယ် ဆရာခင်ဗျား။ ကျနော့် အနေနဲ့ ဒီတင်ဒါ မန်နေဂျာရာထူးကို အရမ်းလည်း စိတ်ဝင်စားပါတယ်။ မလုပ်ဖူးပေမယ့် လေ့လာဖူးပါတယ်။ နောက်ပြီး တင်ဒါဌာနနဲ့ ပရောဂျက်ဌာနက လုပ်ငန်းသဘာဝ ကွာပေမယ့် အခြေခံက အတူတူပဲ မဟုတ်လား ဆရာ။” ဘူးဆန်းက သူ့ကိုရော သူဌေးကြီးကိုရော ဆူဇန်ကိုပါ တလှည့်စီ ပြုံးပြီး ရှင်းပြလေသည်။ သူ့ကိုတော့ အသနားခံသည့် မျက်လုံးများနှင့်ပါ လှမ်းကြည့်လိုက်လေသည်။

“ဟုတ်သားပဲ မစ္စတာလိုရဲ့ တင်ဒါအင်ဂျင်နီယာက ပုံတွေဖတ်ပြီး ပရောဂျက်ရအောင် ခန့်မှန်းတွက်ချက်ရတာပဲ။ ပရောဂျက် အင်ဂျင်နီယာကျတော့ ရပြီးသား အလုပ်ကို အဲဒီပုံတွေ ဖတ်ပြီးပဲ အသေးစိတ် အကောင်အထည် ဖော်ရတာ မဟုတ်လား” မစ္စတာဝမ်က သူ့ကို လှမ်းပြောလိုက်သဖြင့် သူစိတ်ပျက်သွားသည်။

“နောက်ပြီး ကျုပ်အနေနဲ့ကလည်း ဒီလိုရာထူးမျိုးကို ကိုယ့်နိုင်ငံသားက ယူထားပြီး ထိန်းချုပ်ထားတာပဲ ဖြစ်စေချင်တယ်။ တကယ်တော့ အခု နောက်ပိုင်း ကျုပ်တို့ အစိုးရရဲ့ ပေါ်လစီကလည်း ဒီလိုပဲ မဟုတ်လား မစ္စတာလို” မစ္စတာဝမ်က သူ့ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

အမှန်တော့ သူကောင်းကောင်း သိသည်။ မစ္စတာကေကေဝမ်ကြီး တယောက် ဖြစ်စေချင်သည့် ဆန္ဒဖက်ကို လုံးလုံးယိမ်းကာ ဆုံးဖြတ်ချက် အမှားတခု လုပ်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်သည်။ ဟိုတလောလေးကပင် စားသောက်ဆိုင်တွင် သူ့ကို ဒီနေ့ခေတ်လူငယ်တွေကို သူ့သားကအစ သူအားမရကြောင်း ပြောခဲ့တာ မှတ်မိသည်။ ရွှေဇွန်းကိုက်ပြီး မွေးလာရသဖြင့် အလုပ်တန်ဖိုးကိုလည်း သူတို့ ငယ်ငယ်ကလောက် နားမလည်တော့ကြောင်း ပြောဖူးတာ မှတ်မိသည်။ တနေ့ကပင် လစ်လပ်တော့မည့် လက်ထောက်မန်နေဂျာ လီလီရာထူးအတွက် ကိုယ့်နိုင်ငံသား လူငယ်များ မရှိသဖြင့် အရေးကြီးလှသော ဒီနေရာကို နိုင်ငံခြားသားတွေ လက်ထဲ ထည့်ရတော့မယ် ဆိုတာမျိုးတွေ သူ့ကို ရင်ဖွင့်ခဲ့သေးသည်။

“မစ္စတာလိုကျင်း ဘာငိုင်နေတာလည်း အဆင်မပြေဘူးလား”

သူဌေးကြီး မေးလိုက်သဖြင့် မစ္စတာလိုကျင်း တယောက် ပစ္စုပ္ပန်အချိန်သို့ ပြန်ရောက်သွားပြီး တပည့် ဖြစ်သူကို လှမ်းကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ ဖြစ်နေတာ တွေ့လိုက်ရသည်။ သူသက်ပြင်း ချလိုက်မိသည်။ ဒီအချိန်မှတော့ သူဌေးကြီးကို မဖြစ်ဘူး ထင်ပါကြောင်း သူ့လူဟာ သူ့လက်အောက်မှာတောင် အလွန်အမှာများပါကြောင်းတွေ ပြောလို့ မလွယ်တော့ပေ။ ပြောရင်လည်း ကိုယ်တပည့် တခါတည်းနဲ့ အလုပ်ပြုတ်ဖို့ပဲ ရှိတော့တာပဲ။

ကဲလေ ကိုယ့်ကွယ်ရာမှာ သူဟာသူ ဘာဖြစ်ဖြစ် ငါ့လက်အောက်မှာ ငါ့ကြောင့်တော့ ဒုက္ခမရောက်ပါစေနဲ့လို မစ္စတာလို တွေးလိုက်သည်။

“အခု ဘူးဆန်းလက်ရှိ လုပ်နေတဲ့ ပရောဂျက်ကတော့ သူလီလီ့ တာဝန်တွေကို လွှဲယူရမယ်ဆိုရင် ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး မစ္စတာလိုကျင်း။ အဲဒီ ပရောဂျက်ကို မစ္စတာလိုကျင်းပဲ ဆက်ကိုင်ထားပြီး အခြားသင့်တော်တဲ့ တယောက်ကို လွှဲပေးလိုက်ရင် ရတယ် မဟုတ်လား။ အဲဒီမှာရော ပြဿနာ တခုခု ရှိသလား” ဆူဇန်က ဖြတ်မေးလိုက်သည်။

သူသိပ်ခက်သွားပေပြီ။ အခုမှတော့ ဘယ်လိုမှ ဒီပရောဂျက်မှာ ပြဿနာ ရှိပါသည်ဆိုတာ ပြောဖို့ မလွယ်တော့။ ပြောရင်လည်း ကိုယ့်လူ တခါတည်း အခန်းထဲက အပြင်ကို မထွက်ခင်မှာပဲ အလုပ်ပြုတ်သွားနိုင်သည်။

“အဲဒီလိုတော့ မရှိပါဘူး ဆူဇန်။ ဒါပေမယ့် ကျနော် ဘူးဆန်းနဲ့ နှစ်ယောက်ချင်းတွေ့ပြီး သူ့သဘောထားကို မေးကြည့်လိုက်ပါဦးမယ် ခင်ဗျာ။ ဘူးဆန်း မင်းညနေ ရုံးဆင်းရင် တန်းမပြန်သွားနဲ့။ အလုပ်ချိန်ပြီးရင် ငါ့ကို လာတွေ့ဦး ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဆရာ”

…………………………………………………..။…………………………………………………………………….

အခန်း(၇)

“ဒေါက် ဒေါက် ဝင်ခွင့်ပြုပါ ဆရာ”

တံခါးဝမှ ခေါင်းပြူကာ တံခါးကို အသာလေး ခေါက်လိုက်သည့် တပည့်ကျော်ကြောင့် မစ္စတာလိုကျင်း အတွေးစများ ပြတ်သွားသည်။ သူ ခေါင်းဆတ်ပြလိုက်တော့ ဘူးဆန်းက အခန်းထဲ ဝင်လာပြီး အခန်းတံခါးကို ပိတ်လိုက်လေသည်။

“ထိုင် ဘူးဆန်း မင်းကို ငါပြောစရာရှိတယ်။ မင်းဘာလို့ တင်ဒါဌာနက လက်ထောက်မန်နေဂျာ ရာထူး လစ်လပ်တာကို မင်းလုပ်ချင်တယ်လို့ သွားပြောရတာလည်း။ မင်း ပရောဂျက် နံပါတ် ၆၄မှာ ပစ္စည်းတွေမှားပြီး မှာထားတာ ငါသိတယ်။ ငါ့အနေနဲ့တော့ ဒါ အခက်အခဲကြီး တခုပေမယ့် ဖြေရှင်းလို့ မရတာတော့ မဟုတ်ဘူး။ ဒီပစ္စည်းတွေကို နောက်လာမည့် ပရောဂျက်တွေ အတွက် သိမ်းထားလိုက်ပြီး လိုအပ်မည့် ပစ္စည်းအသစ်တွေ ထပ်မှာလိုက်မယ်။ အချိန်မီပြီးအောင် တတ်သုတ်ရိုက်ပြီး လုပ်မယ်။ နောက်ထပ် ပရောဂျက်တွေကျမှ အခု တို့လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို လိုအပ်လာရင် ထုတ်သုံးမယ်။ တချိန်မဟုတ် တချိန်ကတော့ လိုလာမှာပဲ။ ငါ့အနေနဲ့ ဘတ်ဂျက်နဲ့ အချိန်ကို လှည့်ကစားလိုက်ရုံပဲ။”

“ကျနော် သူဌေးကြီးကို စကားလွန်နေပြီ ဆရာ။ အခုကျမှ ကျနော် မလုပ်ချင်ပါဘူးလို့ သွားပြောဖို့ မလွယ်တော့ဘူး”

“နောက်ပြီး ကျနော့်အတွက် လစာရော ရာထူးရော တိုးသွားမှာမို့ ကျနော့်ကို ကူညီပါနော် ဆရာ”

မစ္စတာလို စိတ်ရှုပ်သွားသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီကောင်က ကိုယ်မသိခင် ဘော့စ်ဆီသွားပြီး ကြိုးစားချင်ပါသည် ဘာညာနဲ့ နားသွင်းထားပြီးသား ဖြစ်သဖြင့် မစ္စတာဝမ်က စိတ်တော်တော် ပါနေပြီဖြစ်သည်။

“အေးလေ ငါ့အနေနဲ့ မင်းသွားချင်ပါတယ် ဆိုမှတော့ ဘာတတ်နိုင်တော့မှာလည်း။ ဒါပေမယ့် တခုတော့ ရှိတယ်နော် ကောင်လေး။ အဲဒီနေရာကို ရရင် မင်းရာထူးရော လစာရော တိုးသွားမှာတော့ ဟုတ်တယ်။ ဒါပေမယ့် မင်းက မစ္စတာဝမ် မျက်စိအောက်ကို ရောက်သွားပြီနော်။ ငါနဲ့လည်း ဝေးသွားပြီ။ ငါက မင်းကို လိုက်ပြီ ကာကွယ်မပေးနိုင်တော့ဘူး။ မင်း တင်ဒါဌာန အကြောင်းကို တကယ်ရော သိရဲ့လား”

“ကျနော် ကြိုးကြိုးစားစား လေ့လာပါ့မယ် ဆရာ။ နောက်ပြီး တင်ဒါဌာနက လီလီရဲ့ လက်ထောက်တွေက တော်တော် ကျွမ်းကျင်နေပြီပဲ။ ကိုယ်က သူတို့ကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်ပြီး ခိုင်းရမှာပေါ့။ နောက်ပြီး သူတို့ဆီက မသိမသာနဲ့ ပြန်ပညာယူလိုက်ရင် သူတို့ကို အုပ်ချုပ်လို့ ရမှာပါဆရာ။ ကျနော်က ဒီနိုင်ငံသားပဲ။ သူတို့က နိုင်ငံခြားသားတွေပဲဟာ”

အင်း ကိုယ့်လူက အပြောကတော့ လွယ်လိုက်တာလို့ မစ္စတာလို တွေးလိုက်သည်။

“ကဲ ဒါဆိုလည်း သွားပေတော့ ကိုယ်တော်ချော။ တော်ကြာ မင်းရာထူးတိုးမှာကို ငါက မနာလိုဘူးလို့ ထင်နေဦးမယ်။ မင်းထိုက်နဲ့ မင်းကံပဲပေါ့”

“ဟုတ်ကဲ့ ခွင့်ပြုပါဦးဆရာ နောက်လည်း ကျနော်ဆရာ့ကို မကြာခဏ လာတွေ့မှာပါ”

ပြောပြောဆိုဆို ဘူးဆန်း အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ ဟူး ဒီလို ဆိုတော့လည်း လောကကြီးက သာယာနေပါလားလို့ ကျေနပ်စွာ တွေးမိသည်။ ရာထူးတိုးမည့်အပြင် လစာကလည်း ရာခိုင်နှုန်း အတော်များများ တတ်သွားဦးမည်။ နက်ဖြန်ကျရင်တော့ လီလီရဲ့ လူတွေရဲ့ ကိုယ်ရေးဖိုင်တွေကို သေသေချာချာ လေ့လာရဦးမည်။

တကယ်တော့ တတ်ဖို့မလို နပ်ဖို့ပဲ လိုတာပါလို့ ဘူးဆန်းတွေးလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၈)

ညစာကို သီဟ ဖြစ်သလို တိတ်ဆိတ်စွာ စားနေမိလေသည်။ အိမ်မှာလိုတော့ မိသားစု စုံစုံလင်လင်နဲ့ မဟုတ်ပေ။ တခါတရံတော့ အိမ်မှာ အမေ ချက်ကျွေးသော ဟင်း ထမင်းများကို အလွမ်းသားပင်။ အမေက ဟင်းချက်ကောင်းသည်။ အသားငါးများကို ဟင်းကောင်း ကျွေးကောင်း အနေနဲ့ ချက်မှ စားကောင်းသည်မဟုတ်။ တခါတလေ မှိုကန်စွန်းဟုခေါ်သော မြန်မာပြည်မှ စားလိုက်လျှင် ထုတ် ထုတ် ထုတ် ထုတ်နဲ့ မြည်သော မှိုကလေးများကို အသားဟင်းလို ဆီပြန်ချက်သည့်အခါ အသားဟင်းနဲ့တောင် မလဲနိုင်ပေ။ မှိုကို ဆီပြန်ချက်ပြီး ပုဇွန်ကျော့ဟုခေါ်သော ပုဇွန်ပေါက်စကလေးများကို မုန့်နှစ်နဲ့စိမ်ပြီး ကြွပ်နေအောင်ကျော်ပြီး ပဲနီလေးကို ဟင်းချိုချက်ပြီး ကြက်သွန်နီဆီသတ်ကလေး ထည့်ကာ အရည်သောက် လုပ်လိုက်ရရင်လို့ စဉ်းစားမိသည့်အခါ သားရည်တောင် ယိုချင်လာသလိုလို ဖြစ်လာသည်။

“OH GOD! FUCK YOU! FUCK OFF GUYS! YOU KILLED ME! SON OF A BITCH!”

ရုတ်တရက် ဝင်လာသော စူးစူးဝါးဝါး အသံကြောင့် သီဟ အတွေးစများပြတ်ကာ ချက်ချင်း လက်ရှိအချိန်သို့ အသိစိတ် ပြန်ရောက်လာသည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်တော့ အိမ်ရှင်ရဲ့ ကလေးလေးဖြစ်သည်။ ကွန်ပျူတာဂိမ်းဆော့ရင်း ယောင်ယမ်း မြည်တမ်းနေတာ ဖြစ်သည်။ ကလေးလေး ဆိုသော်သည်း သိပ်တော့ မငယ်တော့ပေ။ အသက် ၁၃ နှစ်ခန့်တော့ ရှိပြီ ဖြစ်ပြီး လူပျိုပေါက် မဖြစ်သေးသည့် ကြီးကောင် ဝင်ကာစအရွယ်လေး ဖြစ်သည်။ သီဟ ဒီမှာ စပြီး နေကတည်းက ဒီကောင်လေးကို အမြဲတမ်းလိုလို ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ဂိမ်းဆော့နေတာ တွေ့ရတတ်ပြီး အထက်က ယောင်ယမ်းမှုများကို မကြာခဏ ကြားရတတ်သည်။

စနေခါစတုန်းကတော့ သီဟက ဒီကောင်လေးကို ကိုယ့်ထက် အတော်ငယ်သည့် အရွယ်လေးဟု ထင်မိသဖြင့် တွေ့တိုင်း ပြုံးပြဖို့ ကြိုးစားသည့်အခါ ဒီကောင်လေးက အမြဲတမ်း ကိုယ့်ကို မမြင်သလို ဖြစ်နေတတ်သဖြင့် နောက်ပိုင်း ကိုယ်ကလည်း ကိုယ်ရှိန်သတ်ကာ မသိချင်ယောင်ဆောင် နေလိုက်တော့သည်။ တဖြည်းဖြည်းနဲ့ ဒီကလေးလေး၏ ထောင့်မကျိုးပုံများကို တွေ့လာရသည့်အခါ သီဟကလည်း ခင်ချင်စိတ် သိပ်မရှိတော့။ ကောင်လေးပုံစံ ကြည့်ရသည်မှာ သူ့ကိုယ်သူ မြန်မာဟု ထင်ပုံလည်း မရပေ။

သူ့မိဘတွေ ကြည့်ရသည်မှာလည်း ဒါကိုတောင် ဂုဏ်ယူနေသလိုပင်။ တလောကပင် သူတို့ အသိတယောက် လာလည်တုန်းကတောင် သူတို့သားက မြန်မာလို သိပ်မပြောတတ်တော့ဘူး ဆိုတာကို မိဘနှစ်ပါးရော ကြီးတော်ပါ ဂုဏ်ယူသော မျက်နှာတွေနဲ့ ပြောနေကြတာ တွေ့လိုက်သေးသည်။ ပိုအံ့ဩစရာ ဖြစ်သည်က ထိုနေ့ညနေမှာပင် သူတို့ မြန်မာလို မပြောတတ်ဟု ညွန်းခဲ့သည့် ကလေးက အမေနဲ့ ကြီးတော်ကို ငါပြောတာ မကြားကြဘူးလား နားကန်းနေသလားဟု မြန်မာလို ပီပီသသကြီး မေးသံ ကြားလိုက်ရသည့်အခါ သီဟနားထဲကို တစုံတခု ကန့်လန့်ကြီး ဝင်သွားသလို ခံစားလိုက်ရသည်။ အံ့ဩတကြီးနဲ့ အမေနဲ့ ကြီးတော်ကို လှည့်ကြည့်လိုက်တော့ သူတို့အတွက်တော့ ဒါက နံနက်ချိန်ခါ တေးသံသာကို နားထောင်နေရသလို မျက်နှာပေးတွေ ဖြစ်နေတာကိုလည်း တွေ့လိုက်ရသည်။

အင်း နိုင်ငံခြားကို ရောက်သွားတဲ့ မြန်မာမိသားစုထဲက ကလေးတွေက တကယ့် နိုင်ငံခြားသားအစစ် ကလေးထက် ပိုပြီး နိုင်ငံခြားဆန်သွားကြလေသလားဟု တွေးမိလိုက်သည်။ အင်း ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ ပုံပြင်ထဲမှာတောင် ရွှေနန်းတော်ပေါ်မှာ ငယ်ငယ်ကတည်းက ကြီးခဲ့တဲ့ ဘုရင်က ဆီးသီးကို ဆီးသီးမှန်း သိပေမယ့် ဆီးသီးသည် ဘဝကနေ မိဖုရားကြီး ဖြစ်သွားတဲ့လူက ဆီးသီးကို ဘာဥတွေလည်းလို့ ဖြစ်သွားတတ်တာပဲလို့ မဆီမဆိုင် တွေးလိုက်သေးသည်။

အော် ငါ့မလည်း မဆီမဆိုင် သူများအကြောင်းတွေ တွေးနေလိုက်တာ ဆိုပြီး ပြုံးလိုက်မိသည်။ တကယ်တော့ အခု သူနေသော အခန်းက နဂိုက ဒီကောင်လေး၏ စာကျက်ခန်းဖြစ်သည်။ စာကျက်ခန်း ဖြစ်သဖြင့် သိပ်ပြီး အကြီးကြီးမဟုတ်။ ခုတင်တလုံးထားပြီး စားပွဲခုံလေးတလုံး ထားလိုက်လျှင် ကုတင်နှင့်နံရံကြားတွင် နှစ်ပေအကျယ်ခန့်ရှိသော လူသွားလမ်းလေး တခုသာ နေရာရှိတော့သည်။ ဒါပေမယ့် သီဟက ဒါကို အခန်းကျဉ်းပေမယ့် ပိုကြိုက်သည်။ အခြားအခန်းဖော်နဲ့ ဝေမျှပြီး သုံးရတာ မဟုတ်သဖြင့် ကိုယ်ပိုင် လွတ်လပ်ခွင့် ပိုရှိသောကြောင့် ဖြစ်သည်။

တွေးလက်စ အတွေးများကို လက်စသတ်ပြီး သီဟ ကိုယ်ပိုင်အခန်းလေးထဲသို့ ဝင်ကာ တံခါးပိတ်လိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း (၉)

ဒီနေ့ မနက်ခင်း သူရုံးကို စောစောလာခဲ့သည်။ အမှန်တော့ သူက အလုပ်ထွက်တော့မယ့် လူဖြစ်သည်။ ဒါပေမယ့် ကိုယ်က ဒီလုပ်ငန်းမှာ ဆက်မနေတော့ဘူး ဆိုတာနဲ့ မျက်နှာလွှဲခဲပစ် လုပ်သလို နောက်ဆုံးနေ့တွေမှာ ခွင့်တွေယူ အလုပ်ချိန်နောက်ကျတာမျိုးကို လီလီက လုံးဝမလုပ်ချင်။ နောက်ဆုံး တာဝန်ယူရသည့် အချိန်ထိ တတ်နိုင်သမျှ လုပ်ပေးသွားချင်သည်။

တကယ်ဆိုရင် ကိုယ့်နေရာကို လွှဲယူမည့် ယွီရှောင်က အားလုံးနီးပါး နားလည်နေပြီ ဖြစ်သဖြင့် သူ့အနေနှင့် ဖုံးလေးဆက်ပြီး ဘာဆက်လုပ်လိုက်လို့ ပြောပြီး ခွင့်ယူလို့ ရသည်။ ဒါပေမယ့် သူက အလုပ်ကို စောစောလာကာ လုပ်နေကျ တာဝန်ဝတ္တရားများကို ဆက်လုပ်နေခဲ့သည်။

“ချောင်လီလီ ဘော့စ်က တွေ့ချင်လို့တဲ့” ဝန်ထမ်းရေးရာဌာနက စီနီယာမန်နေဂျာကြီး ဖြစ်သူ မဒမ်ဆူဇန်က လာပြောသဖြင့် နေရာမှထကာ ဘော့စ်အခန်းထဲသို့ သွားလိုက်သည်။ နာရီကို ကြည့်လိုက်တော့ မနက် ၉ နာရီ။

“လီလီ ထိုင် ငါ ပြောစရာ ရှိလို့ပါ။ ဒီလိုကွာ အခု လစ်လပ်တော့မယ့် ညည်းနေရာကို တို့ ပရောဂျက်ဌာနက အင်ဂျင်နီယာ ဘူးဆန်းကို ရာထူးတိုးပေးပြီး တာဝန်ယူခိုင်းမယ် စဉ်းစားထားတယ်။ အဲဒါ နင် သူ့ကို ဒီနေ့ကစပြီး စာရွက်စာတမ်းတွေ လွှဲပေးဖို့နဲ့ တင်ဒါဌာနရဲ့ တွက်ပုံ ချက်ပုံတွေကို အလုပ်မထွက်ခင် သူ့ကို ရှင်းပြလိုက်ပါ။ ဟုတ်ပြီလား”

မစ္စတာဝမ်က အခန်းထဲ သူရောက်ရောက်ချင်း ဆီးပြောလိုက်သည်။

“ဘော့စ် ဘာလို့ ယွီရှောင်ကို တာဝန် မယူခိုင်းတာလည်း။ ကျမအမြင်တော့ ယွီရှောင်က ပိုသင့်တော်မယ် ထင်တယ်။”

“ဒီလို လီလီရာ ယွီရှောင်က အင်ဂျင်နီယာပိုင်း တော်ပေမယ့် အင်္ဂလိပ်စာကျတော့ အားနည်းတယ် မဟုတ်လား။ တို့ဌာနက တခါတလေ အလုပ်အပ်မယ့် ကုမ္မဏီတွေနဲ့လည်း ဆက်သွယ် ပြောဆိုရတဲ့ အခါကျတော့ တာဝန်အရှိဆုံးလူက အင်္ဂလိပ်စာ အားနည်းရင် လုပ်ငန်းရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ်။ နောက်ပြီး တကယ်တော့ ညည်းတောင် ပရောဂျက် အင်ဂျင်နီယာ ဘဝကနေ တင်ဒါဌာနကို ပြောင်းလုပ်ပြီး မန်နေဂျာရာထူးထိ တိုးလာတာ မဟုတ်လား။”

ဒါတော့လည်း ဟုတ်သည်။ သူ မစ္စတာဝမ် ကုမ္မဏီကို စဝင်တုန်းက ပရောဂျက် အင်ဂျင်နီယာရာထူးဖြင့် နှစ်နှစ်လောက်တော့ လုပ်လိုက်သည်။ နောက်မှ တင်ဒါဌာနသို့ အင်ဂျင်နီယာရာထူးဖြင့်ပင် ပြောင်းလုပ်ကာ သူကြိုးစားသဖြင့် ဒီရာထူးအထိ ရလာခဲ့တာ ဖြစ်သည်။ ပရောဂျက် အင်ဂျင်နီယာဘဝက အတွေ့အကြုံတွေကလည်း သူခန့်မှန်းတွက်ချက်ရာတွင် အတော် အထောက်အကူ ပေးခဲ့လေသည်။

ယွီရှောင်တော့ အတော် စိတ်ပျက်သွားမှာပဲလို့ သူတွေးလိုက်သည်။ မတတ်နိုင်ပေ။ နောက်ဆုံး အဆုံးအဖြတ်ကို ပေးသူမှာ သူဌေးကြီးနဲ့ ဒါရိုက်တာအဖွဲ့သာ ဖြစ်သည် မဟုတ်ပါလား။

…………………………………………………..။…………………………………………………………………….

အခန်း (၁၀)

“ဒီအချင်းဝက်ကို ပိုက်ရဲ့ အရှည်နဲ့ မြှောက်ပြီး ဟောဒီကိန်းသေတန်ဖိုးနဲ့ ထပ်မြှောက်ရင် စုစုပေါင်း ဧရိယာရပြီ။ အဲဒါကို ဟောဒီ ဖော်မြူလာထဲကို ထည့်ပြီး တွက်လိုက်ရင် စုစုပေါင်းတန်ဖိုး ရလိမ့်မယ်။ ဘူးဆန်း ငါပြောတာ နားလည်ရဲ့လား”

“ဟင် အင်း အင်း ရတယ် ရတယ် လီလီ ဆက်ပြောပါ”

လီလီက ဖြတ်မေးလိုက်သဖြင့် သူ့အတွေးများပြတ်ကာ လီလီရှင်းပြနေသော ပရောဂျက်တန်ဖိုး တွက်ချက်နည်းများကို စိတ်ပြန်ရောက်လာသည်။ တကယ်တော့ လီလီရှင်းပြနေတာတွေကို သူလုံးဝ မကြားလိုက်။ ဇနီးသည်နဲ့ ရှော့ပင်းထွက်ရင် ဘာတွေ ဝယ်ရမယ်ဆိုတာ တွေးနေမိခြင်း ဖြစ်သည်။ အခု သူဒီဌာနကို ပြောင်းလာပြီး လီလီထံမှ စာရွက်စာတမ်းများကို လက်ခံယူပြီး အလုပ်လွှဲယူရန် လုပ်ငန်းသဘာဝများကို လေ့လာနေတာ တပတ်လောက် ရှိပြီဖြစ်သည်။

အမှန်တော့ စစချင်း နေ့တွေတုန်းက သူ လီလီရှင်းပြတာတွေကို သေသေချာချာ မှတ်သားပြီး နားလည်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါသည်။ အဲဒီမှာ တွေ့လာရတာက သူ ပရောဂျက် အင်ဂျင်နီယာရာထူးဖြင့် လုပ်တုန်းက သေသေချာချာ ကြိုးကြိုးစားစား မလေ့လာပဲ ဆရာဖြစ်သူ မစ္စတာလိုထံမှ နို့သက်ခံစို့လာခဲ့သည်များက အစွမ်းပြလာတော့သည်။ တချို့ဟာတွေကို သူလုံးလုံး နားမလည်။ သူ လီလီ့ကို မေးဖို့ကျတော့လည်း မေးလိုက်သည်နှင့် သူဘာမှ နားမလည်ဘူးဆိုတာ သိသွားမည် စိုးသဖြင့် မမေးပဲ သိသယောင်ယောင် လုပ်နေလိုက်သည်။ အဲဒီမှာ ပိုဆိုးသွားကာ တပိုင်း နားမလည်လိုက်သည်နှင့် ဆက်စပ်နေသော အခြားအပိုင်းများပါ နားမလည်ဖြစ်ကာ သူလုံးဝ မလိုက်နိုင်တော့ပေ။ ဒါပေမယ့် သူကတော့ မျက်နှာအမူအရာ မပျက်စေပဲ ခပ်တည်တည်နဲ့ ဆက်နေလိုက်သည်။

တကယ်တော့ ဘူးဆန်းအနေနဲ့ ဒီဌာနကို အုပ်ချုပ်ဖို့ နည်းလမ်းကို အကြမ်းဖျင်း စိတ်ကူးထားပြီးဖြစ်သည်။ သူ့အနေနှင့်တော့ ထိုနည်းလမ်းကို သုံးရန် ချော့သင့်သည့် လူများကို ချော့ရမည်။ ဖိသင့်သည့်လူကို ဖိရမည်။ လမ်းခင်းကျောက်လို ချနင်းကာ မိမိ အမှတ်ယူသင့်လည်း ယူရမည်ဟု တွေးထားပြီးသား ဖြစ်သည်။ သူ့အနေနှင့် ဘာမှ ပြဿနာမရှိဟု တွေးထားလိုက်သည်။

“လီလီ သီဟက ဒီဌာနမှာ ဘယ်လောက်ကြာပြီလည်း” နေ့ခင်းဘက် လူရှင်းချိန်မှာ သူလီလီကို ကပ်မေးလိုက်သည်။

တကယ်က သူ လီလီ့ကို အကဲစမ်းကာ မေးလိုက်ခြင်းသာ ဖြစ်သည်။ သူ လီလီဌာနမှ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးဖိုင်တွေကို သေသေချာချာ ဖတ်ထားပြီးသား ဖြစ်သည်။

“အော် အဲဒါ ငါနင့်ကို ပြောရဦးမယ် ဘူးဆန်း။ သီဟ ဒီဌာနမှာ အလုပ်လုပ်နေတာ အခုဆို လေးလကျော်လောက်ရှိပြီ။ သူ့ကို နောက်တလကျော်လောက်ကျရင် အမြဲတမ်းခန့် အဖြစ် စာထုတ်ပေးလိုက်ပါ။ သူက ကြိုးစားမှုလည်း ရှိပါတယ်။ ယွီရှောင်တို့ကတော့ သူ့ထက် အတွေ့အကြုံ ပိုရှိတာပေါ့လေ။ ဒါပေမယ့် သူ့ ကြိုးစားမှုနဲ့ဆို ကြာလာတာနဲ့ တဖြည်းဖြည်း တတ်လာမှာပါ။ အမှန်တော့ ငါလုပ်ပေးရမှာပါ။ ဒါပေမယ့် ငါက ထွက်တော့မှာဆိုတော့ နင်ပဲ သူ့ကို အမြဲတမ်းခန့်အဖြစ် စာထုတ်ပေးလိုက်ပါ။ အမြဲတမ်းခန့် ဝန်ထမ်း ဖြစ်သွားပြီဆိုရင် တို့ကုမ္မဏီစည်းမျဉ်းအရ လစာလည်း ၁ဝရာခိုင်နှုန်းလောက် တိုးပေးရတယ်။ အဲဒါလည်း နင်ပဲ လုပ်ပေးလိုက်ပါ”

“စိတ်ချပါ လီလီရဲ့ ငါလုပ်ပေးလိုက်ပါ့မယ်” သူလီလီ့ကို ပြုံးပြောလိုက်ပြီး လီလီ ဟိုဘက်လှည့်လိုက်တော့မှ သူမမြင်အောင် နှုတ်ခမ်းများကို တွန့်ကာ ပြုံးလိုက်လေသည်။ ငါဘာလုပ်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့ကွာလို့လည်း စိတ်ထဲမှ ကြုံးဝါးလိုက်လေသည်။

18 comments

  • ဆုမြတ်မိုး

    January 13, 2014 at 8:46 am

    ကောင်းခန်းမှာရပ်သွားပြီ…ဆက်တင်ပါရှင့်..
    အားပေးနေပါတယ်

    • San Hla Gyi

      January 13, 2014 at 7:59 pm

      လူသစ်လို့ ထင်ပါတယ်နော်။ အားပေးတာ ကျေးဇူးပါ။ ကောင်းခန်းမှာ ရပ်သွားတာကတော့ ကျနော် တမင်ရပ်ပစ်တာ မဟုတ်ပါဘူး။ အဲဒီအထိပဲ ရေးရသေးလို့ပါ။
      နောက်အပိုင်း ဆက်တင်ပေးပါ့မယ်။

  • ဦးဦးပါလေရာ

    January 13, 2014 at 11:41 am

    ဇာတ်​ဆုံးမှ ကွန်​မန်​့​ရေး​တော့မယ်​
    ​စောင်​့ဖတ်​​နေမယ်​ဗျို့

    • San Hla Gyi

      January 13, 2014 at 8:01 pm

      ဦးဦးပါလေရာရေ
      မတွေ့တာတောင် ကြာပြီနော်။ ဒီဇတ်လမ်းက ရသဆန်တဲ့ သဘောမျိုး ရေးထားတော့ ကွန်မန့်ရေးဖို့တော့ နည်းနည်း ခက်ပါတယ်။ ဇတ်လမ်း ပြီးသွားရင်တော့ ကိုယ့်အမြင် ကိုယ့်အတွေး ဒီစာကိုဖတ်ပြီး ရတဲ့ သင်ခန်းစာလေးတွေကို ရေးလို့ရမှာပါ။ စောင့်ဖတ်မယ်ဆိုလို့ ကျေးဇူးပါ။

  • KZ

    January 13, 2014 at 2:56 pm

    အမြင့်ရောက်ချင်တဲ့စိတ်ကို ခွင့်လွှတ်လို့ရပေမဲ့ သူများကို နင်းတက်ချင်တာတော့ မကောင်းဘူးပေါ့နော်။
    အကျိုးပေးကို ဆက်စောင့်ဖတ်ပါ့မယ်လို့။

    ဒါနဲ့ ရေးပုံကို ကြည့်ရတာ…..
    ဦးစံလှကြီး ဟင်းကောင်းကောင်းစပ်တတ်ပုံရတယ်။။
    ဟီးဟီးးး

    😀

    • Mr. MarGa

      January 13, 2014 at 4:05 pm

      ထမင်းဆိုင် ပြန်ဖွင့်မလို့များလားဟင်
      ထိပ်ဆုံးက နေရာယူထားမှ :mrgreenn:

    • San Hla Gyi

      January 13, 2014 at 8:26 pm

      မ KZ ရေ
      ဟင်းစပ်တတ်တယ်လို့တော့ မဟုတ်ပါဘူး။ ရေးနေရင်းနဲ့ စားချင်တာကို သတိရလို့ ထည့်ရေးလိုက်တာပါ။

      • Ma Ma

        January 14, 2014 at 4:44 pm

        အဲဒီစားချင်တာတွေ ရေးပေးရင်ပဲ ဆွိထမင်းဆိုင် ဖွင့်လို့ရပြီ။ 🙂

  • Mr. MarGa

    January 13, 2014 at 4:21 pm

    ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့ အလုပ်ရှင်
    အကွက်ကောင်း ချောင်းနေတဲ့နိုင်ငံသား
    နောက်ကြောင်းသိပေမင့် ဆရာတပည့် သံယောဇဉ်နဲ့ မျက်နှာလွှဲလိုက်တဲ့ အထက်အရာရှိ
    အင်းးး ဆုံတော့ ဆုံနေပြီ
    ပတ် မွှေဖို့ပဲ ကျန်တော့တယ်။
    နောက်တစ်ခန်း မျှော်နေပြီဗျို့

    • San Hla Gyi

      January 13, 2014 at 8:29 pm

      Mr. Ma Ga ရေ
      နောက်တပိုင်း စောင့်ဖတ်မယ်ဆိုလို့ ကျေးဇူးတင်ကြောင်းပါ။ တကယ်တော့ ဒါတွေဟာ လူ့စိတ်သဘာဝတွေပါပဲ။

  • Ma Ma

    January 13, 2014 at 4:55 pm

    လောကလူ့ဘုံရဲ့ ရှုပ်ထွေးပွေလီသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပေ့ါ။
    ဘူဆန်းဘက်ကတွက်တော့ သူလည်းလေ လောကီသားပေမို့ တဲ့။
    ဘဝတိုးတက်ရေးအတွက် သူများနိုင်ငံသွား အလုပ်လုပ်ရတဲ့ သီဟအတွက် ကံကြမ္မာက မျက်နှာသာပေးပါ့မလားလို့ ရင်လေးမိပါရဲ့။ 🙁

  • San Hla Gyi

    January 13, 2014 at 8:40 pm

    ဟုတ်တယ် မမရေ
    တကယ်တော့ ဒီဇတ်လမ်းကို ကာယကံရှင်က ကျနော့်ကို ပြောပြတာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ထဲကပါ။ အဲဒီကတည်းက ဒါကို ဝတ္ထုတိုရေးကြည့်မယ်လို့ စဉ်းစားခဲ့တယ်။ သူ့ကိုလည်း အဲဒီလိုမျိုး ရေးဖြစ်ချင် ရေးဖြစ်မယ်လို့တောင် ပြောခဲ့တယ်။ အမှန်တော့ ဇတ်လမ်းကျောရိုးက သူပြောပြတဲ့ သူ့ခံစားချက်တွေအတိုင်း မပြောင်းပါဘူး။ အဲဒီတုန်းက သူအားငယ်ခဲ့ရတာတွေ ရှက်ခဲ့ရတာတွေ စိတ်ညစ်ခဲ့ရတာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားမှုတွေအတိုင်း ထည့်ထားပါတယ်။ ဇတ်ကွက် ဇတ်လမ်းကတော့ ကျနော့်ရဲ့ ဖန်တီးမှုပါ။ သူပြောပြတုန်းကတော့ ဇတ်လမ်းက အကြမ်းထည်ပါပဲ။ အဲဒီအပေါ်မှာ ကျနော် ထည့်ထားတဲ့ ဇတ်ကွက်ကလည်း တကယ်တော့ သူပြောပြတဲ့ အခြေအနေအပေါ် မူတည်ပြီး အနီးစပ်ဆုံးတူအောင် နောက်ပြီး လူ့စိတ်သဘာဝတွေကိုလည်း မြင်ရအောင် ထည့်ထားတာပါ။ တကယ်တော့ ဒီလို အဖြစ်တွေဟာ တကယ့် လူ့လောကထဲမှာ အလုပ်ပတ်ဝန်းကျင်ထဲမှာ အခန့်မသင့်ရင် ကြုံရနိုင်တဲ့ အခြေအနေတွေပါ။ တကယ့် လူ့လောကကလည်း မှန်တယ်ဆိုတဲ့ လူလည်း အသာရချင်မှ ရတာ မဟုတ်လား။
    ကံကြမ္မာကတော့ ပြောရရင် အများကြီးပဲ။ အခုတော့ ဒီအပိုင်းမှာ သိပ်မပြောချင်သေးဘူး။ တကယ်တော့ ကံကလည်း လူကပဲ လုပ်တာပါ။

  • surmi

    January 14, 2014 at 9:16 am

    အသံတိတ်​ဖတ်​​နေရာက အသံ​ပေးတာပါဗျို့…
    မကြာမ​နှေး အမြန်​သာ​ရေးပါ​တော့ကိုယ်​့ဆရာရယ်​.. 🙂
    အခန်​းဆက်​​ရေးရခြင်​း ဒုက္ခ ကိုလည်​းသ​ဘော​ပေါက်​ပါတယ်​ …

    • San Hla Gyi

      January 14, 2014 at 8:20 pm

      ကိုဆာမိရေ
      အားပေးတိုက်တွန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ အမှန်တော့ ကျနော်လည်း အမြန်ရေးချင်ပါတယ်။ ဖြစ်တာက ကိုယ်က အားတဲ့အချိန်လေးမှာ လုပြီး ရေးရတာရယ် အဓိကက သူများဇတ်လမ်းကို ကျနော်က ဇတ်ကောင်တွေ ဖန်တီးပြီး စီစဉ်ရတာဆိုတော့ ရေးချင်သလောက် မြန်မြန် ရေးလို့မရပဲ မဆိုင်တဲ့ ဇတ်ကောင်က မဆိုင်တဲ့ နေရာမှာ ဝင်ပါနေတာမျိုး မဖြစ်အောင်လည်း စဉ်းစားရလို့ပါ။

  • Novy

    January 14, 2014 at 2:03 pm

    ဒုတိယပိုင်းကိုလည်းအားပေးသွာတယ်
    သူများမကောင်းကြံရင်တော့ ကိုယ်အရင်ဘေးဒဏ်ထိတက်ပါတယ်

    • San Hla Gyi

      January 14, 2014 at 8:24 pm

      မ Novy ရေ
      စကားပုံကတော့ အဲဒီအတိုင်းပဲပေါ့နော်။ ဒါပေမယ့် တခါတလေ ကာယကံရှင်က လုံ့လစိုက်ထုတ်မှု မရှိရင်တော့ စကားပုံအတိုင်း မဖြစ်တော့ပဲ ခံရဖို့ ရှိတာပေါ့။ အဓိကက လူရဲ့ လုံ့လဝီရိယက အဓိကပါ။

  • ဦးကျောက်ခဲ

    January 14, 2014 at 2:17 pm

    ကိုရင်စံလှကြီးရေးမှ အတိတ်ကိုသတိရသွားပြီ…
    စင်ကာပူမှာ အလုပ် လုပ်တုန်းက သူဋ္ဌေးရဲ့တူကိုအလုပ်သင်ပေးလိုက်တာ…
    သင်းကထုံးစံအတိုင်း အပေါ်ရောက်သွားတော့ ကိုယ့်ပြန်ကြပ်တာမခံနိုင်လို့…
    အလုပ်ပျောင်းဖူးသဗျား… ကိုယ့်ထက်သာရင် ထားပါတော့…
    ဘယ့်နှယ်… ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်…
    🙂

  • San Hla Gyi

    January 14, 2014 at 8:27 pm

    ဦးကျောက်ခဲရေ
    ဒီလို ကိစ္စတွေကတော့ ဘယ်နိုင်ငံမှာမဆို လူတွေ ရှိနေသမျှ ဒါတွေ ရှိနေဦးမှာပါ။ ကျနော်ဆို မြန်မာနိုင်ငံမှာတောင် တွေ့ဖူးသေးတယ်။ တချို့လူတွေတော့ မွေးရာပါ အကျိုးပေး ကောင်းတယ်ပဲ ဆိုရမလား အလုပ်စလုပ်ကတည်းက ပံ့ပိုးမယ့် မစမယ့် လူကြီးသူမတွေနဲ့ တွေ့တယ်။ အခွင့်အရေးတွေလည်း ရတယ်။ တချို့ကျတော့လည်း ဘေးကတမျိုး အောက်ကတမျိုး အပေါ်ကတမျိုး တိုက်ခိုက်မယ့် လူတွေနဲ့လည်း တွေ့ရတတ်ပါတယ်။ သင်ခန်းစာပေါ့ဗျာ။

Leave a Reply