ကိုယ်ရွေးချယ်ရာဘဝသာ ( ၂ )……Choice!!!!!!!!!
ဂဇက် ရွာသူား…အဲ..အဲ…မြို့သူမြို့သားအပေါင်းသူတော်ကောင်းတို့….မင်္ဂလာပါဗျာ
ကျုပ် က ဂဇက် မြို့သူသားအပေါင်း ဖတ်ရှုခံစားပြီး တွေးတော သင်ခန်းစာ
(မိမိရှုမြင်တဲ့ ဒေါင့်ကနေ)ယူချင်သလိုယူနိုင်ရန်အတွက်နဲ့…အခုတလော မိသားစု
ပြသနာလေးတွေချည်းဆုံကြုံနေရသမို့ ဒီစာစုလေးတွေရေးဖြစ်တာပါ….
ဒီတစ်ခေါက် ပြောပြချင်တဲ့ အကြောင်းလေ်းကတော့ ကျုပ်ရဲ့ ညီ `အတူး´အကြောင်းလေးပါ…
သူကတော့ ကျုပ်တို့ ညီကိုမောင်နှမတွေထဲမှာ…နံပါတ် ၆ ညီတော်မောင်ပါပဲ…ကျုပ်က နံပါတ် ၄ ပါ ။
သူငယ်ငယ်က အရမ်းချစ်ဖို့ကောင်းပါတယ်…ကျုပ် အရင်နေ့ကတင်တဲ့ ပို့စ်က မောင်နှမတွေပုံမှာ ဒီကောင်က ညာအစွန်က မှုံကုတ်ကုတ်၊ ပါးဖေါင်းဖေါင်း နဲ့ ချာတိတ်ပေါ့…
အခုနေအခါ သူ့သတင်းကြားလို့ ဒေါသထွက်စရာပေါ်လာရင်. .အဲဒီဓါတ်ပုံဟောင်းလေးထုတ်ကြည့်လိုက်ရင်..ကျုပ်ဒေါသတွေ
စိုးရိမ်မှုတွေပြေသွားတတ်တယ်ဗျ…..
သူ့ကို မွေးတော့ တုတ်တုတ်ခဲခဲနဲ့ တကဲ့ချစ်စရာကြီးဗျာ…ကျုပ်ဆိုသူ့ကို အရမ်းချစ်တာ…
သူ့ကျောင်းနာမည်က တခြားပါ…ဒါပေမဲ့ ငယ်ငယ်ကချစ်စနိုးနဲ့ `တူးတူးလေး´
`ပူတူးလေး´ လို့ခေါ်ရာကနေ..တဖြည်းဖြည်း `အတူး´ ဆိုတဲ့ငယ်နာမည်သာတွင်ခဲ့ပါတယ်…
အိမ်ကတင်မဟုတ်..တစ်တပ်လုံး၊ တစ်ရပ်လုံးကလည်း `အတူး´ လို့ပဲ ခေါ်ကြတယ်
ကျောင်းနာမည်တောင် တော်ရုံလူမသိ။
အင်း…ဒီနေ့ထိ ကျုပ်စဉ်းစားနေမိတယ်…ဒီနာမည်ကြောင့်များ တူးတူးခါးခါးဆိုးသွားတာလားလို့…….
ဒီလိုဗျ….သူသိပ်ငယ်တုန်းကတော့ ချစ်စရာကောင်းတာလေးပဲမှတ်မိတယ်
အဲ..သူ့ကိုကျောင်းစထားတော့…ကျုပ်က လေးတန်းမှာပေါ့…မှတ်မှတ်ရရ အဖေ ကျောက်ဖြူမှာတာဝန်ကျနေတုန်းကပေါ့…
ကျောင်းစထားတော့ ထုံးစံအတိုင်း ငိုတာပေါ့…သူ့ကိုအတန်းထဲသွင်းပြီး အတန်းကထွက်မယ်လုပ်ရင် `ကိုသောင်း..မသွားနဲ့..အခန်းဝမှာစောင့်နေ´ ဆိုတော့
ကျုပ်မှာသူအငိုတိတ်တဲ့အထိစောင့်ပြီး ပြူတင်းပေါက်ကနေမျက်နှာပြပေးနေရတယ်…
ဆရာမသင်တဲ့စာတွေပေါ် သူစိတ်ဝင်စားသွားပြီး… သူငြိမ်သွားတော့မှ ကိုယ့်အတန်းကို ကမန်းကတမ်းပြေးရတယ်…အတန်းရောက်ရင်နောက်ကျလို့ ဆရာမအပြစ်ပေးတာကျုပ်အမြဲခံခဲ့ရတယ်….တခြား အကိုအမတွေ တစ်လှည့်ပို့ခိုင်းပြန်တော့လည်း မရဘူး..ကိုသောင်းနဲ့မှတဲ့ မခက်လား..အဲလိုနဲ့
`အတူး´ဆိုတဲ့ကောင်လေး ရဲ့ ပညာရေး ဘဝကို စခဲ့ပါသဗျာ…
ကျုပ်တို့အဖေလည်း ဟိုပြောင်း ဒီပြောင်းနဲ့ မြန်ပြည်တခွင်လှည့်လယ်လာလိုက်တာ
နောက်ဆုံးတော့ ကျုပ်ဆယ်တန်း တတိယနှစ် မန်းလေးမှာဖြေပြီးတဲ့နှစ်…
အဖေ ရန်ကုန်၊ မင်္ဂလာဒုံကတပ်ကိုပြောင်းခဲ့ရပါလေရော…ကျုပ်ဘဝအတွက်လည်း
အလှည့်အပြောင်းပေါ့…..ကျုပ်ကဆယ်တန်းအောင်..ဒေသကောလိပ်တက်…
ကျုပ်ရဲ့ ဇတ်လိုက်ကျော်ကြီး `အတူး´ ကတော့ ၈တန်းပေါ့….
ကျုပ်ဒေသကောလိပ် ၂ နှစ်ပီးလို့ RIT တတိယနှစ်စတက်တော့…အတူးက
၈တန်း ၂ နှစ် ပျော်ပျော်ကြီးကျပြီးနေပီ…ကျုပ်လည်းဒီကောင့်ကိုချစ်တော့..
သူ၈တန်းကမှလွတ်သွားရင်…အဆင်ပြေသွားမှာလို့ စဉ်းစားမိလို့ စာသင်ပေးဖို့ ကျုပ်ကြိုးစားကြည့်သေးတယ်..ဒါပေမဲ့ ညီကိုချင်းဆိုတော့ ဒီကောင်က
မလေးစားဘူး…အင်းလိုက်..အဲလိုက်နဲ့..အလုပ်မဖြစ်ဘူး…ပြောမရတော့
ကျုပ်ဒေါသတွေထွက်ရော…ခရီးမပေါက်ဘူးဆိုပါတော့…. ဒါနဲ့ပဲ သူငယ်ချင်း
တစ်ယောက်ကိုအပူကပ်ပြီး ဒီကောင့်ကို စာသင်ခိုင်းပါတယ်…အလကားမတ်တင်းပေါ့
အင်း…ဒီလိုနဲ့လိမ်ဖယ်ဖယ်တီးလာလိုက်တာ…ကံအားလျှော်စွာ အဲဒီ ၈တန်း
တတိယနှစ်မှာအောင်ပါလေရော…ကျုပ်ဆိုဝမ်းသာလိုက်တာ မပြောပါနဲ့…
အဲ..ကိုးတန်းတက်တော့ …စဗွေဖေါက်လာတော့တာပဲ…ကျောင်းတက်ရင်း
၁ဝတန်းကကောင်မလေးတစ်ယောက်နဲ့ကြိုက်တယ်(သူ့သူငယ်ချင်းတချို့ပြောပြလို့သိရတာပါ)
နှစ်ဝက်လောက်ကျတော့ ၁ဝတန်းကျောင်းသားတချို့နဲ့ ကောင်မလေးကိစ္စနဲ့ပါတ်သက်ပြီး
ရန်ဖြစ်ကြတယ်…အိမ်ကို အတူးရဲ့သတင်းချက်ချင်းရောက်လာတယ်..ဒါးထိုးမှုဖြစ်လို့တဲ့…
တော်သေးတယ်…တဖက်လူမှာ လက်မောင်းကိုပဲရှပ်ထိုးမိတာ..ဒဏ်ရာကသိပ်မများလို့..
အဖေ ကျောင်းလိုက်သွားပြီး ကျောင်းအုပ်ကြီးရော…ခံရတဲ့ကောင်လေးမိဘတွေရော
မနဲတောင်းပန်လို့…အမှုအခင်းတွေမဖြစ်လိုက်ပဲပြီးသွားတယ်…ဒါပေမဲ့
ကျောင်းတော့ တခါထဲထုတ်လာခဲ့လိုက်ရတယ်…နို့မို့ဆိုလဲ ကျောင်းကထုတ်ပစ်တော့မှာလေ…
နောက်တကျောင်းပြောင်းထားမယ်ပြောတော့ ကိုတော်က မတက်ချင်တော့ဘူးတဲ့…
ဒီလိုနဲ့ အတူးရဲ့ပညာရေးဆုံးခန်းတိုင်ခဲ့တယ်…
အိမ်မှာ အိပ်လိုက်စားလိုက် နေရာကနေ တစ်နေ့ပျောက်သွားပါလေရော…သူတင်မဟုတ်
ဦးလေးတစ်ယောက် လက်ဆောင်ပေးထားတဲ့ ကျုပ်ရဲ့နေကာမျက်မှန်လေးရယ်၊ တကက္ကသိုလ်တက်တော့မှ အဖေ ခြစ်ချုပ်ပီး ဝယ်ပေးထားတဲ့ ကျုပ်ရဲ့ “ပိုးမား” နာရီလေးရယ်၊
မဝတ်ရက်လို့သိမ်းထားတဲ့ အင်းကျီအသစ်နှစ်ထည်ရယ်ပါ ပျောက်သွားတာပါ…
အမေ့ ပိုက်ဆံအိပ်ထဲကလည်း ဘယ်လောက်ပါသွားလေတယ်မသိ…..
ရ ရက်လောက်နေတော့မှ ကိုယ်တော်ချောပြန်ရောက်လာတယ်….
တစ်ယောက်ထဲတော့မဟုတ်…ခိုးပြေးလာတဲ့ ၁ဝတန်းက ကောင်မလေးနဲ့
ကျုပ်ပစ္စည်းတွေလည်းတစ်ခုမှပါမလာ..ရောင်းစားလိုက်ပြီတဲ့…ကောင်းရော။
ဖြစ်ပီးမှတော့ အဖေတို့လည်း ကောင်မလေးမိဘတွေကိုဆက်သွယ်…ပြန်အပ်ဖို့၊
မင်္ဂလာဆောင်ဖို့လုပ်ရတော့တာပေါ့..ကောင်မလေးအဖေကလည်း စစ်မှုထမ်းပါပဲ
သူ့သမီးအသက်ငယ်သေးတော့ နှမြောပေမဲ့ ရ ရက်လောက်
ယောက်ကျားနဲ့အတူနေပြီးနေပီဆိုတော့…လက်ခံလိုက်ရတာပါပဲ။
ဒီလိုနဲ့ အိမ်မှာ လူများရတဲ့အထဲ လူဦးရေကတိုးလာသေးတယ်…
ဆယ်တန်းတွေ စာမေးပွဲနီးတော့ ကောင်မလေးက ဖြေချင်သေးသတဲ့..
ဖြေပေါ့လေ…ဒါပေမဲ့ ဗိုက်ကြီးနဲ့ ကောင်မလေးတစ်ယောက် ကလေးလို
စာအော်ကျက်နေတာမြင်ရတာတော့ အတော်ကိုးရိုးကားယားနိုင်သားဗျာ…
အလုပ်မရှိ မိန်းမအိမ်ပေါ်ခေါ်လာတဲ့ အတူးအတွက်လည်း စဉ်းစားရပြန်တာပေါ့
မကြာခင်ပဲ ကလေးအဖေဖြစ်တော့မယ်…ဆိုတော့…ထုံးစံအတိုင်း တပ်ထဲသွင်း
ဒါမှမဟုတ် ရဲထဲဝင်ပေါ့…ကိုယ်တော်ချောက ရဲထဲဝင်မတဲ့…ဒါနဲ့ ရဲထဲသွင်း
ဖို့စီစဉ်ရတာပေါ့…၈ တန်းလောက်နဲ့ အပြင်မှာဘာလုပ်စားမှာလည်း…
အဲဒီတော့..လူပျိုပါလို့ လိမ်ပြီး ရဲ ထဲကို သွင်းပေးလိုက်ပါတယ်…
အခြေခံသင်တန်းသွားတော့ သေချာမှာလိုက်တယ်…ကြိုးစားဖို့ပေါ့
ဒါမှ နေပြည်တော်ရဲ တို့ မော်တော်ပီကေ တို့ရမှာကိုး…ညံ့ရင်တော့
လုံထိန်းတို့ မီးသတ်တို့ရောက်သွားတတ်လို့လေ…ညီတော်မောင်က
တော်ရှာပါတယ်…သင်တန်းဆင်းတော့ လုံထိန်းရောက်သတဲ့…ကတောက်စ်…
သူ့မိန်းမကတော့ အိမ်မှာ ကလေးတွဲလောင်းနဲ့…ဆယ်တန်းလည်းမအောင်ပါဘူး။
အတူးရဲသင်တန်းဆင်းတော့ တပ်သားသစ်အဖြစ် မြောက်ဥက္ကလာက လုံထိန်းတပ်ရင်းမှာတာဝန်ကျတယ်…အဲဒီအချိန် တိုင်းပြည်မှာလည်း
၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဝက်ဝက်ကွဲဖြစ်နေပြီ…အစိုးရ ယန္တယားပျက်၊
ရုံးလုပ်ငန်းတွေရပ်လို့ ကျုပ်တောင် အိမ်ပြန်နားနေတဲ့အချိန်ပေါ့…
သူတာဝန်ကျတဲ့ မြောက်ဥက္ကလာဖက်က ပိုတောင်ဆိုးသေး…ခေါင်းတွေဖြတ်
ရဲတွေသတ် ဖြစ်နေတဲ့အချိန်လေ…တအိမ်လုံးလည်း အတူးအတွက် စိုးရိမ်နေကြတယ်…
တညတော့ အတူး အိမ်ကို ပေါက်ချလာတယ်…အရပ်ဝတ်နဲ့ပဲ…
သူတို့စခန်းနားမှာအရမ်းအခြေအနေဆိုးနေပြီတဲ့…အချိန်မရွေး စခန်းကျသွားနိုင်တယ်တဲ့..
ဒါကြောင့် သူပြေးလာတာပြောတယ်…ဟုတ်တယ်…ကျုပ်တို့လည်းနေ့တိုင်းသတင်းတွေကြား
နေကြတာဆိုတော့..အခြေအနေအေးတဲ့အထိ နေပေါ့ အိမ်မှာ……….။
အဲ…စစ်တပ်က အာဏာသိမ်းပြီး ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြဖို့ကြေငြာတော့
ကျုပ်လည်း ကျုပ်အလုပ်ရှိရာ ဖျာပုံပြန် အလုပ်ဝင်၊ အတူးလည်း သူ့တပ်စခန်းပြန်ပေါ့
အဲဒီမှာ အတူးပြသနာဖြစ်ပါလေရော…
ဟိုရောက်တာနဲ့ သူ့ကို တပ်ပြေးဆိုပြီးဖမ်းထားပါလေရော…ဟုတ်တယ်လေ..သူတို့က
လက်နက်ကိုင်အဖွဲ့အစည်းကိုး…ဒီကောင်ထောင်ကျတော့မယ်
အဖေ့ခမျာ မနေသာ…ဆေးတပ်က အသိ ဗိုလ်မှုးတစ်ယောက်ဆီသွား၊ အကြောင်းစုံရှင်းပြပြီး
အကူအညီတောင်းတော့ ဆေးထောက်ခံစာရလာတယ်…ပြီးခဲ့တဲ့ တစ်လအတွင်းတိုက်ဖွိုက်
ဖြစ်လို့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေရပါတယ်ပေါ့…အဲဒီထောက်ခံစာလေးကိုင်ပြီး
အဖေ လုံထိန်းတပ်ရင်းမှုးနဲ့သွားတွေ့…အိမ်ကိုခဏပြန်လာရင်း တိုက်ဖွိုက်ဖြစ်လို့ဆေးရုံ
တင်ထားရတဲ့အကြောင်း၊ အခြေအနေတွေကလည်း တနေရာနဲ့တနေရာသွားလာဖို့အလွန်ခက်
နေချိန်မို့ တပ်ရင်းကိုသတင်းပို့ဖို့ ပျက်ကွက်ခဲ့တာဖြစ်တဲ့အကြောင်း…
တော်တော်အသနားခံရှင်းပြ ခဲ့ပါတယ်။နောက်တစ်ပါတ်လောက်ကြာမှ ခုံရုံးဖွဲ့စစ်ဆေးပြီး ရဲထဲက ထုတ်ပစ်လိုက်ပါတော့တယ်..
ထောင်မကျလို့တော်သေးတယ်ပဲမှတ်ရတာပေါ့…
အတူးတစ်ယောက် အလုပ်လက်မဲ့ ရဲပြုတ်ဘဝနဲ့ အမေတို့ အိမ်မှာသောင်တင်ပြန်တာပေါ့…
အဲလိုနေလာရင်းနဲ့ အမကြီးကို နေ့စဉ် နားပူနားဆာလုပ်တယ်…အရင်းအနှီးထုတ်ပေးဖို့ပေါ့
သူ ဆီ(ဓါတ်ဆီ၊ဒီဇယ်) အရောင်းအဝယ်လုပ်မတဲ့…အမကြီးကလည်း သူ့ဇကိုသိတော့
ရှိစုမဲ့လေးထုတ်မပေးရဲ….နောက်တော်တော်နားမခံသာလာတော့…လုပ်ကြည့်ပါစေလေ
သူလည်းကလေးအဖေဖြစ်နေပြီ…ဘဝကိုသဘောပေါက်လောက်ပါပြီဆိုပြီး…ထုတ်ပေးလိုက်
ပါရော…ပထမ တစ်လ နှစ်လ လောက်တော့မဆိုးဘူးဆိုပဲ…
အိမ်ကိုငွေလေးဘာလေးပြန်ပေးလို့…သူ့မိန်းမလည်း ဝမ်းတွေသာလို့ပေါ့…တစ်နေ့ကျတော့ အထူးစီမံချက်ဆိုလား ဘာဆိုလား…
မှောင်ခိုဆီတွေဝင်ဖမ်းတာ..သူ့သူငယ်ချင်းအိမ်မှာလှောင်ထားတဲ့ဆီ အကုန်ပါသွားပါလေရော
သူ့သူငယ်ချင်းကတော့ အဖမ်းမခံရဘူး၊ ငွေပေးလိုက်လို့ ပိုင်ရှင်မဲ့ဆီအဖြစ်ပဲ သိမ်းသွားဆိုပဲ..
သံသယတော့ရှိစရာပဲလေ…ဒါပေမဲ့ ဘာတတ်နိုင်မှာလည်း..ကုန်ပြန်ပြီပေါ့…
အမကြီးခမျာ သူ့ပိုက်ဆံလေးနှမြောလို့ မျက်ရည်တောင်ကျတယ်…ကိုရွှေတူးကတော့
အိမ်မှာဂစ်တာတဒေါင်ဒေါင်နဲ့ လယ်ယာပြန်စားရေးလုပ်ပေါ့….ဒွတ်ခ
ဒီလိုနဲ့နေလာရင်း အဖေ့ခမျာ အတူးရှေ့ရေးအတွက် တစ်မျိုးကြံပြန်တယ်…
BEME တပ်ဆိုတာက အဖေနှစ် သုံးဆယ်ကျော် လုပ်လာခဲ့တဲ့တပ်မဟုတ်လား..
တပ်မှုးတော်တော်များများကိုသိသပေါ့…ဒီတော့ ကလေးအဖေ ကိုရွှေတူးကို
ဒုတိယံပိ လူပျိုတစ်ခါပြန်လုပ်လို့ BEME တပ်ကို တပ်သားသစ်အဖြစ် သွင်းလိုက်ပြန်ပါတယ်…
ထုံးစံအတိုင်း အခြေခံစစ်သင်တန်း၆ လ ပြန်တက်ရပြန်တာပေါ့…ကျုပ်တောင်
အတူးကိုနောက်မိသေးတယ်..“အင်း..မင်းကလေးတောင်အတော်ကြီးပီ..မင်းကတော့
သင်တန်းတက်လို့ကောင်းတုန်း” လို့…သင်တန်းဆင်းလို့ တာဝန်ကျရာ
တပ်ထဲရောက် ပြီး ၆လလောက်နေမှ တပ်ရင်းမှုးထံ လက်ထပ်ခွင့်တင်…
အိမ်ကိုခွင့်ပြန်လာ (လက်ထပ်ဖို့ပေါ့..ခိခိ) …ပြီးတော့မှ ကလေးတစ်ယောက်အမေ
မုဆိုးမကိုယူပါတယ်လုပ်ရတာ (တကယ်က ကလေးတစ်ယောက်ဘယ်ကပါ့မလဲ တစ်ဗိုက်ပါရှိနေပြီ..)…နောက်တော့ တပ်မှာလိုင်းခန်းလျျှောက်၊ လိုင်းခန်းရမှ
မိန်းမနဲ့ ကလေးကို တပ်ထဲခေါ်ထားပေါ့….တစ်နယ်စီခြားနေကြတော့
သတင်းတော့ ကြားနေရပါတယ်…သူ့မိန်းမကလည်းမဆိုးဘူး…စီးပွားရေးလုပ်တတ်တယ်
တပ်ထဲမှာ ပေးတဲ့ ရိက္ခာခြောက်ကို လိုက်ကောက်..ဈေးမှာပြန်ရောင်း..နောက်
ငွေစလေးလက်ထဲရှိလာတော့ ငွေတိုးချေး၊ ဈေးထဲကအထည်အလိတ်တွေဝယ်
တပ်ထဲမှာ လပေးနဲ့ရောင်း…ဒီလို နဲ့ မိသားစု ပြေပြေလည်လည်ရှိတယ်ကြားရပါတယ်…
တခါတရံ အိမ်ကို လာရင်တောင်
အဖေတို့အမေတို့ အတွက် လက်ဘက်ခြောက်၊ နို့ဆီ၊ သကြား..စသဖြင့်လက်ဆောင်ပါလာတတ်တယ်….
ဒါပေမဲ့ အတူးကတော့ တပ်ထဲရောက်မှ အရက်သောက်တတ်လာတယ်……..
တပ်ထဲလုပ်သက်တော်တော်ရတော့ ရာထူးတဖြည်းဖြည်းတိုးပြီး
တပ်ကြပ်ကြီးအဆင့်ဖြစ်နေပြီ…ဒါပေမဲ့ အရက်ဖိုးနှိပ်စက်တော့
သူ့လစာဟာ သူ့အရက်ဖိုးနဲ့ကုန်နေရော…သမီးနဲ့သားကျောင်းစားရိတ်
မိသားစုစား စရိတ်ကို အတူးမိန်းမ ရှာတဲ့ငွေနဲ့ပဲ ရပ်တည်နေရတယ်…
မိန်းမ အရှာအဖွေကောင်းလို့တော်သေးတယ်ဆိုရမှာပေါ့….
နောက်ပိုင်းကျတော့ အတူးဟာ လစာမအပ်တဲ့အပြင် သူသုံးဖို့တောင်
မိန်းမဆီက ပြန်တောင်းလာတော့တယ်…ကြာတော့ မိန်းမလည်း
သူနှိတ်စက်တာမခံနိုင်တော့ တပ်ထဲလိုက်မနေတော့ပဲ သူ့မိဘဇာတိ
မုဒုံမှာ အိမ်လေးတစ်လုံးငှားနေပြီး သမီးနဲ့သားကို စာဆက်သင်ပေးရင်း
ကိုယ့်ဘဝကိုယ်ကျောင်းနေလေရဲ့….အခုတော့ အမေတို့
အိမ်မှာနေရင်း မွေးခဲ့တဲ့ သမီးကြီးက ဘွဲ့ရပြီး ကျူရှင်ပြနေဆိုလားကြားရတယ်…
သားတစ်ယောက်ကတော့ ဖအေ့ခြေရာ ကွက်တိနင်းပြနေပြန်တယ်…
၁ဝတန်းကျတယ်…မိန်းမယူတယ်..မအေ့အိမ်မှာခိုစားတယ်…
ကလေးတစ်ယောက်ရထိ ဘာအလုပ်မှမလုပ်ဘူး…မအေကလည်း
ဘယ့်နယ်လုပ်မလဲ..သားရော ချွေးမရော မြေးလေးရော တင်ကျွေးထားရှာတယ်…
မြေးလေးခမျာ…လောကအလယ် သိပ်ပျော်ပုံမရ…ရောဂါဖြစ်ပြီး
တလောကပဲ ဆုံးရှာပါတယ်….အဘိုးဖြစ်တဲ့ အတူးတောင် သူ့မြေးကို မြင်ဖူးလိုက်ရဲ့လားမသိ….ကလေးဆုံးပြီး နှစ်လလောက်အကြာ
သူ့မိန်မလေးလည်း ရောဂါဖြစ်ပြီး သူ့ကလေးနောက် ကောက်ကောက်ပါအောင်
လိုက်သွားလေရဲ့…..အခုတော့ လူလွတ်ဖြစ်သွားတဲ့ အတူးသားဟာ
ပြီခဲ့တဲ့အပါတ်ကမှ မင်္ဂလာဒုံက အမေတို့အိမ်ရောက်လာတယ်…
ကားမောင်းသင်တန်းတက်၊ လိုင်စင်လုပ်ပြီး မုဒုံမှာ ကုန်တင်ကားမောင်းစားမလို့ဆိုပဲ..
လုပ်ပေါ့…ဒါမှမလုပ်ဘာသွားလုပ်မလဲ…
ပြီးခဲ့တဲ့အပါတ် အမေ့အိမ်အပြန် တွေ့ခဲ့သေးတယ်…မုန့်ဖိုးလည်းပေးခဲ့ပါတယ်…
ဒီဇတ်လမ်းတွေ ခေါင်းထဲမထည့် အရက်တွေသာထည့်နေတဲ့…
အတူး ကိုတော့ မိဘတွေရော အကိုအမတွေပါ ဖြောင့်ဖျဆုံးမပေမဲ့
အလကားပါပဲ..ပြုပြင်မလာတော့ပါဘူး……အရက်ကလူကိုနိုင်နေပြီ…
လူလည်း ပိန်ပြီး မျက်ခွက်ဖေါင်းကားကားနဲ့ပေါ့….
ပြီးခဲ့တဲ့ ၆လလောက်ကတော့ ရှေ့တန်းမှာ မူးရူးနေတုန်း သူ့လက်အောက်က
တပ်သားသစ်နှစ်ယောက် လက်နက်ပါယူပြီး ထွက်ပြေးလို့ဆိုလား….
မူးပြီး အထက်အရာရှိကို ဆဲလို့ဆိုလား…ပြန်ထိုးလို့ဆိုလား…..
အသေးစိတ်တော့မသိရဘူး..သေခြာသိရတာကတော့ တပ်အချုပ်ကျ၊
သူ့ပုခုံးပေါ်က အရစ်တွေ အကုန်ပြုတ်သွားပြီး ရဲဘော်ကြီးဖြစ်သွားတော့တာပဲ..
အခုလည်း အိမ်ကိုသာ ပြန်မလာတာ…ငွေကိုတော့ ဖုန်းဆက်ပြီးတွင်တွင်မှာနေတော့တာပဲ..
ပြောတာတော့ဆေးကုဖို့ဆိုပဲ…တပ်ကလည်း တချိန်လုံးမူးနေတဲ့သူ့ကို ထွက်စာတင်ခိုင်းနေတယ်ကြားတာပဲ…ဒါကတော့ ကျုပ်အင်မတန်ချစ်တဲ့
ညီငယ် အတူး ဆိုသူဆီကရတဲ့ နောက်ဆုံးစက်ရပ်သတင်းပါပဲ…….
တပ်က အရှင်ထွက်ဖြစ်မလား..အသေထွက်ဖြစ်မလားဆိုတာတော့……သူ့အပေါ်တည်တာပဲ
ကိုယ်ကတော့..ညီငယ်အတူးတစ်ယောက်..အရှင်ထွက်လာပါစေဟုသာ………
အော်….အော်…ဘဝတွေ……ဘဝတွေ..ကိုယ်ရွေးချယ်တဲ့ဇတ်သွားအတိုင်း ကိုယ်ကနေကြရတာပါလား…
တော်သေးဘီ။
အားလုံးကိုလေးစားခင်မင်လျှက်..
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၂၁၊ ၁၊ ၂၀၁၄
26 comments
မင်း ခန့် ကျော်
January 21, 2014 at 3:31 pm
အစ အဆုံး ဖတ် သွားပါတယ်။
သင်ယူစများလည်းသင်ယူသွားပါတယ်ဗျာ။
sorrow
January 21, 2014 at 4:00 pm
ဘာပြောလို့ပြောရမှန်းမသိဖြစ်ပါတယ် ဦးမိုက်ရေ …
kyeemite
January 21, 2014 at 4:12 pm
ကိုမင်းခန့်နဲ့ ကိုဆောရိုးကို အားပေးဖတ်ရှုလိုကျေးဇူးပါ…
ဘာပြောလို့ ပြောရမှန်းမသိလည်း ဘာမှမပြောပါနဲ့ ကချင်နုထွားကြီးရယ်..ရပါတယ်…
အဓိကကတော့ ပညာရှာမဲ့အရွယ်မှာ ဝိရိယထားပြီးပညာမရှာခဲ့ပဲ စတ်အလိုလိုက်ခဲ့သူတို့ရဲ့ဘဝကို
မြင်အောင်ပြချင်တာလေးပါဗျာ…
kai
January 21, 2014 at 4:38 pm
ဘယ်လိုကြီးမှန်းမသိ.. တကယ်ဇတ်လမ်းလို့သာယုံရတယ်..
တော်တော်နာတယ်ဗျာ…
ဆိုတော့…
ကောင်းတာလုပ်..ကောင်းတာဖြစ်မယ်..။
မကောင်းတာလုပ်.. မကောင်းတာဖြစ်မယ်မှမဟုတ်ပဲ..
လုပ်ချင်တာလုပ်..ဖြစ်ချင်တာဖြစ်နေတာပဲနော…
အတူးရဲ့မြေးလေးဘဝကို.. နှမြောမိတယ်..
တဘဝမှာလူပျို၃ခါဖြစ်ရတဲ့..အတူးကတော့… တန်သလိုထင်မိတာပါပဲ..။
kyeemite
January 22, 2014 at 8:41 am
အင်း…လက်တွေ့ဘဝတွေဆိုတာ…စိတ်ကူးယာဉ် ဇတ်လမ်းတွေထက် အံ့ဩစရာကောင်းတယ်သဂျီးရေ
အတူးရဲ့ မြေး၊ ကျုပ်ရဲ့မြေးလေးကိုတော့ ကျုပ်တောင်မမြင်ဖူးလိုက်ပါဘူးဗျာ….
လုံမလေးမွန်မွန်
January 21, 2014 at 5:05 pm
မောလိုက်တာ ဦးမိုက်ရာ..
သူကတော့ သူ့ဘဝနဲ့ အေးဆေးပဲ.. ကုသိုလ်ကံကလည်း ကောင်းတာကိုး..ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မိသားစုအထောက်အပံ့ကလည်း ရသေးတယ်.. နော်..
•*¨နန်းတော်ရာသူ •*¨
January 21, 2014 at 5:06 pm
ဘယ်လောက်ပဲဆိုးသွမ်းဇာတ်နာပါစေ ဦးတူးရဲ့ဘဝကို ကိုယ်ချင်းလည်းစာတယ်
သူ့မိသားစုကိုစားကော သူ့ကိုယ်စားပါခံစားမိပါတယ်
လူ့ဘဝမှာ လူတိုင်းနားမလည်နိုင်တဲ့ကိုယ်စီခံစားချက်တွေရှိကြပါတယ်
Ma Ma
January 21, 2014 at 5:50 pm
ငယ်ငယ်က ညီတော်မောင်ကို အတော်ချစ်ခဲ့ အနစ်နာခံခဲ့ ကြိုးစားပေးခဲ့ပြီး အတော်လိမ္မာတာပဲ။
ဒါ့ကြောင့်မို့လည်း ကြီးမိုက် လို့ ခေါ်တာဖြစ်မယ်။ 😀
စာဖတ်ပြီး စိတ်မောသွားလို့ စ တာနော်။
(စိတ်မဆိုးဘူးဆိုတာသိလို့)
လူအမျိ ုးမျိ ုး စိတ်အထွေထွေ ဆိုသလို တစ်မိသားတည်းကပေါက်ဖွားပေမယ့်…..
တိုးတက်ချင်စိတ်ရှိလို့ ကြိုးစားတဲ့သူက ဘဝမြင့်လာတယ်။
ရည်ရွယ်ချက်ခိုင်ခိုင်မာမာမရှိပဲ မကြိုးစားတော့လည်း စေုန်မျောရတယ်ဆိုတာ သင်ခန်းစာယူစရာပါပဲ။
padonmar
January 21, 2014 at 8:55 pm
ဦးမိုက်ရေ
ကျမတို့ အမျိုးထဲလည်း အဲသလိုဆိုးပေတဲ့သူတွေရှိတယ်။
ဘာလုပ်လုပ် မအောင်မြင်ဘူး။
ဘေးက ဘယ်လောက် ထောက်ပံ့ထောက်ပံ့ နတ်အုန်းရွှေချပြန်မရပဲ။
အလုပ်လုပ်ရာမှာ သင့်တော်သလားမတော်လားရယ် အကျိုးရှိသလားမရှိလားရယ် မစဉ်းစားတတ်ရင် ဘယ်တော့မှ မတိုးတက်မကြီးပွားပါဘူး။
MAUNG
January 22, 2014 at 6:33 am
ရင်ဘတ် နဲ့အပြည့် ခံစားပြီးရေးတဲ့ စာ ကို ရင်ဘတ် နဲ့ အပြည့် ခံစား ပြီးဖတ်သွား ပါတယ် ဦးမိုက်ရေ…
မှန်တာ ပြောရရင် စာ လဲဆုံးရော မော ပြီးဘာပြော ရမှန်း မသိတော့ပါဘူး ဗျာ။
ဘာ ပြောပြော လောကကြီး မှာ အရက်ကလူကိုနိုင်သွား ပြီးမှ အမြင်မှန် ရပြီး အရက်ပြတ် သွားတဲ့သူတွေလဲ ဒုနဲ့ ဒေးပါ။ မနေ့ က ဓာတ်ပုံ ကိုစတွေ့တွေ့ ချင်းထဲ က ဦးတူး ကိုချစ်စရာကောင်း လို့ သတိထားမိပါတယ် ။ ဒီတစ်ခေါက် ဦးတူး ဖုံး ဆက်ရင် ပြောပြလိုက် စမ်းပါဗျာ ။ ဦးတူး ကျန်းကျန်း မာမာ ချောချောမွေ့မွေ့ နဲ့ အိမ်ပြန်လာတာ ကို အားလုံး မျှော်နေတယ် …လို့…
kyeemite
January 22, 2014 at 8:28 am
ကိုမောင်ရေ..ရင်ဘတ် နဲ့ အပြည့် ခံစား ပြီးဖတ်သွား ပေးပြီး အပြုသဘောဆောင်တဲ့ကွန်မန့်လေးပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်…ကျုပ်လည်းပဲ သူကျန်းကျန်းမာမာနဲ့ တပ်ကထွက်လာပြီး သူ့မိသားစုနဲ့
အတူပြန်နေတာကိုတွေ့ချင်မြင်ချင်ပါရဲ့ဗျာ…..
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ်ရှုအားပေးကြတဲ့ မွန်မလေးလုံလုံ၊ အန်တီမမ၊ နန်းတော်ရာသူ၊ အာတီဒုံတို့ကိုလည်းကျေးဇူးတင်ပါတယ်…
ကိုယ့် အလုပ်နဲ့ ကိုယ့်မိသားစုအရေးနဲ့ ရှုပ်နေရာကနေ အမေတို့အိမ်ပြန်ရောက်သွားမှ ညီကိုမောင်နှမတွေအကြောင်းစုံကြားရတော့တာပဲ..ဒါနဲ့ပဲ ဂဇက်ကလူငယ်တွေအတွက် ရေးဖြစ်သွားတာပါ
ကာယကံရှင်အတူး ကိုတော့အားနာမိပါတယ်… 🙁
ဦးကျောက်ခဲ
January 22, 2014 at 8:39 am
ဆြာမိုက်ရေ မတူအောင်မန့်ရရင် ပညာနဲ့မဆိုင် ၊ သင်ညာနဲ့ ဆိုင်သလားလို့…
မောင်ကျောက်စ် ငယ်စဉ်ကဆေးစွဲ ၊ ဘဝပျက် ၊ အမှားများစွာလုပ်ဖူးသလို…
ပြာပုံထဲက အကြိမ်ကြိမ် ရုန်းထဖူးပါတယ်…
အမေ့ဘက် ဝမ်းကွဲများကတော့ အရက်တောင်မသောက်ပဲ…
ဒီနေ့အထိ “ကာကဝလ္လိယ” ဇာတ်ခင်းနေကြလေရဲ့…
အမှားက အကြောင်းပြချက်မဟုတ် ၊ စိတ်ဓာတ်နဲ့ ခံယူချက်က အဓိကပါ…
kyeemite
January 22, 2014 at 8:46 am
“အမှားက အကြောင်းပြချက်မဟုတ် ၊ စိတ်ဓာတ်နဲ့ ခံယူချက်က အဓိကပါ…”
အမှန်ပါပဲ ကိုကျောက်ရေ…သူ့စိတ်ဓါတ်ကို သူပြုပြင်မယ်ဆို အချိန်မှီပါသေးတယ်..
Foreign Resident
January 22, 2014 at 9:14 am
kyeemite says:
” သူ့စိတ်ဓါတ်ကို သူပြုပြင်မယ်ဆို အချိန်မှီပါသေးတယ် ”
အချိန်မှီဦးမယ်လို့ မ ထင်မိပါဘူးကွယ် ။
ဘဝ ကို အရှုံး နှင့် ပိုင်းရတော့မပေါ့ ။
kyeemite
January 22, 2014 at 1:25 pm
ကိုဖေါရေ…အချိန်မှီသေးတယ်ဆိုတာ အရက်ဖြတ်ပြီး..မြန်မြန်မသေအောင် အသက်နဲနဲဆွဲဆန့်ဖို့ပြောတာပါ…ဘဝကတော့ပြုပြင်ဘို့နောက်ကျသွားပါပြီ…
ဝင်ရောက်ချီးမြှင့်တဲ့အတွက်ကျေးကျေးပါဗျာ..
TNA
January 22, 2014 at 2:21 pm
မောသွားတာပဲ ဦးမိုက်ရယ်။ ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။ တမိပေါက်တယောက်ထွန်းဆိုတဲ့ စကားမမှားဘူးပြောရတော့မလိုပဲနော်။ သူအသိတရားပြန်ရလာတဲ့အချိန်မှာ အချိန်မနှောင်းပါစေနဲ့ပဲဆု တောင်းရတော့မှာပဲဦးမိုက်ရေ။
nozomi
January 22, 2014 at 4:53 pm
အမည်လဲ တူ လုပ်ရပ်လဲ တူ တဲ့ အမျိုး တစ်ယောက်ရှိရဲ့
အခုတော့ သူလဲ ဆုံးသွားရှာပါပြီ
ကိုယ် အမှားလုပ်လို့ ကိုယ်ခံရတာ အကြောင်း မဟုတ်ပေမဲ့
ဘာမှ မလုပ်ပဲ သူ နဲ့ ဆွေးမျိုးတော်မိလို့ လူ ဆင်းရဲ စိတ်ဆင်းရဲ ရတဲ့ ဆွေမျိုးတွေ အဖြစ်ကတော့
ဘယ်လို ပြောရမှန်းတောင် မသိ
ဒညင်းဝက်
January 22, 2014 at 8:21 pm
အင်း… ကပြကြရတော့မှာပဲ…
အကယ်ဒမီ ရတဲ ့အထိ….
😆
ဦးဦးပါလေရာ
January 23, 2014 at 10:57 am
တော်တော်ဇတ်နာတယ် ဆိုပေမယ့်-
အတူး ကိုတော့ အထူးတလည် အပြစ်မတင်ချင်ပါဘူး….
ဘဝကို ပိုင်ပိုင်နိုင်နိုင်ခန့်ခွဲစီမံနိုင်တဲ့ လူတော် လူဇော်တွေနဲ့တော့ မနှိုင်းယှဉ်နိုင်ပေမယ့်
ဒါ……..
ဒီနိုင်ငံသား အမြောက်အများရဲ့ သွားရာလမ်း…. ပါ..
အဲဒီလမ်းပေါ်ရောက်သွားရင်း လမ်း က ခေါ်သွားတာပါ….
တကယ့်တရားခံက ခေတ် စံနစ် လို့ပဲ မြင်နေမိတယ်..။
KZ
January 23, 2014 at 2:44 pm
ဆိုးတာ ကို ရေးတဲ့ထဲ မှာ ညီကို ချစ်တဲ့ အချစ်တွေ မြင်နေရတယ်။
ခါတလေ ကိုယ်နေချင်သလို နေတတ်တာတွေဟာလည်း ကိုယ့်ကိုချစ်တဲ့သူတွေကို စိတ်ထိခိုက်စေတယ်နော်။
အလုပ်များနေလို့မိုက်မိုက်ရေ။
ကျနော့ မင်းသားဂျီးလေ……
မြင့်မိုရ်တောင်ကို ဆီးစေ့နဲ့ပေါက်ဖို့ကြံနေလို့ စလုံးရောက်မှ ရုံးရောက်ဂတ်ရောက်ဖြစ်တော့မယ်။
ခုထိတော့ ရှေ့နေနဲ့ ၂ ပါးသွားနေတယ်။
နောက်မှပဲ အကြောင်းစုံ ပို့(စ) ရေးပါဦးမယ်။
🙂
kyeemite
January 23, 2014 at 3:27 pm
အလုပ်များနေတဲ့ကြားက အပြေးအလွှားလာမန့်ပေးတာကျေးဇူးပါကေဇီရေ..
ကေဇီအလုပ်တွေလည်းအဆင်ပြေပါဇီ ဆုတောင်းပါတယ်နော… 🙂
Mr. MarGa
January 23, 2014 at 7:38 pm
စာကိုဖတ်
အဖြစ်အပျက်ကိုမှတ်
သင်ခန်းစာကို ကပ်ယူသွားပါကြောင်း
Phoe Kaung
January 24, 2014 at 11:47 am
လောကအမြင်နဲ့ အဖွဲ့စည်းအမြင်နဲ့ မိသားစုအမြင်နဲ့ ကိုတူးဆိုးတယ်……..
ဒါပေမဲ့….ကျွန်တော့်အမြင်တော့…..အသက်(၁၉)နှစ်လောက် အိမ်ထောင်စကျပီး……တွေကြုံရတဲ့ လောကဓံ တရားတွေပေါ်မှာ သူ့ဖီလင်က ဘယ်လောက်ဆိုးခဲ့သလဲ ဆိုတာ……ကျွန်တော်တို့မသိနိုင်ဘူးလေ……။ နောက်ပီးလူတယောက် ကောင်းတယ် ဆိုးတယ်ဆိုတာ အကြောင်းအရာအများကြီးပေါ်မူတည်ပါတယ်…….(ကျေးဇူးပါ မစတ မိုက်)
Crystalline
January 24, 2014 at 3:23 pm
တူညီတဲ့အခြေအနေကလာပြီး မတူညီကွဲပြားသွားတဲ့ညီလေးနဲ့ညီမလေးအကြောင်းဖတ်ရတော့ ကိုယ့်မလဲ အဲဒီလို ကြီးမိုက်အစ်ကိုတစ်ယောက်ရှိတယ်.. (ဦးကြီးမိုက်မဟုတ်ပါ :)) ) အရည်အချင်းရှိရက်နဲ့ မိုက်လုံးကြီးနေတာလေ.. ကျမကတော့ စကားကိုမပြောဘူး.. ပြောမိရင်လည်း ကိုယ်ကလည်းစိတ်တိုတော့ ပြောမိဆိုမိမှာပဲ… ဆုံးမရအောင်လည်းအသက်က ကိုယ့်ထက် ၁ဝနှစ်ကျော်ကြီးတယ်.. ဟန်းဖုန်းမှာဆို သူ့နံပတ်ကို ဆိုင်းလင့်လုပ်ထားတယ်.. .. :))
ဝင့်ပြုံးမြင့်
January 25, 2014 at 11:35 pm
ကွန်မင့်ဝင်တာ သိပ်နောက်ကျနေပြီ။ အထက်က ဦးဦးပါလေရာ ပြောတာမျိုးကိုပဲ ပြောချင်နေတာပါ။ လူအတော်များများဟာ ခေတ်ရဲ့သားကောင်တွေ ဖြစ်နေကြတယ်။ ဘဝကို ရှုံးတဲ့လူတွေ များနေကြတယ်။ အောင်မြင်တဲ့လူက လူနည်းစုလေးပါ။
ဦးကြောင်ကြီး
January 27, 2014 at 3:00 am
အတူး
ငမူး
အရူး
ဘီလူး
မထူး
စဗူး
ရခူး
လဦး..