ကဗျာချစ်သူများရဲ့ ကဗျာပြခန်းအမှတ် (၁၅) နှင့် သမိုင်းထဲက ဖေဖော်ဝါရီ
==========================
တပို့တွဲလ
သာစွလေ၊
နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊
ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊
ဆူးပန်းလဲပေါက်၊ ဝင်းဝင်းတောက်လျက်၊
ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊
ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်၊
မာဃယှဉ်မှီ၊ ကုံရာသီဟု၊
အညီခေါ်မြဲ၊ တပို့တွဲမူ၊
မဖွဲမိုးလေ၊ သုံးလူ့ဆွေလျှင်၊
လေးထွေအင်စုံ၊ ကြိုက်ကြုံအဟုတ်၊
ပါဋိမုတ်ကို၊ ဖော်ထုတ်စိစစ်၊ ပြမြဲဖြစ်လျက်၊
ရပ်ရှစ်မျက်နှာ၊ သင်္ဃာတို့အား၊
ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊
ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊
မီးဖုံးသဘင်၊ လှူကြီးရင်သည်၊
ရောက်ချင်နိဗ္ဗာန်ကျွန်းတည့်လေ၊
ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေ။
=======================================
ည
ဒီည..
အိပ်ဖို့ ကြိုးစားရင်း သက်ပြင်းတွေ အခါခါချ
စိတ္တဇ တွေသာ အဖတ်တင် ကျန်ရစ်
စိတ် အသစ် တွေ ကို မမှတ်နိုင်ခင်
အတွေးစဉ် မှာ မျော..
ငါ .. မောပြီး ရင်း မော..။
စစ်ပွဲတွေ ကြား ကျည်ဆံဗုံးသံ တွေ က
ငါ့ ကို မသတ်ဖြတ်နိုင်လင့်ကစား
ဒီ စကားလုံး တွေ ..က
ငါ သေရတော့မယ့်အလား ..
ဘာ ကြောင့်များ… ထိတ်လန့် တုန်လှုပ်နေရတာလဲ ။
အမှား တစ်ခု အတွက် ပေးဆပ်ရဲပါတယ်..
မကျေအေး သေး သ၍ ပေါ့.
သိသိ ကြီး နဲ့ ကျူးလွန်မိတဲ့ မုသားစကား
ဘယ် သင်္ခ ါရက် က.. ဘယ်လို သညာနဲ့
တိုက်တွန်းလှုံ့ဆော်သွားသလဲ.. ပြန်ကြည့်
မင်း.. ကို ငါ ချစ်မိတာ သိ လိမ့်မယ်။
ည. .. … များစွာ .. အတွက်
ဒီ စကားလုံး တွေ က
ကျိန်စာ တစ်ပုဒ် ..
ကျောက်ဘုတ် မှာ ထွင်းတာထက်..
ပို အဖျက်ခက်..ပိုခိုင် မြဲတဲ့
နှလုံးသား ထွင်းထုရာ..နီ ရဲရဲစွေး
သွေး တွေ ဖြာစီး ပစေ…
ငါ ကြိတ်မှိတ် ခံမည် ။ ။
=====================================
“လ” ဝှက်ထားတဲ့ ကိုယ်
နီးနီးလေးပေမဲ့ နီးစပ်ခွင့်မရခဲ့ကြ
မင်းဟာ……
ကိုယ် နာကြားလို့ မရတဲ့ တရား…….
မင်းဟာ……
ကိုယ် ရှာဖွေမတွေ့ရှိနိုင်မဲ့ လျှို့ဝှက်သောလမ်း ….
မင်းဟာ……
ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားစေတဲ့ မာယာ …….
မင်းဟာ……
ကိုယ့်ကို ဖြတ်ရှစီးဆင်းသွားတဲ့ ဂီတ….
မင်းဟာ……
ကိုယ့် စိတ်စေတသိက်ကို လိုရာ ကြိုးဆွဲနိုင်တဲ့ ကဝေ ….
မင်းဟာ……
ကိုယ့်အိပ်စက်ခြင်းတွေကို ဖွက်ထားတတ်တဲ့ တစ္ဆေ …..
မင်းဟာ……
ကိုယ့် ဝိဉာဉ်ကို တစ်လွှာခြင်း ဖဲ့ခြွေနေတဲ့ မိစ္ဆာ ……
မင်းဟာ……
ကိုယ့် မျက်ဝန်းအိမ်ကို လှိုင်းထန်စွတ်စိုစေတဲ့ မုန်တိုင်း….
မင်းဟာ……
ကိုယ် ဝေခွဲမရတဲ့ တိမ်တိုက်တစ်ခုပေါ့ …..
ဇူလိုင်အလွန်မိုးနဲ့ … ကိုယ့် သီလတွေ ခိုးခိုးသွားတဲ့ “လ”…
အဲဒီ “လ” ကိုမှ ….. ကိုယ်က… နှစ်နှစ်… ကာကာ……..
သံ သ ရာ …. တစ်…….. ဆုံး………
====================================
” ရောက်ပါပေါ့ ဖေဖော်ဝါရီ “
ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ဖေဖော်ဝါရီ ဆယ့်နှစ်ရက်
ပြည်ထောင်စုနေ့တဲ့။
သမိုင်းမှတ်တိုင် ထွန်းပြောင်မည်
ထို ထို ရက်တွေသည်
မမေ့စရာနေ့ရက်များ
မှတ်ကာသွားပါလား။
ဤကာလ ဒီရာသီမှာ
ခွာညိုအလှ ပွင့်လှပြီဗျာ
ပြာသိုမှာ ဆင်ယှဉ်ခဲ့
မြင်းခင်းသဘင်ပါတဲ့၊
စည်းလုံးမှုကို အသွင်ပြ
ထမနဲထိုးတဲ့လ။
တပို့တွဲ ပေါက်လဲရယ်တဲ့အစုံစုံ
ဆက်ရက်တွေ သံစုံကျုးတယ်
မြူဝေလို့ မြူးတဲ့ရာသီ
ရောက်ပါပေါ့ ဖေဖော်ဝါရီ။
=================================
“အမေ့မေတ္တာကြောင့် မျက်နှာငယ်သွားရတဲ့ ဒီကဗျာ”
(၁)
အမေ့တစ်ကိုယ်လုံး
နေလောင်ခံပြီး ဈေးဗန်းခေါင်းရွက်ထားတာ
သားအတွက်တဲ့
အဖေမရှိတဲ့နောက်
ငါးတစ်ကောင် ကူးရာလမ်း
ရေမနည်းရအောင်
အမေဖြည့်ထားလိုက်ပုံများ
မလွယ်မှန်းလည်း သားသိရဲ့။
(၂)
အမေဟာ
သားအတွက်ဆို
ဘယ်တော့မှ မကုန်ခမ်းနိုင်တဲ့
ချွေးနဲ့သွေးကို ဖောက်တိုက်ထား
ဒီလို ကြောက်ခမန်းလိလိ ပေးဆပ်မှု
ပင်လယ်ဟာ အမေပဲ။
(၃)
ဘယ်စကားလုံးနဲ့ အမေ့ကို သုံးနှုန်းရမလဲ
ဘယ်တင်စားမှုနဲ့ အမေ့ကို ဖွဲ့နွဲ့ရမလဲ
အနန္တစကြာဝဠာဆိုတာ…
အမေ့မေတ္တာအောက် အပ်နဖားလောက်တောင် မကျယ်။
(၄)
မိခင်တိုင်းရဲ့ သမိုင်းဟာ သရဖူအကြီးစား
ဘုရားဟော ဒေသနာတော် အစ
သမ္မာကျမ်းစာ အလယ်
ကုရ်အာရ်ကျမ်းစာ အဆုံး
နေရာတိုင်း,နေရာတိုင်း နေရာယူထားတာ
နေရာပေးထိုက်သူမို့
ဘာသာတရားရဲ့ ပလ္လင်တိုင်းမှာ
အမေဟာ ခမ်းနားကြီးကျယ်သလို
ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ
အမေဟာ ခမ်းနားကြီးကျယ်တယ်။
(၅)
ဘယ်သူကရော
အသက်နဲ့ရင်းပြီး အသက်တစ်ချောင်း
ခေါ်ရဲသလဲ
ဒီသတ္တိဟာ ရင်သွေးအပေါ် အမေရေးတဲ့ကဗျာ
သိပ်လှတယ်။
(၆)
ကောင်းမှု/မကောင်းမှု
မခွဲတတ်တဲ့ တိရစ္ဆာန်တောင် မိခင်မေတ္တာရှိသတဲ့
လူသားတစ်ယောက်ရဲ့ မိခင်မေတ္တာ
ရင်သွေးအပေါ် အစဉ်မွှေးတဲ့ပန်း
ဘယ်တော့မှ မညှိုးနွမ်းဘူးဆိုတာ…
ရင်သွေးဆိုးနဲ့မိခင် တွဲမြင်ရင် သိမှာပဲ။
(၇)
သားသမီးက မိခင်ကိုချစ်တာ နည်းနည်း
မိခင်က သားသမီးကိုချစ်တာ
အများကြီး
အလျော်အစား ထည့်မတွက်တဲ့ ပုစ္ဆာကို
အမေတွက်ထားတာ
မေတ္တာကြောင့်။
(၈)
တစ်သက်လုံး
မွေး/ကျွေး ကျေးဇူးကို
ဒီသား မဖွဲ့နိုင်တာ မဆန်းပါဘူး အမေ
ဘယ်သူကရော
မိခင်မေတ္တာကို လုံလောက်အောင် ဖွဲ့ပြနိုင်မလဲ
အမေဟာ သားအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကဗျာ
ဒီလိုပဲ
မိခင်တိုင်းဟာ ရင်သွေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကဗျာ
ဒီအတွေးမှာ
ပြည်တန်ပတ္တမြားလည်း မျက်နှာငယ်ရသလို
ကျွန်တော်ရေးတဲ့ကဗျာလည်း
အမေ့မေတ္တာနဲ့ နှိုင်းလိုက်တိုင်း
မျက်နှာ တော်တော်လေး ငယ်ရမြဲ ။ ။
====================================
စိုးရိမ် ရေမှတ်
ပျံလွှားငှက်ကလေးတွေ ပျံသွားတယ်
စစ်လေယာဉ်တွေ ပျံဝဲနေတယ်
စစ်ဟာ ဘီးစိတ်နဲ့ တိုက်ချလိုက်သလိုပဲ
အခုပဲ ဆီးရီးယား
အခုပဲ လိုင်ဇာ
ငြိမ်းချမ်းရေးအတွက် စစ်တိုက်တယ်လို့ ဆိုကြ
ဒုက္ခသည်တွေက အန်ဖတ်လို ပြန့်ကျဲနေခဲ့ပြီ
ဧရာဝတီဟာ စိုးရိမ်ရေမှတ်…
ချက်ကြိုးတန်းလန်းနဲ့ မလွတ်မြောက်နိုင်သေးဘူး
ချစ်မေတ္တာ ဟာ သူ့ကိုယ်သူ သေကြောင်းကြံနေပြီ
ပေါက်ကွဲမယ့်မီးတောင်ကို ရင်နဲ့အပ် ကဗျာရေးနေသူမှာ
ဝိညာဉ်ထဲ ကျောက်ခဲတွေ ကျလာတယ်
စိတ်ထဲက ငှက်အုပ် လန့်ပျံပြေးတယ်
ချိုးငှက်တွေချည်း ။ ။
=====================================
ပစ်ကွင်း
အ ဆင် ပြေ သ လို ဖြန့် ကျဲ ပစ် ခဲ့ ပါ
လူ ကြည့် ကောင်း အောင် ပြန် ပြင် ထား ပါ မည်…။
ကျ နော် ဟာ
ပစ် ကွင်း တစ် ခု ဖြစ် ကြောင်း ဝန် ခံ ပါ သည်
သို့ သော် …
အ ဖြူ ရောင် သက် သက် ဖြင့် မွန်း မံ ထား ၏…။
အ ထပ် ထပ် စိုက် ဝင် နေ သော
မြား ချက် များ သက် သေ ရှိ နေ သည့် တိုင်
သင် လဲ အောင် နိုင် သူ ဖြစ် လာ မည် မ ဟုတ်…။
အ ကြောင်း မှာ…
ကျ နော် ၏ ဗ ဟို တွင်
အ မည်း စက် တစ် ခု တည် မ နေ ခဲ့ ပါ…။
=======================================
မြတ်နိုးခြင်း
ပွင့်လင်း နှလုံးသား..
. မြင့်မား အတွေးအခေါ်…
နူးညံ့ စိတ်ထား…
ခိုင်မာ အနုပညာ…
ခံစား နားလည်လွယ် သဘောထား…
ဒါတွေ အားလုံးရှိမှတော့ …..
သူ့ ကို……..
မမြင်ဖူးလည်း.မြတ်နိုးတယ်!
==============================
၊။။။။။ ဘဝသည် ။။။။။။
ဘဝသည်…………
တစ်ခါတစ်ရံ နားကြားရပြီး
တစ်ခါတစ်ရံ နားပင်းသည်။
ဘဝသည်………..
တစ်ခါတစ်ရံ လန်းဆန်းစိမ်းနေသော သစ်သီးဖြစ်ပြီး
တစ်ခါတစ်ရံ ကြွေကျနေတဲ့ သစ်ရွက်ဖြစ်သည်။
ဘဝသည်……….
တစ်ခါတစ်ရံ စကားပြောနေပြီး
တစ်ခါတစ်ရံ ဆွံ့အ နေ သည်။
ဘဝသည်………
တစ်ခါတစ်ရံ ဆတ်ဆတ်ထိ မခံ
တစ်ခါတစ်ရံ မလှုပ်မရှား။
ဘဝသည်………
တစ်ခါတစ်ရံ အပေါ်ယံ
တစ်ခါတစ်လေ နက်ရှိုင်းသည်။
ဘဝသည်……..
တစ်ခါတစ်ရံ ခြောက်သွေးပြီး
တစ်ခါတစ်ရံ စိုစွတ်သည်။
ဘဝသည်………
တစ်ခါတစ်ရံ ဂုဏ်သိက္ခာရှိပြီး
တစ်ခါတစ်ရံ အလကား။
ဘဝသည်……..
တစ်ခါတစ်ရံ ဘုရင်တစ်ပါးဖြစ်ပြီး
တစ်ခါတစ်ရံ လူပြက်တစ်ဦး။
ဘဝသည်………
တစ်ခါတစ်ရံ အပြည့်အစုံ
တစ်ခါတစ်ရံ အခေါင်း အပေါက်။
ဘဝသည်……..
တစ်ခါတစ်ရံ မိန်မိန် မှုန်မှုန်
တစ်ခါတစ်ရံ လင်းလင်း လက်လက်။
ဘဝသည်……..
တစ်ခါတစ်ရံ တိုးတက်သည်
တစ်ခါတစ်ရံ စီးဆင်းသည်။
ဘဝသည်………
တစ်ခါတစ်ရံ လျှင်မြန်သည်
တစ်ခါတစ်ရံ နှေးကွေးသည်။
ဘာပဲ ဖြစ်ဖြစ် ဘဝဆိုတာ
ဖြောင့်ဖြောင့် ရပ်နိုင်ရမယ်
ဘယ်တော့ ဘယ်တော့ ဘယ်တော့မှ
မရိုးမဖြောင့်လုပ်ပြီး ဦးခေါင်းမညွတ်နဲ့
ဝမ်းသာစရာ ကျန်နေပါသေးတယ်
ဘယ်တော့ ဘယ်တော့ ဘယ်တော့မှ
ဝမ်းမနည်း နဲ့ အောက်တန်းမကျနဲ့..။
=====================================
“အိပ် မက် မှ နိုးထခြင်း”
လူ့ ဘဝကြီးဆိုတာ
အခက်သားလားဗျာ။
တစ်ခါတစ်ခါမှာ
ဘ ဝ မှား သွား ရင်
မရောက် ဘူးတဲ့ နေရာ ရောက် လို့ ရောက်
မကြားဘူး တာကြားလို့ကြား
မစားဘူး တာစားလို့ စား
မမြင်ဘူး တာမြင်လို့မြင်
မတွေ့ဘူးတာ တွေ့ လို့တွေ့
မဝတ်ဘူးတာ ဝတ်လို့ ဝတ်
မထိဘူးတာ ထိလို့ထိ
မငြိဘူးတာ ငြိ လို့ ငြိ
မရှိဘူးတာ ရှိလို့ ရှိ
မသိ ဘူးတာ သိ လို့ သိ
အဲဒီ ခဏ မှာတော့
ပျော် လို ပျော်
မော်လို့မော်
အချိန်တန်
နွားပိန်ကန်တော့
အိပ်မက်မှ နိုးထ
တကယ့်ဘဝမှန်
ပြန်ရောက်ချိန်မှာတော့
နေမထိ ထိုင် မသာ
ဘဝကြီး ဟာ ခါးသီးလွန်းပါ တယ်လို့
နာနာကျည်းကျည်း
ငြီး တွား ပါ လေ ရော ။
===================================
မြစ်
နင့်အကြောင်းခေါင်းထဲရောက်လာတိုင်း
အသက်ရှုကြပ်သွားလို့
ပင့်သက်ကို ရှိုက်မိရင်
ခံစားချက်တွေ လှိုက်ခနဲနာတယ်။
မာယာ
နင်ရိုက်သတ်ခဲ့တာ ငါ့ကိုမဟုတ်ဘူး
ငါ့အတွေးကိုမဟုတ်ဘူး
ငါ့ခန္ဓာကိုမဟုတ်ဘူး
ငါ့ မျှော်လင့်ချက်ကို ရိုက်သတ်ခဲ့တာ။
အခုဆို
ငါ့အနာဂတ်ဟာ မွဲခြောက်လို့
ဘယ်လိုလုပ် ဆက်လျှောက်ရမလဲ။
အိမ်မက်အသေတွေကြားထဲ
တလွန့်လွန့်တလူလူး
ညကို လက်ပစ်ကူးကြည့်တော့
မနေ့ညကလေ…
ခံစားချက်တွေ လှိုက်ခနဲနာတယ်။
=====================================
သောနုတ္တိုရ်လို လူစား
ခါချဉ်ကောင်ရယ် အင်ကြင်းခက်မှာလ
ခိုဝင်ကာ တမင်ရက်စက်ပါလို့
သုဘဒ္ဒါက ငြှိုးမာန်ဖွဲ့တယ်…
ဆဒ္ဒန်ငယ် အစွယ်ပြတ်ရှာပေ့ါ
သခင်မကို ချော့ဖို့ဆို
သောနုတ္ထိုရ် သူလိုယောကျင်္ား
စေလိုရာသွား ထားရာမှာနေ
သခင်မ အလိုကျစေဖို့
မျက်နှာလိုရ ဆက်သမယ်လေ…
ဆုလာဒ်တွေ ရစေကြောင်း
နားထောင်းကွပ်နဲ့ အမယ်အို
လှသကို ဆိုဆိုသလောက်
အမောင်လျှောက်ပါတဲ့ မုသား
သူ့နားဝမှာ ချိုလှတယ်…
(အားနာပါတယ် ထိပ်ထား)
တုပပြိုင်လို့ လှနိုင်သူ ရှားပေလိမ့်
ပီတိတွေနှင့် ဖြေသိမ့်ပါလေ…
သုဘဒ္ဒါရယ်လေ ဘဝင်စိတ်ကယ်မှ
မရွှင်စိတ်က လာခိုဝင်
ချစ်ဖူးသမျှကို ဇာတ်ကြောင်းငင်တော့
ပြန်ပြောင်းမြင် ရင်ကွဲရှာ
သောနုတ္တိုရ် လူညိုရိုင်းကြောင့်သာရယ်
နတ်ရွာလမ်းကို မြန်း…။
မသွေတမ်း
ဖေကမ်းလို့ ဆက်ခဲ့တယ်
သေလမ်းက တမင်ပြန်လာ
သခင်မကို သတ်ပါလို့ရယ်
အစွယ်ကို လိုတယ်ဆို အသက်ကိုရင်း
ဆဒ္ဒန်နှင့် စစ်ခင်းပါတယ်
ဆင်မင်းရယ် ပရိယာယ်ကြွယ်လှ
သူ့ဝိညာဉ် သူ့အစွယ်မှာ ကိန်းဝပ်မှသာ
ထိပ်ထားလေးက ပျော်ရှာမယ်
ခုတော့ကွယ် ဒီဇာတ်လမ်း
တစ်ခန်းရပ်တဲ့ မှတ်တမ်းမှာ
သောနုတ္တိုရ်သာ လူကြမ်းပါလို့
(ကွယ်…)
ရင်နာလိုက်တဲ့ ဇာတ်ဝင်ခန်း…။ ။
=======================================
သုည
အကြံသမားတွေဟာ ကြံရင်းသေကြရတယ်
ငှက်ကလေးတွေဟာလည်း ပျံရင်းသေကြရတာပဲ
လောကဓံ မတရားဘူးလို့လဲ မခံပြင်းပါနဲ့
နှစ်ယောက်အတူ ရှင်သန်ခြင်းဆိုတာပဲ ငါတို့နဲ့ဆိုင်တာ။
တစ် နဲ့ တစ် ပေါင်းမှ နှစ် ဖြစ်မယ်ဆိုလည်းရပါတယ်
သုည နဲ့ တစ် ကိုပေါင်းရင်တော့ တစ် ဖြစ်နိုင်တာပဲမဟုတ်လား
နင်ကတစ်ဆို ငါကသုည
နင်ကသုညဆို ငါကတစ်
တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းရင်း
တနေ့တော့ နှစ် ဆိုတာဖြစ်လာမှာပဲ
ငါတို့ရဲ့မျှော်လင့်ချက်တွေကို ချည်နှောင်လို့
အိပ်မက်တွေကို တောင်းဆုတစ်ခုနဲ့ အတူလွှတ်တင်လိုက်တယ်
ငါတို့နှစ်ယောက် ဘဝတစ်ခုကို အတူတည်ထောင်ဖို့
သေချာတယ် ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ပဲ လိုပါတယ်။ ။
=====================================
“ပေးပါ”
မျက်လုံးများ
မြင်ချင်ရင် မြင်ကြည့်ဖို့
မြင် ကြည့် ပိုင်ခွင့်။
နားများ
ကြားချင်ရင်ကြားဖို့
ကြားပိုင်ခွင့်။
နှာခေါင်းများ
အနံ့ခံဖို့၊ လေရှုဖို့
နံပိုင်ခွင့် မွှေးပိုင်ခွင့် ရှူပိုင်ခွင့်။
လျှာ နှင့် ညီအစ်ကို ပါးစပ်များ
ချုပ်မထားနဲ့
အရာသာခံဖို့
ပြောရေးဆိုခွင့်ရှိဖို့၊ ပြောရေး မဆိုခွင့် ရှိဖို့
ပြောဆိုခံစား ရသာခံပိုင်ခွင့်။
ခြေထောက်များ
ချူပ်မထားနဲ့
လိုရာသွားဖို့
သွားပိုင်ခွင့်။
လက်များ
ချူပ်မထားနဲ့
လက်သီးများဆုပ်ဖို့
လိုရာ “ဆန္ဒ”လက်မြှောက်တောင်းဖို့
လက်သီးဆုပ်ပိုင်ခွင့် လက်မြှောက်ပိုင်ခွင့်။
ဦးဏှောက်များ
တွေးချင်ရာတွေးဖို့
ရေးချင်ရာရေးဖို့
ငေးချင်ရာငေးဖို့
ရွေးချင်ရာရေးဖို့
တွေး ရေး ငေး ရွေး ပိုင်ခွင့်။
===================================
နွားတစ်ထောင်ကျောင်းလိုက်ချင်ရဲ့
တော့်သမီး
စောစောတင် ရိပ်ခနဲမြင်ရဲ့
ဆံစအသားချ ပနံရ သူ့ပါးပြင်
ပါးကွက်တော်ရွှေရွှေဝင်းရယ်နဲ့
နားသယ်မှာ နှင်းဆီခင်း
နံ့သာဖြူ ခြေတော်နင်းတယ်
ဘယ်ဆန့်လို့ခင်း..။
မသိပေါင် မယ်နှင်း
နွားတစ်ထောင် မများပေါင် တစ်ယောက်
တစ်မိပေါက် တစ်ယောက်ထွန်းတယ်
ညှင်းရက်ဖို့မလွယ်
ခုပင် ဖူး
ပွင့်မယ် ကြံရွယ်
လမ်းအလယ် ပန်းအမယ် အလှ
ညနေရီ မှောင်အစမှာ
ဘွားမယ်ရဲ့ နင့်ခြေ သူနင်းတယ်ထင်..။
ဒီမယ် ဒီမယ် အဘိုးအို
တော်ပျိုးမှ ကျုပ်အအို
ရုပ်အပျိုရှင်ငေး ရှင်သွေးမှ ချစ်ရည်ယို
ချစ်အချို ရှင်စား ရှင်သကာစကားမှာ
ကျုပ်ကသာစိုက် အလိုက်ရယ်အထုပ်ပိုက်
အရှက်ကအမှိုက်ပမာ စွန့်ခဲ့တာပါ
ခုစကား ရှင်တွေး ရှင့်သမီးပျို ရှင်မတွေးလို့
မအေတူ ခြေနင်းထပ်တယ်လို့
တော်မို့လို့ ယိုးရက်တယ်
ခက်ခက်လေတယ်။
အို့ အိုမယ်
ဘိုးမယ်ဖွဲ့မယိုး နိုးလက်စ ငယ်စိတ်ကိုကွယ်
ချစ်စိတ်မပြယ်
ရွယ်ဓလေ့မို့ကွယ် မယ်နင်း
ပျို့အလို ဒီအရွယ်တုန်းက ဒီစိတ် ဒီအရိပ်တွေပြေး
သစ်ရွက်တွေလေပုတ်နိုးတောင်
ခစ်ခစ်မြည်သေး
မပူပါ ငယ်သွေး
မရှိပူရ ကုန်မှအေးမယ်
သားသမက်ရမှ အေး..။
ပြောတယ်တော့ ပြောတယ်
ပလက်ရယ်ထိုင်ကာ ဆေးလိပ်ရယ်ဖွာ
ရှိုက်ကာသာ သူပြော မောဖို့မပါ
ကိုယ်ချင်းစာတရား မွေးပါတော့ တစ်ရွာသားရယ်
မသိသလိုထား ခိုးရာပါ ငါ့မယားကို မအပ်မရာ ငွေတစ်ပြားနဲ့
လာအပ်မှ ရှင့်နား
တောက် ခေါက်ကာ ရှင်စိတ်တွေသူပုန်မမွေး
ဗျာပူပေါင် အဆွေး ပြာပူအောင် ရှင်မနွေးပဲနေတော့
ဆိတ်ဆိတ်နေလေ။
……………….
………………..
…………………….
မယ်နှင်း
ဘာတုန်း
မယ်နှင်း
ဘာတုန်းဆို အဘိုး ရှင်မပင်းတာလည်း ကျုပ်အသိ
ပြောမယ်ဆိုအသင့် နားခံဖို့အသင့်ရှင့်
ဒိုးဒိုးဒေါင်ညံ
နံရံမှာ ရှစ်စိတ်ချိုး မိုးလရယ် ချုပ်လှပေါ့
နင့်သမီးအရိပ် ငါမမြင်
ငါ့စိတ်ထင် ရွာရိုး
အပျိုဖော်သသိုက်နဲ့ စရိုက်ရယ်ဖြိုး
ခိုးခစ်ကာရယ်ကြ မိုးညရယ်မှောင်မှ နာရီသော်မကြည့်ကြပဲနေသလား
လာကွဲ့ ဓါတ်မီး ကိုင်ဆွဲကာ လိုက်ခဲ့လေတော့
သမီးတော်တစ်ယောက်
ခရီးအတော်မပေါက်ခင် အရီးကျော့အိမ်အရောက် တို့ကြိုမှ သင့်မဟဲ့
ဟင်း နွားတစ်ထောင် ကျောင်းလိုက်ချင်သေးတယ်
မိုးညနတ်သားရယ်။
=============================
သူပုန်
ငွေစက္ကူ တစ်သောင်းတန်ကို မြင်ဖူးရုံနဲ့
ငါဟာ
တစ်ခါက
မျက်နှာစုံညီ ထမင်းဝိုင်းကို
သတိရ ရတယ်လို့ . . .။
ခက်တာက
ငါ့ရဲ့ ရိုးအမှု ဟာ
အသံထက် မြန်နေတာပါပဲ . . .။
သူတစ်ပါးကို အားနာလို့
ကိုယ့်ကိုယ်ကိုယ် ပုန်ကန်မိတဲ့
အပြစ်တစ်ခုပဲ ရှိပါတယ် . . .။
ပြီးတော့
ပိုမို ကျစ်လျစ်လာတဲ့ ကမ္ဘာကြီးကိုလည်း
ချစ်လျက်နဲ့ မုန်းယောင်ဆောင်ရင်း
ပရိုယဉ်ကျေးမှုကို ကြောက်လန့်နေတာလည်း
ဝန်ခံပါရစေ . . .။
ငါဟာ
သရောကြီး ကျတဲ့ခေတ်မှာမှ
ရောမန္တိက ကို အရှက်မရှိ
ဂ ငယ်ကွေ့ ပြန်ကွေ့လို့
သူမကလည်း
ခေတ်နဲ့ လျှော်ညီစွာ ကိုယ့်ကိုချစ်ပုံက
လမ်းခွဲရမလား မသိဘူး ကိုကိုရယ် . . .တဲ့ . . .။
ငါဟာ
ကိုယ်လေးလက်ဝန်ကို
တောကျလို့ . . .။
================================
ဘဲကင်သို့ တမ်းချင်း (ရှစ်လုံးဖွဲ့)
ဗိုက်မှာဖောင်းကား၊ ပေါင်ထွားထွားနဲ့
အသားကနီ၊ အဆီ ရွှဲရွှဲ
အိတွဲချိုအီ၊ ဘာယီနဲ့ဆွဲ
သွားရည်ရွှဲ ၊ ငါဆွဲမယ့်ဘဲကင်။
ငါ၏အော်ဒါ၊ မုချလာသော်
ဒီစားပွဲထက်၊ တလက်လက်နဲ့
တောက်ပဖိတ်ကြွား၊ ဘော်ငွေရောင်ဓား
ငါအားသုံးပြီး၊ လှီးဖြတ်မကြာ
ချိုမြိန်စွာ၊ ငါးစားသုံးလို့သာ။
တယောက်တည်းစား၊ ဗိုက်ကားလာပြီ
ဘာယီတကျိုက်၊ ဘဲကင်ကိုက်နှင့်
လောကစည်းဇိမ်၊ ခပ်မြိန်မြိန်သာ
သုံးဆောင်ရင်း၊ ခင့်လွမ်းရပ်ဝေးမှီ။
ကြာခဲ့ပါပြီ၊ မျှော်ကိုးကာလေ
သည်ဟာဒွေကို၊ မျိုဖို့ စို့ဖို့
မောင်လေကြိုးစား၊ ပျိုအားမှာစေ
ကြိုမှာပေး၊ ပိုဆွေးမောင့်သက်သေ။
===================================
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
45 comments
မမချွိ
February 11, 2014 at 6:06 am
Congrats to Ko Taw Twin Pyaw.
I will be back to vote the poems..
😀
မမချွိ
February 11, 2014 at 8:07 am
လာကြပါ ဗုဒ်ကြပါ။
တမီးရဲ့ ရေနွေးဖြစ် ကဘာလေးလည်း ပါပါတယ်။
တမီး ကဘာကို ဗုဒ်ရင် အာဘွားကြီးကြီးပေးပါ့မယ်။
:chit:
ဘယ် ကဘာ ဆိုတာတော့ပြောလို့မရလို့ မပြောနိုင်ပါဘူး။။။
သိချင်ရင် ထမင်း တစ်ဝိုင်းကျွေးရင် ပြောပြပါ့မယ်။။
ခုခိ ခုခိ
😀
မိုက်လိုက်တဲ့ ပလိုမိုးရှင်းကွာ။
:boss:
Mr. MarGa
February 11, 2014 at 9:50 am
တိန်……….
ပလိုမိုးရှင်းကတော့ ချယ်ဘဲ…..
ထမင်းဆိုင်မှာ တစ်ပတ်စာ ဖရီး ဆိုပြီး လုပ်ကြည်ပါလား
မဟာရာဇာ အံစာတုံး
February 11, 2014 at 9:24 am
အဲ့ဒီလို
သမိုင်းဝင်လှတဲ့ ဖေဖော်ဝါရီလမှာ
ငါ ဆိုတဲ့ မဟာရာဇာ ကို မွေးဖွားခဲ့တာကွယ့် ..
ဒါဂျောင့် …
ရိုရိုသေသေ ငါးငါးစားစား ဆက်ဆံဂျ ..
ကျားဂျလား …
Mr. MarGa
February 11, 2014 at 9:52 am
အင်း…
နင့်ကို မွေးခဲ့လို့
ဖေဖော်ဝါရီ သမိုင်းက နည်းနည်း လျော့သွားတာ ဖြစ်ရမယ်…. :mrgreenn:
ခင် ခ
February 11, 2014 at 10:31 am
နှင်းမှုန်ဝေတဲ့ ဆောင်း
ရွက်တွေကြွေတဲ့ နွေ
မစဲနိုင်တဲ့ မိုး
ထိုထိုဥတု သုံးလီပြုကာ
အဖန်ဖန်အလီလီ ကျော်ဖြတ်ခဲ့ပြီ
အခုတော့ငါလည်း အိုလေပြီ။
( အဲဒီလို ကဗျာတိုလေးတွေ ပို့ချင်ပေမယ့် အားနာလျှက်မို့ မန့်ချက်မှာဘဲ ရေးပါရစေ)
Mr. MarGa
February 11, 2014 at 3:59 pm
ဟာဗျာ……
ကဗျာပဲ
တိုတာ ရှည်တာ မခွဲပါဘူးဗျ။
အလောင်းစည်သူ မင်းကြီးတောင် ငါမအိုသေး ဆိုပြီး ကြုံးဝါးနေသေးတာပဲကို 🙂
ဖြူစိုင်း လူ
February 11, 2014 at 10:43 am
ဖေဖော်ဝါရီမို့ သမိုင်းတစ်ကယ်ပဲ ရိုးမယ်ဖွဲ့ကြလေလား
တစ်ချိူ့က မျိုးချစ်မြန်မာများ
တစ်ချို့က ကိုယ့်နံရိုးကိုယ်ချစ်ကြသူများ
ရင်ဘတ်တွေကြည့်တော့ ဟောင်းလောင်းပေါက်ကြီးတွေနဲ့
ကိုယ့်ရင်ကိုယ်ခွဲ ထမင်းတစ်လုပ်အတွက် ရှင်သန်နေသူချင်း
ဘူ ဘူချင်း တစ်တော့လာမလုပ်နဲ့
မင်း လည်ဇလုပ်ပြုတ်သွားမယ်မှတ်။
ဘာ..
မင်းနဲ့ငါ အယူမတူလို့ ငါ မြန်မာမဟုတ်ဘူးတဲ့လား
အဲ့လိုမတူလို့ အယူတွေကွဲကြစတမ်းဆို
ငါ ဒီအနီရောင်ပါတ်စ်ပို့ကြီးကိုကိုင်လို့
တစ်ခြားရေမြေသွားလာနေကတည်းက
ငါဆိုတာ ဘာဆိုတာသိပြီးသားမို့
မြန်မာဆိုနေရာစုံ လိုက်ရှာနေပြီးသား
မင်းဘာဖြစ်ဖြစ်..
မြန်မာဆို လုံလောက်ပြီမှတ်။
တစ်ချို့ကဖြူ
တစ်ချို့ကနီ
တစ်ချို့ကပြာ
တစ်ချို့ကဝါ
အသွေးအရောင်စုံစွာနဲ့
ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာကွဲပြားနေကြပေမယ့်
တစ်မြေရပ်ခြားမှာတော့
နှစ်ရောင်ပဲရှိတယ်
စိမ်းစိမ်းကားကားနဲ့
နွေးနွေးထွေးထွေးသမား
စကားတွေအတော်လေးများနေလို့
မင်း.. မယုံဘူးထင့်
ဝေးမြေတစ်နေရာရောက်ပါမှ
မင်းမြန်မာလား ဝမ်းသာအားရမေးပါမှ
တွန်းတိုက်ကာထွက်သွားရှာတဲ့
တစ်ချိန်က မြန်မာအိမ်မြှောင်များအတွက်
ကြုံကြိုက်ခဲ့ရင်တော့များ
ဒင်းတို့ပါးသာ ပြေးရိုက်ချင်ရဲ့
ဘာတဲ့
သွေးချင်းမြန်မာများတဲ့။
Mr. MarGa
February 15, 2014 at 8:22 pm
အကြောင်းကြောင်းကြောင့် အကြောင်းကြောင်းကြောင့် လို့သာ နားလည်ခွင့်လွှတ်ပေးလိုက်ပါ ဗျာ……
🙁
မိုက်ကယ်ဂျော်နီအောင်ပု
February 11, 2014 at 11:38 am
. အိမ်ရှေ့ မီးကြိုးတန်းပေါ်မှာ
. ကျလိကျလိစာကလေး ငှက်နှစ်ကောင် ဒချိဒချိနေကြတယ်
. နွေးထွေးယုယတဲ့အချစ်တွေအပြည့်နဲ့
. တစ်ယောက်နှင့်တစ်ယောက် လက်ခြင်းယှက်လို့ ဖြတ်လျှောက်သွားကြတဲ့
. ချစ်သူစုံတွဲတွေက မနည်း
. ပြုုံးနေကြတယ် ပျော်နေကြတယ် ငြိမ်းချမ်းနေတယ်
. သူတို့အားလုံး ဘာမျှမြင်မည်မထင် ( ဘေးကသူကလွဲလို့ )
. အဲ့သည်အခိုက်
. အနံ့ဆိုးဆိုးကိုရှူ ရှိုက်လိုက်မိတယ်
. ဟာ !!!
. ဒါ ငြုပ်သီးလှော်တဲ့အနံ့ဘဲ
. အိမ်ရှေ့အိမ်က အပျိုကြီးတစ်ယောက်ထွက်လာတယ်
. ကျုပ် လူပျိုကြီးအိမ်ဖက်လှည့်ပြီး အော်ပါလေရော
. အိမ်ထောင်းငြုပ်သီးမှုန့်စစ်လေးမှစားခြင်တဲ့
. ဘယ်ဖေ#@မအိမ်က ငြုပ်သီးလှော်နေသလဲဟေးးးးးးး
………..
. ဂဗျာစယာ မိုက်ကယ်ဂျော်နီအောင်ပု
မဟာရာဇာ အံစာတုံး
February 11, 2014 at 12:25 pm
အပိုကြီးတွေရဲ့ အပေါက် (ပါးစပ်ပေါက်) က ရေလည် ကြမ်းတယ် …
ဒါပေမယ့် …
ဘဲငယ်ငယ်လေးတွေနဲ့ တွေ့လို့ကတော့
မခုတ်တတ်တဲ့ ကြောင်မလေး အတိုင်းပဲ …
မျက်လုံးလေး ကလယ် ကလယ်နဲ့ ရှက်သွေးဖြာနေတဲ့ ၁၆ နှစ်သမီး စတိုင်နဲ့ …
အပျိုကြီးတွေဆို ကျော်ကတော့ တောက်ရမ်း အမြင်ကပ်တယ် …
မှတ်ချက် … ရွာထဲက အပျိုကြီးများ မပါ။
TNA
February 11, 2014 at 1:25 pm
ဗုတ်ပြီးပါကြောင်းနှင့် သုံးပုဒ်ကို အတော်ရွေးလိုက်ရပါကြောင်း။ ငါးပုဒ်လောက်ကြိုက်နေလို့။ ကျန်ကဗျာများလဲ လှပပါအိ။ ကဗျာနဲ့တွဲစပ်ထားတဲ့ ပုံလေးတွေကလဲ လိုက်ဖက်ညီလှပပါအိ။ မြတ်နိုးခြင်း ကဗျာကိုတော့ ရင်ထဲအထိဆုံးဖြစ်ပါအိ။
မမချွိ
February 11, 2014 at 1:33 pm
ခွိခွိခွိ။
နာ ဘာမှ ကြောဝူးနော။
ရေစက်ဆိုတာ တွေ့ပလား တဂျားးး :mrgreenn:
:chit:
TNA
February 11, 2014 at 1:56 pm
ဟုတ်ပါ့ ရေစက် ရေစက်။ ဟိုမယ် ဦးအုန်းမြင့်ရေသန့်လှုချင်လို့တဲ့ ရေစက်လာတောင်းနေဒယ်
Mr. MarGa
February 11, 2014 at 1:44 pm
နောက်ဆုံးစာကြောင်းမှ လွဲ၍
ကျန်စာကြောင်းများမှာ
ကျွန်ုပ်အား ချီးကျူးခြင်း ဟု မှတ်ယူပါသည် :mrgreenn:
အဲ.. အဲ့ကဗျာလဲ ပုံလုပ်တာ အနော်ပဲဗျ :mrgreenn:
TNA
February 11, 2014 at 1:59 pm
ဒီတခါပုံတွေ ရိုးရိုးလေးနဲ့ ကွက်တိပဲ။ ကဗျာတွေနဲ့လိုက်တယ်။ ဘဲကင်ကတော့ တကယ်မစားရပဲ နာ့ကို ဒုတ်ခပေးဒယ်။ ပိုက်ပိုက်ထွက်တော့မယ် 😥
Mr. MarGa
February 11, 2014 at 4:14 pm
ဟီးဟီးး
ကဗျာရှင်ကိုသာ မေတ္တာပို့ပါလေ… :mrgreenn:
TNA
February 11, 2014 at 5:13 pm
ဘဲကင် ကဗျာရှင်ကို မှန်းမိဒလိုလိုဘဲ။ :byee:
မမချွိ
February 11, 2014 at 2:23 pm
အဲပုံ ရွေးပေးတာရော
အဲပုံ သုံးချင်တာရောက ဘူဘူတုန်းးး
:boss:
TNA
February 11, 2014 at 5:11 pm
ဘဲကင် ကဗျာရှင်ကို မှန်းမိဒလိုလိုဘဲ။ :byee:
alinsett ( Gazette )
February 11, 2014 at 1:54 pm
ကိုတောတွင်းပျော်…တောတွင်းမှာပဲ..ပျော်နေတယ်ထင်ပါ့…။
ကဗျာဆုလေး ရရှိကြောင်း.. သတင်းပေးဦးမှပါ… ။
—————–
ဒီတစ်ခေါက်.. ကဗျာပြခန်းလေးက…
အမြင်ရော..အဆင်ပါ..အတော်လေး…တောက်ပတာကိုတွေ ့တယ်.. ။
ကြည့်ရ / ခံစားရတာ..အဆင်ပြေတယ် လို ့… ။
အပင်ပန်းခံ ဖန်တီးပေးတဲ ့ကဗျာ အဖွဲ ့ဝင် များကို..ကျေးဇူးတင်လျက်ပါ…လို ့…
:kwi:
Mr. MarGa
February 11, 2014 at 4:23 pm
နောက်တစ်လအတွက် ကြိုတွေးထားပါ…ငွင်းငွင်း.
myat pearl phyu
February 14, 2014 at 1:45 pm
ဗုတ် ပိပိ … အားလုံးကို ကြိုက်ပါဒယ် ..very good poets!
Mr. MarGa
February 15, 2014 at 8:06 pm
ကဗျာတွေလဲ ရှိခဲ့ရင် ပါဝင်ပြသဖို့ ဖိတ်ခေါ်ပါကြောင်း
ပြခန်းမှာ ကဗျာဆရာတွေအတွက် တစ်နေရာ အမြဲချန်ထားပါတယ် လို့ 🙂
မီ မီ
February 16, 2014 at 12:19 pm
ဗုတ် ဗုတ် ဗုတ် 🙂
Mr. MarGa
February 17, 2014 at 9:56 am
ဗုတ်ပြီးရင် ပြခန်းအတွက် ကဗျာပို့ပေးပါဦး ဗျို့
အရိပ်စစ်
February 17, 2014 at 12:36 am
ဒီတစ်ခါ Vote ရတာ ခက်ခက်ခဲခဲပဲဗျိုးးးး
အကြိုက်ဆုံးတွေက များနေလို့..
Mr. MarGa
February 17, 2014 at 9:58 am
အကြိုက်ဆုံးထဲက အကြိုက်ဆုံးကို ရွေးထုတ်ထားတာပေါ့လေ…
ကဗျာပေးဦးဗျ 🙂
ခရီးသည်ကြီး
February 17, 2014 at 9:30 am
ကဗျာတွေအားရစရာပါလားဗျ
ဖြည်းဖြည်းခြင်း ဖတ်ရမယ်
Mr. MarGa
February 17, 2014 at 10:53 am
တစ်လစာ တင်ပေးလိုက်တာဗျို့ 🙂
လုံမလေးမွန်မွန်
February 20, 2014 at 9:35 am
တိန်.. ဖုန်းနဲ့ပေးတဲ့ ကွန်မန့် မတက်ဘူးလား..
တီမီး ကဘာတွေ ရေးဖြစ်ရင် ပို့ပေးလို့ရမားလို့.. အာ့.. အာ့.. လာမေးတာ..
သော်ဇင် (လွိုင်ကော်)
February 21, 2014 at 6:41 pm
သူပုန်ကို Vote လိုက်တယ် ဗျာ
Courage
March 1, 2014 at 9:22 pm
မြတ်နိုးခြင်းကို မြတ်နိုးလိုက်တာ….
kyeemite
March 5, 2014 at 10:10 am
ပြခန်း(၁၅)အဖြေကြေငြာတော့လေဂျာ
ဒီက ဂုဏ်ပုချင်လို့စောင့်နေတာ..
Mr. MarGa
March 5, 2014 at 10:34 am
ကဲ… ကဲ..
ဗုတ်လဲ ပိတ်လိုက်ပြီ ဆိုတော့ ကဗျာပြခန်းရဲ့ အကြိုက်ဆုံးကဗျာလဲ ထွက်လာပြီပေါ့။
ဒီလ အကြိုက်ဆုံးအဖြစ် ဝိုင်းရွေးလိုက်ကြတာကတော့
မြတ်နိုးခြင်း ကဗျာပဲ ဖြစ်ပါတယ် လို့
ရွေးချယ်မှု ၁၉ဝ ထဲကမှ ၃၁ မဲနဲ့ ရရှိသွားပါတယ်…..
အဲ… ကဗျာရေးတဲ့သူလား
ကဗျာရေးတဲ့သူက သူ့နာမည်ကို မပြောပါနဲ့တဲ့ဗျ။
ကဗျာမပီ စာမမည်လို့ ဆိုလား :mrgreenn:
ဆိုတော့ ကဗျာရှင်ရဲ့ တောင်းဆိုချက်အရ ဘယ်သူလဲဆိုတာတော့ မပြောတော့ပါဘူး…..
သဲလွန်စလေးပဲ ပေးလိုက်ပါမယ် (ဝိနည်းလွတ်ပေါ့) :mrgreenn:
ကဗျာရေးသူက…..
ရွာထဲက ထမင်းဆိုင်ပိုင်ရှင်ကြီးပဲ ဖြစ်ပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးး
ဂုဏ်ပြုသူတွေကို တစ်လစာ ဖရီးကျွေးမယ် ဆိုလားပဲဗျ။။။
ဟီးးး ပြေးပြီ ဝှစ်
kyeemite
March 5, 2014 at 11:43 am
ဟယ်…တော်..တို့မမချွိ ဂျီးပါလား..တော်ထှာ
ကွန်ဂရက်ကျူလေးရှင်း အကြီးကြီးပါဗျား 😛
မမချွိ
March 5, 2014 at 11:59 am
ကျေးကျေးးး
ခွိခွိခွိ။ :mrgreenn:
ကွကိုယ် ရေနွေးဖြစ် စာတိုလေး တိတ်တိတ်လေးရေးတာပါဆို။
ရစေချင်တဲ့ ကဘာတွေတုန်းကမရဘူးးး
အဲဒီလိုကို လွဲတာ။
😀
kyeemite
March 5, 2014 at 3:10 pm
ကဗျာအကြောင်းသိပ်တော့နားမလည်…ဒါပေမဲ့ ဒီကဗျာလေးကတော့
တိုတိုလေးနဲ့ လေးနက်တဲ့အဓိပ်ပါယ်ဆောင်နေတယ်လို့ထင်မိတယ်….
ထိုက်ထိုက်တန်တန်ရတာပါ ဂျီးဒေါ်ချွိ ရယ်… 😛
မမချွိ
March 6, 2014 at 8:00 am
အာ။
အဲလို ဟိုင်းလိုက် မလုပ်နဲ့လေ။
ရှက်လည်း ရှက်ပါတယ်။
ရှက်လည်းရှက်ပါဘူးးး
ခုခိ ခုခိ :mrgreenn:
ဒီစာစုဖြစ်ဖို့ တွန်းအားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ် ရယ် ကဗျာပိုင်ရှင်ရယ်ကို ကျေးဇူးတင်ပါကြောင်းးးးး
:chit:
Mr. MarGa
March 7, 2014 at 12:35 pm
အဲဒီကဗျာ နဲ့ ကဗျာပိုင်ရှင်ကို သိချင်မိပါကြောင်းး :mrgreenn:
မမချွိ
March 7, 2014 at 1:03 pm
ပြောပြဘူးးး :mrgreenn:
မမလေး
March 8, 2014 at 1:41 pm
ကူးမယ်ဆို အဆင်ပြေမလား . . . ကြိုက်လို့ပါ . . .
Mr. MarGa
March 8, 2014 at 1:55 pm
ရပါတယ်ဗျာ။ ကူးနိုင်ပါတယ် ပုံရော စာရော.. (source နှင့်တကွ) 🙂
မမလေး
March 10, 2014 at 1:54 pm
ကျေးဇူး အထူး တင်ပါတယ်ရှင့် . . . မတွေ့ရတာကြာပြီ . . . အရင်အတိုင်းပဲမလား ?
Mr. MarGa
March 10, 2014 at 3:22 pm
အရင်လိုပါပဲ……ဖုန်တွေကြားထဲ…
အာပေါက်အောင် ငြင်းဆဲ ရွာသူားများပါ