မတ်လ ၁၃ – ဖုန်းမော်နှင့်စိုးနိုင်

kaiMarch 12, 20141min42010

ဖေ့ဘုတ်မှ စာများကို ကူးယူပါသည်။ သမိုင်းမှတ်တမ်းကျန်ရစ်အောင်ပါ..။

မတ်လ မော်ကွန်း

၁၉၈၈ ခု မတ်လ (၁၃)ရက်နေ့တွင် အာဏာရှင်တို့၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ဖုန်းမော် ကျဆုံးခဲ့သည်။ ပဉ္စမနှစ် ကျောင်းသား စိုးနိုင်သည် ဒဏ်ရာဒဏ်ချက်များ ကြောင့် ဧပြီလ (၅)ရက်နေ့တွင် ကျဆုံးခဲ့ပြန်သည်။

သတင်းကြေညာချက်များ၌ ဖုန်းမော်သည် ခိုက်ရန်ဖြစ်ပွားမှုမှ ရရှိသော ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က အာဏာရှင် အစိုးရသည် သတင်းအမှောင်ချ၍ သတင်းမှားကို ဖြန့် ဝေခြင်း ၊ သမိုင်းအချက်အလက်များအား တိမ်းစောင်းစေခြင်း စသည် တို့ကို ပြုလုပ်လေ့ရှိသည်။

တကယ်တမ်းပြောရမည်ဆိုလျှင်၊ စက်မှုတက္ကသိုလ်မှ အာဇာနည်ကျောင်းသား ဖုန်းမော် နှင့် စိုးနိုင် တို့ စစ်အာဏာရှင် အစိုးရ၏ လူမဆန်သော လုပ်ရပ်ကြောင့် ကျဆုံးခဲ့ခြင်းမှတစ်ဆင့် စစ်အာဏာရှင်စနစ်အား တော်လှန်သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ စ ခဲ့သည်ဟုဆိုလျှင် မည်သူ ငြင်းနိုင်မည်နည်း။

ယင်းသည် မည်သည့်အခါမှ မေ့ပျောက် ဖျောက်ဖျက်၍ မရသော မြန်မာနိုင်ငံ၏ တက္ကသိုလ်ကျောင်းသား အရေးတော်ပုံမှတ်တမ်း သမိုင်းအချက်အလက်များပင် မဟုတ်ပါလော။ သမိုင်းအချက်အလက်၊ အဖြစ်အပျက် တို့ကို ဖျောက်ဖျက်ရန် ၊ သို့မဟုတ် တိမ်းစောင်းသွားစေရန် မသမာသောနည်းလမ်းဖြင့် ကြိုးပမ်းသူသည်သာ သမိုင်းတွင် သစ္စာဖောက်အဖြစ် ကျန်ရစ်မှေးမှိန်သွားမည်ဖြစ်၏။

ဖုန်းမော် ကျဆုံး ရခြင်း အဓိက အကြောင်းရင်းကို ဝေဖန်သုံးသပ်ကြည့်ပါက ထိုစဉ်က မြန်မာနိုင်ငံ ပြည်သူအများ အခြေခံလူ့အခွင့်အရေးများ မည်မျှ ဆုံးရှုံးနစ်နာနေသည်၊ လူ့ အခွင့်အရေးများ ခံစားပိုင်ခွင့်မရှိသော အခြေအနေတွင် မည်မျှထိရှိနေသည် ဟူသော အကြောင်းအချက်များကြောင့် ဖြစ်သည်ကို ပြက်ပြက်ထင်ထင် မြင်တွေ့နိုင်ပေသည်။

သာဓက တစ်ခုအဖြစ် ဖော်ပြရလျှင် ငွေစက္ကူများအား တစ်ကြိမ်မက အကြိမ်ကြိမ် တရားမဝင် အဖြစ် ကြေညာခဲ့ခြင်းကြောင့် လက်လုပ်လက်စား ကျောင်းသား မိဘပြည်သူတို့ ပြာပုံကျ အတိဒုက္ခ ရောက်ခဲ့သည့် အဖြစ်ကိုပြရပေမည်။

ဖုန်းမော် ကျဆုံးဖြင်း တစ်နှစ်မြောက် အထိမ်းအမှတ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သော ဂုဏ်ပြု အကြံပြုတိုက်တွန်းလွှာ၌ “ အခြေခံ လူ့အခွင့်အရေးများကို ပြည်သူလူထုက လိုလားတောင်းတနေသော ကြောင့် လည်း ဒီမိုကရေစီ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လူတိုင်း လူတိုင်း လူ့ အခွင့်အရေးရှိသင့်သည် ဟူသော ခံယူချက်ပေါ်တွင် အခြေစိုက်သင့်သည် …” ဟူ၍ သဝဏ်လွှာတွင် ပါရှိပေသည်။

ဆက်လက်၍ “ လူ့ အခွင့်အရေးဆိုသည်မှာ လူတိုင်းနှင့် ဆိုင်သည့်အလျောက် ဖုန်းမော် ကျဆုံးသောနေ့ကို အခြေခံ လူ့အခွင့်အရေးနေ့ (Human Rights Day) သဖွယ် သတ်မှတ်၍ ထိုနေ့၌ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ လူမှုအခွင့်အရေးများ ဆိုင်ရာ ကမ္ဘာ့ အဓိဋ္ဌာန်ပြုကြေညာ စာတမ်းတွင် ပါဝင်သောအချက်များကို နိုင်ငံတစ်ဝန်း၌
ဖြန့်ဝေ၍ ဆွေးနွေးပွဲများ လုပ်သင့်သည်။ “ ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ (၁၀)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၌ နိုင်ငံစုံမှ လက်မှတ်ထိုး အတည်ပြုခဲ့ကြကြောင်း သိပြီး ဖြစ်မည်။ အပိုဒ်ပေါင်း (၃၀)ပါဝင်သော ယင်းကြေညာစာတမ်းထဲမှ အထင်ကရ အပိုဒ်အချို့အား ဖော်ပြပါမည်။

(၁) လူတိုင်းသည် မွေးဖွားလာကတည်းက ဂုဏ်သိက္ခာနှင့် အခွင့်အရေးဆိုင်ရာ တန်းတူညီမျှမှု ရှိသည်။
(၂) လူတိုင်းသည် လူမျိုး၊ ဘာသာ၊ အသားရောင်၊ လိင်၊ ဘာသာစကား၊ အဆင့်အတန်း နှင့် အယူအဆ ဆိုင်ရာ လွတ်လပ်မှုနှင့် အခွင့်အရေးရရှိမှု တန်းတူညီမှု ရှိရမည်။ (၃) လူတိုင်းသည် အသက်ရှင်နေထိုင်ခွင့် ၊ လွတ်လပ်ခွင့် နှင့် လုံခြုံမှုရှိခွင့် ရှိရမည်။ (၄) မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ ညှဉ်းပန်းခြင်း၊ အပြစ်ပေးခြင်း ပြုခွင့် မရှိရ။ (၅) တရားဥပဒေ ရှေ့မှောက်တွင် လူတိုင်းသည် လူသားအဖြစ် အသိအမှတ်ပြုခံခွင့် ရှိသည်။ (၆) လူတိုင်းသည် တရားဥပဒေ၏ အကာအကွယ်အောက်တွင် တန်းတူညီမျှစွာ ရှိနေခွင့် ရှိသည်။ (၇) မည်သူ တစ်ဦးတစ်ယောက်မျှ မတရားအဖမ်းဆီးခံခြင်း ၊ အချုပ်နှောင်ခံခြင်း၊ ပြည်နှင်ဒဏ် အပေးခံခြင်း မရှိစေရ။ (၈) လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်၊ ယုံကြည်၊ ဘာသာတရားကိုးကွယ်ခွင့် ရှိရမည်။ (၉) လူတိုင်းသည် အနှောက်အယှက် ကင်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာများနှင့် သတင်းအပေးအယူ လုပ်ခွင့် ရှိရမည်။ (၁၀) လူတိုင်းသည် လွတ်လပ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အဖွဲ့အစည်းတို့၌ ပါဝင်ခွင့် ရှိရမည်။ (၁၁) လူတိုင်းသည် ကျန်းမာရေး အစရှိသော လူမှုဘဝအတွက် သင့်တင့်လုံလောက်သည့် အဆင့်အတန်းရှိ လူနေမှုဘဝကို နေထိုင်ခံစားခွင့် ရှိသည်။

ကျန်ရှိသည့် လူ့အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၁၉)ပိုဒ်ကို မဖော်ပြတော့ပါ။ ချုပ်၍ပြောရလျှင် ၊ လူသားတိုင်းအဖို့ လူ့ဘဝ၌ လူတစ်ယောက်အဖြစ် ပီပီပြင်ပြင်နေနိုင်ရန် သူ၏ ရပိုင်ခွင့်၊
ခံစားခွင့် စသည့် အခွင့်အရေးများ ဆုံးရှုံးနစ်နာခြင်း မဖြစ်သင့်..။

ချိုမြိန်သော သမိုင်းဟူသည် မရှိစကောင်းပေ။

အလွန် ခါးသီးသော သမိုင်းဖြစ်စဉ်များအား ခါးသီးပြင်းထန်စွာ ဖြတ်သန်းခံစားလာရသူတစ်ယောက်အဖို့ ထိုသမိုင်းဖြစ်စဉ်အား မေ့ပစ်ရန်ဆိုသည်မှာ မမျှော်လင့် စကောင်းပေ။ ထိုသို့ ပြုလိုက်မည်ဆိုပါက ခါးသီးသော သမိုင်းဖြစ်စဉ်ဖန်တီးသူများအား အားပေးအားမြှောက် ပြုနေခြင်းနှင့် တူနေပေမည်။

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ဖုန်းမော်၊ စိုးနိုင် ကျဆုံးခြင်း ဖြစ်စဉ်ကို သာမန်အားဖြင့် ရှုမြင်သုံးသပ်မည်ဆိုပါက တက္ကသိုလ်ကျောင်းသား လူငယ်တို့၏ မကျေနပ်ချက် ပေါက်ကွဲထွက်ခြင်းမှ ဖြစ်လာရခြင်းဟု သုံးသပ်ကြမည်။ တကယ်တမ်းမူ ထိုသို့မဟုတ်။ နှစ်ရှည် လ များ အဖိနှိပ်ခံ၊ လျစ်လျူရှုခံ ၊ လူ့အခွင့်အရေးများ အဆုံးရှုံးခံရခြင်း မီးပွါးမှ ကူးစက် လွင့်စဉ် ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။ ယင်း ဖုန်းမော် မီးပွါးသည် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကို အဟုန်ကြီးမားစွာဖြင့် တွန်းအားပေးဖြစ်ပေါ်လာစေလိမ့်မည်ဟု မည်သူမျှ ကြိုတင်တွက်ဆခဲ့ကြမည်မဟုတ်ဟု စာရေးသူ ပြောချင်ပါသည်။

ထို့ကြောင့် ဖုန်းမော် သွေးမြေကျသောနေ့ကို မြန်မာနိုင်ငံ၏ “ လူ့ အခွင့်အရေးများ နေ့ “ ဟု သတ်မှတ်ပေးရန် အသင့်တော်ဆုံးဖြစ်ကြောင်း ထပ်လောင်းပြောလိုပါသည်။

ရေးသူ — တက္ကသိုလ် မိုးဝါ

10 comments

  • kai

    March 12, 2014 at 2:25 pm

    ၂၅ နှစ် by Soe Lynn
    March 12, 2013 at 10:43am
    https://www.facebook.com/soe.lynn.9?fref=ts

    ၁၉၈၈ခု ၊ မတ်လ (၁၃)ရက်

    မှတ်မှတ်ရရ တနင်္ဂနွေနေ့။ မွန်းတည့် ၁၂ နာရီကျော်။

    အိပ်ရာနိုးတာနဲ့ ထုံးစံအတိုင်း ကန်တင်းထိုင်ဖို့ဆင်းလာရင်း ခါတိုင်းနဲ့မတူ လူများနေတာကို ထူးထူး ခြား ခြားသတိထားမိတယ်။ မတ်လနေပူပူ ပထမစာသင်နှစ်ဝက် ကျောင်းပိတ်ခါနီး တနင်္ဂနွေလိုရက်မျိုးမှာ လူအမြဲရှင်းနေတတ်တာက သဘာဝ။ ဒီနေ့တော့ လူအုပ်ကလေးတွေက ကျောင်းဝန်းထဲမှာ ဟိုစုစု ဒီစုစုနဲ့ ။အံ့ဩစရာကောင်းတာက သမိုင်းဝန်းအဆောင် (ပထမနှစ်မှစတုတ္ထနှစ်အထိထား) က ကျောင်းသားအချို့ပါရောက်နေကြတယ်။ မေတ္တာပေါင်းကူးက သူငယ်ချင်းတွေစကားဝိုင်းထဲရောက်မှ အခြေအနေတွေကိုကျွန်တော်သိတော့တယ်။

    မနေ့ (မတ်လ ၁၂ရက်) က ဘီပီအိုင် အဝိုင်းထိပ်က လက်ဖက်ရည်ဆိုင်မှာ သီချင်းခွေဖွင့်ခိုင်းရာက စ စကားများ ကြပြီး ဒုတိယနှစ်ကျောင်းသားငယ်တွေကို အရပ်သားတွေက ရိုက်လိုက်ကြတယ်။ အရပ်သားတွေကိုခေါင်းဆောင်တာက ရပ်ကွက်ကောင်စီဥက္ကဌသား ညီညီလွင်။ အရိုက်ခံရတဲ့ ညီငယ်တွေက ကျောင်းထဲကိုလာပြောလို့ ညနေစောင်းမှာလူစုပြီး ကျောင်းသားကြီးတစ်ချို့ ညီညီလွင်အိမ်ကို သွားဝိုင်းကြတယ်။ (ကျော်လင်းနိုင်(ဂျော်နီ)နတ္တလင်း ပါမယ်ထင်တယ်) ဖြစ်ပျက်ပုံအသေးစိတ်ကိုမသိရပေမဲ့ ညီညီလွင်ကိုရှာမတွေ ့လို ့ကျောင်းသားတွေတော်တော်ဒေါသဖြစ်ကြတယ် ။ နောက်တော့ကျောင်းသားတွေ အဆောင်ပြန်လာခဲ့ကြပြီး အင်းစိန်ရဲစခန်းကနေ ညီညီလွင်ကို ဖမ်းသွားပြီဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါက မတ်လ (၁၂) ရက်ည နောက်ဆုံး အခြေအနေ။

    ဒီနေ့ကျတော့ ညီညီလွင်ကို ပြန်လွှတ်လိုက်ပြီဆိုတဲ့သတင်းက ကျောင်းထဲမှာ တောမီးလိုပြန့်နေပြီ။ အဲ့ဒီသတင်းက ကျောင်းသားအများစုကိုပေါက်ကွဲစေတဲ့ သတင်း။ မနေ့က လူနည်းလို့ ဒီနေ့ လူပိုများအောင်၊ လူများများနဲ့ညနေစောင်းမှာ ညီညီလွင်အိမ်ကို သွားဝိုင်းကြမယ် ။ ဒါကြောင့် အတန်းငယ်တဲ့ သမိုင်းဝန်းထဲက အဆောင်ကျောင်းသားတွေပါ ကျောင်းထဲကိုရောက်နေကြတာဖြစ်တယ်။ ကျွန်တော်ဘုရားတမိပါတယ်။ ဖဲဝိုင်းရှာ ဖဲလိုက်ရိုက်ဖို့နဲ့ ဘောလုံးပွဲကြည့်ဖို့ကလွဲပြီး တစ်ခြားကိစ္စတွေကို ကျွန်တော်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့လည်း ညနေစောင်းတော့ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော် လိုက်ဖြစ်ခဲ့ပါတယ်။ တကယ်တန်းကျ သမိုင်းရေစီးကြောင်းဆိုတာကို အဲ့ဒီအချိန်က ကျွန်တော်ဘာမှမသိခဲ့ရိုးအမှန်။

    တစ်စုတစ်ဝေးချီတက်လာကြတဲ့ ကျောင်းသားတွေနဲ့ အုပ်စုဖွဲ့ပြင်ဆင်လာတဲ့ အရပ်သားတွေ ဘီပီအိုင် အဝိုင်းမှာ ထိပ်တိုက်တိုးပါတယ်။ (အရပ်သားတွေဘက်ကလည်း ကျောင်းသားတွေ ရပ်ကွက်ကိုလာပြီးမီးရှို့မယ်သတင်းကြားလို့ ကိုယ့်ရပ်ကွက်ကိုကာကွယ်ဖို့ ခုလိုစုစည်းမိကြတယ် ဆိုတာကို နောက်ပိုင်းမှာ သတင်းပြန်ကြားခဲ့ရပါတယ်) နှစ်ဖက်အပြန်အလှန်ဆဲဆိုရင်း နီးစပ်ရာက တွေ့သမျှနဲ့ပစ်ပေါက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘီပီအိုင်အဝိုင်းနားက သမဝါယမဆိုင် မီးစလောင်ပါတယ်။ (ကျောင်းသားတွေရှို့တာမဟုတ်ပါဘူး) ပထမဆုံးရောက်လာတဲ့ မီးသတ်ကားကို ကျောင်းသားတွေခဲနဲ့ဝိုင်းထုလို့ နောက်ပြန်ဆုတ်သွားပါတယ်။ နောက်ထပ်မီးသတ်ကားတွေလာချိန်မှာတော့ ကျွန်တော်တို့ကျောင်းသားအများစု အမိကျောင်းဝန်းထဲကိုပြန်ရောက်နေကြပါပြီ။ ဆရာတွေက ကျောင်းသားအားလုံးကိုယ့်အဆောင်ကိုယ်ပြန်နေဖို့နဲ့ မကြာခင်မှာတာဝန်ရှိသူတွေလာပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း အော်ပြောနေပါတယ်။ မရှေးမနှောင်း သေနတ် ငါးချက်မိုးပေါ်ထောင်ဖေါက်ပြီး ခဝဲခြံဘက်ကနေ လုံထိန်းတပ်တွေဝင်လာပါတယ်။ အင်းစိန်လမ်းတစ်ဖက်မှာ အရပ်သားတွေ၊ အလယ်မှာလုံထိန်းတပ်၊ ကျောင်းသားတွေက ကျောင်းအုတ်တံတိုင်းအတွင်းကပ်လျှက်မှာ။ နောက်တော့ မီးသတ်ကားတစ်ချို့ကျောင်းဖက်လှည့်ပြီး ရေပက်ပါတယ်။ မှတ်မှတ်ရရ ကျောင်းသားတစ်ချို့ ရေပန်းအောက်မှာ မြနန္ဒာ သီချင်းဆိုရင်း ကခုန်နေကြတာကို ခုချိန်ထိမြင်ယောင်မိတုန်းပါပဲ။ (ဝင်းမြင့်(ပေါငှား-မန္တလေး)ကထိပ်ဆုံးကပေါ့) မကြာပါဘူး ပစ်ခတ်သံတွေကြားရပြီး မီးခိုးလုံးတွေလည်း ပြန့်လာပါတယ်။ မျက်ရည်ယိုဗုံးကို ပထမဆုံး ကျွန်တော်ကြုံဖူးတာပါ။ အဲ့ဒီအချိန်က မလှမ်းမကမ်းမှာ သန်းဝင်း (ကွယ်လွန်-မန္တလေး)အုန်းမြိုင်(မော်လမြိုင်)၊ဝင်းနောင်(မြဝတီ) နဲ့ လှမင်း(မန္တလေး)တို့ရှိနေကြပါတယ်။ကျွန်တော်တို ့လည်းလွတ်ရာကိုပြေးကြပါတယ်။ ပစ်ခတ်မှုနဲ့အတူ လုံထိန်းတပ်ဖွဲ့ဝင်အချို့ ကျောင်းထဲကို ထပ်ချပ်လိုက်ဝင်လာရင်း ပြေးရင်းလဲကျကျန်နေတဲ့ကျောင်းသားတွေကို တစ်ခါတည်း ဖမ်းခေါ်သွားတာ နောက်ပိုင်းမှာ ပြန်သိရပါတယ်။ (ကိုသန်းဝင်း – EP Final လည်းတစ်ယောက်အပါအဝင်ပေါ့) လူတစ်ရပ်လောက်မြင့်တဲ့ ပန်းရုံကြီးတွေကို ဘယ်လိုကျော်လာမိမှန်း ကျွန်တော်တို့စဉ်းစားမရတော့ပါဘူး။ ပြေးလွှားရင်းနဲ့ ကျောင်းဘောလုံးကွင်းထဲမှာ အများစုပြန်ဆုံကြပါတယ်။ တစ်ချို့ကတော့ ကျောင်းဆေးပေးခန်းမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ဆေးထည့်ဖို့ရောက်နေကြတယ်။ မျက်ရည်ယိုဗုံးကော၊ သေနတ်နဲ့ကောပစ်တာ ၊ ဘယ်သူ့မှန်သွားတယ်၊ ဘယ်လိုပြေးခဲ့ရတာ စသည်ဖြင့် ဆူညံနေပါတယ်။

    စာရင်းချုပ်လိုက်တော့ ပဉ္စမနှစ် ဓါတု က နေ့ကျောင်းသား ကိုဖုန်းမော် သေနတ်မှန်ပြီးကျဆုံးပါတယ်။ ပဉ္စမနှစ်သတ္ထုတူးဖော်ရေးကကိုစိုးနိုင်နဲ့ကိုမြင့်ဦး(အတန်းနဲ ့မေဂျာသေချာမမှတ်မိ)တို့နှစ်ယောက်ကတော့

    သေနတ်ဒဏ်ရာနဲ့ ဆေးရုံပို့လိုက်ရပါတယ်။ (ရက်မကြာမီ နောက်ကျောကိုမှန်တဲ့ကိုစိုးနိုင်က ဆေးရုံပေါ်မှာ ကျဆုံးခဲ့ပြီး ဝမ်းဗိုက်ကိုသေနတ်မှန်တဲ့ ကိုမြင့်ဦးကတော့ မသေခဲ့ပါဘူး) ကိုဖုန်းမော်ကို မရင်နှီးပေမဲ့ ကိုစိုးနိုင် (ပုသိမ်) နဲ့ကတော့ ပထမနှစ်စတက်ကတည်းက Section – B မှာ အတူ နေလာခဲ့ကြတဲ့သူငယ်ချင်းတွေပါ။ မှတ်မိသလောက် Section – B မှာအတူနေခဲ့ကြတဲ့ မန္တလေးသားတွေကတော့ သန်းဝင်း(ကွယ်လွန်)၊ လှမင်း၊ စိုးမြင့်အောင်၊ ဇော်လင်း(ယခုစင်္ကာပူ)၊ ဇော်လင်းမြင့်၊ ဝင်းနိုင်(ဇော်မင်းလေး)၊ သန်းစိုး စသဖြင့် ပါပဲ။ ကိုစိုးနိုင်က အနေအထိုင်အေးဆေးပြီး သူ့ရုပ်ရည်က ချားလ် မင်းသားနဲ့ တော်တော်ဆင်ပါတယ်။ ကိုမြင့်ဦးနဲ့ကတော့ ကျောင်းမှာမျက်မှန်းတန်းမိပြီးသားပါ။ ၁၉၈၉ ခုနှစ်ထဲ ရန်ကုန်ပါတီရုံးခန်းတစ်ခုမှာ ဆုံပြီးတဲ့နောက် ခုချိန်ထိ ကိုမြင့်ဦးနဲ့ ပြန်မတွေ့ဖြစ်တော့ပါဘူး ။ ကုမ္မဏီ တစ်ခုမှာ

    အလုပ်ဝင်နေတယ် လို့တော့ သတင်းကြားရပါတယ်။

    ဒီလိုနဲ့ အဆောင် -၁ အောက်မှာ ကျွန်တော်တို့ စုရုံးပြီး ခေါင်းဆောင်တွေရွေးကြပါတယ်.။ ခေါင်းဆောင် ၁ဝ ဦးရွေးကြပြီး အများစုက ကျောင်းမှာ နာမည်ပြောင်နဲ ့လူသိများတဲ့သူတွေဖြစ်ပါတယ်။ ကိုဇော်မျိုးအောင် (ချီးပေ)၊ ကိုအောင်မြင့်ဇော်ဦး (ကြက်ဥ)တို့ကိုတော့မှတ်မိနေပါသေးတယ်။ ကျွန်တော့် ပထမနှစ်အခန်းဖေါ် ကိုတိုးဦးဇော် (မော်လမြိုင်-ယခု စင်္ကာပူ) ပါမပါကိုတော့ မသဲကွဲတော့ပါဘူး။ ကိုဖုန်းမော်အတွက် အထိန်းအမှတ်ကြယ်ကို အဆောင် – ၁ အောက်မှာပဲ တခန်းတနားလုပ်ကြပါတယ်။ နောက်တစ်နေ့ကျတော့ ကျောင်းထဲမှာတစ်ပါတ် လှည့်လည်ပြီး ဆန္ဒပြကြပါတယ်။ မနက်ခင်းလိုက်ကြည့်တော့ ကျောင်းဝန်းထဲက သစ်ပင်တစ်ချို့မှာ ကျည်ဆံရာတွေတွေ့ရပါတယ်။ ဆင်းရဲသား ဂိတ်ပေါက်အဝင် မလှမ်းမကမ်းမှာရှိတဲ့ “လေသေနတ်မပစ်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကလေးကတော့ လမ်းဘေးမြက်ခင်းပေါ်မှာ လဲကျနေရှာလေရဲ့။

    အစိုးရ ရေဒီယို၊သတင်းစာတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ အဖြစ်မှန်ကိုဖုံးကွယ်ပြီး သူတို့လိုရာကို ဆွဲရေးကြပါတယ်။ အရင်က အစိုးရပြောရင် အားလုံးအမှန်ပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာပါ။ အခုမှပဲ အစိုးရဆိုတာမျိုးကလည်း လိမ်တတ်သကိုးလို့ ကျွန်တော်သိခဲ့ရပါတယ်။ ဒီလိုနဲ့ မတ်လ (၁၄)ရက်ညရောက်လာပါတယ်။ အဆောင်တွေမှာရှိတဲ့ ကျောင်းသားအားလုံး စားသောက်ဆိုင်တန်းနှစ်ခုကြားက မြေကွက်လပ်မှာ စုရုံးကြပါတယ်။ ပိုမိုကျစ်လစ်တဲ့ခေါင်းဆောင်ပိုင်းကို ရွေးချယ်ဖို့နဲ့ ရှေ့ဆက်ပြီး မတရာဖိနှိပ်မှုတွေကို စနစ်တကျတွန်းလှန်သွားကြဖို့ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ အမှန်တကယ်လုပ်နိုင်သူများ မိမိကိုယ်ကို ခေါင်းဆောင်အဖြစ်ဆန္ဒပြုဖို့ တိုင်ပင်ဆွေးနွေးကြပြီး ခေါင်းဆောင် အသစ်သုံးဦးရွေးချယ်ကြပါတယ်။ (အဲ့ဒီအချိန်မှာ အရင်နေ့ကရွေးခဲ့တဲ့ ဆယ်ဦးကော်မတီ မရှိတော့ပါဘူး) နံပါတ်တစ်ခေါင်းဆောင်အဖြစ် ကိုဝင်းမြင့်(မန္တလေး) နံပါတ်နှစ်ခေါင်းဆောင်အဖြစ် ကိုနေမျိုးအောင်(ဂျင်ဘရောင်း – မန္တလေး)နဲ ့ နံပါတ်သုံးခေါင်းဆောင်အဖြစ် ကိုထွန်းမြင့် (မိတ္ထီလာ) တို့ကိုရွေးခဲ့ကြပါတယ်။ ကျောင်းလုံခြုံရေးအတွက် အခန်းနီးချင်းအလိုက် အဖွဲ့ငယ်လေးတွေဖွဲ့ပြီး တာဝန်ယူကြဖို့လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကျောင်းကို စစ်တပ်က အဖက်ဖက်ကနေဝန်းရံပိတ်ဆို့ထားပါပြီ။ ၁၅ ရက်နေ့မနက်မှာတော့ ကိုလှမင်း ၊ ကိုမောင်မောင်လွင်၊ ကိုမောင်ကို၊ကိုခိုင်မျိုးသန် ့(ဖေါ်ပင်)၊ကိုမျိုးသန် ့၊ကိုမိုးကျော်ဦး(အားလုံးမန္တလေး)၊ကိုမြင့်ဦး(မိုးကုက်) နဲ့ ကျွန်တော်တို့ အရှေ့ကြို့ကုန်းရပ်ကွက်လမ်းကြားကလေးတွေကနေတစ်ဆင့် ကျောင်းဝန်းထဲက ထွက်လာခဲ့ကြပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ကျောင်းကို သူပုန်စခန်းဝင်စီးသလို တပ်ကစီးတာကို မသိလိုက်ရပါဘူး ။ သူငယ်ချင်းတွေပြောမှပဲ ကျောင်းသားတွေကို အဆောင်တွေထဲကဆင်းလာခိုင်း၊ လက်ကလေးတွေခေါင်းပေါ်တင်ပြီး ထိုင်ခိုင်းတာ၊ ကျောင်းရဲ့ဂုဏ်ကိုမထောက် ဆဲဆိုငေါက်ငန်းတာ မျိုးလုပ်ကြတယ်လို့ ပြန်သိရပါတယ်။

    ဘာလိုလိုနဲ့ နှစ်ပေါင်းအစိတ် ကြာခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ မတ်လ (၁၃) ရက်ဟာ ဘဝမှာ ဘယ်တော့မှမမေ့နိုင်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ နိုင်ငံရေးဘာမှမသိ၊ ပေါ့ပေါ့ ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကျောင်းသားတစ်ယောက် ဘဝကနေ သမိုင်းကိုသိဖို့ ၊မျက်မှောက်ခေတ်ကို မျက်ခြေမပြတ်ဖို့၊ သမိုင်းတာဝန်ကို တတ်နိုင်သမျှထမ်းဖို့ သင်ကြားပေးလိုက်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ကျွန်တော်ရဲ ့ အတွေးအခေါ်တွေကို ၁၈ဝ ဒီဂရီ လှည့်ပြောင်းပေးလိုက်တဲ့ နေ့လည်းဖြ့စ်တယ်။ သမိုင်းကြောင်းအရပြောရရင် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကျောင်းသားအပေါင်းရဲ့ မီးရူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ နေ့ဖြစ်တယ်။ နောင်တော်ကျောင်းသားကြီးတွေရဲ့အမွေကို မျိုးဆက်တစ်ခုက ဆက်ခံလိုက်ကြတဲ့နေ့ဖြစ်တယ်။ ဆဲဗင်းဂျူလိုင၊် ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်တို့က ရိုက်ခတ်လိုက်တဲ့ လှိုင်းလုံးတစ်ခုဖြစ်တယ်။

    နောက်ထပ်ကျွန်တော်တို့အတွက် မှတ်မှတ်ရရဖြစ်စေတာက အဲ့ဒီ မတ်လ (၁၃) ရက်ဟာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် တပ်လှန့်နိုးဆော်လိုက်တဲ့ တိုက်ပွဲဝင်ခေါင်းလောင်းသံ ထိုးနှက်လိုက်တဲ့နေ့တစ်နေ့ဆိုတာပါပဲ။ ။

    ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်။

  • kai

    March 12, 2014 at 2:26 pm

    https://www.facebook.com/groups/589766944441048/ မှကူးယူသည်။

    *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*

    ၁၉၈၈ခု မတ်လ ဒုတိယအပတ်။

    ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိနိ္ဒယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။

    နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည် ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။ ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွင် သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင ်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန် သတိပေးဆော်ဩ ထားကြောင်းကို တွေ့မြင်နို်င်သည်။ နီးကပ်လာနေသော အတန်းတင် စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဉ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊ အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့် သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။ သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။

    မတ်လ ၁၂ရက် စနေနေ့။

    ညနေပိုင်းတွင် ကျောင်းဝင်းနှင့် မျက်နှာချင်းဆိုင်အင်းစိန်လမ်းမ၏ အခြားတစ်ဖက်ရှိ လက်ဘက်ရည်ဆိုင်သို့ သုံးယောက်သား လမ်းလျှောက်ရင်း ရောက်လာခဲ့ကြသည်။ လက်ဘက်ရည်ဆိုင်မှာ သာမာန် လက်ဘက်ရည်ဆိုင်လေးသာ ဖြစ်သည်။ ဆိုင်နံရံတွင် မြန်မာ ပြက္ခဒိန်များ၊ မှောင်ခိုဈေးမှ ဝယ်ယူထားသည့် ယိုးဒယား ရုပ်ရှင် မင်းသမီး ပိုစတာများ ချိတ်ဆွဲထားသည်။ လက်ဘက်ရည်ဆိုင်မှာ အဆန်းတကျယ် မဟုတ်သော်လည်း ရပ်ကွက် လူငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများအတွက် ပေါ်ပြူလာ ဖြစ်နေ၏။ လက်ဘက်ရည် ဈေးချိုပြီး မမတို့စိတ်ကြိုက် စတူရီယိုတေးများကိုလည်း အလှည့်ကျ နားထောင်နိုင်သည်။

    ကျောင်းသား သုံးဦး လက်ဘက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူကြိုက်များ၊ ရေပန်းစားနေသော အဆိုတော် ကိုင်ဇာ၏ ချစ်တေး တစ်ပုဒ် ပျံ့လွင့်လျက် ရှိသည်။ စားပွဲဝိုင်းတစ်ခုမှ ရပ်ကွက် လူငယ်တစ်စုသည် ဆူဆူညံညံနှင့် အရက် မူးနေကြပုံ ပေါက်ကြောင်း သူတို့ သုံးဦး သတိပြုမိ ကြသည်။

    ကျောင်းသားများသည် လက်ဘက်ရည်နှင့် မုန်းများ မှာယူကြသည်။ သူတို့နှင့် အတူ သူတို့အကြိုက် ရှမ်းအမျိုးသား အဆိုတော် စိုင်းထီးဆိုင်၏ တိတ်ခွေတစ်ခွေ ပါလာသည်။ စိုင်းထီးစိုင်၏ တေးသွားမှာ ဘော့ဒီလန် (Bob Dylan) ၏ တေးဂီတနှင့် ခပ်ဆင်ဆင် ဖြစ်သော်လည်း ရေးစပ် သီဆိုထားသည်မှာ မြန်မာ့ဟန် ဖြစ်သည်။

    ကိုင်ဇာ၏ ချစ်တေးလှိုင် မဆုံးနိုင်၍ ကျောင်းသားသုံးဦး စိတ်မရှည်ဘဲ ဖြစ်လာရသည်။ သို့နှင့် ဆိုင်ရှင်ကို ခေါ်ပြီး သူတို့၏ စိုင်းထီးစိုင် တိတ်ခွေကို ဖွင့်ပေးရန်ပြောလိုက်သည်။ အရက်မူးနေသူ လူငယ်များ ထဲမှ တစ်ဦးက ဆိုင်ရှင်အား ထ၍ ကျယ်လောင်စွာ ကန့်ကွက်လိုက်သည်။

    “စိုင်းထီးစိုင်လား၊ ဒီကောင်အလကားပါကွာ”

    ကျောင်းသားများက ထ၍ ကန့်ကွက်သူကို လစ်လျူရှုထားပြီး၊ သူတို့၏ တိတ်ခွေကို နားထောင် လိုကြောင်း ဆိုင်ရှင်ကို ထပ်လောင်းတောင်းဆို ကြသည်။ ထိုအခိုက်မှာပင် အရက်မူးနေသူ တစ်ဦးက ထိုင်ခုံ တစ်လုံးကို ကောက်ကိုင်လိုက်ကာ ဝင်းမြင့်၏ ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ပွဲမှာမကြာလိုက်ပါ။ ကျောင်းသား သုံးဦး တပ်ခေါက်ခဲ့ရသည်။ ဝင်းမြင့်ခေါင်းကွဲသွား၍ စိုးရိမ်စိတ်ဖြင့် နီးစပ်ရာ ဆေးခန်းသို့ ခေါ်သွားကြသည်။ အဖြစ်အပျက်ကို ကျောင်းသားများက အနီးဆုံး အင်းစိန် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အသေးစိတ် မှတ်တမ်း ယူပြီးနောက် အချင်းဖြစ်ပွားခဲ့သည့် လက်ဘက်ရည်ဆိုင်သို့ သွား၍ တရားခံများကို ဖမ်းဆီးခဲ့သည်။ အမှုမှာ တရားဥပဒေ၏ လက်ထဲ၌ ရှိနေပုံရသည်။ ဒဏ်ရာ ရရှိခဲ့သော ဝင်းမြင့်မှာ ခေါင်းတွင် ပတ်တီး အဖွေးသားဖြင့် ကျောင်းဆောင်သို့ ပြန်ခဲ့သည်။

    မတ်လ ၁၃ ရက် တနင်္ဂနွေနေ့။

    ဝင်းမြင့်ကို ရိုက်သူမှာ ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ၏သား ဖြစ်နေသောကြောင့် ရဲက တရားခံများကို လွှတ်လိုက်သည်။ ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဆိုသည်မှာ နေဝင်း၏ တစ်ပါတီ အာဏာရှင် စနစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသော ရပ်ကွက် ဆိုင်ရာ လက်ရွေးစင် ထောက်တိုင်များပင် ဖြစ်သည်။

    ဤသတင်းကို စက်မှုတက္ကသိုလ် ကျောင်းသားများ ကြားသိသော အခါ ဒေါသူပုန် ထကြတော့သည်။ ကျောင်းသား သုံးဆယ်ခန့် ပြည်သူ့ကောင်စီရုံးသို့ သွား၍ ကန့်ကွက်ခဲ့ကြသည်။ ကောင်စီဥက္ကဋ္ဌက ကျောင်းသားများ၏ နစ်နာချက်များကို နားမထောင် လိုကြောင်း ငြင်းပယ် လိုက်သဖြင့် ကျောင်းသားများက ခဲများနှင့် ကောင်စီရုံးကို ပစ်ပေါက်ကြရာ ရုံး၏ ပြတင်းတံခါးများ ပျက်စီး သွားသည်။ အတင့်ရဲသော ကျောင်းသားတစ်ချို့က ရုံးအတွင်းသို့ ဝင်ရောက်ကာ စားပွဲ ကုလားထိုင်များကို ရိုက်ချိုး ဖျက်ဆီးလိုက်ကြသည်။

    သက်ဆိုင်ရာက မည်သို့မျှ မတုန့်ပြန် သေးသော်လည်း ကျောင်းသား များသည် အန္တရာယ်ကို ကြိုမြင်၍ ကျောင်းတွင်းသို့ ပြန်လာပြီး လူစုတော့သည်။ တက္ကသိုလ် ရှိရာ မြို့တိုင်း၌ ကျောင်းသားနှင့် ရပ်ကွက် လူငယ် ဖြစ်နေကျ ပြဿနာမျိုး ကြို့ကုန်း အနောက်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။

    ယမန်နေ့က လက်ဘက်ရည် ဆိုင်သို့ ရောက်ခဲ့ကြသော ကျောင်းသား သုံးဦး အပါအဝင် ကျောင်းသားအုပ်ကြီးသည် ကြို့ကုန်း အနောက်ပိုင်းသားများကို သွားရောက် ရန်စ ကြရာမှ ရန်ပွဲ ဖြစ်ပွားပြီး ဒုတိယ ဝင်းမြင့် ဓားထိုးခံခဲ့ရသည်။

    ကျောင်းသားများသည် ကျောင်းသို့ ပြန်ပြေး၍ လူစုကြပြန်သည်။ ဤတစ်ကြိမ်တွင် ကျောင်းသား ဦးရေ နှစ်ရာ သုံးရာခန့် လက်ဘက်ရည်ဆိုင် အနီးရှိ လမ်းဆုံသို့ ချီတက်ခဲ့ ကြသည်။ လမ်းဆုံ အရောက်တွင် မမျှော်လင့်သော မြင်ကွင်း တစ်ရပ်က စောင့်ကြိုလျက် ရှိသည်။ မီးသတ်ပိုက် အသင့်ပြင် ထားသော မီး သတ် ရဲများနှင့် ကြောက်ရွံ့ဖွယ် လုံထိန်း ၅၀ဝ ခန့်က နံပါတ်တုတ်များ၊ ဂျီသရီး သေနတ်များ ကိုင်ဆောင်၍ စောင့်နေကြသည်။

    ဒေါသ ယမ်းအိုး ပေါက်ကွဲချေပြီ။ လုံထိန်းများ ရှိရာသို့ ခဲများဖြင့် ပစ်ကြသည်။ ရုတ်တရက် မောင်းပြန် သေနတ်သံများ ထွက်ပေါ်လာပြီး ကျောင်းသား အတော်များများ လဲကျသွား၍ လမ်းမပေါ်တွင် သွေးချောင်းစီးလျက် ရှိ၏။ သွေးအလူးလူးနှင့် အသက် ၂၃နှစ်သာ ရှိသေးသော စက်မှု တက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် အား သူ့သူငယ်ချင်းများက ကျောင်းဆောင်သို့ သယ်ယူလာခဲ့ကြသည်။ အဆောင် ရောက်ပြီး ခဏ အကြာတွင် ဖုန်းမော်သည် သူ့ဆရာ လက်ပေါ်၌ ပင် အသက် ထွက်သွားသည်။ ကျောင်းသား နှစ်ဆယ် သုံးဆယ်ခန့် သေနတ် ဒဏ်ရာ ရခဲ့သည်။

    “ဒဏ်ရာ ရတဲ့ အထဲမှာ ကျွန်တော့ သူငယ်ချင်း စိုးနိုင်နဲ့ မြင့်ဦး တို့လဲ ပါတယ်” ဟု အသက် ၂၄ နှစ် ရှိ စက်မှု တက္ကသိုလ် ကျောင်းသား မင်းနိုင်က ပြန်ပြောပြသည်။ မင်းနိုင်မှာ ဆန္ဒ ပြရာတွင် ပါဝင်ခဲ့ပြီး အထိအခိုက် မရှိ လွတ်မြောက် လာသူတစ်ဦး ဖြစ်သည်။

    “သူတို့ကို ရန်ကုန် ဆေးရုံကြီး မှာ ကျွန်တော်တို့ သွားကြည့်တော့ စိတ်ဓာတ် အရမ်းကျ သွားတယ်။ ဒဏ်ရာကြီးတွေ ကိုယ်စီ ရနေတဲ့ ကြားထဲက ကုတင်တိုင်မှာ သံကြိုးနဲ့ ချည်ထား လိုက်သေးတယ်။ သူတို့ကို သီးသန့် ခွဲထားတဲ့ လူနာခန်း အဝင်ဝမှာ ဆိုရင်လည်း ရဲတွေ စောင့်လို့”

    သေနတ်ဒဏ်ရာ ရထားသော ကျောင်းသား ၆ယောက်အား လက်ထိပ် ခတ်ကာ လှိုင် ရဲစခန်းသို့ ခေါ်သွားသည်။ လေးဦးမှာ သတိလစ် နေကြကြောင်း၊ သူငယ်ချင်းများ ထံမှ သိရသည်ဟု မင်းနိုင်က ပြောပြသည်။ သူတို့ ကြမ္မာ မည်သို့ ရှိသည်ကို မသိရသော်လည်း စိုးနိုင်နှင့် မြင့်ဦးတို့မှာ ရက်များမကြာမီ ဆေးရုံ၌ပင် သေဆုံးခဲ့ရသည်။ စိုးနိုင်၏ အသည်းထဲသို့ ကျည်ဆံဝင်သွားပြီး မြင့်ဦးမှာ ဝမ်းဗိုက်တွင် တစ်ချက်၊ ဆီးအိမ်တွင် တစ်ချက် ကျည်ဆံ ထိမှန်ခဲ့သည်။ အထက် အာဏာပိုင်တို့က သူတို့အား ခွဲစိတ် ကုသမည့် ဆရာဝန်များကို တားမြစ်ခြင်း မရှိခဲ့ပါက အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။

    ရက်စက် ကြမ်းကြုတ်မှုမှာ ရင်နင့်စရာ ကောင်းလှသည်။ ကျောင်းသားများ ပို၍ စိတ်ထိခိုက် ကြေကွဲ ရသည်မှာ ပထမ ဦးဆုံး သေဆုံးခဲ့ရသူ မောင်ဖုန်းမော်သည် မဆလ ပါတီ၏ လူငယ် အစည်းအရုံး ဖြစ်သည့် ‘လမ်းစဉ် လူငယ်’ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး စက်မှု တက္ကသိုလ် ကြက်ခြေနီ အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဓာတု အင်ဂျင်နီယာ သင်တန်း တစ်လျှောက်၌ ထိပ်တန်းမှ ထူးချွန်ခဲ့သူ ဖြစ်သည်။

    အစပိုင်းတွင် ဆက်စပ်မှု ရှိသည်ဟု ယူဆရသော ဖြစ်ရပ် တစ်ခုမှာ လက်ဘက်ရည်ဆိုင် အနီးရှိ ပြည်သူ့ဆိုင် မီးလောင်မှု ဖြစ်သည်။ ရဲက ကျောင်းသားများ မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆို နေကြသည်။ ပြဿနာများ ရှုပ်ထွေး နေသည်ကို အခွင့်ကောင်း ယူပြီး ငွေစာရင်းနှင့် ကုန်ပစ္စည်း စာရင်း မှတ်တမ်း စာအုပ်များကို မီးရှို့ ဖျောက်ဖျက်ခြင်းသာ ဖြစ်သည်ဟု လူတိုင်းက ယုံကြည် နေကြသည်။ မြန်မာ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် မတ်လတွင် အစိုးရ ဆိုင်များ၏ နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်းများကို သက်ဆိုင်ရာသို့ တင်သွင်း ကြရသည်။ သို့ဖြစ်၍ နှစ်ဦး မတ်လ ရောက်တိုင်း မီးလောင်မှု ဖြစ်ပွားနေကျ ဖြစ်၏။

    ထိုနေ့ ညတွင် ခံပြင်း ဒေါသထွက်နေကြသော စက်မှု တက္ကသိုလ် ကျောင်းသား များသည် ကျောင်းဆောင်များ၌ စည်းဝေး တိုင်ပင်ကာ အချက် (၇)ချက်ပါ တောင်းဆိုချက်များကို ရေးဆွဲ ခဲ့ကြသည်။ ထိုတောင်းဆိုချက်များမှာ ပစ်ခတ် သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ သတင်းစာ၊ ရေဒီယို၊ တယ်လီဗေးရှင်း တို့မှ ဖြစ်ရပ်မှန် အတိုင်း ပြည့်စုံစွာ ထုတ်ပြန်ပေးရန်၊ သေဆုံးသွားသော ကျောင်းသားများနှုင့် ဒဏ်ရာ ရရှိခဲ့သော ကျောင်းသားများ၏ မိသားစု တို့အား လျော်ကြေးပေးရန်နှင့် ပစ်ခတ် သတ်ဖြတ် ခဲ့သည့် တရားခံ အစစ်အမှန် များကို အပြစ်ဒဏ် ပေးရန်တို့ ဖြစ်သည်။ အခြား တောင်းဆိုချက် တစ်ခုမှာ “ကျောင်းသား များ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက် ပေးနိုင်သည့် ကျောင်းသား အဖွဲ့အစည်း” တစ်ခုကို တရားဝင် ဖွဲ့စည်းပေးရေးပင် ဖြစ်သည်။ ခံယူချက် ပို၍ ပြင်းထန်သော ကျောင်းသားများက မောင်ဖုန်းမော်အား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ဂုဏ်ပြု သင်္ဂြိုလ် ပေးရန် တောင်းဆို ခဲ့ကြသည်။ အမာခံ ကျောင်းသား ၁၃ ဦးက ကျစ်လျစ်သော သွေးသောက် အဖွဲ့ ဖွဲ့လိုက်ပြီး မိမိတို့ အနေနှင့် အဖြစ်မှန် ပေါ်ထွက်ရေးအတွက် အသက်ပင် စတေးရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

    ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်ဒီ သည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ရောက်ရှိလာပြီး ကျောင်းသားများ၏ တောင်းဆိုချက် အားလုံးကို ပယ်ချလိုက်သည်။ သန်းခေါင်ယံ မတိုင်မီ အချိန်လေး၌ပင် ကျောင်းသား တစ်စုသည် မောင်ဖုန်းမော် သေဆုံးခဲ့သော နေရာတွင် လွမ်းသူ့ ပန်းခွေများ ချကာ ဂုဏ်ပြုခဲ့ကြသည်။ အချို့မှာ လမ်းပေါ်တွင် ဒူးတုတ်၍ ပန်းခွေရှေ့တွင် ဦးချ ငိုကြွေးပြီး ပစ်ခတ် သတ်ဖြတ်မှုကို မတရားမှု သက်သက်ဟု ခံပြင်းကာ ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။

    မတ်လ ၁၄ ရက် တနင်္လာနေ့။

    မုန်တိုင်းထန်သည့် ရက်သတ္တပတ် ကုန်လွန်ပြီးနောက် ကျောင်းသားများ စာသင်ခန်းဆီသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ ထိုနေ့ နံနက်တွင် အစဉ်အမြဲ အေးချမ်း သာယာလျက် ရှိသော စက်မှု တက္ကသိုလ် ပတ်ဝန်းကျင်သည် အပြောင်းလဲ ကြီး ပြောင်းလဲ သွားခဲ့သည်။

    “လေကိုက ထိုင်းထိုင်း မှိုင်းမှိုင်းကြီး” ဟု မင်းနိုင်က ဆွေးမြေ့စွာ ပြန်ပြောပြသည်။

    “ဒါပေမဲ့ တက္ကသိုလ် ဝန်းကျင်မှာ ကြိမ်ဒိုင်းတွေ၊ နံပါတ်ဒုတ်တွေ အသင့် ကိုင်ထားတဲ့ လုံထိန်း တသီတတန်းကြီးကို ရုတ်တရက် မြင်လိုက်ရတဲ့ အခါမှာ ဆွေးမြေ့နေတဲ့ စိတ်တွေဟာ ဒေါသ အဖြစ် ပြောင်းသွားတယ်။ ဒါက ရန်စတာပဲ။ ရှင်းနေပါတယ်။ ကျွန်တော် တို့လည်း သူတို့ကို ကလော်တုတ် ကြတာပဲ။ ဒါပေမဲ့ တုတ်တုတ်မှ မလှုပ်ဘူး”

    မွန်းလွဲပိုင်းတွင် အစည်းအဝေးများ လုပ်သူ လုပ်ကြ၊ ကြေညာစာတမ်းများ၊ ပိုစတာများ ရေးသူ ရေးကြနှင့် ကျောင်းဆောင်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ပစ်သတ် သတ်ဖြတ်မှုကို မေ့မေ့ပျောက်ပျောက် ဖြစ်မသွားစေရန် သူတို့ သံဓိဌာန်ချပြီး ဖြစ်သည်။ စက်မှု တက္ကသိုလ်မှ ဆော်ဩ သူများသည် ရန်ကုန်ရှိ အခြား တက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက် စာတမ်းများ ဝေငှကာ အဖြစ်အပျက်များ အားလုံးကို ပြောပြကြသည်။ အဖွဲ့အစည်း ဖြင့် ဆန့်ကျင်ရေး အတွက် ပထမဦးဆုံး ခြေလှမ်း ကို လှမ်းခဲ့ကြပေပြီ။

    မတ်လ ၁၅ရက် အင်္ဂါနေ့။

    လုံထိန်းနှင့် စစ်သား ၆၀ဝကျော ်တို့ စက်မှု တက္ကသိုလ်ကို ဝင်စီး ခဲ့ကြသည်။ မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် တက္ကသိုလ်ဝင်း အတွင်းသို့ ဝင်ရောက်လာကြပြီး စစ်ကားများ ပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများသည် နံပါတ်တုတ်များကို ဝင့်ကာ ကျောင်းသား အုပ်ဆီသို့ ညာသံပေး၍ ပြေးတက် လာကြသည်။

    “ထိတ်လန့် တကြားနဲ့ ကျွန်တော်တို့ ပြေးကြ ရတာပေါ့။ အချန်မီ မပြေးနိုင်တဲ့ သူတွေကို ဖမ်းပြီး စစ်ကားပေါ် မောင်းတင် တော့တာပါ။ သုံးလေးရာ ထက် မနည်း အဖမ်း ခံခဲ့ရတယ်။ သေနတ်နဲ့တော့ မပစ်ဘူး။ ဒါပေမဲ့ အကြမ်းပတမ်း အရိုက်ခံခဲ့ရတဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ကျွန်တော်ရယ်၊ တခြား ကျောင်းသား ရှစ်ယောက်ရယ်၊ မြေအောက် ရေမြောင်းထဲ အသာလေး ဝင်နေလိုက် ကြပြီး လူဝင်ပေါက်ကို ပြန်ပိတ်ထားလိုက်တယ်။ လေးပေလောက် မြင့်ပြီး မှောင်မဲနေတဲ့ မြောင်းတစ်လျှောက် လေးဘက်ထောက် သွားခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်တို့ တစ်ယောက်မှ အထိအခိုက် မရှိခဲ့ဘူး” ဟု စက်မှု တက္ကသိုလ်ကျောင်းသား ထွန်းဦးက ပြန်ပြော ပြသည်။

    ညပိုင်းတွင် မြန်မာ့ အသံမှ စက်မှု တက္ကသိုလ် အခင်းဖြစ်ပွားမှု သတင်းကို ထုတ်ပြန်ကြေညာသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျောင်းသားများ အပေါ် အပြစ် လုံးလုံး ပုံချ လိုက်သည်။ “ သို့ဖြစ်၍ မွန်းလွဲပိုင်း၌ ပြည်သူ့ရဲနှင့် တပ်မတော်သားများသည် စက်မှု တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး ရှင်းပြပြီး အခြေအနေကို ထိန်းသိမ်း လိုက်ကြကြောင်း” အလေးအနက် သတင်းလွှင့် တော့သည်။ ထပ်၍ ကွန့်သည်မှာ “ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အနှောက်အယှက်ပြု ဆူပူ ကြသော ကျောင်းသားများအား ဆိုင်ရာ အာဏာပိုင်များက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဟူ၍…..။

    မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့။

    သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်း ဟူသော သတင်းများသည် ရန်ကုန်မြို့ရှိ အခြား တက္ကသိုလ် နယ်မြေ များသို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ဆန္ဒပြပွဲ များသည် အစိုးရ ဆန့်ကျင်ရေး အသွင် သို့ သိသိသာသာ ကူးပြောင်း လာသည်။ အထူးသဖြင့် မနေ့ညက မြန်မာ့ အသံမှ မဟုတ်မမှန် သတင်းလွှင့် ပြီးသည့်နောက် အစိုးရ ဆန့်ကျင်ရေးမှာ ထင်ရှား ပေါ်လွင် လာသည်။ ၁၅ ရက်နေ့ထုတ် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် “မောင်ဖုန်းမော်သည် အရပ်သား များနှင့် ရန်ဖြစ်ရာမှ ရရှိသော ဓားဒဏ်ရာကြောင့် သေဆုံးသွား ရသည်” ဟု ဖော်ပြခဲ့သည်။

    အင်းလျားကန် တောင်ဘက်ရှိ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဝင်း အတွင်း၌ ထောင်ပေါင်းများစွာ သော ကျောင်းသူ ကျောင်းသား များ စုရုံး ကြပြီး သူတို့သည်လည်း ညီနောင် စက်မှု တက္ကသိုလ် ကျောင်းသားများကို ထောက်ခံ ဆန္ဒပြ ခဲ့ကြသည်။ ထုံးသုတ် မွန်းမံထားသော ဗြိတိသျှ ကိုလိုနီခေတ်၏ အကြွင်းအကျန် ဖြစ်သည့် ဘွဲ့နှင်း သဘင် ခန်းမရှေ့တွင် မိန့်ခွန်းများ ပြောကြားကာ စာရွက် စာတမ်းများ ဝေငှ ခဲ့ကြသည်။

    မွန်းလွဲ တစ်နာရီတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ကျောင်းသားများကို ပြေရာပြေကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။ အာဏာပို်င် တစ်ဦးက ကျောင်းသားများ၏ တောင်းဆိုချက် များကို ပရိယာယ် ကြွယ်ဝစွာဖြင့် မေးမြန်းသော အခါ လူအုပ်ကြီးက “ဖက်ဆစ် အစိုးရ ဖြုတ်ချရေး —ဒို့အရေး— ဒို့အရေး” ဟူ၍ သံပြိုင် ကြွေးကြော် ခဲ့ကြသည်။ တွန့်ဆုတ်သွားသော ဒေါက်တာ ချစ်ဆွေက ကျောင်းသားများအား “ကျောင်းဝင်း ထဲက မထွက်ရင် ဘာမှ မဖြစ်စေရဘူး” ဟု အာမခံချက် ပေးပြန် သည်။

    “ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောင်တွေဘက်ကို ချီတက် ကြတယ်။ အမရ၊ တောင်ငူ၊ မန္တလေး အို… အဆောင်စုံပါဘဲ။ ‘ဒီမိုကရေစီ ရရှိရေး —ဒို့အရေး’ ‘ တစ်ပါတီ စနစ် — ကျဆုံးပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ကျောင်းပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင် ထပ်စေခဲ့သည်။ ကျောင်းဆောင် ထဲက ကျောင်းသားတွေ တစ်သုတ်ပြီး တစ်သုတ် ထွက်လာကြပြီး ဆန

    ္ဒပြပွဲမှာ ပါလာကြတယ်။ ချက်ချင်းပဲ ကျောင်းသား လေးငါးထောင် အထိ ဖြစ်လာတယ်” ဟု ကိုလင်းက ပြောပြသည်။ ကိုလင်းမှာ အသက် ၂၂ နှစ်ရှိ ဆေးကျောင်းသား တစ်ဦး ဖြစ်ပြီး မတ်လ အတွင်း ပထမ ဦးဆုံး လှုပ်ရှားမှုများ တွင် ပါဝင်ခဲ့သူ ဖြစ်၏။ မောင်ဖုန်းမော် နည်းတူ အရေးအခင်း မဖြစ်ပွား ခင်က လမ်းစဉ် လူငယ် စည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်သည်။

    “ကျွန်တော်တို့ စက်မှု တက္ကသိုလ်ကို ချီတက် ကြစို့”

    ဟောပြောသူ လူငယ် တစ်ဦးက အထက်ပါ အတိုင်း အရေးဆိုလိုက်သည့် အခါ ထောင်ပေါင်း များစွာသော ကျောင်းသား များက သူ့အဆိုက်ို လက်သီးလက်မောင်းတန်း၍ စိတ်ဓာတ် တက်ကြွစွာဖြင့် ကြိုဆို ထောက်ခံလိုက်၏။

    ထွန်းဦးက “မွန်းလွဲ ၃နာရီမှာ ကျွန်တော်တို့ စပြီး ချီတက် ကြတယ်။ ပြီးတော့ လှိုင်ဒေသ ကောလိပ် ကို ဦးတည် ထွက်လာ ခဲ့တယ်။ ကျောင်းသားတွေ ထောင်နဲ့ ချီပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော် ရင်း ပြည်လမ်းမကြီး တစ်လျှောက် ချီတက် လာခဲ့ကြတယ်။ တကယ့်ကို စိတ်ဓာတ်တက်ကြွ စရာကြီးဘဲ။ ကျွန်တော့် တစ်သက်မှာ ဒီလိုဟာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး” ဟု ပြောပြသည်။

    တပ်တော်ဦးမှာ ခွပ်ဒေါင်း အောင်လံက တလူလူ လွင့်နေသည်။ ရန်ကုန် တက္ကသိုလ် အဓိပတိ လမ်းမကြီး ဂိတ်မှာ စုပြုံ ထွက်လာကြသော ကျောင်းသား ထုကြီး ၏ ရှေ့ဆုံးရှိ လူငယ် တစ်ဦးက မြန်မာ့ အမျိုးသားရေး သမိုင်း တစ်လျှောက်လုံးတွင် အသုံးပြုခဲ့သော အနီရောင် အောက်ခံ၌ ရွှေဝါရောင် ခွပ်ဒေါင်း ပါရှိသည့် အောင်လံကို ခပ်မြင့်မြင့် လွှင့်ထူ၍ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်လျက် ရှိသည်။ လမ်းတလျှောက်တွင် လုံချည် စိမ်းဝတ် ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသူ၊ ကျောင်းသား များက ချီတက် လာသော ကျောင်းသားထု ထဲသို့ ဝင်ရောက် လက်တွဲ ခဲ့ကြသည်။ ကျောင်းသား ထုကြီးမှာ လူပင်လယ် အလား ကြီးထွား တိုးပွား လာကာ လမ်းတစ်လျှောက်တွင် လှိုင်းလုံးကြီးများ ပမာ တလိမ့်လိမ့် တက်လာပြီး ကြွေးကြော်သံများကို လည်း စည်းချက် ညီညီ သံပြိုင် ချီ၍ ကြွေးကြော် နေကြသည်။ အခြေအနေမှာ အားတက် ကြည်နူးဖွယ်ရာပင်။ ဆန္ဒပြသူ အားလုံး နီးပါးမှာ နုနယ် ငယ်ရွယ်သူများ ဖြစ်ကြသည့် အလျှောက်၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလက ဖြစ်ပေါ်ခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကိုပင် သေချာစွာ သိရှိပုံ မရကြပေ။

    ထွန်းဦးက ဆက်၍ ပြောသည်မှာ –

    “ အင်းလျား ကန်ဘောင်နဲ့ ပြည်လမ်းမ ကြားမှာ ‘တံတားဖြူ’ ရယ်လို့ လူသိများတဲ့ မြောင်းကူးတံတား ရှိတယ်။ တံတားဖြူ ကို ကျော်တယ် ဆိုတာနဲ့ ကျွန်တော်တို့ အားလုံး ဗြုန်းစားကြီး ရပ်တန့်သွားတယ်။ သံဆူးကြိုး ခွေတွေကို ကျွန်တော်တို့ ရှေ့ လမ်းမပေါ်မှာ ဖြတ်ပြီး ကာထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီနောက်မှာ စစ်သားတွေက ကျွန်တော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတယ်။ ဘရင်းကယ်ရီယာ (စက်သေနတ် တပ်ဆင်ထားတဲ့ သံချက်ကာကား) ကိုတော့ တပ်ဖွဲ့ရဲ့ နောက် လမ်းခလယ်မှာ ရပ်ထားတယ်။ ကျွန်တော်တို့ အတော်ကို ထိတ်လန့် သွားကြတယ်”

    “တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ အားလုံး အမျိုးသား သီချင်းကို ရော၊ စစ် သီချင်းကို ရော တပြိုင်ထဲ ဝိုင်းဆိုကြတယ်။ ‘ပြည်သူ့ တပ်မတော်၊ တို့ တပ်မတော်’ လို့ တစ်ချို့က အော်ကြတယ်။ နောက်လှည့်ကြည့် လိုက်တဲ့ အခါမှာ အသက်ရှု ရပ်သွား သလား အောက်မေ့ လိုက်ရတယ်။ ကျွန်တော်တို့ရဲ့ ဘယ်ဘက်မှာ ဆိုရင် အိမ် ခြံစည်းရိုး အမြင့်ကြီး တွေက ကာရံ ထားတယ်။ ညာဘက်မှာ တော့ အင်းလျား ကန်ဘောင်ရိုးပဲ ရှိတော့တယ်။ ကျွန်တော်တို့ အားလုံးပိတ်မိ နေပြီ ဆိုတာကို နားလည် လိုက်ကြတယ်”

    အမိန့်ပေးသံ တစ်ခု ထွက်လာပြီး လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက် ကြတော့သည်။ နံပါတ်တုတ်များ ဝီခေါ် နေသည်။ အရိုးတွင်တွင် ကျိုးအက်သံများ အတိုင်းသား ကြားနေရသည်။ သွေးများ လူးနေသည့် ကျောင်းသားများ၏ ညီးတွားသံများ၊ ငယ်သံပါအောင် အော်ဟစ်နေသံများ ပွက်လော ရိုက်သွားသည်။ ကန်ဘောင်ရိုး လှေခါးများ အပေါ် ပြေးတက် တိမ်းရှောင်ရန် ကြိုးစားကြသည့် တုန်လှုပ် ခြောက်ခြားနေသော ကျောင်းသားများမှာ ကျွဲအုပ် နွားအုပ် အလား အတုန်းအရုန်း ပိတ်၍ အရိုက်ခံ ရလေတော့သည်။ တစ်ချို့ လုံထိန်းများက ကျောင်းသူလေးများကို မဲ၍ ရိုက်ကြပြီး လက်ဝတ် တန်ဆာများ နာရီများကို ချွတ်ယူ ကြပြန်သည်။

    တစ်ချို့က ပြေးလွှားနေသော ကျောင်းသားများကို အင်းလျားကန်ထဲသို့ မောင်းချကာ ခေါင်းကို ရေထဲနှစ်၍ မသေမချင်း သတ်ကြသည်။ ကံသီ၍ လွတ်မြောက် လာခဲ့သော ဆန္ဒပြကျောင်းသားများထဲတွင် ထွန်းဦးလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ထွန်းဦးမှာ လမ်း ဘယ်ဘက်ရှိ ခြံစည်းရိုးကို ကျော်၍ ခြံဝင်း အတွင်းသို့ ပြေးဝင် နိုင်ခဲ့သည်။ ထို လူသတ်ပွဲကြီးကို မျက်ဝါးထင်ထင် တွေ့မြင် နေရ၍ ဒေါသ ထွက်နေသည့် ပြည်သူတို့က ခြံထဲ ပြေးဝင် လာကြသော ကျောင်းသားများကို မိမိတို့ အိမ်များတွင် ပုန်းအောင်းခွင့် ပေးခဲ့သည်။

    လူသတ်ပွဲများ တစ်နာရီခန့် ကြာသွားသည်။ လမ်းမ တစ်လျှောက် သွေးအိုင် များတွင် တုံးလုံးပက်လက် လဲ နေသော အလောင်းများမှာ ဖရိုဖရဲ ဖြင့် ပြန့်ကျဲလျက် ရှိသည်။ ‘တံတားဖြူ’ သည် လည်း မဖြူနိုင်တော့။ တံတားနီ ဘဝသို့ ရုတ်ခြည်း ကူးပြောင်း သွားခဲ့ရသည်။

    ဆက်လက်ဖတ်ရှုရန်……………………..
    https://www.facebook.com/photo.php?fbid=672326859447973&set=a.144437218903609.39610.100000119948962&type=3&theater

  • kai

    March 12, 2014 at 2:29 pm

    https://www.facebook.com/komyintoo.bemo


    Komyintoo Bemo
    ( ထိုတစ်ည ၏ တဒင်္ဂ – ၁ )

    ရောင်စုံမီးတန်းများ တရွှီးရွှီး ဖြတ်သန်းနေကြသည်၊
    ဝန်းကျင်တစ်ခုလုံးမီးခိုးများဖြင့်မွန်းကျပ်နေသည်၊
    ကျနော်သည်စစ်သားမဟုတ်ပါဘဲရှေ့တန်းစစ်မြေပြင်သို့ရောက်ရှိနေသည်၊
    ခပ်လှမ်းလှမ်းဆီမှအော်သံဟစ်သံများဖြင့်ဆူညံနေသည်၊
    ဤမြင်ကွင်းသည်ကား ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ည ၁ နာရီ အချိန်
    ရန်ကုန်စက်မှုတက္ကသိုလ် ပင်မဆောင်ရှေ့မှမြင်ကွင်းပင်ဖြစ်တော့သည်။
    မွန်းကျပ်နေသောမီးခိုးများသည် မျက်ရည်ယိုဗုံးများဖြစ်၍
    တရွှီးရွှီး ဖြတ်သန်းနေသော ရောင်စုံမီးတန်းများ သည်ကား
    လုံထိမ်းများမှ ပစ်လိုက်သော သေနတ်ကျည်ဆံများပင်ဖြစ်သည်။
    ကျောင်းသားအများစုမှာ ပင်မဆောင်အောက်တွင် ပြန်လည်စုစည်းမိကြပြီး
    ကျနော်အပါအဝင် တစ်ဦးတစ်လေသာ ကျောင်းရှေ့ပန်းခြံထဲတွင်ကျန်ရစ်သည်၊
    ကျနော်သည် ဝမ်းလျားမှောက်သွားနေရာမှ အဝိုင်းပတ်လမ်းအပြင်ဘက်ထောင့်ရှိ
    စိန်ပန်းပင်ကို အကာအကွယ်ယူ၍ ထိုင်လိုက်သည်၊
    မျက်ရည်များ ချွေးများဖြင့်မွန်းကျပ်မောဟိုက်လျှက်၊
    မကြာခင်ကထိုးသွားသော မီး သတ်ပိုက်များကြောင့် တစ်ကိုယ်လုံး စုတ်ပြတ်ပေလူးနေသော်လည်း
    မျက်ရည်ယိုဗုံးဒဏ်ကိုမူ ခံစားရသက်သာစေသည်။
    ထိုအချိန်တွင် ကျောမှီထားသော စိန်ပန်းပင်ကို တဖောင်းဖောင်းလာမှန်နေသော ကျည်ဆံများကိုခံစားနေရသည်။ မိမိတို ့ကိုပစ်မှတ်ထားနေကြပြီ။ လွတ်လမ်းတော့မမြင်ပြီ။
    ထိုင်နေသောမြောင်းဖုံးအောက်မှရေမြောင်းထဲသို ့ဆင်း၍အကာအကွယ်ယူရန်စဉ်းစားသည်။
    ထိုသို ့လည်းမဖြစ်ချေ ၊ သေနတ်မမှန် နိုင်သော်လည်းလှံစွပ်ဖျားတွင်ကားကနဲပါသွားမည်။
    ( ဆက်ရန် )

    ( ထိုတစ်ည ၏ တဒင်္ဂ – ၂ )

    ( ထူးချွန်ထက်မြက်သလောက် ဉာဏ်ရွှင်သော၊ နှစ်လိုဘွယ်ကောင်း၍ရယ်ပွဲဖွဲ့တတ်သော၊
    ဆရာများအပေါ်ဆိုးသလောက် အရေးကြုံလျှင်သက်လုံကောင်းကြသော
    အချင်းချင်း မိသားစုထက်ပင် ပို၍ချစ်ကြသော၊ မတရားဟုထင်လျှင် စိုးစဉ်းမျှ ငုံ့မခံတတ်သော
    အနာဂတ်၏ကြယ်ပွင့်များဖြစ်ကြသော ကျောင်းသူကျောင်းသားများ ပျော်မြူးရာ
    ရန်ကုန်စက်မှုတက္ကသိုလ်ရှေ့ မြက်ခင်းပြင်သည် ထိုညက စစ်တလင်းပြင်ကြီး ဖြစ်ခဲ့သည်။ )

    ကျောင်းခြံစည်းရိုးဘက်လှမ်းကြည့်လိုက်သောအခါ
    လုံထိန်းများ ခြံစည်းရိုး ကျော်ဝင်လာနေသည်ကို မြင်ရသည်။
    အသက်ကိုညာဏ်စောင့်သည် ၊ ဤနေရာမှခွာမှဖြစ်မည်။
    ရှေ ့တွင်ကွန်ကရစ်လမ်းခံနေသဖြင့် ဝမ်းလျှားမှောက်ဆက်သွားလျှင်
    တံတောင်ဆစ်နာမည်ကိုတွေးမိသည်။ ဆုံးဖြတ်ချက်ချလိုက်သည်။

    ငယ်ရွယ်မှု၊ သန်မာမှု ၊ လျှင်မြန်ဖြတ်လတ်မှု အားလုံးကိုအသုံးချလျှက် ကွန်ကရစ်လမ်းကို
    ခြေဖျားဖြင့် တစ်ချက်ထောက်ကာ ပန်းခြံအဝိုင်းထဲသို ့ဒိုင်ပင်ပစ်ဝင်လိုက်သည်။
    လေထဲတွင်အလျားလိုက် ရှိစဉ်မှာပင် နောက်ကျောဘက်မှ ပူကနဲဖြစ်သွားပြီး၊
    ရင်ထဲမှာစူးအောင့်သောဝေဒနာ ခံစားလျှက် မြေပြင်ပေါ်သို ့ပစ်ကျသွားသည်။
    မိမိကို ကျည်ဆံမှန်ပြ၊ီ သေရတော့မည်။

    ဘုရားသခင်ကို အာရုံ ပြုလိုက်သည်။
    တစ်ခဏ အကြာ မိမိရင်ဘက်သို ့ပွတ်သတ်ကြည့်သည်။
    ဒဏ်ရာမရှိ ၊ ရင်သို ့ပွင့်မထွက်ခဲ ့၊ သို ့ဆိုလျှင်မသေနိုင်သေး။
    လေးဘက်ထောက်လိုက်သည်။
    တစ်ချိန်ထဲမှာပင် ဘယ်ဘက်မျက်ဝန်းတောင့်ဆီမှ ကျောင်းသားတစ်ယောက်
    ကားခနဲ ကွန်ကရစ်လမ်းပေါ်သို ့လဲကျသွားသည်ကို မြင်လိုက်ရသည်။ မထနိုင်တော ့။
    အခြေအနေ ဆိုးပုံရသည်။
    (ကိုဖုန်းမော် ဟု နောင်တွင်သိရသည်)

    ငါတို ့ကိုမှန်ပြီဟေ ့ဟု အသံကုန်ဟစ်လျှက်
    ပင်မဆောင်ဘက်သို ့လေးဘက်တွားပြေးလာခဲ ့သည်။

    အဖြစ်အပျက်အလုံးဆုံကို မြင်ခဲ့ကြသော ပင်မဆောင်အောက်မှ ကျောင်းသားတချို ့ပြေးဆင်းလာသည်။
    အချို ့က မိမိကိုဆွဲ၍ အချို ့က ဖုန်းမော်ကို ပြေးဆွဲကြသည်။
    မိမိကို ပင်မဆောင် နာရီကြီးအောက်တွင်ချ၍ ကိုဖုန်းမော် ကို အလည်ရှိ မီးချောင်းအောက်တွင်ချလိုက်ကြသည်။
    ကျောင်းသားတို ့ငိုယိုသံ၊အော်ဟစ်သံတို ့ဖြင့်ဆူညံပွက်လောရိုက်နေသည်။
    ကျောင်းသားတို ့မည်မျှခံစားနေရပြီကို စာဖတ်သူတို ့ နားလည်သိရှိနိုင်သည်။

    “ ငါတို ့ကျောင်းသားတွေ သေကုန်ပြီ ”

    အချို ့ကနံရံကို ခေါင်းဖြင့် ပြေးဆောင့်ကြသည်။
    အချို ့က ငိုယိုလျှက် နံရံများ တိုင်များကိုလက်သီးဖြင့် ထိုး၊ ခြေဖြင့်ကျောက်၊
    ဆောက်တည်ရာမရ ကြပြီ။
    ငယ်ရွယ်သူများဖြစ်သည့်အလျှောက် အတွေ ့အကြုံ လည်းမရှိ
    ရှေးဦးသူနာပြုလည်း နားမလည် ၊ ဝိုင်အုံကြည့်လျှက် မင်သက်နေကြသည်။

    ကိုဖုန်းမော်ကို လှမ်းကြည့်လိုက်သည်။
    တစ်ကိုယ်လုံးသွေးများ ပေလူးလျှက် ၊ မလှုပ်မရှက် ၊ ဒဏ်ရာရှာဖို ့ပင်မလွယ်။
    နာကျင်နေသည့်ကြားမှ မိမိကျည်ဆံမှန်ထားသော နေရာကိုစမ်းသည်။ တွေ ့ပြီ။
    ထိုစဉ်က ဗဟုသုတဖြင့် ဒဏ်ရာထဲသို ့လေဝင်သွားလျှင် သေမည် ဟုတွေးမိသည်။
    (မှန်မမှန် မသိပါ)
    သူငယ်ချင်းများကို ပြောရသည်။

    ‘ငါ့ဒဏ်ရာကို ပိတ်ပေးပါ လေဝင်ရင် သေလိမ့်မယ်’

    ကျောင်းသားတစ်ယောက် ကစမ်းကြည့်သည်
    ‘ မတွေ ့ဘူး ရှပ်မှန်တာ ဖြစ်မယ်’
    ‘မဟုတ်ဘူး ကျည်ဆံက ငါ ့ရင်ထဲမှာ ၊ အောင့်နေတယ်’ ဟုပြောလိုက်သည်
    ထိုကျောင်းသားကပင် ထပ်မံစမ်းသပ်ရာ လက်ညှိုးတစ်ချောင်းလုံး ဝင်သွားသည်။
    ‘အား’ ကနဲ အော်ကာထွက်ပြေးသွားတော့သည်။

    မိမိအကျင်္ ီစကိုလိပ်၍ ကိုယ့်ဖာသာပင် ဒဏ်ရာထဲသို ့ထိုးသွင်းရသည်။
    ထိုအချိန် ဆရာများအနားသို ့ရောက်လာသည်။
    ဒဏ်ရာရ ကျောင်းသားများကိုစစ်ဆေးသည်။
    ကိုဖုန်းမော်မှာ သုံးချက်မှန်သည်။ ဒဏ်ရာပြင်းသည်။
    အသက်ငွေ ့ငွေ ့သာရှုတော့သည်။

    ငါ ့တို ့ကျောင်းသားတွေ အသေမခံနိုင်ဘူးဆေးရုံ ပို ့ရမယ်။ ပြောလျှက် ၊
    ကိုဖုန်းမော်ကို Electrical မှ ဆရာဦးစိန်အေး (၁၉၈၈ လှည်းတန်းတွင် ကျဆုံး) နှင့်
    အခြား ဆရာတစ်ဦးကထမ်းသည်။ ရူပဗေဒ ဌါနမှူးဦးသာလှိုင်နှင် ့
    စက်မှုမှ ဆရာဦးအက်စ်ကျော်အေး တို ့ကမိမိကို ထမ်းလျှက်
    ကျောင်းပြင်ပသို ့ထိုးထွက်ကြရာ လုံထိန်းများ၏အရိုက်ကို ခံရတော့သည်။

    ကျနော်တို ့ဆရာတွေပါ ကျောင်းသားတွေ ဆေးရုံပို ့ချင်လို ့ဟုပြောသည်။
    တစ်ခဏ ဆွေးနွေးပြီးနောက် ၊ လုံထိန်းကားတစ်စီးဖြင့် မိမိတို ့ကိုတင်လျှက် ကားထွက်သည်။
    မကြာမီ ခဝဲခြံ မှတ်တိုင်ခန် ့အရောက်တွင် ဆရာများဆီမှ ရှိုက်သံ ထွက်လာသည်။

    ” ဒီကလေး အသက်မရှုတော့ဘူး ”

    ကိုဖုန်းမော် သေရှာပြီ။

  • kai

    March 12, 2014 at 2:35 pm

    https://www.facebook.com/zay.y.kyaw.7

    ဖုန်းမော်အရေးအခင်း အကြောင်း တစေ့တစောင်း ။ အပိုင်း ( ၁ )
    March 7, 2014 at 1:53am

    အခုလို မတ်လ ဖုန်းမော် အရေးအခင်း နှစ်ပတ်လည်နား နီးလာတော့ ကိုယ်တွေ.ကြုံခဲ့ရ ၊ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ ဖုန်းမော် အရေးအခင်း အကြောင်း ကို သေသေချာချာ မသိသေးတဲ့ လူငယ်တွေ သိရအောင် ရယ်…သိပြီးသား လူတွေ လဲ ပိုပြီး ပြည့်ပြည့်စုံစုံ သိသွားအောင်ရယ် ဖုန်းမော်အရေးအခင်း ကို် အာအိုင်တီ ကျောင်းသားတစ်ယောက်အနေနဲ. ကိုယ်တိုင်ထိတွေ.ပတ်သက်ခဲ့သူတစ်ယောက်အနေနဲ.ပြောပြ ချင်စိတ် ဖြစ်လာလို. ဒီစာကိုရေးလိုက်ပါတယ်…။

    အနောက်ကြို.ကုန်း ၊ ဆေးဝါးစက်ရုံလမ်း ( ဘီပီအိုင်လမ်း ) ပေါ်မှာ ရှိတဲ့ စန္ဒာဝင်းလက်ဘက်ရည်ဆိုင် မှာ သီချင်းဖွင့်တဲ့ ကိစ္စ နဲ.ပတ်သက်ပြီး အာအိုင်တီကျောင်းသားတချို. နဲ. အဲဒီရပ်ကွက် ထဲ မှာနေတဲ့ လူငယ်တချို. စကားများ ရန်ဖြစ်ရာကနေ ရပ်ကွက်လူငယ်တွေက ခုံနဲ.ရိုက်လိုက်လို. အာအိုင်တီ ကျောင်းသားတစ်ယောက် ခေါင်းကွဲ သွားရာက ဇာတ်လမ်းစပါတယ်…။ ခေါင်းကွဲ သွားတဲ့ အာအိုင်တီကျောင်းသား နဲ. သူငယ်ချင်းတွေ ဟာ ခုံနဲ. ရိုက်ခဲ့တဲ့ သူကို အရေးယူပေးဖို. အင်းစိန်ရဲစခန်းမှာ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပါတယ်….ခုံနဲ. ရိုက်ခဲ့တဲ့သူဟာ အဲဒီရပ်ကွက်ကောင်စီဥက္ကဌ ရဲ.တူဖြစ်နေတော့ ရဲစခန်းက မဖမ်းပဲ ပြန်လွှတ်ပေးလိုက်တယ်လို. သိရပါတယ်….အဲလို ပြန်လွှတ်ပေးလိုက်တယ်လို. သတင်းကြားရတဲ့အခါ ခေါင်းကွဲတဲ့ ကျောင်းသားနဲ. သူငယ်ချင်းတစ်စု က မခံမရပ်နိုင်ဖြစ်ပြီး တခြားသူငယ်ချင်းတွေပါ ထပ်စုပြီး ရပ်ကွက်ထဲ မှာ သူတို.ကို ရိုက်ခဲ့တဲ့ တရားခံ ကို သွားရှာကြပါတယ်…အဲဒီ လို သွားရှာတဲ့အခါ ရပ်ကွက်လူငယ်တွေက စုပြီး ပြန်တိုက်ခိုက်ပါတယ်…ကျောင်းသားအဖွဲ.က လူနည်းစုဖြစ်တော့ အလူးအလဲ ခံရပြီး ပြန်ထွက်ပြေးလာရပါတယ်…အဲလို ထွက်ပြေးလာတုန်း ကျောင်းသားအဖွဲ.ထဲက တစ်ယောက် ဟာ လဲကျ ကျန်ရစ်ခဲ့ပါတယ်… အဲဒီလို လဲကျကျန်ခဲ့တဲ့ သူငယ်ချင်း ကို စိတ်ပူပေမယ့်လဲ..အာအိုင်တီ ကျောင်းသားအဖွဲ. က သူတို.ကိုယ်တိုင်လဲ သူတို.ချည်းသပ်သပ် ရပ်ကွက်ထဲ ပြန်သွားမရှာရဲတော့တဲ့ အတွက် ကြို.ကုန်းဆောင်တွေ မှာ နေတဲ့ အာအိုင်တီက အတန်းကြီး အကိုကြီးတွေ ဆီ အကူအညီ သွားတောင်းကြပါတယ်…။

    ကျွန်တော်တို.ခေတ်တုံးက အဆောင်ကျောင်းသားတွေ ဟာ မိဝေးဖဝေး မှာ ရပ်တည်နေထိုင် ကြရတာ ဖြစ်တဲ့အတွက် အလွန်စည်းလုံး ကြပါတယ်..။ တစ်ယောက်ယောက် ဒုက္ခရောက် တယ်ကြားရင် ကိုယ်နဲ. သိသိ မသိသိ ကျောင်းသားစိတ်နဲ. ဝိုင်းကြဝန်းကြတာပါပဲ..။ အခု ပြဿနာ မှာလဲ အဲလိုပါပဲ..။ ကိုယ့်ဆီက ကျောင်းသားတစ်ယောက် သေလားရှင်လားမသိ ရန်ဖြစ်ပြီးသူများတွေ လက်ထဲ ကျန်ခဲ့တဲ့ ကိစ္စဆိုတော့ အားလုံး ထလိုက်ကြတာပေါ့ ..တဆင့်စကားတဆင့်နား နဲ. သိကြပြီး ကြို.ကုန်းဆောင် များဖြစ်တဲ့ A,B,C,D,E,F အဆောင် ( ၆ ) ဆောင်ရှိ ကျောင်းသားတွေ အကုန် နီးပါး ဆင်းလိုက် သွားကြပါတယ်…. ကျောင်းသားတွေ အုပ်စုလိုက် ချီတက်လာတာလဲ တွေ.ရော ရပ်ကွက်ထဲက လူငယ်တွေ ပြေးတော့တာပေါ့….အဲဒါ နဲ. ရပ်ကွက် ကောင်စီ ရုံးကို သွားဝိုင်းပြီး တရားခံ ကို ထုတ်ပေးဖို. တောင်းဆိုတာပေါ့…ရပ်ကွက်ကောင်စီ ရုံးကလဲ ပိတ်ထားပြီး ဘယ်သူမှလာမဖြေရှင်းပေးတော့ ဒေါသ ထွက်နေတဲ့ ကျောင်းသားတွေက ရပ်ကွက်ရုံးကို ခဲနဲ့ ပေါက်ကြပါတယ်…. အဲဒီအချိန်မှာပဲ ဘတ်ဂျက်ပိတ်ခါနီး စာရင်းဖျောက်ဖို. ကြံနေတဲ့ သမဝါယမ ဆိုင်က ရောင်ပြန်တော် နဲ.ရောလွှတ်ပြီး မီးရှို.ခံရပါတယ်…ကျောင်းသားတွေ ရှို.တာ မဟုတ်ပါဘူး…စာရင်းဖျောက်ချင်တဲ့သူက ရှို.တာပါ…ဒါပေမယ့်..ကျောင်းသားတွေ က ရပ်ကွက်ထဲ မှာ စုရုံးပြီးရောက်နေတဲ့ အချိန် ဆိုတော့ ကျောင်းသားတွေ ရှို.တယ် ဆိုပြီး လုပ်တော့တာပေါ့……အဲဒီ အချိန်မှာ ဦးနေဝင်း ရဲ. မဆလ အစိုးရက နိုင်ငံအခြေအနေ အကြပ်အတည်းတွေအတွက် ရန်ကုန် ပြည်လမ်း မှာရှိတဲ့ လွှတ်တော်ဝင်းထဲ မှာ အရေးပေါ်လွှတ်တော်အစည်းအဝေးလုပ်နေ ကြပါတယ်….၁၉၈၇-ခုနှစ် ငွေစက္ကူတွေ ကို တရားမဝင်ကြေငြာခဲ့တုန်းက လဲ အစိုးရကို စတင် ကန်.ကွက်ခဲ့တာ အာအိုင်တီ ကျောင်းသား တွေပါ….အဲဒီတော့ ဦးနေဝင်း အစိုးရဟာ အာအိုင်တီကျောင်းသားတွေ ကို မျက်မုန်းကျိုးနေပါတယ်….အခု အနောက်ကြို.ကုန်းထဲ မှာ ကျောင်းသားတွေက ရပ်ကွက်ကောင်စီရုံးကို ဝိုင်းထား…သမဆိုင်ကလဲ မီးလောင် ဆိုတော့… ဦးနေဝင်းက အာအိုင်တီက ကောင်တွေ အစိုးရကို ဆန်.ကျင်ပြီး ဆူပြန်ပြီ..လို.ထင်သွားပုံရတယ်.. TE-11 ကားနဲ. သုံးစီး တိုက် စစ်သားတွေ ပို.လိုက်တယ်….ပစ်မိန်.ပါတခါတည်းပေးလိုက်ပုံပဲ….

    စစ်ကားတွေရောက်လာချိန်မှာ ကျောင်းသားတွေက အနောက်ကြို.ကုန်းရပ်ကွက်ထဲ မှာမရှိတော့ဘူး …အာအိုင်တီကျောင်းဝင်းထဲ ပြန်ရောက်နေကြပြီ…တိုင်အမြင့်ကြီးတွေ နဲ. ပင်မအဆောင်ကြီး အောက်မှာ ကျောင်းရှေ. မှာ အချင်းချင်း စုပြီး အတွေ.အကြုံတွေ ပြန်ပြောနေကြတာ…ဆရာတွေလည်းရောက်လာပြီး မေးမြန်းနေလို.ရှင်းပြနေကြတာ…အေးအေးဆေးဆေးပဲ…..အဲဒီ စစ်ကားတွေ ရောက်လာပြီး..ဘာမပြောညာမပြော ပစ်တော့တာပဲ…… ကျောင်းသားတွေ လဲ ဝရုန်းသုန်းကား ပြေးကြရတာပေါ့…အဲဒီလို ပစ်တဲ့အချိန်မှာ ဖုန်းမော် ကို မှန်သွားတာပဲ….ဖုန်းမော်က အဆောင်နေကျောင်းသားမဟုတ်ဘူး…Day ကျောင်းသား အဲဒီနေ.ကမှ ကိစ္စရှိလို. အဆောင်က သူငယ်ချင်းဆီရောက်နေရင်း သူငယ်ချင်းတွေ ခေါ်လို. ကျောင်းသားချင်းဆိုတဲ့ စိတ်နဲ. ပါသွားတာ….

    သေနတ်ကျည်မှန်ထားတဲ့ ဖုန်းမော် ကို သူငယ်ချင်းတွေက ကျောင်းဝင်းအပြင်က လှမ်းပစ်ရင် မထိနိုင်တဲ့ ပင်မဆောင် အတွင်းပိုင်း ဩဘာလမ်းထပ်နားအထိခေါ်လာပြီး သူ.အင်္ကျီကိုချွတ်လို. ဒဏ်ရာ ကိုပြုစုဖို. ကြိုးစားကြတယ်…ဒဏ်ရာကပြင်းထန် ၊ ဆေးဝါးကမရှိဆိုတော့ ဖုန်းမော်လဲ ခဏအတွင်း ဆုံးပါးသွားရရှာတယ်…ခဏနေကြတော့ စစ်သားတွေ ကျောင်းဝင်းထဲအထိဝင်လာပြီး လိုက်ဖမ်းလို. ဖုန်းမော်ကို မသယ်နိုင်ပဲ ကျောင်းသားတွေ ကျောင်းဝင်းအတွင်းပိုင်းအထိ ထွက်ပြေးကြရတယ်…အဲဒီ မှာ စစ်တပ်ကလည်း ဖုန်းမော်ရဲ.အလောင်းကို သယ်ထုတ်သွားကြတယ်…အမှန်ကတော့ သူတို.သေနတ်နဲ. ပစ်သတ်လို. ကျောင်းသားသေတယ်ဆိုတာကို အစဖျောက်ဖို. ကြိုးစားတာပါ…..

    ( အပိုင်း-၂ ဆက်ရန် )

  • ခင် ခ

    March 12, 2014 at 4:40 pm

    သဂျီးရေ မေ့ကောင်းစရာ အတိတ်ရယ်လို့ မမှတ်ယူလေနဲ့ကွယ် သွေ့ပြောင်းကာဟောင်း ဟောင်းခဲ့လည်း။

  • alinsett (gazette)

    March 12, 2014 at 6:16 pm

    ၂၃ နှစ်ဆိုတော့ ငယ်ငယ် အရွယ်ကောင်းတုန်းလေး

    နှမြောစရာပါပဲ။

    ဒီ အတိတ်ကို တံဆိပ်တစ်ခု တပ်သင့်ပါကြောင်းး

  • Ma Ma

    March 13, 2014 at 6:31 am

    ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့စာကို ဖတ်ရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ :'(

  • kyeemite

    March 13, 2014 at 3:26 pm

    အခုလို မသိမမှီလိုက်သူ မျိုးဆက်သစ်လူငယ်တွေ သမိုင်းဖြစ်မှန်သိအောင်
    ရှာဖွေစုစည်းတင်ပြပေးတာ…သဂျီးကိုကျေးဇူးအထူးတင်ပါတယ်…အဲ့ အချိန်က ကျုပ်ကိုယ်တိုင်တောင်
    အလုပ်ထဲရောက်နေခဲ့ပြီဆိုတော့…ဒီလောက်အသေးစိတ်မသိခဲ့ရပါဘူး… 🙁
    ငွေတွေသိမ်းတော့ အစိုးရအလုပ်ဝင်စ…လခက ရှားပါးစရိတ်နဲ့မှ ၃၈ဝကျပ်ပဲထုတ်ရတယ်…
    ၂၅ ၃၅ ၇၅ တွေသိမ်းတော့ ကျုပ်လက်ထဲကလက်ကျန် အစိတ်တန်အသစ်လေးတစ်ရွက်မိသွားတာ
    တောက်ခေါက်လို့မဆုံး နှမြောခဲ့ရတယ်…ကျန်သူတွေဘယ်လောက်ခံစားခဲ့ကြမလည်း…စဉ်းစား
    ကြစေလိုပါတယ်(ခွက်ဒစ်တူ အဘဖေါ) 😛

  • kai

    March 13, 2014 at 5:13 pm

    နည်းနည်းလေးစီလွဲနေကြတာမှာ… ကိုမြင့်ဦး(Komyintoo Bemo
    ( ထိုတစ်ည ၏ တဒင်္ဂ – ၁ )ရေးတာအမှန်ဆုံးလို့..ခန့်မှန်းမိတယ်..။
    သူက.. ကိုယ်တိုင်ကျည်ဆံထိပြီး.. အခုထိမသေပဲကျန်ရစ်သူပေါ့..။

  • kai

    March 14, 2014 at 1:28 am

    မတ်လ (၁၃) ရက်နေ ့ ကျောင်းသားအရေးအခင်း (သို ့) ကိုဖုန်းမော်နေ ့ (သို ့) မြန်မာနိုင်ငံလူ ့ အခွင့်အရေးနေ ့ သမိုင်းကြောင်း။

    ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ မတ်လဆန်းမှာ အာဏာရှင်လက်ပါးစေတွေရဲ ့ မတရားလုပ်ရပ်ကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရမှုနှင့် မတရားမှုကို အစဉ်အမြဲ ဆန် ့ကျင်တော်လှန်ရဲတဲ့ ကျောင်းသားတို ့၏ အာဏာရှင်အား စိန်ခေါ်မှု မှတ်တမ်း ဖြစ်ပါတယ်။

    အာဏာရှင်အား ရဲရဲဝန် ့ဝန် ့ရင်ဆိုင်ပြီး ဆန် ့ကျင်တိုက်ပွဲဝင်ကာ ကျဆုံးခဲ့ကြသော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကျောင်းသားအပေါင်းအား ဂုဏ်ပြုသောအားဖြင့် အဆိုပါ မတ်လ (၁၃) ရက်နေ ့အား မြန်မာနိုင်ငံလူ ့အခွင့်အရေးနေ ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။

    ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ ့ အချိန်ကာလမတိုင်ခင် နောက်ခံသမိုင်းကြောင်း ဖြစ်ပေါ်မှုများကတော့ –

    ၁၉၈ရ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့မှာ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ၂၅ ကျပ်တန် ၃၅ ကျပ်တန် နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင် ဖျက်သိမ်းပါတယ်လို့ အာဏာရှင် နေဝင်းဦးဆောင်တဲ့ မဆလအစိုးရက ကြေညာလိုက်ပါတယ်။ ယခုပိုက်ဆံသိမ်းတာ မတိုင်ခင် အရင်က သိမ်းခဲ့တဲ့ ၁၀ဝ တန် (ခေါင်းပေါင်း လို့ ခေါ်ပါတယ်) တွေ သိမ်းတုန်းကလိုမျိုး ပြန်လဲပေးမလားဆိုတဲ့ အသိနဲ့ လူတွေ စောင့်မျှော်ခဲ့ပါသေးတယ်။ ဒါကြောင့်မို ့လို လိုက်ဝယ်တဲ့ သူတွေကလည်း ဖျက်သိမ်းပြီးသား ငွေစက္ကူတွေကို အရေးတကြီး ငွေလိုအပ်သူတွေ ဆီက လိုက်ဝယ်ခဲ့ကြပါတယ်။

    အဲဒီအချိန်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာမေးပွဲကြီးကျင်းပနေတဲ့ အချိန်ဖြစ်ပါတယ်။

    စာမေးပွဲရက်အတွင်း ငွေစက္ကူတွေ အသိမ်းခံရတော့ ပိုက်ဆံပြတ်သူ ပြတ် ဖြစ်ကုန်ကြတဲ့ ကျောင်သားတွေက အဆောင် အပြင်ကိုထွက်လာကြပါတယ်။ ကျောင်းသား အချို့က ကျောင်းရှေ့ တိုင်လုံးကြီးတွေ အောက်မှာ ထိုင်သူထိုင် အချို့ကလည်း ကျောင်းအပြင် အင်းစိန်လမ်းမပေါ်က ပလက်ဖောင်းပေါ် ထွက်ထိုင်သူထိုင်နဲ့ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း ဒေါသထွက်သူထွက် စိတ်ဓာတ်ကျသူကျ ဖြစ်နေကြပါတယ်။ အဲဒီ အချိန်မှာပဲ အင်းစိန်လမ်းမပေါ်ထွက်ထိုင်နေတဲ့ ကျောင်းသား အချို့က ဒီငွေစက္ကူတွေ သုံးမရရင် ဘာလုပ်ရတော့မှာလဲ .. မီးရှို့ကွာ .. ဆိုပြီး စလိုက်ရာက လမ်းပေါ်မှာ ငွေစက္ကူ မီးရှို့ပွဲ ဖြစ်ခဲ့ပါတယ်။ မကျေနပ်မှုတွေက စတင်ပေါက်ကွဲထွက်လာပါတယ်။

    မိနစ်အနည်းငယ်ခန့် ကြာပြီးတဲ့ အခါမှာတော့ သမိုင်းလမ်းဆုံဘက်က မောင်းလာတဲ့ မာဇဒါဂျစ် အစိုးရတံဆပ်တပ်ထားတဲ့ ပြည်သူ့လုပ်အား ပြန်လည် နေရာချထားရေး ဦးစီးဌာနက ကားတစ်စီးက ကျောင်းသားတွေ အုပ်စုနားရောက်တော့ ရုတ်တရက် ကျွီကနဲ မြည်အောင် ဘရိတ်အုပ်ပြီး ရပ်လိုက်ပါတယ်။ ကားပေါ်က အရာရှိဖြစ်ဟန် တူတဲ့ လူတစ်ယောက်က ကားပေါ်က ဆင်းလာတာ အရက်မူးနေပုံပေါ်ပါတယ်။ ထိုလူက ဘီပီအိုင် လမ်းကြားထဲ ပြေးဝင်သွားပါတယ်။ ကျောင်းသားတွေလည်း … ဒါ.. မ.ဆ.လ က ကားပဲကွာ .. ချကျ ရိုက်ကျ ၊ လူကိုတော့ မထိစေနဲ့ ဆိုပြီး ကားကို မီးရှို့လိုက်ကြပါတယ်။ အဲဒီ အချိန်မှာပဲ ကျောင်းဝင်းထဲက ကျောင်းသား ကိုယ်စားလှယ် ၅ ဦးက မော်ကွန်းထိန်းနဲ့ ပါမောက္ခများမှတဆင့် ပညာရေးဝန်ကြီးထံ တောင်းဆိုမှုများ ပြုလုပ်ကြပါတယ်။ ကျောင်းပိတ်ပေးရန်၊ ငွေစက္ကူများ ပြန်လဲပေးရန် တောင်းဆိုကြပါတယ်။ ပညာရေးဝန်ကြီးရဲ့ တုန့်ပြန်ချက်ကတော့ ကျောင်းပိတ်ပေးပြီး ကျောင်းသားများကို နေရပ်ပြန်ပို့ပေးမယ် ဟု ဆိုလာပါတယ်။ ငွေစက္ကူ ပြန်လဲပေးရန်ကတော့ မဆလ အစိုးရရဲ့ ပေါ်လစီ ဖြစ်တဲ့ အတွက် မလိုက်လျောနိုင်ပါဟု ဆိုပါတယ်။ ကျောင်းသားများလည်း ပညာရေးဝန်ကြီးရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတယ်။

    ၁၉၈ရ ခုနှစ်၊ စက်တင်ဘာ (၆) ရက်နေ့ မနက် ၂နာရီကျော်လောက်မှာ ဒဂုံမန်း၊ မြေလတ်သား၊ ရာမည စတဲ့ ဟီးနိုးကားကြီးတွေ အာအိုင်တီကျောင်းဝင်းထဲကို ဝင်လာပါတယ်။ အဆောင်ကျောင်းသားများကို ဘီဆောင် အဆောင်မှုး ဆရာဦးဘမြင့်က တစ်ယောက် ၂၀ဝ ကျပ် ခရီးစားရိတ် ဆိုပြီး ထုတ်ပေးခဲ့ကာ ကျောင်းသားများကို ဘူတာ ၊ ကားဂိတ်၊ လေဆိပ်များမှ တဆင့် အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ နယ်ဒေသတွေက အိမ်အပြန်လမ်းမှာ မဆလ အစိုးရအပေါ် မကျေနပ်ချက်တွေက ကပ်ပါသွားခဲ့ပါတယ်။ အနယ်အနယ်အရပ်ရပ်က ရန်ကုန်မှာ ကျောင်းဆောင်နေ အဆောင်ကျောင်းသားတွေရဲ ့ အိမ်အပြန် မကျေနပ်မှုတွေနဲ ့ သာမန်ပြည်သူလူထုတွေရဲ ့ ငွေစက္ကူတွေ မတရားသိမ်းပိုက်ခံရလို ့ နေ ့စဉ်စားဝတ်နေရေးကအစ ချွေးနဲစာနဲ ့ စုဆောင်းထားတဲ့ စုငွေလေးတွေပါ သုံးစွဲမရတော့လို ့ ပူဆွေးမှု အစိုးရအပေါ် မကျေနပ်မှုတွေနဲ ့ ပေါင်းစပ်မိသွားပါတယ်။

    ၁၉၈၈ ခုနှစ် ဇန်နဝါရီလမှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။ ကျောင်းတံခါးဖွင့်သံ ကျောင်းတက်ခေါင်းလောင်းထိုးသံနဲ့ အတူ မြန်မာပြည်သူတွေရဲ့ လူနေမှုဒုက္ခ၊ စီးပွားရေးကျပ်တည်းမှု တွေက ကျောင်းသားတွေနဲ့ ပြန်လည်လိုက်ပါလာခဲ့ပြန်တယ်။

    ဒီလိုနဲ ့ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ စနေနေ့ ညနေပိုင်း မှောင်ရီဖြိုးဖျ အချိန်မှာ စက်မှုတက္ကသိုလ် ကျောင်းရဲ့ မျက်နှာချင်းဆိုင် အင်းစိန်လမ်းမ တစ်ဖက်မှာ ရှိတဲ့ စန္ဒာဝင်း လဘက်ရည်ဆိုင်ထဲကို ကိုဝင်းမြင့် (၁)၊ ကိုဝင်းမြင့် (၂) နဲ့ ကိုကျော်စံဝင်းတို့ သုံးယောက် ပုံမှန် လဘက်ရည်ဆိုင် ထိုင်နေကျ အတိုင်း ရောက်လာခဲ့ပါတယ်။ စန္ဒာဝင်းလဘက်ရည်ဆိုင်ကလေးက ကျောင်းသားများအတွက် အနီးဆုံး ကျောင်းဝင်းပြင်ပ အပန်းဖြေစရာ မျက်စိပသာဒ နားအာဟာရအတွက် သာမန် ကြီးကျယ်ခမ်းနားမှုကင်းတဲ့ လဘက်ရည်ဆိုင်ကလေးပါပဲ။ ကျောင်းသား ၃ ယောက်နဲ့ အတူ သူတို့အကြိုက် အဆိုတော် စိုင်းထီးဆိုင်ရဲ့ အခွေတစ်ခွေပါလာတယ်။ ထုံးစံအတိုင်း ကျောင်းသားများက ကိုယ်နှစ်သက်ရာ ကက်ဆက်ခွေတွေ ယူလာပြီး စန္ဒာဝင်းမှာ ဖွင့်ခိုင်းပြီး နားထောင်ရင်း အာလပသလာပ အတွက် အချိန်ကုန်နေကျပါပဲ။

    အဲဒီနေ့မှာတော့ သူတို့ဝင်လာတဲ့အချိန်မှာ ကိုင်ဇာရဲ့ ချစ်တေးလှိုင်းကို ဖွင့်ထားတဲ့အတွက် အခွေဆုံးအောင် သူတို့ စောင့်နေကြတယ်။ အခွေက နောက်တစ်ကျော့ ပြန်ရစ်နေတာနဲ့ သူတို့လည်း စားပွဲထိုးကောင်လေးကိုခေါ်ပြီး စိုင်းထီးဆိုင်ခွေ ဖွင့်ခိုင်းလိုက်တယ်။ အဲအချိန်မှာပဲ အခြားဝိုင်းက အရက်မူးနေသူ တစ်ယောက်က – စိုင်းထီးဆိုင်က အလကားပါကွာ.. မဖွင့်နဲ့ – ဆိုပြီး ထပြောတာ ကြားလိုက်ရတယ်။ ကျောင်းသား ၃ ယောက်လည်း ပြသနာ ဖြစ်မှာစိုး၍ ဥပေက္ခာ ပြုပြီး သူတို့ ကက်ဆက်ခွေကိုသာ ဖွင့်ပေးဖို့ ဆိုင်ရှင်ကို ပြောလိုက်တယ်။ အရက်မူးနေသူက ဆိုင်ရှင်ကို ထပြောတဲ့ ကိုဝင်းမြင့် (၁) ကို ရုတ်တရက် ခွေးခြေငယ်နဲ့ ခေါင်းကို ထရိုက်လိုက်တယ်။ ကျောင်းသား ၃ ယောက်နဲ့ ရပ်ကွက်သားများ ရန်ပွဲဖြစ်သွားရတယ်။ ကျောင်းသားများ ကျောင်းဝင်းထဲ ပြန်ပြေးလာပြီး ကိုဝင်းမြင့် (၁) ခေါင်းက ဒဏ်ရာများတဲ့အတွက် ဆေးခန်းပို့ ကြတယ်။ အင်းစိန်ရဲစခန်းကို သွားပြီး အမှုဖွင့်တော့ ရဲတွေက လဘက်ရည်ဆိုင်မှာ စစ်ချက်ယူကာ ကိုဝင်းမြင့် (၁) ကို ရိုက်တဲ့သူကို ဖမ်းဆီးခဲ့တယ်။

    ၁၉၈၈ ခု မတ်လ (၁၃) ရက် တနင်္ဂနွေနေ့ မနက်မှာ ဖမ်းဆီခေါ်ဆောင်ခံခဲ့ရတဲ့သူဟာ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌရဲ့ သားဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာက ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျောင်းသားများ ကြားသိရတဲ့အခါမှာတော့ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ကျောင်းသား ၃ဝ လောက် လူစုပြီး ရက်ကွက်ကောင်စီရုံးခန်းကို သွားအော်ခဲ့ပါတယ်။ ကောင်စီဥက္ကဋ္ဌက ကျောင်းသားများနဲ့ တွေ့ဆုံစကားပြောဖို့ ငြင်းပယ်ခဲ့တဲ့အတွက် ကျောင်းသားများက ရုံးခန်းထဲဝင်ပြီး စားပွဲကုလားထိုင်များကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ကျောင်းသားများလည်း ကျောင်းဝင်းတွင်းကို ပြန်လာခဲ့ပါတယ်။ ကျောင်းသားများ ပြန်လာပြီးနောက် ကောင်စီရုံးနားက သမဝါယမဆိုင် မီးလောင်ခဲ့ပါတယ်။ ကြို့ကုန်းရပ်ကွက်က လူများက ကျောင်းသားတွေ မီးရှို့တယ်လို့ ထင်နေကြတယ်။ အဲဒီနောက် စနေနေ့က ရန်ဖြစ်ခဲ့တဲ့ ကျောင်းသား ၃ ယောက် နဲ့ အခြားကျောင်းသားအုပ်စုက လဘက်ရည်ဆိုင် အနီးလမ်းဆုံမှ နေပြီး ရပ်ကွက်တွင်းလူများနဲ ့ ရန်ပွဲထပ်ဖြစ်ကာ ကိုဝင်းမြင့် (၂) ဓားနဲ့ထိုးခံလိုက်ရပါတယ်။ (ဒီ သမဝါယမဆိုင်ကို အာဏာပိုင်တွေက တမင်သက်သက် မီးရှို ့ဖန်တီးပြီး ရပ်ကွက်ကလူတွေနဲ ့ ကျောင်းသားတွေကို ရန်တိုက်ပေးခဲ့တာပါ)။

    ကျောင်းသားများလည်း ကျောင်းကို ပြန်ပြေးပြီး လူစုကြပြန်တယ်။ လူစုပြီး ကျောင်သား ၂၀ဝ ခန့် အုပ်စုကြီးက လဘက်ရည်ဆိုင်ဘက် လမ်းဆုံဆီကို ချီတက်ကြတယ်။ ရုတ်တရက် မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခုက ကျောင်းသားများကို စောင့်ကြို နေခဲ့ပါတယ်။ မီးသတ်ပိုက်တွေ အသင့်ပြင်ထားတဲ့ မီးသတ်ကားတွေက အသင့် စောင့်နေကြပါတယ်။ ကျောင်းသားတွေ အင်းစိန်လမ်းပေါ်အရောက်မှာ ရပ်ကွက်သားတွေကို ရပ်ကွက်လူကြီးတွေက ထိန်းနေသလို ဆရာ ဆရာမများနဲ့ အဆောင်မှုးတွေကလည်း ကျောင်းသားတွေ နောက်ကိုလိုက်လာပါတယ်။ အဲဒီ့အချိန်မှာပဲ မရမ်းကုန်း လမ်းဆုံဘက်မှ တက်လာသော ရဲချုပ်ကား၊ လုံထိန်းကားများ နဲ့ နိုင်းတူးနိုင်း ကားနက်ကြီးတစ်စီးတို ့ဟာ ကျောင်းသားများနဲ့ ရပ်ကွက်သားများအကြားကို ဝင်ရောက်နေရာယူလိုက်ပါတယ်။ ပညာရေး ဒု-ဝန်ကြီး ဒေါက်တာမောင်ဒီ ကား နဲ့ တိုင်းရဲမှုး ဦးဖေကြည်ရဲ့ ရဲချုပ်ကားကတော့ ဘီပီအိုင်ဆေးဝါးစက်ရုံ လမ်းကြားထဲကို ဆက်ဝင်သွားပါတယ်။ ကားပေါ်က ဝတ်စုံပြည့် သံခမောက်၊ ဒိုင်းများ ၊ ဂန်းပိုက်များ၊ သေနတ်များ၊ တုတ်များနဲ့ လက်နက်အပြည့်စုံပါသော လုံထိန်းများက နေရာယူလိုက်ကြပြီး သေနတ်တွေ နဲ့ ကျောင်းသားတွေကို ချိန်ထားလိုက်ကြပါတယ်။

    ကျောင်းသား နဲ့ ရပ်ကွက်သားကြားက ရန်ပွဲရဲ့ ဒေါသမီးပွားက ကျောင်းသားနဲ့ လုံထိန်းကြားက ပဋိပက္ခ အသွင်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ ကျောင်းသားများရဲ့ ဒေါသတွေက သေနတ်နဲ့ ချိန်ထားတဲ့ လုံထိန်းတွေပေါ် ပုံသွားခဲ့တယ်။ ဆရာတွေက အနောက်ကနေ အော်ဟစ်သတိပေးနေတယ်။ ဆရာတွေရဲ့ အော်ဟစ် သတိပေးသံ မဆုံးခင်မှာပဲ သေနတ်တွေ မိုးပေါ်ထောင်ဖောက်လိုက်သံကို ဆက်တိုက်ကြားလိုက်ရတယ်။ မီးကျည်တွေလည်း မိုးပေါ်မှာ တဖောင်းဖောင်းနဲ့ ပစ်တင်လိုက်တယ်။ မျက်ရည်ယိုဗုံးတွေ ကျောင်းသားအုပ်ကြားထဲကို ပစ်သွင်းလိုက်တယ်။ ကျောင်းသားတွေရော ဆရာတွေပါ ကျောင်းဝင်းထဲ ဝင်ပြေးကြတယ်။ လုံထိန်းတွေက ကျောင်းဝင်းထဲ ပြေးဝင်သွားတဲ့ ကျောင်းသားတွေနောက်ကို လိုက်ပစ်ပါတော့တယ်။

    ပစ်ကွင်းထဲကို ဝင်လာတဲ့ ကျောင်းသား ၃ ယောက် လဲကျသွားတယ် အကြီးကျယ် ဒဏ်ရာ ရသွားတယ်။ ကိုဖုန်းမော် (ဓာတုအင်ဂျင်နီယာ ကျောင်းသား) ၊ ကိုစိုးနိုင် (စက်မှုအင်ဂျင်နီယာ ကျောင်းသား၊ ပုသိမ်)၊ ကိုမြင့်ဦး (စက်မှုအင်ဂျင်နီယာ၊ ပြွန်တန်ဆာ) တို့ ဒဏ်ရာ အပြင်းအထန် ရလိုက်တယ်။ ကျည်သင့်ပြီး လဲကျသွားတဲ့ ကိုဖုန်းမော်ကို ဆရာဦးသိန်းထွန်းအောင်က ဝင်ဆွဲတယ်။ ကိုဖုန်းမော်မှာ ဆရာဦးသိန်းထွန်းအောင် လက်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။

    ဒဏ်ရာ အပြင်းအထန်ရထားတဲ့ ကိုစိုးနိုင် နဲ့ ကိုမြင့်ဦး တို့ ကို ဆွဲခေါ်လာခဲ့ပါတယ်။ ကျန်ဒဏ်ရာ ရတဲ့ ကျောင်းသားတွေကိုတော့ ဝင်ဆွဲနိုင်ဖို့ မတတ်နိုင်ကြတော့ပါ။ တရစပ် ပစ်ခတ်နေတဲ့ကြားထဲမှာ ကျောင်းသား ၂ဝ ခန့် ဒဏ်ရာ ရခဲ့ပါတယ်။ ကျောင်းသားတွေလည်း ကျောင်းဆောင်တွေထဲကို ခြေကုန်သုတ် ပြေးဝင်ကြရပါတယ်။

    အတန်ငယ်ကြာတော့ သေနတ်သံတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။ ကျောင်းသားတွေလည်း အခြေအနေကို ကြည့်ပြီး ဆရာတွေ နဲ့ အတူ ကိုဖုန်းမော် ၊ ကိုစိုးနိုင်နဲ့ ကိုမြင့်ဦးတို့ကို ဆေးရုံပို့ ဖို့ စီစဉ်ကြပါတယ်။ ကျောင်းဝင်းတစ်ခုလုံးလည်း ငရဲပွက်တဲ့အလား ယမ်းငွေ့တွေ ဖုံးလွှမ်းခဲ့ရပါပြီ။

    ကျောင်းသားများက ကျောင်းဆောင်တွင်းမှာ အရေးပေါ် တိုင်ပင်စည်းဝေးကြတယ်။ ပညာရေးဝန်ကြီးထံသို့ အချက် (၇) ချက် တောင်းဆိုရန် သဘောတူကြတယ်။ အဲဒီ တောင်းဆိုချက်တွေကတော့ …. ကျောင်းဝင်းတွင်း ကျောင်းသားများအား ပစ်ခတ်သတ်ဖြတ်မှု နှင့် ပတ်သက်ပြီး သတင်းများမှ အမှန်တိုင်း ထုတ်ပြန်ကြေညာပေးရန်၊ သေဆုံးသွားသော ကျောင်းသားများနှင့် ဒဏ်ရာရကျောင်သားများ၏ မိသားစုများအား ထိုက်တန်သော လျော်ကြေးပေးရန်၊ သေဆုံးသွားသော ကျောင်းသားများအား နိုင်ငံတော်ဈာပန အခမ်းအနားဖြင့် ထိုက်တန်စွာ ဂုဏ်ပြုသင်္ဂြ ိုလ်ပေးရန်၊ ပတ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ အစစ်အမှန်များကို အပြစ်ဒဏ်ပေးရန်၊ ကျောင်းသားများ၏ အခွင့်အရေးကို တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် တရားဝင် ကျောင်းသားအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းခွင့်ပေးရန်၊ ကျောင်းများ မပိတ်ရန်၊ ကိုဖုန်းမော်၏ ဈာပနကို ကျောင်းသားများကိုယ်တိုင် ဦးဆောင်ကျင်းပခွင့်ပေးရန် စသည်ဖြင့် တောင်းဆိုကြခဲ့ပါတယ်။

    ကျောင်သား ၁၃ ဦးက ကျစ်လျစ်သော အမာခံသွေးသောက်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး အသက်သေခံ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြတယ်။ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမောင်ဒီလည်း ကျောင်းကို ညတွင်းချင်း ပေါက်ချလာပြီး ကျောင်းသားများရဲ့ တောင်းဆိုချက်တွေကို ပယ်ချလိုက်တယ်လို့ ကြေညာလိုက်တယ်။

    စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်းမှာတော့ ကျောင်းသားတွေ ပင်မ အဆောက်အဦးကြီးရှေ့မှာ ပြန်စုမိကြပြန်ပြီ။ ည ၁၂ နာရီ ထိုးတော့မယ်။ ရှေ့ဆက် ဘာလုပ်ကြမလဲ တိုင်ပင် ဆွေးနွေးကြပြန်တယ်။ နောက်ဆုံး ကိုဖုန်းမော် သွေးမြေကျခဲ့ရတဲ့နေရာမှာ တော်လှန်ရေး ကြယ်ပွင့်လေးလုပ်ဖို့ ဆုံးဖြတ်ကြတယ်။ မြို့ပြအင်ဂျင်နီယာက ကျောင်သားတွေ ဦးဆောင်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ပင်မ အဆောက်အဦး ရဲ့ ဩဘာလမ်းထိပ်နေရာမှာ ကျောင်းတွင်း မြို့ပြအင်ဂျင်နီယာဌာနကရှိတဲ့ ဘိလပ်မြေ အုတ်ကျိုးလေးတွေ နဲ့ ကြယ်ပွင့်လေး စတင် တည်ဆောက်လိုက်တယ်။ တစ်ကျောင်းလုံးအနှံ့လိုက်ပြီး သေနတ် ကျည်ဆံခွံတွေ၊ မီးကျည်ခွံတွေ ၊ မျက်ရည်ယိုဗုံးခွံတွေ၊ ကျောင်းသားတွေရဲ့ မီးပေါက်ရာ အဝတ်အစားတွေ၊ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို လိုက်ရှာ စုဆောင်းပြီး ကြယ်ပွင့်ထဲကို စုထည့်ကြတယ်။ နောက်တော့ ကျောင်းသားတွေက စွယ်တော်ရွက်တွေကို ဆေးလိပ်မီးနဲ့ တို့လို့ အပေါ်က ဖြန့်ကြဲပြီး ကြယ်ကို ပိတ်လိုက်ကြတယ်။

    ကျောင်းမှာ ဖွေးဖွေးလှုပ်အောင် ပွင့်နေတဲ့ စွယ်တော်ပွင့်တွေနဲ့ ပန်းခွေတွေလုပ်ပြီး ကျောင်းသားတစ်ယောက်က လက်ဝဲစာလုံးနဲ့ ကိုဖုန်းမော် နာမည်ကို ရေးပြီး ပန်းခွေမှာ ကပ်လိုက်တယ်။ ကျောင်းသားတွေရဲ့ အံကြိတ် တောက်ခေါက်သံတွေ၊ ကျောင်းနံရံကို ခေါင်းနဲ့ ဆောင့်ပြီး အော်ဟစ် ငိုကြွေးသံကိုလည်း ကြားနေရတယ်။ ကျောင်းသားအချို့လည်း လမ်းမပေါ်မှာ ဒူးထောက်ချ ပန်းခွေတွေရှေ့မှာ ဦးစိုက်ပြီး ငိုကြွေးနေတာကိုလည်း တွေ့နေရတယ်။ မနက် ၅ နာရီ ၂၅ မိနစ်မှာ တိတ်ဆိတ်စွာ ကျောင်းကို တစ်ပတ်ပတ်ပြီး ကြယ်ပွင့်ရှေ့မှာ ပန်းခွေချ အလေးပြုခဲ့ကြတယ်။ မတရားပစ်ခတ် သတ်ဖြတ်မှုအတွက် အလျှော့ပေးလို့ မဖြစ်တော့ဟု ခံပြင်းပြီး ပြန်လည်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

    ဒဏ်ရာ ပြင်းထန်စွာ ရထားတဲ့ ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ သူတို့ နှစ်ယောက်ကို သီးသန့် လူနာခန်းမှာ ထားပါတယ်။ အခန်းဝမှာ ရဲတွေ စောင့်နေပါတယ်။ ကိုစိုးနိုင် တို့ကို ဒဏ်ရာတွေ ပြင်းထန်စွာရထားတဲ့ကြားက ကုတင်တိုင်တွေမှာ ခြေတွေလက်တွေကို သံကြိုးတွေနဲ့ ချည်ထားပါတယ်။ ကိုစိုးနိုင်မှာ အသဲထဲသို့ ကျည်ဆံဝင်သွားပြီး ကိုမြင့်ဦးကတော့ ဝမ်းဗိုက်နဲ့ ဆီးအိမ်မှာ သေနတ်ဒဏ်ရာ ရခဲ့ပါတယ်။ အရေးပေါ်ခွဲစိတ်ကုသရန် ဆရာဝန်များ တင်ပြတာကို သက်ဆိုင်ရာအာဏာပိုင်များက တားမြစ်ခဲ့တယ်လို့ ကြားသိရပါတယ်။ ကျည်သင့် ဒဏ်ရာရထားသော အခြား ကျောင်းသား ၆ ယောက်ကိုလည်း လက်ထိပ်ခတ်ပြီး လှိုင်ရဲစခန်းကို ခေါ်သွားတယ်။ ၄ ယောက်က သတိလစ်နေတယ်လို့ သိရတယ်။

    ၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့ တနင်္လာနေ့ မှာ ကျောင်းပြန်ဖွင့်တော့ ကျောင်းသားတွေ စာသင်ခန်းကို ပြန်သွားကြပါတယ်။ အားလုံးကတော့ လေးလံသော ခြေလှမ်း ညှိုးနွမ်းသော စိတ်နှလုံးတွေ နဲ့ မတ်လ ရဲ့ နွေအပူ ရော ရင်ထဲကအပူမီး ပါရောပေါင်းပြီး တိတ်ဆိတ်စွာ စာသင်ခန်းဆီကို ရွေ့လျားကြပါတယ်။ အားလုံးရဲ့ စိတ်အစဉ်က နေ့လည် မြန်မာ့အသံမှ သတင်းကြေငြာချက်ဆီ အာရုံတွေလွှင့်ထားကြတယ်။

    နေ့လည် (၁) နာရီမှာ သတင်းကြေငြာတော့ စက်မှုတက္ကသိုလ်ကျောင်းသားများနဲ့ အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ့်တစ်ပတ် လုပ်ပြီး ကြေငြာလာတယ်။ ပညာရေးဝန်ကြီး ဦကျော်ငြိမ်း နေရာမှာ ဒေါက်တာကျော်စိန် ကို ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ကြေညာတယ်။

    ကျောင်းသားများရဲ့ ဒေါသတွေ ပေါက်ကွဲကုန်ပြီ။ တောင်းဆိုချက် (၇) ရပ်နဲ့ ကိုဖုန်းမော် ကျဆုံးခဲ့ရသော ဖြစ်ရပ်မှန်ကို ကြေညာချက် ၂ စောင် ထုတ်ပြီး စာရိုက်ထုတ်ဝေကြတယ်။ အစည်းဝေးတွေ စတင်ကျင်းပကြတယ်။ အခြားသော တက္ကသိုလ်တွေကို သွားပြီး စာရွက်စာတမ်းတွေ ဝေငှကြတယ်။ ဖြစ်ရပ်မှန်တွေကို လိုက်လံဟောပြောကြတယ်။

    ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် (၇)ချက် နဲ့ အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မ.ဆ.လ အစိုးရ၏ လုံထိန်းများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်အား အတည်ပြု လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ပညာရေးဝန်ကြီး ထံသို့ တင်ပြတောင်းဆိုခိုင်းခဲ့တယ်။ မော်ကွန်းထိန်း ဦးဘိုအေးက တာဝန်ယူ လက်မှတ်ရေးထိုးပေးခဲ့တယ်။ ပညာရေးဝန်ကြီး ဒေါက်တာကျော်စိန်က (၁၄) ရက်မှ တာဝန်များကို စတင်ထမ်းဆောင်တာဖြစ်တဲ့အတွက် သူနဲ့ မသက်ဆိုင်ကြောင်း၊ အထက်ကို တင်ပြပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်။

    ထို့နောက် ကျောင်းသားများက မော်ကွန်းထိန်း ဦးဘိုအေး အား ထပ်မံ လက်မှတ်ရေးထိုးစေပြီး တတိယမြောက် ကြေညာချက် ဖြစ်သော ရန်ကုန်စက်မှု တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားများ သွေးမြေကျခဲ့ရသော ဖြစ်ရပ်မှန်မှာ လုံထိန်းများ၏ သေနတ်ဖြင့် ပတ်ခတ်မှု နှင့် မျက်ရည်ယိုဗုံး များကြောင့် ဖြစ်ကြောင်း ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ဝန်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ထုတ်ဝေခဲ့တယ်။ အခြားသော ကောလိပ်များ နှင့် တက္ကသိုလ်များကိုလည်း လိုက်လံ ဖြန့်ဝေခဲ့တယ်။

    ကျောင်းသားများအားလုံး ည (၈) သတင်းကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ်။ အစိုးရက သတင်းထုတ်ပြန်ချက်ကို ည (၈) နာရီ သတင်းမှာ ကြေညာလိုက်တာကတော့ .. စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့ ကြို့ကုန်းသားများ ရန်ဖြစ်ကြရာမှာ ကျောင်းသားမောင်ဖုန်းမော်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်လို့ ပစ်ခတ်သတ်ဖြတ်မှု ကို မတောင်းပန် မကြေညာတဲ့ အပြင် ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်လိုက်တယ်။ ကျောင်းသားများ အားလုံး ဒေါသထွက် ပေါက်ကွဲပြီး အဆောင်ပြူတင်းပေါက်တွေကို ရိုက်ချိုးကြတယ်။ အဆောင်မှာ လူစုကြတယ်။ အစည်းအဝေးတွေ ကျင်းပြကြတယ်။ လုံထိန်းများကလည်း ညဘက်မှာ ကျောင်းကို သေနတ်တွေနဲ့ ချိန်ထားခဲ့တယ်။

    ၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက် မနက်မှာ ၉ နာရီ လောက်တည်းက ရန်ကုန်စက်မှုတက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ ၊ သံချပ်ကာ ကားတွေက ဝိုင်းထားလိုက်ပါတယ်။ သမိုင်းဝင်းတွင်းမှ ကျောင်းသားများကလည်း လိုက်လံလူစုပြီး အာအိုင်တီ ဆီကို ချီတက်လာကြပါတယ်။ သမိုင်းလမ်းဆုံ အရောက်မှာ ရဲများ လုံထိန်းများက သံဆူးကြိုးများ နဲ့ ကာပြီး လမ်းပိတ်ထားတာကို တွေ့ရတယ်။ ခဏ ကြာတာ့ လမ်းဖွင့်ပေးပြီး ကျောင်းသားတွေကို သွားစေတယ်။ ကျောင်းသားတွေ သွားပြီးတာနဲ့ သံဆူးကြိုးတွေ ပြန်ပိတ်ပြီး လုံထိန်းတွေက နောက်က လိုက်လာပါတယ်။

    သံဆူးကြိုးတွေ ကို တစ်ဆင့်ခြင်း ကာရံရင်း လမ်းပိတ်ရင်း၊ ကျောင်းသားများကလည်း မကြောက်မရွံ့ မတုန်လှုပ် ဆက်လက်ချီတက်ရင်း အာအိုင်တီ ကျောင်းဝင်းရှေ့ ကိုရောက်လာခဲ့တယ်။ ကျောင်းဝင်းရှေ့မှာလည်း လုံထိန်းတွေ ရဲတွေ က အပြည့် နေရာယူထားတယ်။ ချီတက်လာတဲ့ ကျောင်းသားတွေ ပိတ်မိနေပြီ။ ကျောင်းဝင်းထဲလည်း ဝင်လို့ မရ ၊ နောက်လည်း ပြန်ဆုတ်လို့ မရအောင် ညှပ်ပူးညှပ်ပိတ် ပိတ်မိထားပြီ၊။ ကျောင်းသားများ လမ်းမှာ ထိုင်ချသူထိုင် ရပ်သူရပ်နဲ့ ပေကပ်ပြီး နေကြတယ်။

    ခဏကြာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ခေါင်းဆောင်ဆိုသူက လာရောက် အမိန့်ပေးတယ်။ ကျောင်းသားတွေကို ကျောင်းဆောင်တွေကို ပြန်ခိုင်းတယ်။ မပြန်ရင် ပစ်မိန့်ပေးထားတယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတယ်။ ရပ်ကွက်တွင်းက လူတွေကိုလည်း ကျောင်းသားများက ရန်ပွဲအတွက် ကျောင်းသားတစ်ယောက် သေရတာကို မကျေနပ်လို့ ရက်ကွက်ကို ဖျက်ဆီးမီရှို့ဖို့ လာတယ်လို့ မဟုတ်မမှန် လီဆယ် သတင်းလွှင့်ထားတဲ့အတွက် ရပ်ကွက်သားများကလည်း တုတ် ဓားတွေ နဲ့ ကျောင်းသားတွေဆီကို ထွက်လာကြတယ်။ ကျောင်းသားများလည်း တိုင်ပင်ဆွေးနွေးကြပြီး လှိုင် ကောလိပ် နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ဆီကို အင်အားစုရန် သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး နေ့လည် (၂) နာရီ ကျော်လောက်မှာ ကျောင်းရှေ့က ပြန်လှည့်ခဲ့ကြတယ်။

    နေ့လည် (၃) နာရီ (၁၅) မိနစ်တွင် လုံထိန်း များ၊ စစ်ကား များနှင့် အတူ စစ်သားများက ကျောင်းဝင်းတွင်းကို ညာသံပေး ဝင်လာကြတယ်။ စစ်သား များက ကားပေါ်က ခုန်ဆင်းလာပြီး နံပါတ်တုတ်များ ဝင့်ရင်း ကျောင်းသားတွေ ဆီကို ပြေးဝင်လာကြတယ်။ ကျောင်းသားများ ထိတ်လန့် တကြားနဲ့ ထွက်ပြေးကြတာကို လိုက်ရိုက်ရင်း ဖမ်းမိသူများ ဒဏ်ရာရသူများကို စစ်ကားပေါ် ဆွဲတင်ကြတယ်။ ကန်တင်း စားသောက်ဆိုင်တွင် ထိုင်နေသော ကျောင်းသားများကိုပါ ဝင်ဆွဲကြတယ်။ ဆရာများအဆောင်နှင့် ကျောင်းသားဆောင်တွေကိုပါ ပိတ်လိုက်ကြပြီး ကျောင်းဝင်း တစ်ခုလုံးကို ဝင်စီးလိုက်ကြတယ်။

    ပြန်လည်း ခုခံဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးကြတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းရှေ ့ မြက်ခင်းပြင်မှာ စုပြီး ထိုင်ခိုင်းစေတယ်။ ဩဘာလမ်းထိပ်က သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျောင်းသား (၆၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်။

    ည (၈) နာရီ သတင်းမှာတော့ အရေးအခင်း ဖြစ်ပွားမှု အကြောင်းကို သတင်းထုတ်ပြန် ကြေငြာခဲ့သည်မှာ “ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဆူပူ ကြသူများအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” မဟုတ်မမှန် ပြောဆိုခဲ့ကြပါတော့သည်။

    ဤသို ့ဖြစ်ပွားခဲ့သော အာဏာရှင်လူသတ်သမားတို ့၏ သွေးဆာသော လက်နက်ဖြင့် ရိုင်းစိုင်းစွာ ပစ်ခတ်မှုကြောင့် ၁၉၈၈ ခုနှစ်၊ မတ်လတွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို ့ အသက်ဆုံးရှုံးခဲ့ကြရပြီး ကျောင်းသားထု၏ သွေး မြေကျခဲ့ရသည့် မတ်လသမိုင်းအား မည်သို ့မျှပင် မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။

    (မပျိုပျိုမေ၏ ဖေါ်ပြချက်များကို အခြေခံ၍ ပြန်လည်ရေးသားဖေါ်ပြအပ်ပါသည်)။

    နစ်နေမန်း။

Leave a Reply