( ကလေး ရေ )
( ကလေး ရေ )
သံတံခါး ပြာပြာကြီးကို တွန်းဖွင့်ပြီး ထွက်လာချိန်မှာ
ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့ ပြာဝေ ကြယ်တွေလည်း မရှိကြတော့ပါဘူး
အဲဒီလိုပဲ ဦး လို့ ခေါ်တတ်တဲ့ ကလေးလည်း မရှိတော့ဘူးနော်
ဘယ်တောကိုကျော်လို့ ဘယ်တောင်ကိုဖြတ်
အဘယ်သို့သော ဇာတ်ကိုများ က နေရရှာပြန်ပြီလည်းကွယ်
တကယ်တော့ သူနဲ့ကျွန်တော်ဟာ ဘယ်လိုမှ ထင်မထားတဲ့ အရပ်မှာ တွေ့ခဲ့ကြတာပါ
မှတ်မှတ်ရရ အဲဒီနေ့ဟာ ဆရာသမား တစ်ယောက်ရဲ့ မင်္ဂလာ ဧည့်ခံပွဲနေ့ပါ
ဒါပေမယ့် အလုပ်ရှိကြတဲ့နေ့မို့ ညနေရုံးဆင်းချိန်ကျမှ ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားစားကြ ဆိုတဲ့နေ့ပေါ့
သောက်တတ် စားတတ်သူတွေကတော ့ဘီယာဆိုင်ဘက်ပေါ့ဗျာ
စားရင်းသောက်ရင်း အချိန်ကလေးကကြာ အရှိန်ကလေးကလည်း ပါခဲ့
တစ်ဝက်စာ လခ ကလေးကလည်း အိတ်ထဲမှာဆိုတော့
ညောင်းတယ် ညာတယ်နဲ့ ထွေလာရောပေါ့
အဲဒါနဲ့ပဲ သံတံခါး ပြာပြာကြီးနောက်က တစ်ခုသော တစ်နေရာကို
ရောက်ခဲ့ကြရော ဆိုပါတော့လေ
အေးကနဲ အထိအတွေ့နဲ့အတူ စနိူးတာဝါ ဖြူဖြူလေးနဲ့ ခြေချောင်းကြမ်းကြမ်းကြီးတွေကို
နှိပ်ပေးနေသူကတော့ ကလေးပဲပေါ့နော်
စတွေ့ကတည်းက မြင်ဘူး သလိုလို တွေ့ဘူးသလိုလို သိပဲသိခဲ့ဘူးသလိုလိုနဲ့ပေါ့
မသင်္ကာလို့ သူ့ကို မေးတော့ သူကလည်း ကျွန်တော့ကို ရင်းရင်းနှီးနှီး သိခဲ့သလိုပဲတဲ့
ခဏနေတော့ တစ်ယောက်အကြောင်းတစ်ယောက် ပြောဖြစ်ကြတဲ့အခါ
ရန်ကုန်ကို တစ်ခေါက်မှ မရောက်ဖူးတဲ့ ဘိုကလေးနယ်သူနဲ့ ကျွန်တော်ဟာ ဘယ်တုန်းကမှ မဆုံခဲ့ကြဘူးတာ သေချာသွားခဲ့ပါတယ်
ဒါပေမယ့် စိတ်ထဲမှာ ဘာလို့ အရမ်းရင်းနှီးနေတာလဲ ဆိုတာကတော့
ခုအချိန်ထိ အဖြေ မသိခဲ့သေးပါဘူး
နာဂစ်ပေးတဲ့ ဒုက္ခကြောင့် အမေကသေ အကိုက ရေထဲပါ
မဖြေသာပဲ ကျန်ခဲ့ကြသူတွေက အဖေနဲ့ သားသမီး သုံးယောက်
ပျောက်ဆုးသွားတဲ့ နိဗ္ဗာန်ဘုံကို တမ်းတနေဖို့ အချိန်မရှိ
ဒုက္ခိတ သာသာ သာကျန်ခဲ့တော့တဲ့ အဖေကြောင့်
အိမ်ထောင့်တာဝန်တွေက သမီးကြီးဖြစ်တဲ့ သူ့အပေါ်ကျလာတဲ့အခါ
၉ တန်းဆိုတဲ့ ပညာရေးကို စွန့်လွှတ်
မောင်လေးနဲ့ ညီမလေးတို့ကို ပညာတတ်ကြီးတွေ ဖြစ်စေဖို့
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားနဲ့အတူ ဘာကိုမှ
မညည်းညူခဲ့ပဲ ကြိုးစားခဲ့ရှာသူပါ
ဒါပေမယ့် လေးယောက်စာ တာဝန်ယူရတဲ့ သူ့ခမျာ ကြာလာတော့လည်း ဘယ်လိုလုပ် နိူင်ရှာပါတော့မလဲလေ ပြီးတော့ ကမ႓ာပျက်ခဲ့ရတဲ့ အဲဒီဒေသမှာ သင့်တင့်တဲ့ ဝင်ငွေရမယ့် အလုပ် ဆိုတာကလည်း
ရေထက်တောင် ရှားနေခဲ့ပြီ မဟုတ်လား
အဲဒီလိုနဲ့ပဲ အရိပ်အောက်မှာလည်းနေရမယ် သိပ်လည်း ပင်ပန်းလှတယ် မဟုတ်ပါဘူး ဆိုတဲ့ ဆွဲဆောင်စကားတွေရဲ့နောက် ကောက်ကောက်ပါလာရင်းက ဒီဘဝ ရောက်လာရော ဆိုပါတော့
၆လစာ ကြိုယူပြီး အိမ်ကိုပေးပြီးသား ဖြစ်တဲ့နောက် ပေါက်တဲ့နဖူး မထူးတော့ပါဘူးလို့ စိတ်ကို လျှော့ အဆော့မက်သေးတဲ့ မောင်လေးကို သိပ်သတိရပေမယ့် ဒီနေရာကိုပဲ တော်ရာအရပ်လို့ သတ်မှတ်ခဲ့ရရှာသူပါ
သူ့ဘဝ သူ့ခံစားချက်ကို သိလာရပြီးတဲ့နောက် ချောင်းပေါက်သလို မဟုတ်ပေမယ့် မကြာခဏ ရောက်ဖြစ်မိခဲ့ပါတယ်
ဦး သမီးနဲ့သားလေးတွေက ချစ်စရာလေးတွေ ဦးတို့အိမ်မှာ သိပ်ပျော်စရာကောင်းမှာပဲနော် လို့ ပြောပြီး သူ့ အိမ်ကို သတိရလို့ ငိုတဲ့အခါများကြတော့လည်း ကျွန်တော်ပါ စိတ်မကောင်းဖြစ်ရပြန်ပါတယ်
ကျွန်တော်ယူသွားပေးတဲ့ မုန့်ကို အားပါးတရ စားတတ်တာများ
အိမ်က သားလေးလိုပါပဲ
ကြာကြာနေရင် ဆက်ရှင်ကြေးက များလာမှာ ခဏပဲနေမယ်နော် အဲဒါမှ မင်းကို မုန့်ဘိုးပိုပေးနိူင်မှာပေါ့ ဆိုတော့လည်း ဝမ်းနည်းတဲ့ မျက်နှာကလေးနဲ့ ကျန်ခဲ့ရှာသူပါ
ဦး ဦးကလေးတွေက စာတော်မယ့်ပုံပဲ သူတို့ကို ဂရုစိုက်ပါနော် လို့
လူကြီးဆန်တဲ့ စကားမျိုးကိုလည်း ပြောတတ်ပါသေးတယ်
သမီး ဒီမှာနေရတာ နည်းနည်းမှ မပျော်ဘူး လာသမျှလူကို စိတ်မပါလည်းပဲ ပြုံးပြရ
ခြေထောက်က စပြီး တစ်ကိုယ်လုံးကို နှိပ်ပေးရ အရက်သောက်လာသူတွေကိုလည်း ငြင်းလို့မရ တစ်လကို ဆက်ရှင် ၁၅ဝ မပြည့်ရင် တစ်ဆက်ရှင်ကို လေးရာနှုန်းပဲ ပေးတာ ပြီးတော့ သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင်ဖြစ်ဖို့ကလည်း လုပ်ရသေးတယ်
ဧည့်သည်မရှိရင်တောင်မှ မနက် သုံးနာရီ မထိုးမချင်း မအိပ်ရဘူး
ကျွေးတာကလည်း အဖြစ်ဆိုတော့ ဟင်းဝယ်စားရတဲ့နေ့တွေလည်း ရှိသေးတယ်
အိမ်ကိုုလေ အရမ်း သတိရတယ် ပြန်ချင်တယ် ဒါပေမယ့် ဦးရယ်
ရွာမှာ ဒီလောက်ရအောင် ဘယ်လိုသွားရှာမတုန်း လို့လည်း အားလျှော့တဲ့ လေသံလေးနဲ့ ဆိုတတ်သူပါ
အဲဒီလို အဲဒီလိုနဲ့ နာရီတွေ ငြောင်းလို့ နေ့ရက်တွေ အလီလီပြောင်း လာပြီးတဲ့ တစ်ရက်မှာ အသပြာ တော်တော်လေး ရခဲ့တဲ့ အချိန် အဲဒီဘက် ခြေဦးလှည့်မိခဲ့ပါတယ်
အိမ်က ကလေးတွေပူဆာတာ ဝယ်ပေးပြီးတဲ့အခါ သူ့ကို သတိရလာတာမို့ပါ
သင်္ကြန်ရက်ကလည်း နီးပြီမို့ အင်္ကျီအသစ်ကလေးများ လိုချင်မလား မုန့်စားဖို့လေးလည်း ပေးဦးမှ လို့ စဉ်းစားမိတာပါ
ဒါပေမယ့် အဲဒီအိမ်ရှေ့အရောက်မှာ ပိတ်ထားတဲ့ သံတံခါးကြီးကသာ ဆီးကြိုနေခဲ့ပါတယ်
အိမ်စောင့်ကောင်လေးက နှစ်ဆန်း နှစ်ရက်နေ့မှ ဖွင့်မယ် အားလုံး ပြန်ခိုင်းထားတယ်တဲ့
ဪ ဒါဆိုရင်တော့ ဒီအချိန်ဆို သူ့မိသားစုနဲ့ဆုံနေ ပျော်နေလောက်ပြီပေါ့လို့ တွေးမိလိုက်ပါသေးတယ်
ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်မဲ့လှတဲ့ သင်္ကြန်ကို ရုံးမှာနေရင်း ဖြတ်သန်းခဲ့ရပါတယ်
ဟော အခုတော့ သင်္ကြန်ရက်တွေကို ဖြတ်သန်း မြန်မာ နှစ်ဆန်းကို ရောက်ခဲ့ပါပြီ
ဒါပေမယ့် ရောက်မလာသူကလေးကတော့ ရိုးသားလှတဲ့ ဘိုကလေးသူလေးပဲပေါ့
၃-၄ ကြိမ်သွားမိတဲ့အခါမတော့ မျက်မှန်းတန်းမိနေတဲ့ မိန်းကလေး တစ်ယောက်က
သူ ဒီမှာ မဟုတ်တော့ဘူး ဦးရဲ့ နောက်တစ်နေရာ ပြောင်းသွားပြီထင်တယ်တဲ့
ကလေးရေ
ကလေးတို့ လမ်းထိပ်က ဘီယာဆိုင်က အထမှာ ညဟာ ဘယ်လိုမှ လှပမနေတော့ပါဘူး
အဖေကို သိပ်သိတတ်တဲ့ သမီး အလိမ္မာလေး
အမကြီး အမိအရာ ဆိုတဲ့စိတ်ထားနဲ့ ကိုယ့်ကိုယ်ကိုသာ အနစ်နာ ခံတတ်သူကလေး
နာဂစ်ကပေးတဲ့ ဘဝသင်ခန်းစာ များစွာကြားမှာ
ဘယ်ကိုများ လွင့်ပါသွားပြန်ပြီလဲကွယ်
ဒါပေမယ့် အဖေရဲ့ အုပ်ထိန်းမှူအောက်မှာ ရရာအလုပ်ကိုပဲ လုပ်ရင်း မောင်နှမတစ်တွေ နေ နေပြီလား လို့လည်း တွေးမိပါတယ်
ကလေးဟာ စဉ်းစားဆင်ခြင်တတ်သူဖြစ်လို့
ငါးစာကိုသာမက မြင်တတ်လိမ့်မယ်လို့ ယုံကြည်ပေမယ့်
ဘယ်တိုင်း ဘယ်ပြည် ရောက်နေသည် မသိရတဲ့ အချိန်မှာ တစ်ချိန် တစ်ခါက တူမလေးလို ဖြစ်ခဲ့ရတဲ့ ကလေးကို သတိရနေဆဲပါ
ကလေးဘဝ သာယာအေးချမ်းပါစေတော့နော်
ဪ အရပ်ပေါင်း ရှစ်မျက်နှာကနေ ထောင်သောင်းချီတဲ့ အကြောင်းပြချက်တွေနဲ့ ဒီလိုနယ်ပယ်ထဲရောက်နေကြရတဲ့ သူတွေ
ဘယ်လောက်တောင် များနေပြီလဲ ကလေးရေ
Posted Mon Apr 26, 2010 3:13 am | Report
၂၀၁ဝ က ပို့စ်တစ်ခုပါ
9 comments
ဘရန်းဒက် ကေဇီ
March 26, 2014 at 6:30 am
ကိုဂျီးးး ညိုးးတန့် ဂ တနားဒတ်ရယ်ဟ!!
:hint:
kai
March 26, 2014 at 6:48 am
သူ့ကလေးကလည်း.. အလှလေးပဲ..
ဘာရယ်မဟုတ်.. အရုပ်ကိုအဟုတ်လုပ်ပြောကြည့်တာ…
alinsett (gazette)
March 26, 2014 at 7:39 am
အော်. . .ခလေးရယ်. . .
kyeemite
March 26, 2014 at 1:04 pm
၂၀၁ဝ က ပို့စ်တစ်ခုပါ..ဆိုတော့
ကိုမျိုးသန့်..ဘယ်မှာရေးခဲ့တာလဲဟင်
Myo Thant
March 26, 2014 at 1:26 pm
ရုံး ဖိုရမ်မှာပါ ကိုမိုက်ရေ ၊ 🙂
Wow
March 26, 2014 at 2:53 pm
ခံစားချက်တွေက ပုဂံပြားထက်မှာ မဆန့်တော့ပါဝူး ခေးရယ်
Myo Thant
March 26, 2014 at 3:00 pm
သူတို့မှာလည်း ခံစားတတ်တဲ့ နှလုံးသား ရှိတတ်ကြပါတယ်ဗျာ ၊
အားလုံးကိုတော့ မဆိုလိုပါ ၊
ဒါ ၂၀၁ဝ ဧပြီတုန်းက စတိုရီပဲ ဆိုပါတော့ ၊ 🙂
ခင် ခ
March 26, 2014 at 3:13 pm
တံခါးပြာကြီး ဂျိမ်း ဆိုပိတ်လိုက်တဲ့ အချိန်မှာ ကျန်ရစ်သူလည်း ငိုမဲ့လျှက် ပါသွားသူလည်း စိတ်မကောင်းရက် မြင်ကွင်းကိုတော့ မြင်ဘူးတယ်ဗျ။ အဲဒီတံခါးပြာနဲ့ ကိုမျိုး တံခါးပြာ မတူဘူးထင်တယ်နော်။
Myo Thant
March 26, 2014 at 3:30 pm
ဒီတံခါးက ခြံဝင်းတံခါးပါ ကိုခရေ ၊ 🙂
ဂျိမ်းကနဲပိတ်တဲ့ ထောင်တံခါးဆိုလို့
ကျနော့်အမေ ကားပြာကြီးပေါ် ပါသွားချိန်မှာ
ဘေးကလူတွေကို အကုန်သတ်ပစ်ချင်မိတယ် ၊
အမေက သားစိတ်လိုက်မာန်ပါလုပ်ရင်
အမေ့ကိုထောင်ဝင်စာ ဘယ်သူလာတွေ့မတုန်းလို့
ဆုံးမလို့ ကိုယ့်ကိုယ်ကို ထိန်းနိူင်ခဲ့ရတာ သွားသတိရမိတယ် ၊