လက်ပြလို ့နှုတ်ဆက်ရင်း

moonpoemMarch 27, 20141min2377

မြန်မာပြည်ကနေ သူတို ့တွေ ပြန်ကြတော့မယ်ဆိုတော့လည်း ရင်ထဲမှာ ဝမ်းနည်းမိသလိုပါပဲ။
အရင်ကလည်း အုပ်စုလိုက်ခရီးသွားဘူးပေမယ့် ဒီအုပ်စုလောက် လူများတဲ့ ခရီးကို လိုက်ဖူးတဲ့
အတွေ ့အကြုံမရှိသေးသလို ဒီတစ်ခါခရီးစဉ်လောက် ပျော်စရာမကောင်းတာလည်း ပါမယ်နဲ ့တူပါတယ်။
အခုခရီးစဉ်ကတော့ လေယာဉ်စီးလုံးငှားပြီးလာလည်တဲ့ ဧည့်သည်အုပ်စုကြီးတော့ ဧည့်လမ်းညွှန်တွေ
အများကြီး ကားတွေအများကြီးနဲ ့ခရီးသွားရတယ်။

တစ်စီးစီမှာလည်း ဧည့်သည်တွေက အနည်းဆုံး ၃ဝနီးပါးပါတာဆိုတော့ သွားတဲ့ ခရီးတွေမှာ
တစ်စီးနဲ ့တစ်စီး အချိန်မတိုက်အောင် ညှိညှိနှိုင်းနှိုင်းနဲ ့သွားကြ၊ စားသောက်ဆိုင်ဆိုရင်လည်း
အဆင်ပြေအောင်လုပ်ကြ ပြီးရင် ဧည့်သည်အားလုံးရဲ ့ကျန်းမာရေး၊ အခြားလိုအပ်ချက်တွေကို
တိုးဂိုက်နဲ ့Tour Leader ညှိညှိနှိုင်းနှိုင်းနဲ ့လုပ်ရဆိုတော့ ပုံမှန် ကိုယ်တစ်ယောက်တည်း ဦးဆောင်သွားရတဲ့ Tour နဲ ့မတူ စိတ်လှုပ်ရှားမှုတွေရှိနေတာတော့ အမှန်ပါပဲ။

သွားတဲ့ ခရီးစဉ်မှာ ဟိုတယ်က အခန်းတွေမှာ ချိုးရေတွေက ပိုက်လိုင်းအတိုင်း မထွက်ဘဲ အခန်းထဲ ရေတွေလျှံတော့ ကျွန်မနဲ ့တိုးလီဒါ ကောင်လေးနဲ ့ညမိုးချုပ် ၁ဝနာရီခွဲ ၁၁နာရီအထိ အခန်းတွေ အားလုံးအဆင်ပြေအောင် ဟိုတယ်ဝန်ထမ်းတွေနဲ ့အတူတစ်ခန်းချင်းစီ ဝင်ပြီး စစ်ဆေးပြီး ပြင်ဆင်ခိုင်းရ။ ခရီးသည်တွေ နေမကောင်းဖြစ်လို ့ဖုန်းဆက်ခေါ်ရင် ထသွားရနဲ ့မနက်၄နာရီကတည်းကစတဲ့ ခရီးတစ်ခုမှာ ညဘက်မိုးချုပ်ထိ မနားရနဲ ့ အိပ်ချိန်ဆိုတာ ၄နာရီလောက်ပဲ ရှိတော့ပြီး တော်တော် ပင်ပန်းပါတယ်။အိပ်ရေးမဝ ပင်ပန်းပြီး နေ ့ဘက်မှာ ခရီးသွားရရင်လည်း လူဦးရေ တအားများတော့ ဧည့်သည်မပျောက်အောင် ဂရုစိုက်ရ၊ တခြား အုပ်စုထဲ ရောပါမသွားအောင် လိုက်စစ်ဆေးရ တိုးဂိုက်
လုပ်ငန်းအတိုင်း ရှင်းလင်းပြောဆိုရနဲ ့ အမှန်အတိုင်းပြောရရင် ကျွန်မအတွက်စိတ်ဖိစီးမှုတွေတော့ တော်တော်များပါတယ်။

ဒီလိုနဲ ့ခရီးစဉ်ရဲ ့ စတုတ္ထည မှာတော့ အခုလာတဲ့ အုပ်စုအားလုံးရဲ ့ခရီးသည်တွေကို စုဝေးပြီးဒင်နာပါတီလုပ်မယ့်ညကို ရောက်လာတယ်။အုပ်စုတူပေမယ့် ခရီးစဉ်တွေက အသီးသီးဆိုတော့ အလံအရောင်တွေနဲ ့ခွဲထားကြတယ်။ ကျွန်မ အုပ်စုကတော့ အနီရောင်။ပါတီကျင်းပမယ့်စားသောက်ဆိုင်ကို ရောက်တော့ ဦးရွှေရိုး၊ဒေါ်မိုးအကနဲ ့ကြိုကြ၊ ပုဂံခေတ်အဝတ်အစားတွေဝတ်ထားတဲ့ ကောင်မလေးတွေက သပြေပန်းတွေ
ကမ်းကြ နဲ ့ပျော်နေကြတဲ့ ဧည့်သည်တွေကို ကြည့်ရင်း သူတို ့အပျော်တွေက ကျွန်မဆီကိုလည်း ကူးစက်လာပါတယ်။

ကားအစီးစီတိုင်းရဲ ့ဧည့်သည်တွေစုံတဲ့အချိန် ပါတီကျင်းပတဲ့ ကွင်းပြင်ကျယ်ကြီးဟာ လူအုပ်ကြီး
ဖွေးဖွေးလှုပ်နေပြီး ဆိုင်းဝိုင်းတွေက သင်္ကြန်သီချင်းတွေတီးကြ ဆိုကြနဲ ့ဂိုက်တွေထဲက ပျော်တတ်တဲ့ အစ်ကိုကြီးတွေက လိုက်ကကြ လိုက်ဆိုကြနဲ ့အို…ကြည်နူးဖို ့ကောင်းလိုက်တာလေ။ကျွန်မ
အနေနဲ ့လည်း ကြက်သီးမွှေးညှင်းထမိတဲ့ အထိပါပဲ။

အဲဒီနေ ့က ကားအစီးတိုင်းရဲ ့တိုးဂိုက်တွေရော၊ တိုးလီဒါတွေရောအားလုံးစုံတဲ့နေ ့ဆိုတော့ စကားတွေလည်း ပြောလို ့မကုန်နိုင်အောင်ပါပဲ။အချင်းချင်း စကြ နောက်ကြ
ရယ်ကြမောကြနဲ ့ခရီးစဉ်တစ်လျှောက် အခက်အခဲတွေကို မေ့ပစ်နိုင်လောက်တဲ့အထိ တကယ့် ညီအစ်ကိုမောင်နှမ စိတ်ဓာတ်တွေနဲ ့အဲဒီညလေးက တကယ့်ကို ဘဝရဲ ့တကယ့်ကို မမေ့နိုင်စရာ
ညတစ်ညလေးပါ။

တွေ ့ဆုံခြင်းဟာ ခွဲခွာခြင်းရဲ ့အစဆိုတဲ့ အတိုင်း နောက်ဆုံးတော့လည်း ကျွန်မတို ့တွေအားလုံးခွဲခွာ
ရမယ့် နေ ့ကို ရောက်လာပါပြီ။ ခရီးစဉ်တစ်လျှောက်မှာ ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲ့ရှိခဲ့၊ ဘယ်လိုပဲ
စိတ်ညစ်စရာတွေ ကြုံခဲ့ကြုံခဲ့ ခွဲရမယ်ဆိုတော့လည်း သွားခဲ့တဲ့ နေ ့ရက်တွေတိုင်းမှာ တိုးဂိုက်တစ်ယောက်အနေနဲ ့ ခရီးစဉ်ကို ဝန်ဆောင်မှုတွေရှိခဲ့သလို တကယ့်ကို သားအမိပမာ၊ မောင်နှမ ပမာ၊ သူငယ်ချင်းပမာ တကယ့်ကို ရင်းရင်းနှီးနှီး ခင်မင်ခဲ့ကြတော့ ခွဲရမယ့် အချိန်မှာ တကယ့်ကို
လွမ်းဆွေးမိတာ အမှန်ပါ။

တိုးလီဒါကောင်လေးက နောက်တစ်ခေါက် မြန်မာပြည် လာလည်ပါဦးမယ်။ ကျွန်မလည်း
ဂျပန်ကို လာရင် ဆက်သွယ်နော်။ ငါနင့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဆိုပြီး လေယာဉ်ကွင်း
ရောက်ခါနီး ငိုရင်း ပြောတော့ ကျွန်မမှာ ဝမ်းနည်းလိုက်တာလေ။လေယာဉ်ကွင်းမှာလည်း ကိုယ့်အဘိုးအရွယ် အဘွားအရွယ်တွေက မျက်ရည်တွေနဲ ့နှုတ်ဆက်ကြတော့ ရင်ထဲမကောင်းလှပါဘူး။

လက်ပြနှုတ်ဆက်ပြီး သူတို ့တွေ ထွက်ခွာသွားပါပြီ။ တကယ်တမ်းတော့လည်း တိုးဂိုက်ဆိုတဲ့ အလုပ်ဟာ ဧည့်သည်တွေ ကြိုပြီဆိုရင် စိတ်လှုပ်ရှားရ၊ လာတဲ့အခိုက် အဆင်ပြေအောင် ပျော်ရွှင်အောင် မြန်မာပြည်အကြောင်း သိအောင် ရှင်းလင်းပြောပြရ၊နောက်ဆုံးတော့လည်း သူတို ့တွေအားလုံး ပြန်တော့လည်း ဝမ်းနည်း ကျန်ရစ်ခဲ့ကြတာပါပဲ။

ခရီးပြီးသွားတဲ့အခါ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ခရီးစဉ်ကို ကျေနပ်မိတဲ့ စိတ်၊ ငါလုပ်နိုင်သွားပြီဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်လေးနဲ ့ကြည်နူးရပေမယ့် သူတို ့အားလုံးနဲ ့ခွဲခွာရတဲ့အချိန်ကျ
တော့လည်း ရင်ထဲမှာ မကောင်းလှပါဘူး။

ဒါက လုပ်ငန်းဓမ္မတာဖြစ်သလို၊ လောကဓမ္မတာဆိုလည်းဟုတ်တယ် မဟုတ်ပါလား။
တဖြည်းဖြည်းနဲ ့တော့ နေသားကျသွားမှာပါ။နေသားမကျသေးခင် စပ်ကြားမှာ နေလို ့မရတဲ့ စိတ်လေးတစ်ခုကတော့ ဘယ်သောအခါမှာ ပြန်ဆုံမယ်ဆိုတာ ရေရေရာရာ မသိတော့တဲ့ အတွက် တစုံတရာကို လွမ်းမောနေမိတဲ့ စိတ်လေးတစ်ခုပါပဲလေ…..။

7 comments

  • alinsett (gazette)

    March 27, 2014 at 3:44 pm

    ကျနော်တော့
    . . .
    သံယောဇဉ်ရယ်
    အလွမ်းရယ်ကို အခုတလော ကြောက်နေမိတယ်။
    🙂

  • ရဲရဲတောက် ကေဇီ

    March 27, 2014 at 4:12 pm

    ခွဲခွါရမယ် ဆိုရင်တောင် ကျန်နေခဲ့တဲ့သူမဖြစ်ချင်ဘူးးး
    ထွက်ခွါသွားတဲ့သူပဲ ဖြစ်ချင်တယ်.

    😥

    • TNA

      March 30, 2014 at 6:17 pm

      ဟုတ်တယ် ချွိချွိပြောတာမှန်တယ်။ :byee:

  • Paing Lay

    March 27, 2014 at 4:55 pm

    အားလုံးပဲ ရုတ်တရက် တွေ့ရတယ်။ အားလုံးပဲ ရုတ်တရက် ပျောက်ကွယ်သွားတတ်တယ်။

  • kotun winlatt

    March 27, 2014 at 7:30 pm

    ခဏေလေးတွေးရင်းးးးခဏလေးငေးရင်းးးးး
    ခဏလေးပါပဲဆိုတဲ့…ကိုလေးဖြူ သီချင်းလိုပဲပေါ့….

  • surmi

    March 28, 2014 at 11:19 am

    ဒီလိုမျိုးဆန်ဆန်လေးများကြုံဖူးတယ်ဗျို့
    ဘုရားဖူးကားဒရိုင်ဘာနဲ့ ခရီးသည်ဆိုတာ တကျက်ကျက်ဗျ ။
    အဲ နောက်ဆုံးနေ့ ခွဲကြရတော့မယ်လည်းဆိုရော အလွမ်းတွေသင့်လို့ 🙂
    သူတို့ ပါလာတတ်တဲ့ အကြော်အလှော်လေးများတောင်မှထုတ်ကျွေးကြရဲ့ 🙂

Leave a Reply