လွမ်းလို့ ရေးတဲ့စာ…
အစကတော့ အလွမ်းအကြောင်း မရေးတော့ဘူးလို့ပါပဲ… ကိုဆာမိက လွမ်းးဘာ..လွမ်းးဘာဆိုလို့…လွမ်းတဲ့ အကြောင်းး ရေးမိတာပါ..ခမျ…
သမီးလေးရေ ….
စာရေးဆရာ မောင်သာချိုက သမီးလေးဖတ်ဖို့ ဆိုပြီး စာတွေရေးတယ်။ အဆိုတော် ထူးအိမ်သင်က သမီးလေးနားဆင်ဖို့ ဆိုပြီး သီချင်း ဆိုတယ်။
ကဗျာဆရာ စိုင်းဝင်းမြင့်ကလည်း သမီးလေး ရွတ်ဖို့ ကဗျာတွေဖွဲ့တယ်။ သူတို့ရဲ့ သမီးလေးတွေအတွက် သူတို့
တတ်နိုင်တဲ့အရာလေးတွေကို ရေးဖွဲသီကုံးစပ်ဆိုခဲ့ကြတယ် သမီးရေ……
ဖေဖေလည်း သမီးလေးအတွက် တစ်စုံတစ်ခုလောက်တော့ လုပ်ပေးချင်တဲ့ ဆန္ဒလေး ပြင်းပြနေမိတာပေါ့ကွယ်။ ခက်တာက ဖေဖေက
ဆရာမောင်သာချိုလိုလည်း စာရေးမကောင်းဘူး။ အဆိုတော်ထူးအိမ်သင်လိုလည်း သီချင်းရေးဖွဲ့ပြီး မသီဆိုတတ်သလို ကဗျာဆရာ
စိုင်းဝင်းမြင့်လိုလည်း ကဗျာမစပ်တတ်ဘူး သမီးရယ်။ ဒါပေမယ့် သမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတရားကတော့
သူတို့တွေထက်မသာရင်နေမယ် လျှော့တော့မလျှော့ပါဘူး။ ဒီစာလေးကို ဖေဖေရေးနေချိန်မှာ သမီးလေးကတော့ သမီးမေမေရင်ခွင်မှာ
အိပ်မောကျနေတော့မှာပါ။ သမီးနဲ့ ဖေဖေ ဝေးနေချိန်တွေမှာ ခံစားရတဲ့ လွမ်းတဲ့စိတ်လေးတွေကို စာသားလေးတွေအဖြစ် တတ်နိုင်သမျှ
သီကုံးရေးဖွဲ့ထားတာတွေပါ။ သမီးလေးကို ပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို စာတစ်ပိုဒ်ခြင်းရေးပြီး မှတ်ထားမယ်လေ။ သမီးလေး
စာတွေဖတ်နိုင်တဲ့ အချိန်ကျရင် ဖေဖေရေးထားတာတွေကို သမီးလေးကပြန်ဖတ်ပြ ဖေဖေက နားထောင်မယ်ဆိုတဲ့ အတွေးလေးနဲ့ ရေးဖြစ်တာပါ
သမီးရယ်။ သမီးလေးကို သမီးမေမေရဲ့ ဇာတိမြို့မှာ မွေးဖွားခဲ့တာပေါ့။ သမီးလေး မေမေရဲ့ ဇာတိမြို့က တောင်ဖီလာ၊ မြစ်ကန့်လန်၊ လေယာဉ်ကွင်းကြီး
မြို့လယ်ကောင်မှာ ရှိနေတဲ့၊ စာရေးဆရာတွေ ရေးဖွဲ့တဲ့ အဆိုအရ မြို့သက်နှစ်ပေါင်း တစ်ထောင်ကျော်နေပြီဆိုတဲ့ ယောသူယောသားတွေရဲ့
မြို့ကလေးပေါ့။ သမီးလေးကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ရဲ့ နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သမီးရယ်။
ဇန်နဝါရီ ၅ ရက်နေ့ဟာ ပြာသိုလဆန်း ၅ ရက်နေ့လည်း ဖြစ်နေပြန်တယ်။ ယောက်ျားမှာ ဝါဆို၊ မိန်းမမှာ ပြာသိုတဲ့
သမီးရဲ့… ရှေးစကားပုံ ပြောပါတယ်။ ယောကျာ်းလေးဆိုရင် ဝါဆိုလမွေးတဲ့ကလေးတွေက ကောင်းသလို မိန်းကလေးဆို ပြာသိုလမှာ မွေးတဲ့
ကလေးက ကောင်းတယ်ဆိုကြတာပါပဲ။ သမီးလေးမမွေးခင် ဖေဖေနဲ့ မေမေတို့မှာ သမီးလေး ကောင်းကောင်းမွန်မွန်နဲ့ လူ့လောကထဲ ရောက်လာဖို့ရာ
ဆုတောင်း လိုက်ကြရတာ အမောပါပဲ။ အမ်ထရာဆောင်း ရိုက်ပြီး မိန်းကလေးဆိုတာ သိလိုက်ရတော့ ဖေဖေဆုတောင်း ပြည့်ခဲ့တာပေါ့။ သမီးမေမေက
ဘာလေးရချင်လဲ မေးတော့ ဖေဖေက မိန်းကလေးလိုချင်တယ်ပြောလို့ သမီးမေမေက ဘာလို့ ယောကျာ်းလေး မရချင်တာလဲလို့မေးတယ်။
သမီးမေမေမှာ သမီးလေးကိုယ်ဝန်ရှိစဉ်က သမီးရဲ့ ဦးလေးငယ် အိမ်မှာ အရမ်းသောင်းကျန်းလွန်းနေတဲ့ အချိန်တွေလေ…။ ဖေဖေက အိမ်မှာ
ဒီလိုဘယ်တော့မှ မသောင်းကျန်းဘူးဘူး…။ ဒီတော့ ဖေဖေတွေးမိတာက ဦးလေးငယ်နေရာမှာ မိန်းကလေးသာဆို ဒီလိုဖြစ်လာစရာ မရှိဘူးလို့လေ။
ပြီးတော့ ဖေဖေ ဒီလို အဖြစ်မျိုးတွေကို မတွေ့ကြုံ မခံစားချင်ဘူး သမီးရယ်။ သမီးမေမေကလည်း ဘာလေးပဲမွေးမွေး
ချစ်ရမှာပေါ့နော်လို့ ပြောတာပေါ့ကွယ်။ သမီးလေးကို ဝမ်းနဲ့လွယ်ပြီး မွေးရတဲ့ မေမေကို သမီးပိုပြီးချစ်သင့် ကျေးဇူးတင်သင့်တယ်နော်။ ဖေဖေက
သမီးလေးအတွက် လိုအပ်မဲ့ ရုပ်ပိုင်းဆိုင်ရာတွေလောက်ပဲ ဖြည့်ဆည်းပေးနိုင်တာ။ သမီးမေမေကတော့ သမီးလေးကို ကိုယ်ဝန်လွယ်ရချိန်ကတည်းက
အစားတွေရှောင်ရတာတစ်မျိုး၊ အော့အန်ပြီး နေထိုင်မကောင်း ဖြစ်ရတာ တစ်ဖုံ တော်တော်လေး ဒုက္ခရောက်ရှာတာပါ။ ဖေဖေပြောချင်တာက
သမီးလေးဟာ မိဘရဲ့ ကျေးဇူးတရားကို မဆပ်နိုင်ရင်နေပါစေ ကျေးဇူးတော့မကန်းပါနဲ့လို့ ပြောချင်တာပါ။
သမီးလေးကို မွေးကာနီးတော့ ဖေဖေတို့ရွာကနေ သမီးမေမေရဲ့ ဇာတိမြို့လေးဆီကို သွားခဲ့ကြတယ် သမီးရဲ့။ သမီးရဲ့ ဖိုးဖိုး၊
ဖွားဖွားတွေရှိတဲ့မြို့လေးကိုပေါ့။ ဖေဖေနေတဲ့ နေရာက ရွာဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေက မပြည့်စုံသလို သမီးမေမေကလည်း သမီးဖိုးဖိုး၊
ဖွားဖွားတွေရှိတဲ့နေရာမှာ မီးဖွားချင်တယ်ဆိုလို့လေ။ သမီးမေမေရဲ့ ဇာတိမြို့ကိုရောက်တော့ ဖေဖေတို့ သမီးလေး မေမေ့ဗိုက်ထဲမှာ နေရတာ
အဆင်ပြေမပြေ ကျန်းမာရေးကောင်းမကောင်းတွေ သိနိုင်ဖို့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးရဲ့ ဆေးခန်းမှာ သွားပြရတာပေါ့။ ဆရာဝန်မကြီးက
နားကြပ်လေးနဲ့ သမီးမေမေရဲ့ ဗိုက်ကလေးကိုစမ်းပြီး အခြေနေကောင်းကြောင်း၊ အနေအထားမှန်ကြောင်းပြောပြသလို ဘယ်မှာမွေးမှာလဲမေးတော့
သမီးမေမေက ပြည်သူ့ဆေးရုံကြီးမှာ မွေးမှာလို့ ဖြေလိုက်တယ်။ ဆရာဝန်မကြီးက စမ်းသပ်ခတောင်းပြီး သမီးမေမေကို သွေးစစ်ခိုင်းလို့
အပြင်ကဆေးခန်းတစ်ခုမှာ သွေးသွားစစ်ရတယ်။ စမ်းသပ်ခနဲ့ သွေးစစ်ခ ငွေ ငါးသောင်းလောက်ကုန်သွားတယ်သမီးရဲ့…သမီး ဒီစာလေးကို
ဖတ်ရတဲ့အချိန်မှာ ငါးသောင်းဆိုတဲ့ ငွေဟာ တန်ဖိုးနည်းကောင်းနည်းနေပေနိုင်မယ့် လက်ရှိအချိန်မှာ ငွေငါးသောင်းဆိုတာ
သာမန်ဝန်ထမ်းလေးတစ်ဦးရဲ့ တစ်လစာဝင်ငွေပေါ့။ ဖေဖေ ဆရာမောင်သစ်ဆင်းရေးတဲ့ စာလေးတစ်ခုကို သွားသတိရမိတယ်။
“လောကမှာ ငွေမရှိရင် သေတတ်တယ်”တဲ့ သမီးရဲ့….။ ဖေဖေတို့က အများကြီး မချမ်းသာပေမယ့် နည်းနည်းတော့ အဆင်ပြေလို့ တော်သေးတာပေါ့
သမီးရယ်။ ငွေကြေးမတတ်နိုင်တဲ့ ကိုယ်ဝန်ဆောင်တွေကျ ဘယ်လိုလုပ်မလဲလို့လည်း တွေးမိရင်း ဆရာ့ရဲ့ စာလေးကို သတိရသွားမိတာပါ။
ဆရာဝန်မကြီးက နောက်တစ်ပတ်ပြန်လာပြဖို့ ရက်ချိန်းပေးလိုက်ပြန်တာပေါ့။ ဖေဖေနဲ့မေမေလည်း ပြန်လာပြီး နောက်ရက်မှာ ပြည်သူ့ဆေးရုံကြီးမှာ
ကိုယ်ဝန်ဆောင်တွေကို ကြည့်ရှု့ပေးတဲ့ ဗုဒ္ဓဟူးနေ့မှာ သွားပြကြပြန်တယ်။ ဆေးရုံကြီးက တာဝန်ကျဆရာ/မတွေက ဂရုတစိုက်ရှိကြပါတယ်။
ရက်ချိန်းပြည့်လို့ သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးကိုသွားပြတော့ သူပြောတဲ့ စကားတွေ နားထဲမှာ ကြားယောင်နေမိတုန်းပဲ သမီးရေ။
“ဆေးရုံကြီးမှာ မွေးမယ်ဆိုရင် သူနဲ့ မွေးရမှာ မဟုတ်ဘူး ဆေးရုံမှာ တာဝန်ကျတဲ့ အကူဆရာ/မလေးတွေနဲ့ မွေးရမှာ သူတို့ကို လက်တွေ့
သင်တန်းပေးတဲ့အနေနဲ့ပေါ့…သူနဲ့မွေးချင်တယ်ဆိုရင် အပြင်ဆေးခန်း( အမည်တော့ မရေးပြတော့ပါဘူး)မှာ မွေးပါတဲ့ သမီးရဲ့..ဘယ်လောက်မှလည်း
ကုန်တာ မဟုတ်ဘူးဆိုပဲ။ ပြီးတော့ ကလေးဆိုတာလည်း အမြဲတမ်းမွေးနေတာ မဟုတ်ဘူးတဲ့လေ။ နှစ်နှစ် သုံးနှစ်နေမှ တစ်ခါမွေးရတာတဲ့လေ…
သူပြောတာလဲ ဟုတ်သလိုလိုပဲပေါ့…။ ဒါပေမယ့် ဖေဖေ့အမြင်ကတော့ သူဒီလိုမပြောသင့်ဘူး ထင်တာပဲ သမီးရဲ့.. ဘယ်မှာ မွေးမွေးပေါ့နော်။
အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်ပေးပါမယ်..စိတ်မပူပါနဲ့ ဒါမျိုး ပြောသင့်တယ် ထင်တာပါပဲ။ ကလေးဆိုတာကလည်း တစ်နှစ် နှစ်နှစ်နေမှ
တစ်ယောက်မွေးရတာပဲလေ.. ဘာလို့လဲဆိုတော့ ဖေဖေတို့က လူတွေလေ ခွေးတွေ ဝက်တွေမှ မဟုတ်တာ…. ငွေက ဘယ်လောက်မှ ကုန်တာ
မဟုတ်ဘူးဆိုလည်း သူအိတ်ထဲကစိုက်ပြီး အလကားခွဲပေးလိုက်ပေါ့။ သူက မြို့လယ်ကောင်မှာ တိုက်ကြီးကို ဟီးလို့.. တိုက်ကြီးရှေ့မှာ ရပ်ထားတဲ့
ကားကြီးကလည်း အရောင်တလက်လက်နဲ့ပေါ့…ဖေဖေ့မျက်စိထဲမှာတော့ ဆရာဝန်မကြီးလက်က ဓားတရမ်းရမ်းနဲ့ ပါတာအကုန်ထုတ်ဆိုပြီး ပြောနေတဲ့
ဗီဒီယို ရုပ်ရှင်တွေထဲက လူဆိုးဗိုလ်ကြီးကို မြင်ယောင်နေမိသလို… ဖေဖေတို့ ရွာလေးက တိုက်နယ်ဆေးရုံမှာ တာဝန်ကျသွားတဲ့ ဗိုက်နာတဲ့ လူနာရင်
ခွဲခွဲနေလို့ ဓားဆရာဝန်ခေါ်တဲ့ ဆရာဝန်မျက်နှာကိုလည်း မြင်ယောင်နေမိတော့တာပါပဲ….။သူပြောတဲ့ ဆေးခန်းမှာ မွေးခဲ့တဲ့ သူတွေကို မေးကြည့်တော့
ခွဲမွေးတဲ့ လူဆိုရင် ခွဲတဲ့နေ့တစ်နေ့ထဲ လေးသိန်းခွဲကုန်သတဲ့ …ဖေဖေ ဘုရား တမိတော့တာပါပဲ..။ ပြီးတော့ ဆေးခန်းမှာ ဆိုရင် ရိုးရိုးမမွေးပေးဘူးတဲ့
ခွဲမွေးပေးတာချည်းပဲတဲ့ သမီးရယ်။ အခွဲမခံချင်တဲ့ သမီးမေမေကတော့ ရိုးရိုးပဲ မွေးမယ် ဆေးရုံကြီးမှာပဲ တက်မွေးမယ်ပြောတော့ ဆရာဝန်မကြီးက
သိပ်မကြည်ချင်တော့ဘူးပေါ့။ နောက်တစ်ပတ်ထပ်ချိန်းပြန်တယ်။ ဖေဖေတို့လည်း ဆေးရုံကြီးမှာ မှန်မှန်ပြနေတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့
သမီးမေမေက ဗိုက်နာသလိုဖြစ်လာလို့ ဆေးရုံကြီးကိုသွားကြတယ် သမီး… မှတ်မှတ်ရရ
တနင်္ဂနွေနေ့ကြီးပေါ့။ ဆေးရုံကြီးရောက်တော့ ပြင်ပလူနာဋ္ဌာနမှာ ပြဖို့ ဆေးရုံစာအုပ်လေးထပ်ပြီး စောင့်နေကြရတယ်။ ဖေဖေတို့ ဆေးရုံကြီးကို
သွားတယ်ဆိုတာကလည်း ဗုဒ္ဓဟူးနေ့တိုင်း သမီးမေမေကို ကြည့်ရှု့ပေးနေတဲ့ ဆရာ/မလေးတွေက ဗိုက်နာတဲ့ အချိန် ဆေးရုံလာခဲ့ဖို့
မှာထားလို့လေ… ဖေဖေတို့ အလှည့်ကျလို့ ဆရာဝန်နဲ့တွေ့ဖို့ဝင်ကြတော့ သူနာပြုဆရာမလေးက မေးလို့ သမီးမေမေက ကျွန်မ
ဗိုက်နည်းနည်းနာလာလို့ပါ ပြောတော့…………………………………….
ဒုတိယပိုင်း ဆက်လက် တင်ပေးပါမည်……
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L
8 comments
ကထူးဆန်း
March 28, 2014 at 10:35 pm
ရန်ကုန်သူတွေ ကျတော့လဲ ခွဲဘဲမွေးချင်ကြတာ ..
ဗိုက်နာမှာလဲ ကြောက် .. ဗေဒင်ဆရာ ပေးတဲ့ အချိန်လည်း မွေးချင် ကြနဲ့ ဆိုတော့
ငယ်ငယ်တုန်းကလို ကိုထွန်းဝင်းလတ်ကို နောက်ရရင်တော့ ..
တစ်ဂိုး ရှုံး နေပြီနော့် … 😆
တစ်ဂိုး ပြန်သွင်းနိုင်အောင် ကြိုးစားလိုက်ဦး …
kotun winlatt
March 29, 2014 at 8:29 pm
ဟုတ်….ကိုထူးဆန်းးးးးးးး
အကို ပြောတဲ့အတိုင်း ကြိုးစားလိုက်ပါ့မယ်….ခမျ….။
alinsett (gazette)
March 29, 2014 at 10:52 am
ရှေ့ဆက်မယ့်အပိုင်းကို ဆက်လက်စောင့်မျှော်ဖတ်ရှုပါမည်။
——–
ကလေးတစ်ယောက် မွေးရတာလည်း
ဒီခေတ်မှာ တယ်မလွယ်လှဘူးနော်. . .
kotun winlatt
March 29, 2014 at 8:35 pm
မကြာမှီ လာမည်..မျှော်ပေါ့…..
ကလေးတစ်ယောက်မွေးရတာ တကယ် မလွယ်တာပါ…အလင်းဆက်ရေ….
snow smile
March 29, 2014 at 11:57 am
များ သော အား ဖြင့် အဲ့ လို ဆရာ ဝန် တွေ ကြောင့်
ငြို ငြင် ခံ ရ မှာ စိုး တာ ရယ်
တ ခု ခု များ ဆို ပြီး ကြောက် တဲ့ စိတ် ရယ်
မ ခွဲ ချင် ဘဲ နဲ့ ခွဲ ရ တယ်
တ ချို ့ ကြ တော့ တ မင် တ ကာ ကို
ခွဲ ချင် လွန်း လို ့ ခွဲ တာ ရယ် တွေ ကြောင့်
မြို ့ က သူ တွေ အ များ စု လို လို
မွေး တယ် ဆို တာ နဲ့ ခွဲ ကြ တာ များ တယ်
kotun winlatt
March 29, 2014 at 8:37 pm
ဟုတ်ပါ့..ဟုတ်ပါ့…
စနိုးစမိုင်းရေ…….
ရဲရဲတောက် ကေဇီ
March 30, 2014 at 8:34 am
ကလေးဆိုတာ မမွေးခင်တော့ မွေးရမဲ့ဒုက္ခ က အကြီးဆုံးလိုပဲ။
မွေးပြီး နောက်ပိုင်း ဒုက္ခတွေက အများကြီး လာဦးမှာနော်။
ဒါတောင် ဒီခေတ်က ပိုက်ဆံပဲ လိုတာ။ ကျန်တာ အလွယ်တကူ ဝယ်လို့ရတဲ့ ခေတ်။
အရင်ရှားရှားပါးပါး ခေတ်တွေက ကိုယ်တို့ကို ဒီအရွယ် အထိ ရောက်အောင် ပြုစုခဲ့တဲ့ ဖေနဲ့ မေကို သနားတာ။
😥
ဆက်ရန်ကို မျှော်နေမယ်နော်။
kyeemite
April 1, 2014 at 10:56 am
ကျုပ်ပထမသမီးမွေးတုန်းက ဂျင်မခနာမှာ တက်မွေးတာ..ဒုက္ခရောက်ချက်ဗျာ…
ဆေးရုံထဲအဝင်မလွယ်…တွေ့သမျှနတ်စ်တွေလည်းကြောက်ရသေး….မွေးပီးပြန်တော့
အသားဝါဝင်လို့ မီးချောင်းပြရသေး..
သားအလှည့်ကျတော့ အပြင်ဆေးခန်းမှာပဲ ခွဲမွေးလိုက်တယ်…
ကိုယ်ချင်းစာမိပါတယ် ကိုထွန်းဝင်းလတ်ရေ…