အဖူးအငုံလေးတွေက ဝင့်ဝင့်ကြွားကြွား
ပန်းကလေးများပွင့်တော့မည် 2014 ရဲ့ နောက်ဆက်တွဲပါ။
နှစ်စဉ် ဇာတိမြို့ကိုပြန်တိုင်း တရုတ်တန်းဆိုတဲ့ ရပ်ကွက်ကလေးက ကလေးလေးတွေဆီ ရောက်ခဲ့ပြန်ပါပြီ။
ဒီတခါတော့ ခါတိုင်းပေးသလို အကျင်္ီလေးတွေတင်မက ဂဇက် ရွာသူားတွေ ပေးလိုက်တဲ့ လက်ဆောင်တွေ တပုံတပင်နဲ့ မို့လို့ ကလေးတွေပျော်မယ့်အရေး တွေးပြီး ရင်ခုန်မိပါတယ်။
ကိုကြီးရဲစည်က သားသားမီးမီးတို့အတွက် ဘောပင်ရောင်စုံတွေ၊ကွန်ပါဘူး၊ချွန်စက်တွေ ပေးလိုက်သလို
မမကြီး ခိုင်ဇာကလည်း ရောင်စုံခဲတံ၊ကစားစရာတွေနဲ့မှတ်စုစာအုပ်လှလှလေးတွေ ပို့ပေးလာပါတယ်။
အန်တီလေး မနှင်းပြုံးက ဗလာစာအုပ် ဒါဇင် ၂၀၊ခဲသားဘောပင်၊ဘောပင်၊ပေတံတွေအပြင် ရောင်စုံထီးလေးတွေ အများကြီး လာပို့သွားပါတယ်။
ဗလာစာအုပ်လေးတွေ ရတော့ စိတ်ကူးတခုရပြီး အနားရှိတဲ့ မူလတန်းကျောင်းက ခုံတန်းလျားတွေ ငှားထားပေးခိုင်းလိုက်ပါတယ်။ ကလေးတွေကိုတိုက်ဖို့ သာကူလည်း စီစဉ်ခိုင်းထားပါတယ်။
နေ့လည်ကျမတို့ ထမင်းစားနေတော့ ကလေးတွေ အများကြီးစောင့်နေကြပြီလို့ သတင်းပို့လာပါတယ်။
အဲဒါနဲ့ မြစ်တဖက်ကမ်းကို ကူးတို့ သမ္ဗာန်လေးနဲ့ လက်ဆောင်ပစ္စည်းတွေတင်ပြီး ကူးသွားကြပါတယ်။
ကုန်းပေါ်တက်လို့ ကွပ်ပျစ်ပေါ် လက်ဆောင်ပစ္စည်းတွေ ဖြန့်ချလိုက်တာနဲ့ ကလေးတွေ တပျော်တပါးကြီး ဝိုငိးအုံလာပါတယ်။
ဝမ်းသာအားရနဲ့
ဟယ်..ထီးကလေး၊
ဟိုမှာ…စင်ဒရဲလား၊
ဒီမှာကြည့်စမ်း..ကွန်ပါဘူးတွေတော့…နဲ့ ဆူညံသွားတာပါပဲ။
ကျမ က ကလေးတွေကို အနားခေါ်ပြီး `ဒီပစ္စည်းတွေက သားသားမီးမီးတို့ကို ပေးဖို့ပဲ။လိုချင်ကြလား´ ဆိုတော့ အားလုံးပဲ `ဟေး´လို့ ဝမ်းသာအားရအော်ကြပါတယ်။
`ဒီအတိုင်းတော့ မပေးဘူး၊ပထမဆုံး ကိုယ့်အကြောင်း Myself ကို အင်္ဂလိပ်လို စာစီစာကုံးရေးရမယ်၊ရေးမယ့်သူလက်ထောင်၊ ´ဆိုတော့ ကလေးတွေ ကြောက်ကြပါတယ်။မရေးရဲကြဘူး။
ကိုယ့်နာမည်၊အဖေအမေနာမည်၊ဘယ်မှာနေတယ်။ဘယ်ကျောင်းတက်တယ်။ဘယ်နှစ်တန်းရောက်ပြီဆိုတာတွေ
ပဲ ရေးရမှာလေ ဆိုမှ လက်ကလေးတွေ ထောင်လာတာ ၁ဝ ယောက်ရပါတယ်။အဲဒီကလေးတွေကို မနှင်းပြုံးပေးတဲ့ ဗလာစာအုပ်၁အုပ်စီနဲ့ ရဲစည်ပေးတဲ့ ဘောပင်လေး ၁ချောင်းစီ အပိုင်ပေးပြီး ၁၅မိနစ်ကြာ ပြိုင်ပွဲကြီး စတင်လိုက်ပါတယ်။
အဲဒီထဲကမှ ပထမရတဲ့သူကို ဆုတွေ ပြထားတဲ့ထဲက ကြိုက်ရာ ၃ခု အရင်ရွေးစေပါတယ်။ ဒုတိယက ကြိုက်ရာ ၂ခူ၊တတိယ သမီးလေး ၂ယောက်ကတော့ ၁ခုစီ ရွေးရပါတယ်။ ကလေးတွေက ဘဝသမားလေးတွေပါ။ ကြိုက်ရာရွေး ဆိုတော့ ထီးကလေးတွေ လူတိုင်း အရင်ရွေးကြပါတယ်။ ကျောင်းတက်ချိန် မိုးရွာရင် ထီးကလေး ရှိမှကိုး။
ဆုရသူတွေကို ပြည်သူ့နီတိ ၁အုပ်စီလည်းပေးပါတယ်။
အင်္ဂလိပ်စာ အက်ဆေး ပြိုင်ပွဲအပြီးမှာ` ဒီတခါတော့ မြန်မာ
လို ရေးရမယ်ဟေ့´လို့ ကြေညာလိုက်တော့ ကလေးအားလုံး ဝမ်းသာသွားကြပါတယ်။ ရေးမယ့်လူ လက်ထောင်ခိုင်းလိုက်တာ အားလုံးနီးပါးပါပဲ။
ခေါင်းစဉ်ကတော့ ကျနော်/ကျမ၏ ရည်မှန်းချက် ၊ကြီးလာရင် ဘာဖြစ်ချင်လဲ၊ဘာကြောင့်လဲ ဆိုတာ ရေးပါလို့ ခိုင်းလိုက်ပါတယ်။ဒီကလေးတွေ အရွယ်နဲ့ အက်ဆေးရေးရ၊စာစီစာကုံးရေးရတာ နည်းနည်းမြင့်ပေမယ့်လို့ ကျမကလေးတွေ စိတ်ထဲ ငါတို့ လုပ်နိုင်တယ် ဆိုတာလေး ဝင်သွားစေချင်လို့ပါ။
ကလေးတွေ တန်းစီတော့ အရင်နှစ်တွေကလို လုပြီး မစီဖို့ သိပ်မပြောရတော့ပါဘူး။တန်းကို ညီညီစီဖြစ်အောင်သာပြောရပါတယ်။ အဲသလို တန်းညှိပေးရင်း `တန်းစီရာမှာ သူများကို ဘယ်သူဦးစားပေးမလဲ၊အနစ်နာခံပေးမလဲ၊နောက်ကစီပေးမလဲ´လို့ မေးကြည့်တော့ ကလေးတချို့နောက်ကပဲ စီပေးပါမယ်လို့ ထွက်လာပါတယ်။
အားလုံးဖြေပြီးလို့ အမှတ်ပေးမယ့် ဒိုင်လူကြီးတွေ (အမနဲ့ တူမတွေ ကူပြီး အမှတ်ခြစ်ခိုင်းရပါတယ်)အမှတ်ခြစ်နေတုံး
ကလေးတွေကို ပြည်သူ့နီတိ ဖတ်ခိုင်းပါတယ်။
မြန်မာစာ အမှတ်တွေ ထွက်ပါပြီ။ဆုရသူတွေကိုလည်း အက်ဆေးပြိုင်ပွဲတုံးကလိုပဲ ဆုတွေ ကြိုက်ရာရွေးစေပါတယ်။
ဆုရတဲ့ကလေးတွေကို ဆုချအပြီးမှာ ဆုတွေပိုနေသေးတာနဲ့ စောစောက တန်းစီရာမှာ အနစ်နာခံ After you လုပ်ပေးခဲ့တဲ့ ကလေးတွေ ရှာထုတ်ပြီး ကြိုက်ရာရွေးယူခွင့် ပေးလိုက်ပါတယ်။
ဆုတွေ အားလုံးကုန်တော့ ကလေးတွေကို အကျီင်္လေးတွေ ဝေပေးပြီး သာကူ တိုက်ပါတယ်။
သာကူ ၅ပိဿာ၊ ထန်းလျက်၊ကန်စွန်းဥနဲ့ ဖြစ်ပါတယ်။
ဆုရတဲ့ ကလေးတွေက သာကူတောင် မသောက်တော့ပဲ အိမ်ကို အရင် ပြန်ပြေးကြပါတယ်။သူတို့မိဘတွေကို ဆုတွေအကြောင်း ပြောချင်ပြချင် ကြွားချင်ကြတာဖြစ်မှာပေါ့။
စိတ်ကူးသွားတုံးကတော့ ရောင်စုံခဲတံလေးတွေ ပေးပြီး ပန်းချီပြိုင်ပွဲလေး လုပ်ပေးအုံးမလို့ပါ။
ဒါပေမယ့် စုရင်းပြောရင်း ညနေစောင်းလာတော့ ရန်ကုန်ပြန်ဖို့ အချိန်လင့်ပြီ ဖြစ်တဲ့အတွက် အက်ဆေးနဲ့ စာစီစာကုံးပြိုင်ပွဲလေးနဲ့ပဲ ရပ်လိုက်ရပါတယ်။
ဓာတ်ပုံလေးတွေ ကြည့်ပြီး ရွာသူားတွေလည်း ပျော်ကြမယ်လို့ မျှော်လင့်ပါတယ်။
ပန်းအဖူးအငုံလေးတွေ နေခြည်မှာ ဝင့်ကြွားနိုင်ကြပါစေလို့ ရေကြည်လေးတပေါက် သွန်းလောင်းခဲ့ပါတယ်။
15 comments
ကထူးဆန်း
April 15, 2014 at 1:58 pm
အဖူး အငုံများမှ သည် ခိုင်မာသောအပွင့် အသီးများ ဖြစ်သွားနိုင်ကြပါစေ အန်တီ ။
ဒီပုံတွေမှာ ဆံပင် နီကြောင်ကြောင်လေးတွေ သိပ်မတွေ့လို့ ပိုဝမ်းသာပါတယ် ။
padonmar
April 15, 2014 at 8:18 pm
အဲဒီကလေးတွေလည်း ဆံပင်ဆေးဆိုးတတ်တယ် ကထူးဆန်းရဲ့၊
ဆေးဆိုးတာ ပိုက်ပိုက်သိပ်မကုန်ဘူး။
အခုက သင်္ကြန်နည်းနည်းဝေးတုံးကမို့ မဆိုးကြသေးတာ။
နောက် ၁၅ နှစ်လောက်ဆိုရင်တော့ နည်းနည်း သီးပွင့် မြင်ရမယ်ထင်တာပဲ။
ကေဇီ
April 15, 2014 at 2:25 pm
အပြစ်ကင်းပြီး ချစ်စရာ ကလေးလေးတွေ။
နောက်ခါဆို မမဂျီး ပုံပြင်စာအုပ်တို့ စာရေးကိရိယာတို့ စုထားမယ်နော်။
:chit:
အနော်မှာ စဉ်းစားရတဲ့ သားသမီးတွေ အများကြီးပဲ။
ဟေးဟေးဟေးးး
😀
padonmar
April 15, 2014 at 8:19 pm
မမဂျီးကေဇီရဲ့ လက်ဆောင်လေးတွေကို အမြတ်တနိုးပိုက်ထားတာ ဓာတ်ပုံထဲ တွေ့ရမှာပါ။
သားသမီးတွေများလို့ အပျိုဂျီးများ ဖြစ်သွားမလား။
snow smile
April 15, 2014 at 2:29 pm
”ကြိုက် ရာ ရွေး ဆို တော့ ထီး က လေး တွေ လူ တိုင်း
အ ရင် ရွေး ကြ တယ်
ကျောင်း တက် ချိန် မိုး ရွာ ရင် ထီး က လေး ရှိ မှ ကိုး”
လို အပ် တာ လေး ဝယ် ပေး မိ လို ့ ဝမ်း သာ မိ သ လို
နဲ သွား လို ့ စိတ် မ ကောင်း ဖြစ် မိ ပါ တယ်
နောင် ကြုံ ကြိုက် အုန်း မှာ ပါ
padonmar
April 15, 2014 at 8:21 pm
မနှင်းပြုံးရေ
အခုပေးတာလည်း မနည်းပါဘူး။
သူတို့ သိသလောက် ဒီထဲမှာ ထီးကို တန်ဖိုးအကြီးဆုံးလို့ ထင်ကြပါလိမ့်မယ်။ထီးလေးတွေက လှလည်းလှ၊အသုံးလည်းဝင်တော့ လိုချင်ကြတာပေါ့။
နောင်လည်း ကြုံ ရင် လှူပေးပါနော်။
snow smile
April 15, 2014 at 9:03 pm
မှတ် မှတ် ရ ရ အဲ့ နေ ့ က မ ထင် မှတ် ဘဲ ဝယ် ဖြစ် သွား တာ
ပိုက် ဆံ က မ ပါ
ထီး ဝယ် တဲ့ အ ချိန် ပိုက် ဆံ ၁၈၀၀ဝ မ ပြည့် လို ့
ရာ တန် တွေ ပါ ထဲ့ ဝယ် ရ တာ အ ဟိ
တ ကယ် တော့ တ ဒါ ဇင် လောက် ဝယ် ပေး မ လို ့
ဝယ် ပြီး သား ကွန် ပါ ဘူး တွေ လဲ ဆိုင် က မ ထဲ့ ပေး
လိုက် လို ့ ကျန် ခဲ့ တယ်
black chaw
April 15, 2014 at 9:13 pm
The child is father of the man.
ဆယ်တန်း နှစ် က
သင် ခဲ့ရတဲ့ ကဗျာ တစ်ပုဒ်ထဲ
အဲ လို ကြီး ပါခဲ့တာ
မှတ်မိနေပါတယ်။
က လေး တွေကို ပြုစုပြိုးထောင် တဲ့
အစ်မ အတွက် ဂုဏ်ယူပါတယ် ခင် ဗျာ။
ကွန်းမန် ့က လိုရင်း ရောက် ရဲ ့လားမသိ။
padonmar
April 15, 2014 at 9:19 pm
ကိုဘလက်
ခရီးသွားရင်း၊ပိုကာဒေါင်းရင်း၊
ဘုရားကြီး ရွှေချရင်း၊
လာမန့်ပေးသွားတာ ကျေးဇူး။
Crystalline
April 16, 2014 at 9:39 am
စိတ်ချမ်းသာလိုက်တာ တီဒုံရယ်… အရမ်းကြည်နူးစရာကောင်းတယ်…
padonmar
April 17, 2014 at 7:59 pm
ဖတ်ပြီး စိတ်ချမ်းသာတယ်ဆိုလို့ ဝမ်းသာပါတယ်ခွစ်ရေ.
ကလေးလေးတွေလည်း ပျော်နေကြပါတယ်။
ဓာတ်ပုံတည့်တည့်ချိန်ရိုက်တော့ မနေတတ်လို့ ရုပ်တည်တွေဖြစ်နေကြတာ။အပြင်မှာ ဆူညံပွက်လောရိုက်လို့။
alinsett (gazette)
April 18, 2014 at 9:05 am
သူတို ့လေးတွေ ရေးတဲ့
ကျနော်/ကျမ၏ ရည်မှန်းချက် အက်ဆေးတွေကို
သူတို့ လက်ရေးလေးတွေနဲ့ ဖတ်ချင်လိုက်တာ
ဦးကြောင်ကြီး
April 21, 2014 at 8:25 am
သာကူကျွေး
ငါလှူ သူဌေး
ရွာသူကလေး
ငါကြူ မွှေး
ဘာယူသေး
အာထူငေး
မြှာဆူရေး
နှာပူတွေး…
ကိုပေါက်(မန္တလေး)
April 21, 2014 at 9:31 am
မ မာ ရေ တစ် ခါ လောက ် တော့ ကိုယ် တိုင် ကို ယ် ကျ လိုက် ချင် ပါ သည်
Ma Ma
April 21, 2014 at 8:05 pm
ဝမ်းသာစရာ အားရစရာမြင်ကွင်းပါပဲ။
စိတ်ရှည်လက်ရှည်နဲ့ ရေကြည်သွန်းလောင်းနိုင်တာကိုလည်း အားကျတယ်။
ကလေးတွေအတွက် စိတ်ပိုင်းရော ရုပ်ပိုင်းအတွက်ပါ တကယ်အကျိုးများပါပေတယ်။
နောက်ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့……….
ကလေးတွေကို ပုံပြောပြိုင်ခိုင်းချင်မိတယ်။