ဖျာပုံသို့ခရီးတစ်ခေါက်…Travelling
မင်္ဂလာပါ မိတ်ဆွေများ….
ဂဇက်မှာလည်း စာမရေးဖြစ်တာကြာသွားပါပြီ….အခုတော့ ရေးစရာလေးပေါ်လာတယ်ပေါ့ဗျာ……
ခရီးသွားရင်း တွေ့ကြုံခဲ့ရတာလေးတွေကို မျှဝေပြောပြချင်တာပါ…
ပီးခဲ့တဲ့ တနလာင်္နေ့ နေ့ခင်းလောက် ရုံးမှာအလုပ်လုပ်နေတုန်း…သူငယ်ချင်းတစ်ယောက်
ဖုန်းဆက်လာပါတယ်…ဖျာပုံမြို့က ကျောင်းနေဖက်သူငယ်ချင်း ကိုထွဋ်ရဲ့အမေ ဆုံးလို့တဲ့..
ကြားလိုက်ရတဲ့သတင်းကြောင့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်သွားမိပါတယ်…
ရင်းနှီးချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းရဲ့ အမေကိုလည်းမြင်ယောင်မိပါတယ်…
ဒါဆိုရင်တော့ မဖြစ်မနေသွားအားပေးကြရမှာပေါ့…ဒီလိုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ
တိုင်ပင်လိုက်တော့…အင်္ဂါနေ့ ချမဲ့ သူငယ်ချင်းအမေရဲ့ အသုဘ ကိုလိုက်ပါပို့ဆောင်ကြဖို့
ရန်ကုန်ကနေ မနက် ၅နာရီခွဲထွက်ဖို့ချိန်းလိုက်ကြပါတယ်…ကားနှစ်စီး နဲ့ သူငယ်ချင်း ၈ယောက်ပေါ့…
ရန်ကုန်ကအထွက် လှိုင်သာယာက သပြေရိပ်လဘက်ရည်ဆိုင်မှာ
မနက်စာ ဗိုက်ဖြည့်ကြပါတယ်… အဲဒီကမှ…တွံတေးမြစ်ကူးတံတားကနေဖြတ်လို့
ဖျာပုံမြို့ကိုချီတက်ခဲ့ကြပါတယ်…လမ်းကတော့သိပ်မဆိုးလှပေမဲ့ နဲနဲ ကျဉ်းတော့
သိပ်အမြန်ကြီးတော့မောင်းမရပါဘူး…နယ်မြို့တွေရဲ့ထုံးစံအတိုင်း ဆိုင်ကယ်တွေကလည်း
ပေါမှပေါ..အတော်ဂရုစိုက်ပြီးမောင်းရပါတယ်…တွံတေးလမ်းခွဲကနေ ကော့မှုး၊ ကွမ်းခြံကုန်း
ကျော်လာတော့ ရနာရီခွဲကျော်လောက်မှာ ဒေးဒရဲတံတားကြီးကိုဖြတ်….ဒေးဒရဲ မြို့ရှောင်လမ်းကတစ်ဆင့်
ဆက်မောင်းလိုက်တော့…မနက် ၈နာရီထိုးပီး လောက်မှာ ဆရာကြီး ဇော်ဂျီရဲ့
ဇာတိမြေ ဖျာပုံမြို့လေးကို ဆိုက်ရောက်ခဲ့ပါတော့တယ်…
(ဖျာပုံ ဆိုတာ မွန်ဘာသာကလာတာဖြစ်ပြီး “ထမင်းဈေး” လို့အဓိပ်ပါယ်ရကြောင်းသိရပါတယ်)
မရောက်တာကြာပြီဖြစ်တဲ့ ဖျာပုံမြို့လေးကို ရောက်ခဲ့ရပြန်ပီပေါ့…..
ကျုပ်အစိုးရဋ္ဌာနမှာလုပ်တုန်း ၁၉၈ရခုနှစ်လောက်က ဖျာပုံမြို့မှာ ၂နှစ်ခွဲလောက်နေခဲ့ဖူးပါတယ်.
အရေးတော်ပုံကြီးမဖြစ်ခင်လေးကပေါ့…အဲ့တုန်းက ရန်ကုန်နဲ့ ဖျာပုံသွားစရာ ရေလမ်းခရီးတစ်ခုပဲရှိတာပါ…
ဧရာဝတီသဘောင်္နဲ့ဆို ညဖက်စီး..မနက်မှရောက်ပါတယ်…
အခုတော့အားလုံးပြောင်းလဲကုန်ပါပြီ…မြစ်ကူးတံတားကြီးတွေဆောက်..လမ်းတွေဖေါက်လိုက်တော့…
လှိုင်သာယာကနေ ဖျာပုံကို နှစ်နာရီပဲမောင်းရပါတယ်….
ဖျာပုံမြို့လေးဟာလည်း လူတွေပိုများလာပြီး ပိုလို့စည်ကားနေတာတွေ့ရပါတယ်…
ကျုပ်ဖျာပုံနေခဲ့စဉ်တုန်းကတော့..ကိုထွဋ်တို့အိမ်ဟာ ကျုပ်ရဲ့ စားအိမ်သောက်အိမ်ပါ..
ကိုထွဋ်အမေကလည်း ကျုပ်ကို သူ့သားလိုပဲ ကရုတစိုက်ရှိလှပါတယ်…
ရောက်ရောက်ချင်း မြို့အဝင်နားက လဘက်ရည်ဆိုင်ထိုင်ရင်း တစ်ထောက်နားကြပါတယ်..
အဲဒီမှာ ကမ်းရိုးတန်းဖုန်းနဲ့ GSM တွေမိပေမဲ့ ကျုပ်ရဲ့ CDMA 800 ကတော့ သုံးမရပါဘူး..
သူငယ်ချင်းအိမ်က မြို့လယ်က ကမ်းနားလမ်းမှာပါ…၉နာရီခွဲမှာ ရေစက်ချတရားနာရှိတယ်ဆိုလို့ အမှီသွားခဲ့ကြပါတယ်….
တရားနာကြပီးတော့…ရန်ကုန်ကနေ နာရေးအတွက်လာကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကို သူငယ်ချင်းက
သူဖွင့်ထားတဲ့ Brother-3 ဆိုတဲ့ စားသောက်ဆိုင်မှာ နေ့လည်စာစီစဉ်ကျွေးမွေးပါတယ်..
ဖျာပုံမှာတော့ အကောင်းဆုံးလို့ဆိုရမဲ့ စားသောက်ဆိုင်လေးပါပဲ…
နေ့လည် ၁နာရီမှာ အသုဘချပါတယ်…နေ့တစ်နေ့ရဲ့ အပူပြင်းဆုံးအချိန်မို့
အပူဒဏ်ကိုလှိမ့်ခံကြရပါတယ်…ပူလွန်းလို့ လမ်းပေါ်က ကတ္တရာ တောင်ပျော်နေပါတယ်
အသုဘလိုက်ပို့ပြီး အပြန်မှာ လမ်းလည်းသင့်တာနဲ့ သူငယ်ချင်းတစ်စု ဖျာပုံမြို့ ကမ်းနားက
“ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး” ကိုဝင်ရောက်ဖူးမျှော်ခဲ့ကြပါတယ်..
ကျုပ်နေခဲ့တဲ့ အချိန်တုန်းကတော့ ဒီဘုရားကြီးဟာ ပြုပြင်ထိန်းသိမ်းသူမရှိ…ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖျာပုံကမ်းပါးမှာ မထင်မရှားရှိခဲ့တာပါ…
ပြောရရင် ကျုပ်တောင်နှစ်နှစ်ခွဲလောက်နေခဲ့တဲ့ အတွင်း ကျန်ဘုရားတွေအားလုံး
လိုလိုဖူး ဘူးခဲ့ပေမဲ့ ဒီဘုရားကြီးကို မဖူးဖြစ်ခဲ့ပါဘူး…
ဒီဘုရားတည်ထားတဲ့နေရာက ဟိုးတုန်းက သာစည်ရွာဆိုပီးရှိခဲ့တဲ့နေရာပါ…
အဲ့ရွာကလူတွေက ထင်းရောင်းတဲ့လုပ်ငန်းနဲ့ အဓိက အသက်မွေးခဲ့ကြတယ်လို့ပြောပြပါတယ်…
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာ့ ငါးဆယ်လောက်က သာစည်ရွာသူ ရွာသားတွေ စုပေါင်းပြီး
သာစည်ဘုရားကြီးကို တည်ခဲ့ကြတယ်လို့ပြောပြပါတယ်…နေရာက မြစ်အကွေ့အဝိုက်နေရာမှာရှိနေတော့
နှစ်စဉ်ရေတိုက်စားလာလိုက်တာ ကမ်းနဖူးကို ရောက်ပြီး ဘုရားကြီးဟာ ရေထဲကျလုလုအနေအထားနဲ့ ရှိနေခဲ့တာပါ….
ဒီလို မပြုမပြင် မထိမ်းသိမ်းပဲ ဘုရားအိုကြီးအဖြစ်နေလာရာက…….
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်တော့…ရှိနေခဲ့တဲ့ ဘုရားတန်ဆောင်းတော်
ကြီးပြိုကျလို့ သာစည်ဘုရားရုပ်ပွားတော်ကြီးဟာ ကမ်းစပ်မှာထီးထီးကြီး အကွယ်အကာမဲ့
ကျန်ခဲ့ ရပါတယ်…အံ့ဩစရာကောင်းတာက နာဂစ်မုန်တိုင်းဒဏ်ကြောင့်
သစ်လုံးကြီးတွေနဲ့ အခိုင်အမာဆောက်ထားတဲ့ တန်ဆောင်းကြီးပြိုသွားခဲ့ပေမဲ့
ဘုရားရုပ်ပွားတော်ကြီးကတော့ မပျက်မစီး ကျန်ခဲ့တာပါပဲ..ဒါပေမဲ့
ဘုရားကြီးရဲ့ ဘယ်ညာ ပုခုံးတော်ဘေးက နဂါးရုပ်ထဲက ညာဖက် နဂါးခေါင်း
ကျိုးကျမြေခခဲ့ပါတယ်…..
ဒီလိုနဲ့…မပြု မပြင်နေလာရင်း…တစ်နေ့တော့ ဘုရားကြီးပြုပြင်ဖို့ အကြောင်းဖန်လာပါတယ်….
ဇတ်လမ်းလေးက တော်တော်ကိုအံ့ဩစရာကောင်းလှပါတယ် …ဒီလိုပါ…
Fort Wayne (USA) မှာသီတင်းသုံးနေတဲ့
“မဇ္ဇျိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ” ဟာ
ဥနှောက်သွေးကြောထဲ သွေးခဲပိတ်ဆို့ လို့ဝေဒနာပြင်းစွာခံစားရပါတယ်တဲ့…
အမေရိက က သူ့ကိုကုသပေးနေတဲ့ သမားတော်ကြီးတွေလည်း လက်လျှော့လိုက်ပြီလို့ဆိုပါတယ်….
နေရလှ အလွန်ဆုံး ၆နာရီလောက်သာခံတော့မတဲ့…ဆိုတော့ဘာတတ်နိုင်တော့မလဲ
ဆရာတော်လည်း တရားဘာဝနာပွားပြီး အသက်ဆုံးမဲ့အချိန်စောင့်နေရပါသတဲ့…
အဲ့ဒီအချိန်အတွင်းမှာ ဆရာတော်ဟာ လှေလေးတစ်စီးပေါ်ရောက်နေပြီး
မြစ်ကမ်းတစ်ခုကိုလှေကချည်းကပ်လာနေပါသတဲ့ …
ပြီးတော့ ကမ်းပေါ်မှာ ဘုရားဆင်းတုတော်ကြီး တစ်ဆူကိုဆရာတော်ဖူးတွေ့ရပါသတဲ့…
အဲ့တော့..ဆရာတော်က ဘုရားကြီးကိုဝတ်ပြုရင်း ခံစားနေရတဲ့ ဝေဒနာပျောက်ကင်းပါစေကြောင်း ဆုတောင်းပါသတဲ့…..
နောက်မကြာမီမှာပဲ ဆရာတော်ဟာ သတိပြန်လည်လာပြီး
ခံစားနေရတဲ့ဝေဒနာတွေ လုံးဝကောင်းသွားပါရောတဲ့…သမားတော်ကြီးတွေလည်း အံ့ဩမဆုံး…
ပိုပြီး အံ့ဩစရာကောင်းတာက
ဆရာတော် မျောနေချိန်မှာ ဖူးခဲ့ရတဲ့ ဘုရားကြီးဟာ ဘယ်မြို့ ဘယ်ရွာက
ဘုရားမှန်းလည်း ဆရာတော်ကိုယ်တိုင် မသိဘူးဆိုပဲ…..ဒီလိုနဲ့ နေလာရင်း…
၂၀၀၈ နာဂစ်မုန်တိုင်းကြီး မြန်မာပြည်မှာတိုက်ခတ်ပြီး…နာဂစ်နဲ့ပါတ်သက်တဲ့
ဗွီဒီယိုမှတ်တမ်းတွေ အင်တာနက်ကတဆင့် ကမာ္ဘကို ပြန့်နှံ့ခဲ့ပါတယ်….
အဲဒီမှတ်တမ်း ဗွီဒီယိုတစ်ခွေကိုဆရာတော်ကြည့်ရင်း…ဒီ ဖျာပုံမြို့က
သာစည်ဘုရားကြီးလည်းမြင်ရော…“ဒီဘုရားကြီးဟာ ငါဖူးခဲ့ရတဲ့ဘုရားကြီးပါလား”
လို့သိသွားပြီး …မြန်မာပြည်ပြန် ဘုရားကြီးကို ကိုယ်တိုင်ဖူးပြီး….
ပြုပြင်မှုမလုပ်နိုင်သေးတဲ့ “ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး” ကိုကိုယ်တော်တိုင် အလှူငွေမတည်ပြီး
တန်ဆောင်း တော်သစ်ကြီးကို ဆောက်တည်ခဲ့ပါတယ်တဲ့……..
နောက်ထပ်လည်း ဘုရားကြီးနဲ့ပါတ်သက်လို့ထူးဆန်းတာတွေ မြင်ခဲ့ကြားခဲ့ပါသေးတယ်…
ဒဏ္ဍာရီဆန်ဆန်တွေမို့ မရေးပြတော့ပါဘူး…
(ဖျာပုံသား သူငယ်ချင်းပြောပြတဲ့
ဘုရားကြီး ပြန်လည်ပြုပြင်ခဲ့ပုံနဲ့
တန်ခိုးကြီးဘုရားအဖြစ်လူသိများသွားပြီ…အခုဆိုရင်ဘုရားဖူးတွေတဖွဲဖွဲလာနေပြီဆိုတဲ့
ဇတ်လမ်းလေးကိုပြန်ရေးပြတာပါ)…….
မိတ်ဆွေတို့လည်း ဖျာပုံရောက်ဖြစ်ခဲ့ရင် “ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး” ဖူးဖြစ်အောင် မျှဝေတာပါ…
အားလုံးကိုလေးစားခင်မင်စွာဖြင့်..
ထာဝရလမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၈၊ ၅၊ ၂၀၁၄
20 comments
ဦးကျောက်ခဲ
May 8, 2014 at 3:07 pm
ငယ်ငယ်က မြစ်ဝကျွန်းပေါ်သွားရင် ရေလမ်းခရီးပဲရှိတာမို့ အမှတ်ရသွားပါတယ်…
ဘုရားလည်းဖူးရလို့ ကျေးဇူးအထူးပါပဲ အကိုမိုက်ရေ…
🙂
alinsett (gazette)
May 8, 2014 at 4:06 pm
ဘုရားလည်း ဖူးသွားပါတယ်
ခရီးစဉ်တလျှောက်ကိုလည်း ဝင်ငေးသွားပါတယ်
ဖျာပုံရောက်ရင် ဟိုစားသောက်ဆိုင်မှာ ဝင်သောက် အဲ ဝင်စားပါဦးမယ်
ကေဇီ
May 8, 2014 at 5:03 pm
ဟယ်။
မိုက်မိုက်။
အနော်တို့က ဖျာပုံ ကျိုက်လတ် ဆက်တွေ။
အဲ မရောက်ဖူးတာ တစ်ပိုင်းပေါ့။
ဟိ။
:mrgreenn:
ဟိုမင်းသမီးကြီး နဲ့ အမျိုးတွေ။
kyeemite
May 9, 2014 at 9:54 am
ကေဇီ…ပြည်တော်ပြန်လာရင်သွားလည်ပေါ့…လမ်းတွေလည်းကောင်းသွားပီ…
အစားအသောက်တွေလည်းကောင်းပါသည် :mrgreenn:
——————————————
ဝင်ရောက်အားပေးသွားတဲ့ မွသဲကိုလည်း သင့်ခရုပါဗျ
TNA
May 8, 2014 at 5:49 pm
ဘုရားဖူးသွားပါတယ် မိုက်မိုက်ပြည်ရေ အဲ့ အူးမိုက်ရေ။ Brothers 3 မှာ လိပ်ဥလဲဝင်တူးသွားပါတယ်။
weiwei
May 8, 2014 at 6:05 pm
ဖျာပုံက အသိတစ်ယောက်က အလည်ခေါ်နေတာကြာပြီ။ လမ်းကောင်းမှန်းသိရလို့ တစ်ခါလောက် သွားလည်လိုက်အုန်းမယ်။
kyeemite
May 9, 2014 at 10:21 am
မဝေရေ…အသိရှိတယ်ဆိုတော့ သွားလည်သင့်ပါတယ်..နီးနီးလေးပါ
ဒလ ဘက်ကမ်းကူးပီး တကကစီနဲ့သွားလည်းရသလို….
ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့…လှိုင်သာယာ…ပထမအဝိုင်းရောက်ရင်..ဘယ်ဘက်ချိုးတဲ့လမ်းအတိုင်းသွား…
တံတားကြီးကိုဖြတ်ပြီး…ဆက်သွားယုံပါပဲ…လမ်းတွေလည်းကောင်းနေပါပြီ… 🙂
kyeemite
May 9, 2014 at 9:39 am
ဦးကျောက်ခဲ ….ရေ..အားပေးတာကျေးကျေးပါ..
alinsett (gazette) …နီက ခရီးသွားဝါသနာပါတော့ သွားလည်ပေါ့..မြို့က ကျဉ်းကျဉ်းလေးပါ
နေ့ချင်းပြန်သွားလို့ရပါတယ်…ဒလဘက်ကမ်း ကိုကူးလိုက်ရင်…အဲ့မှာ တက္ကစီတွေမှအားကြီးပေါ…
Mr. MarGa
May 9, 2014 at 10:33 am
ဖျာပုံရောက်ရင်
ဟိုစားသောက်ဆိုင်မှာ
ဦးကြီးမိုက် နာမည်ပြောပြီး ဝင်တီးခဲ့ပါ့မယ်
အဲဒီဘုရားကို ဝင်ဖူးပြီး
သမိုင်းကိုပါ အသေအချာ လေ့လာခဲ့ပါမယ်
🙂
kyeemite
May 9, 2014 at 11:15 am
Good !!!!!!!!!
ကောင်းပါလေ့ကွယ်..သဂျားမင်းရယ်( ဆိုင်ကရိုက်လွှတ်ရင်တော့ ငါ့တာဝန်မဟုတ်) 😀
လုံမလေးမွန်မွန်
May 9, 2014 at 11:26 am
ဒေးဒရဲကိုဖြတ်တော့ အနော့်ကို သတိမရဘူးလားဟင်င်..
ဖျာပုံက ခရိုင်မြို့ဆိုတော့ ကိစ္စရှိမှပဲ ရောက်ဖြစ်တယ်.. သေချာတော့ မသွားတတ်ဘူးရယ်..
သူငယ်ချင်း အသိလည်း မရှိဘူး.. ဒေးဒရဲနဲ့က ၁၆ မိုင်ပဲ ကွာတာ… အရင်က လမ်းအားကြီးဆိုးတယ်.. ဒေးဒရဲကနေဆို ဂျစ်ကားတွေ နဲ့ ဒိုင်နာတွေပဲရှိတာ. ဖုန်အလိမ်းလိမ်း… လမ်းကလည်း ခဲတွေကြီးပဲ.. ဖျာပုံတစ်ဖက်ကမ်း အုန်းပင်ကနေ လှေနဲ့ ကူးရတာ.. အခုတော့ လမ်းကလည်းကောင်း၊ တံတားကလည်း ဆောက်ပြီးဆိုတော့ အမြန်မောင်းရင် ၁၅ မိနစ်နဲ့ရောက်ရော..
ဒါနဲ့ ဖျာပုံပုစွန်ချဉ် မဝယ်ခဲ့ဘူးလားဟင်..
black chaw
May 9, 2014 at 12:29 pm
ဖျာပုံကို ပြီးခဲ့တဲ့ ၁ လပိုင်းလောက်က ၂ ခေါက်လောက်
ရောက်ခဲ့တယ်ကိုမိုက်ရေ…။
မအူပင်ဘက်ကသွားရင်လည်းရတယ်ဗျ…။
မအူပင်-ကျိုက်လတ်-ဖျာပုံ ပေါ့…။
ကွမ်းခြံကုန်းဘက်က နည်းနည်းပိုနီးပြီး
လမ်းလည်း ပိုကောင်းပါတယ်ဗျာ…။
ဖျာပုံကနေမိုင် ၂ဝ လောက်ဆက်သွားရင် ဘိုကလေး ရောက်ပြီဗျာ…။
ဘုရားတွေလည်း ဖူးသွားပါတယ်ကိုမိုက်ရေ…။
kyeemite
May 9, 2014 at 2:56 pm
လုံမလေးမွန်မွန် says:
ဒေးဒရဲကိုဖြတ်တော့ အနော့်ကို သတိမရဘူးလားဟင်င်..
သတိရသပေါ့ မွန်မလေးရယ်…အချိန်သိပ်မရလို့ မဝင်ခဲ့တော့တာ…အကြိမ်ကြိမ်လည်းရောက်ဖူးနေလို့လေ..
နားစွန်နားဖျား ဆရာကြီးblack chaw ဝင်ရောက်အားပေးသွားလို့ကျေးဇူးပါဗျာ…
ဦးဦးပါလေရာ
May 10, 2014 at 12:04 pm
.အဲဒါကြောင့် အရင်ကတည်းက ဖျာပုံ ဆိုတဲ့နာမည်ကို စဉ်းစားရခက်နေတာ…
.ဘယ့်နှယ်… ဖျာလဲ ထွက်တဲ့ဒေသမဟုတ်ပါဘူးပေါ့…
.ကိုမိုက်ပြောပြမှပဲ ရှင်းသွားတော့တယ်….
Ma Ma
May 10, 2014 at 7:03 pm
ခုတော့ ကားလမ်းတွေ ကောင်းလို့ ရေလမ်းကို မသုံးကြတော့ဘူး။
ဟိုးအရင် ဧရာဝတီသင်္ဘောနဲ့သွားရတဲ့ခေတ်တုန်းကတော့ မြစ်ဝကျွန်းပေါ်သွားတဲ့ သဘောင်္ခြင်းတူတူ ဖျာပုံသဘောင်္တွေက အဲယားကွန်းနဲ့ အတော်အဆင့်မြင့်တာ။
ရန်ကုန်ကနေ ညနေ ဧရာဝတီစီးသွားရင် မနက်အစောကြီး ဖျာပုံရောက်တယ်။
ရောက်ရောက်ခြင်း ၁ဝနာရီဈေးက မုန့်ဟင်းခါး အရမ်းစားကောင်းတယ်။ 🙂
padonmar
May 11, 2014 at 8:36 am
ဖျာပုံသူ သူငယ်ချင်းကို လက်တို့လိုက်မယ်။
ဖျာပုံ နာမည်ကြီးတာ ရွှေပုဇွန်ခြောက် ထင်တယ်.
ဦးကြောင်ကြီး
May 11, 2014 at 9:50 am
ဆုတောင်းပြည့်
သူကောင်းတွေ့
လှူ မောင်းစွေ့
ပူပေါင်းဟေ့..
ဝင့်ပြုံးမြင့်
May 15, 2014 at 12:41 am
ကွန်မင့်ဝင် နောက်ကျသွားပါပေါ့။
– လောကကြီး ကျဉ်းတယ်နော်။ အန်တီရီ ဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ကိုဝင်းထွဋ်ကို ပြောပေးပါ ဦးကြီးမိုက်ရေ။ ကျမကို သူမသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျမထက် ၁ဝနှစ်လောက်ကြီးမယ်။ အန်တီရီနဲ့ ကျမ မေမေ က ငယ်သူငယ်ချင်းတွေပါ။ အန်တီရီ မဆုံးခင် ၃နှစ်လောက်က မေမေ့ကို သူလာတွေ့တယ်။ ငယ်သူငယ်ချင်းကို တွေ့ချင်လွန်းလို့ တကူးတကလာတွေ့တာ အိမ်ရောက်တော့ မောနေတယ်။ မေမေ ဘယ်မှာနေတယ်ဆိုတာ ကိုဝင်းထွဋ်သိရင် ကျမ ဘယ်သူဆိုတာ သူသိပါလိမ့်မယ်။ မေမေက ရန်ကုန် ကမာ္ဘအေးဘုရားလမ်းမှာ နေတယ်ဆိုတာလေးပဲ သူ့ပြောပြလိုက်ပါ၊ သူသိပါတယ်။
kyeemite
May 15, 2014 at 11:33 am
ဝင့်ပြုံးမြင့် says: လောကကြီး ကျဉ်းတယ်နော်။
အမှန်ပါပဲဗျာ…ကျုပ်တောင်အံ့ဩသွားတယ်….ကိုဝင်းထွဋ်ကိုပြောလိုက်ပါ့မယ်…
သူလည်းဂဇက်မန်ဘာမဟုတ်ပေမဲ့ ကျုပ်ပို့စ်တွေတက်ရင်တော့ဝင်ဖတ်လေ့ရှိပါတယ်
ခုလည်း မဝင့်ပြုံးမြင့် ကွန်မန့်ကို ဖတ်ရအောင် လင့်ပေးလိုက်ပါအုံးမယ်…
ကိုဝင်းထွဋ် အမေက ကျုပ်အမေလိုပါပဲ…သူ့သားနဲ့အတူ ကျုပ်ကိုပါသားလိုကရုစိုက်တတ်တာ…
ဒါကြောင့်မအားတဲ့ကြားက ရောက်အောင်သွားခဲ့တာပါ…
surmi
June 29, 2017 at 1:15 pm
ဖျာပုံရောက်မှဘဲ ပြန်ရှာဖတ်မိတော့တယ်
ဓတ်ပုံတွေမရှိတော့တာ နှမျောစရာ