မျက်ဝန်းတွင် ခိုမှီဖွဲ့တည်သည့် အချိန်အခါမဲ့မိုး
ကျုပ် လက်မောင်းနှစ်ဖက်ဖြင့် မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်သပ်မိလိုက်သည်။ ဘာကြောင့်များ အဲ့ဒီစောက်မျက်ရည်တွေက အလိုလိုထွက်လာရသည်မသိ။ ကျုပ်ကိုယ်ကျုပ် ယောကျာ်းကြီးစစ်စစ်ဖြစ်လှပြီထင်နေရာကနေ ကြွက်သားများဖြင့် အဖုဖုအထစ်ထစ်ထနေသော ထိုလက်မောင်းကြီးဖြင့် ကိုယ့်မျက်ရည်ကိုယ်သုတ်နေရသည်။ အကြောင်းပြချက်ကတော့ မယ်မယ်ရရမဟုတ်ပါ။
“မိသားစု” ဆိုတာလေးကို ကြုံကြိုက်သဖြင့် ပြောမိခြင်းဖြစ်သည်။ အဲ့ဒီစကားစုလေးသည် ကိုရင်စိုင်းရင်ထဲ အဝေးပြေးလမ်းမမှ ကားကြီးတစ်စင်း ဝင်ဆောင့်လိုက်သလိုပင်၊ အောင့်ကနဲဖြစ်သွားပြီး မျက်ဝန်းမှ မျက်ရည်တစ်ချို့ အဆီးအတားမရှိပါပဲနှင့် ရုတ်တစ်ရက်ပြုတ်ကျသွားသည်။
ပါးပြင်မှာတော့ ရွှဲရွှဲကိုစိုလို့။
ထိုလက်မောင်းကြီးများနှင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်မိသည်။
++++++++++++++++++++++++++++++++++++
တားမနိုင်၊ စီးမရပင် ကိုရင်စိုင်း ငိုကြွေးနေမိသည်။
ငယ်ငယ်ကတည်းက အတန်းစဉ် Top 10 မဟုတ်ပါပဲ Top 3 အဖြစ် နေလာခဲ့သည့် ကိုရင်စိုင်း ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ခုမှမပါပဲ အောင်စာရင်းတွင်ပါလာသောကြောင့် ဝမ်းနည်းပက်လက် ရင်ကွဲမှောက်ခုံဖြစ်ပြီး နာမည်စာရင်းမပါလာသော သူငယ်ချင်း၏ ဆိုင်ကယ်နောက်တွင်ထိုင်လျက်သားနှင့် မေမြို့အနှံ့ အသည်းဟက်တက်ကြီးကွဲခဲ့ဖူးသည်။
အမှတ်မှီသော်လည်း တက်ခွင့်မရခဲ့သည့် ကျောင်းတော်ကြီးအကြောင်းကို တွေးမိပြီး ကိုရင်စိုင်းတစ်ယောက် မျက်ရည်တော့ မကျမိတော့ပါ။ စို့လာသည့် မျက်ဝန်းတစ်စုံအားထိုးဖောက်ချင်သည့် စိတ်အားဖြင့်သာ အားပါးတစ်ရ ကိုယ့်စောက်ခွက်ကြီးကိုယ် ထိုးနှက်ခဲ့ဖူးသည်။
ဘဝ.. ထိုမှစ ကိုယ့်လမ်းကိုယ်သာလျှောက်ပြီး၊ ကိုယ့်လမ်းကိုယ်သာဖောက်ခဲ့တော့သည်။
စင်စစ်တွင်မှ ကိုရင်စိုင်းတစ်ယောက် အသက်က တစ်ဆယ့်ခြောက်။
++++++++++++++++++++++++++++++++++++
ဆယ့်ငါးနှစ်ကြာခဲ့လေပြီ..
ကိုရင်စိုင်းတစ်ယောက်လဲ နိုင်ငံရပ်ခြားတစ်ခုတွင် ပထမဆုံးသောမြန်မာတစ်ယောက်အနေနှင့် အနေအထားတစ်ခုဖြင့် ရပ်တည်နေနိုင်လေပြီ။ ထိုက်သင့်လျောက်ပါတ်သော ငွေကြေးအတိုင်းအတာတစ်ခုဖြင့် ကိုယ့်ဝမ်းကိုယ်ကျောင်းနေနိုင်ပြီလဲဖြစ်သည်။
ထို့ထက်ပိုသာသည်မှာတော့ကား….
၅ နှစ်တာမျှ ရေကုန်ရေခန်းကြိုးစားပြီး လက်ထပ်ပိုင်ဆိုင်ခဲ့သော ချစ်ဇနီးလေးလဲ အနား (တစ်ကယ်တော့တစ်နေရာစီ) မှာရောက်နေပြီလဲဖြစ်သည်။
ကျေနပ်သင့်ပေပြီ၊ ကျေနပ်နေသင့်ပြီ၊ ကျေနပ်ခြင်းများဖြင့် ကိုရင်စိုင်းတစ်ယောက် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသင့်လေပြီ။
“ရှိုက်” ကနဲ တက်လာသော အတွေးတစ်စနှင့်အတူ
ကိုရင်စိုင်းတစ်ယောက် “လှိုက်” ကနဲ ငိုကြွေးနေမိသည်။
ဒီတစ်ခါငိုကြွေးခြင်းမှာတော့
ဆုံးရှူံးခြင်းတွေရော..
နာကြည်းမှုတွေရော..
ခံပြင်းခြင်းတွေရော..
သစ္စာဖောက်ခံရခြင်းတွေရော..
ယုံကြည်ခြင်းတွေရော..
မျှော်လင့်ခြင်းတွေရော..
အိမ်မက်တွေရော..
အနာဂါတ်တွေရော ကိုရောထွေးပြီး
ကိုရင်စိုင်း ကိုယ်ပိုင် “မိသားစု” ဆိုတဲ့စိတ်ကူးလေးကိုပါ ရောပြီး
ခပ်ကြမ်းကြမ်းလက်တစ်စုံဖြင့် သုတ်လိုက်သည်။
သိမ့်ခနဲ တစ်ချက်သာတုန်သွားသည်
ကိုရင်စိုင်းတစ်ယောက် ကလေးလေးတစ်ယောက်လို အသံအကျယ်ကြီးအော်ပြီး အားပါးတစ်ရသာရှိုက်ငိုလိုက်တော့သည်။ တွေးမိတိုင်း ငိုလိုက်ရင်းနှင့် မျက်ဝန်းမှာ မျက်ရည်တွေကစိုလို့… ရင်ထဲမှာတော့ သွေးတွေရဲရဲနီစွေးလို့
ဟုတ်ကဲ့
ကျွန်တော် အိုပါပြီ။ ဘာမှ မျှော်လင့်ရန်မရှိတော့ပါလို့ပေါ့နော်။
လေးစားစွာဖြင့်..
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
13 comments
ကေဇီ
May 18, 2014 at 8:52 am
😥
lu lu
May 18, 2014 at 8:58 am
အောင် တဲ့သူက မ အောင် တဲ့သူရဲ ့ဆိုင် ကယ်
နောက်မှာထိုင် လိုက်ပြီးဂုဏ်ထူးမပါလို ့ဝမ်းနည်း
မှောက်ခုန်ငို နေတယ် ဆိုတော့ မ အောင် တဲ့သူက
သေဖို ့ပဲရှိတော့တာပေါ့
🙁
ရှူံးနိမ့်မှုများနဲ့.. လူ
May 20, 2014 at 3:06 am
ဆိုတော့ကာ..
ပြောချင်ရင် လိုရင်းရောက်အောင်ပြောစေလိုပါတယ်
ပြောလိုရင်းကိုမရရင် မပြောပါနဲ့
(သို့မဟုတ်)
ဘာမှမသိရင် ဘာမှဝင်မပြောပါနဲ့
တောင်းပန်ခြင်းပါ။
alinsett (gazette)
May 18, 2014 at 10:45 am
😥
😥
alinsett (gazette)
May 18, 2014 at 11:19 am
တစ်ခုလောက် လျှာဝင်ရှည်ပါရစေ ကိုရှုံးရေ
အနာဂတ် လို့ ရေးရမှာထင်တယ်နော်
အနာဂါတ် ဆိုပြီးး ါ မထည့်ရဘူး ထင်တယ်
အခုတလော နေရာတော်တော်များများမှာ တွေ ့နေရတယ်
အနာဂါတ်ဆိုပြီးရေးနေကြတာ
ဟိုတလောက ကျနော်တို့ ရပ်ကွက်စာပေဟောပြောပွဲမှာလည်း
လူငယ် စာပေ နှင့် အနာဂါတ်မြန်မာနိုင်ငံ ဆိုပြီး
လုပ်ချထားတာတွေ ့ရသေးတယ်။
လူငယ်နဲ့ စာပေကြားမှာလည်း ပုဒ်ကလေး ချမထားဘူး
ကြုံလို့ လျှာရှည်တာပါ
🙂
Wow
May 18, 2014 at 12:06 pm
မိန်းမဒွေက မကောင်းဘူး ကိုစိုင်း
ယောက်ကျားဒွေပဲ စဉ်းစားတော့
Mr. MarGa
May 18, 2014 at 1:04 pm
😥
😥
😥
အရီးခင်
May 18, 2014 at 9:55 pm
မောင်ရှုံး ရယ်
မထိတ်သာ မလန့်သာ ရှိလိုက်တာဟယ်။
ဇာတ်လမ်းဆင်တာဘဲ ဖြစ်ပါစေ။
အိမ်လွမ်းသူ
May 19, 2014 at 10:04 am
တကယ်ကြီး မဟုတ်ပါစေနဲ့ လို့ပဲဆုတောင်းပါတယ်။
Ma Ei
May 19, 2014 at 10:36 am
မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရတဲ့ ဘဝ မှာ
မျှော်လင့်ရန်မရှိတော့ပါလို .. အားမလျှော့ပါနဲ့
မျှော်လင့်ချက်တွေပြည့်တဲ့ ..နေ့ ဆိုတာ ရှိလာမှာပါ…
ကြောင်ဝတုတ်
May 19, 2014 at 3:14 pm
ဟေ့လူကြီး… ကျုပ်ပြောပါတယ်ဗျာ…
Life is Life တဲ့… စိတ်ဓာတ်မကျနဲ့… အခက်အခဲနဲ့ဆုံးရှုံးမှုဆိုတာ ကိုယ့်ကိုအရောင်တင်ပေးမယ့် အရာတွေလို့မှတ်လိုက်…
သီချင်းတစ်ပုဒ်ဆိုပြခဲ့မယ်… နားထောင်ချင်ရင် Youtube မှာရှိကောင်းပါရဲ့…
အေးစက်စက်မျက်နှာများ…
ပေါ့ပျက်ပျက်အတွေးအခေါ်များ…
ရက်စက်တဲ့အပြုအမူတွေကြား…
မင်းတစ်ယောက်ထဲမဟုတ်ဘူး…
အားလုံးသောတစိမ်းတရံများ…
အသုံးနဲတဲ့မေတ္တာတရား…
အသဲဟက်တက်အထီးကျန်နေလား…
မင်းတစ်ယောက်ထဲမဟုတ်ဘူး…
ဘာမှမင်းအားမငယ်နဲ့…
စိတ်ဓာတ်လဲကျမနေနဲ့…
ဖြစ်ချင်တိုင်းမဖြစ်တဲ့ကမ္ဘာထဲ…
မင်းတစ်ယောက်ထဲမဟုတ်ဘူး…
ကိုညီထွဋ်ရဲ့သီချင်းဗျာ…
မင်းတစ်ယောက်ထဲမဟုတ်ဘူးတဲ့…
ကျုပ်တစ်ယောက်ထဲလဲမဟုတ်ဘူး…
ခင်ဗျားတစ်ယောက်ထဲလဲမဟုတ်ဘူး….
တကယ်တော့ လူသားအားလုံး ကိုယ့်ဘဝနဲ့ကိုယ် ဒုက္ခတို့ အခက်အခဲတို့ရှိတတ်ကြတာပါပဲ…
ခင်မင်လျက်-
ကြောင်ဝတုတ်
kyeemite
May 19, 2014 at 3:32 pm
😥
😥
😥
တိတ်ပါကလေးရယ်….
Myat Pearl Phyu
January 8, 2015 at 4:38 pm
တရားနဲ့ဖြေပါ