လူဆိုတာ ဘယ်က ဖြစ် … ?
လူ၏အစ ဘယ်က…
ဒီကနေ့တော့ဖြင့် ကျနော့်ဇာတ်လိုက် စာရေးကြီး ကိုငှက်ကျား ရုံးကအပြန် ပျော်ပျော်ရွှင်ရွှင်မရှိပါဘူး။ အိမ်ပြန်ရောက်တာနဲ့ တိုက်ပုံအင်္ကျီချွတ်၊ ရှပ်အင်္ကျီချွတ် စွတ်ကြယ်ပြတ်ကလေး ဝတ်ပြီး ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းနဲ့ ထုံးစံအတိုင်း ဖွားဘက်တော် ဂျိုးသိန်းဆေးပေါလိပ်ဖွာပြီး မျက်တောင်ခတ်ဘို့တောင် သတိမရနိုင်ဘဲ စဉ်းစားနေလေရဲ့…။
အရေးထဲ ဇနီးသည် `ချော´ကလဲ အိမ်မှာ မရှိ ဟိုဘက်အိမ်က မခွေးမကြီးနဲ့ မိန်းမတို့ ထုံးစံအတိုင်း သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း၊ ပြောကြ ဆိုကြ ပြီးခါမှ အိမ်ပေါ်ပြန်တက်။ `ကိုငှက်ကျား´အနားမှာ ထိုင်ပြီး ညုတုတုစကားသံ စကားသံလေးတွေနဲ့ ခင်ပွန်းသည်ကို အမောပြေစေပါတယ်။
`မောင်… ဘာတွေစဉ်းစားနေတာတုန်း၊ ချောတယောက်လုံး နူတ်ဆက်ဖေါ်မရဘူး။ ဘာလဲ အုန်းသီးထဲရေက ဘယ်သူလာထည့်တုန်း၊ စဉ်းစားနေတာလား´
ခပ်ရွှန်းရွှန်းလေး ပြောလိုက်တော့-
`ထပ်သရီး… ဘာတွေလာ ပြောနေတာလဲ မိန်းမရာ မင်းမသိပါဘူး။ ခုဟာက ပြဿနာကွ၊ ပြဿနာ´
`ဟင်… ဘာပြဿနာတုန်းမောင်၊ ချောမှာ ကိုယ်ဝန်ကြီးနဲ့ ထိတ်စရာ၊ လန့်စရာ ပြဿနာတွေများလားမောင်ရယ်။´ ချောက မျက်နှာ ငယ်လေးနဲ့ ပြောလာပြန်တော့ –
`အေး… ပြဿနာက ကျောက်ဒိုးက စတာဘဲဟေ့´
`ဟယ်… မောင် ကြည့်စမ်း မောင်ဒီအရွယ်ကြီးရောက်ခါမှ ကျောက်ဒိုးပစ်တမ်း ကစားရသလားမောင်ရယ်´
ဒီတခါတော့ ကိုငှက်ကျားက ဒေါသသံလေးနဲ့ ခပ်ဆောင့်ဆောင့် ပြောပြန်ပါတယ်။
`ဘယ်ကလာ ကျောက်ဒိုးပစ်တမ်းကစားရမှာတုန်း
ကွာ၊ ရုံးက ငါ့တပည့် အထက်တန်းစာရေး ကျောက်ဒိုးကို ပြောတာကွသိလား´
`ကိုကျောက်ဒိုးက ဘာလုပ်လိုက်လို့လဲ မောင်- ချောကိုလဲပြောပါအုံး၊ မောင့်ကို တခုခုလုပ်လိုက်လို့ကတော့လေ၊ ချော မခံနိုင်ဘူးသိလား။ မောင့်ဖာသာ မောင်ခံ´တဲ့
ဒီတော့ ကိုငှက်ကျားက မျက်နှာ ကျောတင်းတင်းနဲ့-
`ဟာ… ဒီမိန်းမ အရေးထဲ နောက်တီးနောက်တောက်နဲ့ အေးအေးဆေးဆေး နေစမ်းပါကွာ´
`နေလို့ မရဘူးမောင်- ပြဿနာကို သိရမှ ကြေနပ်နိုင်မယ်´ ဆိုလာတော့ ကိုငှက်ကျား ခမြာ နေ့လည်ဘက်လ္ဘက်ရည်ဆိုင်မှာ ကျောက်ဒိုးတို့အဖွဲ့နဲ့ အလောင်းအစား ပဟေဠိဖြေဘို့ ကိစ္စ `ချော´ကို ပြောပြရ၏။
စာရေးကြီး၊ ကိုငှက်ကျား တို့ရုံးမှာ ထုံးစံအတိုင်း နေ့လည်(၁၂)နာရီ ထိုးရင်ဖြင့် ရုံးအဖွဲ့သားတွေနေ့လည်စာ စားကြ၏။ ကိုငှက်ကျားနဲ့ ထမင်းစားဖေါ်တွေကတော့ အထက်တန်းစာရေး ကျောက်ဒိုး၊ ဘာမထီသာညီနဲ့ စာရေးမ `ဂွမ်ဂွမ်´တို့ ၄-ဦးဖြစ်ပါ၏။ ကျောက်ဒိုးကတော့၊ နာမည်ရင်း ကျောက်ဒိုးပါဘဲ၊ သူ့နာမည်နဲ့ သူပါ၊ ဘာမထီ သာညီက အငယ်တန်းစာရေး နာမည်ရင်းက `သာညီ´၊ ဒါပေမယ့် အထက်အရာရှိမှန်သမျှ ဘယ်သူ့ကိုမှမခံ ပြန်ပြန်ပြောလေ့ရှိလို့ လက်ဝှေ့ကျော် ရွှေဘို၊ ဘာမထီခင်အောင်ကို အားကျပြီး `ဘာမထီသာညီ´လို့ အမည်ပေးထားပါတယ်။
ဂွမ်ဂွမ်က လက်နှိပ်စက်စာရေးမလေး နာမည်ရင်း မဟုတ်ပါဘူး။ နာမည်ရင်းက ညိုညိုအေး။ ဒါပေမယ့် ဘာပစ္စည်းကိုဘဲ ကိုင်ကိုင် အထက်က ပစ်ပစ်ချတာ သူအလုပ်လုပ်ရင် တဂွမ်ဂွမ်နဲ့ မြည် သံကြားရလွန်းလို့ သူ့ကို ဂွမ်ဂွမ်လို့ အမည်ပေးထားတာ၊ တစ်ရုံးလုံးကလဲ သူ့ကို ဂွမ်ဂွမ်လို့ဘဲ ခေါ်ပါတယ်။
ဒီနေ့၊ နေ့လည်၊ ရုံးရှေ့က `ကိုကျောက်ပိ´ လ္ဘက်ရည်ဆိုင်မှာ ကိုငှက်ကျားတို့ ၄-ဦး ဘ္ဘက်ရည်သောက်ကြ၏။ ကိုငှက်ကျားတို့နေ့စဉ် ၂-နာရီထိုးရင်ဖြင့် ကိုကျောက်ပိ လ္ဘက်ရည်ဆိုင်မှာ အမြဲတမ်းထိုင်ကြ လ္ဘက်ရည်သောက်ကြ၊ ဟိုအကြောင်း၊ ဒီအကြောင်း ပြောကြဖြင့် နာရီဝက်လောက် အချိန်ဖြုန်းကြ၏။
ကိုကျောက်ပိက တရုတ်ကပြားပါ။ ရုံးအဖွဲ့၏ ဖောက်သည်။ လ္ဘက်ရည်ဆိုင်အကြွေးလဲရသည်။ ဝန်ထမ်းတစ်ဦးချင်းကို (ဘေလဲ)ဖွင့်ပေးထားသည်။
ဒီနေ့ လ္ဘက်ရည်ဝိုင်းမှာ ကျောက်ဒိုးက စလိုက်တာက ပဟေဠိအဖြေညှိရန်၊ ကျောက်ဒိုးရဲ့ ပဟေဠိမေးခွန်းက လွယ်မလိုနှင့်ခက်၏။ ကိုငှက်ကျားက တယောက် သူတို့က (၃)ယောက်၊ မဖြေနိုင်ရင် ကိုငှက်ကျားက ရုံးတက်ရက် ၁-ပတ် ငါးရက်တိတိနေ့လည်ပိုင်း လ္ဘက်ရည်ဆိုင်မှာ အားလုံးအတွက် ဒကာခံရမည်။ မှန်အောင်ဖြေနိုင်ရင် သူတို့သုံးယောက်က ကိုငှက်ကျားကို ပြန်ပြီးပြုစုရမည်။ သုံးယောက်နဲ့ တစ်ယောက်ဆိုတော့ သူတို့အဖို့ မထောင်းသာလှသော်လည်း ကိုငှက်ကျား အဖို့အကြွေးတင်သွားနိုင်တော့ ကိုငှက်ကျား စဉ်းစားရပြီ….။
ပဟေဠိမေးခွန်းက `လူအစ ဘယ်ကလဲ ကမ္ဘာမြေကြီးပေါ်မှာ လူတွေ ဘယ်လိုစတင်ပေါ်ပေါက်လာသလဲ´တဲ့
ချောကို ဒီအကြောင်း ပြောပြတော့ ချောက-
`မောင်ကလဲ… ချောနဲ့ မောင်နဲ့ ညားလို့ ခုချောမှာတောင် ကိုယ်ဝန်ရှစ်လရှိနေပြီ။ နောက်တစ်လကျော်ရင် မွေးတော့မှာ…. လူကို ဒီလိုစဖြစ်လာတာပေါ့ မောင်ရဲ့ မဟုတ်ဘူးလား။ ဒါလေးများ ကမ္ဘာအေး တောင်သွားစရာမလိုဘူး။ ဖြေလိုက်ပါလား…။ အ ရန်ကော´တဲ့
ကိုငှက်ကျားက `တော်စမ်းပါ ချောရာ၊ မင်းဖြုတ်ဦးဏှောက်နဲ့ လာပြောမနေနဲ့ ခုဟာက ဒီလိုအဟုတ်ဘူးကွ။ ကမ္ဘာဦးပေါ်စက ဒီကမ္ဘာမြေကြီးပေါ်မှာ- လူဆိုလို့ ဘာမှမရှိဘူးတဲ့၊ သစ်ပင်တွေ၊ ရေအိုင်တွေ၊ တောင်တွေ၊ ချောင်းတွေ ဖြစ်တွေဘဲ ရှိသတဲ့။ နောက်မှ လူတွေပေါ်လာတာ။ ဒီလူတွေဟာ ဘယ်ပေါ်ကကျလာတာလဲ ဒါကို အကြောင်းပြချက် သက်သေနဲ့ အဖြေထုတ်ရမှာကွ၊ ဖွီး… မင်းပြောရတာ မောလိုက်တာ´
ချောက မျက်တောင်မခတ် နားထောင်ရင်းနဲ့ ရုတ်တရက်… ´ဟာ… မောင် ဒါဆိုမောင့်ကို အကြံပေးရမယ်။ ဒီပွဲမှာ ချော ယောင်္ကျားနိုင်မှဖြစ်မယ်။ နိုင်ကိုနိုင်ရမယ်´
`ပြောစမ်းပါဦး။ မင်းအစီအစဉ်က… ဘယ်လိုတုန်း´ ကိုငှက်ကျားက ပြောတော့ `ဒီလိုလေ- မောင်ရဲ့ အိမ်မှာ မောင်အလုပ်ဝင်စကတည်းက စုထားတာ စုအုပ်တွေ သေတ္တာနဲ့ (သုံး)လုံးတောင် ရှိတယ်။ အဲဒီထဲမှာ ရှာကြည့်ရင်၊ ပုံပြင်လိုလို စာအုပ်တွေထဲမှာ တစ်ခုမဟုတ် တစ်ခုမောင်တွေ့မှာဘဲ…။ ဒီညမောင်ကြိုးစားပြီးလုပ်ပေတော့´ဆိုတော့ ကိုငှက်ကျား ခပ်ပြုံးပြုံးနဲ့ `ကြိုးစားပြီး စာအုပ်ရှာဘို့ပြောပါကွာ- မင်းစကားကလဲ အရင်းမရှိ အဖျားမရှိ´နဲ့ ဆိုပြီး နှစ်ယောက်သား ရယ်ကြပါကုန်ရော….။
ဒီည ညစာ ထမင်းစောစော စားကြ၏၊ ချောက သူ့ထုံးစံအတိုင်း ဧည့်ခန်း ဆက်တီပေါ်မှာ ဇီမ်နဲ့ ထိုင်ပြီး TV ကြည့်နေလေရဲ့၊ ကိုငှက်ကျား တယောက်တချွတ်ချွတ်နဲ့ စာအုပ်သေတ္တာတွေဖွင့်ပြီး စာအုပ်တွေလှမ်လှောကာ ကျောက်ဒိုးတို့ သုံးဦးကို မဟေဠိ အနိုင်တိုက်ဖို့ အထောက်အထားကိုရှာနေ၏။ ည ၁၁-နာရီထိုးနေပြီ။ ချောက အိပ်မောကျနေပြီ။ ဟောက်တောင်ဟောက်လိုက်သေး၊ ကိုငှက်ကျားကဇွဲကောင်းတုန်း၊ ၁၂-နာရီ၊ ၁-နာရီတွေ့ပြီ တွေ့ပြီ၊ ကိုငှက်ကျား၊ တွေ့ပါပြီ။ စာရေးဆရာကြပ်ကလေး၏ `စာပေါလောက´ထဲက ပုံပြင်လေး ကောင်းလိုက်တာ။ ကိုငှက်ကျား ငြိမ်ပြီး ဖတ်နေတုန်း `ဝုန်း´ကနဲ ထုတ်တန်းပေါ်က ခုန်ချ- ပခုံးပေါ်ကျ `အောင်မယ်လေးဗျ… ကြောင်စုတ်- ကဲဟာ- ကဲဟာ´နဲ့ ဆိုပြီး ကောက်ပစ်လိုက်တာ အသံတွေ ညံလာတော့ ရုတ်တရက် ချော လန့်နိုးပြီး…
`မောင်ရယ်… လန့်သွားတာဘဲ၊ မောင်လုပ်လိုက်ရင် ဒီလိုချည့်ဘဲ´ ကိုငှက်ကျားက သူ့ပဟေဠိအတွက် အဖြေရကြောင်း ချောကို ပြောပြတော့ ချောက ခေါင်းတငြိမ့်ငြိမ့်နဲ့ နှစ်ယောက်သား အိပ်ယာဝင် ခဲ့ကြ၏။
ကိုငှက်ကျားရဲ့ အောင်ပွဲ
`စာရေးကြီး ဒီနေ့ တယ်ခန့်ငြားနေပါလား။ ထူးတော့ ထူးတယ်။ တပြုံးပြုံးနဲ့´
စာပွဲလာပြီး ဘာမထီသာညီက စလေတော့…`ထူးရမှာပေါ့ကွာ… ထူးရမှာပေါ့၊ မင်းတို့ သုံးယောက် ပိုက်ဆံအပြည့်အစုံတော့ ပါတယ် မဟုတ်လား။´ တပတ်စာနော်လို့ ကိုငှက်ကျားက စလိုက်တာနဲ့ ဟိုသုံးယောက် ခေါင်းချင်းဆိုင်ပြီး တီးတိုး တီးတိုး ပြောနေတာကို ကိုငှက်ကျား မိသီးခြင်ထောင်ထောင်နေပါ၏။ (မသိချင်ယောက် ဆောင်နေပါ၏။)
နေ့လည် ၂-နာရီထိုးပါပြီ။ စာပွဲနား ဂွမ်ဂွမ်ရောက်လာပြီး `စာရေးကြီး ကျမတို့ သွားကြမယ်လေ။´ ခေါ်တာနဲ့ လေးယောက်သား ကိုကျောက်ပိ လ္ဘက်ရည်ဆိုင်ချီတက်ခဲ့ကြပါပြီ။ ကိုငှက်ကျားက စားပွဲထိပ်မှာထိုင်ပြီး-
`ကဲ… မင်းတို့ ကြိုက်တာသာမှာပေတော့ ကြိုက်သလောက်စား ကျသလောက်ရှင်းဆိုသလိုပေါ့ကွာ။´ အစချီလိုက်တော့ သူတို့ သုံးယောက် တစ်ယောက်တလဲ မျက်စပစ်ခါနဲ့ စားပွဲထိုးကောင်လေးခေါ်ပြီး လ္ဘက်ရည်နှင့် မုန့်များမှာလိုက်၏။
ကျောက်ဒိုးကစ၏ `ကဲစာရေးကြီး မနေ့က ကျနော့် ပဟေဠိလေး သမိုင်းအထောက်အထားနဲ့သာ ယုတ္တိရှိအောင်ရှင်းပေတော့´ဆိုလက်သည်နှင့် ကိုငှက်ကျား ချောင်းတချက်ဟန့်လိုက်ပြီး။ ကဲ… အားလုံး နားထောင် ငါရှင်းပြမယ်။ ဆိုကာ အောက်ပါအတိုင်း ကမ္ဘာဦးအဖြစ်အပျက်ကလေးကို ရှင်းပြလေတော့၏။
`ဒီလိုကွ… ကမ္ဘာဦးပေါ်စက ကမ္ဘာပေါ်မှာ မင်းတို့ ပြောသလို လူတွေမရှိသေးဘူး။ သဘာဝအလှအပတွေ တောတောင်၊ မြစ်ချောင်းတွေတော့ရှိသတဲ့ကွ… ကောင်းကင်မှာတော့ နေမင်းသားလေးနဲ့ လမင်းသမီးလေးရှိတယ်။ သူတို့ဟာ အတူတူ နေကြရင်းနဲ့ ကြာလာတော့၊ တစ်ဦးကို တစ်ဦးသံယောဇဉ်ညိတွယ်ပြီး ချစ်ကြိုက်ခဲ့ကြတယ်။´
ကျောက်ဒိုးကကြားဖြတ်၍- `အလယ်တယ်ဟုတ်ပါလား ဆက်ပါဦး´ဟု ပြော၏။
`ဆက်ပါ့မယ်။ နားထောင်ပါ။ အဲဒါနဲ့ အချစ်နယ်လွန်ပြီး `လ´မင်းသမီးလေားမှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရင့်လာတော့ လမင်းသမီးလေးက လက်ထပ်ဘို့ပြောတယ်။ ဒါပေမယ့် နေမင်းသားက လက်မထပ်ချင်ဘူး။ အတွေ့မခံဘဲ ရှောင်တယ်။ နေမင်းသားလေးက ပြေး၊ လမင်းသမီးလေးက လိုက်၊ သူတို့မဆုံဖြစ်ကြတော့ဘူး။ အဲဒီအချိန်ကစပြီး `နေ့´နဲ့ `ည´ဆိုတာ ဖြစ်လာတယ်´တဲ့။ `အား အဲဒါ ယုတ္တိရှိတယ် စာရေးကြီးလို့´ ဘာမထီသာညီက ထောက်ခံ၏။
ကိုငှက်ကျားက `အဲဒါနဲ့ ဆက်ရရင် လမင်းသမီးလေးဟာ ဝမ်နည်းပူဆွေးစွာနဲ့ နေမင်းသားလေးရဲ့ ကိုယ်ဝန်ကို လွယ်ထားရတယ်။ ဖွားရက်ပေါ့ကွာ။ စေ့တော့ မအောင့်နိုင်တော့ဘဲ ကမ္ဘာမြေကြီးပေါ်ကို လ-ရဲ့ ဥတွေ ဥချလိုက်တယ်တဲ့။ အဲဒီ လ-ဥတွေကနေ လူတွေပေါက်လာတယ်။ ကဲ… ဒါဘဲ မင်းတို့ထဲက ဘယ်သူငြင်းမလဲ။ မင်းတို့သိထားရမှာက၊ လူဆိုတာ လ-ဥကနေဖြစ်တယ်ဆိုတာဘဲ။ `လ-ဥက လူဖြစ်တာ´ငြင်းမဲ့သူ ငြင်းဆိုတော့ အားလုံးခေါင်းတငြိမ့်ငြိမ့်နဲ့ `စာရေးကြီးတော်ပါတယ်။ အထောက်အထားခိုင်လုံပါတယ်´ဟု ကျောက်ဒိုးက ဝန်ခံပြီး `ကျနော်တို့ သုံးယောက်ရှုံးပါပြီ ကတိမပျက်ပါဘူး။ တပတ်လုံးပြုစုပါ့မယ်´လို့ လဲ ကတိပေးလိုက်ရော…။
ဂွမ်ဂွမ်က `စာရေးကြီးရယ် အဲဒီ လ-ဥတွေ ကျမမြင်ဖူးချင်လိုက်တာနော်´ဆိုတော့
ဘာမထီက `ဟဲ့… ဂွမ်ဂွမ်.. လ-ဥဆိုတာ မိန်းကလေးတွေ မကြည့်ရဘူး။
`ကြည့်ရင် ဘာဖြစ်တတ်လဲ… ဟင်´
`ဟာ… နင်ကလဲတယ် အမေးအမြန်းထူးလိုက်တာ။ ကြည့်ရင်- အကောင်မပေါက်တော့ဘူးတဲ့…´
`ဟား… ဟား… ဟား… ဟား´
လေးယောက်သား ပျော်ပျော်ပါးပါး ရယ်မောကြပါလေသတည်း….။
ကဲ စာဖတ်ပရိသတ်တို့ရေ… လူဆိုတာ လရဲ့ဥ၊ လ-ဥ ကနေပေါက်ဖွားလာတယ်ဆိုတာ ယုံကြည်ကြစေဖို့ အထောက်အထားနဲ့တကွ ဒီလတင်ဆက်လိုက်ရပါကြောင်း….။ ။
ရယ်မောရင်းနဲ့ ဘဝအမောပြေနိုင်ကြပါစေ………………………
**မဟာဇော်- မကွေး **