မိုးးးးးးး
မိုးတွေရွာပြီ…။
ငယ်ငယ်က မိုးရွာရင်ဖြင့် ဘယ်သူပျော်ပျော်မပျော်ပျော် ကောင်းကင်ပြာတော့ သိပ်ပျော်တာပဲ…။ နွေအပူဒဏ်ကလွန်ပြီး ခေါင်မိုးပေါ်မိုးကျသံတဖြောက်ဖြောက်အောက်မှာ အိပ်ရတာလောက် အပျင်းထူလို့ ကောင်းတာမရှိ…။ ကော်ဖီပူပူခွက်လေးကိုင်၊ ပြတင်းပေါက်ဘေးရပ် အပြင်ကိုကြည့်ရင်း မိုးရွာတာကြည့်ရင်း မိုးနံ့ပါတဲ့ လေကိုရှုရတာလဲ သဘောကျတယ်….။ အဲ့ဒီကော်ဖီခွက်လေးနဲ့ အိပ်ယာပေါ်တက်၊ စောင်လေးလွှားထား၊ ခေါင်းအုံးလေးမှီပြီး စာအုပ်ဖတ်ရတာလဲ နတ်ပြည်စည်းစိမ်လို…။
မိုးရာသီဆို သူငယ်ချင်းတွေ ညည်းတတ်ပေမယ့် ကောင်းကင်ပြာတော့ မိုးရွာတာကို အတော်သဘောကျခဲ့ဖူးတယ်..(Invertebrate တွေကို ကြောက်တာကလွဲရင်..)။ ငယ်ငယ် စက်ဘီးလေးစီးရင်း မိုးရွာထဲ အဆောင်းအကာမပါဘဲ ကျူရှင်သွားဖူးတယ်..။ ကတ္တရာလမ်းတွေက မညီတော့ ကားလမ်းဘေးစက်ဘီးစီးလို့ ထီးကိုင်ဖို့အတွက် လက်တစ်ဖက်လွှတ်စီးရရင် မတော်တဆဖြစ်မှာစိုးတာနဲ့ ထီးတောင်မကိုင်ခဲ့။ မိုးရေထဲ ကျူရှင်သွားပြီး ကျူရှင်စာသင်ချိန် ၁နာရီခွဲ ၂နာရီက ခေါင်းစုတ်ဖွား အဝတ်ရေစိုနဲ့ပေါ့..။ ဆရာမက သူ့အဝတ်တွေ ပေးဝတ်ပေမယ့်..အမြဲငြင်းခဲ့တာပဲ…။ ခေါင်းသုတ်ဖို့ တဘတ်လေးထုတ်ပေးရင် မြင်ကောင်းရုံ တစ်ချက်နှစ်ချက် ဆံပင်သုတ်ခဲ့တာ…။ ကျူရှင်ပြီး အိမ်ပြန်လားဆိုတော့လဲ မဟုတ်သေး..။ လမ်းမှာရှိသမျှ သူငယ်ချင်းတွေအိမ်ဝင်ပြီး တော်ကီပွား ရှိတာစား စားတာကုန်။ ကုန်ရင် နောက်တစ်အိမ်ထပ်ကူးတော့တာပဲ…။ အဲ့လို သုံးလေးအိမ်ပတ်ပြီးမှ အိမ်ပြန်ရကောင်းမှန်းသိတယ်….။
ရန်ကုန်မိုးလဲ ပျော်တာပဲ…။ လမ်းပေါ်ရေကျော်လဲ ပျော်ပျော်ပဲ..။ အဲ့ဒီရေပေါ်ခုန်ခုန်ပြီး ဘေးကလူကို စင်အောင် စ ရတာလဲ အရသာတစ်မျိုးရယ်..။ ညသန်းခေါင်မိုးရွာလို့ အိမ်သားတွေ အိပ်ကောင်းရင် အိမ်အောက်ခြံထဲဆင်းပြီး မိုးရေချိုးတယ်..။ အားရအောင်မိုးရေချိုးပြီးမှ ရေပြန်ချိုး နွေးအောင်နေ..ဆံပင်တွေ ပြီးစလွယ်သုတ်ပြီး ပြန်အိပ်တာပါ…။ ဒါပေသည့် အဲ့ခေါင်းရေစိုဟာ နောက်နေ့မနက်ထိ ခြောက်တယ်မရှိ…။ ဒီဒဏ်တွေကြောင့်လဲ ခုလိုအသက်လေးရလာတော့ အိပ်ရေးပျက်တဲ့ညများစိပ်လာရင် အာရုံကြောက ထထရောင်တော့တာပဲ…။
ရုံးမှာ အလုပ်လုပ်နေရင်း ခုလိုမိုးများရွာလာရင်.( ဒီစာရေးနေရင်း အပြင်မှာ မိုးတော်တော်သည်းသည်းရွာနေပါတယ်…) အိမ်ပြန်ပြေးပြီး အပျင်းထူချင်တော့တာပဲ..။ ကောင်းကင်ပြာဘဝမှာတော့ မိုးတွင်းမှာ ဖြစ်ခဲ့တဲ့ မှတ်မှတ်ရရ တစ်ခုကို ခုထိ မေ့မရနိုင်ဘူးဖြစ်နေတယ်…။
လွန်ခဲ့တဲ့ ၆ နှစ်ကပါ..။ ရုံးကအစ်မတစ်ယောက်နဲ့အတူ ညနေတော်တော်စောင်းတဲ့အချိန် သမိုင်းကျိုက်ဝိုင်းဘက်ကွေ့ကနေ သမိုင်းCity Mark ရှေ့ ရေကူးတာပါ..။ အဲ့ဒီအစ်မကလဲ သူ့မိဘဆီ လူကြုံရှိတုန်း ပစ္စည်းပို့ချင်တဲ့အချိန်၊ အဲ့ဒီပစ္စည်းကိုလဲ သမိုင်း City Mark မှာ တွေ့ခဲ့တယ်လို့ ကောင်းကင်ပြာက သတင်းပေးမိလေတော့…သူကကောင်းကင်ပြာလက်ကို မလွှတ်တန်းဆွဲပြီး ရေများမှန်းသိသိကြီးနဲ့ ၂ယောက်သား သမိုင်းထိ ချီတက်လာတာပါ…။ ၂ယောက်က လှည်းတန်းဘက်ကပြန်လာပြီး သမိုင်းလဲရောက်ရော ရေတွေက ဘက်စ်ကားပေါ်ထိ ရောက်နေတာ..။ ကားတန်းကြီးက ပိတ်နေတာမပြီးနိုင်မစီးနိုင်…။ မဖြစ်ချေဘူး..၊ စွန့်စားမှရတော့မယ်လို့ သဘောပိုက်ပြီးနောက် ၂ ယောက်သား ကားပေါ်ကဆင်း. အောက်ကို ခြေထောက်များနဲ့ တို့ကာတို့ကာ စမ်းပြီး ပလက်ဖောင်းပေါ် ကြိုးစားတက်လာကြတာပါ…။ သမိုင်းပလက်ဖောင်းကလဲ သိကြတဲ့အတိုင်း လကမ္ဘာမျက်နှာပြင်လို ကျင်းတွေချိုင့်တွေက အပြည့်…။ ကံကောင်းတော်မူလို့ မြောင်းပေါက်မကျွံဘဲ ကျိုက်ဝိုင်းကွေ့ထိ ၂ယောက်သား ချီတက်လာနိုင်ကြတယ်…။
ကဲ…ဟိုဘက်လေးများကူးပြီးရင် ပြီးပြီလေပေါ့…။ ဟိုဘက်လေးကူးဖို့ဆိုတာကလဲ ပြောတော့သာလွယ်တယ် အခြေနေက မချေငံဘူး…။ သမိုင်းမှာ ရေကြီးတယ်ဆိုတာ လှေစီးလို့တောင် ရတဲ့ အနေအထား… ။ ရေကို ဘေးတိုက်အနေအထားနဲ့ ဖြတ်ကူးရမှာ….။ လက်ထဲမှာလဲ ထမင်းခြင်းတောင်းနဲ့ ဘေးမှာ အိတ်ကိုယ်စီနဲ့ လက်တစ်ဖက်က ထီးတစ်ချောင်းစီနဲ့ပါ…။ ကဲ..မထူးဘူးလေ..၊ ဒီထိတောင်ရောက်ပြီးမှပဲ…။ ၂ယောက်သား တရုတ်ကားထဲကလို အတွင်းအားသုံးပြီး ဖြတ်ကူးဖို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်..။ ငါက အငယ်ပဲလေ…သွက်သွက်လက်လက် ရှေ့ကသွားရမှာပေါ့…။ အဲ့ဒီအတွေးအဆုံးမှာ ကိုယ့်ကိုယ်ကို သူရဲကောင်းလုပ်ပြီး ကတ္တရာလမ်းပေါ် ခြေလဲချလိုက်ရော……
:
:
:
:
ကောင်းကင်ပြာလဲ ကတ္တရာချိုင့်ပေါက်ထဲ ခြေထောက်ခေါက်ပြီး လဲပါလေရော….။ လက်ထဲရှိတဲ့ပစ္စည်းတွေလဲ လွတ်ကျနဲ့ အတော်ကို ဝရုန်းသုန်းကား ဆူဆူညံညံ ဖြစ်သွားတာပေါ့…။
ကောင်းကင်ပြာလဲတော့ ဘေးနားမှာရှိတဲ့လူတွေ ဝိုင်းရီကြတယ်…။ ကောင်းကင်ပြာလဲ တော်တော်အံ့ဩသွားတယ်..။ ဟင်…မိန်းခလေးတစ်ယောက် ဒုက္ခရောက်တာ ဘာလို့ရီကြတာလဲ???…။ လာဝိုင်းမကူ၊ လာမထူတဲ့အပြင် သူတို့ ဟားကြတယ်..။ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုမရှိသေး၊ လူတွေအကြောင်းသိပ်မသိသေးတဲ့ အဲ့ဒီအချိန်မှာ ခုလိုရီတာက ကောင်းကင်ပြာအတွက် အတော်ကို ထူးဆန်းသွားတာပါ….(ခုချိန်ထိလဲ ထူးဆန်းနေတုန်း…)။ ဘာများ ရီစရာပါလို့တုန်း…။
ဒီလို အရီခံရလို့များ ကောင်းကင်ပြာတို့ မရှက်ဘူးနော်..ဒါမျိုးတော့…။ မျက်နှာက အစဉ်ပြောင်လက်တောက်ပတဲ့ စတီးလ်လို ခပ်ပြောင်ပြောင်ပဲ…။ ဟုတ်တယ်လေ..ရှက်စရာလား…စဉ်းစားကြည့်..၊ သူများပစ္စည်းခိုးတာလဲမဟုတ်၊ ငါးပါးသီလဖောက်ဖျက်တာလဲမဟုတ်၊ တခြားလူကို ကိုယ်ထိခိုက်အောင်၊ စိတ်ထိခိုက်အောင်လုပ်တာလဲမဟုတ်..။ ကိုယ့်အမှားကြောင့် ပေါ့လျော့လို့ အလျင်လိုလို့ မလဲသင့်ဘဲ လဲရင်တော့ ကိုယ်ညံ့လို့ မို့ ရှက်ဖို့ကောင်းပါလိမ့်မယ်…။ ခုလိုအနေအထားကတော့ မှောင်လဲမှောင်နေတဲ့အချိန်၊ အောက်မှာဘာရှိမှန်းမသိ ဒီတော့ လဲသည်ပေါ့….။ ဒါဟာ လဲသူရဲ့ အပြစ်လား..။ အဲ့ဒီအချိန် မရှက်နိုင်ဘဲ တွေးလိုက်မိတဲ့ အတွေးတစ်ခုကတော့ တကယ်ကို မှတ်မှတ်ရရဖြစ်ခဲ့တာပါ…။
အဲ့ဒီအချိန် ကောင်းကင်ပြာရှက်တဲ့စိတ်ဖြစ်ဖို့ထက် တခြားအတွေးတွေ အများကြီးတွေးမိနေတယ်…။ ပထမဆုံး တွေးမိတာက ငါသာဆိုရင်ရော ခုလိုရီမိနိုင်မလား (ကောင်းကင်ပြာ ခုချိန်ထိတော့ သူများကိုယ့်ရှေ့ဒုက္ခရောက်တာမြင်ရင် အလျဉ်းမသင့်လို့ မကူညီမိတောင် ပြုံးစိစိတောင် မလုပ်ခဲ့ဖူးပါ…) နောက် ဆက်တွေးမိလိုက်တာက တချို့လူတွေမှာ ဒီလိုစိတ်ဓာတ်တွေ ရှိနေကြတာလား..။ အရင် စာအုပ်ထဲဖတ်ဖူးတဲ့ မြန်မာပြည်ကလူတွေဟာ သနားကြင်နာပြီး ကူညီတတ်တယ်ဆိုတာ တကယ်တော့ မဟုတ်ဘူးလား..။ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ဆိုတာ ရန်ကုန်မြို့ကြီးမှာ မရှိတော့ဘူးလား…။ ခုလို သူများဒုက္ခရောက်တိုင်းရီတဲ့သူတွေများလာရင်..နောက်ဆိုဘာတွေများ ဆက်ဖြစ်သွားနိုင်မလဲ…..။
အတွေးတွေ တသီကြီးနဲ့ပဲ ထူထပြီး ခရီးဆက်ခဲ့သည်ပေါ့….။ ဒါပေမယ့်လေ…အဲ့ဒီအဖြစ်ဖြစ်တော့…
ဟိုကြော်ငြာထဲက ဟိုကလေးလေးပြောသလို ပြောရရင်…
”သူများဒုက္ခရောက်တာမြင်လို့ ရီတဲ့သူတွေကိုလေ..သမီးတော့ သိပ်မုန်းတာပဲ မေမေ ”
ကောင်းကင်ပြာ
17 comments
Myo Thant
June 16, 2014 at 4:52 pm
မိုးကိုချစ်သည် ဒါပေမယ့်မုန်းသည် ၊
အမုန်းဆုံးက မိုးရာသီ ၊
Kaung Kin Pyar
June 16, 2014 at 6:02 pm
အူးမျိူးချစ်သည့်မိုးက လူ၊ မုန်းသည့်မိုးကတော့ မိုးရာသီများလား မသိ 😀
Kaung Kin Pyar
June 17, 2014 at 9:44 am
ဟာ…ဒါဆို လုလုနဲ့ ကောင်းကင်ပြာ အဆင်ပြေသွားဘီ…။
ကောင်းကင်ပြာကတော့ ဆုန်ဂျူးလေးမှ ဆုန်ဂျူးလေးပဲ…..:S:
lu lu
June 16, 2014 at 7:43 pm
မိုးရာသီအမှတ် တရ တွေက တော့
စိတ်ပျက်စရာလို ့ထင် ခဲ့တာတွေက အချိန်တွေကြာလာတာနဲ ့
အမျှ လွမ်းစရာ ၊ ရယ် မောစရာ ကောင်းတဲ့ အတိတ်က အမှတ်တရ တွေ
အဖြစ် ပြောင်းလဲသွားတတ် ကြတယ် နော် မိုးရာသီကို မုန်းတယ် ဒါမဲ့ မိုးကို
ချစ်တယ် ဟဲဟဲ ကိုရီးယား မင်းသား Rain ကိုပြောတာနော်
😀
ခင် ခ
June 16, 2014 at 10:07 pm
မိုးရွာတာရပ်လိုက်စမ်းပါ့ ဒေဝါနတ်မင်းရှင်ရယ်
ခုဆိုရင် အောက်ထပ်က အိပ်မရဘူးရေဝင်တယ်
အပေါ်တင်တဲ့ရေပန့်လေးမြုပ်တယ်
စက်ဖွင့်ရင်ဗွက်ရေတွေပါ ခုဆိုပါလာတော့မယ်
မိုး ရွာ တာ ရပ် လိုက် ပေး ပါ ရန် ကုန် သူ များ ဆု တောင်း တယ်
ဝင့်ပြုံးမြင့်
June 17, 2014 at 12:30 am
ရန်ကုန်မြို့ကြီးက နေချင်စရာမရှိတော့သလိုပဲ။ စိတ်ပျက်စရာကြီးပါလား။
surmi
June 17, 2014 at 12:42 am
ဒုက္ခရောက်သူအမှန်အကန်ကိုတော့ မရီခဲ့ဖူးပါဘူးလေ
သို့သော် …
ငယ်စဉ်ကတော့ အယောင်ဆောင်ဒုက္ခသည်တွေ့ရင် ဖေါ်ထုတ်ခဲ့ဖူးတယ် ။
အခုတော့
နားအေးပါးအေးဘဲနေချင်တော့တယ်
Kaung Kin Pyar
June 17, 2014 at 9:51 am
ဟုတ်တယ် မဝင်းပြုံးမြင့်ရဲ့…ခုချိန် နေခဲ့ဖူးတဲ့ ရှမ်းပြည်ကို သတိရတယ်..။ ဟိုမှာ အေးပေမယ့် နေလို့ကောင်းတယ်..။ နားအေးပါးအေး ကားသံလူသံသိပ်မရှိ….မီးပွိုင့်မရှိ၊ ကားပိတ်တာမရှိ ဖုန်မှုန့်တွေ၊ ညှော်နံ့ ကားအိတ်ဇောကထွက်တဲ့အနံ့တွေမရှိ၊ လေသန့်သန့်လေးရှုပြီး ချစ်စရာကောင်းတဲ့ ရှမ်းချောချောလေးတွေလဲ ရှိတယ်….ဟီးးးးဟီးးး
Kaung Kin Pyar
June 17, 2014 at 9:54 am
ကိုဆာမိ
တချို့ ဒုက္ခရောက်ချင်ယောင်ဆောင်ဖူးတာတွေ တွေ့ဖူးတယ်…
မယ်မယ် တခါလား ဖယ်ရီစောင့်နေရင်း တွေ့ဖူးသေးတယ်..။ ထုံးစံဟောင်းကြီးအတိုင်း ဘယ်သွားမလို့ပါ..ကားခ မရှိပေါ့..။ အဲ့ချိန်ကိုယ့်မှာ (ကြွားတာတော့မဟုတ်ပါဘူး) ငါးရာတန် တစ်ရွက်နဲ့ နှစ်ရာတန်တစ်ရွက်ပဲ အိတ်ထဲမှာရှိတယ်…။ အင် မှန်းတော့သိပါတယ်..။ ဒါပေသိ သူလဲ မရှိလို့ လုပ်စားနေတာပဲလေဆိုပြီး ရှိတဲ့ ငါးရာတန်လေးပေးလိုက်တယ်..
မယ်မယ်..ဒီတော့ ဘာပြောတယ်ထင်လဲ…မနက်စာလဲမစားရသေးလို့ အဲ့လက်ထက်က နှစ်ရာတန်လေးပါ ပေးပါလားငင် တဲ့…..။
ဒါမျိုးတော့ နည်းနည်းများတာပေါ့နော…
ဇီဇီ
June 17, 2014 at 11:58 am
မန့်တော့မန့်ချင်ရဲ့။
ဟိုနေ့ကပဲ မိုးသီချင်းတွေ ကုန်အောင် ဆိုပြီးလို့ သီချင်းဆိုနိုင်တော့ဘူးးး
😀
အမကလေ မိုးရာသီကို မကြိုက်ဆုံးးးးး
အုံ့ နေတာတော်သေးးး
နောက်ပြီး ဝတ်တာက အဖြူများတော့ အဲ ဒီ အဖြူမှာ စင် တဲ့ ရွှံ့စက် ဒီဇိုင်း အသစ်တွေကို ကြည့်ပြီး ရင်နာရတယ်။
😥
သူများဒုက္ခရောက်မှ ရီစရာတွေ့တဲ့သူမျိုးတွေ သူတို့ဒုက္ခရောက်ရင် ကြည့်လိုက်။
ကူကယ်ရာမဲ့ ပဲ။
:hint:
Kaung Kin Pyar
June 17, 2014 at 12:31 pm
ဟုတ်တယ် မဇီဇီ…။ ရွှံ့တွေက ဖျက်ရလဲခက်သေးတယ်….။
ပြီးတော့ ကားတွေက ကိုယ်ချင်းမစာရင်…ဒေါသလဲ ထွက်ရသေးတယ်…
အိမ်ပြန်တဲ့အချိန်ဆိုတော်သေး….ခုမှ ထွက်မယ်ဆို…ပိုစိတ်ဆင်းရဲရတယ်…
😥
😥
kyeemite
June 17, 2014 at 1:09 pm
မိုး…ဒီမိုး..ဒီမိုးသည်းတဲ့ညတွေ. ♪♫
မိုးရေထဲမှာ အဝတ်အစားနဲ့ရေစိုခံပြီးလျှောက်သွားရတာ ပျော်ခဲ့ဖူးပါတယ်…ကြိုက်တယ်
alinsett (gazette)
June 18, 2014 at 7:00 am
ဒုက္ခဆိုတာ နောင်တချိန်မှာဖြစ်လာမယ့် ဟာသပါတဲ့
အကြည်တော် ပြောတာပဲ
black chaw
June 18, 2014 at 11:37 am
မိုးရာသီကို ကျွန်တော် အကြိုက်ဆုံးဗျ…။
ကျွန်တော်တို့ အိမ်က လယ်ကွင်းထဲမှာလေ…။
မိုးတစ်နေကုန်ရွာပြီဆိုရင် စောင်လေးခြုံပြီး ဝတ္ထု တစ်အုပ်ကို
စိမ်ပြေနပြေ ဖတ်လိုက်
ကော်ဖီလေး သောက်လိုက်
အတော် အရသာရှိတာကလား…။
ဆိုတော့ ဟိုတုန်းကမိုးကို ပြန်လွမ်းတယ်…။
😀
Crystalline
June 18, 2014 at 11:50 am
မိုးရာသီကို ငယ်ငယ်ကတော့ကြိုက်ခဲ့တယ်..ခုတော့မုန်းတယ်… :((
သူများဒုက္ခရောက်တာကို ရယ်ကြတယ်ဆိုလို့… အစ်မလည်း တီဗွီအစီအစဉ်မှာလာတတ်တဲ့.. ဖန်းနီးရက်စ်ဘာ ဆိုလား…အစီအစဉ်မှာ. သူများမတော်တဆဖြစ်တာ.. တချို့ဆို.. အန်ဒရယ်ရောက်လောက်အောင် ဖြစ်တာတွေကို ဟာသလိုစီစဉ်ပြီးလွှင့်တဲ့အစီအစဉ်ကို အသေမုန်းတာ.. နောက်ခံလူရယ်သံတွေက ပါလိုက်သေး :s:
နောင် ရိုး
June 19, 2014 at 2:31 pm
အင်းပေါ့လေ..
ညဘက် မိုးရေခိုးချိုးတော့ တီကောင်တွေ မမြင်ရတော့ဘူးပေါ့…
သူတို့ ကောင်းကင်ပြာ ခြေထောက်အောက်မှာ ဘယ်နှကောင်လောက်များ သေသွားကြပါ့….
😥
Kaung Kin Pyar
June 19, 2014 at 4:29 pm
တီကောင်ဆို အသဲယားလွန်းလို့ မနှောက်ဇမ်းဘာနဲ့ နောင်ရိုးရယ်…