ကျွန်တော့် မှတ်မိခြင်းများ
. . . . အရှေ့အရပ်ဆီမှာ ရောင်နီသန်းနေပြီဖြစ်စေ. . .အနောက်အရပ်ဆီမှာ ဆည်းဆာအရိပ်တို့ လွှမ်းအုပ် အိပ်စက်တော့မည်ဖြစ်စေ . . . ဒီတစ်နေ့တာအတွက် ကိုယ် လူဖြစ်ကျိုးနပ်ခဲ့တာ မနပ်ခဲ့တာတွေအကြောင်း. . .ကိုယ့်ဘာသာ
ပြန်တွေးနေပေမယ့် . . . ကိုယ်တကယ်တွေးနေတာက ကိုယ့်အကြောင်းစစ်စစ်မှ ဟုတ်ပါလေစလို့ တလှည့်ပြန်တွေးနေရတယ်ဆိုရင်တောင် အတွေးဆိုတာ. . .အရေးပါတာတွေလို့. . .အမည်တပ်ပြီး . . . မရေးမပါတာတွေကို ရေးရေးလေးမြင်ရုံမျှနဲ့ အလုပ်တစ်ခုလို အဟုတ်လုပ်လိုလုပ် မဟုတ်တရုတ် စိတ်ကူးတွေက အာရုံပေါ်မှာအရုပ်လို
ထင်လိုထင်နေလားဆိုပြီး
အစွန်းရောက်တတ်တော့လည်း တခါတရံမှာ ကိုယ့်ဘာသာကိုယ် မသိတော့သလိုမျိုးနဲ့ နေ့တွေညတွေ တရွေ့ရွေ ့ ပြောင်းလဲသွားသွား မပြောင်းလဲပဲ ရှိရှိ ကိုယ့်အိပ်မက်တွေ ကိုယ်မျှော်လင့်ချက်တွေ တစ်စစီ တစ်ဖဲ့စီ ကြွေကျပဲ့ရွဲ့ ထွက်ကျခဲ့ဖူးတဲ့ တိမ်ငွေ ့တွေ ခြုံလွှမ်းနေတတ်တဲ့ ဟိုဒေသက လမ်းကလေးကိုပဲ ပြန်ပြန်လွမ်းရင်းနဲ့. . .မောပန်းနွမ်းနယ်လာတိုင်း အဲဒီ တိမ်ငွေ့ဖြူတွေကြားက ကျောက်သားနံရံကြီးတွေဘေး ကပ်ကပ်သပ်သပ်လမ်းကလေးကို မှန်းငေးရတာလည်း အလွမ်းပြေဆေးတစ်မျိုးကို နတ်ကောင်းနတ်မြတ်တွေက ဖော်စပ်ပေးလို့ သောက်ခွင့်ရတာလို ကျေနပ်စရာကောင်းခဲ့ပေမယ့် တခါတရံတော့လည်း ကိုယ်ချစ်တဲ့အရာတွေ ကိုယ်ချစ်တဲ့လူတွေ ကိုယ်ချစ်တဲ့နေရာဒေသတွေဆီက ပြေးထွက်ခဲ့ရတာပဲ ဖြစ်ဖြစ် ကိုယ့်ဆီကအရာတွေခပ်ဝေးဝေးပြေးထွက်သွားတာဖြစ်ဖြစ် ဝေးတော့ဝေးသွားရပြီပဲဆိုတဲ့အသိနဲ့ ရင်ထဲမှာ လှိုက်မောတုန်ရီလာလွန်းလို့. . .အနာဂတ်ဆိုတဲ့ ရှေ့ဆက်ရဦးမယ့် အချိန်တွေမှာ ဘယ်လိုများ စိတ်ဖြေသိမ့်စရာ ရပါလိမ့်ဦးမလဲလို့ သေသေချာချာတိတိကျကျတွေးမကြည့်ရဲတော့တဲ့အထိ ကံကြမ္မာဆိုးတွေ ကိုယ့်ဆီတိုးလာမှာကို ကြောက်ရွံ့ မိတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုပျော်ရွှင်မှုက စစ်မှန်ပြီး ကိုယ့်ကိုတကယ်ပျော်ရွှင်စေမှာပဲလို့ တစ်စုံတစ်ယောက်ကို မေးပစ်လိုက်ချင်တယ်ဆိုပေမယ့်ကိုယ့်အနားမှာက ကိုယ့်ကို ဆွဲထူပေးမယ့်လက်တွေအပြင် ကိုယ်လဲကျသွားအောင် တွန်းလှဲပစ်မယ့် လက်တွေက ပြတ်ပြတ်သားသား ရက်စက်ပြတော့မယ့် ပုံစံတွေနဲ့ ကိုယ့်မျက်ရည်ကိုတောင် ညှစ်ထုတ်ပစ်တော့မှာလိုလို ကိုယ့်ဂုဏ်သိက္ခာကို ကိုယ့်ရင်ဘက်ထဲကနေ ဆွဲဆုတ်ထုတ်ပစ်တော့မှာလိုလို ထင်ထင်ရှားရှားကြီး ရှိနေမှတော့ ကိုယ့်ဘဝဟာ တွင်းနက်နက်ကြီးထဲ အခါခါကျဆုံးအသေအလဲ အကွဲကွဲအပြဲပြဲ ပြိုလဲနေရတော့မှာလားဆိုတဲ့ အတွေးတွေနဲ့ သတ္တိတော့ရှိပါလျက်နဲ့ ထုတ်မသုံးတတ်တဲ့လူတစ်ယောက်အဖြစ်ထက် ဘာများပိုထူးဦးမလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးရုံမှတပါး. . .ကိုယ့်အပူသောကတွေကို တခြားသူတစ်ယောက်ယောက်ဆီကိုလည်း လက်ဆင့်မကမ်းရက်တဲ့ နှလုံးသားနဲ့ ကိုယ့်ပျော်ရွှင်မှုတွေကိုသာ ခွဲဝေမျှပေးလို့. . .တခြားသူတွေကို ပျော်ရွှင်စေချင်တာဟာ ကိုယ်ချစ်တဲ့သူတွေအတွက် အတတ်နိုင်ဆုံးသော ပေးဆပ်မှုလေး ပေးဆပ်ခွင့်ရတာလောက်နဲ့ပဲ ကျေနပ်ပစ်လိုက်ရတော့လေမလားလို့. . .ကိုယ့်ဘဝကို ကိုယ်တိုင်က အခါခါပြန်အံ့ဩပစ်လိုက်ရတာကို တခါတခါတော့ သိပ်မုန်းသွားမိပြီး လူတွေအားလုံးအတွက် ကိုယ့်ခန္ဓာ ကိုယ့်စိတ်ကူးတွေက မျှမျှတတအကျိုးပြုထားခဲ့နိုင်တဲ့ အစိတ်အပိုင်းတွေအဖြစ်ပဲ ဘယ်သူအသိအမှတ်အပြုပြု မပြုပြု အကျိုးတစ်ခုတလေတော့ ပြုချင်ခဲ့မိတာ လွန်မှမလွန်တာလို့ ကိုယ်ကတော့ ယုံကြည်ထားခဲ့ပြီးပြီဆိုမှတော့. . တခြားသူတွေရဲ့ ကိုယ်ကောင်းတာလုပ်လည်း ဆိုလာမယ့် အပြစ်တင်စကားတွေ ကိုယ်ဆိုးတာလုပ်လည်း လက်ခုပ်တီးပြီးဆက်မိုက်စမ်းကွဲ့လို့ ပြောလာမယ့်အသံတွေ ကိုယ့်ကောင်းကွက်ကလေးတွေကိုပဲ တခုတ်တရနဲ့ ရှာကြံချီးမွမ်းမယ့်စကားသံတွေ စသည်ဖြင့်. . .အားလုံးကို ရောထွေးပြီး ကျေကျေနပ်နပ်ကြီး သိမ်းကြုံးလက်ခံထားဖို့ရာက ကိုယ့်နှလုံးသားမှာ အဲ့ဒါတွေအတွက် နေရာတစ်ခုတော့ အဆင်သင့်ရှိနေဖို့လိုအပ်တယ်မဟုတ်လားကွယ် ။ ။
——————–
အလင်းဆက်(Gazette)
25 / 5 / 2014 / 13 : 43 /
မရမ်းကုန်း
6 comments
မင်း ခန့် ကျော်
June 20, 2014 at 11:24 am
ကျုပ်တော့လူဖြစ်ကျိုးနပ်ပြီဗျ။
လူလုပ်ရင်လူဖြစ်သေးတာပဲ။
အိမ်ထောင်ပြုတော့
(နားလည်တဲ့အပိုင်းကိုမန့်တာပါ။)
alinsett (gazette)
June 20, 2014 at 11:30 am
တိန်
ဖတ်ရှုခံစားပြီး comment လေး ချီးမြင့်ပေးသွားတဲ့ အတွက်
ကျေးဇူးပါ အစ်ကိုတော်
ဇီဇီ
June 20, 2014 at 5:02 pm
အို ဘာပဲ လုပ်လုပ်၊
၁) လုပ်ချင်တာ ဖြစ်ချင် ဖြစ်
၂) လုပ်သင့်တာ ဖြစ်ချင်ဖြစ်
အဲ ဒီ ၂ ခုကနေ ကျော်ပြီးတော့ မသိခြင်းနဲ့ ဘာမှ မလုပ်လေနဲ့။
အို ငါဖြင့် ဘာလို့ လုပ်မိမှန်းကို မသိပါဘူး ဆိုတာမျိုးးးး
အဲဒီက ရတဲ့ နောင်တက ကြီးသကွဲ့။
alinsett (gazette)
June 20, 2014 at 5:09 pm
ကောင်းတဲ့ ဒဿနလေးပဲ မမဂျီးရေ
မှတ်သားလိုက်ပါဂျောင်းးး
😆
kyeemite
June 21, 2014 at 3:43 pm
ကိုယ်မခံစားနိုင်ဘူးကွာ 😀
alinsett (gazette)
June 21, 2014 at 5:26 pm