ကျိန်စာသင့်သော ငွေငါးသိန်း
(ကျွန်ုပ်သည် ဤစာစုကလေးကို ရေးသားရန် လွန်စွာတွန့်ဆုတ်နေမိပါသည်။ မရေးတော့ရန် ၊ မေ့ပျောက်ပစ်ရန်ပင် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ဤအဖြစ်အပျက်ကို မေ့ပျောက်နိုင်ခြင်းမရှိပဲ ကျွန်ုပ်၏ စိတ်တွင်းတစ်နေရာတွင် ကိန်းအောင်းလျှက်ရှိနေခဲ့ပြီး မကြာခဏဆိုသလို သတိရလျှက်ရှိနေရာ ကျွန်ုပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပင် ထိခိုက်လာနေပေတော့သည်။ ထို့ကြောင့် ဤစာစုကလေးကို ချရေးလိုက်ပါတော့မည်။ အဖြစ်မှန်ကို အမည်များသာပြောင်း၍ ရေးထားသော ဤစာစုကလေးသည် ကာယကံရှင်တို့မှအပ အခြားမည်သူ့ကိုမျှ တိုက်ရိုက်မရည်ရွယ်သော်လည်း အမှန်အားဖြင့် လူသားများစွာကိုပင် ရည်ရွယ်ရာရောက်နေနိုင်ပါသည်။ ဤပိုစ့်ကိုဖတ်၍ စိတ်အနှောက်အယှက် ဖြစ်ရသူများရှိပါက ကျွန်ုပ်အားခွင့်လွှတ်ကြရန် တောင်းပန်အပ်ပါသည်။)
.
.
.
.
.
တစ်နေ့ ……
.
.
ထိုတစ်နေ့ကို မေ့၍မရနိုင်အောင်ဖြစ်မိသည်…။
တနည်းအားဖြင့်ဆိုရလျှင် ထိုနေ့သည် ကျွန်ုပ်လိုက်ပါလိုလှသော အလှူပွဲတစ်ခုကို မလိုက်ဖြစ်ပဲ ရန်ကုန်မြို့၏မနီးမဝေး မြို့ကလေးသို့ ရှောင်တစ်ခင်ကိစ္စတစ်ခုဖြင့် ခရီးတိုလေးသွားခဲ့သောနေ့တစ်နေ့ပင် ဖြစ်နေပါသည်။
ကျွန်ုပ်တို့အဖွဲ့သားသုံးဦးသည် ပါဂျဲရိုးအမျိုးအစား တောသုံးလမ်းကြမ်းမောင်း ကားဟောင်းတစ်စီးဖြင့် တောနယ်ကလေးသို့ မနက်စောစောထွက်ခဲ့လေရာ နံနက်ကိုးနာရီကျော်ခန့်တွင် ရည်မှန်းထားသော လိပ်စာသို့ရောက်ရှိပါသည်။ သို့ရာတွင် မြိတ်ဒေသမှ လာမည့် ဧည့်သည်မိတ်ဆွေတစ်ဦးရောက်ရှိရန် အချိန်အတော်လိုသေးရကား ကျွန်ုပ်တို့သုံးဦးမှာ ခြေညောင်းလက်ဆန့်အဖြစ် မြို့ကလေးအတွင်းသို့ လှည့်ပတ်လမ်းလျှောက်ရန် ထွက်ခဲ့ကြလေသည်။
အတန်ငယ်ခန့်လျှောက်မိ၍ မြို့အထွက် ဆိုင်ကယ် ကယ်ရီဂိတ်အနီးသို့အရောက်တွင် လွန်စွာ ဟောင်းနွမ်းစုတ်ချာသော အဝတ်အစားများကိုဝတ်ထားသည့် လူရွယ်တစ်ယောက်သည် လမ်းဘေးအကြော်တဲအတွင်းမှ ပြေးထွက်လာလျှက် ကျွန်ုပ်၏ရှေ့တည့်တည့်သို့လာရောက်ကာ ကျွန်ုပ်အား ဝမ်းသာအားရနှုတ်ဆက်လေတော့သည်။
“ ဦးလေး….. ဦးလေး ဦးသိန်းအောင်မဟုတ်လား…။
ကျွန်တော်လေ….. ကျွန်တော် မောင်ဇော်ပါ…. ကျွန်တော်မောင်ဇော်ပါ…ဦးလေး…။ ”
“ အော်………………………………
မောင်ဇော်… ကိုး….
မင်း…ကွာ ၊ မှတ်တောင်မမှတ်မိဘူး ”
“ ကျွန်တော်.. ကျွန်တော် ဒီလိုဖြစ်နေတာ ကြာနေပြီဦးလေး….
………………… ”
“ ဒါနဲ့ မဆင့်တို့ သားအမိတွေရော…. နေကောင်းကြရဲ့လား……. ”
“ ကျွန်တော်… ကျွန်တော့်အိမ်ထောင် … ကွဲသွားပြီ ဦးလေး….
ဦးလေးရယ်…. ကျွန်တော့်ကို ကူညီပါဦး…..
ဦးလေးတော့ ကူညီနိုင်မယ်ထင်ပါတယ်………
…………………………………………”
ကျွန်ုပ်မှာ ကျွန်ုပ်၏ တပြည့်ဟောင်းသူငယ်လေး၏တောင်းပန်မှု့ကို လျစ်လျူမရှုနိုင်ရကား အတူလမ်းလျှောက်လာသော မိတ်ဆွေများကိုသာ ဆက်သွားကြရန်ပြောကြားပြီး ထိုသူငယ်ကလေးခေါ်ဆောင်ရာ သစ်ပင်ကြီးတစ်ခု၏အရိပ်သို့ ဝင်ရောက်ခိုနားလျှက် အသင့်ပါလာသော ဘင်ဆင်တံဆိပ် စီးကရက်တစ်လိပ်ကို ထုတ်ညှိရင်း ၎င်းပြောဆိုသောအကြောင်းအရာများကို နားထောင်ရလေတော့သည်။
“ ဒီလိုပါဦးလေးရယ်…
မြို့ထဲက ဦးလေးရဲ့မိတ်ဆွေ ဦးထွန်းမြင့်ကို မှတ်မိတယ်မဟုတ်လား….
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်တော် သူ့အိမ်မှာ တိုတိုစစ လုပ်စရာလေးတွေ သုံးလေးငါးရက်လောက် သွားလုပ်ပေးခဲ့တယ်။
အဲဒီမှာ စကားစပ်မိရင်း ကျွန်တော် အကူအညီလိုနေတာသိလို့ ဦးထွန်းမြင့်က ကျွန်တော့်ကို ငွေငါးသိန်း ချေးငှားပေးခဲ့တယ်။
ကျွန်တော်လဲ အရမ်းကိုဝမ်းသာသွားတာပေါ့ ဦးလေးရယ်..
ကျွန်တော့်လို ဘောက်လိုက်လုပ်စားနေတဲ့ကောင်မျိုးကို ငါးရာ တစ်ထောင် ချေးပေးမယ့်လူတောင် ရှားပါတယ်။ ငွေငါးသိန်းဆိုတာ ကျွန်တော့်တစ်သက်မှာ ဦးထွန်းမြင့်ချေးပေးမှ လက်နဲ့ကိုင်ဖူးတာပါ။ ကျွန်တော့်ကို ချေးပေးတုန်းက တစ်နှစ်အတွင်း အကြေဆပ်ဖို့ပါ….။
ဒါပေမယ့် ဦးလေးရေ…
ကျွန်တော့်မှာလဲ ဟိုအရေး ဒီအရေးတွေနဲ့ သုံးရင်းသုံးရင်း တစ်နှစ်ပြည့်တော့ ဦးထွန်းမြင့်ကို ပြန်ဆပ်နိုင်ဖို့ထားလို့ ၊ မူလချေးထားတဲ့ ငွေအားလုံး ဘယ်ရောက်သွားမှန်းတောင် မသိဘူး..။
မဆပ်နိုင်တော့ဘူးပေါ့ ဦးလေးရယ်…။
ကျွန်တော့်ကို ခေါ်ပြီး တောင်းတော့ မဆပ်နိုင်တော့ကြောင်း လူကြုံနဲ့ပြောခိုင်းပြီး ရှောင်နေလိုက်မိတယ်။
အဲသည်က စတာပဲ ဦးလေးရေ………………
တစ်နှစ်ပြည့်တဲ့ အဲသည်အချိန်ကစလို့ ကျွန်တော့်မှာ အကြွေးတွေလဲ ပတ်လည်ပတ်ကုံး တင်လာတယ်။
ဆိုင်ကယ်မှောက်တယ်။
မိန်းမနဲ့ စကားများပြီး ကွဲကြတယ်။
ကျွန်တော့်သားလေး ကျောင်းထွက်ရတယ်။
ကျွန်တော့်မှာ အရင်က ကျန်းမာသလောက် အဲဒီနောက်ပိုင်း ချူချာလာလိုက်တာကလဲ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်အောင်ပဲ…။
အနာကြီးတွေလဲ လက်မှာ ခြေမှာ ကျောမှာ ပေါက်လာလိုက်တာ မနည်းကုရတယ်။
စားစရာ ဝတ်စရာလဲ မရှိတာများပြီး ဟိုကသည်က ပေးကမ်းကြလို့ အခုပုံလေး ထွက်နေသေးတာပါဦးလေးရယ်..။
ရပ်ကျေးရုံးကိုလဲ ပြဿနာအမျိုးမျိုးနဲ့ ရောက်ရတာများလွန်းလို့ ဘယ်နှစ်ခါမှန်းမှတ်တောင် မမှတ်မိတော့ပါဘူး…။
မြို့ပေါ်က စခန်းမှာတော့ နှစ်ခါလား အချုပ်ခံရသေးတယ်။ တစ်ခါကတော့ ဦးထွန်းမြင့်ကိုယ်တိုင်ပဲ လိုက်ထုတ်ပေးတာပါ…
သူ့ကျေးဇူးတွေ အများကြီးရှိတာသိပါတယ် ဦးလေးရယ်…….
ကျွန်တော့်အပေါ်မှာလဲ ဘယ်သူမှ သူ့လို မကောင်းနိုင်ပါဘူး……..
ဒါပေမယ့် သူ့ပိုက်ဆံငါးသိန်းပြန်မဆပ်နိုင်လို့ ကျိန်စာတစ်ခုခုများသင့်နေတယ်လို့တော့ ထင်မိတာပါ………
သူ့ပိုက်ဆံ ပြန်မဆပ်တော့ဘူးလို့ စဉ်းစားလိုက်ပြီးကတည်းက ရောက်လိုက်တဲ့ ဒုက္ခတွေ မရေတွက်နိုင်တော့ဘူး ဦးလေးရေ…….
ဦးလေးနဲ့ ဦးထွန်းမြင့်ကြီးနဲ့ က တော်တော်ခင်မင်ကြပုံရလို့ ……
အဲဒါ … အဲဒီပိုက်ဆံအတွက် ကျိန်စာတိုက်ထားတာလေးများရှိရင် နှုတ်ပေးဖို့ ပြောပေးပါလားဦးလေးရယ်……..”
သူငယ်ကလေး ကရားရေလွှတ်တစ်တွတ်တွတ် မနားမနေပြောဆိုတောင်းပန်နေသည့်အချိန်အတွင်း ကျွန်ုပ်သည် ၎င်း၏ မျက်နှာကိုသာ ငေးစိုက်ကြည့်နေမိသည်။
ဤသူငယ်ကလေးသည် ယခင်က အသားလတ်လတ် မျက်နှာချိုချိုဖြင့် လူတစ်ကာချစ်ခင်ကြသော သူငယ်ကလေး ဖြစ်ပါသည်။ လက်သမား ပန်းရံ ကုန်ထမ်း မီးရိုက် စပါးရိတ် ပဲနှုတ် ခြွေလှေ့စက်မောင်း ရေတင် ငါးဖမ်း အစရှိသဖြင့် –
ဘောက် ခေါ် တွေ့ရာကြုံရာ အလုပ်မျိုးစုံတို့ကို လုပ်ကိုင်အသက်မွေးရင်း မဆင့်အမည်ရှိ မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူကာ သားလေးတစ်ယောက်ပင် ထွန်းကားခဲ့ပါသည်။
သူ့သား၏အမည်ကိုကား ကျွန်ုပ်အား အကြိမ်များစွာ ပြောခဲ့ဘူးသည့်တိုင် ကျွန်ုပ်မမှတ်မိတော့ပါ။
မောင်ဇော်သည် ဤမြို့ကလေးမှ ခွန်နှစ်မိုင်ခန့်အကွာတွင်ရှိသော သရက်ကုန်းအမည်ရှိရွာကလေးအစွန်တွင် တာဘေးမြေတစ်နေရာတွင် တဲထိုး၍ နေထိုင်သူဖြစ်ပါသည်။
ဤသူငယ်ကလေးသည် ခင်မင်တတ်သည်။ ဖေါ်ရွေသည်။ အလုပ်အကိုင်ကောင်းသည်။ စိတ်ထားလဲကောင်းသည်။ ကူညီတတ်သည်။ သူနှင့်စပ်သမျှ သူ့ကို မခင်သူမရှိ။
တစ်ခုရှိသည်က သူ့ကို ကိုထွန်းမြင့်က ငွေငါးသိန်းချေးငှားသည်ဆိုသောကိစ္စဖြစ်သည်။
ကိုထွန်းမြင့်မှာ ကျွန်ုပ်၏ တက္ကသိုလ်ကျောင်းသားကာလက ကျောင်းနေဖက်သူငယ်ချင်းဖြစ်ပါသည်။ ခင်မင်စရာကောင်းသော်လည်း တည်ကြည်လေးနက် သောမျက်နှာထားကြောင့် အတူတွဲသွားတွဲလာမလုပ်ဖြစ်လှပါ။ အေးဆေးတည်ငြိမ်ပြီး လေးနက်ချိုသာသော စကားပြောဟန်ကြောင့် အတူစကားဝိုင်းဖွဲ့ခြင်းများတွင်တော့ မပါမဖြစ် ပွဲတောင်းခံရသူဖြစ်ပါသည်။
ကျွန်ုပ်သိထားသလောက် ကိုထွန်းမြင့်သည် မခေါင်းပါး မဆင်းရဲသော်လည်း အလုပ်အကိုင်စီးပွားရေး ကောင်းလှသည်တော့မဟုတ်ပါ။ မှန်တမ်း နေနိုင်စားနိုင်ရုံမျှသာဖြစ်ပါသည်။ ငွေကြေးသုံးစွဲရာတွင်လည်း စည်းစံနစ်တကျ သုံးစွဲလေ့ရှိသူဖြစ်ပါသည်။ ထိုကဲ့သို့သော ကိုထွန်းမြင့်သည် အဘယ်အကြောင်းကြောင့် ဘောက်လုပ်သားလေးမောင်ဇော်ကို ငွေငါးသိန်းမျှ ပစ်စလက်ခတ် ချေးငှားခဲ့ပါသနည်း။ ကျွန်ုပ်မှာတွေးရခက်လှပါသည်။
မောင်ဇော်ကတော့ ဦးထွန်းမြင့်ကငွေငါးသိန်းကို ကျိန်စာတိုက်ထားသဖြင့် သူ့မှာ ဒုက္ခပင်လယ်ဝေနေကြောင်းသာ တတွတ်တွတ် ဇွတ်ပြောနေပါသည်။ ကျွန်ုပ်ကား ဤသို့သော ကျိန်စာ ဆိုသည်များကို ယုံကြည်သူမဟုတ်ပါ။ ၎င်းအပြင် ကိုထွန်းမြင့်ဆိုသူမှာလည်း မည်သူ့အပေါ်ကိုမျှ ဤသို့ကိစ္စမျိုးလုပ်မည့်သူမဟုတ်ပါ။
လုံးဝ လုံးဝ မှ မဖြစ်နိုင်ရေးချ မဖြစ်နိုင်ပါ…….။
သို့ရာတွင်……………..
မပြေးသော်ငြား ကန်ရာကား ရှိခဲ့လေပြီ….။
အချိန်အနည်းငယ်ယူ၍ ကိုထွန်းမြင့်ထံ သွားရောက်လည်ပတ်ကာ ဤကိစ္စကို စုံစမ်းကြည့်ရန် ကျွန်ုပ် စိတ်ဆုံးဖြတ်လိုက်ပါတော့သည်….။
(နောင် ရွာထဲဝင်လို့ရတဲ့နေ့မှာ ဆက်ပါမည်…)
မေတ္တာဖြင့်-
ဦးဦးပါလေရာ
20 comments
ဦးဦးပါလေရာ
June 20, 2014 at 4:08 pm
အဟမ်း…..
ဟိုဒင်း…
အခုနောက်ဆုံးပေါ် သရဲငါးကောင် (အဲ….ယောင်လို့ … ဆော.. ဆော..)
စာကြမ်းပိုး အဖွဲ့ ဆိုလား….
အဲဒါထဲပါချင်လို့ အသက်အောင့်ပြီး ရေးထားတာနော်….
😀
ဇီဇီ
June 20, 2014 at 4:18 pm
အကြံတူ ရန်သူ နော်။
သများလည်း ဝေဖန်ခံချင်လွန်းလို့ အတည်ပေါက် တစ်ပုဒ်ရေးဦးမှာ။
Wow
June 20, 2014 at 4:13 pm
လူဇိုး… ဖတ်လို့ကောင်းနေတုံးမှာ ရပ်လိုက်တယ်… အဆက်ကို မြန်မြန်ရေးနော်
Nyo Win
June 20, 2014 at 4:24 pm
အမြန်ဆက်ပါဗျာ………တိုးလို ့တန်းလန်းကြီး…..:P
မင်း ခန့် ကျော်
June 20, 2014 at 4:26 pm
ဖတ်လို့ရလို့မန့်လိုက်ပါတယ်။
နောက်တပိုင်းဆက်ရင်
ဟယ်ရီပေါ်တာ ကြည့်ဗျာ။
အဲဒီမှာ ကြိမ်စာနုတ်ဂါထာ ပါတယ်။
စမ်းကျိဘါလို့
ဇီဇီ
June 20, 2014 at 4:40 pm
ဟင်။
ကျိန်စာက အဲလို တိုက်လို့ရလားးး မသိဝူးးးး
တချို့က တော့ ပြန်မဆပ်ဖူးဆိုမှ ဟိုဆရာဆီသွားးး ဒီ ဆရာဆီသွားပြီး ယတြာလုပ်ကြတာ၊
ကျိန်စာတိုက်တာ ဆို မှားနေတယ်။
အမှန်ဆို ကိုယ့် ပိုက်ပိုက်ယူသွားတဲ့သူ အဆင်ပြေပါစေလို့ ဆုတောင်းရမှာ ဟုတ်ဘူးလားးး
အဆင်မပြေရင် ပိုက်ဆံပြန်ရဖို့ ပိုဝေးမှာလားလို့။
:hint:
alinsett (gazette)
June 20, 2014 at 4:59 pm
ကျနော်တော့. . .
ဦးပါတွေးသလိုပဲ. . .
ဘာကြောင့်များ ငွေငါးသိန်းကို လွယ်လွယ်ချေးငှားလိုက်သလဲ ဆိုတာကို . . .
သိချင်နေမိတယ်။
ကျိန်စာကိုတော့ ယုံတယ်လည်းမဟုတ်ပါဘူး။
သူများဆီက တစ်ခုခု ယူမိရင် တစ်ခုခုပြန်ပေးကိုပေးရမယ်ဆိတာတော့ ယုံတယ်။
ကဲ မြန်မြန်လေးတော့ ဆက်ပါဗျိုး။
——
black chaw
June 20, 2014 at 5:15 pm
ကျိန်စာ…။
ယုံလည်းယုံတယ်…၊ ယုံလည်းယုံဘူး…။
အင်း…စိတ်ဝင်စားဖို့တော့ အကောင်းသား…။
အေးလေ…စိတ်ဝင်စားဖို့ကောင်းလို့လည်း
ပို့စ်တောင်ရေးတင်နေပြီ…။
ဟေးဟေး…။
padonmar
June 20, 2014 at 9:59 pm
ပျောက်ချက်သားကောင်းနေတဲ့ ဦးပါကိုလည်း ဆပ်စရာ ကြွေးတွေရှိတာ သတိရပါပြီ။
ဆပ်ပါမယ် ဦးပါရဲ့။ကျိန်စာတော့ မတိုက်ပါနဲ့။
Novy
June 21, 2014 at 9:04 am
စိတ်ဝင်တစားနဲ့ နှစ်မျောပြီဖတ်နေတဲ့ အချိန်မှာ တန်းလန်းကြီးရပ်သွားတယ်
ဦးပါ အမြန်ပြန်လာရေးပါ
ဆပ်စရာအလှူ ကြွေးတွေရှိတာ သတိရပါပြီ။
ဆပ်ပါမယ်ရှင့်။ကျိန်စာတော့ မတိုက်ပါနဲ့။ ( ခရက်တစ် မမပဒုမ္မာ)
kyeemite
June 21, 2014 at 9:18 am
ကြောက်စရာကြီးပါလားဗျာ…ဦးပါရေ…ခီများကိုကျုပ်များပိုက်ဆံပေးစရာရှိသေးလား..
ကျုပ်ကမေ့တတ်လို့ပါ…ရှိရင်ခုပြောဗျာ..ချက်ချင်းလာပေးပါ့မယ်… 😀
ကျုပ်ခီများစာဖတ်ရတာ ဆရာကြီးမင်းသိင်္ခတောင်သတိရသွားတယ်…အရေးအသားကောင်းပါ့
ကျုပ်တို့ ရွှေပြည်သာက သီလရှင်ကျောင်း အလှူ သွားကြတဲ့နေ့ကထင်ပါရဲ့…
အပေါ်မှာ အာတီဒုံလည်းကြောက်လို့ အကြွေးဆပ်တော့မတဲ့..ခိခိ
Ma Ma
June 21, 2014 at 2:57 pm
ဦးပါတောင် ကြမ်းပိုးကိုက်လို့ထွက်လာရပြီကော။
စာကြမ်းပိုး ရဲ့ စွမ်းချက်။ 🙂
Foreign Resident
June 22, 2014 at 10:09 am
ဟယ်ယ်ယ်ယ် ။
ဒါ ဦးပါ ၊ နာ့ကို တစ်ဖက်လှည့်နှင့် ပြောတာဖြစ်မယ် ။
ကိုပေါက် နှင့် Snow Smile သီလရင်ကျောင်း အလှူတုန်းက ၊
နာ ထည့်ရမယ့် ၃၀၀၀ဝ ကို ဦးပါ စိုက်ထားတယ် ကြားတယ် ။
( နာကဖြင့် မေ့နေတာ ကြာပေါ့ )
အောင်မငေးးးးး ။
တားတား ရှေ့လထဲ ရန်ကုန်ရောက်ရင် ဆက်ဆက်ပြန်ဆပ်ပါ့မယ် ဦးပါရဲ့ ။
ကျိန်စာ ဆိုဒါကြီးနှင့်တော့ မတိုက်လိုက်ပါနဲ့။
တားတား ကြောက်လို့ပါ ဦးပါရဲ့ ။ 😛
Ma Ma
June 22, 2014 at 11:14 am
သူ့စကားနဲ့သူ့ပြန်ချည်ရမယ်။
ဦးပါလည်း ရှေ့ဆက်ရေးဖို့ အကြွေးကျန်နေပြီနောာာာာာာာာာ :kwi:
ဦးကြောင်ကြီး
June 22, 2014 at 12:47 pm
ငါးသိန်း
ကျားဟိန်း
စားဘိန်း
ခါးရှိမ်း
သားစိမ်း
ဝါးမှိန်း
ဓါးသိမ်း
ညားကိန်း..
အရီးခင်
June 22, 2014 at 2:13 pm
တစ်ခြားသူ ကျိန်စာသင့်တာပြောနေတယ်။
ဒီ ရွာ ရဲ့ ကျိန်စာ က ပို ပြင်းတယ် ကိုပါရဲ့။
ခဏ လို့ ဝင်လဲ ဘယ်လိုမှ ပြန်မထွက်နိုင်တော့။
ကိုပါ့ လက်ရာ မဖတ်ရကြာသမို့ ဝမ်းမြောက်ဝမ်းသာဖတ်သွားပါတယ်။
မကြာခင် ဆက်ပြီး ဖတ်ရမယ် လို့လဲ မျှော်လင့်ပါတယ်။
:-)))
ကိုပေါက်(မန္တလေး)
June 22, 2014 at 11:41 pm
အကြွေး ရ ရင် ဆင် တောင် သက် စေ့ ယူ လိုက်ပါ
ကြွေး တင် ရှင်ဘုရင်ဆပ်ပါလိမ့် မယ် ဆို တဲ့ ကျိန် စာ
ဦးဦးပါလေရာ
June 23, 2014 at 12:27 am
အမှန်တော့ တိုရေရှားရေ အချိန်ရသလောက်လေးမှာ အပြာရောင်ပိုစ့်လေးကို သွားမန့်ချင်သေးတာ…
ဒါပေမယ့် အပေါ်က ဘကြီးတွေ ကြီးတော်တွေ ချစ်လို့ နောက်တာနဲ့ တခြားစာဖတ်သူတွေက
ကျုပ်အကြွေးတောင်းစာရေးတယ်လို့ ထင်ကုန်ကြမစိုးလို့
နောက်တပိုင်း တင်တော့မယ်ဖြစ်ကြောင်း………..
😀
Mr. MarGa
June 23, 2014 at 3:51 pm
ဥပါဒါန်များလားမသိ
လောလောဆယ်တော့ ဒီစာကြွေးကို မြန်မြန်ဆပ်ပေးပါ ဦးပါရေ 😀
လုံမလေးမွန်မွန်
June 23, 2014 at 5:00 pm
ဒုတိယပိုင်း တင်ထားတာမြင်လို့ ပြေးလိုက်ဦးမယ်နော် 🙂