ခေသူမဟုတ်…ကမ်းဝေး…။
ကမ်းဝေး ဆိုတဲ့ ကဗျာဆရာကို ခင်ဗျားတို့ သိပြီးဖြစ်ကြမှာပါ။
အရင်က ကမ်းဝေး နာမည်ဖြင့် ကဗျာတွေ တင်ခဲ့သူ…၊ အခုတော့ marblecommet ပေါ့လေ…။
တစ်ရက်…ဆရာသိမ်းတင်သား နှင့် လဖက်ရည်ဆိုင်ထိုင်ပြီး ရောက်ရာပေါက်ရာ ပြောကြလေသောအခါ
အဆိုပါ ကဗျာဆရာကမ်းဝေးအကြောင်း ကျွန်တော်က စကားစမိပါသည်။
ကျွန်တော်တို့ ရွာထဲမှာ ကဗျာလေးတွေ တင်တယ်ပေါ့…။
ကဗျာလေးတွေက မိုက်တယ် ဘာညာပေါ့…။
ဆရာသိမ်းတင်သားက ကမ်းဝေး အပေါ် မှတ်ချက်ပေးပါသည်…။
ကမ်းဝေးကား ခေသူမဟုတ်…။
အိုင်ဒီယာလို မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာတွေကို ရေးသားနေသူ..တဲ့..။
ကမ်းဝေးရဲ့ ကဗျာရေးလက်ဟာ ထိပ်တန်း..တဲ့..။
ကျွန်တော် မအံ့ဩမိပါ။
ကျွန်တော် ကိုယ်တိုင်လည်း ရွာထဲတင်ခဲ့သော သူ့ကဗျာလေးတွေကို ကြိုက်နေမိခဲ့တာကိုး…။
ဆရာသိမ်းတင်သား မှတ်ချက်အရ ကဗျာနှင့်ပတ်သက်လျှင် ကမ်းဝေးကားခေသူမဟုတ်…။
အဆိုပါ ကမ်းဝေးသည် ဘောလုံးဂျာနယ်တစ်ခု၏ အယ်ဒီတာလည်း ဖြစ်နေပြန်ပါ၏…။
ကာတွန်းလည်း ဆွဲသည်ဟု သိရသောအခါ ကမ်းဝေးအပေါ်ကျွန်တော် အထင်ကြီးစိတ်ဝင်မိရပါသည်…။
ရွာထဲက နယ်စည်းမခြားအရက်သမားသမဂ္ဂ၏ အရက်ဝိုင်း တချို့တွင် ကမ်းဝေးလည်း ဝင်ရောက်ဆင်နွှဲခဲ့ပါသည်…။
ကမ်းဝေးတွင် အင်မတန် ချစ်စရာကောင်းသော အကျင့်တစ်ခု ရှိပါသည်။
နည်းနည်းလေး မှန်လာလျှင် ကဗျာရွတ်ချင်တတ်ခြင်းဖြစ်ပါသည်။
ပထမဆုံး ကျွန်တော်တို့ သောက်ကြသည့်နေ့မှာပင် အရက်ဝိုင်းက တစ်နေရာတည်းနဲ့ မပြတ်ခဲ့ပဲ
ကမ္ဘာအေးဘုရားလမ်းဘက် အင်းလျားကန်ဘောင်အထိ အသောက်ဆက်ခဲ့ကြပါသည်။
ဖတ်ရွေးဥက္ကဌကြီး ကိုမိုက်လည်းပါသည်။
ညမှောင်မှောင် အင်းလျားကန်ဘောင်ပေါ်မှာ အရက်ထိုင်သောက်ကြရင်း
ကမ်းဝေး က ကဗျာရွတ်ပါတော့သည်။
ဆရာကြီးမင်းသုဝဏ် ၏ ဖိုးမောင်လာပြီ ကဗျာ ကို ရွတ်ခြင်းဖြစ်ပါသည်။
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။
ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တယောက်တည်းပင်၊ ညဉ့်မှောင်တွင်၌
သူလျှင် ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။
ဆောင်းတည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေး ကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတပါးသို့
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြ ငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်း ဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။
ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင် ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။
ကဗျာရွတ်လျှင် ရှက်ရွံ့ကြောက်လန့်ခြင်းမရှိ။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်။
မှတ်ချက်ပေးရပါလျှင်…ကမ်းဝေးကား ကဗျာအရေးကောင်းသလို…ကဗျာ အရွတ်ကောင်းသူလည်းဖြစ်ပါ၏။
နောက်…သူရွတ်တတ်သော ကဗျာတစ်ပုဒ်ရှိပါသေးသည်။
သူကိုယ်တိုင်ရေးသော အသက်ကိုချူစားတဲ့ သစ်ပင် ဆိုသော ကဗျာလေးဖြစ်သည်။
သူကိုယ်တိုင်ရေးသဖြင့် ခံစားချက်ကလည်း အပြည့်။
အသက်ကို ချူစားတဲ့သစ်ပင်
အမှောင်ရောင် ကောင်းကင်မှာ
နုညံ့တဲ့ စံပါယ်တစ်ခင်း စိုက်ပျိုးဖို့
ငါ…..ကြိုးစားမယ် နန္ဒာ…..
တိုက်ပွဲအောင်နိုင်လာတဲ့
စစ်သူကြီး တစ်ယောက်ရဲ့
ဓားချက်နဲ့ ခုတ်သတ် ခံရသလို
အပိုင်းပိုင်းပြတ်ကျေနေတဲ့ နှလုံးသား
ဝရုန်းသုန်းကား
မငိုချင်ပါဘူး…။
ငါ့ရင်ထဲမှာ
လျှပ်စစ်ပန်း နွယ် တွေ
ထွေးလိမ်ရစ်ပတ်
ဆူးရိုင်းတော အထပ်ထပ်နဲ့
ကာဆီးထားရင်တောင်
နောက်မဆုတ်တမ်း မင်းကိုချစ်တယ် . . .။
ကဗျာနဲ့ မြို့တော်တည်
ဂစ်တာနဲ့ တိုက်ဆောက်
စာအုပ် အထပ်ထပ်နဲ့
ကျုံးရိုးဆောက်ထားတဲ့
အန္ဒတို့ရဲ့ အနုပညာမြို့တော်မှာ
ဖြစ်တည်မှု သမိုင်းမရှိဘဲ
အပြိုင်းအရိုင်း အသည်းကွဲကြတဲ့
အုံ့ပုန်းလို တစ္ဆေကောင်တွေ
နေထိုင်ကြတယ်. . . နန္ဒာ . . .။
ခန်းခြောက်နေတဲ့
ငါ့ရဲ့အိပ်မက် လွင်ပြင်ထဲက
ပိရမစ် လှိုဏ်ဂူဟောင်းကြီးတွေမှာလည်း
အနာဂတ် လောင်ကျွမ်းနေတဲ့
မံမီ ရုပ်အလောင်းတွေပဲ
လဲလျှောင်း ကွယ်လွန်နေကြတယ် . . .။
နန္ဒာရေ့ . . .
မင်းက ငါခိုချင်တဲ့ အရိပ်ကို
ဝင်္ကပါ အထပ်ထပ်နဲ့ တည်ဆောက်ထားပေမဲ့
ငါကတော့ မင်းရဲ့
နန်းတော်ဦးလေးဆီ ရောက်ဖို့ကိုပဲ
ရင်နဲ့ခင်းပြီး လမ်းလျှောက်ရတာ
မျက်စိလည် လမ်းမှားလို့
အခမ်းခမ်း အနားနား
ကျဆုံးရမှာပါလား …..
ရဲရင့်နန္ဒာနွယ် . . .ရယ် . . .။
ငါ့ရင်ထဲက
ရင်ခုန်သံ စည်းချက်
မြန်ဆန်လွန်းတဲ့ ရထား
မင်းအနားမှာ
တစ်ဘဝလုံး
ခုတ်မောင်းနေခဲ့ပေမဲ့
အသံမဲ့ တိတ်ဆိတ်
မင်းအတွက်တော့
မျက်စိ တစ်မှိတ်စာတောင်
ရုန်းရင်းကြမ်းတမ်း မဟုတ်ခဲ့ရဘူး။
သစ္စာတရားကို ကယ်တင်ပါ နန္ဒာ . ..
ကမ္ဘာမြေကြီးက
ထမင်းသိုး ဟင်းသိုးတွေကို ထမ်းပိုးလို့
ငါတို့ရဲ့ မနက်ဖြန်တွေကို
ရိုက်ခတ်တဲ့အခါ
ငါတို့မှာ . . .
စစ်ရယ် . .အနာဂတ်ရယ် . .
ဂုဏ်သိက္ခာရယ် . .ရိက္ခာရယ်. . .
သိုလှောင်သိမ်းဆည်းခဲ့ကြ
ဘာကြောင့်များ
ရိုးသားတဲ့ ချစ်ခြင်းကို
နှင်ထုတ် ရိုက်မောင်း ရဲခဲ့ကြသလဲ . . .။
မင်းမမြင်ရတဲ့ တစ်နေရာက
ငါ့ကိုယ်ငါ ပုန်းခို
ကိုယ့်ဘာသာ ချစ်တာတောင်
ခိုးကြောင်ခိုးဝှက် ကြောက်ရွံ့ရတဲ့အဖြစ်မျိုး
ဒီကမ္ဘာမှာ ……
ဘယ်နှစ်ယောက် နုံခဲ့ဖူးသလဲ
ဒီကမ္ဘာမှာ …..
ဘယ်နှစ်ယောက် ရဲရင့်ဖူးသလဲ….။
နန္ဒာရေ့…..
ငါ့ကို မုန်းတီးခွင့်တစ်ကြိမ်သာပေး…
အကြိမ်ကြိမ်ပြိုပျက်ရင်းနဲ့
နင့်နင့်ပိုးပိုး ချစ်တတ်လာတာ
ကံကြမ္မာအရိုင်းက
စလွယ်သိုင်းသိုင်းလို့
ငါ့ အပေါ် ဖြတ်ကျလာတဲ့အခါ
ရယ်ရယ်မောမော ရင်ဆိုင်တတ်ဖို့လား . . .။
ရူးရူးမိုက်မိုက် မူးဝေအော့အန်ရနံ့များ
ဆေးလိပ်မီးခိုးရဲ့ ရုပ်ပုံလွှာမှာ
မင်းလိပ်ပြာကို ပန်းချီဆွဲလို့
မျက်ဝန်းကို ချောင်းပြီးဖမ်းဖို့
အခါတစ်ရာ ရဲတင်းရင်း
တစ်ကြိမ်တစ်ခါလေး
တွေ့ဆုံမိရင်
ပတ်ဝန်းကျင် မျက်နှာကို ရှက်ရွှံ့
ရာဇဝင်ထဲက ဝတ်ရုံကို
ပြန်လည်အသက်သွင်းဖို့
ကြယ်တာရာ နတ်ဘုရားတွေ
ချီတက်စစ်ခင်းကြ
ငါ့ကဗျာထဲက ချုပ်ကြောင်းမှာ
ဒဏ်ရာ မကျက်သေးတဲ့…
မင်းကလေးရဲ့….
ရက်စက်ခြင်း အငြိုးတွေ ရှိတယ်.။
နန္ဒာရယ် …
တစ်ကန်လုံး နောက်ကျနေရတဲ့အထဲ
ကြာမျိုးငါးပါးကို အဆိပ်ခတ်မသွားပါနဲ့…
နှလုံးသားနဲ့ သိမြင်ပါ
ငါတို့ရဲ့ မျက်ဝန်း
အရင်အတိုင်း ပြန်လင်းလက်ဖို့
မင်းပြန်စဉ်းစားရလိမ့်မယ်
အတိတ်ကို အတိတ်မှာထားခဲ့…တဲ့..
ရောဂါကို မနေ့ကထားခဲ့ပြီး
ဒီကနေ့ထိ အသက်ရှင်လွတ်မြောက်လာသူ
ဘယ်နှစ်ယောက် ရှိသလဲ
ကံကြမ္မာကို
ပဒိုင်းသီးအမှတ်နဲ့ဝါးပြီး
ရဲရဲဝံ့ဝံ့လက်မြှောက်အရှုံးပေးတာတောင်
အကျဉ်းသား တစ်ယောက်ကိုမှ
ပစ်..သတ်ရဲတဲ့ စည်းဖျက်မှု
ဘာ အမှုနဲ့မှ
အပြစ်မတင်ရက်ပါဘူးကွယ်….
အချစ်ဟာ
စံပါယ်တစ်ပွင့်လို ဖူးငုံပြီး
နှင်းဆီ တစ်ပွင့်လိုပွင့်ကာ
ခေါင်ရမ်းတစ်ပွင့်လို
ရနံ့ပြယ်သွား ခဲ့လေသလား..။
နန္ဒာနွယ်……
အခုတော့ တောရိုင်းတွေ
ထူထပ်ခဲ့ပါပြီ
မျှော်လင့်ခြင်းတွေ အရည်ပျော်
ရှေ့ဆက်လျှောက်ဖို့ မဖြစ်တော့တဲ့အခါ
ပြန်ပြန်ပြီး ဟားတိုက်ရယ်မောဖို့
ဆီစိမ် ညနေခင်းတစ်ခု အမြဲရှိတယ်
ငါသိပ်မြတ်နိုးတဲ့လက
ဘာကြောင့်များ.
ငါ့အပေါ်မှာ
တကူးတက သာရပါသလဲ
ကျေးဇူးပြုပြီး
ပြတင်းတံခါး မပိတ်လိုက်ပါနဲ့…..
အတွေးနဲ့သာ ဆန့်ထွက်ကြည့်နေရုံ..။
အချစ်ဟာ
ဒရောသောပါး…ပြေးဆင်းလာတဲ့
ဝံပုလွေ အုပ်ထဲက
သင်းကွဲတစ်ကောင်ပါပဲ.။
လမ်းသွားရင်း အိပ်မက်မက်တဲ့
မင်းရဲ့ ဆံနွယ်စလေးတွေအကြောင်း
အတွေးက ရထားတစ်စီးစာ ဆိုက်ရောက်လာ…
အဲဒီအခါ လက်ရှိ ဘဝက
ထွက်ပြေးဖို့
ငါ ဘယ်နေရာကို ရွေးရပါ့မလဲ
ဥယျာဉ်ကလေးက ဆန်းတယ်
ဝင်မရ ထွက်မရနဲ့
ကိုယ့်ဂစ်တာ ကိုယ်တီးလို့
အလိုလို အလွမ်းသီချင်းဆို
ကလေးက ကိုယ့်ကို
ဝင်္ကပါ ထဲမှာ ထားခဲ့ပြီး
တိတ်တဆိတ် ထွက်ခွာသွားချိန်
နှုတ်မဆက်ပါရစေနဲ့…
နှုတ် မ ဆက် ပါ ရ စေ နဲ့….
နှုတ် မ ဆက် ပါ ရ စေ နဲ့ ….။
ကဗျာဆရာ ကမ်းဝေးတွင် ချစ်စရာကောင်းသော နောက်ထပ် အကျင့်တစ်ခုလည်း ရှိနေပါသေးသည်။
ရွာထဲက သူချစ်ခင်သော လူတချို့၏ မွေးနေ့များတွင် လက်ဆောင်ကဗျာလေးများ လက်တန်းရေး
ချီးမြှင့်လေ့ရှိခြင်းဖြစ်ပါသည်။
မှတ်မှတ်ရရ ညီငယ် အမတ်မင်း၏ မွေးနေ့တွင် အရက်သောက်နေကြရင်း စာရွက်အပိုင်းတစ်ခုပေါ်တွင်
မွေးနေ့လက်ဆောင် ကဗျာလေး တစ်ပုဒ်လက်တန်းရေးပေးခဲ့တာ မှတ်မိပါသေးသည်။
အမတ်မင်းကလည်း သူ၏ Fb Cover တွင် ဓါတ်ပုံရိုက်ပြီး ယနေ့အထိ မြတ်မြတ်နိုးနိုး တင်ထားဆဲဖြစ်ပါသည်။
အမတ်မင်း မွေးနေ့လက်ဆောင်အဖြစ်ရေးပေးခဲ့သော ကမ်းဝေး၏ လက်တန်းကဗျာလေး ဖတ်ကြည့်ပေးကြပါဦး။
အမတ်ကြီးရေ…မင့် ခွင့်မတောင်းပဲ မင်း Timeline ပေါ်ကပုံ ကိုယ် ခဏယူသုံးတာကို ခွင့်လွှတ်ပါဗျာ။
နောက် ကျွန်တော့် ၄၂ နှစ်ပြည့်တွင် ကဗျာတစ်ပုဒ်လက်ဆောင်ပေးပါသေးသည်။
အိုင်ဒီယာ မဂ္ဂဇင်းပါ မွေးနေ့ကဗျာ ပါဗျာ။
လက်ဆောင်ရသော ကမ်းဝေး၏ ကဗျာလေးကို ဖတ်ကြည့်ပေးကြပါဦးခင်ဗျ။
မွေးနေ့
ကမ္ဘာကြီးလည်တာကို အကြောင်းပြပြီး
သံသရာထိ လိုက်လည်ဖို့
မိုက်မှားနေမိသူ
အသက်မီးတောက်လေး တစ်ပွင့်ရဲ့
(၃၂) ကောဌာသ
(၃၂) ကောဌာလီ
ဒါန၊ သီလ၊ ဘာဝနာ၊ ဒုက္ခ နဲ့…
ပုံအပ်မိတဲ့ သံယောဇဉ်တွေ
အပြစ်ကျတဲ့ နေ့ပါပဲ…။
ကြုံလို့ခွင့်တောင်းပါရစေ
ရန်သူမျိုးငါးပါးက
မကင်းလွတ်နိုင်သရွေ့
သတိသံဝေဂနဲ့
ကုသိုလ်…အကုသိုလ် အလွှာကြား
ဗျာ…မများရတဲ့
ဉာဏ်ပညာကို ပေးပါ အမေ…။
ကြုံလို့ ခွင့်တောင်းပါရစေ
ကြာမျိုးငါးပါးဆီ
မလှော်ခတ်နိုင်သေးသရွေ့
သေငယ်ဇောနဲ့
ပါးလှပ်ကြုံလှီ အသက်ဓါတ်ကလေးကို
အတ္တာဟိ အတ္တာနော နာထောတဲ့
သတ္တိတွေ ပေးပါ အဖေ…။
မေတ္တာတရားနဲ့ ပေါက်ဖွားခံရတဲ့
လောက ကမ်းပါးပေါ်က ခရီးသွား
မဝံ့မရဲ နာဖျားနေပုံ…။
ကမ်းဝေး
အိုင်ဒီယာ မဂ္ဂဇင်း (2012 November)
အဆိုပါ မွေးနေ့ ကဗျာပါသော အိုင်ဒီယာ မဂ္ဂဇင်းကို ဆုတောင်းစာလေးပူးတွဲပြီး မွေးနေ့လက်ဆောင်ပေးခဲ့ပါသည်။
ကျွန်တော် ကျေနပ်ပါတယ်ဗျာ။ ညီငယ်လေးတစ်ယောက်က အစ်ကိုကြီးတစ်ယောက်ကို ကဗျာလက်ဆောင်ပေးသတဲ့။
ပီတိတွေလည်းဖြစ်ရပါသည်။
၄၃ နှစ်ပြည့် မွေးနေ့မှာလည်း ကမ်းဝေးက ကျွန်တော့်ကို ကဗျာတစ်ပုဒ်လက်ဆောင်ထပ်ပေးပြန်ပါသည်။
ကဗျာ နာမည်က ဧရာဝတီဘလက် တဲ့..။
အလွန်အမင်း ဂုဏ်ပြု ခံရခြင်း အဖြစ် ကျွန်တော် မှတ်ယူပါသည်။
ဧရာဝတီ မြစ်ကြီးအတွက်လည်း အားနာစိတ်ဖြစ်မိပါသည်။
ကဗျာလေးကို ရွာထဲမှာ တင်ပေးခဲ့သဖြင့် မိတ်ဆွေတို့ ဖတ်ပြီး ဖြစ်ကြမှာပါ။
မဖတ်ရသေးသူတွေလည်း ရှိနိုင်တဲ့အတွက် ဒီပို့စ်ထဲမှာ ပြန်တင်ပေးလိုက်ပါတယ်။
ဧရာဝတီဘလက်
ကျည်ပွေ့ကို အတက်ဖေါက်ပြီး
အနုပညာကို အမဲလိုက်နေသူ
ရှိနှင့်ပြီးသား သတ္ထုကို
ဒြပ်စင်ထုတ်ပြီး ပင်မဂုဏ်ရည်ကို
ငတ်မွတ်နေသူ…။
ဖြစ်ချင်တော့
အနုပညာဟာ
အနုပညာကို တန်ဘိုးထားတတ်သူတစ်ယောက်ရဲ့
ရင်ဝမှာ တိမ်းတိမ်းပွေ့ပွေ့
ပြည့်ကျပ်လို့
ကျွန်တော်တို့လောကထဲက
တောက်ပရင်းကြွေ ကြွေရင်းတောက်ပတဲ့
ညနေကြယ်တွေကိုငေးရင်း
ညီလေးရေ့…
ဆိုတဲ့ အော်ညည်းသံလေးဝင်လာပြီဆိုရင်
ဖြစ်ရမယ်
ဒီလူ အနုပညာ အနုကြမ်းစီးချင်ပြန်ပြီလို့…။
အစ်ကိုရေ့
ဘဝဟာ တစ်ခါတစ်လေ
လိုအပ်တာထက် ပိုသေးရိုးသားရိုး ဆန်လာပြီဆိုရင်
အရေခွံခဏချွတ်ပြီး
အောင်ပွဲခံလိုက်ရတယ်ဗျ
ကျွန်တော်တို့ဟာ
တိုတောင်းတဲ့ အချိန်ကလေးမှာ
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ်
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ်
တတ်နိုင်သလောက် အမှောင်ကို ခပ်ထုတ်…။
သေချာပါတယ်
တစ်ခါတုန်းက
သူဟာ အနုပညာမြင်းရိုင်းကြီးစီးလို့
တေးရေးဆရာ၊ အဆိုတော်
စာဂျပိုး
အခြားပိုင်ဆိုင်မှု
အကြည်ဓါတ်သက်တန့်စုံနဲ့
ဧရာဝတီကိုတောင်မြောက်စီးနေတာ
အစ်ကိုရေ့
ခင်ဗျားဟာ ကိုကြွက်ရဲ့
စစ်တောင်းမြစ်မဟုတ်
ကျွန်တော့်ရဲ့ စစ်တောင်းမြစ်မဟုတ်
သော်တာဆွေရဲ့
မြင်းနှစ်ကောင်နဲ့ ဖြတ်ကျော်ခဲ့တဲ့
ဂျပန်ခေတ်က စစ်တောင်းမြစ်မဟုတ်
ခင်ဗျားဟာ
ကိုယ့်ဘာသာ စီးမှန်းမသိ စီးနေတဲ့
မြစ်မင်းဧရာဝတီ
ဧရာဝတီဘလက်ဖြစ်တယ်ဆိုတာကို
သိပါလေစ…။
ကမ်းဝေး
၁၉၊ အောက်တိုဘာ၊ ၂၀၁၃
စနေ
အစ်ကိုဘလက်ချောအတွက်
မွေးနေ့ အမှတ်တရ
ရွာထဲတင်ခဲ့ပြီးသား ကဗျာတစ်ပုဒ်ကို ကြွားချင်လို့ ပြန်တင်တယ်ပြောလည်း ပြောကြပါတော့ဗျာ…။
သူရေးထားတဲ့ ကဗျာလေး ပြန်ဖတ်တိုင်း ပီတိတွေ ဖြစ်နေမိတာ ဝန်ခံလိုက်ရပါဦးမည်။
အခုတလော ကမ်းဝေး နဲ့ မတွေ့ဖြစ်။
FB ပေါ်တော့ တစ်ခါတစ်လေ တွေ့နေမိ။
အရင် ဆက်နေကြဖုန်းကလည်း အမြဲတမ်းစက်ပိတ်ထား။
အချစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှ အဆင်ပြေပါလေစ။
ဟုတ်ကဲ့…။
ခေသူမဟုတ်လို့ ဆရာသိမ်းတင်သားရဲ့ မှတ်ချက်ပေးခြင်းခံရသူ…။
အရက်နည်းနည်း ဝင်လျှင် ကဗျာရွတ်တတ်သူ…။
ချစ်ခင်သူတွေကို ကဗျာတွေရေးပြီး လက်ဆောင်ပေးတတ်သူ…။
ကဗျာဆရာ ကမ်းဝေးရေ..။
မင်း ဘယ်များရောက်နေပါသလဲ…။
မင်း ကဗျာလေးတွေကို ငါလွမ်းနေပါတယ်…။
မင်း ကဗျာရွတ်သံတွေကို ငါလွမ်းနေပါတယ်…။
ယောက်ျားခြင်း လွမ်းရတာ ကြက်သီးတော့ အထသားလားကွယ်…။
လွမ်းပါတယ်ဆိုမှ လေးဖြူသီချင်းက ဖွင့်ရက်သားကြီးဖြစ်နေခဲ့…။
ဒီရေ…ကမ်းဝေး…မုန်တိုင်းအောက်ရောက်မှာစိုး…ဆိုပဲ…။
အော်…လေးဖြူကတောင် ကမ်းဝေးကို သီချင်းထဲ ထည့်ဆိုခဲ့ရတာပါတကား…။
ပြောခဲ့ပါတယ် ကမ်းဝေးကား ခေသူမဟုတ်လို့…။
ဘလက်ချော…။
19 comments
black chaw
June 27, 2014 at 1:49 pm
ကဲ…ကမ်းဝေးရေ…။
မင်းအတွက် ကိုယ်ပြန်ပေးတဲ့…
အမှတ်တရ…လက်ဆောင်ပါ…။
ချစ်ခင်လေးစားတဲ့…ဘလက်ချော…။
Mr. MarGa
June 27, 2014 at 2:08 pm
ဟုတ်ပါ့ဗျာ
သူဟာ ခေသူမဟုတ်
လူမိုက် ခင်ဇော်
June 27, 2014 at 2:13 pm
ရွာထဲမှာ ချစ်ခင်ဓာတ်တည့် ရတဲ့ ထဲ ကျုပ် တူ ကမ်းဝေးလည်း ပါသဗျ။
ရွာ ထဲ စပ်ထားတဲ့ အမျိုး အရဆို သူက ကျုပ်ရဲ့ တူ။
စိတ်ထားလေးရော အပြောအဆိုလေးရော ယဉ်ကျေးပါ့။
:s:
black chaw
June 27, 2014 at 2:15 pm
ပိုလိုက်သိတ်ဖြစ်တဲ့ သူငယ်ပေါ့ကွယ်…။
အင်း…ကောင်လေး ကို နေရာချထားပေးဖို့ စဉ်းစားဦးမှပါ…။
Crystalline
June 27, 2014 at 2:17 pm
တနေ့က သူ့ကိုစောင့်နေမယ့်အိပ်မက်တွေကိုအားနာလို့ ကော်ဖီမသောက်တော့ဘူးဆိုလား.. စတေးတပ်စ်တင်ထားတာတွေ့တယ်.. တကယ့်ကို အတွေး..အရေးကောင်းတဲ့သူတွေပါ.. သူရော…သူ့သူငယ်ချင်း ကိုစစ်ဆိုတာရော… ကိုယ်တွေများ သူတို့လို အနုပညာ အတွေးတပြားသားမှမပါခဲ့… သူတို့ ကဗျာတွေသေချာဖတ်မိပါတယ်… စိတ်ပါရင်ဟင်းတွေဘာတွေလည်း ကောင်းကောင်းချက်တတ်တယ်ဆိုလား.. :mrgreenn:
လူမိုက် ခင်ဇော်
June 27, 2014 at 2:20 pm
အဲလာပေါ့။
လက်ရာသိပ်ကောင်းတာ။
အမှန်က နာ့ ထမင်းဆိုင် စဖွင့်မယ် ဆိုတော့ တိုင်ပင်ဖြစ်တာ ဆာဆာနဲ့ ကိုကမ်းကြီးးးး
သူတို့ ကူမယ်ဆိုလို့ စလိုက်တဲ့ ဆိုင်။
ဆာဆာကို ဟိုတလောကမှ ပေးတယ်။
ကိုကမ်းက ရေးတုန်းးး
ဂလိုပါဆို။
😀
black chaw
June 27, 2014 at 2:24 pm
အော်…ကမ်းဝေးရေ။
မင်းကခင်ဇော် အတွက် ထမင်းဆိုင်လေး လည်း
အချိန်ပေးပါဦးဟ…။
ကခင်ဇော်က လူမိုက်နော်…။ နင့်ဗလလောက်ကိုတော့
နားရင်းဖြတ်အုပ်ပလိုက်ရင် နင်လည်ထွက်သွားမယ်။
ဘာမှတ်နေလဲ။
အဲဒါ…မြန်မြန်သာ လုပ်ပေးလိုက်ဟေ့ရောင်။
ဒင်းက ကြောက်ရတယ်ကွယ့်။
နှူးဘာ မိဂီ
June 27, 2014 at 2:26 pm
အဲ့လူယီး ကို အိမ်ခေါ်နေတာ ပေါ်မလာဘူးရယ်…
marblecommet
June 27, 2014 at 2:33 pm
တယ်လီပသီအရ
အရောက်လာခဲ့ပါတယ်အစ်ကိုရေ့….
…..
အမှန်ဆို..ဒီလောက် ရွာထဲမှာလည်း
ဆရာတွေ၊ နောင်တော်တွေ၊ အစ်မတော်တွေ
အကုန် သူ့ထက်သူ(စိတ်ထားပိုင်းရော) ပညာပိုင်းရော
လူစွမ်းကောင်းတွေ အများကြီးထဲက ကျော့်ကို
ပို့စ်တစ်ခုအနေနဲ့ တင်ထားတယ်ဆိုတော့
အလွန်အမင်း ဖော်ကျူးတယ်လို့တော့ ထင်ပါတယ်
သို့သော်….ဘဝမှာ
လူတိုင်းကို ကိုယ်နိုင်သလောက်နဲ့ ကိုယ် ဆက်ဆံတတ်သူမို့
အဲဒီ ဆက်ဆံမှုရဲ့ ရိုးဂုဏ်လေး ပြန်လာတယ်လို့
ိုကိုယ့်ဘက်ကိုယ်ယက်ပြီး ကြည်နူးစွာ ခံယူပါတယ်
ကိုယ်မြတ်နိုးတဲ့အနုပညာကြောင့် ပြန်လာတဲ့ ပို့စ်ဖြစ်လို့လည်း
မြှောက်တယ်ဆိုရင်တောင် ကျေနပ်ဂုဏ်ယူစွာ အမြှောက်ခံပါတယ်ခင်ဗျာ
……
နောက်တစ်ခုက ကဗျာရွတ်တာဖြစ်ဖြစ်.ဘာဖြစ်ဖြစ်
ကျော်က တကယ်တမ်း သတ္တိကနည်း၊ လူတောက မတိုး၊ အရှက်အကြောက်လည်း ကြီးပါ့ အစ်ကိုရာ
အစ်ကိုတွေ့တဲ့အချိန်မှာ အရှက်အကြောက်မဲ့နေတာက
ကျနော့်ရဲ့ မာစတာပီးအကျင့်ဖြစ်တဲ့
အလွန်အကျွံ မူး…သူများထူးတဲ့ က္ကန္ဒြေမဲ့မှုကိုတော့
ချစ်သော သူအပေါင်း နောကြေအောင် သိကြပါရိုးလား အစ်ကိုရယ်..
မတွေ့တာကြာပြီဖြစ်တဲ့ ရွာသူရွာသားများ
ချမ်းမာချမ်းသာကြပါစေဗျာ
…
ကိုဘလက်ပို့စ်ကြောင့်
ဟိုအတွဲထက်
လကမ္ဘာကို အရင်ရောက်သွားဖို့ သေချာလုနီးနီး
ကမ်းကြီးပါခင်ဗျာ….
kai
June 27, 2014 at 2:51 pm
အင်း..
လောလောဆယ်မှာတော့ ၂လမြောက်နေပြီဖြစ်တဲ့.. ကိုရင်ဘလက်ရဲ့ ပုံနှိပ်စာတွေ.. ယူအက်စ်တခွင်.. လူကြိုက်များနေကြောင်းပါ..။
အဲဒါ…။
black chaw
June 27, 2014 at 2:59 pm
ဂယ်ပြောတာလား…ဟင်င်င်…။
စာမူခ တိုးပေးတော့မှာလား…ဟင်င်င်…။
တားဂ ငွေမမက်ပါဘူး…ဟေးဟေး…။
kotun winlatt
June 27, 2014 at 11:23 pm
ဒီတစ်ခါ ဆုံဖြစ်ရင်တော့ ဆြာကမ်းဆီက အမှတ်တရ ကဗျာတစ်ပုဒ်တောင်းမယ်..ပြီးတော့ ကဗျာတစ်ပုဒ် ရွတ်ပြခိုင်းရမယ်…..
naywoon ni
June 27, 2014 at 11:38 pm
အင်း ကမ်းဂျီးက ဘောလုံး ဂျာနယ် အဲဒီတာ ဟုတ်စ ။ ဒီတစ်ခါတွေ့မှ ကဘာ့ဖလား ဘောပွဲ အပိုင်တစ်ပွဲလောက်တောင်းပီး လောင်းပလိုက်အူးမယ် ။
စုန်းမ
June 28, 2014 at 3:21 am
ဟိုရက်က ရွာထဲ နန်လိုက်ဒါ လို့ အော်နေ ညည်းနေတာ အဲဒီ ကဗျာဆရာ ကဝေ မဟုတ်ဘူးလား ကဘချော ရဲ့။
သူ့ကဗျာတွေ ကို ကဗျာမသိတဲ့ အရီး လဲ ကြိုက်ပါတယ်။
:-)))
kyeemite
June 28, 2014 at 9:04 am
ဒါမှ တို့ရွာရဲ့ တကဲ့အနုပညာသမားကွ…
ကိုကမ်းနဲ့ ခင်မင်ရင်းနှီးရတာ ကျုပ်တို့ပါ ဂုဏ်တက်သဗျာ…ဆက်လျှောက် ကိုကမ်းရေ
surmi
June 28, 2014 at 9:13 am
ကိုကမ်းကိုမတွေ့ရတာကြပါပြီ
ဟိုတုန်းက ညည့်နက်သန်းကောင် ချက်ဘောက်မှာပြောဖြစ်တာလေးတွေသတိယမိပါရဲ့
TNA
June 28, 2014 at 4:03 pm
ရွာထဲမှာတကယ့်အနုပညာရှင်ကြီးတွေရှိတာ ဂုဏ်ယူမဆုံးပါ။ ဒါ့ထက်ဇဂါးမစပ် အိုက်ဒုန်းက အင်တာဗျူးလေးလဲ ဆက်မဖတ်ရပါလားအူးဘက်
alinsett (gazette)
June 28, 2014 at 7:47 pm
ကဗျာချစ်တဲ့လူကို…
ကဗျာကိုချစ်တဲ့လူကြီးက…
ကဗျာဆန်ဆန်…အသိအမှတ်ပြုထားတာလေး…
ချစ်စရာကောင်းတယ်ဗျာ…
Nyo Win
July 3, 2014 at 12:17 pm
နောက်တောင်ကျနေပြီ ကိုဘလက်ရေ
ကိုကမ်းရဲ့ အရေးအဖွဲ ့ အတွေးအခေါ် စကားလုံးရွေးသီမှုတွေကတော့
ရင်ကိုဒါရိုက်ဟစ်ပါပဲ…မှတ်မှတ်ရရ သူနဲ ့တစ်ခါလေးလားဆုံဖူးတယ်…
နူးညံ့ပျော့ပျောင်း..သိမ်မွေ ့တဲ့အပြောအဆို.. ယဉ်ကျေးနှိမ့်ချတဲ့ကိုယ်အမူအယာနဲ ့
တစ်ပါးသူအပေါ်မှာသန် ့စင်တဲ့မေတ္တာဓာတ်ခံရှိတဲ့ သူ ့ရဲ့အဇ္ဈတ္တကို ရုပ်သဏ္ဏာန်
မှာရှင်းရှင်းလင်းလင်းမြင်နေရတယ်…..
ဒါ့အပြင် အနုပညာဓာတ်ခံမှာတော့..သီချင်းဆိုလည်းကောင်းသဗျ…