ကျွန်မကလေးတွေကတော့ ဒီလိုပဲရှိတယ်
ကျွန်မသားသမီးနှစ်ယောက်ဟာ အတော်လေးကိုမှအမေးအမြန်းထူလှပါတယ်။
သူတို့အမေးအမြန်းထူကြောင်းကို ကျွန်မတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူတို့မောင်နှမနဲ့ထိတွေ့ ဆက်ဆံဖူးတဲ့လူတော်တော်များများဩချရတယ်။
ကျွန်မသမီးဟာ စကားပြောတတ်စအရွယ်ကစလို့ အခု၆နှစ်သမီးထိအောင် ကြည့်သမျှတီဗွီ၊ဗွီဒီယိုနဲ့
ပတ်ဝန်းကျင်တခွင် တွေ့မြင်သမျှှကို တွေးတောမေးမြန်းလေ့ရှိတယ်။
အတန်းပညာနည်းပါးတဲ့ သူ့သူငယ်ချင်းရဲ့မိခင်က သူ့ရဲ့ကလေးတွေကိုဘယ်လိုပြောလဲဆိုရင်
“တုံလေးကိုငါနဲ့နှစ်ယောက်တည်း မထားခဲ့ကြပါနဲ့ သူမေးသမျှတွေငါမဖြေနိုင်လို့ပါ” ဆိုသတဲ့။
ကျွန်မတို့ပြန်ကြားတဲ့အခါမှာ အတော်လေးမှသဘောကျမိတယ်။
အမှန်ပဲလေ မိဘတွေဖြစ်တဲ့ကျွန်မတို့တောင် တခါတလေ သူတို့မောင်နှမရဲ့မေးခွန်းတွေကြောင့် စိတ်မရှည် လက်မရှည်နဲ့ အော်ငေါက်မိသေးတယ်။
သားလေးစကားကောင်းကောင်းမပြောတတ်ခင်တည်းက သမီးနဲ့အတူတီဗွီကြည့်ပြီဆိုမှဖြင့် သူ့ရဲ့မေးခွန်းပေါင်းများစွာကြောင့် ကျွန်မတို့မှာ
ဘာအစီအစဉ်ကိုမှစိတ်ပါဝင်စားစွာသေချာကြည့်ခွင့်မရပါဘူး။
နိုင်ငံခြားကားပေါင်းစုံမှ စကားမတူတဲ့ လူမျိုးတိုင်းကို ဘာလူမျိုးလဲလို့မေးတတ်တာလဲအကြိမ်ကြိမ်။
ဖြေပြန်တော့လည်း သူတို့နိုင်ငံတွေက နှင်းကျလား၊ပူလား၊အေးလား၊ဘာတွေစားတာလဲ၊သူတို့ကဘာလို့ ဟိုလိုနေတာလဲ၊ဒီလိုလုပ်တာလဲ
စသဖြင့် မေးခွန်းတွေကိုစီထားသလားမှတ်ရအောင်၊စိတ်မရှည်ချင်စရာကောင်း လောက်အောင်မေးတတ်ပါတယ်။
သူ့မောင် ကျွန်မသားငယ် စကားတတ်လာပြန်တော့လည်း သူ့အစ်မနဲ့တစ်ထပ်တည်းကျအောင် မေးတတ်မြန်း တတ်လွန်းတော့ ကျွန်မတို့မှာ နှစ်ဆဖြေရပြန်ရော။
သူတို့မောင်နှမရဲ့အကျင့်တစ်ခုက ကျွန်မတို့ဖြေသမျှက သူတို့တွေးမိတာနဲ့မတူပြန်ရင်လည်း အတော်လေးကိုမှ အတွန့်တက် ဖြေရှင်းခိုင်းတတ်တာမို
့
လက်လွတ်စပယ်ဖြေလို့မရပြန်။
ကျွန်မက
“ကျားဆိုတာကြောင်မျိုးနွယ်ဝင်ပဲ” လို့ပြောထားမိတယ်။
မောင်နှမနှစ်ယောက်လုံးကိုပြောထားမိတာကာလအတော်ကြာပါပြီ။
တစ်နေ့က ကျွန်မသမီးကျောင်းသွားနေတုန်း ၃နှစ်ခွဲအရွယ်သားနဲ့ကျွန်မ အိပ်ယာထဲလှဲရင်း မျက်နှာကျက်က အိမ်မြှောင်တွေ ကိုတွေ့တော့သားက
သား။ ။“မေကြီးအိမ်မြှောင်တွေကဘာလိုကပ်ပြီးသွားတတ်တာလဲ”
ကျွန်မလည်းအိပ်ချင်နေတာမို့
ကျွန်မ။ ။“အိမ်မြှောင်မို့လို့ပေါ့သားရယ်”
သား။ ။“ပုတ်သင်ညိုကကောကပ်တတ်လား”
ကျွန်မ။ ။“အေး”
သား။ ။“တောက်တဲ့ကကော”
ကျွန်မ။ ။“ကပ်တတ်တယ်”
သား။ ။ “အိမ်မြှောင်က ဘယ်တွေမှာကပ်တတ်လဲမေကြီး”
ကျွန်မ။ ။ “နေရာအစုံကပ်တတ်တယ်”
သား။ ။ “ရေမှာကောကပ်လား”
ကျွန်မလည်း အိပ်ချင်စိတ်တအားများပြီး သူ့မေးခွန်းကိုသေချာနားမဝင်ပဲ ရမ်း အင်း လိုက်လိုက်တာ
သား။ ။ “ဟာ မေကလည်း ရေက မာမှမမာတာ ဘယ်လိုကပ်လို့ရမလဲ ရေကပျော့ပျော့ကြီးလေ”တဲ့
ကျွန်မလည်း ရယ်ချင်စိတ်ကြောင့် မျက်လုံးနည်းနည်းပြန်ကျယ်သွားတယ်။
သားကဆက်ပြန်တယ်။
သား။ ။“တောက်တဲ့ကကိုက်လားမေကြီး”
ကျွန်မ။ ။ “ကိုက်တတ်တယ်”
သား။ ။ “ကျားကကောကိုက်လားမေကြီး’’
ဟော ကပ်တတ်တဲ့အကောင်တွေအကြောင်းကနေ ဘယ့်နှယ့်ကျားဆီရောက်သွားပြန်ပါလိမ့်ပေါ့
ဒီကလေးမြန်မြန်အိပ်ရင်ပြီးရောက်ဆိုပြီး
ကျွန်မ။ ။ “ကိုက်တတ်တာပေါ့ ကျားပါဆို”
သား။ ။ ‘ “ကျားက ပုတ်သင်ညိုတွေ၊အိမ်မြှောင်တွေကိုကိုက်လား”
သူ့မေးခွန်းကသွားဆက်ချေပြီ
ကျွန်မ။ ။ “ကိုက်တာပေါ့ သားရ ”
သား။ ။ “တောက်တဲ့ကိုကော ကိုက်လား”
ကျွန်မ။ ။ “ကိုက်တယ် ကိုက်တယ် အိပ်တော့လေ”
ကိုလေရှည်က ကျွန်မရဲ့အိပ်တော့လေကိုအာရုံမထားပါ။
တစ်ခုခုကိုတွေးနေပုံ မျက်လုံးအဝိုင်းသားနဲ့ငြိမ်နေပြီးမှ
သား။ ။ “ကျားကကြောင်ကိုကောကိုက်လားမေကြီး”
ကျွန်မ။ ။ “ကိုက်တာပေါ့သားရာ ကျားပါဆိုအကုန်လုံးကိုကိုက်တယ်”
အဲ့အခါမှာသားက ပျာပျာသလဲ ကျွန်မအဖြေကိုငြင်းလိုက်ပုံက
သား။ ။ “မေကြီးပြောတော့ ကျားကကြောင်အမျိုးဆို သူ့အမျိုးကိုသူဘယ်လိုလုပ်ကိုက်မှာလဲမေကြီးကလဲ”
တဲ့လေ။
ဟူးးးးးးးးးးးး
…………………
တစ်ညကလည်း
သူ့အဖေနဲ့အစ်မအပြင်မှာတီဗွီကြည့်နေတုန်း သူနဲ့ကျွန်မအရင်အိပ်ယာဝင်ကြတယ်။
ခြင်ထောင်ထဲရောက်တော့သားက
သား။ ။ “မေ့ ခြင်ထောင်ကဘာလို့ အပေါက်လေးတွေပါတာလဲ”
ကျွန်မကလည်းအတိုကောက်ပဲ
ကျွန်မ။ ။ “အသက်ရူှကျပ်မှာစိုးလို့ပေါ့” လို့ဖြေလိုက်မိတော့ သားက
သား။ ။ “မေကလည်း ခြင်ထောင်ကနှာခေါင်းမှမပါတာ ဘယ်လိုလုပ်အသက်ရှူကျပ်မှာလဲ”
တဲ့လေ။ ကဲ……….
အခုနောက်ပိုင်းကျောင်းတွေဖွင့်ပြီဆိုတော့ ကျွန်မက သမီးကိုကျောင်းလိုက်ပို့ပြီးအပြန် သူ့အဖေကိုပြောမိတယ်။
“အပါးရေ တုံလေးတို့ကျောင်းမှာဂွေးသီးတွေရောင်းတယ်တော့် ”
အဲ့အခါသားက ဘေးကနေပြီး
“ဟွန့် ရွံစရာကြီး” တဲ့
သူက ဂွေးသီးဆိုတာ စားရတဲ့အသီးလို့မသိရှာသေးဘူးလေ။ဒါနဲ့ပဲကျွန်မက
“ရွံစရာမကောင်းပါဘူးသားရဲ့ ဂွေးသီးဆိုတာစားလို့ရတယ်ကောင်းမှကောင်း သားစားကြည့်မလား မေမေဝယ်ခဲ့ပေးမယ်”
ဆိုတော့ သူက
“စားချင်ပါဘူး သားကိုသေးနဲ့ပန်းမှာပေါ့”
တဲ့လေ………
၃နှစ်ခွဲအရွယ်ကျွန်မသားလေးရဲ့ မမေ့သေးတဲ့မနေ့တစ်နေ့ကမေးခွန်းတွေလောက်ပဲကျွန်မရေးပြနိုင်ပါရဲ့။
ကျွန်မသမီးရဲ့မေးခွန်းတွေကိုကတော့ “ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် ” ဆိုပြီး အဆုံးသတ်ပါရစေ။
16 comments
ဇီဇီ
June 28, 2014 at 11:08 am
အဟားဟားဟားးးး
ဒီနေ့ စိတ်ကုန်စရာတွေချည်းမြင်နေရတာ။
သော် စာ ဖတ်ပြီးမှ ရီလိုက်မိပြီ။
ကျေးကျေး
:chit:
•*¨နန်းတော်ရာသူ •*¨
June 28, 2014 at 11:18 am
မမအိုက်လိုလေးရီရဖို့ ညမလေးမှာ အဝိုင်းလည်တာကိုထိုင်ကြည့်ပြီးနာရီဝက်လောက်ခက်ခက်ခဲခဲတင်လိုက်ရပါတယ်။အဟင့်
😥
ရွာစားကျော် မင်းနန္ဓာ
June 28, 2014 at 11:53 am
ခေတ်ကလေးတွေကဖြင့် ဒီလိုပဲဗျာ
ကျနော့်သားမေးတာတစ်ခု က ခြင်ထောင်ကို ဘာဖြစ်လို့ စကွဲယား (square) လုပ်တာလဲတဲ့
အင်း အဲလို မေးတတ်တဲ့ အကျင့်လေးတွေ ကြီးတဲ့အထိ သယ်သွားနိုင်ကြပါစေဗျာ
Mr. MarGa
June 28, 2014 at 11:57 am
ဟိ…
ပြန် ပြောပြဖို့
တော်တော် ခက်လိမ့်မယ် တဲ့ လား :kwi:
ခင် ခ
June 28, 2014 at 1:36 pm
“မေကြီး သားက မေကြီးကို ဘာလို့ အမေ လို့ခေါ်တာလည်း”
“သားရဲ့ အမေ ဖြစ်နေလို့ပေါ့”
“သားရဲ့ အမေ ဘာလို့ဖြစ်တာလဲ”
“သားကို မွေးပေးလို့ပေါ့”
“ဒါဆို မွေးပေးတဲ့သူကို အမေ လို့ ခေါ်ရတာပေါ့နော်”
“အင်းပေါ့ ကိုယ့်ကိုမွေးပေးတဲ့သူကို အမေလို့ခေါ်ရတာပေါ့”
“ဒါဆို အမေကြီးကို ဒေါ်အောင်ဆန်းစုကြည်က မွေးပေးတာလား”
“ဟာ သားကလည်း အမေကို သားအဖွားကမွေးလို့ သားအဖွားကို မေကြီးက အမေလို့ခေါ်တာလေ”
“ဟင် ဒါဆို မေကြီးကို မွေးပေးတာမဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေစု လို့ မေကြီးတို့ခေါ်နေကြတာလဲဟင် မေကြီးပြောတော့ ကိုယ့်ကိုမွေးပေးတဲ့သူကိုမှ အမေလို့ခေါ်တာဆို”
ကျွန်မသား ကငယ်သေးတော့ သူ့ရဲ့မေးခွန်းကို “ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် ” ဆိုပြီး အဆုံးသတ်ပါရစေ။
Shwe Poe
June 28, 2014 at 1:51 pm
တ နေ ကုန်စိတ်ပျက်လာခဲ့သမျှအခုမှပဲ အဆုံးသတ်သွားတော့တယ်ဗျာ
တကယ်ချစ်စရာကောင်းလွန်းတဲ့က လေးတွေကိုပိုင် ဆိုင် ထားတာပဲဗျ
ရယ်လိုက် ရတာနဲ ့ပဲအ မောပြေသွားပြီ
TNA
June 28, 2014 at 3:37 pm
ခုခေတ်ကလေးတွေအားလုံးအိုက်လိုပဲကြံကြံဖန်ဖန်မေးတတ်ပုံရတယ်နော်။ သားတော်မောင်လဲအိုက်လိုပဲ။ သူမေးလိုက်ရင်အများကြီးစဉ်းစားပြီးဖြေရတယ်။ ခုလဲ ဖတ်ပြီးရီလိုက်ရတာ
kai
June 28, 2014 at 3:58 pm
ဂွေးသီးက.. သေးနဲ့ပန်းမှာသိတဲ့.. အသိကို..တော်တော်သဘောကျသဗျ..။
ဒီကလေးကြီးပွားမယ်..
Ma Ma
June 28, 2014 at 7:53 pm
နန်းတော်ရာသူလည်း သိပ္ပံမယ်ဝ ဖြစ်တော့မယ်။
ရွှေ ကြည်
June 29, 2014 at 5:05 pm
အောင်မလေး ကြည်နဲ့သာဆိုစိတ်မရှည်တာနဲ့ ခက်မယ်
သူကြီးပြောတဲ့နေရာရောက်တော့ ရီလိုက်ရတာ မမနန်းက မိခင်ပီသပါပေတယ်
အရီးခင်
June 29, 2014 at 8:51 pm
အခုမှ တွေ့လို့ မှတ်ချတ်ပေးနောက်ကျနေတာ စောဒီးပါ မနန်းရေ။
သားလေးက အတော်တတ်တာဘဲ။
ရီလိုက်ရတာ။
မမ၊ ရွှေကြည် နဲ့ သူကြီး တို့ နောက်လိုက်ရမယ်။
မမ ပြောသလို သိပ္ပင်္မောင်ဝ ရဲ့ မောင်လူမွှေး ကို ပြေးသတိရတယ်။
ရွှေကြည် ပြောသလို ကလေး မေးတာကို အသေအချာပြန်ဖြေ ပေးမဲ့ အမေ ရှိတာ မို့ သားလေး အတော်ကံကောင်း တာဘဲ။
သူကြီးပြောသလို ကြီးပွါး အောင်မြင် မဲ့ သား။
သမီးရဲ့မေးခွန်းတွေကိုလဲ ကြားချင်တယ်။
ပြောပြပါ။ ;-)))
ဝင့်ပြုံးမြင့်
June 30, 2014 at 6:28 am
ခလေးနှစ်ယောက် အသက် သိပ်မကွာတော့ တော်တော်မောမှာပဲနော်။ အမတောင် သမီးနဲ့ သား အသက် ၆နှစ်ကွာတာ ပင်ပန်းလိုက်တာ။ ဘာနဲ့မှကို မတူဘူး။ သားကလေး မေးခွန်းကိုဖတ်ပြီး ရီရတယ် ညီမရေ့။
ကိုပေါက်(မန္တလေး)
June 30, 2014 at 9:29 am
ဝင်ဖတ်လိုက် မန်းမယ် ဆို ပျောက်သွားလိုက်
နန်းတော်ရာ သူ စ ာ ဖတ် မိတဲ့ အခါ
ဆရာသိပ္ပံမောင်ဝ ရဲ့ စာ တွေ ကို ပြန် ဖတ်ချင် လာ မိ တယ်
အခုခေတ် ကလေး က ရှေး ခေတ် က ကလေးတွေ ထက် ပို ပြီး သိ တယ် ထင် ပါ တယ်
black chaw
June 30, 2014 at 11:04 am
အမေရိကား ရောက်နေတဲ့ ဆရာမ ခက်မာ ရေးခဲ့ဖူးတဲ့
စာအုပ်လေးတစ်အုပ် ရှိတယ်ဗျ။
သားထံမှ သင်ယူခြင်း တဲ့။
တစ်နေ့ကတောင် စာအုပ်တွေပြန်ရှင်းရင်း
အဲဒီစာအုပ်လေး တွေ့လို့ ပြန်ကောက်ဖတ်မိနေသေးတယ်။
အခု နန်းတော်ရာသူရေးသလိုမျိုးလေးပဲ။
စီးရီးလိုက်ရေးလို့ရတဲ့ အကြောင်းအရာလေးတွေ ခင်ဗျ။
ကျွန်တော်တို့အတွက်တော့
နန်းတော်ရာသူတို့ သားအမိထံမှ သင်ယူခြင်းပေါ့။
kyeemite
June 30, 2014 at 11:05 am
အမေးထူတဲ့အလေ့အကျင့်ကကောင်းပါတယ်ဗျာ…ခက်တာကအဲဒီအကျင့်က ကျောင်းလည်းတက်ရောပျောက်ကုန်တော့တာပဲ..ဆရာမတွေကမေးတာမှမကြိုက်ကြတာ( သူတို့မဖြေနိုင်တာမေးမှာကိုကျောက်တာကြောင့်နေမှာ 😀 )
•*¨နန်းတော်ရာသူ •*¨
June 30, 2014 at 4:09 pm
Mobile view မှာ reply မတွေ့လို့ အောက်ဆုံးကနေပဲ အကုန်လုံးကိုကျေးဇူးတင်လိုက်ပါရစေ။
အရီးပြောသလို ဆက်ရေးဖို့စိတ်ကူးရှိပေမယ့် အမှတ်ကြီးတဲ့အရီးကိုကတိမပေးရဲသေးပါ
ရွာစားကျော်
သကြား
ရွှေပိုး
မမသဲ
ဦးခ
သူကြီး
အန်တီမမ
ရွှေကြည်
အရီး
မမပြုံး
ဦးပေါက်
ဦးဘလက်
ဦးကြီးမိုက်
အားလုံး
ကျးကျေးပါ။
တယောက်ချင်းစီကို သေသေချာ reply လုပ်ချင်ပေမယ့် လိုင်းကတော်တော်ကြာနေလို့ တောင်းပန်ပါတယ်လို့
😥