ဂျိုးနှင့် ဝက်ခြံ
ဂျိုးသည် ကျွန်တော် သတိမထားမိခင်မှာပင် ကျွန်တော့်မျက်နှာအား ခဏချင်း ဖတ်ပြီးသွားလေပြီ။
“ဒီနေ့ သုံးလုံးတော့ တွေ့နေပြီ”
သွားပြီ။ ကျွန်တော်၏ ကြောက်လန့်မှုကို ကာကွယ်ဖို့အတွက် ရွေးစရာ မရှိတော့ပါ။ အခု ဂျိုးတွေ့ထားသည့်
သုံးလုံးစလုံးကို အံကြိတ်ပြီး အရှင်းခံမလား။ ဒေါသတကြီးနှင့် ထပြန်သွားမည့် ဂျိုး၏ ရင့်သီးဖွယ်ရာ စိတ်ကောက်မှုကို
ခံယူမလား။ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော် သိနှင့်နေပါပြီ။
ကျွန်တော့်မျက်နှာပေါ်သို့ တစ်နေ့ပြီးတစ်နေ့ ဒီလို ဝက်ခြံများကို လာလာ မြှုပ်နှံသွားသည့် နတ်ဆိုးများကို မုန်းသည်။
ဂျိုးသည် ဝက်ခြံများကို ဘယ်ဘဝကပင် အသည်းယား မုန်းတီးလာလေသည်မသိ။ အခုလည်း ဂျိုးသည် တွေ့ရှိထားသည့်
ကျွန်တော်၏ မျက်နှာမှ ဝက်ခြံသုံးလုံးကို စိတ်ရှိလက်ရှိ သတ်ကွင်းဆင်လေတော့မည်။
“ဂျိုးရာ…တစ်လုံးလောက်ပဲ ရှင်းကွာ…နော်”
“ဟင့်အင်း …မရဘူး …အကုန်ပဲ”
“အာ…ကွာ…”
“ကဲ…လာ”
ကျွန်တော်ရုန်းမပြေးနိုင်ခင်မှာပင် ဂျိုး၏ သွယ်ပျော့သည့် လက်နှစ်ဖက်သည် ကျွန်တော့်မျက်နှာကို ဖမ်းချုပ်ထားပြီးလေပြီ။
ကျွန်တော်၏ ညာနှုတ်ခမ်းအကွေးနားလေးမှာ ကိုယ့်ဘဝကိုယ်မသိသည့် ငရဲသား ဝက်ခြံဖူးကြီးသည် နီရဲစူထွက်နေ၏။ ထို ဂန်းမသား
ဝက်ခြံအား ညှစ်သတ်သုတ်သင်ဖို့ ဂျိုး၏ လက်မနှစ်ဖက် အသင့်နေရာယူပြီးသောအခါ ဂျိုး၏ ဘယ်လက်ဖဝါးသည် ကျွန်တော့်နှာခေါင်းအား
ပိပြားနေအောင် ဖိ၏။ ဂျိုး၏ ချွန်မြနေသော ဘယ်လက်သန်းအချွန်သည် ကျွန်တော်၏ နားရွက်ကို အညှာအတာကင်းမဲ့စွာ ထိုးစိုက်သည်။
“အား …နာတယ်ကွာ”
“ပိုပြီ…ညှစ်တောင် မညှစ်ရသေးဘူး”
“ညှစ်လို့မဟုတ်ဘူးကွ…မင်းဖိထားတဲ့ လက်တစ်ဖက်က
နှာခေါင်းရိုးကို ချိုးနေပြီး တစ်ဖက်က နားကို ထိုးလို့”
“ဩ…ဟေး ..ဟေး ..ဆောရီး”
ဝက်ခြံများကို ရှင်းပစ်ရန် ဇောကပ်နေသော ဂျိုးသည် ကျွန်တော်၏ မျက်နှာအား ပလာတာရိုက်သည့် သံပြားတစ်ချပ်လို သဘောထားသလား မသိ။
ခန္ဓာမှ သိစိတ်ဟူသမျှ၏ အကြောက်အကန်ရုန်းကြွမှုသည် နူးညံ့ချွန်မြနေသည့် လက်မထိပ်နှစ်ခုအကြား တစ်စင်တီမီတာ ဧရိယာထဲသို့ တိုးဝင်လာသည်။
ဝက်ခြံဘဝ တောက်ပဖို့ အဆင့်မြင့်ဆုံး ဖူးကြွနေသော ငရဲသားသည် “ဗြုတ်” ကနဲ ထွက်ခွာအသွား၊ ကျွန်တော်၏ နာကျင်မှုနှင့် ရုပ်နာမ်ခေတ္တအဆက်ပြတ်၊ လှုံ့ဆော်မှု အာရုံကြောင့် ကျွန်တော် ရုန်းထွက်လိုက်နိုင်ချိန်တွင် ဂျိုးသည် အောင်ပွဲရ စစ်သူကြီးတစ်ယောက်၏ ဟန်ပန်မျိုးဖြင့်
ူသူ့လက်မထိပ်ကို ကြည့်နေသည်။ ဂျိုး၏ လက်မထိပ်တွင် တောင်ပျံဆန်လုံးဝက်ခန့် ညိုညစ်ညစ် ဝက်ခြံညှောင့်ကြီးသည် လှပစွာ စံစားနေလေသည်။
ကျွန်တော်သည် အားအင်ကုန်ခမ်းသွားပြီးမှ ကမ်းသို့ လက်မတင်ကလေး ရောက်ခဲ့ရသည့် ရေဘေးဒုက္ခသည်တစ်ယောက်လို နာကျင်တစ်ဝက်၊ ကျေနပ်တစ်ဝက်ဖြင့် လှိုက်မောနေရသည်။
“တွေ့လား…နည်းတာကြီးမဟုတ်ဘူး။ မျက်နှာကို ဂရုမစိုက်ရင် အဲလိုပဲ မျက်နှာမှာ ဝက်ခြံအခေါင်းပေါက်ကြီးတွေ၊ မှဲ့ခြောက်တွေ အများကြီး
ဖြစ်နေလိမ့်မယ်…ဟင်…သွေးတွေ အများကြီး ထွက်လာတယ်…မွမွ”
ဂျိုးသည် မြို့သိမ်းဗုံးတစ်လုံး ကြဲချလိုက်ပြီးမှ ဒဏ်ရာများနှင့် ပြန့်ကျဲလူးလိမ့်နေကြသည့် ဒုက္ခသည်တွေကို လိုက်လံကယ်ဆယ်သလို စုတ်တသပ်သပ် ဖြင့် ကျွန်တော့်မျက်နှာမှ သွေးများကို တစ်သျှူးလေးနှင့် ယုယစွာသုတ်သင်သည်။ သွေးတိတ်ရန် အချိန်ကြာကြာ ဖိကပ်ထားသည်။ နှုတ်မှလည်း “သနားပါတယ်” ဟု တဖွဖွ ပြောသည်။
တစ်လက်စတည်း နောက်ထပ် ပစ်မှတ်အသစ်တွေကိုလည်း အပြေးအလွှား ရှာသည်။
“ကဲ…အားလပ်ချိန် ခဏရမယ်…ကော်ဖီသောက်မယ်…ဖျော်ပေး”
စတားဘတ်လည်း မဟုတ်၊ ကမ္ဘာကျော်ဘရာဇီးကော်ဖီလည်းမဟုတ်၊ သူနှင့်ကျွန်တော်နှစ်သက်ပြီး နှစ်ယောက်ပင် သောက်မကုန်သော
ဆန်းဒေးကော်ဖီမစ်တစ်ထုပ်သည် တနင်္ဂနွေရက်များတွင် ထုံးစံအတိုင်း အငွေ့တစ်ထောင်းထောင်းဖြင့် ဟန်ရေးပြနေသည်။
ကျွန်တော်ပေးသော ကော်ဖီခွက်ကို ယူကာ လိုအပ်တာထက် ပိုချွန်ထားသော နှုတ်ခမ်းတွင်တေ့ရင်း ကျွန်တော့်အား မချိုမချဉ် ပြုံးစစဖြင့်
ဂျိုးကြည့်သည်။ ဂျိုး၏ သည်လို အကြည့်များကြောင့် ကျွန်တော်၏ မကောင်းမှု အကုသိုလ်အချို့သည် အနုပညာအဖြစ် နူးညံ့စွာပြောင်းလဲသွားသည်။ ထိုအနုပညာသည်ပင် ဂျိုးအား ဤသို့ချစ်ရပါသော မြတ်နိုးမှုအဖြစ် ပြန်လည် လည်ပတ် သွားပြန်ပါသည်။ လောကတွင် ထိုသော အလှများရှိပါ၏။
“အချိန်စေ့ပြီ ကိုကိုရေ့…”
ဂျပန်ကဗျာဆရာကြီး ဗသျှိူးက
“အိုင်အိုကြီးပါလား
အလိုရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား”
ဟူသော ဟိုက္ကူကဗျာဖြင့် ဘဝ၏ တိုတောင်းခဏဖြစ်ပျက်ခြင်းကို ဖွဲ့သည်။ လူ့ဘဝကို “ရေပွက်ပမာ”ဟု ကျွန်တော်တို့ တင်စားကြသည်။
သို့ဖြင့် ဆိုပါလျှင် ကျွန်တော်၏ ကော်ဖီအားလပ်ချိန် ပမာဏကို တိုင်းတာရန် ဘုရားသခင်မှလွဲ၍ မည်သူမျှ တတ်နိုင်တော့မည် မထင်ပါ။
ဂျိုး ဒုတိယမ္ဘိ ရွေးချယ်လိုက်သော ကျွန်တော်၏ နားသယ်စမှ မိစ္ဆာငရဲသားသည် လူနံ့ရသော သင်းခွေချပ်လို ကျွန်တော်၏ အကြောက်တရားနှင့် ရောကာ ပုန်းသည်။
“အလဲ့…ဒီတစ်ခါကောင်က …ကုတ်ကမြင်းပဲ…အမည်းစက်လေး မြင်ရလို့သာ..ရှိမှန်းသိရတာ”
ဂျိုး၏ မျက်ဝန်းများသည် လက်ရည်တူချင်း ယှဉ်ရတော့မည့် ဓားသမားတစ်ယောက်၏ စိတ်အားထက်သန်မှုဖြင့် ရွှန်းလဲ့နေသည်။
နားရွက်တစ်ဖက်ကို ဖမ်းဆွဲထားပြီး လက်မနှင့်ထောက်ကာ ကျန် လက်တစ်ဖက်ဖြင့် မျက်နှာတစ်ပြင်လုံးကို အုပ်မိုးချုပ်ကိုင်ထားသော
ဂျိုး၏လက်ထဲတွင် ကျွန်တော် လှုပ်မရဖြစ်နေသည်။ နိုင်ငံကျော် ပြည်သူချစ် စာရေးဆရာကြီး၏စကားနှင့်ပြောရလျှင် ကျွန်တော်ဘာများ တတ်နိုင်ပါတော့မည်နည်း။
ဂျိုး၏ လက်ဖဝါးအောက်မှ ကျွန်တော် အသက်ကို ခက်ခဲစွာရှူနေရသည်။ မျက်လုံးတစ်ဖက်ကို လက်ချောင်းဖြင့် ဖိမိနေသဖြင့်
အောင့်သည်။ ဂျိုး၏ လက်မထိပ်နှစ်ခုသည် နားသယ်စတွင် ပုန်းခွေနေသော အကောင်ယုတ်၏ ချက်ကောင်းကို မိုင်းရှင်းကိရိယာ
တစ်ခုလို လိုက်ထောက်နေသည်။
“ဂျိုး…ဖြည်းဖြည်း..နော်”
“ငြိမ်ငြိမ်နေ…”
ကျွန်တော်၏ ကြောက်လန့်တကြား မြောက်တက်လာသော လက်နှစ်ဖက်ကို ဂျိုး ဆတ်ကနဲ ပုတ်ချသည်။
ထိုစဉ် စူးရှချွန်မြလွန်းသော နာကျင်မှုတစ်မျိုးသည် နားသယ်စတွင် မီးကဲ့သို့ ကျွမ်းလောင်သည်။
“အား…”
“မလှုပ်နဲ့…ငြိမ်ငြိမ်…ငြိမ်ငြိမ်…ရတော့မယ်”
ပထမတစ်ကြိမ် ထိုးစစ်တွင် အောင်မြင်မှု အပြည့်အဝမရလိုက်သော စစ်သူကြီး ဂျိုးသည် သူ၏ စားပွဲပေါ်မှ မြေပုံပေါ်သို့ ကွန်ပါဖြင့်
ပို၍ သေချာစူးနစ်စွာ ထောက်သည်။ ဂျိုးသည် ကျွန်တော့်မျက်နှာ သဲကန္တာရပေါ်က မြေခွေးဝက်ခြံအား တိုက်တိုင်းအောင်တော့မည့်
ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ။ ဒီတစ်ခါ နာဇီဗိုလ်ချုပ် ရွန်းမဲလ်သည် ခံစစ်ဗျူဟာဖြင့် ကြံ့ကြံ့ခံပြန်သည်။
“ဟာကွာ…အကြီးကြီးကွ…မြင်နေရပြီ…ငြိမ်ငြိမ်”
ဒုတိယ ကမ္ဘာစစ်တွင် ရက်စက်မှုအပေါင်း သရဖူဆောင်းလောက်အောင် နှိပ်စက်မှုအရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော
ဖက်ဆစ်ငပုတို့သည် လက်သည်းခွံခွာသော အတတ်ကို တတ်ခဲ့သော်လည်း ရန်သူကို ဝက်ခြံညှစ်ပေးသော နှိပ်စက်နည်းကို
သိသွားကြမည် မထင်ပါ။ မြတ်နိုးရသော လက်ဖဝါး နုနုလေးနှစ်ဖက်အောက်တွင် နာကျင်စွာ အသတ်ခံနေရသော အဖြစ်ကို
အချစ်ဟု ခေါ်ဆိုပါက ကျွန်တော်သည် ၎င်း အချစ်ကို ရာခိုင်နှုန်းတစ်သိန်းအပြည့် ပိုင်ဆိုင်ခဲ့ရပါသည်။ ပါးလွှာသည့် အရေအပြား
အောက်မှ နူးညံ့သည့်အသားစိုင်ကို မြင်းကောင်ရေ တစ်သိန်းအား လက်မလေးဖြင့် ဖိညှစ်လိုက်သောအခါ ဝဋ်ဒုက္ခကောင်သည် ကျွန်တော့်အား
အဆုံးစွန်သော နာကျင်မှုကိုပေးပြီး ကိုယ်လွတ်ရုန်း ခုန်ထွက်သွားလေသည်။
“အား…ခွေးမသားကို ရပလား..ကွ..”
မျက်စွန်ထောင့်စွန်းမှ မျက်ရည်တစ်စနှင့်အတူ နာကျင်မှုပေါ့ပါးသွားသော ကျွန်တော့်အမေးကို
“ကိုကိုလေး သနားပါတယ် မွမွ”
ဆိုသည့် အလွန်အားရကျေနပ်နေသည့် ပီယဝါစာ လေသံဖြင့် ချော့သိပ်သည်။ ကျွန်တော်၏ နားသယ်စသည် ဂြိုဟ်တုမှ ရိုက်ပြီးပေးပို့လိုက်သော
လကမ္ဘာ၏ ဓာတ်ပုံထဲမှ အပေါက်တစ်ပေါက်လို ကျန်ရစ်ခဲ့ချိန်တွင် ဘုရားသခင်သာ တွက်ဆနိုင်မည့် အားလပ်ချိန်ကို ပြန်ရလေသည်။
ဂျိုးသည် ဒုတိယမ္ဘိ သဲကန္တာရမြေခွေးအတောင့်ကြီးကို မျက်နှာရှေ့တွင် ထောင်ကြည့်ပြီး အခန်းထဲတွင် လမ်းသလားရင်း အောင်ပွဲခံသည်။
ထို့နောက် ဘေစင်တွင် လက်သွားဆေးပြီး ကျွန်တော့်စာအုပ်ပုံကို မျက်စောင်းထိုးသည်။ ကျွန်တော် ပျော်သည်။ ဂျိုးအား ကျွန်တော် ဆောင်ယူခဲ့သမျှ သည် သူ၏ ဝီစိကိစ္ဆာများအား ကျွန်တော်၏ သည်းခံခြင်းများနှင့် တိုက်စားပစ်နိုင်သောကြောင့်ပင် ဖြစ်ပါ၏။
ဂျိုးသည် ကျွန်တော်၏ စာအုပ်စင်အား ပျော်ရွှင်စွာ ရှုပ်ဖွပါတော့မည်။ ကျွန်တော်က စိတ်ဆိုးချင်ယောင်ဆောင်ပြီး ငေါက်သောအခါ
သူက ကြောက်ချင်ယောင်ဆောင်မည်။ ကျွန်တော်ပေးနိုင်သော ချစ်ခြင်းမေတ္တာထဲတွင် သည်လို ပကတိတန်ဖိုးတရားများ ပါဝင်ပါသည်။
ကျွန်တော်သည် ဂျိုးကို ငွေကြေးများနှင့် စိန်ခေါ်ရသည့် ပျော်ရွှင်မှုများ ပေးခဲ့လိုသော်လည်း မပေးနိုင်ခဲ့ပါ။ ထိုပျော်ရွှင်မှုများကိုလည်း
တန်ဖိုးအစစ်ဟု မယူဆပါ။ သို့သော် ငွေကြေးနှင့် ဝယ်ယူလို့မရနိုင်သည့် အရာဟူသမျှ ကျွန်တော် ပေးနိုင်သည်။ စစ်မှန်သော မေတ္တာတရားသည်
အရာအားလုံးဆီမှ တုံ့ပြန်ပုံဖော်နိုင်ပါသည်။
ကျွန်တော်၏ အရိပ်အောက်တွင် ပီဘိကလေးငယ်တစ်ယောက်အဖြစ် ဂျိုးကို ပုံသွန်းလိုက်နိုင်ခြင်းအတွက် ကြည်နူးပီတိကို ကျွန်တော် တစိမ့်စိမ့်ပုံဖော်ခံစား နေချိန်တွင် ဂျိုးသည် စာအုပ်များကို ဖွနေရာမှ …
“ဟာ…တွတ်ပီကာတွန်းစာအုပ်တွေ…ပျော်စရာကြီး..ကိုကိုရေ့..တူတူဖတ်ရအောင် လာ..”
ဂျိုးသည် တတိယငရဲသားကို မေ့ပျောက်သွားသည့်အတွက် ကျွန်တော် ကျွမ်းထိုးပစ်ချင်လောက်အောင် ပျော်သည်။
ဂျိုးသည် ကာတွန်းလက်ရာများကို တလေးတစား ဖတ်သလို ကာတွန်းဆရာ အားစိုက်ထားသည့် အနုစိတ်လက်ရာများအထိ မြင်တတ်၊ ခံစားသက်ဝင် တတ်သည်။ ဂျိုး ကျွန်တော့် ပခုံးကို လာမှီသောအခါ ကျွန်တော်က စာအုပ်ကို ကိုင်ကာ တစ်ရွက်ချင်း သူဖတ်အပြီးကိုစောင့်ကာ လှန်ပေးရသည်မှာ ထုံးစံပင်။
“ကိုကိုရေ့.. မသေးမျှင်…ဆန်အိုးကို ဂလိုင်ခေါက်နေပြီကွ…”
“အင်း…”
“ဟီဟိ …ဆရာတွတ်နဲ့ ဗိုက်ကလေး ရိုးမတောထဲ ဝင်ရတော့မယ်…
ဆရာတွတ်ရေ့..ဆရာတွတ်ရှိလားဗျ…တဲ့..ဟာ စောတင်မောင်ကြီးလာပြီ…
ကိုကိုပိကျိ ဒီမှာ ရယ်ရတော့မယ် ဖတ်..ဖတ်..အင့်…ဟင်..ဝက်ခြံကြီး…”
တောက်…ဟာဗျာ။ ဆရာဆွေမင်း(ဓနုဖြူ)ခင်ဗျား။ စောတင်မောင်ဟာ ဒီလောက် နှာခေါင်းကြီး၊ ဆံပင်ကောက်၊ ညှင်းသိုးသိုးနဲ့
မင်းကုသထက်အောင် ရုပ်ဆိုးနေပြီး ဖြစ်ပါလျက် ဘာကြောင့် သူ့မျက်နှာမှာ ဝက်ခြံတွေကို ထည့်ဆွဲထားရပါသလဲခင်ဗျား….။
“ဟိတ်ကောင် ကိုကို..ဂျိုးကို အာရုံလွှဲတယ်ပေါ့…တော်သေးတယ်…စောကြီးကိုမြင်မှ သတိရလို့ တစ်ကောင်ကျန်သေးတယ် ဟင်းဟင်း”
“အာ…မဟုတ်ပါဘူး ဂျိုး…ကာတွန်းဖတ်မယ်လေ..ပြီးမှ…”
“မရဘူး..ဒီကောင့်ကို အရင်ရှင်းပြီးမှ..ကြုံတိုင်းကို ပြန်သွားမယ်”
မထင်မှတ်ထားသော တိုက်ဆိုင်မှုအကြောင်းတရားများကို ကံဟု ခေါ်ပါလျှင် ကျွန်တော်၏ မျက်နှာပေါ်၌ ဒီနေ့ ကံ သုံးလုံးရှိပါသည်။
နှစ်လုံးသည်ဖြစ်ပျက်ဓမ္မအတိုင်း သံသရာကို ခရီးထွက်သွားပြီ ဖြစ်ပါသော်လည်း ကျန်နေသေးသော တစ်ကောင်၏ကံသည် ဂျိုးလက်ချက်နှင့်
မုချမဆိုင်း သင်္ခါရသဘောမှာ ကိစ္စချောတော့မည့်အရေးမှာ ငထွားကျွန်တော်က ခါးနာရပြန်ချေဦးမည်။
ကျွန်တော် ငြင်းဆန်ပါက ချစ်သော ဂျိုးသည် ကျွန်တော်ဖန်ဆင်းထားသည့် ပီဘိကလေးအဖြစ်မှ စိတ်ကောက်ဒေါသကြီးတတ်သော
လူကြီးအဆင့်သို့ ချက်ချင်း ကူးပြောင်းရောက်ရှိသွားပေမည်။ အရာအားလုံး မဖြစ်နိုင်သော်လည်း ချစ်သော ဂျိုးထံကျရောက်နိုင်မည့်
အမှောင်ဟူသမျှကို တတ်နိုင်သမျှ ကျွန်တော်ခပ်ထုတ်ချင်ပါသည်။ ထို့ကြောင့် အသေးအမွှားကအစ ကျွန်တော် သပ်သပ်ရပ်ရပ် ပင်ပန်းခံရပါဦးမည်။ ချစ်သော ဂျိုးသည် ဤသို့ ဝက်ခြံများကို မုန်းလွန်းပါသောကြောင့် ကျွန်တော်က ပိုချစ်ရပါသည်။
6. 7. 2014
တနင်္ဂနွေနံနက်..
2း20
29 comments
အရီးခင်
July 5, 2014 at 3:13 pm
{သူ၏ ဝီစိကိစ္ဆာများအား ကျွန်တော်၏ သည်းခံခြင်းများနှင့် တိုက်စားပစ်နိုင်သောကြောင့်ပင် ဖြစ်ပါ၏။ }
ချစ်ဖို့ကောင်းလိုက်တာဟယ်။
အရီး မှာလဲ ဒီလို လူ ရှိကြောင်း ဝင် ကြွားစ် ရမလားမသိ။
PS –
MG is one of the အရီး၏ ဝီစိကိစ္ဆာများ
သူ၏ သည်းခံခြင်း မကုန်ခင် ပြေးပြီ။ LOL;-))))))
marblecommet
July 7, 2014 at 8:23 pm
ကျွန်တော်တို့ အရီးကလည်း
ခံစားမှု အပိုင်းမှာ
ဦးပေါင်းကျားနှင့် မြင်းကျားရှင်
ပါပဲခင်ဗျ….
အရီးခင်
July 8, 2014 at 12:01 am
ဦးပေါင်းဆင်း နဲ့ မြင်းညို ရှင် လို့ ဘဲ ကြားဘူးတာပါ။
ဘဲ့နဲ့ဖြစ်ပြီး
ဦးပေါင်းကျား နဲ့ မြင်းကျား ရှင် ဖြစ်နေလဲ။
ကြည့်ရတာ
“ခံစားမှု အပိုင်းမှာ ကန့်လန့်ကြီး” ဖြစ်နေတယ် လို့ ကျုပ် ကို ရန်စ နေတာပေါ့လေ။
ဟေ့ မောင်ကမ်း
ဝက်ခြံတော့ မညှစ်တတ်ဘူး။ နားသယ်မွေးတော့ ဆွဲတတ်တယ်။
မင်းတော့ တွေ့မယ်။
တောက်စ် (မူ -ဂဂ)
ဂဂ ရဲ့ တောက်စ် က ဒီနေ့ အတော်အလုပ်ဖြစ်နေတယ်။
:-)))
kyeemite
July 5, 2014 at 3:53 pm
ဘယ်လိုခံစားရမှန်းတောင်မပြောတတ်အောင်ပဲဗျာ….ချစ်သူလေးနံမည်က ဂျိုး တဲ့လား…
“ဂျိုးနဲ့သူ၏ကိုကို”ပေါ့နော…..ဆြာကမ်းရဲ့ခံစားမှု အပြင်းစာတွေပေါ့ 😛
marblecommet
July 7, 2014 at 8:26 pm
အပြင်းစားရယ်လို့တော့ မဟုတ်ပါဘူး ဆြာအူးမိုက်ခင်ဗျာ…
နောက်ထပ် တောင်တစ်လုံးထက် အခြားတောင်တစ်လုံးကလည်း
ပိုမြင့်နိုင်ပါသေးတယ်…ဟေး ဟေး ..
Myo Thant
July 5, 2014 at 3:57 pm
( 6. 7. 2014 တနင်္ဂနွေနံနက်.. 2း20 )
အင် . . . . ငါက စနေနေ့ ညနေ ၃ း ၃ဝ မှာဖတ်နေတာ ၊
သူက တနင်္ဂနွေမှ ရေးပြီးတာဆိုတော့
ငါ . . . . မှားတယ်ပဲထားပါတော့လေ ၊ 🙂
marblecommet
July 7, 2014 at 8:28 pm
ဟုတ်ပါရဲ့ ကိုမျိုးရယ်
ပို့စ်တစ်ခုတင်လိုက်တိုင်း
အမြဲ တစ်ခုမဟုတ် တစ်ခုက မှားနေတော့တာပဲ
ပလပ် ကျွတ်လုလုမို့ ခွင့်လွှတ်ပေးဗျာ…..
Ma Ma
July 5, 2014 at 8:34 pm
ရသစာပေပီသပါပေတယ်။
ရေးတတ် ဖွဲ့တတ် နွဲ့တတ်ပါပေ့။ 🙂
marblecommet
July 7, 2014 at 8:30 pm
ဒီလောက်လဲ မဟုတ်ပါဘူး အန်တီမမရယ်
အမှန်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိတဲ့ အဖြစ်ရယ်…
Ma Ma
July 7, 2014 at 9:46 pm
ကြွားစ်စ်စ်စ်စ်…….. 🙂
ဇီဇီ
July 6, 2014 at 7:47 am
ဪ။
အင်းအင်းးးး
ကျုပ် စိတ်အညစ်ဆုံး ကိစ္စကို ကျုပ်တူက အနုပညာ ပါပါ ရေးတော့ လည်း ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားတာ အဆုံးထိ။
:hint:
နို့မို့ ကိုယ့်ရှေ့ သူများဝက်ခြံလာ ညှစ်ရင်ကို အင်မတန်မုန်းးးး
ခင်တဲ့သူဆို သွသူ ညှစ်နေတဲ့ လက်ပါ ရိုက်လိုက်မိတာပဲ၊
မခင်တခင်ဆို ဒီ လို လက်နဲ့ ဝက်ခြံ ညှစ်ခြင်းရဲ့ ဆိုးကျိုးတွေကို သွယ်ဝိုက် လက်ချာရိုက်တယ်။
လုံးဝ မခင်ရင်တော့ မျက်နှာလွှဲနေတယ်။
အဟင့်။
:hint:
ဂုဒေါ့။
အနုပညာ ဆန်ဆန် ဝက်ခြံတွေကို ကိုယ်ပါ လိုက်ညှစ်မိပါပေါ့ ဟော့ ဟော့။
:byee:
BTW,
စိတ် မညစ် စိတ်ဓာတ်မကျနဲ့ သလားးးး
ဘူပြောတာမှလည်း ခေါင်းထဲ မထည့်နဲ့။
ဦးလေး ခင်ဇော် တစ်ယောက်လုံးရှိတယ်။
marblecommet
July 7, 2014 at 8:32 pm
လေးလေးရယ်……
ဝက်ခြံ ညှစ်တာ မကောင်းမှန်းသိပေမဲ့လည်း
ဒီအချိန်လေးရောက်ရင်
ဒီဝေဒနာလေးကို စွဲနေမိပြန်ရော……အိ…….
lu lu
July 6, 2014 at 9:30 am
ရေးတတ်လိုက်တာ နော်
အနုပညာမြောက်ပါဘေ့
စိတ်ညစ်စရာကောင်းတဲ့အ ကြောင်းကို စိတ်ဝင် စားစရာ
ကောင်းအောင် ရေးသွားလိုက်တာများ အားကျလိုက်တာ
🙂
marblecommet
July 7, 2014 at 8:35 pm
အားပေးတဲ့အတွက် ကျေးဇူးပါဗျာ
ရှူံးနိမ့်မှုများနဲ့.. လူ
July 6, 2014 at 9:50 am
ဂျိုးသည် မသေးမျှင်နှင့် ကြည်နူးနေသော်ငြား ဝက်ခြံတစ်ခုကို တွန်းလှန်ခြင်းငှာ အနည်းငယ်သော်မျှ မစွမ်းသာ.. သူမစိတ်ဝင်စားသည့်အရာကို ဘယ်အရာမှ မဆွဲဆောင်နိုင်ရာ
ငွေကြေးများနှင့် စိန်ခေါ်ရသည့် ပျော်ရွှင်မှုများ ပေးခဲ့လိုသော်လည်း မပေးနိုင်ခဲ့သော်လည်း ထပ်တူညီမျှခြင်းတော့ ရှိသင့်သည်ထင်ပါ၏။ တန်ဖိုးဆိုသည်မှာ တစ်ခါတစ်ရံများမှာတော့ အတိုင်းအတာအမျိုးမျိုးဖြင့် ဆုံးဖြတ်ရသည်။ တစ်ခြားအရာများနှင့် တိုင်းတာလျင် တန်ဖိုးပိုရှိနေပေမယ့် ငွေကြေးနဲ့ တိုင်းတာလို့ တန်ဖိုးမဲ့နေသည်ဆိုလျင်ကော…????
မြတ်နိုးခြင်းမှာ နှောင်ဖွဲ့ခြင်းကင်းလျင် အဘယ်မျှ ကောင်းလေမည်နည်း
သူမသည် ဂျိုးဖြစ်သည်
ဂျိုးသည် သူမ ဖြစ်သည်ဆိုခြင်းထက်
ဂျိုးသည် ဂျုးိဖြစ်သည်
သူမသည် သူမသာဖြစ်သည်
စာရေးသူသည် စာရေးသူသာဖြစ်သည်။
သူမသည် ဂျိုးဖြစ်သွားသောအခါ…
ဂျိုးသည် စာရေးသူဘဝဖြစ်သွားသောအခါ..
စာရေးသူသည် ဂျိုးနှင့်မသက်ဆိုင်တော့သောအခါ…
အားလုံး သူ့ချည်းသက်သက် သီးသန့်ဖြစ်တည်သွားလေ၏။
ဂျိုးကို နှောင်ဖွဲ့မိသော သူမသည်လည်းကောင်း၊
သူမအား နှောင်ဖွဲ့မိသော စာရေးသူသည်လည်းကောင်း၊
ဂျိုးကို မနှောင်ဖွဲ့တော့သော သူမသည်လည်းကောင်း၊
ဂျိုးအား သူမဟု ထင်နေသော စာရေးသူသည်လည်းကောင်း၊
အဆုံးမှာ..
သူမသည် သူမ၊ ဂျိုးသည် ဂျိုး၊ စာရေးသူသည် စာရေးသူသက်သက်သာ
အားလုံး သီးသီးသန့်သန့် ရှင်းရှင်းလင်းလင်းနေနေကြလေ၏။
နှောင်ဖွဲ့သူသက်သက်သာ…………….။
marblecommet
July 7, 2014 at 8:37 pm
ကိုရှုံးရဲ့ ခရေစေ့တွင်းကျ
ကွန်မန့်လေးအတွက်
လှိုက်လှဲကျေးဇူး ပါဗျာ…
ကိုပေါက်(မန္တလေး)
July 6, 2014 at 1:45 pm
ကို ကမ်း ပြန ်လာ ဘီ လား
marblecommet
July 7, 2014 at 8:39 pm
ပြန်လာတယ်လည်း မဟုတ်
ထွက်သွားတယ်လည်း မဟုတ်
မတ်တပ်မော့ ရောက်ပြန်လို့ပဲ ဆိုရမလား အစ်ကိုရေ့…
ဦးဦးပါလေရာ
July 7, 2014 at 11:42 am
.တက္ကသိုလ်မှာတုန်းက
.ဝိဇ္ဇာခန်းမနဲ့ အီကိုဆောင်ကြား အီကိုကန်တင်းလဘက်ရည်ဆိုင်မှာ
.စာရေးဆရာ(ကျောင်းဆရာလဲဟုတ်) တစ်ဦးနဲ့ ဆရာနန္ဒာသိန်းဇံတို့ ပါတဲ့ စကားဝိုင်းမှာဝင်မော့ရင်း
.ခွတီးခွကျ မေးခွန်းတစ်ခု မေးခဲ့ဖူးတယ်….
.ဆရာ … ဘာလို့ ရသ စာပေ လို့ ခေါ်တာလဲ..? …. လို့ ပေါ့…
.ဆရာက ဆေးပေါ့လိပ်တိုလေး လက်ကြားညှပ်ထားတဲ့ ဘယ်လက်ကလေးကို မသိမသာ မြှောက်ပြီး
.တစ်ခွန်းထဲဖြေတယ်…
.အရသာရှိလို့ ….. တဲ့ …
.ဒီစာလေးဖတ်ရတာ အရသာရှိတယ် ကိုကမ်းရေ….
Kaung Kin Pyar
July 7, 2014 at 1:20 pm
ကိုကမ်းက ကဗျာတင်မဟုတ်…ရသပိုင်းလဲ အတော် တော်တာပဲ…။ နောက်ထပ်ရေးတဲ့စာတွေလဲ စောင့်နေပါ့မယ်လို့…
Bravo!!!!
Mr. MarGa
July 7, 2014 at 3:29 pm
ကိုကမ်းး ကိုကမ်းးး
ဒါမျိုးလေးတွေ ဆက်လုပ်ပါဦးဗျ
ကျနော် ဖတ်ရင်း မျက်နှာတောင် ကျိန်းစပ်စပ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်လာတယ်ဗျို့ 🙂
Nyo Win
July 7, 2014 at 4:46 pm
ဖတ်ရင်းနဲ ့မျက်စိထဲ ကွက်ကွက်ကွင်းကွင်းကြီးပေါ်လာတယ်…လူဆိုး… 🙂
marblecommet
July 7, 2014 at 8:45 pm
ဦးပါရဲ့ ချီးကျူးမှုအတွက်
ကြည်နူးပီတိဖြစ်ရပါတယ်ခင်ဗျာ….
………….
ကောင်းကင်ပြာရေ့..
အားပေးတာကျေးဇူးပါ
ဆယ်ခါတစ်ခါ စိတ်ပါမှ ရေးဖြစ်တာမို့
စောင့်ဖတ်ရအောင်လည်း တာဝန်ကျေနိုင်မယ် မထင်ပါဗျာ
ဘာဖြစ်ဖြစ် ကျေးဇူးပါ..
…….
……
သကြားရေ့
ကျေးဇူးပါခင်ဗျ…
……
…..
ကိုညိုကြီးလည်း ဟက်ထရစ်ရှင်ပါနော့..ဟဲဟဲ.
myatpone nya
July 7, 2014 at 11:07 pm
နန္ဒာလေးကို နွယ်ပြီးတော့ ဂျိုးတာ ဒီလူပဲလားဟင်……သာမီးက မသိလို့ မေးတာနော် 🙂 ရောသွားတာလားပဲ
sorrow
July 8, 2014 at 8:09 am
ဂျိုးတဲ့လား ..ကိုကိုရယ်….အရေးအသားပြေပြစ်သလောက် …နာမည်မပေးတတ်လိုက်တာ ….အဟီးဟီး……အဲ့လောက်..နာမည်ရှားသလား ကိုကိုရယ်….
အရီးခင်
July 20, 2014 at 8:35 pm
မောင်ကမ်း
ဟိုဘက်က မှတ်ချက် ကို ဒီ Post ကို ပြန်ယူပါရစေ။
တော်ကြာ မတွေ့ဘဲ လွတ် သွားမစိုးလို့။ :-))
(၁) အရီး လဲ တီချယ်ကြီး နဲ့ အစ်မအေး ကို ချစ်ခင်လေးစား သူပါ။ သူတို့ လဲ မအားကြတော့ဘူးထင်ရဲ့။ တစ်ခါတစ်ခါ လောက်တော့ ပေါ်လာကြရင် ကောင်းမှာ။
(၂) အရီး ကိုလဲ အဖွဲ့အနွဲ့ အရေးအသား ပြောင်မြောက် တဲ့ နာမည်ကျော် က ချစ်ခင် ပြီး သံယောဇဉ် ရှိကြောင်း သိလိုက်ရလို့ အတော်လေး မြောက်တောက်တောက် ဝမ်းသာအားရ ဖြစ်သွားပါတယ်။
ဒီ အတွက်လဲ ကျေးဇူးပါနော်။
(၃) အရင်က ဦးပေါင်းကြား ပြောတာ စိတ်မဆိုး ဒေါမဖောင်းပါ။
သို့ပေသည့် အခု အဓိပ္ပါယ်သိချိန် မှာတော့ ကျွဲမီးတို ပါသည်။
နှိုင်းစရာ ရှားလို့ ဟယ်။
“ငါမအိုသေး” ဆိုတာ ကို လက်မောင်းပျင်းတွဲတွဲကြီး နဲ့ဘုရင်နဲ့ မှ နှိုင်းရတယ်လို့။
နောက်ဆို ….
အခုထိ မအိုသေးတဲ့ စူပါမော်ဒယ် “Cindy Crawford” တို့ “Kate Moss” တို့ နဲ့ နှိုင်း နော်။ နော်။
:-))))
ဦးကြောင်ကြီး
July 21, 2014 at 5:00 am
ဏမှာရဲ ဂျိုးရှိလယ်.. မယုန်ငုံကျိ ပျော့စိစိ
manawphyulay
August 13, 2014 at 1:19 pm
စာရေးသူသည် ဂျိုးလော….
ဂျိုးသည် စာရေးသူလော…
ဒါမှမဟုတ်
စာရေးသူသည် သူ့၏ ရင်တွင်းခံစားချက်ကို ဖြေသိမ့်ခြင်းပေလော..
ဘာပဲဖြစ်ဖြစ်
ဝက်ခြံကိုမြင်တိုင်း ဂျိုးကို မြင်ယောင်နေမိပါတကား……
kyeemite
August 13, 2014 at 3:21 pm
ရသစာပေကောင်းလေးတစ်ပုဒ်ကို ရွေးချယ်မိခဲ့ရလို့ ကိုကမ်း အတွက်ဂုဏ်ယူပါကြောင်း…..