”Might is right ”မဟုတ်… / ”Right is might ”

alinsettJuly 13, 20142min52120

အပြင်မှာ နေ့ခင်းလား….
ညနေလား….
ဒါမှမဟုတ် ညလား….
ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။

 

တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။

ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . .
တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . .
ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။
ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . .
ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်….
ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။
အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။
အားကိုးရာကို တခြားတစ်ခုခုဆီ လှမ်းကြည့်ရှာဖွေမိတတ်သည့်
အဖြစ်တွေ  ကြောက်စရာကောင်းသော ကြမ္မာဆိုးနှင့် တိုးချိန်တွေမှာ ရှိသည် ။
မယုံမရှိနဲ ့။အခုရော. . . .
ဤအခန်း. . . .
ဘယ်လောက်များ လုံခြုံစိတ်ချရလို့လဲ။
အခန်းတံခါးကို ဝုန်းခနဲ ဖြိုဖျက်ချပြီး အန္တရာယ်တစ်စုံတစ်ရာ ဝင်လာနိုင်သည်။
သို့တည်းမဟုတ်  . ..

လေနုအေးလေးတွေက အချိုသတ်ပြီး ကိုယ့်ကို ဒုက္ခကောင်းကောင်းပေးမည့်သူကို ခေါ်ဆောင်လာနိုင်သေးသည်။ကိုယ် လုပ်ခဲ့တဲ့အလုပ်မျိုး…
ကိုယ်လျှောက်နေတဲ့ လမ်းမျိုးပေါ်က ….
ကိုယ့်လိုလူ တော်တော်များများလည်း….  အဲဒီလို လာ အခေါ်ခံရသည်။ည . . .
ညတွေမှာမှ လာဆွဲကြသည်။

တစ်ယောက်တည်းသမားတွေအတွက် . . . ညသည် . . .သက်သေမဲ့ခြင်းဖြစ်သည်။

ညသည် တစ်ယောက်တည်းသမားတွေကိုလက်စဖျောက်နိုင်အောင် ပံ့ပိုးတတ်သည် ။မဖြစ်သေးပါဘူး။
ဆွဲလက်စပန်းချီကားကို အနီရောင်ကနေ အဖြူရောင် ပြောင်းလိုက်ဦးမှပဲ။
အနီရောင်အောက်ခံပေါ်က အဖြူရောင် ငှက်ရုပ်နဲ့ အလံ ပုံရိပ်. . .
တိတ်တိတ်ကလေးပဲ ရှိစေဦး။ညတွေဟာ စိတ်မချရသေးသ၍တော့. . .
အနုပညာလည်း စင်ပေါ်မှာ ကာရန်လွတ်…. မကနဲ့။

အနုပညာရေ. . .
လောလောဆယ်မှာ. . .
သင်္ကေတကို ခပ်ကွယ်ကွယ်ပြ
ချောင်ကြိုချောင်ကြားမှာ လှနေပါဦးကွယ်. . .
တစ်ချိန်မှာတော့. . .
တကယ် ရ ရမယ် ။
အခု. . . . ဈေးကျတယ် ။

အပြင်ဘက်မှာ. . . တစ်ယောက်ယောက် လာနေသလား ။

ခြေသံတရှပ်ရှပ်ကို ကျယ်ကျယ်လောင်လောင်များ ကြားရသလားလို့. . . .
ဟော. . . နားထောင်ကြည့်. . .
မီးခိုးနံ ့ ရတယ် ။

သေချာကြည့်. . . အခန်းပြင်မှာ အသံတွေ ရှိနေပြီ။
တစ်ခုခုသော အသံကို မျက်လုံးနဲ့တော့ ဘယ်ကြည့်လို့ရမလဲ. . . အခန်းမှာက တံခါးတစ်ချပ် အသေတပ်ထားတယ် ။
အပြင်က ဖွင့်ကြည့်နေသလားလို ့… ။
တံခါးလက်ကိုင်ဘုလေး လည်နေပြီလား… ။
အထဲက ထ မဖွင့်ပေးသ၍ …..
သူတို ့… အပြင်ကနေ ….သည်းခံစောင့်ပေးမှာလား. . .
တစ်ယောက်ယောက်ဝင်လာမှာကို မလိုလားသူမှန်း သိပြီး….
ဘယ်တော့မှ တံခါး ထဖွင့်ပေးမှာ မဟုတ်မှန်းသာ …သူတို ့သိရင်. . .
သိတာနဲ့ တံခါးကို ဖျက်ပြီး ဝင်လာလိမ့်မယ် ။တံခါးချပ်ရဲ့ အတွင်းဘက် အခန်းရဲ့ တစ်ယောက်အိပ်ကုတင်ပေါ်မှာ တွေတွေငေးငေးး ထိုင်နေတဲ့ ကိုယ့်ကို တွေ ့ရင် သူတို့ ဘယ်လိုထင်မှာပါလိမ့်။
သူတို့ တစ်ခုခု ထင်မှာက အရေးတော့မကြီးပါဘူးလေ။သူတို့. . .
ကိုယ့်အခန်းထဲ ဝင်လာရင် ဘွတ်ဖိနပ်တွေ ချွတ်ပါ့မလား။
သေနတ်တွေ တရမ်းရမ်းနဲ့ ကိုယ့်ကို ချိန်မှ ချိန်ကြပါ့မလားလို့တော့ စိုးရိမ်စရာမလိုဘူး ။

”စစ်ဆေးစရာရှိလို့  လိုက်ခဲ့စမ်း”
အဲဒီလိုပြောပြီး ဆွဲခေါ်ရင် ကိုယ်က ဘာများ ပြန်ပြောခွင့်ရှိမလဲ ။

ညကြီးအချိန်မတော်မှာမှ စစ်ဆေးစရာရှိတယ်ဆိုတဲ့
အကြောင်းးပြချက်နဲ့ လာခေါ်ခြင်းဟာ
ပုံမှန်တော့မဟုတ်ဘူးလေ။

ကဲ ပြောစမ်းပါဦးကွယ်. . . ယုံကြည်ချက်တစ်ခုကြောင့် အသက်နဲ့ ဘဝကို စတေးပြီး လူတွေအများကြီးအတွက် အကျိုးရှိမှာလေး လုပ်နေသူကို
အပြစ်သားလို ဆွဲခေါ်မှာလား။

တကယ်ဆို ဒါမျိုး လုပ်နေသူအတွက် ဆုတံဆိပ်တွေနဲ့ မထိုက်တန်ပေဘူးလား။  ဆုတံဆိပ်တွေ ရချင်လို့ လုပ်နေတာ မဟုတ်ဘူး။ လက်ခုပ်သံဟာလည်း လိုရင်းမဟုတ်ဘူး ။ ဒါလေးတော့အရေးကြီးတယ်။

*********************************************************************************

”အင်အားသည်အမှန်တရား” ( Might  is  right ) ဆိုတဲ့ အယူအဆကြီးလက်ကိုင်ထားတဲ့ လူတစ်စုကို  …

”အမှန်တရားသည်အင်အား”( Right is might ) ဖြစ်ကြောင်းး  ပြခဲ့ချင်သေးတယ်။

**********************************************************************************
လက်နက်နဲ့ မပြပါဘူး။
အသိတရားနဲ့ ငြိမ်းငြိမ်းအေးအေးလေး. . .ပြဖို့ပါပဲ ။
ကျေးဇူးပြု၍ . . .
အကြမ်းတော့ မဖက်နဲ့ကွယ် ။
အဖက်ကြမ်းလွန်းရင် အသက်ရှူကြပ်တတ်သလိုမျိုး
ပေါ့။  ခံစားရခက်တယ် ။
ဒါပေမယ့် တိုင်းရေးပြည်ရေးဆိုတာ အချစ်ရေးထက် ပို သိမ်မွေ့ပါတယ်လေ ။
ကိုယ်တို့ . . .
ဘယ်လို ကိုင်တွယ်နေမှာလဲ ။တကယ်ဆို  လမ်းရှိလျက်နဲ့ ခြေထောက်တွေ ရိုက်အချိုးခံနေရတာ. . . .
ရင်နာလို့မဆုံးကြပါဘူး ။ကဲ. . . . ကဲ. . . .ရှိစေဦး။ ကိုယ်တို့အားလုံး. . .တစ်ယောက်ချင်းစီကို. . .
ဟောဒီလို ညသန်းခေါင်မျိုးမှာ
(အခု. . .ညသန်းခေါင်ရောက်နေပြီပဲ ထားပါတော့)  အခုလို တစ်ယောက်တည်း အတွေးတွေ ဝေဆာနေတုန်းမှာ
အခန်းတံခါးကို ဝုန်းခနဲ ဖြိုချပြီး ဘွတ်ဖိနပ်သံတွေ တအုန်းအုန်း
သေနတ်ပစ်သံတွေ တဒိုင်းဒိုင်းနဲ့ လာနှိမ်နင်းပါစေဦး။
ပြီးသွားပြီလား ။

မှတ်ထားကွယ် ။
သမိုင်းဆိုတာ ဘယ်တော့မှ မသေဘူးကွဲ့ ။ ခပ်ယဲ့ယဲ့လေးကျန်ချိန်မှာတောင်သွေးနဲ့ရေးတဲ့ စာမျက်နှာတွေ အစပြန်ပေါ်လာတတ်တယ်လေ။
ဝင်လာလေ။ ဝင် လာလာချင်း မြင်ရမှာကို  မြင်ယောင်ကြည့် ။

ဆယ့်ငါးပေပတ်လည် အိပ်ခန်း ။
တစ်ယောက်အိပ်ကုတင်တစ်လုံး

ကပ်လျက်မှာက စာရေးစားပွဲတစ်လုံး။
အပေါ်မှာ ရေးလက်စ ဗလာစာအုပ်တစ်အုပ်နဲ့ ခပ်စောင်းစောင်း အသော့နှင်ရေးထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ လက်ရေးစာလုံးအပြာတွေ. . .
စာရေးစားပွဲအပေါ်ဘက်က နံရံပေါ်က သံချိတ်ကလေးမှာ ဝယ်ထားပြီး မသောက်ဖြစ်တဲ့ (မသောက်ဖြစ်ပြီး မပစ်ဖြစ်တဲ့ )
ကျဆိမ့်လက်ဖက်ရည် ပါဆယ်တစ်ထုတ် ။
ဖတ်ရင်း ချထားရင်း  နောက်တစ်အုပ် ထုတ်ဖတ်ရင်း ချထားရင်းနဲ့ ရှုပ်ပွနေတဲ့ ဖတ်စရာစာအုပ်တွေ. . . .
ဇော်ဂျီလည်း ပါရဲ့
မင်းသုဝဏ်လည်း ပါရဲ့
ကြယ်ကြွေသတို့သားလည်း ပါရဲ့
ဇာဂနာလည်း ပါရဲ့
နေဇင်လတ်လည်း ပါရဲ့
ပြီးတော့. . . .( –) လည်း ပါရဲ့။

Alan Clements ရဲ့ . . .The Voice of Hope ” လည်း …ပါရဲ့ …။
Jean – Paul Sartre ရဲ ့” Intimacy  ”လည်း..ပါရဲ ့… ။
Jame Joyce ရဲ ့…” Ulysses ”လည်း..ပါရဲ ့… ။
Elliot ရဲ ့… ” The waste land ”လည်း..ပါရဲ ့… ။
William Faulkner ရဲ ့…  ”The Sound and fury”လည်း.. ပါရဲ ့… ။
Albert Camus ရဲ ့…. ”The outsider”လည်း…ပါရဲ ့… ။
Hemingway ရဲ ့…  ”A farewell to Arms ”လည်း..ပါရဲ ့… ။

ပြီးတော့ အခန်းထဲမှာ တစ်ယောက်တည်းသော လူ. . .

ကုတင်ပေါ်မှာ …..

ခပ်တွေတွေရှိနေတဲ့…..
ကချင်ပုဆိုးကွက်စိတ်နဲ ့ အဖြူရောင် ရှပ်အကျီ င်္လည်ကတုံးကို  ….ရင်ဘက်ကြယ်သီးနှစ်လုံးဟပြီး….ဝတ်ထားသူ. . .

နေစမ်းပါဦး ။

အဲဒါ. . . .

ဘယ်သူပါလိမ့်. . .

—————–

 

အလင်းဆက်(Gazette)

7 / 7 / 2014 / 23 : 15

 

 

 

20 comments

  • nicolus agral

    July 13, 2014 at 11:17 am

    I can feel sense of insecurity in your heart.

  • alinsett (gazette)

    July 13, 2014 at 11:28 am

    😆

    😆

    မည်သို ့ပင်….ဆိုစေကာမူ… Thank you ပါ.. ခည ။

  • ရွှေညာသား

    July 13, 2014 at 12:03 pm

    ကြိုက်တယ်ညီလေးရေ…..
    ဆက်လုပ်…အားပေးတယ်….

    • alinsett (gazette)

      July 13, 2014 at 2:04 pm

      လာ အားပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုရေ. .

  • ဇီဇီ

    July 13, 2014 at 12:11 pm

    Might is right လိုု့ ထင် တဲ့ သူတွေ ကျတော့ လည်းးး အရေးးးဟယ် အကြောင်းးဟယ် ဆိုု ကိုုယ် မှန်ကြောင်းး သက်သေပြဖိုု့ လုူစုု ပြီးးး ကြိုးးးစားးးနေကြတုုန်းးးးးး
    အဟိ ခုုခိ ခုုခိ

    :mrgreenn:

    • alinsett (gazette)

      July 13, 2014 at 4:07 pm

      မမဂျီး ဇီရေ
      အဲ့ဒိလို လူစုပြီးတော့ရော
      သူတို့အမှန်တရားကို ပြနိုင်လို့လား
      တစ်ယောက်တစ်ပေါက်နဲ့ အောက်တောက်တောက်ကြီးဖြစ်ပြီး
      (အလိုလိုမှ တစ်ယောက်ထဲနဲ့ သုံးဖွဲ့ ကွဲချင်ချင်/မင်းတစ်ဖွဲ့ ငါတစ်ဖွဲ့ မင်းရယ်ငါရယ်တစ်ဖွဲ့)
      အုပ်စုဖွဲ့အင်အားစုတော့လည်း
      အမှန်တရား မပြနိုင်တဲ့အပြင်
      ပေါက်တတ်ကရတွေကို ဖြစ်လို့
      အဟိ

      :mrgreen:

  • ခင် ခ

    July 13, 2014 at 12:36 pm

    တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက်
    စနစ်တစခုအောက် မနှစ်မြို့ရောက်လို့
    တွန်းလှန်စာရေး ဒသနတွေး
    ထောင်နန်းလည်းစံ နှိပ်ဆက်ခံပြီး
    မဆုတ်မနစ် ကလောင်သွေးကာ
    မသေခင်လေး မှာရှာသေးတယ်
    တစ်ယောက်မှသည် တစ်သောင်းအားရောက်
    တူညီမျှရင် ဒို့ပြည်သာယာကောင်းပါရဲ့။
    မင်းဝေစကား ခုပင်ကြားသည်
    လွမ်းလှပါတယ် တစ်ခါတုန်းအခါကွယ်။

    • alinsett (gazette)

      July 13, 2014 at 2:02 pm

      အဲဒါ . . .
      ဘယ်သူပါလိမ့်. . .

      :mrgreen:

      အမှန်တရားတွေ စုစည်းထားရင်
      အင်အား ဖြစ်ပါတယ်ကွယ်

      🙂

      • ခင် ခ

        July 14, 2014 at 3:05 pm

        အဲဒါ ဘယ်သူပါလိမ့် အမေးကိုဖြေရရင် တာရာမင်းဝေ ပါ။
        ကိုအလင်းဆက်ပိုစ့်လေးဖတ်ပြီး သူ့တို့မိသားစုကိုသတိရသွားလို့ စပ်မိစပ်ရာရေးခြစ်လိုက်တာလေ။

  • Shwe Ei

    July 14, 2014 at 8:57 am

    အမှန်တရားတွေစုစည်းတော့ အင်အားဖြစ်အိ..

    အမှန်တရားဆိုတာ ဘာမှန်းမသိသူတွေ စုစည်းတော့ ပိုကြီးတဲ့ အင်အားဖြစ်အိ 😛

    • alinsett (gazette)

      July 14, 2014 at 9:43 am

      မမချွေအိ ရဲ ့.. စာသားလေးကလည်း.. အလန်းကြီးဗျ… ။
      ဟုတ်သား…
      အမှန်တရားဆိုတာ ဘာမှန်းမသိသူတွေ စုစည်းတော့ ပိုကြီးတဲ့ အင်အားဖြစ်တတ်သေး၏ိ ။

      :mrgreen:

      ဒါပေမယ့်… အဲဒီ အင်အားက… တကယ့်အင်အားတော့မဟုတ်သေးပါဘူးကွယ်.. ။

  • ဦးကြောင်ကြီး

    July 14, 2014 at 10:18 am

    အဲလာဒေါ့ ငါမသိ.. ဆွိမွ၊ နမ်းဒေါ်လျှာထူ၊ ရွှေကျိတို့ကတော့ မိုက်ဟီ မိုက်ဟီနဲ့ တမိုက်ထဲမိုက်နေဒါ သွေ့ဖူးဒယ်.. အလဂါး ဆံကုန်မြေလေးဒွေ..

    • ဇီဇီ

      July 14, 2014 at 10:21 am

      ဟုတ်သယ်လေ။
      မနာလိုမဖြစ်နဲ့။
      သများမှာ စုံတွဲပုံတောင် ရှိသေးတယ်။
      ခိခု ခိခု

      :s:

  • kyeemite

    July 14, 2014 at 2:43 pm

    အခုပဲ စာကြမ်းပိုးတို့ပို့စ်ဖတ်လာတယ်…အဲ့မှာလည်း မလုံခြုံသောဘွများအကြောင်းပဲကွ…
    ဗမာပြည်မှနေရင်တော့ ဒီလိုပဲ မလုံမခြုံသောဘဝတွေနဲ့ စခန်းသွားနေကြရအုံးမှာပဲကွာ..

    • alinsett (gazette)

      July 14, 2014 at 7:11 pm

      ဦးကြီးရေ…..
      ဒီတိုင်းပြည်မျာနေတဲ့လူတော်တော်များများကတော့…
      မလုံခြုံသော ဘဝတွေပါပဲ…။
      စိတ်ပျက်စရာ..နော်.. ။

  • san san tint

    July 14, 2014 at 4:59 pm

    အစကနေအဆုံး မရေမရာအဒိတ်ပယ်နဲ့ဝါကျတွေချည်းပဲနော်။
    ဖတ်ရတာတခုခုလိုနေသလိုလို တခုခုပိုနေသလိုလိုနဲ့
    ပြီးတော့ ပို့ ခေါင်းစဉ်နဲ့အထဲကအကြောင်းအရာက သိပ်လဲမဆိုင်သလိုပါပဲလား

    • alinsett (gazette)

      July 14, 2014 at 7:18 pm

      တိန်
      san san tint တဲ့လား ။ အသစ်ကြီးထင်တယ် ။
      အစကနေအဆုံးထိ မရေရာတဲ့အဓိပ္ပယ်ဝါကျတွေချည်းပဲ..ဆိုတာလေ…

      အပြင်မှာ နေ့ခင်းလား….
      ညနေလား….
      ဒါမှမဟုတ် ညလား….
      ဘာမှန်းသေချာမသိလောက်အောင်ပင် …..

      အဲဒီအစကလေးကလည်း..ဟုတ်ပါတယ်။ ဝေဝါးဝါးနိုင်မှုကို.. ဖော်ပြပြီး စလိုက်တာပါ ။

      ————-
      ပြီးတော့

      အခန်းထဲမှာ တစ်ယောက်တည်းသော လူ. . .

      ကုတင်ပေါ်မှာ …..

      ခပ်တွေတွေရှိနေတဲ့…..
      ကချင်ပုဆိုးကွက်စိတ်နဲ ့ အဖြူရောင် ရှပ်အကျီ င်္လည်ကတုံးကို ….ရင်ဘက်ကြယ်သီးနှစ်လုံးဟပြီး….ဝတ်ထားသူ. . .

      နေစမ်းပါဦး ။
      အဲဒါ. . . .
      ဘယ်သူပါလိမ့်. . .

      ဆိုတဲ့ အဆုံးသတ်ကလည်း…
      ဟုတ်ပါတယ်. ..။
      ဝေဝေဝါးဝါးပါပဲ.. ။
      တမင်အဲ့ဒီအတိုင်း တင်ပြလိုက်မိတာပါ ။ ဘာလို ့လဲ..ဆိုတော့….
      ဘဝမှာ ဝေဝေဝါးဝါးနိုင်မှုကြိးပါ..လို ့..ခံစားမိချိန်မှာ..ချရေးဖြစ်တာလေ.. ။
      ————————
      ခေါင်းစဉ်နဲ့.. သိပ်မလိုက်ဖက်ဘူးလား ။
      ကျနော်ကိုယ်တိုင်လည်း..အဲဒီလိုတော့ ခံစားမိလိုက်သေးတယ် ။
      အစက..အဲဒီပိုစ့်ခေါင်းစဉ်ကို.. .. အခန်းထဲကလူ လို ့ပေးထားတာ…။
      ဒါပေမယ့်… တကယ်တမ်း ပေးဖြစ်သွားတော့… အဲဒါမဟုတ်ပဲ. …
      ”Might is right ”မဟုတ်… / ”Right is might ” ဖြစ်သွားတယ်ပေါ့ ။

      လာရောက် ခံစားပေးတာ ကျေးဇူးပါ ။

  • Yae Myae Tha Ninn

    July 16, 2014 at 3:25 pm

    အမြင်တိုင်း ဝေဖန်ရမလား.. 🙂 ဒါဆို ပြောကြည့်မယ်.. စာသားတွေ ဖောင်းပွနေသေးတယ်.. ကျစ်လျစ်မှု နည်းနေတာပေါ့… ပြီးတော့ ကဗျာဆန်ရမယ် မပြောဘူး.. သို့သော် စကားပြေဆန်နေတယ်..

    အသော့နှင်ရေးထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ လက်ရေးစာလုံးအပြာတွေ. . .
    စာရေးစားပွဲအပေါ်ဘက်က နံရံပေါ်က သံချိတ်ကလေးမှာ ဝယ်ထားပြီး မသောက်ဖြစ်တဲ့ (မသောက်ဖြစ်ပြီး မပစ်ဖြစ်တဲ့ )
    ကျဆိမ့်လက်ဖက်ရည် ပါဆယ်တစ်ထုတ် ။
    ဖတ်ရင်း ချထားရင်း နောက်တစ်အုပ် ထုတ်ဖတ်ရင်း ချထားရင်းနဲ့ ရှုပ်ပွနေတဲ့ ဖတ်စရာစာအုပ်တွေ. . . .
    ဇော်ဂျီလည်း ပါရဲ့
    မင်းသုဝဏ်လည်း ပါရဲ့
    ကြယ်ကြွေသတို့သားလည်း ပါရဲ့
    ဇာဂနာလည်း ပါရဲ့
    နေဇင်လတ်လည်း ပါရဲ့
    ပြီးတော့. . . .( –) လည်း ပါရဲ့။

    ပြီးတော့ အခန်းထဲမှာ တစ်ယောက်တည်းသော လူ. . .

    ကုတင်ပေါ်မှာ …..

    ခပ်တွေတွေရှိနေတဲ့…..
    ကချင်ပုဆိုးကွက်စိတ်နဲ ့ အဖြူရောင် ရှပ်အကျီ င်္လည်ကတုံးကို ….ရင်ဘက်ကြယ်သီးနှစ်လုံးဟပြီး….ဝတ်ထားသူ. . .

    နေစမ်းပါဦး ။
    အဲဒါ. . . .
    ဘယ်သူပါလိမ့်. . .

    အဲဒါလေးတွေတော့ ကြိုက်တယ်.. 🙂 ချောတီးနော်… လွန်တာရှိ ဝန္ဒာမိပါ…

    • alinsett (gazette)

      July 16, 2014 at 6:05 pm

      စာသားတွေ ဖောင်းပွနေသေးတယ်.. ကျစ်လျစ်မှု နည်းနေတာပေါ့… ဆိုတာလေး…

      အဲဒီဝေဖန်မှုလေးကို..ကျနော်လက်ခံပါတယ်ဗျာ.. ။
      ကျနော် ဒီလို စာကို ကျစ်လျစ်အောင်ရေးရမယ်.လို ့….တွေးမိပေမယ့်..
      ကျစ်လျစ်အောင်….မရေးနိုင်သေးတာ..ဝန်ခံပါတယ်ဗျျို ့..

      ဖတ်ရှု အားပေးရုံမက..ဝေဖန်ဆွေးနွေးပေးတဲ့အတွက်… ကျေးဇူးပါဗျာ..

      ချစ်ခင်လျက်

Leave a Reply