” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) “

ခင္ခAugust 12, 20141min1834

” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) “

 

ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ပထမပိုင်း) ( https://myanmargazette.net/202257 ) ……………………………………………………………………………………………………………………………

…………………………………………………………………………………………………………………………..

ရထားတစ်စီးဘူတာထဲဝင်လာရင်း ဥဩဆွဲသံကြားလိုက်တော့မှ ဖိုးဝေ ရဲ့ လက်ကိုင်ပဝါလေးကိုကိုင်ရင်း အတွေးတွေရပ်ပြီး ဖိုးဝေ တစ်ယောက် ဘူတာစင်္ကြန် ကနေ ပန်းအိ စီးနင်းလိုက်ပါသွားတဲ့ရထားသွားရာဘက်ကို တစ်ချက်ကြည့်မိလိုက်ပေမယ့် ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။

 

” ဖေကြီး သမီးကို ကျောင်းပို့ရတော့မှာလေ”

” ဪ အေးအေး လာပါပြီ”

” သမီးကိုကျောင်းပို့ပေးလိုက်အုံးမယ်ဆိုပြီး ဘီဒိုထဲကရှပ်အင်္က ျီထုတ်လိုက်တာ အဲဒီ လက်ကိုင်ပဝါလေး တွေထွက်ကျတာကောက်ရင်း အကြာကြီးဘဲရပ်နေတာ ဘာတွေများဒီလောက်တောင် တွေးနေတာလဲ ဖေကြီးက ဒီနေ့အတန်းပိုင်ဆရာမက မိဘခေါ်ခဲ့ပြောထားတဲ့နေ့ကျမှ ဖေကြီးကလည်း နောက်ကျနေတယ်”

“ကဲ ပြီးပါပြီ သမီးရယ် သွားမယ်တက် ”

ဆိုပြီး ကိုဖိုးဝေ တစ်ယောက်သူ့သမီးကို ကျောင်းပို့ဖို့ ဆိုင်ကယ်လေးမောင်းထွက်လာခဲ့ပါတယ်။

“ဒါနဲ့နေပါအုံး သမီးကိုမေးရအုံးမယ် သမီးဆရာမက မိဘခေါ်လာခဲ့ဆိုတော့ သမီး ဘယ်သူတွေနဲ့ ရန်ဖြစ်ထားလဲ ဘာအပြစ်လုပ်ထားလဲ အဖေကိုကြိုပြောအုံး ဒါမှ ဆရာမကို မဆူအောင် ဖေကြီး ပြောရမှာ”

“သမီးဘာမှ မလုပ်ထားပါဘူးဖေကြီးကလည်း ဆရာမက ထူးချွန်ဝင်ဖြေခိုင်းမလို့ မိဘတွေသဘော ထားမေး ချင်လို့ မိဘခေါ်လာ ခိုင်းတာ”

“ဘာလဲ ထူးချွန်ဆိုတာ ဖေတို့နယ်မှာတော့ မရှိပါဘူး”

“ထူးခွန်ဆိုတာ မြို့နယ်မှာရှိတဲ့ ကျောင်းတွေထဲက စာတော်တဲ့သူတွေကို ပြိုင်ခိုင်းတာလေ”

” ဪ အဲလိုလား”

ဒီလိုနဲ့ သမီးတို့ကျောင်းရှေ့ဆိုင်ကယ်လေးရပ်ပြီး သမီးရဲ့ အတန်းပိုင်ဆရာမ ဘယ်မှာရှိမလဲမေးမြန်းပြီး ဆရာမများနားနေခန်းရဲ့ အပြင်စင်္ကြန်မှာ ကိုဖိုးဝေတစ်ယောက်ရပ်နေခဲ့ပြီး သမီးကသူ့ဆရာမကို အဖေပါ လာတယ်ပြောလိုက်လို့ သမီးရဲ့ အတန်းပိုင်ဆရာမထွက်လာတွေ့တဲ့အခါ

“ဟယ် ဖိုးဝေ လား”

ဆိုတဲ့အသံကို ကြားလိုက်မိသလိုမို့ ကျောင်းဝင်းဘက်ကိုငေးနေတဲ့ ဖိုးဝေ တစ်ယောက်အသံလာရာ အခန်းဘက် ကိုလှမ်းကြည့်မိတော့

“ဆရာမ ပန်းအိဖြိုး”

ဖိုးဝေ တစ်ယောက်မျှော်လင့်မထားဘဲ ပန်းအိ ကိုတွေ့လိုက်ရလို့ အံဩနေမိတယ်။

“ဖိုးဝေ ဒါနင်သမီးလား စာအရမ်းတော်တာဘဲ အဖေခြေရာတော့ မှီတဲ့ကလေးဟယ်၊ ငါ ထင်မထားဘူး နင်နဲ့ အခုလိုပြန်ဆုံရလိမ့်မယ်လို့”

“ငါ လည်း မမျှော်လင့်ထားပါဘူးလေ ဟုတ်တယ်အဲဒါ ငါ့ သမီးပါ သမီးကပြောတယ် သူကို ထူးချွန်ဝင်ဖြေခိုင်း မလို့ ဆရာမကလာတွေ့ခိုင်းတာတဲ့ ငါ့ သမီးရဲ့ ဆရာမက ပန်းအိ မှတော့ နင် ကြိုက်သလိုလုပ်ပါဟာ ငါ သဘောတူပြီးသားပါ”

“ဖိုးဝေ ညနေကျောင်းဆင်းသမီးကို လာကြိုမှာမလား”

“အေး လာကြိုရမှာပေါ့”

“ဒါဆို ညနေကျောင်းဆင်းရင် ငါ တို့အိမ်လိုက်လည်ပါလား ရောက်ဖူးတာပေါ့ ”

“အေးပါ ဒါဆိုညနေကျောင်းဆင်းလိုက်ခဲ့မယ်လေ အန်တီတို့နဲ့လည်းတွေ့ရတာပေါ့”

“သမီးသွားပြီနော် ဆရာမစကားနားထောင်နော်”

“ဟုတ်ဖေကြီး တာ့တာ”

မနက်က သမီးကျောင်းမပို့မှီ ဘီဒိုထဲက လက်ကိုင်ပဝါလေးတွေထွက်ကျလာလို့ ပြန်ကောက်သိမ်းရင်း ပန်းအိ အကြောင်းတွေးနေခဲ့ပြီး ကျောင်းမှာပန်းအိနဲ့တွေ့ဆုံခဲ့လို့ ဖိုးဝေ တစ်ယောက်အလွမ်းပြေသလို စိတ်ဖြစ်နေခဲ့ မိတယ်ပေါ့။

ညနေခင်း ကျောင်းဆင်းတဲ့အခါ ဖိုးဝေ သမီးလေးကိုခေါ်ပြီး ဆရာမပန်းအိတို့အိမ်ကို လိုက်ခဲ့တယ် ပန်းအိတို့ အိမ်ရောက်တော့ အိမ်တံခါးဖွင့်ရင်း

” မောင်ဖိုးဝေ မလား ”

” ဟုတ်ပါတယ် အန်တီ၊ နေကောင်းတယ်နော် ”

” အေးနေကောင်းပါတယ်၊ ဘယ်လိုဆုံခဲ့ကြတာလဲ လာထိုင်ကွယ်”

” ဖိုးဝေ သမီးက သမီးအတန်းမှာလေ ဘက်စုံဖြေဖို့ မိဘခေါ်လာခိုင်းလိုက်တာ ဖိုးဝေ ဖြစ်နေတာလေ”

” ဒါ ဖိုးဝေ သမီးပေါ့ အခု ဘယ်နှစ်တန်းလဲ ”

” လေးတန်းပါ အန်တီ ”

” ဪ လေးတန်းတောင်ရောက်ပြီကို ဒါဆို လားရှိုးကောလိပ်က အန်တီတို့ ထွက်လာဖြစ်တာ ဆယ့်ငါးနှစ် လောက် ရှိပြီဘဲကွယ်၊ ကဲကဲ သူငယ်ချင်းတွေ အေးဆေးစကားပြောကြအုံးနော်”

“ဖိုးဝေ အဲဒီတုန်းက ငါ မန္တလေးရောက်ပြီး ငါတို့နေတဲ့ ဒီကျောင်းဝင်းထဲကလိပ်စာကို စာတွေရေးချင်ရေး ရအောင် မိအေးဆီစာရေးရင်းနဲ့ နင်အတွက်စာပါထဲ့ပေးလိုက်တယ် မိအေးလာပေးလား”

“မိအေး လာပေးပါတယ် ဒါပေမယ့် ငါမှာကလည်း အကြော်ဆိုင်အလုပ်တွေရော ကျုရှင်မယူနိုင်တော့ စာတွေကို သူများထက်ပိုပြီး ကျက်ရအချိန်ပေးရတာနဲ့ နင်ကို သတိရပေမယ့် စာပြန်မရေးဖြစ်ဘူးဟာ ပြီးတော့ နင်ဆီစာပို့ ရင် နင် အဖေနဲ့အမေက နင်ကို ဆူမှာလည်းစိုးလို့လေ”

“နင် မရေးဖြစ်တာ မရေးဖြစ်တာဘဲ သူငယ်ချင်းတွေ စာရေးပို့တာ ငါ အဖေနဲ့အမေက မဆူပါဘူးဟာ”

ဖိုးဝေတစ်ယောက် မိုးရွာတဲ့နေ့လေးတစ်ခုမှာ ကြားခဲ့ရတဲ့ ပန်းအိ အဖေနဲ့အမေ ပြောတဲ့စကားတွေကိုတော့ မပြောဖြစ်တော့ဘူးပါဘူး ဘယ်တော့မှလည်း ပြောဖြစ်မယ်မထင်ဘူးပေါ့။

“ဒါနဲ့နေပါအုံး နင် က အခု မန္တလေးကို ဘယ်တုန်းက ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ? အခုဘယ်မှာနေလဲ? နင် အခု ဘာလုပ် နေလဲ ပြီးတော့ နင်ဇနီးကရော”

“ငါ မန္တလေးကို ဘယ်တုန်းက ဘယ်လိုဖြစ်လို့ရောက်လာတာလဲဆိုတော့ ငါ ဆယ်တန်းရောက်တဲ့နှစ်မှာ ဆေးပေါလိပ်သောက်လွန်းတဲ့ငါအမေ ကျန်းမာရေးကချူခြာလာတယ် တဟွတ်ဟွတ်နဲ့ပေါ့ ဆားလေးကွမ်းရွက် နဲ့ ပတ်ပြီး ဆားမီးဖုတ်ကာ သံပရာရည်ထဲထဲ့လျှက်လိုက်သက်သာလိုက် သက်သာရင် ဆေးပေါလိပ်ဖွာလိုက်နဲ့ ပြောလည်းမရပါဘူး

“အမေ ချောင်းက ခဏခဏဆိုးနေတာ အဲဒီဆေးပေါလိပ်ကြီး သောက်တာဖြတ်လိုက်ပါလား”

“သားရယ် အမေဆေးပေါလိပ်ဖြတ်လည်း အကြော်ထင်းကမီးခိုးတွေရှုနေရတာဘဲလေ မထူးပါဘူးကွယ်”

အဲလို ဆင်ခြေပေးပြီး ပြောမရပါဘူး ဆက်သောက်တယ်လေ၊ မှတ်မှတ်ရရ ငါ ဆယ်တန်းအောင်စာရင်း သွားကြည့်ပြီ အိမ်ပြန်အလာ အမေက အကြော်ရောင်းလက်စလေးအနည်းငယ်ရှိတာကို ထိုင်ရောင်း နေရင် ငါ ပြန်လာတာကို မျှောနေတယ်ထင်ရဲ့ လမ်းဘက်ကိုမျှော်လို့ထိုင်နေတော့ ငါက ပြေးပြီး ” အမေ သား ဆယ်တန်း သုံးဘာသာ ဂုဏ်ထူးနဲ့အောင်တယ် အမေရေ” လို့ အော်ပြီး အကြော်တဲထဲပြေးဝင်တော့ အမေကလည်း ထိုင်ရာကထပြီး ငါ့ ကိုပြေးဖက်ကာ အမေဝမ်းသာတယ် အမေကျေနပ်တယ် သားရယ် ငါ့သားလေးကို ကျုရှင် အမေမထားနိုင်လို့ သုံးဘာသာဂုဏ်ထူးဘဲရတာ ကျုရှင်တာထားနိုင်ရင် ဘာသာစုံရမှာပေါ့ သားရယ် သားဂုဏ်ထူးသုံးဘာသာနဲ့အောင်တာ ပန်းအိ သိရင်လည်းဝမ်းသာရှာမှာဘဲ သား ပန်းအိဆီ စာလေးဘာလေး ရေးပြီး အသိပေးလိုက်အုံး” ဆိုပြီ ဖက်ထားတဲ့အမေ့လက်တွေ အားအင်နည်းသလို ပြေလျှော့ပြီ အမေလဲကျ သွားတယ်၊

အဲဒီနေ့ ဘေးအိမ်ကသူတွေဝိုင်းကူပြီး ဆေးရုံပို့ခဲ့ပေမယ့် အဆုတ်ကင်ဆာကအတော်ကျွမ်းနေလို့ ဆေးရုံမှာ သုံးရက်လောက်ဘဲ အမေနေရတယ် လူလောကကြီးကို စွန့်သွားတယ်လေ အမေဆုံးတဲ့ အဲဒီနေ့ဟာ ငါ့ ဘဝ ကြီးကို ဘယ်လိုစခန်းသွားရမလဲ ဘာတွေဖြစ်နေပြီလည်း မစဉ်းစားတတ်အောင်ဖြစ်ခဲ့ရတာမို့ နင်ဆီစာရေးဖို့ အမေမှာခဲ့ပေမယ့် ငါ အဖေကလည်း ငါ ငယ်ငယ် ကျောက်တူးတဲ့နောက်လိုက်ပြီး ဌက်ဖျားဝင်ကာ ဆုံးခဲ့ တယ် အခုလည်း အမေပါဆုံးပြီဆိုတော့ အဲဒီတုန်းက အမှန်တိုင်းပြောရင် ငါ့ ဘဝဟာသိပ်ငယ်လွန်းသလို စိတ်ထဲ ဖြစ်တာကြောင့် လည်းပါတာပေါ့ဟာ။ မိအေးတို့ မိလှတို့တော့ လာလာပြီးအမေ့ရက်လည်မတိုင်မှီ အားပေး ကြပါတယ်၊”

“နင်အမေ ဆုံးတာတော့ ငါ နောက်အတော်လေးကြာမှသိတယ် နင် သုံးဘာသာဂုဏ်ထူးနဲ့ အောင်တာတော့ မိအေးစာထဲမှာပါလို့ သိရတယ်”

“အမေရက်လည်ပြီးတော့ အကြော်တဲလေးဟာ မနက်ဆိုမီးခိုးတအူအူထွက်နေတာတော့ ဆိတ်သုန်းခဲ့ တယ်လေ၊ ငါတို့တက်ခဲ့တဲ့ ကျောင်းကို ကျောင်းမတက်ပေမယ့် ကျောင်းတွေပြန်ဖွင့်တော့ နေ့တိုင်း ငါ ရောက်ဖြစ်ခဲ့တယ်လေ၊ ကျောင်းမှာ ငါက မုန့်ဖက်ထုပ်၊ ပြောင်းဘူးပြုတ်လုပ်ပြီး သွားရောင်းခဲ့လို့ပါ။ အဲဒီမှာ တစ်ရက်ကြတော့ အဲဒီကျောင်းက ငါတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးက ငါ့ ကိုခေါ်တွေ့လို့ သွားခဲ့ရတယ်၊ ကျောင်းအုပ်ဆရာမကြီးက ငါ့ဘဝကို သနားလို့ စာကြိုးစားတဲ့ငါအတွက် တက္ကသိုယ်ပညာရေးကို ဆက်သင်လို့ ရအောင် သူရှေ့တပတ်ထဲမန္တလေးကိုရုံးကိစ္စနဲ့ သွားဖို့ရှိတယ် အဲဒါသူနဲ့လိုက်ခဲ့ပါလား မန္တလေးရောက်ရင် သူတို့ ရပ်ဆွေရပ်မျိုး နန်းရှေ့က ဘုန်းကြီးကျောင်း ကဘုန်းတော်ကြီးဆီမှာ အပ်ထားပေးမယ် ဘုန်းကြီးကျောင်းကိစ္စ လုပ်ရင် ဘုန်းကြီးကကျောင်းထားပေးလိမ့်မယ် လိုက်ခဲ့ဆိုတာမို့ ဆရာမကြီးကို ကြောက်လည်းကြောက် ငါမှာ လည်းတစ်ကောင်ကြွက်ဘဝဆိုတော့ ဒီလိုနဲ့ဘဲ မန္တာလာမြေကို ခြေချမိခဲ့ရတယ်ပေါ့လေ။

(ဆက်လက်တင်ပြပါအုံးမည်)

 

ခင်ခ။

4 comments

  • ဇီဇီ ခင်ဇော်

    August 12, 2014 at 4:47 pm

    ဪ။
    ဂလိုကိုးးး …
    မမြင်ရတဲ့ ရထာ:ကြီးနောက် ဆက်လက် လိုက်ပါလာပါတယ်။
    🙂

    သများဖြင့် ငယ်တုန်းက သူငယ်ချင်းတွေ တစ်ယောက်မှ ပြန်မတွေ့ဖူးသေးဘူးးး
    :a:

    • ခင် ခ

      August 12, 2014 at 4:59 pm

      ဇီဇီခင်ဇော်ရေ ငယ်သူငယ်ချင်းတွေ့ဆုံရတာလည်း တစ်မျိုးတော့ကောင်းပါတယ်ဗျ။
      ဒီခေတ်ကတော့ ဆက်သွယ်လို့ရတဲ့ ဖုန်းတွေပေါများနေပါပြီ စပ်ဆက်ပြီး ဆက်သွယ်ကြည့်ပါလားဗျ

  • kyeemite

    August 13, 2014 at 8:49 am

    အိုး..ဟိုး..ဟိုး…..“ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ ” ကတစ်ပိုင်းတစ်စနဲ့ ပြီးသွားတယ်ထင်တာ..
    ဇတ်လမ်းဆက်လာသေးတာကိုးဗျ….ကောင်းပါလေ့ဗျာ…နောက်ဆက်လာမဲ့ အပိုင်းကိုလည်း အားပေးပါ့မယ်
    -ကျုပ်တို့ငယ်သူငယ်ချင်း မိန်းကလေးအတော်များများက ကျောင်းဆရာမဖြစ်နေကြတာများသဗျ

Leave a Reply