စက္ကူကြယ်ဖန်ပုလင်း @ သူ့….ကိုပြောပြချင်လိုက်တာ
ဘဝဟာ ချိုမလိုနဲ့ ခါးတဲ့အကြောင်း
အချစ်ဟာ တိမ်လိုလိုနဲ့ နက်တဲ့အကြောင်း
ကြည်နူးခြင်းတွေဟာ ကြွေမလိုလိုနဲ့ မြဲတဲ့အကြောင်း
သူ့ကိုပြောပြချင်လိုက်တာ။
— မိုးလူ —
………………..
ဘာကြောင့်များ နှစ်ပေါင်းများစွာတိုင်အောင် မဟောင်းသေးတာလည်းဆိုတာ အံဩမိသည်။ လွန်ခဲ့တဲ့ (၈)နှစ် ဝန်းကျင်ခန့်က ခရေပင်များမှာ ပို၍ပင် အုံ့ဆိုင်းလာသေးသည်။ တကယ်တော့ ပြီးခဲ့တဲ့ (၈)နှစ် ကတည်းက ကောင်လေးတစ်ယောက်ဟာ ဒီခရေပင်တန်းတွေအောက်မှာ စက္ကူကြယ်တွေခေါက်ပြီး ဖန်ပုလင်းလေးထည့်ခဲ့ တာ အခုထိဆိုတာ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။ ဘယ်တော့မှမဟောင်းတဲ့ အချစ်တွေနဲ့အတူ စက္ကူကြယ်တွေထည့်ထားတဲ့ ဖန်ပုလင်းလေးများကတော့ ကျွန်တော့်အခန်းထဲမှာ အစီအရီရှိနေသေးသည်။ ဖန်ပုလင်းလေးထဲမှ စက္ကူကြယ်လေးတစ်ခုချင်းစီတွင် ကြည့်နူးခြင်းများ အပြည့်အနှက်ရှိနေသည်ဟု ကျွန်တော် တပ်အပ်ပြောရဲ၏။ မယုံသောသူရှိရင်လည်း ပြုံးပြရုံသာ တတ်နိုင် တော့သည်။ သေချာခြင်းတစ်ခုမှာ ဟောင်းနွမ်းမသွားသော အရာများထဲတွင် အချစ်တစ်ခုအပါအဝင်ဖြစ်သည်။ မည်သို့ မည်ပုံ အမည်နာမ တပ်၍ မည်သည့်အချစ်ဆိုသည်မှာတော့ အမည်နာမ မတပ်လိုသည်မှာ ကျွန်တော့်ဆန္ဒပင်ဖြစ်သည်။
……………………………………………………………………………………………………………………
ပြီးခဲ့သော (၈)နှစ်ခန့်
ဒါဟာ မတော်တဆဆိုရင်
ကိုယ့်ကိုယ် တစ်ဘဝလုံး အကျဉ်းချလိုက်တဲ့
မတော်တဆတစ်ခုပဲ။
— မိုးလူ–
“စက်ကထွက်လာတဲ့အမှတ်တရ ပစ္စည်းထက် လက်နဲ့လုပ်ထားတဲ့ အမှတ်တရ ပစ္စည်းတွေဟာ ဘာကြောင့်ပို တန်ဘိုးကြီးသလဲဆိုတာ မင်းတို့သိလား”
“ပြောပါဦး ကိုမိုးလူရယ်”
“အေးးးးးး လူတစ်ယောက်ရဲ့ ရင်ကဖြစ်လာတဲ့ ခံစားမှုနဲ့အတတ်ပညာတစ်ခုကိုပေါင်းစပ်ထားလို့ကွ ပြီးတော့ လက်ဖြစ်ပစ္စည်းတွေဟာ အကန့်အသတ်နဲ့ပဲရတာကြောင့်”
“ဟုတ်ပါတယ်ကွာ ငါတို့လည်း မင်းလုပ်ပေးတဲ့ ပစ္စည်းလေးတွေဆို သိမ်းထားပါတယ်”
“ငါကလည်း ငါလုပ်ပေးတဲ့ ပစ္စည်းလေးတွေဆို အဲလို သိမ်းထားတတ်တဲ့သူတွေပဲပေးချင်တာ။ ခုကျောင်းအနီးကပ် (၁၀)ရက်ပြီးရင်တော့ မင်းတို့ကိုအမှတ်တရတစ်ခုခု ပေးမယ်လို့ စဉ်းစားထားတယ်”
ရှော့ပင်းမော်လ်တစ်ခုကနေ ဖုန်ပုလင်း အသေးလေး (၁၀)လုံး ဝယ်ထားသည်။ အဝေးသင်အနီးကပ်မှာ ခင်မင်ခဲ့သော သူငယ်ချင်း (၄)ယောက်နှင့် အထက်တန်းကတည်းက ခင်ခဲ့သောသူငယ်ချင်း (၅)ယောက် အတွက်ဖြစ်သည်။ ကျန်သောတစ်လုံးကတော့ ကျောင်းအပ်သောနေ့တွင် တွေ့ခဲ့ရသော တစ်စုံတစ်ယောက် အတွက်ဟူ၍ ဖယ်ထားမိလိုက်၏။ မည်သို့မည်ပုံ သူ့အတွက်ဝယ်ခဲ့မှန်းသော ကျွန်တော်ကိုယ်တိုင် ဝေခွဲမရ ဖြစ်နေသည်။ တစ်နေ့ကို တစ်ပုလင်းစာ စက္ကူကြယ်လေးများကို ရောင်စုံခေါက်၍ ထည့်ထားသည်။ အဝေးသင် အနီးကပ်တက်ခဲ့တာ (၅)ရက်ရှိပြီဖြစ်သောကြောင့် စက္ကူကြယ်လေးများ အပြည့်ဖြစ်နေသော ဖန်ပုလင်းလေး (၅)လုံးရခဲ့ပြီ။ အပြင်ကျူရှင်တွင် သင်ခဲ့သောကြောင့် အတန်းတက်စာရင်းကို သူငယ်ချင်းများထိုးခိုင်းကာ ဒဂုံတက္ကသိုလ် အဝင်လမ်းမအလယ်ရှိ ခရေပင်များအောက်တွင်ထိုင်ပြီး စက္ကူကြယ်လေးများ ခေါက်နေလိုက် သည်။ ဘယ်လိုပင်ဖြစ်စေ စက္ကူလေးများခေါက်နေရရင် စိတ်တည်ငြိမ်ပြီး ကျွန်တော့်အတွက် စိတ်ဖြေလျော့မှု တစ်ခုပင်။ ငယ်ငယ်ကတည်း စက္ကူမီးပုံး ၊ ကြာပန်း ၊ သင်္ဘော အမျိုးမျိုးအစုံစုံ ခေါက်ပစ်ခဲ့သည်။ ခရေပင်လေး အောက်တွင် ခေါက်နေရင်းပင် စက္ကူကြယ်လေးများ တစ်ပုလင်းလေးစာ ပြည့်သွားသည်။
“တစ်ပုလင်း ဘယ်လောက်လဲမသိဘူး”
အသံကြားရာတစ်ချက်ကြည့်မိသည်။ မြင်မြင်ချင်းပင် ဒါဟာမတော်တဆလားဟု ကိုယ့်ကိုယ်ကို ပြန်မေးမိ၏။ မတော်တဆပင် ဖြစ်ပါစေ။
“ခင်ဗျာ”
“စက္ကူကြယ် တစ်ပုလင်း ဘယ်လောက်လဲလို့”
“အော် ရောင်းတာမဟုတ်ဘူးဗျ။ လက်ဆောင်ပေးဖို့ ခေါက်ထားတာ”
“ဒါဆို လက်ဆောင်ရအောင် ဘယ်လိုလုပ်ရမလဲ”
ကျွန်တော့်မော့ကြည့်မိတော့ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခုရစ်တွဲခိုနေသည်။ သူ့မျက်လုံးများက စက္ကူကြယ်လေးတွေ ခေါက်ထားသော ဖန်ပုလင်းလေးနားမှာ တစ်ဝဲသီသီဖြစ်နေသည်။ ဘယ်လိုလဲဆိုသည့် အမူအယာဖြင့် ကျွန်တော့်ခေါင်းတစ်ချက်ဆတ်ပြသည်။ ကျွန်တော်ရယ်ချင်သွားသည်။ ရုတ်တရက် ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ကျွန်တော်လုပ်လိုက်မိသည်။
“ရော့ ဖန်ပုလင်း အလွတ်တစ်ခုနဲ့ ကြယ်ခေါက်ဖို့ စက္ကူတစ်ထုပ်ယူသွား။ နောက်နေ့ ဒီနေရာမှာ ပြန်တွေ့ကြမယ်”
ကျွန်တော်ကမ်းလိုက်သောလက်အား သူလှမ်းယူလိုက်သည်။ သဘောတူသည့်အနေနှင့် ခေါင်တစ်ချက်ငြိတ်ပြသည်။ နောက်တစ်ချက်အပြုံးတစ်ချက်ကို ကျွန်တော်ထပ်တွေ့လိုက်ရသည်။ ပထမအပြုံးထက် ပိုပြုံးသည်မှာသိသာ၏။ ဒုတိယအပြုံးမှာ သူ့သွားလေးများပေါ်လာသောကြောင့် ဖြစ်သည်။
……………………………………………………………………………………………………………………
ကျွန်တော်ကြယ်လေးများခေါက်နေသည့်ရက်များအတွင်းပင် နောက်ထပ်လိုချင်သော သူငယ်ချင်းများ ကြောင့် ဖန်ပုလင်းလေးငါးလုံးထပ်ဝယ်ရသည်။ ဒီနေ့တော့ ဖန်ပုလင်း (၅)ပုလင်းနှင့် ခရေပင်တန်းအောက်တွင် ထိုင်၍ခေါက်နေမိသည်။ ကျွန်တော့်ရှေ့တွင် တစ်စုံတစ်ယောက်ရပ်နေမှန်းခံစားမိ၍ တစ်ချက်မော့ကြည့်လိုက် သည်။ သူ၏လက်ထဲ စက္ကူကြယ်လေးများ အပြည့်ထည့်ထားသော ဖန်ပုလင်းလေးကို တွေ့လိုက်ရသည်။ မျက်ခုံးတစ်ချက်ပင့်၍ ကျွန်တော့်ကို ပြုံးကာပြသည်။ မပြောမဆိုပင် ကျွန်တော့ဘေးတွင် ဝင်ထိုင်၍ မခေါက်ရ သေးသော စက္ကူများကိုယူ၍ ကြယ်လေးတွေခေါက်ပေးသည်။ ကျွမ်းကျင်စွာပင်ခေါက်သောသူ့ကို ကျွန်တော် ကြည့်နေမိသည်။ ထိုနေ့က ဖန်ပုလင်းလေးများထဲတွင် စက္ကူကြယ်ကလေးများ ပြည့်ကာသွားသည်။
“နောက်ဆုံးနေ့ကျ တွေ့ကြတာပေါ့။ အဲသည်နေ့မှ လက်ဆောင်ပေးချင်တယ်ဆိုရင် ယူပါ့မယ်”
သူ့နောက်ကျောကိုကြည့်ပြီး ကျွန်တော်ပြုံးမိသည်။ စိတ်ထဲမှ ကြည်နှုးခြင်းအချို့ကို ခံစားမိ လိုက်သည်။
အခန်းထဲတွင်စီကာထားသော ဖန်ပုလင်းလေး (၁၅)လုံးကို ကျွန်တော်ကြည့်ပြီး ပြုံးနေမိသည်။ အကျိုးအကြောင်းမတိုက်ဆိုင်စွာပင် သူ့မျက်နှာကို မြင်ယောင်မိလိုက်၏။ ဘယ်မေဂျာ ၊ ဘယ်အဆောင် ၊ နာမည်ဘယ်သူဆိုတာ ကျွန်တော်မမေးမိလိုက်ချေ။ လူတစ်ယောက် ကိုယ့်အပေါ်မပြောမိသော (သို့) မပြောခဲ့သော အကြောင်းအရာတစ်ခုကို မမေးတတ်သော ကျွန်တော်အကျင့်ကြောင့် ဖြစ်ပေလိမ့်မည်။ တကယ်တော့ လူနှစ်ဦးကြားတွင် သံယောဇဉ်တစ်ခုသာ လိုလိမ့်မည်။ ထိုမသိခြင်းသည် ထိုလူနှစ်ဦး၏ သံယောဇဉ်ကို ပိုခိုင်မြဲလိမ့်မည်ဟုသာ ကျွန်တော်ထင်သောကြောင့်ဖြစ်၏။
မလိုအပ်တော့အရာတွေမှာ
မသိအပ်တဲ့အရာတွေပါနေတယ်။
ငေးကြည့်နေရုံနဲ့
ကိုယ်သူ့အနား (သူမသိအောင်)ရှိနေရုံနဲ့
အချစ်ဟာ ပြီးပြည့်စုံတယ်။
–မိုးလူ–
……………………………………………………………………………………………………………………
ထုံးစံအတိုင်းပင် အားလုံးဟာ ရေသန့်ဗူးကိုယ်စီနှင့် ရေပက်ဖို့တာစူနေပေမယ့် ကျွန်တော့် စက္ကူကြယ် လေးတွေ ထည့်ထားတဲ့ ဖန်ပုလင်းများနှင့် အလုပ်ရှုပ်နေသည်။ ဖန်ပုလင်းလေးတွေရဲ့ အောက်ခြေတွင် တိတ်အကြည်လေးဖြင့် လက်ဆောင်ပေးမည့် သူငယ်ချင်းနာမည်များကို ကပ်ထားသည်။ နာမည်မကပ်ရသေး သော ဖန်ပုလင်းအလွတ်အောက်တွင် “သူ”ဟုသာ ကပ်ထားလိုက်သည်။ တွယ်ငြိမိသော သံယောဇဉ်တစ်ခုတွင် အမည်နာမများမလိုဟု ကျွန်တော်ထင်သောကြောင့်ဖြစ်သည်။ ကျွန်တော်ထိုင်နေသော ထိုင်ခံလေးတွင် ဖုန်ပုလင်းလေးများစီကာ သူငယ်ချင်းများကို ပေးရင်း ကျွန်တော့်ရှေ့တွင် ဖုန်ပုလင်းတစ်လုံးသာ ကျန်တော့၏။ စာသင်ခန်း၏ တံခါးပေါက်ဝသို့ ခဏခဏကြည့်နေမိသော ကျွန်တော်ကိုယ့်ကျွန်တော် ပြန်လည်ရယ်ချင်မိ သွားသည်။ ထိုခံစားမှုသည် ဘဝတစ်လျှောက်လုံးကို လောင်မြိုက်စေသော မီးစတစ်ခုဟု ကျွန်တော်သိခဲ့ သင့်သည်။ အရိပ်တစ်ခု တံခါးပေါက်ဝသို့ကျရောက်လာသည်။ ထုံးစံအတိုင်းပင် သူ့မျက်နှာတွင် အပြုံးတစ်ခု ကို ကျွန်တော်မြင်တွေ့ရသည်။ ကျွန်တော်ရှိရာ စားပွဲခုံရှေ့သို့အရောက် သူ့လက်ကို ကမ်းပေးသည်။ ကျွန်တော်လည်း “သူ”ဟုရေးသားသော စက္ကူကြယ်လေးများထည့်ထားသည့် ဖန်ပုလင်းလေးကို လှမ်းကာ ပေးလိုက်သည်။ ကျွန်တော်သူ့ကို ပြန်လည်ကာ ပြုံးပြသည်။ ကျွန်တော့်အပြုံးတွင် ကပ်ငြိတွယ်စေသော အရိပ်အယောင်များ ကပ်ပါသွားသည်ကို ကျွန်တော့်ကိုယ်ကျွန်တော် သိလိုက်ရသည်။
အချိန်နာရီ မလိုသည့်အရာများထဲတွင်
အချစ် တစ်ခုအပါအဝင်ဖြစ်သည်။
သေချာသည်မှာ
အချစ်တွင် အချိန်ကာလမရှိပေ။
–မိုးလူ–
“ဒုတိယနှစ်ကျရင် ပြန်တွေ့ကြတာပေါ့”
ကျွန်တော်စကားစလိုက်သောအခါ သူက ခေါင်းသာတစ်ချက်ငြိတ်ပြသည်။ သူ့ကို ဖုန်ပုလင်းလှမ်းပေးသော ကျွန်တော့်လက်များ အနည်းတုန်နေသည်ကို သူသတိထားမိသွားပြီလားဟု စိုးရိမ်စိတ်က အနည်းငယ်ဝင်သွား သည်။ ခြေဖျားကတစ်ဆင့် အနွေးဓာတ်တစ်ခုက တစ်ကိုယ်လုံးစီးမျောကာနေသည်။ ပတ်ဝန်ကျင်းတစ်ခုလုံး မည်သည့်အသံမှ မကြားနိုင်အောင် ကျွန်တော်ခံစားလိုက်ရသည်။ ချောက်ကမ်းပါးတစ်ခု၏ အစွန်းနားတွင် ရပ်နေရသလိုပင် ကျွန်တော့်တွင် ဟာတာတာနှင့် တစ်ခုခုဆုံးရှုံးသွားတော့မလို ခံစားနေလိုက်ရသည်။ အသိစိတ်လွတ်သွားသူတစ်ယောက်ပင် ကျွန်တော့်ကိုယ်ကျွန်တော်သတိထားမိသည့်ကြားထဲမှပင် ကျွန်တော့်လက်ထဲတွင် သူ့လက်တစ်ဖက်က ရောက်နှင့်နေပြီဖြစ်သည်။
“ကျွန်တော့် သူ့ကိုချစ်တယ်”
အစီအစဉ်မကျ အစီအစဉ်မကျတကျဖြင့် ကျွန်တော့်နှုတ်ဖျားမှ စကားအချို့က ထွက်ကျသွားသည်။ သူ့ကို ကျွန်တော်ကြည့်တော့ မြင်နေကျအတိုင်း ပြုံးကာပြသည်။ အသိစိတ်အချို့က နှိုးဆော်မှ သူ့လက်ကို ကျွန်တော်လွှတ်ချလိုက်မိသည်။ သူ့လက်တစ်ဖက်က ကျွန်တော့်ပုခုုံးကို လာထိတွေ့လိုက်သည်။ ပြီးတော့ တစ်ချက်ပြုံးပြသည်။ မည်သို့အဓိပ္ပာယ်မှန်း ကျွန်တော်နားမလည်ပါ။ ရှက်စိတ်တို့ဖြင့် အနည်းငယ်ကျွန်တော် ခေါင်းငိုက်စိုက်မိသည်။ ခဏကြာသိလိုက်ရသည်က သူအခန်းထဲက ထွက်ခွားသွားပြီဖြစ်သည်။
……………………………………………………………………………………………………………………
ထို့နေ့မှစ၍ နောက်ဆုံးနှစ်ထိ ကျွန်တော်သူ့ကို မတွေ့ရတော့ချေ။ နှစ်တိုင်းလိုလို ဒဂုံတက္ကသိုလ် မုဒ်ဦးလမ်းမကြီးအလယ် ခရေပင်တန်းအောက်မျာ စက္ကူကြယ်လေးများကို ကျွန်တော်အခေါက်မပြတ်ခဲ့ပေ။ အမှတ်တရလက်ဆောင် အမှတ်တရအဖြင့်သိမ်းထားတတ်သူနည်းကြသည်။ တန်ဖိုးကြီးမှသာ အလေးထားတတ်တာကိုးလည်း ကျွန်တော်တွေ့ဖူးသည်။ ကျွန်တော်ပြုလုပ်သော စက္ကူကြယ်ဖန်ပုလင်းလေး များသည် တန်ဖိုးမကြီးပေမယ့် တန်ဘိုးတော့ကြီးမည်ထင်ပါသည်။ ထိုနေ့က သူ့အား ကျွန်တော့်အမှတ်တရ လက်ဆောင် ဖန်ပုလင်းလေးကို အမြဲတမ်းသိမ်းထားပေးပါဦး မပြောလိုက်ရချေ။ သူ့ဆီမှလည်း အမှတ်တရတစ်ခုခု မရလိုက်ပေမယ့် ကျွန်တော့်စိတ် သူ့အနားမှာရှိနေရရုံတင် ထိုအရာက လက်ဆောင်ဟုပင် ယူဆလိုက်သည်။
ဘယ်လိုဟောင်းဟောင်း
မပြောင်းခဲ့ဘူး
သူ့အတွက်က
သူ့နားမှာ
သူသိသိ မသိသိ
ကိုယ်ရှိနေဖို့ပဲ။
–မိုးလူ–
……………………………………………………………………………………………………………………
လွန်ခဲ့သော (၈)နှစ်ကအကြောင်းကို တွေးတိုင်း ကျွန်တော့်ခံစားချက်တို့ အသစ်တွေဖြစ်နေသည်။ အခုဆိုရင် ကျွန်တော့်အခန်းပတ်လည်တွင် စက္ကူကြယ်ဖန်ပုလင်းလေးတွေ (၁၀၁)ပုလင်း ရှိပြီ။ သူနဲ့တွေ့ရင် ပေးဖို့ဆိုပြီး (၈)နှစ်တာလုံး အလွမ်းပြေခေါက်ထားသော ကြယ်ကလေးတွေဖြစ်သည်။ ပူလောင်သော မီးတစ်စ ကိုငြိမ်းဖို့ (၁၀၁)ပုလင်းလုံး မြစ်ကမ်းဘေးလေးတွင်မျောဖို့ ထွက်လာသည်။ သယ်ရခက်သောကြောင့် လက်ကေ့လေးတစ်လုံးတွင် ပုလင်းလေးများကို စီကထည့်လိုက်သည်။ ညနေ နေဝင်ချိန်ဖျော့ဖျော့က အလွမ်း တစ်ခုကို ပိုရင့်ရော်စေသည်။
“တားထားတဲ့ စည်းများရဲ့ကြားမှာ ခြားနားခဲ့ပြီးမဟုတ်လားxxxxxxxxxxx”
အိမ်ကအထွက်ပင် အိတ်ကပ်ထဲက ဟန်းဖုန်းလေးက ထမြည်လာသည်။
“ဟယ်လို”
“ဟယ်လို မိုးလူလား”
“ဟုတ်ကဲ့ ကျွန်တော်မိုးလူပါ”
“ဟဲ့မိုးဘူး ငါထိုက်ထိုက်လေ ဒီနေ့ငါမွေးနေ့ ကန်တော်ကြီးထဲက P2 စားသောက်ဆိုင်ကိုလာခဲ့ နင့်ဖုန်းနံပါတ်ကို ငါ့မှာစုံစမ်းလိုက်ရတာ နင်လည်းသတင်းကိုပျောက်သွားတာပဲ။ နင့်ဆီက လက်ဆောင်ဘာမှ မလိုချင်ဘူး စက္ကူကြယ်ဖန်ပုလင်းလေးသာ ငါ့ကိုပေး။ သူငယ်ချင်း ခုလာတော့ ပွဲကစတော့မယ် မြန်မြန်လာ”
အထက်တန်းကတည်းက သူငယ်ချင်းမို့ သူပြောချင်ရာ ပြောပြီးတော့ချကာသွားသည်။ မွေးနေ့ပွဲပြီးမှ သာ ဖန်ပုလင်းလေးတွေ သွားမျောမည်ဟုစဉ်းစားကာ တက္ကစီငှားကာ ကန်တော်ကြီးထဲရောက်ခဲ့သည်။ သိပ်တော့ လူမများသည့်မွေးနေ့ပွဲလေးပင် ဖြစ်လိမ့်မည်။ အလင်းရောင်ခပ်ဖျော့ဖျော့နှင့် အရင်တုန်းက သူငယ်ချင်း လေးငါးယောက်ကို တွေ့လိုက်ရသည်။ လက်ကေ့ချ်ကြီးနှင့်မို့ တစ်မျိုးတစ်မည်ဖြစ်နေသေးသည်။
“ဟဲ့ မိုးလူ”
“အေး ထိုက်ထိုက် ဆောရီးဟာ ငါလည်း အလုပ်တွေနဲ့မဆက်သွယ်ဖြစ်တာ”
“ဘယ်မှာလဲ ငါ့အတွက်လက်ဆောင်”
“အော်…အေး……ပါပါတယ်”
(၁၀၁)ပုလင်းထဲမှ ထိုက်ထိုက်ကို တစ်ပုလင်းပေးမှဖြစ်တော့မည်ဟု သိလိုက်ရသည်။ လက်ကေ့ကိုဖွင့်နေဆဲပင်။ ထိုက်ထိုက်ဘေးမှ အရိပ်တစ်ခုကျရောက်လာသည်။ ကြုံဖူးမည်ထင်ပါသည်။ ထိုအရိပ်ကျကျခြင်းပင် ကျွန်တော့် တစ်ကိုယ်လုံးထူပူလာသည်။ လက်ကေ့ချ်ကို အားယူကာဖွင့်လိုက်သည်။ မှိန်ပျပျမီးရောင်အောက်တွင် စက္ကူကြယ်များဖြင့်ပြည့်နေသော (၁၀၁)လုံးသောဖန်ပုလင်းငယ်များဖြစ်သည်။ ဒီလောက်တောင် လုပ်နိုင်ခဲ့လေ မည်ဟု ကိုယ့်ကိုယ်ကိုအံ့ဩမိသည် မီးရောင်အောက် သိပ်ကိုလှပနေသည်။ ကျွန်တော့်ဘေးနားရောက်လာ သော အရိပ်ကို ကျွန်တော်မော်မကြည့်မိသေးပေ။ မကြည့်ရဲတာလည်း ပါမည်ထင်သည်။ လက်ကေ့ချ်ထဲမှ ဖုန်ပုလင်းတစ်လုံးထုတ်ကာ ထိုက်ထိုက်အား ကျွန်တော်ပေးဖို့ဟန်ပြင်လိုက်သည။် သည်အချိန်တွင်တော့ ကျွန်တော်ခေါင်းမော်မကြည့်ဘဲ မရတော့ချေ။ ကျွန်တော်မြင်လိုက်ရသော မျက်နှာသည် နှစ်တွေမည်မျှပင် ကြာသွားပါစေ မပြောင်းလဲဘဲ ရှိနေသေးသည်။ ကျွန်တော့်ကို မြင်တော့ သူတစ်ချက်ပြုံးပြသည်။ သူ့အပြုံးသည် အရင်အတိုင်းပင်ဖြစ်သည်။
“မိုးလူ စက္ကူကြယ်ဖန်ပုလင်းတွေ များလှချည်လား ဘယ်သူ့အတွက်လဲ”
“(၈)နှစ်လုံးလုံး သတိရရင်ရသလို လုပ်ထားတာပါဟာ”
“ငါ့ကိုပေးလေဟာ”
“ပေးလို့မရဘူးဟ ငါက တစ်ဦးတစ်ယောက်အတွက်လုပ်ထား ဆောရီးပါဟာ ဟက်ပီးဘတ်ဒေး သူငယ်ချင်း ငါပြန်တော့မယ်”
သူ့ကိုတစ်ချက်လှမ်းကြည့်မိသည်။ မျက်နှာတစ်ချက် ပျက်သွားသည်မှအပ မည်သည့်အရိပ်အယောင်မှ ကျွန်တော်မတွေ့ရချေ။ ကျွန်တော်တစ်ချက်ပြုံးပြလိုက်သည်။
……………………………………………………………………………………………………………………
ငမိုးရိပ်ချောင်း၏ ကူးတို့ဆိပ်အစပ်တွင် ကျွန်တော်ရှိနေသည်။ စက္ကူကြယ်ဖန်ပုလင်းများကို မျောကာချနေမိသည်။ သူ့ပုံရိပ်များမပျောက်ကွယ်သွားရင်တောင် ခံစားချက်အချို့လျော့ပါးသွားမည်ဟု ကျွန်တော်ထင်သည်။ ချောင်းရေအစုန်နဲ့အတူ ဖုန်ပုလင်းလေးများ မျောကာသွားသည်။ စိတ်တို့က လွတ်ပါး၍မသွား။ အနည်းငယ်တော့ ယုတ်လျော့သွားသည်။ အမှန်တကယ်ပေါက်ဖွားလာသော အချစ်တစ်ခုသည် ဘယ်တော့မှ သေမသွားသည်ကို ကျွန်တော်လက်တွေ့သိလိုက်ရသည်။ သူ့ကိုပြောခဲ့သော စကားလေး (၄)လုံးနဲ့တင် မလုံလောက်မှန်း ကျွန်တော်သိသည်။
ကျွန်တော်သူ့ကိုပြောပြချင်သေးသည်။ အများကြီးပြောပြချင်သည်။
ချစ်ခြင်းသည် တုံ့ပြန်စရာမလိုတဲ့အကြောင်း၊
ချစ်ခြင်းသည် ပူလောင်ဆွေးမြေ့သည့် အကြောင်း၊
ချစ်ခြင်းသည် မသေဆုံးတဲ့အကြောင်း၊
ချစ်ခြင်းသည် အချိန်ကာလမရှိတဲ့အကြောင်း၊
ချစ်ခြင်းသည် ချစ်နေရရုံနှင့် ပြည့်စုံပြီဖြစ်တဲ့အကြောင်း
“ကျွန်တော် “သူ့”ကိုပြောပြချင်လိုက်တာ……..”
……………………………………………………………………….
ရင်နှင့်ရင်း၍
အောင်မိုးသူ
ဩဂုတ်လ ၁၃ရက် ၂၀၁၄ခုနှစ်
ညနေ ၃နာရီ ၅၉မိနစ်
22 comments
ဇီဇီ ခင်ဇော် (26102012)
August 14, 2014 at 11:13 am
ပြောပြခွင့်မရခဲ့တဲ့..
ပြောပြလို့မရခဲ့တဲ့…
ပြောပြဖို့ မကြိုးစားခဲ့တဲ့…
ပြောပြဖို့ ဆန္ဒ မရှိခဲ့တဲ့ …
စကားတွေဟာ ……………………
ခွဲခွါရပြီးချိန်မှာ ကိုယ့် အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ကျန်ခဲ့ရတယ်…..!!!
ပြောပြချင်လိုက်တာ….!!
😥
aung moethu
August 14, 2014 at 11:24 am
နောက်တာလာ မမ….. 🙁
ဇီဇီ ခင်ဇော် (26102012)
August 14, 2014 at 11:38 am
နောက်ပု။
ကိုယ်တွေ့မို့။
😥
aung moethu
August 14, 2014 at 11:54 am
ဒီ ဝတ္တုရေးထားတာတောင် စိတ်ထဲမကောင်းဘူး !_!
pooch
August 14, 2014 at 2:24 pm
ဒါဆိုရင် ပြောချင်တာကို အချိန်မှီတုန်း ပြောပလိုက်ရမလား ဆွိ ?????
နောက်ဆက်တွဲကို ဘယ်သူတာဝန်ယူမှာတုန်း ဟင်
တခါတလေ မပြောပဲ ထားလိုက်တာက ၂ ဖက်လုံးအတွက် ပိုသက်သာပါတယ်။
သူလည်း သူ့အတွေးနဲ့သူ
ကိုယ်လည်း ကိုယ့်အတွေးနဲ့ကိုယ်
ပိုတဲ့သူက ပိုနာကျင်နေယုံပေါ့ 🙁
ဇီဇီ ခင်ဇော် (26102012)
August 14, 2014 at 2:26 pm
အဟင့်။
ချစ်ပု @ Pooch
တရားခံမရှာနဲ့။
:a:
ပြောရမလား၊ မပြောရမလား ဆိုတဲ့ ဆုံးဖြတ်ချက်ကို …….
အသက် ၂ဝ ကျော်လောက်ကတော့ မပြောဘူးဆိုတဲ့ ဘက်ကို ရွေးပြီးးး
ခု အသက် ၃ဝ ကျော်မှာတော့ ပြောမယ် ဆိုတဲ့ ဘက်ကို ရွေးပါမယ်။
You are free to choose but you are not free from Consequence of your Choice.
:a:
thadar moe
August 14, 2014 at 12:18 pm
အရေးအသားလေးကောင်းလိုက်တာ…..
ဒါပေမယ့် တကယ်.အချစ်စစ်လို့သေချာခဲ့ရင်…
အဲဒီအချစ်စစ်ကို ရယူနိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုဆိုတာလေး…လိုမယ်ထင်ပါတယ်…
လူတိုင်းကိုယ့်ယုံ ကြည်ချက်နဲ့ကိုယ်သဘောထားကွဲလွဲနိုင်ပါတယ်
manawphyulay
August 14, 2014 at 12:43 pm
တွေ့ရင် ပြောပြလိုက်ပါမယ်။ ကျွန်တော် ပြောချင်နေတဲ့အကြောင်းအရာတွေကိုလေ…
ဖန်ပုလင်း ၁၀ဝ သာ ပေး ဟုတ်ပြီလား….
Kaung Kin Pyar
August 14, 2014 at 1:18 pm
ပြောချင်တာက….တချို့စကားလုံးတွေ တည့်တည့် ထိ ပါတယ်…။
ဒါနဲ့……
စက္ကူကြယ် တစ်ပုလင်းရဖို့ အတော်ဖစ်ဖစ်မြည် ခေါက်ရတာကလား…။ ပုလင်း ၁၀ဝကျော်ဆိုတော့ အမလေးလေး
ဘွမှာ အဲ့လိုဖန်ပုလင်း တစ်ပုလင်းတော့ မှတ်မှတ်ရရ ခေါက်ဖူးခဲ့…
ခုတော့ ရှိတော့ဝူး…
အငယ်မသူ့ကောင်လေးကို ပေးချင်ဆိုတာနဲ့ ပေးပလိုက်ပြီ
aung moethu
August 14, 2014 at 3:25 pm
ဖန်ပုလင်းလေးတွေပါဗျ (၈)နှစ်တာ ခေါက်ခဲ့တဲ့ စက္ကူကြယ်လေးတွေပါ း))
ကိုပေါက်(မန္တလေး)
August 14, 2014 at 4:08 pm
ကိုမိုးသူရေ
ကျနော် ဒီလို အချစ်ရသ ဝတ္တုလေး တွေ မရေးဖြစ်တာကြာပေါ့။
ဝေဖန်လေကန်ရေးထဲနဲ့ဓါတ်ပုံ ထဲမှာမျောနေတာ ကြာပေါ့။
ကိုယ်မရေးနိုင်ပေမယ့်သူများရေးတာလေးတွေ တော့ ဖတ်ချင် ပါ သေးတယ်
စက်လို ရိုက်ထုတ်လို့ မရ နိုင် မှန်း သိ ပေ မယ့်
ကိုအောင်မုးိသူရဲ့ စာတွေ များများဖတ်ချင်ပါတယ်။
အလင်းဆက်(24/05/2011)
August 14, 2014 at 4:44 pm
အရေးကောင်းးးးး
————–
ဘဝဆိုတာ.. လက်ဖက်ရည်ခွက်ထဲ.. ကျနေတဲ ့ ယင်ကောင်လိုပဲ…
ရုန်းရင်းကန်ရင်းနဲ ့… ချိ ု နေရတာ..တဲ ့.. ။
ဖတ်ဖူးတာလေး.. ။
😆
အောင် မိုးသူ
August 14, 2014 at 6:26 pm
ကျတော်လည်းဘအရေးကျဲတာရယ်ပါ နောက်ပိုင်း တစ်ခုခုခံစားရမှ ရေးထွက်တော့တယ်
ခင် ခ
August 14, 2014 at 10:26 pm
တစ်ခါတလေလည်း ခံစားချက်ကို တွေးယူ မွေးယူပြီးရေးပါဗျာ
အရေးကောင်းလေးတွေ မမြင်ရရင် လွမ်းလွန်းလိုပါ
မြစာကလေး (23122011)
August 14, 2014 at 10:31 pm
ဒီမှာတော့ တစ်မျိုး။
ဒါကတော့ စိတ်ကူးယဉ် လွန် သူ ပေါ့။
စိတ်မပူပါနဲ့ “မိုးလူ”
တစ်ချိန်မှာ အဲဒီ ” စကားလေး (၄)လုံး” အတွက် နောက် တစ်ယောက် ပေါ်လာဦးမှာပါ။
အချိန်လေးဘဲ စောင့်ဖို့ လိုမယ်။
{ ချစ်ခြင်းသည် မသေဆုံးတဲ့အကြောင်း၊ ချစ်ခြင်းသည် အချိန်ကာလမရှိတဲ့အကြောင်း၊}
လို့ ပြောထားပြီးပြီဘဲ။
ပြန်ရှင်သန် လာမှာ။ စိတ်ချ။
အောင်မိုးသူ ပြန်ရောက်လာလို့ ဝမ်းသာပါတယ်။
:-))
အောင် မိုးသူ
August 15, 2014 at 10:06 am
ကျတော်က ထွက်မသွားပါဘူး မဝင်ဖြစ်ရုံတင်လေးပါ။ အင်တာနက်ကလည်း ဖုန်းနဲ့သုံးတာများပြီး ဖုန်းကပျောက်သွားတာရယ်ကြောင့်ပါ။ အစကတည်းက ရှိပါတယ်။
Mr. MarGa
August 15, 2014 at 9:06 am
သူ့ ကို
သိစေချင်လိုက်ထှာ……….
kyeemite
August 15, 2014 at 10:22 am
ဖတ်လို့ကောင်းလိုက်တာဗျာ…ရိုးရိုးလေးမို့ပိုကောင်းတာ
အောင် မိုးသူ
August 15, 2014 at 1:28 pm
ရိုးရိုးလေးရေးထားတာလေ.. း))) ထူးခြားတာတစ်ခုက သူ ဆိုတဲ့ နာမ်းစားတစ်ခု သုံးထားတာပဲ
လုံမလေးမွန်မွန်
August 15, 2014 at 10:34 am
ကြယ်ခေါက်ရတာ အရမ်းသဘောကျတယ်… စက္ကူကြယ်ဖန်ပုလင်းတွေကိုလည်း ချစ်တယ်… ဖတ်ရတာ ရင်ထဲမကောင်းဘူး ….
အောင် မိုးသူ
August 15, 2014 at 1:30 pm
ကျတော်တောင် စိတ်မကောင်းဘူးရယ် း(((
နောင် ရိုး
August 16, 2014 at 11:22 am
အေးဗျာ….စိတ်ထဲ မကောင်းပါဘူး…
ချစ်ခြင်းသည် တုံ့ပြန်စရာမလိုတဲ့အကြောင်း၊
ချစ်ခြင်းသည် ပူလောင်ဆွေးမြေ့သည့် အကြောင်း၊
ချစ်ခြင်းသည် မသေဆုံးတဲ့အကြောင်း၊
ချစ်ခြင်းသည် အချိန်ကာလမရှိတဲ့အကြောင်း၊
ချစ်ခြင်းသည် ချစ်နေရရုံနှင့် ပြည့်စုံပြီဖြစ်တဲ့အကြောင်း