ကျနော်နဲ့ ဟိုကလေးမ

နောင် ရိုးAugust 15, 20141min36120

စိတ်ထိခိုက်စရာတွေ ကြုံတိုင်း…ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းဖို့ ခေါင်းကို ဆတ်ခနဲမော့ပြီး…“ကောင်းသွားမှာပါ….ပြန်ကောင်းသွားမှာပါ… ”လို့ ပြောရင်း မာန်တင်းတတ်တဲ့ အဲ့ဒီကောင်မလေးနဲ့ ကျနော် ဘယ်လိုဆုံခဲ့တယ်ဆိုတဲ့အကြောင်း…ခင်ဗျားတို့ကို ပြောပြမယ်….

 

လွန်ခဲ့သော…သုံးနှစ်ကျော်ကာလ….

အဲ့ဒီနေ့ အင်းယားရဲ့ညနေခင်းကောင်းကင်ဟာ…တိမ်ကင်းစင်ပြီး..ကြည်ကြည်လင်လင်လေးနဲ့ လှနေခဲ့တယ်…။ သိပ်မကြာခင်ရောက်လာတော့မယ့် ညရှုခင်းကို ကြည့်ဖို့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်…ဂစ်တာ (၂)လက်၊ ဘီယာဘူးကိုယ်စီကိုင်ပြီး…ကန်ဘောင်ပေါ်ကို ခြေဦးလှည့်ခဲ့တဲ့ ညနေပေါ့…။ ကျနော်တို့လို့ဆိုတဲ့ထဲမှာ..ကျနော်ရယ်၊ တီတီး၊ မင်းမြတ်သွေး၊ ဂျန် နဲ့ အောင်လင်းရည်…

အင်းယားဟာလဲ ပိတ်ရက်ညနေခင်းတို့ရဲ့ ထုံးစံမပျက် ယောကျာင်္းသံ၊ မိန်းမသံ၊ ကလေးတွေအသံနဲ့ အင်းယားပီသနေခဲ့တယ်….။ လူနည်းနည်းရှင်းတဲ့ IBC နားက မြက်ခင်းပေါ်နေရာယူရင်း ကျနော်တို့အဖွဲ့..ရောက်တတ်ရာရာတွေ ပြော၊ ဘောလုံးအကြောင်း၊ မိန်းခလေးတွေအကြောင်း၊ တခြားသူငယ်ချင်းတွေအကြောင်း၊ ဟိုအဆိုတော်မင်းသမီးတင်ပါး ဈေးကြီးတဲ့အကြောင်း…

“ဟင်…သေသွားပြီလားဟင်…သေသွားပြီလား…”

မိန်းခလေးအသံစူးစူးတစ်ခုကို ကြားလိုက်ရလို့…ကျနော်တို့အဖွဲ့အာရုံတွေ အဲ့ဒီအသံရှင်ဆီကို ရောက်သွားတယ်….။

ကောင်မလေး (၃)ယောက်။ အဲ့ဒီထဲက ဆံပင်နုလေးတွေရှေ့ချထားတဲ့ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးနက်နက်နဲ့ကောင်မလေး လက်ပေါ်မှာ လိပ်ပြာဝါဝါလေးတစ်ကောင်..မလှုပ်မယှက်နဲ့ ရှိနေတယ်…။

“ဟယ်…ဒုက္ခပါပဲ…ဘယ်လိုလုပ်ရမလဲ…သနားပါတယ်…သနားပါတယ်..ကြည့်ပါဦး…လှုပ်လဲမလှုပ်တော့ဘူး…”

သူ့လက်ညှိုးလေးနဲ့ တို့ထိရင်း…သူ့နှုတ်ခမ်းကနေလဲ လိပ်ပြာလေးဆီ လှုပ်များလာမလားဆိုပြီး လေနဲ့မှုတ်ရင်း…တုတ်တုတ်မလှုပ်တော့တဲ့ အဲ့ဒီလိပ်ပြာလေးကိုကိုင်ပြီး…ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်…

ကျောက်လှေခါးထစ်တွေကို ခုန်ဆင်းရင်း မသေမရှင် အဲ့ဒီသတ္တဝါလေးကိုပဲ သူမ နင်းမိခဲ့သလား…၊ ဟိုကံမလှတဲ့လိပ်ပြာကပဲ သူမခြေထောက်အောက် အလိုလို ရောက်သွားခဲ့လေသလား မသိ…။

“သေများသွားပြီလား..ဟင်”

သူမ သူငယ်ချင်းတွေကို မော့ကြည့်ရင်း မေးလိုက်တဲ့..အဲ့ဒီစကားသံအဆုံးမှာ..သူမအသံလေး အဖျားခတ်တုန်သွားတာ ကျနော်..ကြားလိုက်မိတယ်…။

အဲ့ဒါ လိပ်ပြာလေး တစ်ကောင်ပါကွယ်….။

ဒါပေမယ့် အဲ့ဒီကောင်မလေးမျက်နှာပေါ်က အပြစ်မရှိတဲ့ လိပ်ပြာတစ်ကောင် သူ့ကြောင့်ပဲသေသွားသလိုလို..တော်တော်စိတ်မကောင်းဖြစ်နေတဲ့အရိပ်တွေကပဲ အရမ်းလေးနက်နေလို့လားတော့ မသိ…၊ ကျနော်တို့အဖွဲ့ သူမကို စ နောက်လိုက်ဖို့ ဝန်လေးနေခဲ့တယ်….။ မိန်းခလေးလှလှမြင်ရင် မနေနိုင်တဲ့ဖိုးဂျန်တစ်ကောင်တောင် ထူးထူးခြားခြား နှုတ်ဆိတ်လို့……

ကျနော်တို့ ကြည့်နေရင်းနဲ့ပဲ…သူတို့မိန်းခလေး (၃)ယောက် ကျောက်လှေကားထစ်တွေအတိုင်း..တရွေ့ရွေ့နဲ့အောက်ကို ဆင်းသွားနေကြပြီ….။ ကျနော်တို့လဲ ဘာရယ်မဟုတ်..မျက်စိရှေ့မှာရှိနေတဲ့ သူတို့ကို လိုက်ကြည့်နေမိတယ်…။ ဟိုခလေးမလေးရဲ့လက်ပေါ်မှာ…လိပ်ပြာဝါလေးက ရှိနေတုန်း…..။ သူမရဲ့ အဝါရောင်ခပ်လွင်လွင်…ဂါဝန်ကားကားလေးကလဲ..အင်းယားရဲ့လေမှာ…တလွင့်လွင့်နဲ့…။ တကယ်တော့ သူမကိုယ်တိုင်ကိုက လိပ်ပြာဝါလေး တစ်ကောင်ပါပဲ…..။

လှေကားထစ်တွေရဲ့ အောက်ဆုံးကိုရောက်တော့…ကောင်မလေးမျက်လုံးက ဟိုဟိုဒီဒီဝေ့တယ်…။ နောက်…ရှာနေတာကို တွေ့လိုက်သလို မျက်နှာလေးဝင်းသွားပြီး…သူမမြေကြီးပေါ်က ကောက်ယူလိုက်တာ…အပင်တွေကိုခြံခတ်ရင်သုံးတဲ့ အောက်ဘက်ချွန်…သစ်သားတုတ် တစ်ချောင်း…။ ဘယ်ဘက်လက်မှာ..လိပ်ပြာလေးကိုကိုင်ထားရင်းနဲ့ပဲ….ညာဘက်လက်နဲ့….မြေကြီးကိုတူးတယ်….။ ကျန်တဲ့သူငယ်ချင်း (၂)ယောက်ကလဲ သူမကိုကူပြီး မြေကြီးဝိုင်းတူးတဲ့သူတူး..၊ မြေတွေကော်ပေးတဲ့သူကော်ပေးနဲ့..ခဏလောက်ကြာတော့ လိပ်ပြာတစ်ကောင်ရဲ့ အသုဘက စည်စည်ကားကားနဲ့ပဲ ပြီးသွားတယ်…။

မြေတွေပြန်ဖို့ပြီးတဲ့နောက် အဝါရောင်ကောင်မလေးက သူမလက်တွေကို ပွတ်ခါလိုက်ပြီး…သူမဆံပင်မှာ..ချည်ထားတဲ့..အနက်ရောင်..ခေါင်းစည်းကြိုးကို ဖြည်ယူလိုက်တယ်…။ သူမတူးခဲ့တဲ့တုတ်ချောင်းကိုချိုး၊ လက်ဝါးကပ်တိုင်ပုံကို သူမခေါင်းစည်းကြိုးအကူအညီနဲ့လုပ်ယူရင်း..လိပ်ပြာရဲ့ မြေပုံပေါ် စိုက်လိုက်သေးတယ်…။

“ ဘယ်လိုလေးမှန်းလဲ…မသိဘူးကွာ……” လင်းရည်ရဲ့ အသံခပ်တိုးတိုး…….

ကောင်မလေးကတော့ ကျနော်တို့ ကြည့်နေတာကိုလဲ မသိ…၊ ပတ်ဝန်းကျင်ကိုလဲ မကြည့်ဘဲ သူမတာဝန်ကျေသွားလို့ ကျေနပ်သွားတဲ့ မျက်နှာလေးနဲ့ သူငယ်ချင်း ၂ ယောက်လက်ကို တစ်ဖက်စီချိတ်ရင်း…ကျနော်တို့ မြင်ကွင်းထဲကနေ ဝေးးး ဝေးးး သွားတယ်…။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

 

 

“ ရုပ်ကလေး သနားကမားနဲ့…..ကံဆိုးလိုက်တာဟယ်…”

“ အေးလေ…မိဘတွေကလဲ ဒီလိုပုံမျိုးလေးကို ဒီတိုင်းတစ်ယောက်ထဲလွှတ်လိုက်ရလား…၊ ငါ့သမီးလေးသာဆို စိတ်မချပါဘူး..…”

ဘေးက အရောင်းဝန်ထမ်းကောင်မလေး (၂)ယောက်အသံကြောင့်…လက်လှမ်းလက်စ အအေးဘူးကိုကိုင်ရင်း.. သူတို့စကားကို ကျနော် စိတ်ဝင်စားသွားတယ်…

ကျနော်..ရောက်နေတာက..လှည်းတန်းလမ်းမပေါ်က mini mark လေးတစ်ခုမှာပါ…။ ဆောင်းတွင်းနေ့လည်နေဒဏ်ကို မခံနိုင်လို့..အအေးဘူးဝယ်မယ့်အကြံနဲ့…ဒီဆိုင်ထဲ အပြေးအလွှားဝင်လာခဲ့တာ…

အံမယ်မယ်…ခုမှထူးခြားတာတစ်ခု သတိပြုမိတယ်…

ဒီဆိုင် ကျနော်ဖြတ်သွားဖြတ်လာဝင်ဖြစ်လို့…အကြောင်းသိနေတယ်…။ ဆိုင်က ကောင်မလေးတွေအားလုံး…ဝယ်သူလာရင် ဆိုင်ကပစ္စည်းတွေကိုပဲ အလစ်သုတ်တော့မလို၊ ခိုးတော့မလိုပုံစံမျိုးနဲ့…ထိမတတ်၊ ကပ်မတတ် နောက်က လိုက်နေကျ..။ ခုတော့…ဒင်းတို့အားလုံးရဲ့အာရုံက ဆိုင်အတွင်းပိုင်းကို…ရောက်နေခဲ့တယ်…။ Cashier ကောင်မလေးတောင်… ဆိုင်အတွင်းဘက်ကို လည်တဆန့်ဆန့်နဲ့….။

ဘာများဖြစ်နေတာပါလိမ့်????

“ နေစမ်းပါဦး…ငါ သွားစပ်စုကြည့်ဦးမယ်…” ပြောပြောဆိုဆို….ဝန်ထမ်းကောင်မလေး(၂)ယောက်ထဲကတစ်ယောက် ဆိုင်အတွင်းဘက်ထဲ ဝင်သွားတယ်….။

ကျနော့်ရဲ့ စပ်စုခြင်းဝါသနာကလဲ မသေးလေတော့…ဟိုကြည့်သလို ဒီကြည့်သလိုနဲ့ပဲ ဝန်ထမ်းကောင်မလေးနောက် လိုက်သွားတယ်….။ Stationary တန်းတွေကျော်လို့ စားသောက်တန်းဘက်အရောက်…ကျနော်မြင်လိုက်ရတာက…

 

“ ဟင်……ဟိုခလေးမ..!!!”

ဒီတစ်ခါတော့ အကျီင်္အဖြူလွလွလေးကို စကဒ်ထဲထည့်ဝတ်ထားပြီး ဒေါက်ချွန်ချွန်လေး စီးထားတယ်….။ စာအုပ်တစ်အုပ် ဘောပန်တစ်ချောင်းလက်ကကိုင်လို့…မသိရင် ဆိုင်ပိုင်ရှင်လိုလို ဒီဇိုင်းဖမ်းပြီး…မော့တောမော့တော့နဲ့…ရှေ့က သွားနေတယ်…။ ဆိုင်က ကောင်မလေး (၂)ယောက်ကလဲ မျက်လုံးလေးကလယ်ကလယ်နဲ့ သူ့နောက်ကလိုက်လို့်…။ တခြားဝန်ထမ်းကောင်မလေးတွေကလဲ အဲ့ဒီခလေးမကို ကွက်ကြည့်ကွက်ကြည့်….။

ဟင်…ဘာလဲဟ!!!!

ကျနော် အတော့်ကို စိတ်ဝင်စားသွားပြီ….

ကောင်မလေး ဆိုင်ထဲလှည့်ပတ်ကြည့်ရင်း….ဖျော်ရည်တွေထားတဲ့ဘက် ရောက်လာတယ်…။ သူ့စာအုပ်ထဲ တစ်ခုခုရေးပြီး…ဆိုင်ဝန်ထမ်းကောင်မလေးကို ပြတယ်….

ဟင်…ဘာလဲဟ!!!!

ကျနော်..ဟင်..ဘာလဲဟ တ,ရပြန်ပြီ….။ ဒီကလေးမ လည်ပင်းများနာပြီး…အသံများဝင်နေလို့လား…။ ငါမြင်တုန်းက အသံထွက်တာ သေချာပါတယ်…။

ဆိုင်ဝန်ထမ်းက ကောင်မလေးရေးထားတာကိုကြည့်ပြီး…ပြန်မေးတယ်….။

“အစိ..ပါတာလား..

” (ဟင်…ဘာတုန်း!!!!)

ကောင်မလေးက မျက်လုံးလေး ဝိုင်းပြတယ်….၊ မျက်တောင်ကိုတစ်ချက်နှစ်ချက် ပုတ်ခတ်ပုတ်ခတ်လုပ်တယ်…။ ဆိုင်ဝန်ထမ်းက သူ့အလိုလိုနားလည်လိုက်သလို ခေါင်းတညိမ့်ညိမ့်လုပ်ရင်းး…

”ဪ…နားလဲမကြားရှာဘူးကိုး..” လို့ ခပ်တိုးတိုးရွတ်တယ်…..

ကျနော် နားလည်လိုက်ပြီ….။ ဒီခလေးမတော့ ဗရုတ်ကျနေပြီ….။

ရယ်ချင်ပတ်ကျိ ဖြစ်နေတဲ့စိတ်ကိုထိန်းရင်း…ကောင်မလေး..ရိုက်ပေါက်လုပ်နေတာကို..ကျနော့်စပ်ဖြီးဖြီး မျက်နှာကြီး စင်တွေနောက်မှာကွယ်ရင်း…ဆက်ကြည့်နေလိုက်တယ်…။

အဲ့ဒီအချိန် ကောင်မလေးက သူ့လက်ထဲပါလာတဲ့စာအုပ်ထဲတစ်ခုခုရေးပြီး..ဆိုင်ကမိန်းခလေးကို ပေးတယ်…။ သူတို့ (၂)ယောက် ၃ခါလောက် အပြန်အလှန် စာအုပ်ဖလှယ်ပြီးတော့မှ…ဟိုခလေးမလေးက ဆားငံစေ့ ဖျော်ရည်ပုလင်းကို ကောက်ဆွဲတယ်…။

ဪ…အစိဆိုတာ ဒီအစိကို ပြောတာကိုးးး

“စကားမပြောတတ်တာတောင် တော်တော်လူဖြစ်ရှုံးနေပြီ….၊ နားပါမကြားတော့ ဒုက္ခပါပဲအေ…”

“အေးလေ….ဒါနဲ့များ…တစ်ယောက်ထဲ ထွက်လာသေးတယ်…”

“မွေးရာပါလား မသိ…ကုလို့ရရင် ကောင်းမှာပဲ…သူ့ပုံစံလေးနဲ့ နှမြောစရာအေ..”

ဝန်ထမ်းကောင်မလေးတွေက ခပ်ကျယ်ကျယ်ပဲ အချင်းချင်းပြောကြတယ်…

ဟိုကလေးမကတော့ မှင်သေသေပါပဲ… ဖျော်ရည်ဘူးကို ကောင်တာပေါ်တင်လိုက်ပြီး..ပိုက်ဆံထုတ်ရှင်းတယ်….။ Cashier က ပြန်အမ်းတဲ့ 500 တန်တစ်ရွက်ဟာ ခပ်စုတ်စုတ်လေး ဖြစ်နေတယ်…။

အဲ့ဒီအချိန်မှာပဲ….ကျနော် မထင်ထားတဲ့ရိုက်ပေါက်တစ်ခု ကောင်မလေး ထလုပ်လိုက်ပါတယ်…

အဲ့ဒါက…ပိုက်ဆံကို လက်ညှိုးလက်မနဲ့ ဖြန့်ကိုင်ပြီး Cashier ကို ထောင်ပြရင်း….

“ဒါလေး နွမ်းနေလို့…ပြန်လဲပေးပါ..” တဲ့……

 

ဆိုင်ထဲမှာ အသံတွေတိတ်ဆိတ်သွားတယ်…။ အားလုံးကြောင်တောင်တောင်နဲ့ ပါးစပ်တွေ ဟ ကုန်တယ်….။ ကျနော့်မလဲ အသံမထွက်အောင် ကြိတ်ရီရလို့…ဗိုက်ခေါက်တွေတောင် နာလှပြီ…။

ဟိုကလေးမကတော့ ခပ်တည်တည်ပါပဲ…။ Cashier ကို ကြာတယ်ဆိုတဲ့သဘောနဲ့ မျက်လုံးတောင်ပြူးပြပြီး…ပိုက်ဆံရှိတဲ့အံဆွဲကို ခေါင်းလေး ငေါ့ပြလိုက်သေးတယ်…။ အဲ့ဒီတော့မှ Cashier ကောင်မလေးလဲ အသိစိတ် ပြန်ကပ်ပြီး…500 တန်တစ်ရွက်ကို ပြန်လဲပေးလိုက်တယ်..။ အဲ့ဒီနောက်တော့ ပွက်လောရိုက်ကျန်ခဲ့တဲ့ mini mark ဆိုင်လေးကို ကျောခိုင်းပြီး…သူမ လှည့်ထွက်သွားပါတော့တယ်…။ မှန်တံခါးကနေတဆင့်မြင်လိုက်ရတဲ့…သူမရဲ့ ခေါင်းလေးမော့ပြီး လှစ်ခနဲ ပြုံးလိုက်တဲ့ မချိုမချဉ် အပြုံးက ကျနော့်ကို ခဏတော့ မှင်သက်စေတယ်….။  အဲ့ဒီကောင်မလေးကို နောက်ပိုင်းကျနော်ခင်မင်ခွင့်ရလိမ့်မယ်လို့…အဲ့ဒီအချိန်က ကျနော်ဘယ်သိခဲ့ပါ့မလဲလေ..……..

 

 

နောင်ရိုး

(15.8.2014)

(စာတွေများလို့…ဖတ်သူ ဟုံနေပါ့မယ်ဗျာ…။ ကျနော်ကြိုးစားပမ်းစား ရေးထားလို့ ဝေဖန်ပေးကြပါဦး…။ နောက်တစ်ခါ ကျနော်အာရုံရရင် (ခွင့်ပြုချက်လဲ ရရင်)…အဲ့ကောင်မလေးနဲ့ ဘယ်လိုခင်သွားတယ်ဆိုတဲ့အကြောင်း…ခင်ဗျားတို့ကို ပြန်ပြောပြချင်ပါသေးတယ် …)

20 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 15, 2014 at 9:19 pm

    ဆေးး သောက်ပြီးး မှ ဆက်ရေးးး မောင်လေးးး
    နလုံးးတေ အောင့်နေမယ်။
    Jk
    :k:

    ဖတ်လို့ကောင်းးးတယ်ဟဲ့။
    ဆက်ရေးးးးးး
    🙂

    • နောင် ရိုး

      August 16, 2014 at 10:54 am

      အောင့်စရာ နှလုံးတေတောင် မရှိတော့ဘူး ဒေါ်ဇီဇီရေ့….
      မြှောက်ပေးတာ ကျေးဇူးပါဗျိုးးးးးးးးးး ကျော် သံခမောက် ရှာလိုက်ပါ့မယ်….

  • မြစာကလေး (23122011)

    August 16, 2014 at 1:53 am

    ဖတ်လို့ တကယ်ကောင်း တာမို့ ဘာဆက်ရေးမယ် ဘယ်လို ခင်သွားမယ် ဆိုတာ စောင့်နေသူ များ မဲ့ ပါ နောင်ရိုး ရေ။
    ဘရုတ်မလေး ကို ခင်ဖို့ အတော်လေး မျက်နှာပြောင်တိုက်ရမလားဘဲ။
    ဒီကလေးမ ဘရုတ်ကျတာ သဘောကျမိရဲ့။

    အရီးတို့ ငယ်ငယ်က ဘရုတ်ကျ တာကိုတော့ မမှီလောက်ဘူး ထင်ရဲ့။
    ဒါပေမဲ့ ကျုပ်တို့ ကိုတော့ ဘူသူမှ ခင်ဖို့ မ ကြိုးစားပါတော်။
    မြင်တောင်မမြင်သေး။ အသံကြားရုံ နဲ့ ထ ပြေးသူ တွေချည်း။
    ဟွန့် မပြောချင်တော့ဘူး။ 🙄 :-))

    • နောင် ရိုး

      August 16, 2014 at 10:58 am

      အားပေးတာ ကျေးဇူးအကြီးကြီးပါဗျာ…
      ဘရုတ်မလေးကို မရိုးမသားစိတ်နဲ့ ကျော်ခင်ဖို့ မကြိုးစားခဲ့ဘူးဗျ….။ အဲ့လိုစိတ်နဲ့ဆိုရင်လဲ ဒီလောက်နှစ်တွေကြာအောင် ခုလို ရှိနေခဲ့လိမ့်မယ် မထင်ဘူး….။
      အဲ့ချိန်က အဲ့ကလေးမကို မှတ်မှတ်ရရလေး ရှိသွားတာလေးပါ…
      ခင်ခဲ့တာကတော့ ကျော် ကံကောင်းသွားတာရော (ကံဆိုးသွားတာလဲ ဖြစ်နိုင်ပါတယ်..)၊ ကျော့်မိဘတွေရဲ့ အကူအညီကြောင့်လဲ ပါရဲ့…။ ခင်တာက…လာပါ့မယ်ခင်ည…(သံခမောက်ဆောင်းပြီး…)
      :k:
      အရီးဗရုတ်ကျခဲ့တာလေးတွေလဲ ပိုစ့်ရေးပါဗျာ…
      ဖတ်ချင်လွန်းလို့ပါ….

  • Crystalline

    August 16, 2014 at 7:08 am

    အဲ့လိုပေါ့လေ.. မထင်ရဘူးနော်… :k: ဖတ်ကောင်းအိ… လွန်ခဲ့သော ၃နှစ်မှစ..လွန်ခဲ့သော ၃ရက်ကထိရေးပါ… :k:

    • နောင် ရိုး

      August 16, 2014 at 10:59 am

      ခုတောင် ငယ်ကျိုးငယ်နာ နင်ဖော်ရမလားဆိုတဲ့ ဆဲသံဆူသံမကြားရအောင် ဖုန်းဘတ်ထရီဖြုတ်ထားတယ်ဗျ….. (ရှူး…..တိုးတိုး…)
      :k:

  • ရွှေတိုက်စိုး

    August 16, 2014 at 10:03 am

    ကိုနောင်ရိုးရေ…. အစကောင်းသဗျာ… စိတ်ဝင်စားလာပြီ… ကျွန်တော် ဆယ်တန်းအောင်ပြီး စာတွေ ဖတ်ဖြစ်တယ်… အဲလို ဇာတ်လမ်းတွေတွေ သိပ်ခရေစီဖြစ်တာ.. တာရာမင်းဝေတို… မောင်လှမျိုးတို. လို လက်ပေါက်ပဲဗျ….
    ဆက်လက်အားပေးနေမယ်နော်… ကျုပ်ဒါမျိုးလေးတွေ မဖတ်ဖြစ်တာကြာပေါ့ဗျာ…
    ကျွန်တော် အထင် ကိုရင့် ဇာတ်လမ်းလေး… အခြေချထားတာ….
    ကျုပ်အတွေးထဲတော့ ကိုရင့် ဇာတ်ကောင် ကောင်မလေးနဲ. ကောင်လေးက ပုံပေါ်နေပြီးနော်…. အရမ်းလန်းမယ်ထင်တယ်ဗျို… စောင့်နေတယ်နော်…. လုပ်လိုက်အုံး…

    • နောင် ရိုး

      August 16, 2014 at 11:01 am

      အမလေးဗျ….အမလေးးးးးး
      ခေါင်းတွေလဲ နာကုန်ပါပြီ….(မြောက်သွားလို့)
      :k:
      :k:
      :k:
      အဲ့လို ဖြစ်နေတဲ့ပုံကိုလဲ ပြန်စိမရတော့ဘူး…(သွားတွေ ပြောပါတယ်…)
      ကိုရွှေတိုက်စိုးရဲ့ ကော်မန့်ကို ဖတ်ပြီး ဘိုပြောရမလဲ ဆိုတော့ဗျာ……..
      ကျနော် တကယ် အားရှိသွားပါတယ်…

  • kyeemite

    August 16, 2014 at 10:34 am

    ကောင်းသဗျာ…ကျုပ်လည်းရေးတတ်ချင်လိုက်တာ…ဆက်ပါအုံးဗျို့ 🙂

    • နောင် ရိုး

      August 16, 2014 at 11:02 am

      ဦးကြီးမိုက်ကလားဗျာ….ရေးတတ်ချင်လိုက်တာ….
      ကျနော်တင်ထားတဲ့ ဆရာတွေအဆင့်မှာ…..ဦးကြီးမိုက်က ထိပ်ဆုံးတန်းထဲကပါ…

  • ခင် ခ

    August 16, 2014 at 10:54 am

    ( အဲ့ဒီကောင်မလေးကို နောက်ပိုင်းကျနော်ခင်မင်ခွင့်ရလိမ့်မယ်လို့…အဲ့ဒီအချိန်က ကျနော်ဘယ်သိခဲ့ပါ့မလဲလေ..……..)
    လို့ အဆုံးသတ်ထားတာထောက်ရင် ဇတ်လမ်းက ဆက်လို့ရသေးတယ်ထင်ပါ၏။ လုပ်ပါဗျာ ဆက်ရေးပါအုံး။

  • နောင် ရိုး

    August 16, 2014 at 11:04 am

    ရေးပါ့မယ်ဗျာ…..ရေးချင်တာလဲ လက်ကို အတော်ယားနေတာပါပဲ…(အဲ့သလိုပဲ မူပလိုက်တယ်..:k:)
    အေးဗျာ…ချမယ်ဗျာ…..
    သံခမောက်မကလို့….ကျည်ကာပဲ ဝတ်ရဝတ်ရ…

  • Nyo Win

    August 16, 2014 at 11:35 am

    ကြိုက်သဗျာ…ကိုယ်တိုင်ရေးတဲ့ကိုယ့်အကြောင်း…
    အရေးအသားနဲ ့အကြောင်းအရာကဆွဲဆောင်မှုရှိပ…
    ဆက်ဆွဲဗျာ….စိတ်ဝင်စားတယ်….။

    • နောင် ရိုး

      August 16, 2014 at 1:09 pm

      ကျေးကျေး အကြီးကြီးပါ ကိုညိုဝင်းရေ့………

  • ကျုပ်တော့ သူများတွေ ကို အခန်း ဆက ်နဲ့ ရပ် ထား ခဲ့ သမျှ ဝဋ်လည်မယ်ထင်တယ်

    စောင့် ဖတ်ရတော့ မယ်

    ကိုနောင်ရုးိရေ mart လို့ ရေး မှ ခင်ဗျားဆိုလိုချင်တဲ့နေရာကို ရောက်မယ် ထင်ပါတယ်။

    ခင်လို့ ပြောပြ တာနော်

    • နောင် ရိုး

      August 16, 2014 at 1:05 pm

      အမှန်ပြင်ပေးတာ ကျေးဇူးပါ ကိုပေါက်ရေ့………ကျနော်…သတိမထားလိုက်မိတာပါ…။ ကိုပေါက် အကြာကြီး ဝဋ်မလည်စေရပါဘူး…။
      မြှောက်ပေးရင် ကောင်းကင်ကိုတာင် ခေါင်းနဲ့ဆောင့်မယ့် ကျနော်နောင်ရိုး…ခုပဲ နောက်တစ်ခန်း ရေးလို့ ပြီးတော့မှာ ဖြစ်ပါကြောင်း…

  • ဟိုလူရီး..
    ဝဋ်လည်မယ်နော်..

    ဒီလောက်ကောင်းတဲ့ဇာတ်လမ်းကို တိခနဲဖြတ်ချထားပြီး အာရုံရရင် ဆက်ရေးပါမယ်ဆိုတာ.. ရန်စတာလား…
    တောင်လှေကားကြီးမိုက် နဲ့ တွံ့တေးဘလက်ချောတို့ကို မခေါ်ခင် အပိုင်း (၂) ဆက်တင်ဘာ..

    ပုံ
    တွေ့မရှောင် မွန်မွန်
    (အဲ.. ဟိုတွေ့မရှောင်မဟုတ်ဘူးနော်.. ဒါ ကွကိုယ် ဒီနေ့မှ ပေးလိုက်တဲ့ နာမည်..)

  • နောင် ရိုး

    August 16, 2014 at 1:09 pm

    တွေ့မရှောင် မွန်မွန်ကို ကြောက်လို့ပါဗျ…..ခုပဲ ရေးပြီးလို့ တင်ပါမည်….။ မိနစ်ပိုင်းလောက်စောင့်စေချင်ပါသည်….။
    အပေါ်က ကိုခင်ခတို့ မြှောက်ပေးခြင်းမဆုံးခင်မှာပဲ….ဒီကကောင်ကလဲ ရေးချင်တင်ချင်တာ လက်က ယားနေပြီ….
    ဒါကြောင့် ဟိုကလေးမရဲ့ …နင် အတော်ငပေါပဲ ဆိုတဲ့စကားကို ဟုတ်လိုက်လေဆိုတဲ့ အတွေးနဲ့ ကြက်သီးဖြန်းခနဲ ထ စွာခံစားရင်း ဆက်ပြောပါ့မည်ခည…ငယ်ကျိုးငယ်နာကို…
    (ကျည်ကာလေးသာ ရှိရင် ငှားဂျဘာ ခင်ညာ…)

  • အလင်းဆက်(24/05/2011)

    August 16, 2014 at 4:06 pm

    နေပါဦး…
    နောက်တစ်ပိ်ုင်းတင်ထားပြိးတာ တွေ့လိုက်တယ်.. ။
    အပြေးလေး..သွားဖတ်လိုက်ဦးမယ်.. ။

    😆

  • နောင် ရိုး

    August 17, 2014 at 11:20 am

    ဖတ်ပြီးရင်လဲ ဝေဖန်ချက်လေး ချန်ခဲ့ပါဦး…ကိုအလင်းဆက်ရေ……

Leave a Reply