“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၀) (ဖောင်ကြီးက နည်း တစ်နဲ့ နည်းနှစ်)

      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၀)

           (ဖောင်ကြီးက နည်း တစ်နဲ့ နည်းနှစ်)

 

 

ဖောင်ကြီးသင်တန်းမှာအတင်းကျပ်ဆုံးတားမြစ်ထားတာကတော့

အရက်သောက်တာကိုပါဘဲ။

အရက်သောက်တာမိခဲ့ ရင် ချက်ခြင်း RTU လုပ်မယ်လို့ပြောထားပါတယ်။

ဒါပေမယ့် ဒီသင်တန်းကိုလာတက်ရ တဲ့ လူတွေက အသက်အရွယ်စုံပါတယ်။

လာတက်ကြရတဲ့အကြောင်းတရားကလဲအမျိုးမျိုးပါဘဲ။

ကျနော်လို့ အတွေ့အကြုံရချင်လို့လာတက်သူရှိမယ်။

ရုံးကနေ ဇွတ်အတင်းအကျပ်တက်ခိုင်းလို့ လာတက်ရသူရှိမယ်။

ကိုယ်တိုင်ကဘွဲ့ရမထား တော့ ရာထူးတက်အောင်လို့ သင်တန်းလာတက်သူရှိတယ်။

အသက်အရွယ်က ရ နေပြီး ဒါပေမယ့် ဒီသင်တန်းမတက်ရင်ရာထူးတက်မပေးဘူးဆိုလို့

လာတက်သူရှိတယ်။

အဲလိုအရွယ်စုံဆိုတော့ လဲအရက်နဲ့ မကင်းနိုင်သူတွေလဲပါတာပေါ့။

အချို့ကတော့ အရက်ပုလင်းကို ဖွက်ယူလာပါတယ်။

ည ဆယ်နာရီထိုးပြီး လို့ အဆောင်မီးတွေမှိတ်အိပ်ချိန်ရောက်မှ

နည်းနည်းပါးပါးချပါတယ်။

ကျနော်တို့ သင်တန်းမှာအရက်ကိုအတော်ခုံခုံမင်မင်သောက်ခဲ့ပုံရတဲ့သူတစ်ယောက်

ပါလာပါတယ်။

သူ  ကလုံးဝမသောက်ဘဲ အစိမ်းဖြတ် ဖြတ်ပါတယ်။

ညနေဆိုရင် တအေ့အေ့ နဲ့ လေပြို ပါတော့တယ်။

အရက်မသောက်ရ တာရယ် ဟင်း မကောင်းတာရယ်ကြောင့်သူထမင်းလဲမစားနိုင်ပါဘူူး၊

အဲတော့ သူ တစ်ရက်ထက်တစ်ရက် အားနည်းလု့ိလာတာအမှန်ပါဘဲ။

သူ့ က RTU လဲ မဖြစ်ချင်တော့ကြိုးစားပြီးလိုက်ပါတယ်။

ဆရာတွေကလဲ သူ ့ ကို မလုပ်နိုင်တဲ့အခါ နားပါပြောပါတယ်။

တစ်ရက်တော့ ညနေခင်း ပီတီပြေးနေရင်းသူမူးလဲသွားတယ်ပြောပါတယ်။

သူ့ကို သင်တန်းဆေးရုံ ပို့ပေးပါတယ်။

ဒါပေမယ့် သတိလည်မလာလို့ရန်ကုန်ကိုပြန်ပို့ရင်းလမ်းမှာ ဆုံးသွားတယ်လို့ သိရပါတယ်။

အဲလိုလဲ သူ ဆုံးသွားတာသိရော သူနဲ့ တစ်ဆောင်ထဲနေသူ တွေ အားလုံး ကြောက်ကုန်ပါတယ်။

ဟုတ်တာ မဟုတ်တာ အပထား သင်တန်း ချိန်မှာဆုံးတယ်ဆိုတော့ စိတ်က စွဲနေမှာဘဲဆိုတဲ့

အတွေးနဲ့ကြောက်ကြတာပါ။

ဘယ်လောက်ကြောက်သလဲဆိုရင် ဘယ်တော့မှ မပိတ်တဲ့ ပြူတင်းပေါက်တွေ ကိုညဆို ပိတ်အိပ်ပါတယ်။

ညကင်းစောင်းတဲ့သူတွေကလဲ နှစ်ယောက်ပူး အမြဲနေပါတယ်။

သူဆုံးတာ ရက်လည်တဲ့ ညမှာတော့ သူတို့ အဆောင် တစ်ဆောင်လုံးပွက်လောညံကုန်ပါတယ်။

သူရဲချောက်တယ် ခြင်ထောင်တွေကို လာ လှန်တယ်။

ခြင်ထောင်တွေ ကို ဆွဲလှူပ်တယ် ဆိုပြီးထအော်ကြတာပါ။

နောက်သေချာစစ်ကြည့် တော့မှ တစ်ယောက်ယောက်ကစထားတာကိုသိရပါတော့တယ်။

ကျနော်တို့ ကုတင်ခြေရင်းမှာ သံနန်းကြိုးအရှည်ကြီးတွေ တန်းပေးထားပါတယ်။

အဲဒီကြိုးမှာခြင်ထောင်ကြိုးတွေ ချည် ကြရတာပါ။

နောက်ပြောင်ချင်တဲ့ လူက အဲဒီသံကြိုးရဲ့ အဖျားမှာ အပ်ချည်ကြိုးအနက်ကို ချည်ထားပြီး

အပ်ချည်ကြိုးကိုဆွဲလိုက်တော့ ခြင်ထောင်တွေအားလုံးကို ဆွဲခါသလိုဖြစ်သွားတာပါ။

အဲ လိုနောက်ထားတာကို သိ တော့ အားလုံးမှာငိုအားထက်ရီအားသန်ဖြစ်ကုန်ပါတယ်။

နောက်အားလုံးသဘောတူညီချက်နဲ့ သူ့ အိပ်ခဲ့ တဲ့ ကုတင်ကိုဖယ်လိုက်ပါတယ်။

 

နောက်ထပ်လူပြောများတဲ့ အကြောင်းလေးတစ်ခုရှိပါသေးတယ်။

ကျနော်တိုရဲ့ အစွန်ဆုံးအဆောင်မှာဖြစ်ခဲ့တယ်ဆိုတာကတော့ သူများပြောတာကို

အကြားဘဲရှိပါတယ်။

တစ်ခါက သင်တန်းသားတွေ ခရီးရှည်ချီတက်ခြင်းလုပ်ရပါသတဲ့။

အဲဒီမှာသင်တန်းသားတစ်ယောက်က နေမကောင်းလို့အဆောင်မှာကျန်ခဲ့ပါသတဲ့။

ခရီးရှည်ချီတက်ရာကနေသင်တန်းသားတွေပြန်လာတာတော့ မိုးချုပ်လို့ လားမသိ

သူတို့ယူသွားတဲ့လက်နက်ကို မနက်မှ အပ်ရမယ်ဆိုအဆောင်ယူလာခဲ့ပါသတဲ့.။

အဲဒီအချိန်မှာ တစ်ယောက်က သေနတ်ကိုထောင်ထားပြီး အဝတ်လဲနေတုံး

သေနတ်က လဲပြီးကျည်ထွက်သွားပါသတဲ့။

ကျည်ထိန်းခလုပ်ကိုပိတ်မထားမိတော့ ကျည်ထွက်သွားပါသတဲ့။

အဲဒီကျည်ဆံကသမံသလင်းကိုထောက်ပြီးနေမကောင်းဖြစ်နေတဲ့သူရဲ့ခေါင်းကိုဖောက်သွား

တာ သေသွားပါသတဲ့။

ဟုတ်မဟုတ်တော့မသိ တဲ့ ကျနော်တို့ကြားခဲ့ရတာလေးပါ။

အဲချိန်က စပြီး အဲဒီအဆောင်ကို ပိတ်ထားလိုက်ပါသတဲ့။

အဲဒီအဆောင်က ပိတ်ထားပေမယ့်အသံတွေကြားရတယ်

သူရဲချောက်တယ်ဆိုပြီးအသံတွေထွက်လာပြန်ပါတယ်။

 

 

ဖောင်ကြီးသင်တန်းရောက်စအချိန်မှာ ကျနော်တို့ကို ကျန်းမာရေး စစ်ပါတယ်။

ကိုယ်အလေးချိန်တိုင်းပါတယ်။

ဘားတန်းခိုစီးတာတို့ဘာတို့လုပ်ရပါတယ်။

မီတာ  ၁၀ဝ ပြေးရပါတယ်။

ပြီးတော့အဲဒါတွေကိုမှတ်တမ်းတင်ထားပါတယ်။

နောက်ဝမ်းရောဂါကာကွယ်ဆေးကိုထိုးပေးပါတယ်။

ဆေးထိုးပေးတာကတော့ ခပ်မိုက်မိုက်။

စွတ်ကျယ်အဖြူ ဘောင်းဘီတိုအဖြူ ဝတ်ထားတဲ့ကျနော်တို့က

ခါးနှစ်ဖက်ထောက်ပေးထားတာကို ဘယ်နဲ့ညာလက်မောင်းနှစ်ခု ကို ဆေးတစ်ပြိုင်ထဲထိုးတာပါ။

အတော်အီနေအောင်ခံလိုက်ရပါတယ်။

သင်တန်းလဲတက်ရော ကျနော်တို့ ကို ကိုယ်လက်ကြံ့ခိုင်ရေး (PT) တွေလုပ်ရပါတော့တယ်။

 

ဖောင်ကြီးသင်တန်းမှာ ပင်ပင် ပန်းပန်း သင်ရ  တယ်လို့ ဆိုနိုင်တာကတော့

အခက်အခဲကျော်ဖြတ်ပြီး ပြေးဘို့ အတွက်သင်ရတဲ့သင်ခန်းစာဘဲဖြစ်ပါတယ်။

အခက်အခဲကျော်ဖြတ်ဘိုု့ဆိုတာက ၂ မိုင် ၂ဖာ လုံ အကွာအဝေး ကြားထဲမှာ

အုတ်တံတိုင်းကျော်ရတယ်၊ရှစ်ပေ လောက်မြင့် ပြီး ဆယ်ပေ လောက်ရှည်

တဲ့ သစ်သားတန်းပေါ်မှာ လမ်းလျောက်ပြီး အောက်ကို ခုန်ချရတယ်။

လေးငါးပေလောက်မြင့် တဲ့ တန်းလေးတွေပေါ်လျှောက်ရတယ်။

ဘားတန်းခိုစီးပြီး တစ်ဘက်ကို ကူးရတယ်။

ချောင်းရေ ပြင် ကို ကြိုးနဲ့လွှဲပြီး ကူး ရ တယ်.။

အမြင့် က နေ သေနတ်တစ်ဖောင်းဖောင်းပစ်နေတဲ့ အောက်ကနေပြီး သံ ဆူးကြိုးတွေ

ပိုက်လုံးတွေထဲကိုတွားသွားပြီး ဝင်ရတယ်။

မော်တော်ကား တာယာ ကွင်းထဲ ကို ဝင်ပြီးခုန်ချရ တယ်။

အစုံစုံပါဘဲ။

အဲဒါတွေလုပ်နို်င်ဘို့ အတွက် နေ့စဉ် ကိုယ်လက်ကြံ့ ခိုင်ရေးလုပ်ရပါတယ်။

တကယ်တွက်ကြည့်တော့ စစ်သား တစ်ယောက် သင်သလို သင်ပေးတာပါ။

 

ကျနော်နဲ့ တစ်ဆောင်ထဲ နေခဲ့ တဲ့သူတွေ
ကျနော်နဲ့ တစ်ဆောင်ထဲ နေခဲ့ တဲ့သူတွေ

အဲလို သင်ရ တဲ့အထဲမှာ ကျနော် တို့ အတွက်အခက်ခဲ့ ဆုံးပညာရပ်ကတော့

နည်း-၁နဲ့ နည်း-၂ လို့ လဲခေါ် ခရော်လင်းလို့လဲခေါ်တဲ့ မိချောင်းတွားသွားနည်းသင်ရတဲ့နေ့ပါဘဲ။

သင်တန်းသားတိုင်းကြောက်တာ လဲ ဒီ နေ့ ပါဘဲ။

ကျနော်တို့ ကို အဲ ဒီသင်ခန်းစာသင်တဲ့နေရာက တောင်ကုန်းပေါ်မှာပါ။

ဖောင်ကြီးမြေ က ကျောက် ခဲသေးသေးလေးတွေနဲ့မြေကြီးရောနေတာပါ။

အဲဒီမြေကြီးပေါ်မှာ လေ့ ကျင့် ရတာပါ။

ပထမ ၁နည်းကတော့ အီကွစ်မင့် လို့ ခေါ်တဲ့ စစ်သားတစ်ယောက်တိုက်ပွဲဝင်တဲ့အခါ

လိုအပ်တဲ့ပစ္စည်းတွေရယ် သေနတ်တစ်လက်ရယ်နဲ့ အတူ မြေကြီးပေါ်ကို တွားသွားရတာဖြစ်ပြီး

နောက်တစ်နည်းကတော့ မြေကြီးပေါ်မှာ ကိုယ်တစ်ခြမ်းစောင်းတရွတ်ဆွဲပြီးသွားရတာပါ။

မိချောင်းလိုတွားသွားရတာက မြေကြီးပေါ်မှာ ဝမ်းလျားထိုးမှောက်။

သေနတ်ကို လက်နှစ်ဖက်နဲ့မြဲအောင်ကိုင်

ခန္ဓာကိုယ်က မကြွဘဲ တံတောင်နှစ်ဖက်နဲ့ ဒူး ကို အသုံးပြုပြီး တွားသွားရတာပါ။

ဒီလို လေ့ကျင့်တော့ တံတောင်တွေ ဒူး တွေပွန်းပဲ့ စုတ်ပြတ်သွားတတ်ပါတယ်။

အဲတော့ ကျနော်တို့က တံတောင်တွေ မှာ အဝတ်စတို့ မိန်းမဝတ်ဘရာစီယာတို့

ဘော်လီတို့ကအခွက်တွေကို တံတောင် ဆစ် မှာ ကြုးိနဲ့ပူးချည်ပါတယ်။

ဒူးမှာတော ့ ဒူး စွတ်တို့ အဝတ်စုတ်တို့ကို ပါတ်ထားကြပါတယ်။

နောက်တစ်နည်းကတော့ ခန္ဓာကိုယ်ကို တစ်စောင်းထားပြီး ဘယ်ဘက်ကို

မြေကြီးပေါ်လှဲ၊

ညာဘက်လက် ကသေနတ်ကို ကိုင်ပြီးပေါင်ပေါ်မှာကပ်ထား ခေါင်းကိုမကြွ ဘဲ

မြေကြီးပေါ်တရွတ်တိုက်ပြီး သွားရတာပါ။

အဲဒီနေ့ကတော့ ကိုယ်တွေ လက်တွေ နာ ကျဉ် ကိုက်ခဲ ပြီး ပွန်းပဲ့ ကုန်တဲ့နေ့ပါဘဲ။

ဒါကြောင့်လဲ ကျနော်တို့ သင်တန်းဆင်းတော့ ကျနော်ရဲ့ အော်တို  စာအုပ်မှာ

သင်တန်းသားတစ်ယောက်က

“ မီးခြစ်ရေ နည်းတစ်နဲ နည်း နှစ်ကိုတော့ကြောက်သွားပြီ” လို့ အမှတ်တရ ရေး သွားခဲ့ပါတယ်။

 

ဖောင်ကြိးမှာ အမှတ်တရဖြစ်စေတဲ့ ပျော်စရာကောင်းတဲ့လေ့ကျင့်ခန်းလုပ်ရတဲ့နေတွေလဲရှိပါတယ်။

ချောင်းရေပြင်ကို ကြိုးနဲ့လွှဲ ကူးကြတဲ့နေ့ ဆို အတော်ပျော်ကြပါတယ်။

ကလေးတွေ ဆော့ သလို ဆော့ ကြ ရတာပါ။

ချောင်းကလဲသိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဆယ်ပေတော့ ကျော်မယ်ထင်ပါတယ်။

သူ့အထက်က သစ်ပင်မှာ အုန်းဆံကြိုးကြီးတန်းလန်းချထားပါတယ်။

အဲဒီကြိုးကြီးကို တွဲလွဲခိုပြီးချောင်းတစ်ဘက်ကမ်းကိုကူးရတာပါ။

အချိန်အဆမှန်မှန် လွဲ အားကောင်းတော့ ဟိုဘက်ကမ်းကိုရောက်သွားသူလဲရှိ။

ရေထဲကိုတရွတ်တိုက်ပါသွားသူလဲရှိ။

ဟိုမရောက်ဒီမရောက်နဲ့ လမ်းခုလတ်မှာလည်နေသူလဲရှိ

ချောင်းထဲကိုပြုတ်ကျ သူ လဲ ရှိ ဆိုတော့ တဝါးဝါး တဟားဟားနဲ့

ပျော်ကြရတာ မောတ ယ် လို့ တောင်မထင်မိပါဘူး။

 

နောက်ပျော်စရာကောင်းခဲ့တဲ့ တစ်ရက်ကတော့ ညတိုက်ပွဲဆင်းတဲ့ရက်ရယ်

ကိုယ်စီတိုက်ပွဲဆင်းတဲ့ရက်ရယ် ပါဘဲ။

ညတိုက်ပွဲဆင်းတဲ့ ရက်ကတော့ အားလုံး မျက်နှာတွေမှာအိုးမဲတွေသုတ်ပြီးရုပ်ဖျက်

တပ်စုမူူး လုပ်တဲ့ လူက မီးအိမ်လေးကိုင် ။

သေနတ်အပျက်တွေ ထမ်း၊

အီကွစ်မင့် အပြည့်အစုံဝတ်ပြီး ညမိုးချုပ်ချုပ်မှာအဆောင်ရဲ့ မြောက်ဘက်မှာရှိတဲ့

တောင်ကုန်းပေါ်မှာ နှစ်ဖွဲ့ခွဲ ပြီး တစ်ဖက်နဲ့ တစ်ဖက်

တိုက်ပွဲ ဖြစ် သလို လေ့ ကျင့် ရတာပါ။

ပါးစပ်ကနေ သေနတ်ပစ်တဲ့ အသံ တွေအော်ရ တာ ပေါ့။

အဲဒီမှာကျနော်တို့ သင်တန်းသားတွေပါးစပ်ကပေါက်ကရ သေနတ်သံတွေကြားရတာပါဘဲ။

ဒိုင်းညှောင့် တို့ မအေးညွန့် တို့ ဒွန့် ရွှန့် ရွန့် တို့ ဆိုတာက ရုိုးပါတယ်။

ကျနော်တို့ စစ်သင်တန်းမှာ ဆရာ ဦးဘအုန်းဆိုတာ ရှိပါတယ်။

အဲဒီညက ဘယ်သူက စ ထွင်လိုက်သလဲတော့မသိဘူး။

ကျနော် တို့ တစ်ဖွဲ့ လုံးက ဗုးံ ဘဲ ခွဲကြပါတယ်။

ပါးစပ်ကလဲ “ ဘအုန်းးးးးးးးးးးးးးးးဘုန်းးးးးးးးးးးးးးးးးး” ဆိုတဲ့အသံတွေညံညံစီလို့ပါဘဲ။

နောက်ပြီးတော့  ကိုယ်စီတိုက်ပွဲနေ့ ကျပြန်တော့ အထူးအဆန်းအနေနဲ့ ဘက်နက်ထိုး

နည်းသင်ပေးပါတယ်။

အရုပ်တစ်ရုပ်ထောင်ထားပေးတာကို ပါးစပ်က ကျား လို့ အော် ပြီး

ဘက်နက်နဲ့ပြေးထိုး။

ပြီးရင် ခန္ဓာကိုယ်ကို ပစ်လှဲပြီးလှိမ့်ထွက်သွားရတာပါ။

လှဲချရမယ်နေရာကိုတော့ဖွဲတွေ ခင်းထားပေးတော့ သိပ်တော့ မနာပါဘူး။

 

နောက်သင်တန်းဆင်းခါနီး ရက်မှာတော့ သေနတ်ပစ်လေ့ကျင့်ဘို့အတွက်

စက်ပစ်ကွင်းကိုသွားရပါတယ်။

စက်ပစ်ကွင်းက ကျနော်တို့ အဆောင်နဲ့ဆိုရင်ငါးမိုင်လောက်ဝေးပါတယ်။

ကျနော်တို့ပစ်ရတဲ့သေနတ်က ရိုင်ဖယ်သေနတ်တွေပါ။

တစ်ယောက်ကို ကျည်ဆံ သုံးတောင့် တိတိပစ်ရပါတယ်။

ပထမဆုံးဆရာတွေက သေနတ်နဲ့ ပါတ်သက်ပြီး လက်တွေ့သင်ပေးပါတယ်။

ကျည်အိမ်ထဲကို ကျည်ဆံထည့် တာ။

သေနတ်ဆိုတာမသုံးဘူးဆိုရင်ကျည်ထိန်းခလုပ်ကိုပိတ်ထားရတယ်ဆိုတာ။

မောင်းခလုပ်ကိုပိတ်ထားတာ ကိုဖွင့်တာ။

မောင်းတင်တာ။

အပေါ်က ချိန်သီးလေးကိုကြည့် ပြီး ဘယ်လိုချိန်ရ တာ။

သေနတ်က ယမ်း ထွက်ချိန်မှာ ကန်ပြီးဆောင့်ထွက်တဲ့အတွက်

သေနတ်ဒင်ကို ကိုယ့် ပုခုံးမှာဘယ်လိုစံနစ်တကျ ထောက်တားရမယ်ဆိုတာ၊

သေနတ်မောင်းခလုပ်ကို ဘယ်လိုညှစ်ရတယ်ဆိုတာ ကို သင်ပေးပါတယ်။

ကျနော်တို့သေနတ်ပစ်တဲ့အခါမှာ

ဒူးထောက်ပစ်တာ၊

မတ်တပ်ရပ်ပစ်တာနဲ့ ဝမ်းလျားထိုးပစ်တာဆိုပြီး သုံးမျိုးသင်ပေးပါတယ်။

ကျောင်းသားတစ်ယောက်စီရဲ့ ပစ်မှတ်ကို ထိချက်အပေါ်မှာမူတည်ပြီးအမှတ်ပေးမှာဖြစ်တဲ့

အတွက် ဂရုစိုက်ပြီး သေချာပစ်ကြ ဘို့မှာပါတယ်။

တကယ်သေနတ်ပစ်ခါ နီးပြီဆိုတော့ လဲ သင်တန်းဆရာတွေက အနီးကပ် ပြီး

ထပ်သင်ပေးပါတယ်.။

အဲဒီစက်ပစ်ကွင်းသွားရတဲ့ရက်ကတော့တစ်နေကုန်တာပါဘဲ။

သေနတ်ပစ်ရတဲ့အဖွဲ့ တွေကပစ်နေချိန်ကျန်တဲ့အဖွဲ့တွေက သစ်ပင်အောက်မှာနားပေါ့။

အဲဒီစက်ပစ်ကွင်းနားရောက်နေချိန်မှာ ဘယ်သူက စလိုက်တယ်မသိ

ဒဏ်ရာတွေ ဘာတွေဖြစ်လို့လိမ်းရင်ကောင်းတယ်ဆိုတဲ့ “နလင်ကျော်မြစ်”

ရှာပုံတော်ဖွင့်ကြပါတယ်။

တူးလို့ရလာသူတွေလဲ ရှိပါတယ်။

အနံ့လေးက တကယ်မွှေး သလို တကယ် လဲဒဏ်ကျေတဲ့ဆေးဖြစ်ပါတယ်။

ထူးထူးခြားခြားဖြစ်ခဲ့တာလေးကတော့ ကျနော်တို့အဆောင်ကစိန်ရွှေမောင်က

အကြောက်လွန်ပြီး ပါးနဲ့ သေ နပ် ကပ်ထားပြီး သေနတ်ပစ်လိုက်တာ

မောင်းတံဘုသီးကပါးကို ဆွဲခြစ်သွားတော ပါးစုတ်သွားပါတယ်။

နောက်တစ်ယောက်ကတော့ သေနပ်ဒင်ကိုသေချာ မထောက်ဘဲပစ်လိုက်တာ

သေနတ်ဆောင့် တဲ့ဒဏ်ကြောင့် လက်မောင်းအိုးအတော်နာသွားပါတယ်။

ဒါပေမယ့်ပျော်စရာကောင်းတဲ့နေ့ထဲကတစ်နေ့ပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

တစ်ရက်မှာတော့ ကျနော်တို့ ခရီးတိုချီတက်ပွဲဆင်နွဲရပါတယ်။

ဘာမှသုံးလို့ မရ တဲ့သေနတ်အစုတ်ကြီးကိုထမ်း။

သံခမောက်ကြီးတွေဆောင်း၊

အီကွစ်မင့်အပြည့်အစုံဝတ်။

ရေဘူးထဲရေဖြည့်။

ဟန်းကောချိုင့်ထဲမှာထမင်းထည့်။

(အဲလို အထူးသင်္ခန်းစာလုပ်ရတဲ့နေ့ဆိုရင် ဟင်းကောင်းပါတယ်။

ကြက်သား ဒါမှမဟုတ်ဘဲသား ဟင်းချက်ပေးပြီး များများလဲထည့်ပေးပါတယ်)

အဲဒီနေ့ကမနက်အစောကြီးထ ကျနော်တို့သင်တန်းသားတွေရော

ကျနော်တို့ သင်တန်းမှူးရော ဆရာတွေရော အကုန် တန်းစီပြီး

ကျောင်းကသင်ပေးထားတဲ့ “ပြည်သူ့ဝန်ထမ်း “ကိုသံပြိုင်ဆိုပြီး

ကျောင်းတံခါးမကြီးကနေအပြင်ကို ထွက်ခဲ့ကြပါတယ်။

ကျနော်တို့ လာမယ် ဆို တာသိတဲ့ ရွာလေးတစ်ရွာက ကျနော်တို့

စားဘို့ ဆိုပြီး စေတနာအပြည့်နဲ့လုပ်ထားတဲ့ ငှက်ပျောထုပ်တွေကို

ဝေ တော့ ကျနော့် တို့ကလည်း ဝမ်းသာအားရ နဲ့ ယူကြတာပေါ့။

ကလေးတွေက

“ကျောင်းသားတွေ ကျောင်းသားတွေ ချီတက်လာပြီ

မိန်းမတွေလဲပါတယ်:”လို့ပြောရင်းထွက်ကြည့်ကြပါတယ်။

အစကတော့ ကျောက်လမ်းမပေါ်သွားနေရာကနေ တောထဲကိုဖဲ့ဝင်လိုက်ပါတယ်။

တောထဲလဲရောက်ရော ကျနော်တို့ ကို ကျွတ်တွေ တွယ်ပါတော့တယ်။

အကျီလက်ရှည်ဝတ်ထားတော့ လက်ကို မတွယ်ပေမယ့်

လွတ်နေတဲ့ လက်ဖမိုး တို့ မျက်နှာ တို့ ပေါ်ကို တော့ ကျလာပါတယ်။

မနာပေမယ့် ရွစိစိ ဆိုတော့မနေတတ်လက်နဲ့သပ်ချရပါတယ်။

 

နေ့လည်ပိုင်းရောက်တော့ ကျနော်တို့ ထမင်းစားနားတဲ့အချိန်မှာ

အတော်လေးကိုညောင်းညာပြီးခြေပစ်လက်ပစ်တရေးတမောအိပ်ကြပါတယ်။

ခဏအနားယူပြီးတဲ့အခါမှာ ခရီးဆက်ထွက်ရပါတယ်။

တောထဲမှာလှည့်ပြီး လမ်းလျှောက်ကြရတာပါဘဲ။

ဆရာတွေအနေနဲ့ကတော့သွားနေကျ ဖြစ်လို့ ရိုးနေပေမယ့်

ကျနော်တို့ မှာတော့ ကိုယ်မရောက်ဘူးတဲ့ ဒေသဖြစ်လို့ အထူးအဆန်း။

စိမ်းစိုနေတဲ့လယ်ကွင်းလေးတွေရှိတယ်။

မီးခိုးလေးတွေအူနေတဲ့ တဲလေးတွေရှိတယ်။

ကျွဲခလောက်သံလေးတွေကြားရတယ်။

ခြံဝင်းထဲမှာဆော့နေ တဲ့ ကလေး လေးတွေရှိတယ်။

ကျနော်တို့ တောထဲ ကို လျှောက်သွား တော့ လူသူဝေးလံတဲ့

အတွင်းပိုင်းတွေမှာလဲ နေထိုင်သူတွေကိုတွေ့ရပါတယ်။

အဲဒီ လူတွေကိုမြင်တော့ ကျနော်ဖျပ်ကနဲ့ တွေးမိတာကတော့

“လူဆိုတာ ဘာမျှော်လင့်ချက် မှမရှိဘူးဆိုရင် ဘာလိုအပ်ချက်မှမရှိ နို်င်ဘူး”

ဆိုတဲ့အတွေးလေးပါဘဲ။

 

ညနေပိုင်းမှာတော့ ကျနော်တို့ ကျောင်း ဝင်းထဲကို “ပြည်သူ့ဝန်ထမ်း”သီချင်းကို

သံပြိုင်ဆိုပြီးပြန်ဝင်လာကြပါတယ်။

ဒါပေမယ့် တစ်နေကုန်နီးပါးလမ်းလျှောက်လာခဲ့ကြရတော့

သီချင်းဆိုသံက မနက်ကလောက်တော့ မတက်ကြွ အားမပါတော့ သလိုပါဘဲ။

ကျနော်အမှတ်မမှားရင် ကျနော်တို့လျျောက်ခဲ့ရတဲ့ ခရီးက မိုင်(၂၀)ဖြစ်မယ်ထင်ပါတယ်။

တကယ်ပြောရင်တော့ဖောင်ကြီးဆိုတဲ့ သင်တန်းမှာ သုံးလကျော် လေး လ နီးပါး

နေခဲ့ရတဲအချိန်အတွင်းမှာ သင်တန်းနဲ့ပါတ်သက်ပြီး သတိရ စရာတွေက အများကြီးရှိခဲ့ပါတယ်။

ကျနော်စိတ်ထဲမှာထဲထဲဝင်ဝင်ရှိနေလို့ လဲ အခုချိန်ထိမှတ်မိနေတာဖြစ်ပါတယ်။

သင်တန်းနဲ့ ပါတ်သက်လို့ သတိရ စရာတွေပြန်တွေးမိတော့

ကတ္တီပါရွက်လေးတွေပါတယ်။

ပဒတ်စာလေးတွေပါတယ်။

လောက်သေရွက်တွေပါတယ်။

နလင်ကျော်မြစ်တွေပါတယ်။

မျှစ်စို့ပေါက်ကြီးတွေပါတယ်။

 

စိတ်တိုစရာတွေပါတယ်။

ဆင်ခြင်စရာတွေပါတယ်။

ပင်ပန်းဆင်းရဲစရာတွေပါမယ်။

ဝမ်းနည်းစရာတွေပါတယ်။

ပျော်စရာတွေ ပါတယ်။

အဲဒီပျော်စရာတွေကိုပြန်တွေးလိုက်မယ်ဆိုရင်

……………………………………………………………..

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

 

19-8-2014

 

 

 

 

 

 

10 comments

  • kyeemite

    August 25, 2014 at 9:46 am

    ပလက်ဖေါင်းမင်းသားကြီးကိုပေါက် ဖေါင်ကြီးမဆင်းသေးပဲကိုး…ကိုယ်တိုင်လည်းတက်ဖူးတော့ မျက်စေ့ထဲပြန်မြင်လာတယ်ဗျာ… 🙂
    ဆက်လက်အားပေးဖတ်ရှုပါ့မယ်

    • ကိုမိုက်ရေ
      ရေး ရင်း နဲ့ ရေး စရာတွေများ လာတယ်

      ဖောင်ကြီးက အမှတ် 12ထိ ရေး ထားပါတယ်။

      စိတ်မှန်းနဲ့ပြန်ရေး ရတော့ မှားတာပါရင်ထောက် ပြပါနော်

  • Mr. MarGa (12512)

    August 25, 2014 at 10:54 am

    လေးပေါက်
    အခုရော အဲလိုတွေ သင်ပေးသေးရဲ့လား သိချင်မိသေးး
    နောက်ထပ်လာမယ့် ပျော်စရာတွေကိုလည်း မျှော်ကာငေးး 🙂

  • အခုလဲ သင်ပါသေး တယ် လို့ သိရပါတယ်

    ဒါပေမယ့် အခုတော့ အထက်မြန်မာပြည်က ဇီးပင်ကြီး (ပြင်ဦးလွင်အသွားလမ်း)မှာ တက်ရ ပါတယ်။

  • ခင် ခ

    August 25, 2014 at 10:08 pm

    အဲဒီဇီပင်ကြီးဖောင်ကြီးသင်တန်းကျောင်းကိုတော့ ရောက်ဖူးတယ် ပြင်ဦးလွင်အတက်လမ်းနဲ့ အတော်ဝင်ရပြီး အထဲမှာ အဆောင်တွေ စီရီနဲ့ ကိုပေါက်တို့လို သင်တန်းသားတွေ နေရတဲ့အဆောင်တွေလို နေမှာပေါ့လေ

  • ဇီးပင်ကြီးတော့ ကျနော်လဲ ရောက်ဘူးတယ် မိတ်ဆွေ တွေ သင်တန်းတက်ရင်လိုက်ပို့ပေးရတာ

  • မြစာကလေး (23122011)

    August 26, 2014 at 10:11 pm

    ဟေး ကပေါက်ကြီး
    ဓာတ်ပုံထဲ ခင်ဗျား ဘယ်မလဲဗျ။ :-))

    {“လူဆိုတာ ဘာမျှော်လင့်ချက် မှမရှိဘူးဆိုရင် ဘာလိုအပ်ချက်မှမရှိ နို်င်ဘူး”}
    ကျုပ်တော့ အဲလို မထင်ပါ။
    အနဲ ဆုံးတော့ သူတို့ အထွာ နဲ့ သူ လိုတာတွေ ရှိနေမှာပါ။
    ပေါက်နေတဲ့ အမိုး လေးတွေ မိုး မကျခင် ဖာ နိုင်ဖို့ မျှော်လင့်ချက် လိုမျိုးလေးပေါ့။
    ဒီတော့ အဲဒီ အတွက် ဓနိရွက် လိုမျိုး လေး တွေ မရမနေ ရှာရ ဖို့ လိုလာပြီလေ။

    ကပေါက်ကြီး ရဲ့ နောက်ပိုင်းစာတွေ က အရင် စာ တွေထက် ပိုပြီး လက်သာသာ လာတယ်လို့ ဖတ်ရင်း ခံစားမိတယ်။ :-))

  • ကိုလတ်ကြီးရေ

    မျှော်လင့်ချက် နည်းလေးလေ လိုအပ်ချက်နည်းလေလေ
    ဆိုရင်ပိုမှန်မယ်ထင်ပါတယ်။
    အဲဒီမှာကြိုးစားအားထုတ်မူ့ ခြင်းကွာသွားကြပါတယ်။

    ကျနော်ဆောင်းပါးတစ်ပုဒ်မှာ ဒီအကြောင်းရေးဘူးပါတယ်။
    ပြန်ရှာပါအုံးမယ်။
    ကြာတော့ကြာပြီ။

    ကိုလတ်ကြီး
    ကပေါက် ဘယ်သူလဲ ဆို တာ သေချာရှာပါကိုစွယ်တော်ရွက်တောင် မှန်အောင်ပြောနိုင်သေးတယ်။

    (ကပေါက်ကြီး ရဲ့ နောက်ပိုင်းစာတွေ က အရင် စာ တွေထက် ပိုပြီး လက်သာသာ လာတယ်လို့ ဖတ်ရင်း ခံစားမိတယ်။)
    အရင်က လဲ ပါး ပါးလေး အခု လဲပါး ပါးလေး ပါ ဘဲ ကိုလတ်ကြီးရေ
    အခုအရင်လောက်စာရေးတာ မမြန်တော့ဘူး အလုပ်အပိုတွေများလာလို့

  • weiwei

    August 27, 2014 at 11:07 am

    ကိုပေါက်တို့လုပ်ခဲ့ရသလို ကျွန်မတို့တက်တုန်းကလဲ အတူတူလောက်ပါပဲ .. ဒါပေမယ့် SRB တစ်ခုပဲ ထွက်ခဲ့ရပါတယ် .. စက်ပစ်ကွင်းကို လမ်းလျှောက်သွားရင်း လမ်းမှာ စစ်သားတွေလိုမျိုး ချုံခိုတိုက်ခိုက်တာတွေဘာတွေပါ လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်မက အပင်ပန်းဆုံးဖြစ်ခဲ့တယ် .. မိန်းကလေးတွေက တော်ရုံပင်ပန်းတာကို မလုပ်ချင်ကြဘူး။ ကံဆိုးချင်တော့ ကျွန်မက အဲဒီနေ့ ခွဲမှူးးတာဝန်ဖြစ်နေတော့ သင်ခန်းစာအကုန်လုံးကို ပါဝင်သရုုပ်ပြခဲ့ရတယ်။
    ဘယ်တော့မှ မမေ့နိုင်တဲ့အချိန်တွေထဲမှာ ဖောင်ကြီးသင်တန်းလဲပါတာမို့လို့ အလွမ်းပြေပေါ့ ..

  • မဝေရေ
    ဖောင်ကြီး သူတို့ ခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင်
    သင်တန်းဆင်းပြိးတဲ့အခါမှာ
    အတော်လေးအကြမ်းတမ်းခံနိုင်တဲ့သူဖြစ်သွားမှာအမှန်ပါဘဲ

Leave a Reply