” သူတောင်းစား မဟုတ်ကြပါ “
” သူတောင်းစား မဟုတ်ကြပါ “
သူတောင်းစား ဟုဆိုလိုက်လျှင် သူတစ်ပါးထံမှ ပေးကမ်းစွန့်ကျဲတာကို ယူရတဲ့သူ သူများပေးစာကမ်းစာ စားရသည့်သူဟု သမုတ်တွင်ခေါ် ကြလိမ့်မည်ပင်ဖြစ်ပါသည်။
အဲဒီလို အခေါ်ခံရမည့် ဘဝရောက်ကြမှာကိုလည်း မလိုလားကြသူများပေလိမ့်မည်။
ဘာလို့လည်းဆိုတော့ သူတောင်းစား လို့ အခေါ်ခံရကထဲက သူများတွေထက် အဆင့်နိမ့်ကြလှသည်ဟု လူတို့တွင်ပြေးမြင်ကြပေလိမ့်မည်သာတည်း။
တကယ်လည်း အမှန်ပင်ဖြစ်ပေသည် ဈေးတွေရဲ့လျှောက်လမ်းတွေ လမ်းဘေးပလက်ဖောင်းတွေမှ ဆင်းရဲနွမ်းပါးသော အသွင်သဏ္ဍန်ဝတ်စားမှုတွေနဲ့ ညှိုးငယ်သောမျက်ထားတို့ဖြင့်
” အကိုကြီးတို့ အမကြီးတို့ ပေးမှကမ်းမှ စားရတဲ့ဘဝပါ အကိုကြီးတို့ အမကြီးတို့ ငွေကလေးနည်းနည်း လောက် စွန့်ကျဲခဲ့ကြပါ ”
အဲဒီလိုတောင်းကြရတယ် ကြားတဲ့သူတွေက သဒ္ဒါပေါက်လို့ဘဲဖြစ်ဖြစ် သနားကြလို့ဘဲဖြစ်ဖြစ် တစ်ခါတလေ စားသောက်နေတုန်း စားပွဲဘေးနားလာတောင်းတော့ အမြန်ဖယ်ခွါသွားဖို့ဘဲ ဖြစ်ဖြစ် အလှုစငွေလေး ထဲ့ပေး ကြတယ်လေ၊ အဲဒီလို ကိုယ်က ထဲ့ပေးလိုက်တဲ့ငွေပေါ်မှာ များသွားတယ် နည်းသွားတယ် ပေးလိုက်ရတာ မတန်ဘူး အဲဒီလိုစိတ်မဖြစ်ကြတာများပါတယ် ဘာလို့လဲဆိုတော့ သဒ္ဒါအရပေးကမ်းကြတာရယ် ငွေကြေး တစ်စွန်း တစ်ဆလောက်ဘဲ စွန်ကျဲကြတာကိုး။
အဲဒီမှာ သူတောင်းစား၏ အဓိပ္ပါယ်သည်က နှမျောတွန့်တိုခြင်းကင်းသော ငွေစ ပစ္စည်းများ ပေးကမ်းစွန့်ကျဲရန် သူတစ်ပါးထံမှ တောင်းယူရသောကြောင့် ထိုသူကို သူ-တောင်းစား ဟု အမည်ခေါ်ဝေါ်ကြခြင်းပေသည်။
တစ်ခါက သူငယ်ချင်းတစ်ယောက် စက်မှုဇုံမြေကွက်တွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးသော အစိုးရရုံးဌာနတစ်ခုသို့ အဖော်အဖြစ်လိုက်သွားခဲ့ဘူးသည်။ ထိုရုံးဌာနသို့ရောက်သည်အခါတွင် သူငယ်ချင်းက သူမှာပါလာသောစာရွက်စာတမ်းများကို စာရေးမတစ်ယောက်ထံတွင်ပေးအပ်ကာစာရင်းသွင်း ဖို့ ထိုစာရေးမခုံပေါ်တင်လေသည် စာရေးမက ဝတ္ထုဖတ်မပျက်လေ။ ဖတ်လက်စမို့ဟုဆိုကာ ခဏစောင့်သော် လည်းသူကတော့ ဖတ်နေစဲပါဘဲ၊ အဲဒီမှာ နောက်ထပ် စာရွက်စာတမ်း ထိုစာရေးမထံကိုလာတင်ပြန်သည် ထိုသူကတော့ ငွေစ စက္ကူခေါက်လေးကိုပါ စာရွက်များပေါ်တစ်ပါတည်းတင်ပေးလေတော့ စာရေးမက ဖတ်လက်စ ဝတ္ထုစာအုပ်ကိုဘေးချပြီး စာရင်းသွင်းကာပြန်ပေးလေသည်။ ဒါနဲ့ဘဲ သူငယ်ချင်းလည်းသဘော ပေါက်သွားပြီထင် ငွေစ စက္ကူခေါက်လေး စာရေးမရှေ့တင်ပေးလိုက်တော့ ” ဪ ရပါတယ် ဝတ္ထုက ကောင်းခန်းရောက်နေလို့ပါ ” ဟုဆိုကာ စာရင်းသွင်းပြီး စာရွက်စာတမ်းပေးက ဟို အခန်းထောင့်က စားပွဲမှာ ရှိတဲ့အကိုကြီးထံသွားဖို့ညွှန်လိုက်လေသည်။ ဒီလိုနဲ့ထိုအကိုကြီးစားပွဲတွင် စာရွက်စာတမ်းတင်ပေးလိုက်တယ် ဆိုရင်ဘဲ ထိုအကိုကြီးက ” ထိုင်ကြပါအုံး ” ဟုဆိုကာသူ့စားပွဲဘေးတွင် ထိုင်ဖို့နေရာပြေလေသည်။ ထိုနောက် ထိုအကိုကြီးနဲ့ သူငယ်ချင်းပြောကြတာတွေက
” case က အရေးကြီးလား အမြန်လုပ်ပေးရမှာလား ပုံမှန်အတိုင်း တင်ထားခဲ့မှာလား ”
” ပုံမှန်တင်တာနဲ့ အမြန်လုပ်တာနဲ့ ဘာကွာလို့လဲဗျ”
” ပုံမှန်ဆိုတာ ဒီ case ကိုထားခဲ့ပြီး ကျွန်တော်ကစာရင်းမှတ်တမ်းရေးသွင်းကာ ညွှန်ချုပ်စားပွဲပေါ်တင်ပေးထား လိုက်မယ် ညွှန်ချုပ်ယူဖတ်ပြီးလို့ မှတ်ချက်ပေးပြီး ကျွန်တော်ဆီပြန်ရောက်ရင် ခင်ဗျားတို့ကို ပြန်အကြောင်း ကြားပေးမယ့် အဲဒီတော့ တစ်ခါတလေလည်း ဒီနေ့တင်ဒီနေ့ပြန်ကျပေမယ့် တစ်ခါတလေ ညွှန်ချုပ် အစည်းဝေး တို့ ခရီးထွက်တာတို့ စသည်ဖြင့်မအားရင် တပတ် ဆယ်ရက်လောက်လည်းကြာချင်ကြာနိုင်တယ် ခင်ဗျား case ကို ညွှန်ချုပ် ဖတ်ဖြစ်တဲ့ပေါ်မူတည်မယ် အမြန်လုပ်တာဆိုတာကတော့ ကျွန်တော်လူကြီး ခဏအားတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် ဒီ case ကိုင်ပြီး ဝင်တွေ့ပေးမှာ အဲဒီတော့ မှတ်ချက်အမြန်ရပြီး ခင်ဗျားတို့ အလုပ် စောစောဆက်လုပ်လို့ရတာပေါ့ ရက်အချိန်မစောင့်ရတော့ဘူးပေါ့”
ဘာဘဲဖြစ်ဖြစ် ကိုယ်က အလုပ်လုပ်မှာမို့ စာရွက်စာတမ်းသွားလုပ်တာ အမြန်ဘဲဖြစ်နိုင်ရင် လူတိုင်းနီးပါး ဖြစ်ချင်တာပေါ့၊ ထိုအထဲ ကျွန်တော်သူငယ်ချင်းလည်းပါတယ်လေ၊ ဒါနဲ့ဘဲ
“အမြန်ရရင် အမြန်ဘဲဖြစ်ချင်တာပေါ့ဗျာ”
“ဟုတ်ပြီ အမြန်မှာတောင်မှ နေ့ချင်းပြီးချင်တာလား နောက်နေ့မှ case လာယူမလား”
“အန် ဘာကွာလို့လဲ”
“ကွာတယ်လေ နေ့ချင်းဆိုတစ်ဈေး နောက်နေ့မှဆို တစ်ဈေးပေါ့ နေ့ချင်းဆို အခုဝင်ပြီး မှတ်ချက်ယူလက်မှတ် ထိုးပေးလိုက်မှာဆိုတော့ နည်းနည်းပိုပေးရမှာပေါ့ဗျာ”
“ဟုတ်ပါပြီ အခုရရင် အခုဘဲ လုပ်ပေးပါဗျာ ပေးပါမယ်” လို့ သူငယ်ချင်းကလည်း မထူးဇတ်ခင်းကာပြောရော
“ဒါဆို ဒီမှာခဏစောင့် အခုညွှန်ချုပ်ဆီဝင်တွေ့လိုက်မယ် အဲဒီအတွက် xxxxxxx ဘယ်လောက်တော့ ကျမယ်နော်၊ ကျွန်တော်အတွက်မဟုတ်ပါဘူး ကျွန်တော်ဆရာအတွက်ပါ” လို့ဆိုတာကို သူငယ်ချင်းကလည်း ခေါင်းညိမ့်လိုက်တာမို့ ဘသားချောလည်း အခန်းထဲဝင်သွားကာ ခဏဆို တစ်ကယ့်ခဏလေး အခန်းထဲက ပြန်ထွက်လာပြီ ” ရပြီကိုယ့်ဆရာရေ ငွေသွင်းတဲ့ဆီသွားပြီး လုပ်ငန်းလိုင်စင်ကြေးသွင်းပြီး အလုပ်စပေတော့” လို့ဆိုကာ case ကို သူငယ်ချင်းထံအပေးမှာ သူငယ်ချင်းလည်း သူ့အိတ်ကပ်ထဲကငွေစလေးတွေ ခြေပေါက် ကာ ထိုအကိုကြီး စားပွဲအံထဲခုန်ဆင်းသွားကြတယ်လေ။
အဲဒီအခန်းကအပြန် လှေကားအဆင်းမှာ သူငယ်ချင်းက
” သူတို့တောင်းသလောက်ပေးနေရတာ မပေးလို့ရှိရင်လည်း အလုပ်ကဘယ်တော့မှ စရမှန်းမသိလေတော့ ငါတို့မှာ စက်ရုံဆောက် ပစ္စည်းတွေစင်ကို လနဲ့ချည်အပင်ပန်းခံလုပ်ခဲ့ ရတာ သူတို့က ဒီအချိန်နဲ့ လက်မှတ် လေးတစ်ခုရဖို့အရေး အခုလောက်ပေးနေရတာ မတန်ဘူးကွာ” လို့ မကျေမနပ်ငြီးတွားလေတယ်လေ။
သူတောင်းစားကို ပေးကမ်းစွန့်ကျဲကြတဲ့အခါ မတန်ဘူးလို့ နှမျောလေ့မရှိတတ်ကြဘဲ အခုလို အစိုးရရုံးဌာန ဝန်ထမ်းတွေနဲ့ အခြေအနေကြုံရတဲ့အခါ ပေးလိုက်ရတာမတန်ဘူးလို့ မတရားတောင်းစားကြတာလို့ နှမျော တတ်ကြစမြဲဆိုတော့ သူတောင်းစား အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့်မကိုက်ညီလေတော့ ထိုသူတို့ ဟာ သူ တောင်းစား တွေတော့ မဟုတ်ကြဘူးလို့သာ ပြောလိုက်ချင်တော့တာပါဘဲလေ……………။
ခင်ခ။
7 comments
kyeemite
August 27, 2014 at 2:52 pm
သူတောင်းစားထက်ပိုဆိုးတဲ့ ဓါးပြလေဗျာ…မပေးရင်ကိုယ်ဒုက္ခရောက်မယ်မဟုတ်ပါလား
ခင် ခ
August 27, 2014 at 3:11 pm
ဟုတ်သလိုလို ကွန်မန့်လေးအတွက် ကျေးဇူးပါဆြာမိုက်ရေ။
alinsett
August 27, 2014 at 3:39 pm
တချို ့ သဒေါင်းဇားတွေက…. ဆိုင်းဘုတ်ကြီး ခန့်ခန့်ညားညား ချိတ် / ထောင်ပြီး..တောင်းတာပေါ့… ။
သူတို ့ဆိုင်းဘုတ်မှာ… သဒေါင်းဇား ဆိုတဲ့ အမှတ်တံဆိပ်မပါပေမယ့်…
သူတို ့လုပ်ပုံလုပ်နည်းကတော့… သဒေါင်းဇားထက်တောင် ဆိုးပါ့ ။
လေးခရေ…
ဒါမျိုး စာတွေ…ရေးသင့်တယ် ။
အဲ..
ရေးသင့်လို ့တောင်…ရေးပြီးပြီပဲ..
ဖတ်သင့်လို ့လည်း..ဖတ်ပြီးပြီ…
တခြားထောင့်တွေကနေလည်း…ရေးပါဦး ။
တခြားထောင့်ကနေ…ထပ် ဖတ်ဖို ့ အဆင်သင့်ပဲ… ။
ခင် ခ
August 27, 2014 at 4:15 pm
ကိုအလင်းဆက်တို့ မြင်တွေ့ကြားသိတဲ့ တခြားထောင့်တွေရှိလည်း ရေးလေဗျာ။
အပြုသဘောဆောင်တဲ့ စာပေရေးဖွဲ့တာဘဲလေ ဟုတ်ဖူးလား။
weiwei
August 27, 2014 at 3:59 pm
အားလုံး အဲလိုအခြေအနေမျိုး မဟုတ်ကြပါဘူး .. အဲဒီထက်ဆိုးတဲ့အခြေအနေတွေအများကြီးပါ ..
အခုကိစ္စက အသေးအမွှား လက်ဖက်ရည်ဖိုးအဆင့်မို့လို့ လူတွေသိနေကြတာ ..
မပြောချင်ဘူး … ပြောကိုမပြောချင်ပါဘူး .. (ဒေါ်မြလေး လေသံဖြင့် ဖတ်ပါ) ..
ခင် ခ
August 27, 2014 at 4:17 pm
အားလုံးကိုမပြောပါဘူး တစ်ချို့တစ်ဝက်ကိုဆိုလိုပါတယ်……… သီချင်းစာသားလေးဘဲရွတ်ပါ့မယ် မဝေရေ။
ကိုပေါက်(မန္တလေး)
August 28, 2014 at 8:30 am
အော် ခက်လိုက်ပါ ့ ကို ခ ရယ်
သူတောင်းစား နဲ့ သူတောင်းပေး လူတန်းစား 2မျုးိရှိတယ်လေ
သူတောင်းစား က အကို ကြီး အမကြီးတို့ခင်ဗျာ ဆို ပြီး တောင်း တာ လေ
သူတောင်းပေး ကတော့ အကိုကြီး အမကြီးလို့ သူတို့ကိုခေါ်ပြီး တောင်းတောင်းပန်ပန်နဲ့ပေးရတဲ့သူတွေလေ