အိမ်မက်တခုမွေးဖွားခြင်း

poochSeptember 6, 201410min60039

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ပေ ၁၁၅၀ဝ ကျော်မြင့်တဲ့(အခုတိုင်းခဲ့တဲ့အမြင့်က ၁၁၈၆၈ ပေရှိပါတယ်) ဖုန်ကန်ရာဇီရေခဲတောင်က ရေခဲတောင်တက်ချင်တဲ့ တောင်တက်ဝါသနာအိုးတို့အတွက် မဖြစ်မနေတက်သင့်တဲ့ အလွယ်ကူဆုံး ရေခဲတောင်တခုပါ။ ရေခဲတောင်ဖြစ်စေ ရိုးရိုးသာမာန်တောင်ဖြစ်စေ တောင်မှန်သမျှ သူ့နည်းသူ့ဟန်နဲ့တော့ အားစိုက်ထုတ်ပြီး ခဲရာခဲဆစ်သွားရ တက်ရတာချည်းပါပဲ။

ဒီခရီးကမန္တလေး-မြစ်ကြီးနား-ပူတာအို အသွားအပြန်စုစုပေါင်း ၁၅ရက်ကြာပါတယ်။ ပူတာအိုကနေစသွားရတဲ့ခရီးကတော့ ၁ဝ ရက်ပေါ့။ ဖုန်ကန်ကတော့ သဘာဝတရားက မျက်နှာသာပေးထားတဲ့ ရေမြေတောတောင် အလှ ၊ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ဒေသခံတွေရဲ့ ဆွဲဆောင်မှု၊ စိတ်ဝင်စားစရာ ရုက္ခဗေဒမျိုးစိတ်အသစ်တွေ ၊ အမျိုးအမည်မဖော်နိုင်သေးတဲ့ သစ်ခွရိုင်းတွေအပြည့်နဲ့ပါ။

အစိမ်းရောင်အမွေအနှစ်ကို မြတ်နိုးတဲ့ သူူအတွက် ကိုယ်စိတ်ဝင်စားရင် စိတ်ဝင်စားသလောက် လမ်းတလျှောက်လုံး တဖြည်းဖြည်းချင်း ဖြားယောင်းခံရပြီး တောင်ထိပ်ထိရောက်အောင်ဆွဲခေါ်သွားနိုင်ပါတယ်။ တခုတော့ရှိတယ် သူခေါ်ဆောင်ရာကို လိုက်ပါနိုင်ဖို့ဆိုရင်တော့ လေ့ကျင့်မှုရယ် ဇွဲရယ် သက်လုံကောင်းဖို့ရယ်တော့ မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင်တော့ လမ်းတဝက်မှာ လှည့်ပြန်လိုက်ရတဲ့ ခံစားမှုက ဘောလုံးပွဲမှာ ဖလားနဲ့လွဲလို့ လူးလိမ့်ပြီး ငိုနေရတဲ့ ဘောလုံးသမားတွေထက် မလျော့ပါဘူး။ ဒီဖီလင်ကို ဝါသနာတူတောင်တက်သမားတွေ ကောင်းကောင်းကြီး နားလည်ပါလိမ့်မယ်။

ကျမတောင်တက်တာ ၁ နှစ်ကျော်ရှိပြီဖြစ်ပေမဲ့ ဒီခရီးအတွက် သီးသန့် ၃ လ နီးပါး ထရိန်နင်ဆင်းခဲ့ပါတယ်။ ကျုံးတပတ် ၈ မိုင်နီးပါး လမ်းလျှောက်ပြီး မန်းလေးတောင်တက်ပါတယ်။ မနက် ၅ နာရီစရင် ရနာရီခွဲ ၈ နာရီလောက်စုရပ်ပြန်ရောက်ပါတယ်။ စစချင်း ကျောပိုးအိတ်မလွယ်နိုင်ရင် လူလွတ်စလျှောက်ရပါတယ်။ နောက်မှတဖြည်းဖြည်းချင်း ကျောပိုးအိတ်ထဲ ဝိတ်ထည့်ပြီး ၁ဝ ပေါင်ကနေစသယ်ရပါတယ်။ စံသတ်မှတ်ထားတာက ပေါင် ၃ဝ အလေးချိန်ရှိတဲ့ အိတ်ကို သယ်နိုင်ဖို့ပါ။

၁ပတ် ၂ ရက်နှုန်းနဲ့ ၁ လနီးပါး ကျင့်သားရသွားရင် တပတ် ၄ ရက် ဝိတ်အပြည့်နဲ့ ထရိန်နင်ဆင်းရပါတယ်။ ထရိန်နင်ဆင်းဖို့အတွက် သင့်တော်တဲ့ တောစီးဖိနပ်(စစ်ဖိနပ်)တစ်ရံ (၃၀၀ဝ ကျပ်ဝန်းကျင် )လိုပါတယ်။ ဖိနပ်ဆိုဒ်ကို ရှိရင်းဆွဲဆိုဒ်ထက် ရှေ့လက်နှစ်လုံးလောက်ချောင်တဲ့ ဆိုဒ်ကြီးတာကို စီးရပါတယ်။ ဒါမှသာ တောင်ဆင်းလမ်းတွေမှာ ခြေထိပ်တွေပွတ်တိုက်မိပြီး နာတာ ပုပ်တာတွေကို ကာကွယ်နိုင်မှာပါ။ ဖိနပ်ကြပ်လို့ကတော့ ခြေ ၁ဝချောင်းလုံးပုပ်ပြီး ခြေသည်းခွံတွေ ကျွတ်ထွက်တတ်ပါတယ်။ လမ်းလျှောက်ပါများလို့ အခန့်မသင့်ရင် အရည်ကြည်ဖုအကြီးတွေ ထပြီး ခြေထောက်ပေါက်တတ်တာမို့ ဆိုးပြားလို အောက်ခံပြားတွေထည့်ရင်လည်း ရပါတယ်။ အံ့ဩစရာကောင်းတာတခုက တောင်တက်ဖိနပ်ဖြစ်တဲ့ The North Face လို သိန်းချီပေးရတဲ့ ဖိနပ်ထက် ဒီစစ်ဖိနပ်က ပိုခိုင်ခံ့ပြီး အသုံးတည့်ပါတယ်။

တောင်တက်ကျောပိုးအိတ်မိုးကာပါတာ (အမြင့် 60 mm) ၊ -15 ံC လောက်ခံနိုင်ရည်ရှိတဲ့ Sleeping Bag တလုံး၊ မိုးကာအကျီင်္ တထည်၊ ခြေအိတ်အပို၂စုံ၊ ရေဗူး၊ရေခွက်၊အနွေးထည်၊အကျီင်္ လက်ရှည်ပါး၊ လက်အိတ်၊ဦးထုပ်၊ ဟန်းကောထမင်းချိုင့်၊ ဆိုးပြားအခင်းတခု၊ဓာတ်ဆား ဂလူးကိုစ့် ၊မီးခြစ်၊ Wet Tissue၊ တစ်ကိုယ်ရေသုံးဆေးဝါးတချို့လိုအပ်ပါတယ်။ ချောကလက်၊သီဟိုဠ်စေ့၊ စပျစ်သီးခြောက်၊ ကွတ်ကီး နဲ့ မုန့်ခြောက် တချို့လို အဆာလည်းခံ၊ အဆီဓာတ်လည်း ပြည့်တဲ့ ရိက္ခာလိုပါတယ်။ ကြိုတ်တတ်ရင်ချိစ်ပြားတွေလည်း ကောင်းပါတယ်။ ဒါဆိုရင်တော့ တကိုယ်စာလုံလောက်ပါတယ်။
ကျန်တဲ့ ဆန်တို့ ဟင်းခြောက်တို့ကို အဖွဲ့က အထမ်းငှားပြီး သယ်ပေးပါတယ်။ ကိုယ့်အိတ်ထဲမှာ ရိက္ခာအပြည့်သယ်တာဟာ ဒီလို ခရီးတွေမှာ ကြုံလေ့ဖြစ်လေ့ရှိတဲ့ အစိုးမရတဲ့ ရာသီဥတု နဲ့ မတော်တဆ လမ်းမှားသွားခဲ့သည် ရှိသော် ကိုယ့်အတွက် အသက်ကယ်နိုင်အောင်ပါ။

မန ္တလေးကနေ မြစ်ကြီးနား ၃၃ရ မိုင်ကျော် ခရီးကို နေ့လည် ၁ နာရီခွဲ ရထားနဲ့ ၂၄ နာရီ နီးပါးစီးပြီး နောက်တနေ့ နေ့လည် ၁၂ နာရီခွဲမှာ ရောက်ပြီး မြစ်ကြီးနား အားကစားကွင်းမှာ တညတည်းရပါတယ်။ နောက်တနေ့ နေ့လည်မှာ လေယာဉ်နဲ့ ပူတာအိုကို ၄၅ မိနစ် စီးရပါတယ်။ပူတာအို ထေရဝါဒသာသနာပြု ဘုန်းတော်ကြီးကျောင်းမှာ တည်းရပါတယ်။

ဒေါက်တာခင်မောင်ဦးဆောင်တဲ့ တောင်တက်အဖွဲ့ဝင် စုစုပေါင်း ၉၁ ယောက်ပါ။ ဩဇီနိုင်ငံသား ( ၆၁ နှစ်)၊ ကိုရီးယား (၅ရ နှစ် ) ၊ ထိုင်းနိုင်ငံ ချစ်ကြည်ရေး တောင်တက်အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ အမျိုးသမီးတယောက်အပါအဝင် ရ ယောက် စုစုပေါင်း နိုင်ငံခြားသား ၉ ယောက်ပါပါတယ်။ တနိုင်ငံလုံးက တက္ကသိုလ်၊ ဌာနစုံ နယ်စုံ ရေဆင်း သစ်တော ဘူမိကျောင်းသား တွေ ဆရာဝန်တွေ သွားဆရာဝန်တွေ ဂိုက်တွေ တက္ကသိုလ်ဆရာ၊ ဆရာမတွေ ပါပါတယ်။ ကျမလို အပြင်ကလူလည်းပါပါတယ်။ စိတ်ကူးမျိုးစုံ ခံယူချက်မျိုးစုံ ရှိပေမဲ့ တောင်တက်တာကို နှစ်သက်တာခြင်းကတော့ အားလုံးအတူတူပါပဲ။ ကျမတို့မှာ စပွန်ဆာမရှိပါဘူး။အားလုံး ကိုယ့်စရိတ်နဲ့ ကိုယ်သွားကြတာပါ။

ပူတာအိုမှာ ကျမတို့ခေါင်းဆောင်ဒေါက်တာခင်မောင်က လမ်းပြနဲ့ ရိက္ခာသယ်ဖို့ ဒေသခံအထမ်းသမားငှားပါတယ်။ ဒေသခံတွေက နယ်မြေကျွမ်းကျင်သလို တောင်တက်တဲ့နှုန်းကလည်း ကိုယ့်ထက် အပုံကြီးသာပါတယ်။ လမ်းပြနဲ့ အထမ်းသမားတွေက တောက်လျှောက်ပါလာတဲ့သူရှိသလို ရွာစဉ်ကျမှ ထပ်ငှားခဲ့တဲ့သူတွေလည်း ရှိပါတယ်။ အထမ်းတယောက်ကို တရက် ၇၀၀ဝ နှုန်းနဲ့ ငှားခဲ့တာပါ။ ဒါကလည်းသွားရမဲ့ ခရီး အတို အရှည် သယ်ရမဲ့ အလေးချိန်ပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။

တချို့တကိုယ်တော်တက်တဲ့သူတွေကတော့ လူလွတ်တတ်ပြီး လမ်းပြ အထမ်း ၄ ယောက်လောက်ငှားပြီး တက်ကြတာလည်း တွေ့ပါတယ်။ အဲ့ဒီလို တက်တဲ့သူတွေက အများအားဖြင့် ဂိုက်တွေ နိုင်ငံခြားသားတွေ ပါ။

အများစုက ခရီးဆုံးတောင်ထိပ်ထိ မဟုတ်ပဲ တဝက်တပျက်လောက်ပဲ တောထဲဝင် ငှက်ကြည့်တာ ဟိုအပင် ဒီအပင်ကြည့်ကြတာမျိုးလည်း ရှိပါတယ်။ တခါတလေကျတော့လည်း သွားရင်းလာရင်း ရာသီဥတု ဆိုးတာ နေမကောင်းဖြစ်လို့ သွေးပျစ်လာတာမျိုးတွေကျ တပ်ခေါက်မပြန်လို့ မရပါဘူး။

ပထမဆုံး ရက်မှာ ပူတာအိုကနေ ရွာစဉ်ရှိတဲ့ မြေပြန့်ခရီး ၁၃ မိုင်လျှောက်ပြီး ကျမတို့ တည်းမဲ့ အထက်ရှန်ခေါင်မူလတန်းကျောင်းလေးကို ရောက်ပါတယ်။ အဲ့ဒီရွာထိ ကားလမ်းပေါက်ပါတယ်။ ရိက္ခာတွေကိုတော့ တုတ်တုတ်ငှားပြီး(သုံးဘီးကား) အဲ့ဒီကျောင်းကို အရင်ပို့ထားနှင့်ပါတယ်။ ကျောက်တုံးကျောက်ခဲပေါတဲ့ အရပ်ဒေသမို့ အိမ်ဝင်းနံရံကို အများစုက ကျောက်တုံးလေးတွေနဲ့ အလှဆင်ထားပါတယ်။

ကျွှဲအဖြူကိုတော့ အဲ့ဒီရောက်မှ မြင်ဖူးပါတယ်။ကချင်ခွေးလေးတွေက ချင်းခွေးလိုပဲ အရမ်းချစ်စရာကောင်းပါတယ်။ အဲ့ဒီရွာလေးတွေက ရေမရှားပေမဲ့ ရေတွင်းနက်နက်တွေကနေ ရေငင်ရပါတယ်။ ညနေလောက်ဆို ကောင်းကင်တခွင်လုံး မြူတွေဆိုင်းပြီး တိမ်လိုလို မြူလိုလို အဖြူရောင်အလိပ်တွေက အိမ်တွေဆီကို အိဆင်းလာပါတယ်။ ပတ်ဝန်းကျင်တခုလုံးကလည်း တောရယ်တောင်ရယ် စိမ်းညှို့ညှို့တွေမို့ ကျေးလက်ပန်းချီကားတခုထဲ ကိုယ်တိုင်ဝင်ကြည့်နေရသလိုပါပဲ။ အဲ့ဒီညနေစောင်းမှာ မိုးတဖွဲဖွဲကြားက ညနေစာကို ကိုယ့်အုပ်စုနဲ့ ကိုယ်ချက်စားပြီး မနက်ဖြန်နေ့လည်စာအတွက်ပါ ပြင်ဆင်ရပါတယ်။ သွားခဲ့တဲ့တလျှောက်လုံး ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ့်ရိက္ခာဝေစုယူပြီး နေ့စဉ်နေ့တိုင်း စခန်းချတိုင်းချက်စားခဲ့ပါတယ်။ Team Work ဆိုတာ တောထဲတောင်ထဲမှာ အလွန်အရေးပါပြီး ခရီးရောက်ပါတယ်။

နောက်ရက်မနက် ၆နာရီလောက်မှာတော့ နောက်ထပ် ၁၂ မိုင်ခရီး ရှိတဲ့ ဆလိုင်မာတင် (ကျောက်စိမ်းတောင်)ကို ဖြတ်ရမှာပါ။ အဲ့ဒီရွာအစပ်မှာ ကျောက်စိမ်းတုံးကြီး တတုံးကို သံကြိုးအထပ်ထပ်နဲ့ တောင်အောက်ချဖို့ ကြိုးစားထားတဲ့ပုံ တန်းလန်းကြီး တွေ့ခဲ့ပါသေးတယ်။ တောခပ်အုပ်အုပ်မှာ မိုးတဖြောက်ဖြောက် လေတဖြူးဖြူးနဲ့ ခပ်မတ်မတ်တောလမ်းအတိုင်း တက်သွားရတာကိုက အေးစိမ့်စိမ့်နဲ့ ဖီလင်တမျိုးပါ။ မောလာရင် ခဏနားပြီး တောင်ပေါ်ကနေ စိမ်းညှို့နေတဲ့ သစ်ပင်ကြီးတွေ ပုံသဏ္ဍာန် အမျိုးမျိုးပြေးနေတဲ့ တိမ်ယောင်တွေ အမျိုးအမည်မပြောတတ်တဲ့ အမြင်ဆန်းတဲ့ အလေ့ကျပေါက်ပင်တွေ ပန်းလေးတွေ တောစတော်ဘယ်ရီတွေကို လိုက်ကြည့်ရတာကလည်း ပန်းချီဆန်ဆန်လှပါတယ်။

လမ်းတလျှောက်မှာ ကြည်လင်ပြီး အေးမြနေတဲ့ ကျောက်စရစ်ခဲတွေပြည့်နေတဲ့ ချောင်းလေးတွေကို ကြိုးကြားကြိုးကြား မြင်ရတွေ့ရတာကိုက တကယ့်အိုအေစစ်ပါ။

တောထဲဝင်တဲ့ ၁ဝ ရက်လုံး ကျမမနက်တိုင်း wet tissue နဲ့ မျက်နှာသုတ် ပီကေဝါးပြီး မျက်နှာသစ်ခြင်းပြီးရပါတယ်။ချောင်းတွေ့မှသာ ရေအဝသောက် မျက်နှာသစ် သွားတိုက် ရေဗူးထဲ ရေဖြည့်ပါတယ်။ အချိုရည်ဘူးကို ချောင်းရေထဲခဏစိမ်လိုက်ရင် အအေးဘူးဖြစ်သွားရောပဲ။ ချောင်းရေအေးချက်က ကြာကြာစိမ်ရင် ခြေထောက်တွေ ကျဉ်လာတယ်။

မိုးတဖြောက်ဖြောက်မို့ ကျွတ်ပေါတဲ့နေရာရောက်ရင် ကျွတ်တွေကတော့ ဖလမ်းဖလမ်းထနေတတ်ပါတယ်။ ဒေသခံလမ်းပြ အထမ်းသမားတွေကတော့ ကျွတ်တွယ်ရင် သွေးလည်ပတ်မှုကောင်းတယ်ပြောပြီး သဘောကျကြပါတယ်။ ကျမကတော့ ဘောင်းဘီအောက်နားစကို သိမ်းပြီးဖိနပ်ထဲထည့် ခြေအိတ်ကိုလည်း အပါးပေါ်ကနေ အထူထပ်ပြီး ဖိနပ်ကြိုးကို သေချာချည်တာမို့ ကျွတ်ရန်ကတော့ လွတ်ခဲ့ပါတယ်။မလွတ်နိုင်တာကတော့ ဖြုတ်ပါ။ ဘာလိမ်းလိမ်းဘယ်လိုလုပ်လုပ် လွတ်တဲ့နေရာ လစ်ရင်လစ်သလို ဝင်သွေးစုပ်တဲ့ ဖြုတ်ပါ။ သူကိုက်ပြီးရင် သွေးနီဥလေးတွေဖြစ်ကျန်နေတတ်ပါတယ်။ အအေးပိုင်းတောင်ပေါ်မှာ ဘယ်လိုမှမနေပေမဲ့ မြေပြန့်ရောက်လို့ ရာသီဥတုပူလာရင် ယားတတ်ပါတယ်။ ရေခဲတောင်ရဲ့ အိမ်ပြန်လက်ဆောင်ပါ။ အိမ်ရောက်လို့ သနပ်ခါးလိမ်းမှပဲ ယူပစ်သလိုပျောက်သွားပါတယ်။

ပျားတွေ ယင်တွေကလည်း ခါတိုင်းမြင်နေကျထက် အကောင်ပိုကြီးပြီး တဝီဝီနဲ့ပါ။ တခြားအင်းဆက်လေးတွေလည်း အများကြီးပဲ။ မြင်ဖူးတာရော မမြင်ဖူးတာရော။ အရွက်၄ရွက်ပဲပါတဲ့ အပင်တို့ ခရေလိုမွှေးပြီး စပယ်နဲ့ဆင်တဲ့ အဖြူရောင်ပန်းပွင့်လေးတွေလည်း ရှိပါတယ်။ကျမကတော့ လွယ်လွယ်ပဲ ပူတာအိုခရေလို အမည်ပေးခဲ့တယ်။

ခြုံကြည့်လိုက်ရင်တော့ သဘာဝဂေဟစနစ်ကြီးက အတော်ကြီးကိုကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးနေတဲ့ပုံပါပဲ ။သစ်တောက ၉၉ ရာခိုင်းနှုန်းလောက် အကောင်းအတိုင်း ကျန်ရှိနေပါသေးတယ်။ မိုးမခအပင်ကြီးတွေမှာ တွယ်ကပ်ပြီး ပေါက်နေတဲ့ သစ်ခွရိုင်းအမျိုးမျိုးကို အများအပြားတွေ့ရတာနဲ့တင် ကျမအတွက် ဒီခရီးက တန်နေပါပြီ။

ဖြုတ်ပေါတဲ့ ဝါဆန်ဒန်းရွာမှာ တညစခန်းချပြီး နောက်နေ့မနက်မှာ နောက်ဆုံးရွာဖြစ်တဲ့ ရဝမ်မျိုးနွယ်စုတွေနေထိုင်တဲ့ ဇီယာဒမ်းရွာကို ၈ မိုင်ခရီး နှင်ရပါတယ်။လမ်းမှာ အသဲယားစရာကြိုးတံတားလျော့တိလျော့ရဲတွေ ချောင်းတွေကို ဖြတ်ရပါတယ်။ ဖုန်ကုန်ရာဇီဘေးမဲ့တောရဲ့ နယ်နိမိတ်အစလည်းဖြစ်ပါတယ်။ ဇီယာဒမ်းရွာရဲ့ နောက်ခံမှာ ရှိသမျှရေခဲတောင် ဖုန်ကန်၊ဖုန်ရင်၊မဒွယ် စသဖြင့်အကုန်လှမ်းမြင်ရပြီးတော့ သူကတောင်တွေရဲ့ ကြားမှာ ခပ်ပြန့်ပြန့်နဲ့ ပြေပြေလေး ရှိနေတဲ့ တောင်ပေါ်မြေပြန့်တခုပါ။

ပတ်ဝန်းကျင်တခုလုံး သစ်ပင်ကြီးတွေ တောင်တွေနဲ့ ဝန်းရံထားပါတယ်။ စိုက်ခင်းတွေကလည်းလှပါတယ်။ ဧပရယ်လတောင်မှ စိမ့်နေအောင်အေးပါတယ်။ နေဝင်နေထွက်ချိန် ရှုခင်းကတော့ အသက်ရှုမှားလောက်တဲ့ မှော်ဆန်တဲ့မြင်ကွင်းမျိုးတွေပါ။ ခဏလေးအတွင်းမှာ မြူတွေကြားက မပွင့်တပွင့်ကျလာတဲ့နေရောင်အောက်က ထိုးထွက်နေတဲ့ ရေခဲတောင်တွေကို လှမ်းမြင်ရတယ်။ ခဏနေတော့ သူမဟုတ်သလို ကောင်းကင်တခုလုံး အုံ့မှိုင်းချင်ရင်လည်း မှိုင်းသွားပြန်ရော။ နေ့ဘက်ရောက်တော့ နေရောင်လင်းလင်းထင်းထင်းနဲ့ သာသာယာယာဖြစ်လာပြန်ရော။ မိုးကျချင်ရင်လည်း ချက်ချင်း။ အရိုင်းဆန်တဲ့ နတ်သမီးတပါးက သူ့အလှတွေကို ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းပြီး လှစ်ဟနေသလိုပါပဲ။

ဇီယာဒမ်းရွာပြီးရင်တော့ ရွာမရှိ လူမရှိတော့တဲ့ ရေရှားစပြုပြီဖြစ်တဲ့ တောကြီးမျက်မည်းထဲကို ၃ ရက်လောက်ခရီးနှင်ပြီးမှ ဖုန်ကန်တောင်ထိပ်ကို ရောက်မှာပါ။ ဇီယာဒမ်းရွာကနေ အမြင့်ပေ ၇၀၀ဝကျော်နီးပါးရှိတဲ့ တောင်ကို တက်လိုက် ပေ၇၀၀ဝ လောက်အောက်ပြန်ဆင်းလိုက်နဲ့တောင်၃လုံးလောက်ကျော်ပြီးပြီဆိုရင်တော့သစ်ပင်ကြီးစခန်းကိုရောက်ပါတယ်။ မြေဩဇာအတွက်ဆိုရင်အကောင်းဆုံးအနေထားမှာရှိနေတဲ့မြေမာမဟုတ်သေးတဲ့မြေဆွေးမြေပျော့လမ်း၊လဲပြီးတပင်နဲ့တပင်ယှက်ထားတဲ့သစ်ပင်ကြီးတွေ၊တောင်စောင်းကမ်းပါးယံလေးတွေကနေကုပ်ကပ်တက်ပြီးဖြတ်လျှောက်ရတဲ့ခရီးကတော့ စိတ်လှုပ်ရှားစရာပါ။

စိတ်ဝင်စားစရာကောင်းတာတခုက အဲ့ဒီ ပေ ၇၀၀ဝ ကျော်ဝန်းကျင် သစ်ပင်ကြီးစခန်းကို သွားတဲ့လမ်းတလျှောက်တတောလုံး မှာ ရှိသမျှ မိုးမခအပင်ကြီးတိုင်းမှာ သဇင်တွေ သစ်ခွပင်တွေချည်းပါပဲ။ပွင့်တဲ့အပင်လည်းပွင့် မပွင့်တဲ့ အပင်လည်းမပွင့်သေးပဲ အပင်အမြင့်ကြီးတွေပေါ်မှာ ရှိနေတာပါ။ အောက်မှာလဲနေတဲ့သစ်ပင်အကြီးကြီးတွေပေါ်မှာလည်း သစ်ခွတွေအလုအယက်ပေါက်နေလို့ ကျမကစိတ်ထဲ သစ်ခွလမ်း သစ်ခွတောလို့ အမည်ပေးခဲ့ပါတယ်။ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ဒါပေမဲ့ အဲ့ဒီအပျော်ရဲ့နောက်မှာ သစ်ခွဝေဒနာတခုကလည်း မသိမသာကပ်ပါနေလေရဲ့။

တခါတခါမသိလိုက်ဖာသာ တက်နင်းမိလောက်တဲ့အထိ သစ်ခွပင်တွေ မြေနားမှာထိ ရှိပါတယ်။ မိုးကျထားလို့ ဝါးရုံတောတွေကြားက ရွှံ့နွံတွေကိုလည်းဖြတ်လျှောက်ရပါတယ်။တခါသားအကျမတော်လို့ခြေသလုံးတဝက်ထိဗွက်နစ်ဖူးတယ်။ တောကြီးမျက်မည်းဆိုတာ ဘာကိုခေါ်လည်း အဲ့ဒီရောက်မှ သိတယ်။

သစ်ပင်ကြီးစခန်းမှာ ဟိုးတောင်အောက် ၁၅မိနစ်သာသာလောက်ခဲရာခဲဆစ်သွားမှသာ ရေရနိုင်ပါတယ်။ ရေသန့်တဘူးစာရေရဖို့အတွက်အတော်လေးကို အားထုတ်ရပါတယ်။ သစ်ပင်ကြီးစခန်းမှာ တညစခန်းချပြီးရင်တော့ နောက်ရက်မှာ Base camp (ရေခဲစပ်စခန်း) ပေ ၈၀၀ဝ ကျော်နီးပါးအမြင့်ရှိတဲ့နေရာမှာ စခန်းချရပါတယ်။ ရေမရနိုင်တော့တာမို့ ရေအတွက် ရေခဲတွေကောက် ကျို ပြီးမှ စစ်ပြီးသောက်ရပါတယ်။ ယုံတာမယုံတာအပထား တောင်စောင့်နတ်ကိုလည်း ပူဇော်ပေးခဲ့ပါတယ်။

Base Camp ကနေနောက်တနေ့မနက်အစော၅နာရီမှာနောက်ထပ် ကျန်နေသေးတဲ့ ပေ ၃၀၀ဝကျော်ကိုတက်ပြီး ဖုန်ကန်ရာဇီတောင်ထိပ်ကို အရောက်သွားပါတယ်။ အဲ့ဒီပေ၃၀၀ဝ ကျော်ကိုတက်ရတာနည်းနည်းတော့ အန္တရာယ်များပြီး စွန့်စားရပါတယ်။ အမြင့်ကိုရောက်လေ အောက်ဆီဂျင်နည်းလေ ပြီးတော့ ရေကလည်း ဝဝမသောက်ရဆိုတော့ လူကမောပြီး နှုံးပါတယ်။မျက်လုံးတွေမို့ မျက်နှာတွေလည်းဖောင်းကားလာပါတယ်။

ကျမဆိုတလမ်းလုံးရေခဲတွေကောက်ဝါးပြီးတက်လိုက်တာ တက်ရင်းနဲ့နှုတ်ခမ်းတွေကွဲထွက်လာပါတယ်။ ရေခဲထဲထင်းရှူးပင်က ထင်းရှူးတွေလည်းပါကောင်းပါနိုင်တာမို့ အဆင်းကျတော့ ခေါင်းတွေကိုက်ပါတယ်။ ပေတသောင်းကျော်ရင် အောက်ဆီဂျင်နည်းပြီး ဦးနှောက်ကကျုံသွားတာမို့ တချို့တလေဆို ပေ တသောင်းငါးထောင်ကျော်တဲ့ တောင်တွေကိုတက်ရင် အလွန်ဆိုးဆိုးဝါးဝါးခေါင်းမူးခေါင်းကိုက်တတ်ပါတယ်။ အဲ့လိုမူးတဲ့သူတွေဆို ဆက်တက်လို့ မရပါဘူး။ ပြန်ရောက်ရင်လည်းဆေးကုယူရပါတယ်။ လူတိုင်းဖြစ်တာမဟုတ်ပဲ တချို့တလေမှဖြစ်တတ်တာမျိုးပါ။

အခုဖုန်ကန်ကတော့ ပေတသောင်းကျော်ပဲမို့ အဲ့လောက်ဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး။အဖွဲ့ဝင်အကုန်နီးပါး ၉ဝလုံးတက်နိုင်ခဲ့ပါတယ်။

အဲ့ဒီပေ ၃၀၀ဝကျော်တဲ့ခရီးလမ်းတလျှောက်က ပင်ပန်းတာနဲ့တန်အောင် တော်တော်လေးကို လှတဲ့ ရှူခင်းတွေမြင်ခဲ့ရပါတယ်။

အိနိ္ဒယနယ်စပ်ဖက်ကရေခဲတောင်တန်းကြီးတွေနဲ့ တိဘက်အစပ်ဖက်ကတောင်တွေကိုမြင်ခဲ့ရပါတယ်။ မိုးမခပင်၊ ထင်ရှုးပင်တွေရှိတယ်။အမြင့်ကိုရောက်လေ မြင်ရတဲ့မြင်ကွင်းတွေက ဟင်ခနဲ ဟာခနဲပါ။ တောင်ထိပ်ရောက်တော့ ပထမဆုံးခံစားမိတာက မိုးကောင်းကင်ကြီးက အကျယ်ဆုံးနဲ့ အနီးဆုံးရှိနေသလိုပါ။ ရှူရတဲ့လေက အေးစက်ပြီး ဟိုးအတွင်းထဲထိစိမ့်ဝင်သွားသလိုပါပဲ။ အရာအားလုံးကို အထက်စီးကနေကြည့်နေမြင်နေရတဲ့ ဖီလင်က ခမ်းနားတယ်၊ လှပတယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။

ကျမတို့ဆရာဒေါက်တာခင်မောင်ပြောတာတော့ သူ့တောင်တက်သက်တမ်းတလျှောက်မှာ ပတ်ဝန်းကျင်တခုလုံးသာယာပြီး ဘေးပတ်လည်ရှူခင်းကို ရှင်းရှင်းလင်းလင်းလှလှပပမြင်ရတာ ဒီတခါအလှဆုံးလို့ပြောပါတယ်။ ပူတာအို တဝိုုက်က ရေခဲတောင် အကုန်နီးပါး နှစ် ၂ဝ လောက် တက်လာတဲ့ ဆရာတို့အဖို့တော့ ဒီလောက်ရေခဲတောင်က အေးအေးဆေးဆေးသာသာယာယာပါပဲ။ ရာသီဥတုကလည်းအတော်လေးကို သာယာပါတယ်။ အရင်စီနီယာများပြောပုံအရဆို ရာသီဥတုဆိုးရင် တောင်ထိပ်သာရောက်တယ် မြူတွေနဲ့မို့ ပတ်ဝန်းကျင်မပြောနဲ့ လက်တကမ်းအကွာတောင် သဲသဲကွဲကွဲမမြင်ရတတ်ပါဘူးတဲ့။ ဒါကြောင့်မို့ တောင်ထိပ်ရောက်အောင်တက်နိုင်တိုင်းလည်း လှလှပပမြင်ရဖို့ မလွယ်ပါဘူး။ ရာသီဥတုက သိပ်စိန်ခေါ်ပါတယ်။ ဒေသအပြောတော့ နတ်ကြီးတယ်ပေါ့လေ။

အခြေနေကောင်းကို ပါးပါးနပ်နပ်ရွေးတတ်ဖို့ သိပ်လိုပါတယ်။ဒီဖုန်ကန်ကိုပဲဒီဇင်ဘာလမှတက်မယ်ဆိုအခုဧပရယ်အေးပုံမျိုးနဲ့ကျမအိမ်မက်တောင်မမက်ချင်ပါဘူး။
ဧပရယ်ကအကောင်းဆုံးဖြစ်ပုံရတယ်။

စာဖတ်တဲ့အခါ မျက်လုံးနဲ့ နားနဲ့ ဖတ်ကြတယ်။ ကျမကတော့ ခုနောက်ပိုင်းခြေထောက်နဲ့ စာဖတ်ရတာကို ပိုနှစ်သက်လာပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရတဲ့အတွေ့အကြုံကို ပိုကြိုက်သွားတာမို့ ခရီးတွေကတော့ ကျန်းမာနေတုန်း အခြေနေပေးတုန်းမှာ သွားနိုင်သမျှ သွားအုန်းမယ်လို့ တွေးထားပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့တောင်တက်ခြင်းအားကစားကို ဘာဖြစ်လို့များနှစ်သက်ခဲ့သလဲလို့မေးရင် ကျမအဖြေက ရိုးရှင်းပါတယ်။ စိတ်ရောကိုယ်ရော ကျန်းမာကြံ့ခိုင်ပြီး မဆုတ်မနစ်တဲ့ဇွဲနဲ့လုံ့လကို စိုက်ထုတ်ရတာမို့ ကိုုယ့်ကိုယ်ကို ကိုယ်တိုင်စိန်ခေါ်ပြီး အနိုင်ယူရတာမို့ပါ။ “Conqueror who conquers yourself is a conqueror” တဲ့လေ။ ကျမကပုံမှန်ဆို သိပ်ပျော့ပြီး ခံနိုင်ရည်မရှိပါဘူး။ စိတ်ဆောင်လို့သာ ရောက်ခဲ့တာပါ။

မှတ်မှတ်ရရ ကျမတို့ ပြန်လာတော့ ဧဝရက်တောင်တက်ဖို့ ကြိုးစားနေကြတဲ့ ကမာ္ဘအနှံ့က တောင်တက်သမားတွေ ရာသီဥတုဆိုးပြီး တောင်ပြိုလို့ ဆွေ့ဆွေ့ခုန်နေတဲ့ သတင်းဖတ်ရပါတယ်။ သူတို့စိတ်ထဲ ဘယ်လို ဖြစ်နေမယ်ဆိုတာ တွေးကြည့်လို့ ရတယ်။ ဒီလောက်ဆိုးဝါးနေတဲ့ ကြားက စပ်စလူးခါပြီး တက်ချင်နေတဲ့ သူတို့စိတ် ကိုလည်း ကိုယ်ချင်းစာပါတယ်။ တောင်တတောင်ကို တက်ဖို့ဆိုတာ အမြင့်ပေများလေ စိုက်ထုတ်ရတဲ့အား အချိန်ဆိုတာက နည်းတာမှ မဟုတ်တာ ။

ဆရာဒေါက်တာခင်မောင်ကတော့ ကိုယ့်ဂုဏ်သိက္ခာအတွက် တောင်တက်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းတော့လူဆိုတာ ကျမတို့ထင်ထားတာထက်အများကြီး ပိုလုပ်နိုင် ပိုဖန်တီးနိုင်စွမ်း ရှိပါတယ်။

မနိုင်ဝန်တွေ စထမ်းတော့ ဖိနပ်စီးတာ အသားမကျတာရောပေါင်းပြီး ကျမ ခြေဖဝါးမှာ အရည်ကြည်ဖုတွေ ထလာတာ။
20140312_202309

ဒီလောက်အရည်များရင် တဆစ်ဆစ်နဲ့ ခံရခက်တယ်
ဒီလောက်အရည်များရင် တဆစ်ဆစ်နဲ့ ခံရခက်တယ်
ဒါကပျောက်ခါစ အသားနုတက်တာ
ဒါကပျောက်ခါစ အသားနုတက်တာ

ဆရာဝန်ဆီသွားပြီး ဆေးထိုးအပ်နဲ့ အရည်စုပ်ထုတ်ပြီး ဆေးလိမ်းပြီး ၁ပတ်လောက်ကုလိုက်ရပါတယ် မသွားခင် လက်မတင်လေး
အိမ်ကတော့ ဒီလောက်ဖြစ်တာ မသွားနိုင်လောက်ဖူးလို့ ထင်ခဲ့လေရဲ့

ပူတာအိုဈေး

IMG_0048

IMG_0072

IMG_0074

ပူတာအိုက tuck tuck
ပူတာအိုက tuck tuck

ခရီးအစ ပူတာအိုက အထွက်
ခရီးအစ ပူတာအိုက အထွက်

credit to HNyo Htwe Lwin

DSCN9081
credit to HNyo Htwe Lwin

ကချင်ပြည်နယ် ဗျူဟာမှူးနဲ့
ကချင်ပြည်နယ် ဗျူဟာမှူးနဲ့

ပထမဆုံးစခန်းချတဲ့ အထက်ရှန်ခေါင်ရွာလေးပါ
pic-2

လမ်းကရွာတခုမှာ
လမ်းကရွာတခုမှာ

IMG_1937

ဘေးနားက ဦးထုပ်အနီက ထိုင်းတောင်တက်အဖွဲ့က ပရိုဓာတ်ပုံဆရာ Udom Peter နဲ့ ထိုင်းအဖွဲ့ခေါင်းဆောင် မစ္စတာ Key ပါ သူက ကျမတို့အဖွဲ့ ၅ ကပါ ။ ကျမတို့အဖွဲ့ ၅ မှာ ကျမအပါအဝင် မိန်းကလေး ၄ ယောက် အမျိုးသား ၆ ယောက် ပါပါတယ်

ဇီယာဒမ်းရွာက ညနေစာထမင်းဝိုင်းပါ ဇီယာဒမ်းရွာက ညနေစာထမင်းဝိုင်းပါ[/caption]

ဇီယာဒမ်းရွာက သစ်ခွပင်တွေ ပြည့်နေတဲ့ ကျောက်တုံးကြီး
ဇီယာဒမ်းရွာက သစ်ခွပင်တွေ ပြည့်နေတဲ့ ကျောက်တုံးကြီး
credit to TNTC
credit to TNTC

ဝါဆန်ဒါန်းရွာ

credit to TNTC
credit to TNTC

သစ်ပင်ကြီးစခန်း credit to TNTC
သစ်ပင်ကြီးစခန်း credit to TNTC
credit to TNTC
credit to TNTC
credit to TNTC
credit to TNTC
နောက်ဆုံးဇီယာဒမ်းရွာကနေ တောထဲမဝင်ခင် credit to TNTC
နောက်ဆုံးဇီယာဒမ်းရွာကနေ တောထဲမဝင်ခင် credit to TNTC

ပူတာအိုတောနက်ထဲက အပင်တချို့ပါ

credit to TNTC
credit to TNTC
IMG_20140905_3

credit to TNTC credit to TNTC

ဇီယာဒမ်းရွာ credit to TNTC
ဇီယာဒမ်းရွာ credit to TNTC
ညဆို ဒီလိုအိပ်ရတယ်
ညဆို ဒီလိုအိပ်ရတယ်
ချောင်းတွေ့မှရေသောက်မျက်နှာသစ်
ချောင်းတွေ့မှရေသောက်မျက်နှာသစ်
မူလာရှီးဒီးကြိုးတံတား မချမ်းဘော ပူတာအို
မူလာရှီးဒီးကြိုးတံတား မချမ်းဘော ပူတာအို

နှစ်လိုဖွယ်အပြုံးနဲ့ ရိုးသားတဲ့ ကျန်းမာလွန်းတဲ့ အဘပါ ဟိုလူကြီးတွေကိုလည်း လိုက်ရှာပေးခဲ့တဲ့ သူပါ

လမ်းပြအဘ ဦးလန်ဝမ်ဆင်ပါ ၆၄ နှစ်ရှိပါပြီ
လမ်းပြအဘ ဦးလန်ဝမ်ဆင်ပါ ၆၄ နှစ်ရှိပါပြီ

တောင်ထိပ်ရောက်အမှတ်တရ
တောင်ထိပ်ရောက်အမှတ်တရ

ဒါကျမတို့ အဖွဲ့ ၅ တွေပါ
IMG_2064

credit to TNTC
credit to TNTC

IMG_20140816_2

အပြန်ခရီးပူတာအိုလေဆိပ်မှာ

ဂျလေဘီများ
ဂျလေဘီများ

ဘောလုံးသမားတွေ စကားကို ငှားပြောရရင် ဘဝရဲ့ ရွှေရောင်တောက်ပသောကာလကို ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ ဝါသနာတူဂျလေဘီတွေပါ

မမလော်ထရီးယား
မမစုံစီနဖာIT
မမAIS
မမဆိုဒါ
မမအင်ဂျင်နီယာ
မမသစ်တော
မမဆရာဝန်

ကချင်ပြည်နယ်အကြောင်း ခြုံပြောရရင် ဒေသခံတွေက ရိုးသားတယ်။ မူလနတ်ကိုးကွယ်မှုကနေ ခရစ်ယာန်ကို ပြောင်းလဲကိုးကွယ်လာပေမဲ့ ရိုးရာနတ်ကို ယုံကြည်မှုရှိနေသေးတယ်။
လူများစုက ကျန်းမာသန်စွမ်းပြီး ပျော့ပျောင်းတဲ့သဘောထားအမြင်ရှိတယ်။ သူတို့ရဲ့ ရေမြေတောတောင်ကို မြတ်နိုးတန်ဖိုးထားသလို ဖွံ့ဖြိုးတဲ့ ခရီးသွားဒေသဖြစ်လာဖို့ကိုလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိကြတယ်။ အင်္ဂလိပ်စာဘာသာစကားကို အထိုက်အလျောက်တတ်ကျွမ်းတယ်။
တောနက်ပြီး သွားရေးလာရေးခက်ခဲတာကလည်း ဒီဒေသကို သဘာဝအတိုင်းရှိနေ ကျန်နေစေဖို့ ဖြစ်လာတာပါ။

နောက်တခုက အဲ့ဒီဒေသမှာ ကျမတို့ သွားခဲ့ ညအိပ်ခဲ့တဲ့ ရွာစဉ်တန်းတလျှောက် ဆေးရုံဆေးခန်းမရှိပါဘူး။ volunteer အနေနဲ့ လာကုပေးတဲ့ ဆေးကုသအဖွဲ့တဖွဲ့ကို ကြေငြာပေးထားတာတော့ တွေ့ခဲ့တယ်။
ကျောင်းကောင်းကောင်းမရှိဘူး။ အဝဒ်ဒမ်းရွာမှာတော့ ကျောင်းလေးက သပ်သပ်ရပ်ရပ်ပဲ။ ကျန်တဲ့ ကျောင်းလေးတွေက ခနော်နီခနော်နဲ့ ဝါးကျောင်းလေးတွေ။ တော်တော်လေး အခြေနေဆိုးတယ်။ ဇီယာဒမ်းရွာက မူလတန်း ကျောင်းကလေးကတော့ သစ်သားနဲ့ဆောက်ထားတယ်။

ဆရာလည်း ရှားတာပေါ့လေ။ ကလေးမွေးနှုန်းတော့ ကောင်းပုံရတယ်။ (အဲ့ဒီနှုန်းကို ရန်ကုန်မန်းလေး အတွင်းပိုင်းတွေ ပို့လိုက်ရင် လူဦးရေတိုးလောက်တယ်။)

ရွာတခုမှာ သွေးလွန်တဲ့လူနာရှိလို့ ကျမတို့အဖွဲ့မှာ ပါတဲ့ ဆရာဝန်တွေ ရှိတဲ့ဆေးနဲ့ သွားပြီး ကုပေးခဲ့ကြသေးတယ်။ အပြန်လည်း ပါတဲ့ဆေး အကုန်ပေးခဲ့တယ် ။

ကြားဖူးခဲ့တာကလေ ကချင်ပြည်နယ်ဆိုင်ရာ အမျိုးသမီး အမတ်တယောက်က တောင်းဆိုခဲ့ဖူးတယ်တဲ့။

ကချင်ပြည်နယ်အတွက် ဆေးအမှတ်ကို ဒေသခံတွေအတွက် လျှော့ပေးပြီး ကျောင်းပြီးလို့ တာဝန်ကျရင်လည်း ကိုယ့်ဒေသကို ပြန်ပြီး တာဝန်ထမ်းဆောင်စေဖို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပယ်ချခဲ့တယ်ပြောပါတယ်။
အဲ့ဒီဒေသကို ကိုယ်တိုင်ရောက်ဖူးပြီး သေချာလေ့လာခဲ့ရင် သူပြောတဲ့ စကားဟာ အလွန်လက်တွေ့ကျပြီး ဒေသအတွက် အကျိုးများပြီး ကောင်းလွန်းတဲ့ တောင်းဆိုချက်တခုပါ။

ဆေးအမှတ်တင် မဟုတ်ဖူး ဆရာအတွက်ပါ ပညာရေးကောလိပ်တွေမှာပါ ဒေသခံတို့အတွက် အထူးစဉ်းစားပေးရမှာပါ။

ခေါင်းပေါင်းအောက်က ဦးနှောက်တွေ အလုပ်လုပ်ပုံမရပါဘူး။ ခေါင်းပေါင်းကျပ်ပြီး ချွေးတွေထဲ ဦးနှောက်ပါ စိမ့်သွားပုံရတယ်။

နောက်ပြီး ရေအရင်းမြစ်ကြွယ်ဝပေမဲ့ သဘာဝအတိုင်း ခပ်ပြီးပဲ သုံးတယ် ။ ချောင်းဆိုတာလေ ရေက တဝေါဝေါနဲ့ အေးစက်ပြီး ကြည်လင်နေတာပဲ ။ ဆိုချင်တာက နည်းလမ်းရှာပြီး ရေကို အဆင်ပြေပြေ ဒီထက်ပိုပြီးသုံးလို့ရအောင် လုပ်တဲ့ အခွင့်အရေးရှိသေးတယ်။ နောက် UN ကလုပ်ပေးတဲ့ ရေဘုံဘ်ိုင်တွေရှိတယ်။
(တပိုင်တနိုင် ရေအားလျှပ်စစ်ကို ကျိုင်းတုံဘက်က ရွာတချို့မှာ သုံးတာတွေ့ဖူးတယ် ။ ယိုးဒယားနဲ့နီးတော့ အဲ့ဖက်က ပိုပြီးခေတ်မှီသလား ပဲ ။ ) ဒီမှာက အဲ့လို ရေအားလျှပ်စစ် ခပ်လတ်လတ်သုံးတဲ့ မီးမရှိဘူး ။ ကျမပဲ မတွေ့ခဲ့တာလားတော့ မသိဘူး။ တပိုင်တနိုင် ဆိုလာသုံးတဲ့ လျှပ်စစ်မီး အသေးစားလေးတွေ သုံးတယ်။ သီချင်းနားထောင်တာ အာဏာကုန်ပေါ့။

ကချင်ပြည်နယ် ဝန်ကြီးနဲ့လည်း တွေ့ဆုံပွဲလုပ်လို့ တွေ့ခွင့်ရပါတယ်။ ပွဲမှာ ပြောတဲ့ ပြောစကားကို နားထောင်ကြည့်ရတာ ဒေသအကြောင်းကို ကောင်းကောင်းသိပြီး ပြည်နယ်ကိုလည်း တိုးတက်စေလိုတဲ့စေတနာရှိပါတယ်။ ဘာလုပ်ရမယ်ဆိုတာ သိပေမဲ့ အခွင့်အရေးမရသေးတာပါ။
လိုနေတာ ငြိမ်းချမ်းရေးဖြစ်ပါလိမ့်မယ်။

ဒါကို စနစ်တကျ လမ်းဖွင့်ပေးပြီး ဂရုတစိုက်ထိန်းသိမ်းပေးရင် နောင်တချိန် မြန်မာပြည်ရဲ့ နာမည်ကျော် Botany Garden တခု ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ခရီးသွားများလာတာနဲ့ အမျှ အမှိုက်စွန့်ပစ်မှုကစလို့ နေရာတိုင်း လုပ်ရပ်တိုင်းကို မဖြစ်မနေ စည်းကမ်းလေးတွေနဲ့ ထိန်းသိမ်းလုပ်ပေးဖို့တော့လိုုပါတယ်။

ကျမရဲ့ ပူတာအို အိမ်မက်က အရမ်းကြီးပါတယ်။ Botany Garden အပြင် သစ်ခွတွေ လေ့လာတဲ့ မွေးမြူတဲ့ ပြည်တွင်းသာမက ပြည်ပက botany ကျောင်းသားတွေပါ လာရောက်လေ့လာလို့ ရတဲ့ နာမည်ကျော်နေရာတခုဖြစ်စေချင်တာပါ။ ဆိုင်တဲ့သူ နိုင်တဲ့သူတွေ လုပ်လာတဲ့အခါ ကျမက တဖက်တလမ်းက စေတနာ့ဝန်ထမ်းလုပ်ပေးချင်ပါတယ်။

စကားမစပ်ပြောရရင် ပူတာအိုကအပြန် မြစ်ကြီးနားရောက်တော့ မြစ်ဆုံကို သွားကြည့်ဖြစ်ခဲ့ပါတယ်။ ဖုန်ကန်က တောတွေတောင်တွေ ချောင်းတွေကို ကြည့်ပြန်လာတဲ့သူဆိုတော့ မြစ်ဆုံ ရေနောက်ကျိကျိနဲ့ ပတ်ဝန်းကျင်ကို မြင်တဲ့အခါ အတော်စိတ်ပျက်မိပါတယ်။ နတ်သမီးနဲ့ မျောက်အိုမကွာသလိုကို ကွာပါတယ်။ အရင်ကတော့ သူလည်း လှခဲ့ဖူးပါလိမ့်မယ် ။ ကိုယ်မမှီခဲ့တာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မချင့်မရဲ အတွေးတခုတော့ ပါခဲ့တယ်။

တတိုင်းပြည်လုံးအတွက် အလိုအပ်ဆုံးက ငြိမ်းချမ်းရေးပါ။

P/S မပြောတော့ဘူးလို့နေနေတာ မနေနိုင်လို့ ထပ်ဖြည့်လိုက်တယ်။

39 comments

  • alinsett

    September 6, 2014 at 5:23 pm

    အဲဒီ စမ်းချောင်း…ကျောက်တုံးကလေးတွေ အပေါ်က… တံတားကလေးပေါ်…
    တစ်နေ့နေ့မှာ..ကျနော် လျှောက်ဖြစ်အောင် လျှောက်ပါ့မယ်။

    • pooch

      September 6, 2014 at 6:43 pm

      ကျန်းမာရေးဆိုတာပြောလို့ရတာမဟုတ်ဖူး လုပ်ခွင့်ရှိတုန်း အခုပဲစလိုက်။

  • Ko chogyi

    September 6, 2014 at 6:24 pm

    ကျွန်တော်လည်း ပေ တစ်သောင်းကျော်ရင် ခေါင်းကိုက်တတ် မူးတတ်လို့ လေယာဉ်မှူးလည်းလုပ်ဘူး တောင်လည်းတက်ဘူး
    သူများတွေတက်တာတော့ အရမ်းကိုအားပေးပါတယ်

    • pooch

      September 6, 2014 at 6:55 pm

      ကိုချို အဲ့လိုခေါင်းကိုက်တတ်ရင် ပျောက်အောင်ကုတဲ့ နည်းက ရေ ၂ လီတာလောက်ကို အဝသောက်ရတာ။ ဒါဆို သိပ်မကိုက်တော့ဘူး အောက်ဆီဂျင်နည်းရင် ဦးနှောက်က ကျုံတယ်။ ဆေးလည်းသောက်လို့ရတယ်
      ဒါပေမဲ့ ပြသာနာက အဲ့လောက်ပေမြင့်ရင် ရေရှားသွားပြီ မသယ်နိုင်တော့ဘူး
      ၂ လီတာလောက်ဆို ရက်ချီသောက်လို့ရအောင်လုပ်တာဆိုတော့လေ
      လူနည်းပြီး အထမ်းငှားနဲ့သွားရင်တော့ရလောက်တယ်

      adventure tour မရရင် leisure tour တော့ ရအောင်သွား

  • နောင် ရိုး

    September 6, 2014 at 6:32 pm

    ဒါတွေမြင်တော့ တောင်တက်ချင်စိတ်ဖြစ်မိတယ်ဗျာ….
    ကျွတ်များရင်တော့ ဟိုကလေးမကို ခေါ်လို့ ဖြစ်မယ် မထင်ဘူး…..။ အဟိ…ဟိ

    • pooch

      September 6, 2014 at 6:57 pm

      ဒါဆိုလည်း ကေဘယ်ကြိုးနဲ့ သွားလို့ရတဲ့ တောင်တွေကို သွားလည်ပေါ့ရှင်
      ဟန်းနီးမွန်းလေးဘာလေး :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      September 6, 2014 at 7:06 pm

      လူကြားကောင်းအောင် ပြောနေပြန်ပြီ။
      ကျွတ်မရှိတောင် ဟိုက လိုက်မှာ မဟုတ်ပဲနဲ့။
      :mrgreenn:

      အဟွတ်
      အဟမ်းး
      (ဟဲ့။ အော် ဒီ ချောင်းနှယ်၊ မှန်တာပြောရင် ဆိုးချင်တယ်။)
      :k:

      • နောင် ရိုး

        September 7, 2014 at 2:01 pm

        ကျော်…ဖီလင်ကောင်းရင်…ခင်ညား နှောက်ဘီ…
        ငါ့ဘွနှယ်…စိတ်ကူးတောင်…ဖီလင်နဲ့ ကြာကြာယဉ်မရတဲ့ဘွ….
        :
        :
        :
        အမေရေ…သားကို ယတြာလေး ချေပေးပါဘာာာ
        နှောင့်ယှက်တွေ များများနေဒယ်…
        :byee:
        :byee:
        :byee:

  • မြစာကလေး (23122011)

    September 6, 2014 at 6:41 pm

    ပုချ်လေး
    အတော်လေး ပျော်ဖို့ စိတ်လှုပ်ရှားဖို့ ကောင်း တဲ့ ခရီးဖြစ်မှာ အသေအချာပါဘဲ။
    အတော်လဲ ပင်ပန်းမှာ လဲ ခံစားကြည့်နိုင်ပါရဲ့။
    ဓာတ်ပုံ ရှုခင်း တွေ အရ ထင်တာ ပြောရရင် မြောက်ပိုင်း ကချင် ရှုခင်း တွေ က အနောက်ပိုင်း ချင်းပြည်တို့ အလယ်ပိုင်းတို့ ထက် ပိုပြီး စိမ်း ပိုပြီး လှ သလိုဘဲ။
    Pooch ကြည့်ရတာလဲ ချစ်စရာ ကချင်မလေး လိုဘဲ။
    ကချင် က တဲအိမ်လေး တွေ မှာ နေကြည့်ချင်တယ်။
    ကချင် မြန်မာ ချစ်ကြည်ရေး လုပ်ချင်သေးတယ်။
    အနည်းဆုံးတော့ အဲဒီက ကလေး တွေ ကို စာသင်ပေးရင်း နေချင်တဲ့ အိမ်မက် ဖြစ်မဖြစ် ကြည့်ကြသေးတာပေါ့။
    ကိုယ် မရနိုင်မဲ့ ဗဟုသုတ နဲ့ ဓာတ်ပုံလေး တွေ မျှလို့ ကျေးဇူးပါ။
    ခြေထောက်ကနေ ဖတ် တဲ့ စာ ရဲ့ စွန့်စားခန်းတွေ ထပ်ကြားချင်ပါသေးတယ်။
    :-)))

    • pooch

      September 6, 2014 at 7:16 pm

      နှာခေါင်းပြားပြီး မေးရိုးကားတယ်လေ အရီးရဲ့ ဒီကြားထဲ စိတ်မထင်ရင် အပေါက်ဆိုးဆိုးနဲ့ ထထအော်တတ်သေးတယ် သူများကချင်မလေးတွေက အသားဖြူတယ် အနော်ကမဲတယ်
      ဗမာဆိုရင် မယုံဘူး ဟိုစပ်ဒီစပ် စပ်တယ်ထင်တာ

      ဟုတ်တယ် အရီး မြောက်ပိုင်းကချင်က အရမ်းလှတယ်
      ပြောစရာလား အများကြီးရှိပါ့ အစဆွဲထုတ်လိုက်ရင် ပြီးမှာ မဟုတ်လို့
      လိုနေတာ ငြိမ်းချမ်းရေး
      ပြီးရင် အခု ကချင်ပြည်နယ် ဝန်ကြီး က မဆိုးဘူး သူ့ဒေသအကြောင်း သူကောင်းကောင်းသိတယ်။ အနော်တို့တွေ တွေ့ဆုံပွဲလုပ်ရသေးတော့ ပြောတဲ့ စကားက အမှန်တွေချည်းပဲ။

      သူတို့တဲအိမ်လေးတွေလား ဟုတ်တယ် အရိုင်းဆန်တယ်။ ပြောချင်တာတွေ မပြောတော့ဘူးလုပ်နေတာ ထပ်ဖြည့်ရေးလိုက်မယ် အရီး။

  • ဇီဇီ ခင်ဇော် (15102012)

    September 6, 2014 at 6:51 pm

    ဖတ်လို့ကောင်းးးလိုက်တာအေရယ်…
    တဝကြီးးးပဲ။
    တန်ဖိုးးရှိ တဲ့ ပို့စ်..!!!
    ပု လေးးး ကို အားးးကျ လိုက်တာာာာာ….
    ကိုယ်တိုင် က စောင်ခြုံ နဲ့ တီဗီ ရှေ့ မှာ….
    ကွာချက်ကယ်….
    :mrgreenn:

    • pooch

      September 6, 2014 at 8:20 pm

      ကော်မကောင်းချက်က ပုံအများကြီးတင်ပြီး အခါပေါင်းမြောက်မြားစွာ အက်ဒစ်လုပ်ထားရတယ်
      ထပ်လည်းဖြည့်ထားတယ် လေပါတယ် စိတ် @~@

      သများပိုစ့်မှာ လာရန်ဖြစ်နေကြတယ် တော့

      အခု ယောဂကျင့်နေတယ် စိတ်ငြိမ်အောင်လို့ မဟုတ်ရင် ထထဖောက်လို့
      ယောဂလောက်တော့ ကျင့်လို့ရတယ်မလား ဆွိ တခုမဟုတ် တခုပေါ့ :mrgreen:

      • ဇီဇီ ခင်ဇော် (15102012)

        September 6, 2014 at 10:01 pm

        ဟမ်မငေးးးး
        သများလည်း ခဏ ခဏ ထထ ဖောက်လို့ ဇီးယိုလေး ဆောင်ထားရတယ်။
        မရတော့လည်း ရွာထဲ လာ ဂေါက်တာ ပေါ့။
        ဟိ :mrgreenn:

        ဓာတ်ပုံ သေးသေးလေးတွေကို အဲလို ဖြစ်အောင် ဘယ်လိုတင်တုန်းး
        အချိုးကျတယ်။ အဟုတ်

        :s:

        • pooch

          September 7, 2014 at 9:25 am

          photo wonder သုံးတာ ။ ကွန်ပျုတာထဲထည့်သုံးတဲ့ software ရှာမတွေ့လို့ ဖုန်းထဲက ဟာနဲ့ သုံးလိုက်တာ။ ပုံတွေက ထောင်ချီပါတယ်။ လူပုံတွေ ရှုခင်းတွေရောပြီး လိုင်းကလည်းမကောင်းနဲ့ မတင်နိုင်ဘူး။
          TNTC က ပိုစုံလို့ သူ့တို့ပုံတွေ ယူသုံးလိုက်တာ။ ကိုယ့်ပုံက ရှုခင်းများတယ်။
          သပ်သပ်တင်မလားလို့ပါ ။
          ဒါက စာနဲ့လိုက်အောင် ရောတင်လိုက်တာ။

  • နောင် ရိုး

    September 6, 2014 at 7:04 pm

    သူ အပျင်းတစ်တာ … လူသိအောင် ပြောနေပြန်ဘီ

    • ဇီဇီ ခင်ဇော် (15102012)

      September 6, 2014 at 7:07 pm

      နာ က အပျင်းတစ်ပေမဲ့ စွံ တယ်။

      :mrgreen:

  • နောင် ရိုး

    September 6, 2014 at 7:09 pm

    ဘာာာာာာာာာာာ!!!!!!!!

  • ခင် ခ

    September 6, 2014 at 10:54 pm

    တောင်ကြီးဖဝါးအောက် ဆိုရိုးအတိုင်း လုပ်ဆောင်နိုင်သူဘဲဗျာ

    • pooch

      September 7, 2014 at 9:30 am

      ဒါမပြောပလောက်ပါဘူး ဦးခရယ်
      တကယ့်ပရိုသမားတွေ တွေ့ရင် ဟားနေအုန်းမှာ
      သာမာန်လူ ဝါသနာအဆင့်သွားတဲ့ ကိုယ့်အဖို့တော့ မနည်းကို ကုန်းရုန်းပြီး တက်ခဲ့လို့ပါ

  • ဝင့်ပြုံးမြင့်

    September 7, 2014 at 1:36 am

    .လွှတ်ကောင်းတဲ့ ခရီးသွားဆောင်းပါး။ အတွေ့အကြုံ ရယ်၊ ကိုယ်ပိုင်ခံစားချက်ရယ်၊ ကိုယ်ပိုင်အတွေးအခေါ်ရယ် မော်ဒန်အရေးအသားရယ် အားလုံးသမသွားတယ်။ ဆောင်းပါးကို ကြိုက်လွန်းလို့ စာသားကို အစ်မ ကူးထားတယ်နော်။
    သွေးပျစ်တယ်ဆိုတာကိုတော့ နားမလည်ဘူး။ ပြီးတော့လေ အစ်မတို့က စာသမားဆိုတော့ စာပဲဖတ်တတ်တာ။ မယ်ပု ခြေထောက်ကြည့်ပြီး ဘယ်တော့မှ တောင်တက်ဖို့ စိတ်ကူးမရှိတော့ဘူး။ ဒီလောက် အနာခံပြီး တက်တာကိုလည်း အံ့ဩတယ်။ ပြီးတော့ ကျွတ် နဲ့ ဖြုတ် ကရှိသေးတယ်။ မယ်ပုရဲ့ ခြေထောက်နဲ့ဖတ်တဲ့စာ ကိုတော့ လက်ဖျားခါသွားပြီ။

    • pooch

      September 7, 2014 at 9:43 am

      အမပြုံး ကျမက စာရေးခြင်းအတတ် မတတ်ပါဘူး။
      ပြောစရာရှိလို့ရေးတတ်သလို ရေးတာပါ။ ခံစားမိသလောက်ပေါ့။
      ဘောင်တော့ ဝင်မယ်မထင်ပါဘူး။

      သူကြီးက ဆောင်းပါးတောင်းတော့ သူချပေးတဲ့ ဂိုက်လိုင်းဝင်အောင် အပေါ်တပိုင်းရေးပေးလိုက်တာပါ
      အမှန်က ကိုယ့်အလိုသာဆို စချင်တာက စပြီး ဆုံးချင်တာက ဆုံးပလိုက်မှာ။
      ပြန်ပြင်ရေးရမှာ ပျင်းလို့
      အောက်ပိုင်းပဲ ဖြည့်ရေးလိုက်တာပါ။

      သွေးပျစ်တယ်ဆိုတာက အမရယ် နေမကောင်းဖြစ်လာရင် သွေးက ရောဂါအခံ ရာသီ ပေါင်းပြီး ဖြစ်လာတတ်တာမျိုးပါ။
      အဲ့လို သွေးပျစ်တယ်ဆိုရင် အေးတဲ့နေရာ ခရီးကြမ်းသွားရင် သွေးပိုခဲပြီး သေမှာစိုးလို့ပါ။

      ကျမတို့ တက်တော့ သွေးပျစ်လို့ ပြန်ဆင်းလာတဲ့ ဂိုက်တယောက်ကို တွေ့ခဲ့လို့ပါ။

      ခြေထောက်က ဖြစ်တာက တသက်လုံး မလုပ်တဲ့ အလုပ်ကြမ်းကို ခုမှ စလုပ်လို့ပါ။
      ကိုယ်ကိုက နူနေတာ အမရေ။ သူများတွေ အကုန် ကိုယ့်ထက် ဒေါင်ဒေါင်မြည်ပါ။

      ကိုယ်ကလည်း သူများတန်းတူလိုက်ချင်တော့ အနာခံပြီး လိုက်ရတာပေါ့။ တောထဲရောက်ရင် နေခဲ့လို့လည်း မရ ချန်ခဲ့လို့လည်း မဖြစ်ဆိုတော့ ဒရွတ်ဆွဲပြီး လိုက်ရတာ။ ဘယ်သူကမှလည်း မကူနိုင်ဘူးလေ။ ကိုယ့်တာဝန်ကို်ယ်ယူရတယ်။

      စပယ်ယာ လူပိုမရှိတဲ့ အားကစားက တောင်တက်တခုထဲပဲ ရှိတယ်။ စည်းကမ်းလည်းလိုက်နာရတယ်။

  • Foreign Resident

    September 7, 2014 at 6:01 am

    Pooch လေးရေ ။

    ” အားကျတယ်ကွယ် ”
    ဒီ စကား ဘဲ ပြောစရာ ရှိတော့ပါတယ် ။

    အဘ ရဲ့ အသက်အရွယ် ၊ ကြံ့ခိုင်မှု ၊ ဘဝပေး အခြေအနေတွေ အရ ၊
    ဒီ ဘဝတော့ မဖြစ်နိုလောက်တော့ပါဘူး ။
    နောင် သံသရာ ဘဝ များမှာမှဘဲ ၊ ကြိုးစားကြည့်ချင်ပါတော့တယ် ။

    • pooch

      September 7, 2014 at 9:57 am

      လျှောက်မပြောပါနဲ့ အဘရယ်။
      သွားချင်သွားလို့ ရပါတယ်
      ကျမတို့ အဖွဲ့ထဲမှာ ၆၁ နှစ် ၅ရ နှစ် လမ်းပြအဘဆို ၆၄ နှစ်ရှိတယ်

      အလေ့အကျင့်ပဲ လိုတာပါ

      နောက်ပြီး ကျမတို့သွားတော့ သက်လတ်ပိုင်း စင်္ကာပူက မြန်မာအမျိုးသမီးတယောက် အထမ်း ၃ ယောက်နဲ့ တယောက်ထဲ လာတက်တာပါ။ အတူလိုက်လာတဲ့ ဦးလေးနဲ့ အကိုက နေမကောင်းလို့ဆိုလား ဇီယာဒမ်းမှာ ကျန်နေခဲ့တယ်။

      သူ့ဇွဲဆို ပိုအားကျဖို့ကောင်းတယ်။ ဒါပေမဲ့ သူက base camp ကနေ summit တက်တော့ နေ့ဝက်ကျိုးကျော် တနေကုန်မှ ရောက်ပြီး base camp မှာ တရက်ပြန်အောင်းပြီးမှ ဇီယာဒမ်းထိဆင်းတာ။

      ကျမတို့အဖွဲ့တွေ Base camp ကနေ Summit တက်တော့ မနက် ၅ နာရီကနေ တက်တာ မနက် ၈ နာရီလောက်ဆို တောင်ထိပ်ရောက်နေပြီ။ တောင်ထိပ်မှာ ရာသီဥတုလည်း သာယာတာနဲ့ ဓာတ်ပုံတွေ တော်တော်ကောင်းကောင်းရခဲ့ကြတယ်။ နေခဲ့ရတဲ့ အချိန်လည်း ကြာတယ်။ ပုံမှန်ဆို တောင်ထိပ်မှာ ၁၅ မိနစ်လောက်ပဲ နေကြတယ်။ ရာသီဥတု မကောင်းလို့လေ။
      ဒီတခေါက်က ကံကောင်းတဲ့သူတွေ စုမိသွားလို့ဖြစ်မယ်။ ရာသီဥတု သာယာချက်က။
      စီနီယာတွေ မကြုံဖူးဘူးလို့ ပြောတယ်။

      နောက်ပြီး summit ကနေ ပြန်ဆင်းဆင်းချင်း Base camp ကနေ စခန်းသိမ်းတပ်ခေါက်ပြီး ချက်ချင်းပြန်ဆင်းတာ သစ်ပင်ကြီးစခန်းကို အဲ့နေ့က ကျမ ၁၃ နာရီလောက် လမ်းလျှောက်ပြီးမှ စခန်းရောက်တယ်။ အပင်ပန်းဆုံးတနေ့ပေါ့။ မှတ်မှတ်ရရပါပဲ။

      တောင်ထိပ်ရောက်ပြီး ပြန်ဆင်းလာတာမို့ လူကလည်း ကျေကျေနပ်နပ်ကို လျှောက်ခဲ့တာ။

  • မွသဲ ( 17082011 )

    September 7, 2014 at 6:55 pm

    အားကျလိုက်တာ အားကျလိုက်တာဆိုတာကလွဲလို့ ဒီဘဝတော့ မဖြစ်နိုင်တော့ဘူးထင်တာပဲ 😥 ။ နောင်ဘဝဆိုတာရှိခဲ့ရင်ဒီအခွင့်အရေးလေးလိုချင်မိပါတယ်။ လှလိုက်တဲ့ရှု့ခင်းလေးတွေအတွက်ကျေးဇူးပါ

    • pooch

      September 8, 2014 at 3:32 pm

      မွသဲ ကေဘယ်ရှိတဲ့တောင်တွေ သွားလည်လို့ရတာပဲကို
      ဝမ်းမနည်းပါနဲ့ 🙂

  • Shwe Ei

    September 7, 2014 at 9:19 pm

    ကို့မြန်မာပြည်ထဲက အလှတရားတွေနဲ့တင် လည်ပတ်ဖို့နေရာလုံလောက်နေဘီကော..
    အိုက်ဂလို သွားတောင့်သွားခဲနေရာလေးတွေသွားပီး ရေးတောင့်ရေးခဲစာလေးတွေ ရေးဖူးချင်ပါအိ 🙂

    • pooch

      September 8, 2014 at 3:16 pm

      လိုက်မလား ရွှေအိ နောက်နှစ်ထဲ ဒီထက်မြင့်တဲ့တောင် တက်မလို့တဲ့

  • kai

    September 8, 2014 at 5:53 am

    တခါတလေကျတော့လည်း.. အဲဒီနေရာလေးတွေ.. မတိုးတက်ပဲ..သဘောဝအတိုင်းရှိစေတော့လို့… ထားချင်သား..
    သဘာဝ.. သဘာဝအတိုင်းဖြစ်နေအောင်.. (ဒေသခံတွေကို) မြှောက်ပေးပြီး.. ထားတာမျိုးပေါ့…
    (အဖြူတွေမြန်မာပြည်ကို မြင်သလိုပေါ့လေ…)

    ဒါပေမယ့်… :k:

    • pooch

      September 8, 2014 at 3:22 pm

      အော်ရယ် ဒေသခံများ ကိုယ်တိုင်က သဘာဝကို မြတ်နိုးတဲ့ စိတ်အပြည့်ရှိတယ်။
      နောက် ဆို ဘယ်ပြောနိုင်မလဲ တရုတ်ပြည်က Haba Village ရေခဲတောင် လို ခရီးသွားတွေ ကြိတ်ကြိတ်တိုးလာမှာ
      အဲ့ဖက်မှာဆို နှစ် ရာချီ သက်တမ်းရှိတဲ့ သစ်သားတွေနဲ့ပဲ တရွာလုံးဆောက်ထားတဲ့ ရှေးရွာဆိုတာ နာမည်ကြီး

      သွားလည်ကြည့်မလို သူတို့ ဘယ်လို လုပ်ထားလဲလို့
      လာခဲ့ပါ့လား သူကြီး :mrgreen:

  • kyeemite

    September 8, 2014 at 1:28 pm

    .တောင်တက်ခရီးသွားပို့စ်လေးနဲ့ပုံလေးတေါတွေ့ရတာ ကိုယ်တိုင်သွားရသလိုခံစားလို့ရပါတယ်…
    .ဝေးသီခေါင်ဖျား အရောက်သွားခဲ့နိုင်တာအားကျမိတယ်…
    .ကိုယ်တွေမတော့ မြန်ပြည်တစ်လွှားတောင်အနှံ့မရောက်ဖူးသေး

    • pooch

      September 8, 2014 at 3:27 pm

      ဦးမိုက် သားတွေ သမီးတွေ သွားတော့ လိုက်သွားပေါ့ ဟိုဟိုဒီဒီ
      တောင်တက်မှ မဟုတ်ပါဘူး ခရီးသွားဖြစ်ရင်ရတာပဲကို

  • Crystalline

    September 9, 2014 at 6:59 am

    အရီးနဲ့ မပြုံးပြောသလိုပဲ.. ဖတ်လို့တောင်မဝ… ရေခဲတွေကောက်ဝါးရတာပြောလို့ ကာကွယ်ဆေးတွေ ကြိုသောက်/ထိုးသွားရမယ်
    ထင်တယ်နော်… ခြေထောက်နဲ့စာများများဖတ်ပြီး သများတို့လို အခွင့်မပေးသူတွေပြန်ဖတ်ရအောင်ဝေငှပါအုန်းလို့.. အခုပို့စ်ဖတ်ပြီး
    တကယ့်ကို သွားချင်စိတ်ပေါ်မိသား အထမ်းသမားတွေစိတ်မရှည်ဘဲ တောင်အောက်တွန်းချခဲ့မှာလည်း ကြောက်သား :mrgreenn:

    • pooch

      September 9, 2014 at 3:04 pm

      ခရစ်ရေ တို့ကတော့ ခပ်ပေပေပဲ ဘာဆေးမှ ကြိုသောက်မသွားဖူး
      ခရီးအစ ရထားပေါ်မှာ ဖျားပြီး အန်နေသေးတယ်
      မြစ်ကြီးနားလေဆိပ်မှာလည်း မိုးက ကောင်းမှကောင်း
      မိုးထဲလေထဲ ပြေးပြေးလွှားလွှားပဲ

      လမ်းတလျှောက်လဲ မိုးက တဖြောက်ဖြောက် စိုလိုက် ခြောက်လိုက် လေကတဟူးဟူး
      ကံကောင်းတာက ဖျားတာနာတာမရှိဘူး
      ဒါပေမဲ့ ညအိပ်ရာမဝင်ခင်တိုင်း ဆေးတလုံးတော့သောက်အိပ်ရတယ်
      ဆေးလည်း လိမ်း ရတယ်။

      တခု ထူးဆန်းတာကလေ ခရီးတလျှောက်လုံး အိပ်ပျော်ရခက်တယ်။ အိပ်ရာပြောင်းလို့ ဖြစ်မယ် ဗစ်တိုးရီးယားမှာတုန်းကလည်း အိပ်မပျော်ဘူး။ ပထမဆုံး စခန်းချတဲ့ အထက်ရှန်ခေါင်ရွာလေးမှာ မှေးခနဲ့ အိပ် ပျော်သွားတဲ့ခဏ အပေါ်ကနေ မတ်တပ်ရပ်ပြီး ရင်ဘတ်ပေါ် တက်ဖိထားသလို လှုပ်မရအော်မရနဲ့ အသက်ရှုကျပ်ပြီး ကုန်းအော်နေတဲ့ အချိန် ဘေးနားက သစ်တောက သူငယ်ချင်းက ဒါမျိုးတွေ ကြုံနေကျဆိုတော့ သူက သိပြီး လှမ်းပုတ်လိုက်လို့ လူက လှုပ်လို့ရသွားတာ။

      သစ်ပင်ကြီးစခန်းရောက်တော့ လပြည့်ညလဲ ဖြစ် လကလဲ သာနဲ့ စိတ်ကူးပေါက်ပြီး ညကြီး ထ ဘုရားရှိခိုး အမျှဝေလိုက်တဲ့ အချိန် အဲ့ညတော့ တချို းထဲ အိပ်ပျော်သွားတယ်။ မှတ်မှတ်ရရ အဲ့တညပဲ အိပ်ရေးဝဝ အိပ်ခဲ့ရတယ်။

      နေ့တိုင်း မနက် ၅ နာရီ ထပြီး ပြင်ရတာဆိုတော့ အိပ်ကောင်းပြီဆို ထရတာပဲ ။

      ကလောလောက်တော့ သွားလို့ ရမှာပါ။ ကလောပိုစ့်တင်ပေးမယ်။ သူက လွယ်တယ် လှတယ် ပျော်စရာကောင်းတယ်။ လည်စရာ ဝယ်စရာပေါတယ်။

  • manawphyulay

    September 9, 2014 at 10:01 am

    အရမ်းကောင်းပြီး အရမ်းကြိုက်တဲ့ ခရီးသွား ဆောင်းပါးလေးပါ။
    မနော အရမ်းသွားချင်နေတဲ့ နေရာလေးတွေထဲက ဒီနေရာလေးတွေလည်း အပါအဝင်ပါပဲ။
    သွားခွင့်ရတဲ့ တစ်နေ့ပေါ့။ တောင်တက်တဲ့အခါ ဖိနပ်ကိုလည်း အဆင်ပြေတဲ့ ဖိနပ်ရွေးချယ်ရမယ်ဆိုတာ သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ ဖတ်ရင်းနဲ့ ချက်ချင်းသွားချင်စိတ်ဖြစ်မိပါတယ်။

    • pooch

      September 9, 2014 at 3:40 pm

      မနောလည်းခရီးတို တွေ day trip တွေကနေ စကြည့်ပေါ့
      လွယ်ပါတယ်။ နေ့တိုင်း လမ်းလျှောက်ကျင့်က ရပြီးသားမလား ။

  • weiwei

    September 9, 2014 at 4:05 pm

    တကယ့်ကို အားကျစရာကောင်းပါတယ် ..
    ရှုခင်းတွေက တော်တော်လှတယ် …
    ဧဝရတ်တောင်ခြေကို ရောက်ဖူးခဲ့လို့ ရေခဲတောင်ဆိုတာကိုတော့ မြင်ဖူးတယ် ..
    ဒါပေမယ့် တိဗက်ဒေသတွေမှာက အပင်ကြီးလုံးဝမရှိဘူး .. တောင်ကတုံးတွေချည်းပဲမို့လို့ အလှချင်းယှဉ်မယ်ဆိုရင်တော့ ကချင်ပြည်နယ်က ရေခဲတောင်တွေက ပိုလှပါလိမ့်မယ် ..

    • pooch

      September 10, 2014 at 9:41 am

      မဝေရဲ့ တိဗက် ပိုစ့်ကို ရွာဝင်ခါစတုန်းက ဖတ်ဖူးတယ်
      အဲ့မှာ ဂိုက်တယောက်ရဲ့ ပုံကို အမပုံထင်နေသေးတာ
      တရုတ်ပြည်က Haba village ကော လည်ဖြစ်ခဲ့လား အမ

  • မယ်ပု ရေ ညည်းက တော့ သွားပါများ ခရီးရောက် ဖြစ်နေပြီ

    အားကျတယ်

    ကျုပ်လဲ သွားချင်တာ ဒီနှစ်ပိုင်း ဟိုသွားမယ် ဒီသွားမယ် လုပ်နေတာ

    မရောက်ဘူး သေး တဲ့ နေရာဆိုလို့ဖားအံ့ ကိုဘဲ တစ်ညအိပ်ရောက်လိုက်တယ်

    ရောက်အောင်ကြိုးစားပါအုံးမယ်

    • pooch

      September 11, 2014 at 10:10 am

      တောင်တက်ဆောင်ပုဒ်ကိုက
      သွားပါများ ခရီးရောက် တောင်ကြီးဖဝါးအောက်တဲ့ လေးပေါက်ရဲ့

      လူ့ဘဝရောက်တုန်း လူဖြစ်ရကျိုးနပ်အောင်
      ဘဝကို စုံအောင် ဖြတ်သန်းကြည့်မလို့ ကိုယ့်တားဂတ်နဲ့ ကိုယ်
      အခု လုပ်ငန်းခွင်က လူတွေကို အားကျလို့ အသက် ၆ဝ မပြည့်ခင် နိုင်ငံ ၁၀ဝ သွားဖို့ အနည်းငယ်ပဲ ကျန်တော့တဲ့သူတောင် ပါတယ်။

Leave a Reply