ကျွန်တော် ပြောချင်ရာ ပြောပါမည်
ကျွန်တော် ပြောချင်ရာ ပြောပါမည်
အခုတစ်လော မောင်ကာကြီးတို့ ရပ်ကွက်ထဲမှာ ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ကိစ္စတွေက ပေါင်လံလို့နေပါရောလား။ နားကြပ်တတ်ဖို့ အခက်တွေနေတဲ့ ဘဘကြီးကိစ္စ၊ ခေါင်းလောင်းကြီးရယ် နဂါးကြီးရယ် ရှာဖွေသူရယ်ရဲ့ သုံးပွင့်ဆိုင် မုန့်ကြိုးလိမ်ဇာတ်လမ်း။ ကမာ္ဘသိ တရားဝင်လူကုန်ကူးမှုအဖြစ်သတ်မှတ်ရမယ့် နန်းချခံမယ်လေရဲ့ အမှားဆုံးသူသာ တောင်းပန်ပါဆိုတဲ့ ပြဿနာ (မောင်ကာကြီး စိတ်ဝင်စားတာက အဲ့ကလေးမ တစ်ကယ်ခွဲစိတ်သလား မခွဲစိတ်သလားဆိုတာကိုပါ)။ ပြီးတော့ မကျေနပ်တာက ဥပဒေ၊ ရန်မယ်ရှာခံရတာက ဘွဲ့ဝတ်စုံဖြစ်သွားတဲ့ ကျောင်းသားများရဲ့ ဆန္ဒသဘောထား။ နောက်တစ်ခုက အားလုံးလိုလို စိတ်တွေပျက် မေတ္တာတွေတုံးပြီး အားပေးမယ့်သူ ဘယ်သူမှ မရှိတော့မှ ဖလားတွေ ဆက်တိုက် ယူပေးနေတဲ့ လက်ရွေးစင်ဘောလုံးအသင်းအကြောင်း။
အောင်မလေး… ပြောရရင်တော့ အများကြီး အများကြီး အများကြီး။ ဒါတောင် အနိဋ္ဌာရုံ လူသတ်မှုတွေအကြောင်း မပါသေးဘူး။ မဟုတ်လို့ကတော့ မောင်ကာကြီးတို့ရဲ့ လက်ဘက်ရည်ဆိုင် စကားဝိုင်းလေးက တော်တော်နဲ့ မပြီး။ နေ့ကူး ညကူးတောင် ဖြစ်သွားမလားမသိ။
ထားဦးတော့ ထားဦးတော့။ ပြောစရာတွေ အကုန်လုံးကို အသေးစိတ်လိုက်ပြောနေလို့ကတော့ မကုန်တော့ မပြောလိုတော့။ ဟုတ်တယ်လေ အသက်၇ဝနားကပ်နေတဲ့ အဖိုးကြီးက နားကြပ်တက်ဖို့ အခက်အခဲရှိတာ အပြစ်ပြောစရာလား။ မယုံရင် အသက်၇ဝ မပြောနဲ့ ၆ဝကျော် ကိုယ့်အိမ်က အဖိုးဖြစ်စေ အဖေကိုဖြစ်စေကို နားကြပ်တက်ခိုင်းကြည့်ပါလား။ အပြစ်ပြောစရာမဟုတ်မှန်းသိလာမပေါ့။ ဒါတောင် စိတ်ပျို ကိုယ်နု တတိယအရွယ်တွေရဲ့ ရင်နှစ်သည်းခြာလေးတွေက တို့အဖိုး တို့အဖေတွေ လုပ်နိုင်ပါ့လို့ ပြောချင်ပြောဦးမှာ။
ဪဒါနဲ့ နှစ်၄၀ဝကျော် ရေအောက်မှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ သမိုင်းဝင်ခေါင်းလောင်းကြီးရဲ့ အကြောင်းကလဲ အံ့ဩဘနန်းပါကလား။ ပြောရရင် ခေါင်းလောင်းကြီး အကြောင်းထက် ခေါင်းလောင်းကြီးနဲ့ ပက်သက်နေတဲ့သူတွေအကြောင်းက ပိုလို့ တောင်စိတ်ဝင်စားဖို့ကောင်းသေး။ နဂါးမင်းကြီးနဲ့ တစ်စားပွဲထဲ အတူထိုင်ပြီး စကားပြောခဲ့သလား ထင်ရလောက်အောင် တိကျတဲ့ စကားတွေပြောတက်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ပါးစပ်ကိုလဲ ရွှေတောင်ချထားရဦးမယ်။ ထင်ပါတယ်လေ နဂါးကိုတောင် သောင်တူးစက်နဲ့ ဖိကျိတ်ထားနိုင်မှတော့ ဒီလို စကားပြောနိုင်တာက ပါ့မွှားပေါ့ ဟုတ်ဘူးလား။ စောင့်တော့ကြည့်ရဦးမပေါ့။ ကြိုးတွေနဲ့ဆိုင်းပြီး ဆွဲတင်ဖို့ လုပ်နေပြီဆိုတော့ ခေါင်းလောင်းကြီးပဲ ပေါ်လာမလား၊ ဖုံးထားသမျှပဲ ဟောင်းလောင်းကြီးပေါ်လာမလားဆိုတာကတော့ ၁လအတွင်း သိလာရမယ်ထင်ရဲ့။
မောင်ကာကြီး စိတ်အဝင်စားဆုံးက နန်းချခံ မယ်လေးရဲ့ ခွဲစိတ်မှု။အဲ ဘယ်သူပိုလို့ မှားပါတော့နိုင်ကိစ္စ။ တစ်ဖက်ကလဲ ပြန်ပေးပါ၊ တစ်ဖက်ကလဲ ပြန်မပေးဘူးတဲ့။ တစ်ဖက်ကလဲ တောင်းပန်ပါ၊ တစ်ဖက်ကလဲ မတောင်းပန်ဘူးတဲ့။ ကြည့်လို့ကောင်းတာထက် နားထောင်လို့တော့ အရမ်းကောင်းတဲ့ လေဖေါင်းပွမှုကြီးပေါ့။ ဒါတောင် သူ့အပုတ်ငါဖေါ်၊ ငါ့အပုတ်သူဖေါ်တဲ့အဆင့်ရောက်ရင် ပိုတောင်ကြည့်ကောင်းဦးမယ်။ မောင်ကာကြီးထင်တာတော့ ဒီပြဿနာက နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်နေတာလို့ပဲ ထင်ပါ့။ သူ့ပျော့ကွက် ကိုယ်ကိုင်၊ ကိုယ့်နိုင်ကွက် သူနင်းထားမှာတော့ ဒီပြဿနာက လွယ်လွယ်နဲ့ ရှင်းလို့ရမယ်မထင်။ ဖြစ်နိုင်ရင်တော့ “ကိုယ့်ဘက်က အပြစ်ကင်းအောင် သရဖူကို ပြန်ပေးပြီး သူတို့ရဲ့၆တင်း အားရပါးရသာ တုတ်လိုက်စမ်းပါကွယ်” လို့ပဲ ပြောလိုက်ချင်။ တစ်ခုထပ်ပြီး ပြောချင်တာက စင်ကာပူပြန် ညိုချောညီမလေးရေ “တစ်ကယ်ကြီး မခွဲစိတ်ခဲ့ဘူးလား”။
တော်ဦးစို့။ တော်ဦးစို့။ ဝေဖန်ရေးနဲ့ လေကန်ရေးဆိုတာ တော်ရုံပဲကောင်းတယ်။ များလာရင် အတင်းတုတ်သလိုဖြစ်သွားမှာ စိုးရသေး။
ကြားရ ကြားရ နားဝမှာ မချမ်းသာဆိုသလို မောင်ကာကြီးအတွက် ကြားရလေတိုင်း စိတ်မကောင်းခြင်းများစွာ ဖြစ်ရတာက ကျောင်းသားများ ဆန္ဒပြနေကျသည့်အရေး။ ဆန္ဒတောင် ရိုးရိုးပြတာမဟုတ်ဘူးနော်… ကျောင်းလုံးကျွတ်ကိုမှ ပါဖေါင်းမန့် (performance) အပြည့်နဲ့ ပြတာဆိုပဲ။ ဘာအတွက် ဘာကြောင့် ပြရတယ်ဆိုတာကို အသေးစိတ်မသိပေမယ့် သူတို့ရဲ့ ပြပုံပြနည်းကိုတော့ သဘောမတွေလှ။ (ပြရပုံ အကြောင်းကို သိလဲမသိချင်ပါဘူး။ မူးပေးတော့ မတ်တောင်း။ မတ်ပေးတော့ ကျပ်တောင်းဆိုတဲ့ ကိစ္စမျိုးပဲဖြစ်မှာပါ။ ဒါကိုကလဲ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ပဲ ဆိုရလေမလား)။ ဒါနဲ့ မေးပါရစေဦး တက်ကြွမောင်မယ် တို့ရေ။ မကျေနပ်တာက ဥပဒေကိုဆို။ ဘာလို့ မင်းတို့ရဲ့ ဂုဏ်ယူစရာ သိက္ခာရှင်ဖြစ်တဲ့ ဘွဲ့ဝတ်စုံကို ရန်မယ်ရှာနေရတာလဲကွာ။ ဒီဘွဲ့ဝတ်စုံဆိုတာ ကျောင်းသားတိုင်းရဲ့ အထွဋ်အမြတ်ထားရတဲ့အရာပါ။ ဒီလိုကြီးတော့ ပေါ့ပျက်သွားအောင် မလုပ်ကျပါနဲ့ကွာ။ ဒီလိုပြောလို့ “ကျုပ်တို့က ကျောင်းကြီးတက်ပြီးလို့ ဘွဲ့ဝတ်စုံကို ဝတ်ခွင့်ရတဲ့ ဘွဲ့ရတစ်ယောက်ဖြစ်တော့ကော ဘာထူးလို့လဲ။ ဘာအလုပ်မှ ကောင်းကောင်း မရပါဘူးဗျာ”လို့တော့ စောဒကမတက်ကျနဲ့လေ။ ပညာဆိုတာ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။
မောင်ကာကြီးရဲ့ ပတ်ဝန်းမှာ မြင်ရတွေ့ရတာကို ဥပမာပေးရရင် အခုလက်ရှိ နိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ အခြေခံလစာဟာ တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲထပ်မပိုပါဘူး။ အဲ့ဒီ့ထက်လျော့ပြီး ခုနှစ်သောင်း ရှစ်သောင်းနဲ့ အလုပ်လုပ်နေရသူတွေလဲ အများကြီးပါ။ ဒါပေမယ့် ဒီအင်ဂျင်နီယာတွေရဲ့ လက်အောက်မှာ အလုပ်လုပ်နေရတဲ့ ပန်းရံသမားတွေကတော့ တစ်နေ့ကို အနည်းဆုံး ငါးထောင်။ တစ်လကို တနင်္ဂနွေ၄ရက်ဖယ်ပြီးတွက်ကြည့် သူတို့ရဲ့ တစ်လစာ ဝင်ငွေဟာ တစ်သိန်းသုံးသောင်းတောင်ရှိနေတယ်။ ဒါကိုကြည့်ပြီး “ဟ ငါတို့ အင်ဂျင်နီယာလစာက ပန်းရံတွေရဲ့ လစာပဲရှိတယ်”ဆိုပြီး ကိုယ်ရခဲ့တဲ့ ဘွဲ့ကိုတော့မစော်ကားနဲ့လေ။ နေပူမှာ လုပ်ရတာချင်း တူနေရင်တောင် ပန်ရံလုပ်ရတာ အလုပ်ကြမ်း၊ အင်ဂျင်နီယာ လုပ်ရတာက ဟောက်စားပါ။ အရမ်းသက်သာပါတယ်။
နောက်ပြီးတော့ မြန်မာစာ ဘွဲ့ရတစ်ယောက်က ကုမ္ပဏီမှာ စာရင်းကိုင်လျှောက်ဖို့မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူသင်ခဲ့တဲ့ ပညာက ကျောက်စာဖတ်နည်းတို့ ဘာတို့လို့ စာတွေ၊ စာရင်းကိုင်လုပ်ဖို့က အတွက်ချက်ပိုင်နေမှ။ ဒီပညာနဲ့ ဒီအလုပ်နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း။ မဆိုင်ရေးချမဆိုင်။ ဒါကိုမှာသွားပြီး ဘွဲ့ရဖြစ်တဲ့ငါက အလုပ်မရပဲ ဟိုဘွဲ့မရတဲ့ကောင်က ဘာလို့အလုပ်ရလဲသွားမမေးနဲ့။ သူ့ဆီမှာ လုပ်ငန်းနဲ့ဆိုင်တဲ့ စာရင်းကိုင်သင်တန်း အောင်လက်မှတ်ရှိတယ်ဆိုတာမြင်အောင်ကြည့်ပေါ့။ ဒါကလဲ အတန်းပညာ မဟုတ်ပေမယ့် သက်မွေးပညာလက်မှတ်တစ်ခုကြောင့် ရခဲ့တဲ့ အောင်မြင်မှုပါ။ (မြန်မာစာဘွဲ့နဲ့ ဥပမာပေးမိလို့ မောင်ကာကြီးကို အပြစ်အမြင်စေချင်။ တစ်ကယ်တော့ မြန်မာစာဆို မောင်ကာကြီးအနှစ်သက်ဆုံး ဖြစ်နိုင်ရင် ထပ်လိုချင်သေးတဲ့ဘွဲ့ပါ။ ဒါကြောင့်လဲ ကိုယ်အထင်ကြီးတဲ့ ဘွဲ့ကို ဥပမာပြုမိတာပါ)
ပြောရင်းပြောရင်းနဲ့ စာတွေတောင် တော်တော်ဟုန်သွားပြီ။ တိုတိုနဲ့ပြောရရင်တော့။ ဒီလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီးဆန္ဒပြတာ မောင်ကာကြီးက မကြိုက်ဘူးဗျာ။ ဘာလို့မကြိုက်လဲမေးရင်း ကိုယ့်ပညာကို တန်ဖိုးမထားသလိုဖြစ်နေလို့ဗျာ။ ကဲပြီးရော။
နိဂုံးချုပ်အနေနဲ့တော့ မဆိုရတာ ကြာပြီဖြစ်တဲ့ “မြန်မာနိုင်ပြီ။ ဒို့မြန်မာနိုင်ပြီ” သီချင်းလေးဆိုရင်းနဲ့ပဲ အဆုံးသတ်ပါရစေဗျို့။
ဪ… သူငယ်ချင်းတို့ကို တစ်ခုတော့ သတိပေးရဦးမယ်။ ဘယ်တော့မှ နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းကို အားကြိုးမာန်တက် အားပေးမယ်မကြံနဲ့။ သူတို့က အားပေးမယ့်သူမရှိမှ ဖလားရတာ… … … ။
လွန်တာရှိရင် ဝန္ဒာမိပါ
Courage
10 comments
Mr. MarGa
September 9, 2014 at 9:05 am
ဖြစ်နိုင်ချေများနေတယ် :mrgreenn: :mrgreenn:
kyeemite
September 9, 2014 at 9:48 am
.အဲ့လိုပြောသူတွေဟာ ကြိုးစားချင်စိတ်မရှိသူတွေပဲ…တကယ်ကတော့လေ့လာသင်ယူစရာတွေအားလုံးက
.ဘွဲ့ရပြီးမှစတာပါ… :boss:
ခင် ခ
September 9, 2014 at 10:41 am
ဘိုးတော်ကြီး နားကြပ်မတပ်တတ်တဲ့ကိစ္စကတော့ မြန်မာလူကြီးတွေ နည်းပညာဆိုင်ရာ အသုံးအဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပုံမရလို့နေမှာပါ အသက်ကြီးတာနဲ့ မဆိုင်ဘူးထင်ပါတယ်၊ ကျုပ်ရောက်ဖူးတဲ့ အခြားတိုင်းပြည်တစ်ခုကစားသောက်ဆိုင်မှာ ( ၄ နှစ်)အရွယ်ကလေးက တက်ပလက် ကိုသူ့ဖာသာဖွင့်ပြီး နားကြပ်တပ်ကာ ဂိမ်းဆော့တာကို မြင်တွေ့ဖူးပါရဲ့ဗျာ ကလေးက( ၄ နှစ်)နော် အရွယ် ဘယ်လောက်လဲသူ့မိခင်စပ်စုမေးမိတော့ သိရတာ၊ ဒါကို နားကြပ်တောင် အဖြစ်ရှိအောင်မတပ်တတ်တဲ့ သမ္မတအုပ်ချုပ်သောနိုင်ငံက အခြားအာစီယံနိုင်ငံ တွေနဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ ပြောထွက်ကြတာကို အံပါရဲ့ဗျာ။
ခေါင်းလောင်းကြီးကို နဂါးတွေက လက်လွှတ်မခံနိုင်လို့ ဆိုင်းထားတဲ့ကြိုးတွေကို နဂါးတန်းခိုးနဲ့ ဖြတ်ပစ်လိုက်ပြီ နဂါးပေါင်းတစ်ထောင်စွမ်းအားဆောင်က ခေါင်လောင်းကြီးကို ရစ်ပတ်ကာထားနေတဲ့အတွက် အားမတန်လို့မန်လျော့ခဲ့ရပြီး ရေပေါ်ကိုဖော်လို့မရလို့ဆိုကာဇတ်သိမ်းနေအုံးမှဖြင့် ခေါင်းလောင်းနဲ့နဂါး မင်းကြည့်လိုရင် ရေငုတ်ပြီးလေ့လာရေးနောင်လုပ်ရဖို့မြင်တယ်လေ။
ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ငါဘွဲ့ရပါဆိုကာ ဘယ်သူမှ အလုပ်မသွားကြဘူး၊ ဘွဲ့ဝတ်စုံသည် ဘွဲ့နှင်းသဘင် အခန်းအနား ဘွဲ့ယူစဉ်တာ ဝတ်စင်ကြတဲ့ အသုံးအဆောင်ဝတ်ရုံသာဖြစ်တယ်လေ၊ ဒါကို ဘွဲ့ရတဲ့ သူတိုင်း သိကြဖို့လိုတယ်၊ ဘယ်နိုင်ငံဖြစ်ဖြစ် ဒီလိုဘဲ ဝတ်ကြတာပါ။ ဘွဲ့တစ်ခုဆိုတာ မိမိအရည်အသွေးတစ်ခု သတ်မှတ်ချက်သာဖြစ်ပြီး ထိုအရည်အသွေးကို တောက်ပြောင်လာအောင်ကား မိမိကိုယ်တိုင် ကြိုးစားမှု လုံလအားထုတ်ခြင်းဖြင့်သာ ပြုနိုင်တယ်ဆိုတာ ပညာတတ်ဆိုရင် အသိပညာက အလိုလိုတွေးခေါ် တတ်ရပါမယ်၊ ဘွဲ့ရဖြစ်လို့ ပဲပြုတ်မရောင်းရဘူးလား ဘွဲ့ရတွေ ဆိုက်ကားနင်း စပယ်ယာမလုပ်ရတော့ ဘူးလား မဆိုင်လေစွ မဆိုင်ပါသကော ” အလုပ်ဟူသမျှ ဂုဏ်ရှိစွ ” ဟူသော စကားရပ်ရဲ့ အဓိပ္ပါယ်ကိုသာ သေချာနားလည်တဲ့သူတိုင်း အဲလိုမလုပ်ဘူးလို့သာပြောရမယ်လေ။
အစိုးရကလည်း အားပေး လား မပေးလား လေ့လာပါအုံးဗျ မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ သီချင်းကို ဗာရှင်းအသစ်နဲ့ ပြန်ဆိုသင့်လေပြီလဲ ခုတော့ နိုင်မယ့်ပုံမပေါ်လို့ ပစ်ထားပြီး မထင်မှတ်ဘဲ နိုင်လေမှ ဓာတ်ပြားဟောင်းကြီးပြန်ရှာရှာနေတာကလည်းးးးးးးးးးးးးးးးး
ဝင့်ပြုံးမြင့်
September 9, 2014 at 10:46 am
နန်းချခံ မယ်လေး ရဲ့ကိစ္စကတော့ အသက်ငယ်ငယ် မအူမလယ်ခံရတယ်လို့ပဲ ထင်ပါတယ်။ ပေါက်စနမိန်းကလေးတစ်ယောက်ကို ချောလှချည်ရဲ့ လှလှချည်ရဲ့ ဆိုပြီး ဘယ်သူကမှ ငွေတစ်ပြား မပေးပါဘူး။ အပြင်မှာ သူတို့ထက် ချောတဲ့လှတဲ့မိန်းမတွေ တစ်ပုံကြီး။ ဒါကို သဘောပေါက်လွဲတယ်လို့ပဲ ထင်တယ်။ ဒါလုပ်ငန်းသဘော။ သူတို့ကကိုယ့်ကို တင်ပေးတယ်။ ကိုယ်က သူတို့ကို ငွေရှာပေးရမယ်။ အဲဒါကြီးကို နားမလည်လို့ ဒီကအဖွဲ့အစည်းနဲ့ရော ဟိုက အဖွဲ့အစည်းနဲ့ရော ပြသနာတက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခလေးမလေးမှာ အပြစ်မရှိဘူးလို့ထင်တယ်။ သူ့ကိုယ်သူ မပိုင်ဘူးလေ။ လူကြီးတွေချယ်လှယ်တာ ခံသွားရတာပဲ။ အခု လုပ်သင့်တာက သရဖူပြန်ပေးပြီး မြန်မာပြည်သူတွေဘက် လှည့်စကားပြောဖို့။ ဒါက ကိုယ့်ကိုတွန်းတင်မှာ။ အခုလို ရှက်ရမ်းရမ်းပြီး ကိုင်ထားတာ၊ စကားအပိုတွေ ပြောတာ အလကားပဲ။ မြန်မာပြည်သူတွေအတွက် သမီးစိတ်မကောင်းပါဘူးဆိုရင် တစ်ခွန်းတည်းနဲ့ ဒီကပြည်သူတွေက သူ့အတွက် ရင်ဘတ်ကြီးနဲ့ ဆီးခံပေးလိုက်မှာ။ (ဘာလုပ်ရမယ်ဆိုတာ ရှေ့ကကြောင်းပေးတာ ဟီး)
—-
နဂါးကိစ္စကတော့ အစ်မလည်း မပြောတတ်တော့ဘူး။ ဘာလို့လဲဆိုရင် အဲဒါကို မယုံတဲ့လူက အွန်လိုင်းပရိသတ်၊ အရပ်ထဲ လျှောက်မေးကြည့်လိုက်ပါဦး။ ယုံတဲ့လူက ပိုများတယ်ဆိုတာ သိလိမ့်မယ်။ ကိုယ်တိုင်တောင် ဒါကိုအံ့ဩသွားတာ။ နဂါးကိုယုံတဲ့လူက ပိုများပါကြောင်း။
kai
September 9, 2014 at 11:12 am
နဂါးယုံတယ်ဆိုပြီး.. ဘုရားတွေမှာ ထုထားတာပဲကြည့်…
တကယ်တော့…
နဂါးဓာတ်ပုံတပုံထုတ်ပြယုံနဲ့တင်.. အဲဒီခေါင်းလောင်း(ရှိခဲ့ရင်) ဖေါ်ဖို့လိုတဲ့ငွေ ဒေါ်လာ၁ဝသန်းမက… ဖေ့စ်ဘုတ်သူဌေးက.. ထုတ်ပေးမှာလို့.. သေချာကြောင်း.. :k:
ဆိုတော့…
.. ယုံသူတွေခံကြဦး.. ခံရစ်ကြဦး…။
=
ဟိုသာမီးလေးကိစ္စကတော့…
အဲလို ပုဂ္ဂလိကကုမ္ပဏီ ပိစိတွေရဲ့.. မယ်လုပ်ပွဲမူလရည်ရွယ်ချက်ဘာလည်း.. မသိလို့ခံရတယ်ပဲထင်….
မယ်တွေကို”လုပ်”မယ့်ပွဲ…ရယ်လို့…သိသင့်..။
ထူးပေသည့်ဆန်းရာသော်က.. အဲဒီလိုသဘာဝ..လူ့သဘာဝအတိုင်းဖြစ်နေတဲ့ကိစ္စလေးကို..
အဲဒါကို.. တနိုင်ငံလုံးအာရုံစိုက်နေတာပဲလို့.. ထင်ကြောင်း..
အိုဘယ့်…
မြန်.. မာ.. ပြည်….
kai
September 9, 2014 at 11:19 am
တကယ်တော့.. မြန်မာနဂါးက.. တကယ်ရှိဖို့ကောင်းတယ်ဗျ..
ဟင်္သာငှက်..။ ခြင်္သေ့ကို.. အမောက်တပ်.. ကနှုတ်ခြယ်တတ်တဲ့.. ပန်းဆယ်မျိုးအနုပညာမြေ.. မြန်မာက.. မြွေကိုလည်း.. အမောက်တပ်ဖို့ဝန်လေးမယ်တော့.. မထင်ပါဘူး..
မြန်မာနဂါးက..ခြေထောက်မပါတာမို့.. ရှေး..ရှေး.. မိုးပျံဒိုင်နိုဆောတွေကို စိတ်ကူးယဉ်ပုံဖေါ်တဲ့.. အနောက်တိုင်း Dragon နဲ့လည်းမတူလောက်ပါဘူး..။
ဂျပန်မှာနေတုံးတီဗီထဲ.. အထောက်အထားတချို့နဲ့.. ရှင်းပြတာကတော့.. ဂျပန်နဂါး.. စိနနဂါးက.. မိချောင်းကို ပုံစံတူယူ..စိတ်ကူးယဉ်တယ်ဆိုတာပဲ…။
တွေးစရာ.. :k:
Courage
September 9, 2014 at 2:21 pm
ကျွန်တော် ဆိုလိုတာက နဂါးရှိတယ်ဆိုတာ မယုံဘူးဘူးလို့ မဟုတ်ဘူးဗျ။ နဂါးရှိတယ်ဆိုတာ ကျွန်တော်ကတော့ အကြွင်းမဲ့ယုံတယ်။ ဘာကြောင့်ဆို ဗုဒ္ဓမြတ်စွာရဲ့ ပါရမီဖြည့်စဉ်ဘဝတွေထဲက အထင်ရှားဆုံး ဇာတ်ကြီး ဆယ်ဘွဲ့ဆိုတာမှာ ဘူရိဒါတ်နဂါးမင်းဇာတ်တော်ဆိုပြီ အတိအလင်းပါပြီးသား။ ပြီးတော့ အောင်ခြင်းရှစ်ပါးမှာလဲ နန္ဒောပနန္ဒနဂါးဆိုပြီး ပါလေရဲ့။
ဒါကြောင့် ကျွန်တော်ကတော့ နဂါးရှိတယ်ဆိုတာယုံတယ်။ သို့ပေမယ့် မယုံတာက ပြောနေတဲ့ လူရဲ့စကား မတူးခင်က မိုးပြောဂျိုးပြောနဲ့ နောက်ပိုင်းကျ အဖြားက ရှူ း ရှူ း ကျလာပါ့။
တစ်ကယ်ပါ နဂါးမင်းကြီး ခေါင်းလောင်းကြီး ကိုပြန်မပေးချင်ရင်လဲ တစ်ခါတည်းသာ မျက်စောင်းထိုးချ လိုက်စမ်းပါ။ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေမှာ လူတွေစိတ်ပြန်လည်လာစေချင်လို့
sorrow
September 9, 2014 at 12:31 pm
“ကျုပ်တို့က ကျောင်းကြီးတက်ပြီးလို့ ဘွဲ့ဝတ်စုံကို ဝတ်ခွင့်ရတဲ့ ဘွဲ့ရတစ်ယောက်ဖြစ်တော့ကော ဘာထူးလို့လဲ။ ဘာအလုပ်မှ ကောင်းကောင်း မရပါဘူးဗျာ”….ကျော့်အမြင်က တော့ ဘွဲ့ရပေမယ့် တခြားကြိုးစားအားထုတ်မှု အလွန်နိမ့်လို့ပါခင်ဗျ ။
ဆိုင်ရာနယ်ပယ်…( လုပ်ချင်တဲ့အလုပ် ) အတွက် လိုအပ်တဲ့ ဗဟုသုတလေ့လာဆည်းပူးမှု အလွန်အားနည်းနေတယ်ခင်ဗျ…ဆိုကြပါစို့ဗျာ… လေကြောင်းလိုင်းမှာတော့အလုပ်လိုချင်တယ် ။ အင်္ဂလိပ်စာအားနည်းတယ်..။ ပေါင်းသင်းဆက်ဆံရေး အားနည်းတယ် ဆိုတော့ ဘယ်လိုမှ အလုပ်ရဖို့မလွယ်တဲ့အဖြစ်ပါခင်ဗျ ။ မကြာတော့မယ့်ကာလ မှာ .. AEC နယ်ပယ်အသစ်ဖြစ်လာမယ့် Free Trade Area ကြီးမှာ တခြား ဒေသတွင်းအင်အားကြီးနိုင်ငံတွေက နည်းပညာမြင့်လုပ်သားတွေ စိမ့်ဝင်လာမှာကို မကြောက်ကြဘူးလားမသိ….စကားအတင်းစပ်…..The Report Myanmar 2014 ဖတ်ချင်သူများဆက်သွယ်ပါခင်ဗျ ။
kai
September 9, 2014 at 3:39 pm
ဖတ်လိုပါတယ်ခင်ဗျ…
kai@myanmargazette.net ကိုပို့ပေးပါခင်ဗျ….
ဒါမှမဟုတ်.. ဘယ်လာယူရမလည်း.. ပြောပါ..။
(ခေါင်းဟောင်းလောင်း နဂါးမင်းခံတွင်းထဲ ဆင်းယူရမယ်တော့ မလုပ်ပါနဲ့နော.. ) :k:
kyeemite
September 10, 2014 at 9:33 am
http://burma.irrawaddy.org/satire/2014/09/09/64368.html
:k: