မိုးတွေရွာရင်….
မိုးတွေရွာရင်…. တဲ့ ခေါင်းစဉ်လေးကို ဆက်ပြီး ကဗျာစပ်လိုက်မိပါတယ်။
တိတ်တိတ်ရင်ထဲ
လွမ်းနေဆဲမို့
မသည်းပါနဲ့
တောင်းပန်ပါတယ်
ရွှေမိုးညိုရယ်…
အင်း ဒီနေ့တော့ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း အတိတ်ခြေရာလေးတွေကို ပြန်ကောက်ကြည့်မိပါတယ်။ မိုးတွေရွာနေကြပြီ။ မနောလည်း ဇူလိုင်လမှာ မွေးပြီး မိုးရာသီကို မေ့ထားလို့ ဖြစ်ပါ့မလား။ ဘယ်မေ့လို့ ဖြစ်မလဲနော်။ ကိုယ့်ရဲ့ မွေးလတောင် မေ့ပြီဆိုတော့ ဘယ်ကောင်းမလဲနော်။ သဘာဝတရားကြီးက အံ့ဩဖို့ ကောင်းတယ်နော်။ နွေ၊ မိုး၊ ဆောင်း ဆိုပြီ လုပ်ပေးထားတာကို တွေးကြည့်မိသွားတယ်။ အဲဒီထဲမှာ မနောရဲ့ မွေးလက မိုးရာသီ လာဖြစ်နေတာသာ ကြည့်တော့။ ပြီးတော့ လမ်းက အလှူခံမှာ အော်နေတာကို ပြန်ကြားယောင်မိတယ်။ ဘာလဲသိလား။ ရေဗူးနဲ့ ဖိနပ်မပါ၊ နွေအခါမှ သိဆိုတာလေ။ မနောကတော့ ထီးနဲ့ ဖိနပ် မရှိ၊ မိုးအခါမှသိဆိုတာလို ဖြစ်နေပြီပေါ့။ ထီးက အသစ်မဝယ်နိုင်လို့ အဟောင်းလေးပဲ ကိုင်နေရတယ်လေ။ ဖိနပ်ကတော့ တစ်လ သုံးလေးရံလောက် ပျက်နေတော့ မေမေက သံဖိနပ်ဝယ်ပေးမယ်တဲ့ ဟီးဟီး၊ ‘ဒါတောင် ပျက်ဦးမှာပဲတဲ့။ အင်း ဆိုလိုရင်းတောင် ပျောက်တော့မယ်။ ခေါင်းစဉ်က ဘာတဲ့ မိုးတွေရွာရင်တဲ့။ မနောလေ မိုးရာသီကို အရမ်း နှစ်သက်တယ်။ ဘာလို့လဲဆိုတော့ မနောကို မိုးတွင်း ဝါဆိုလမှာ မွေးခဲ့ခြင်းက စခဲ့တာပေါ့။ ဘာတဲ့ ဝါဆို ဝါခေါင် ရေဖောင်ဖောင်တဲ့။ မိုးတွင်းမှာ မွေးခဲ့လို့လား မသိဘူး။ မိုးရွာရင် အရမ်းပျော်တယ်။ ငယ်ငယ်လေးကတည်းက မိုးသံကြားရင် ထွက်ဆော့ဖို့ပြင်တော့ လူကြီးတွေက မျက်စိနာမယ် ထွက်မဆော့ရဘူးတဲ့။ မနောပဲ ဘယ်ရမလဲ မဆော့ပါဘူး။ လက်ဆေးမလို့ဆိုပြီး ရွာနေတဲ့မိုးကို လက်နဲ့ခံပြီး ဆော့တာပေါ့။ ပြီးတော့ လူပါ ရေတွေ စိုကုန်ရော ဒါနဲ့ မထူးတော့ဘူး ရေချိုးလိုက်မယ်နော်ဆိုပြီး ခြံထဲဆင်းဆော့ရရော။ ဘယ်လောက် အကြံပိုင်လဲ။ ဒါက လူမှန်းသိတတ်စကလေ။ အဲ နည်းနည်းကြီးလာတော့ အိမ်မှာက အစ်ကိုဝမ်းကွဲကလည်း ရှိတော့ ဆော့တဲ့အဖော်ရတယ်လေ။ မနောက ငယ်ငယ် လေးကတည်းက ဘောလုံးကန်တာ ဝါသနာပါတယ်။ အစ်ကိုဝမ်းကွဲနဲ့ဆော့တော့ ပိုဆိုးတာပေါ့။ မိုးရွာရင် အရမ်းပျော်တာ ဘာလို့လည်းဆိုတော့ ဘောလုံးကန်ရတော့မှာကိုး။ ပြီးရင် ဖေဖေက စက်ဘီးခွေဖြုတ်ထားပေးထားတော့ ခွေလှိမ့်ကစားသေးတယ်။ အဲ သီချင်းကလည်း အော်ဆိုသေးတယ်။
မိုးရွာရင်__ မိုးရေချိုးမယ်__ မေမေလာရင် နို့စို့မယ်__ ဖေဖေလာရင် အုန်းသီးခွဲစားမယ်__ ငယ်ငယ်တုန်းက ဆိုတဲ့ သီချင်းလေ။ အဲ နည်းနည်းကြီးလာတော့ ကိုင်ဇာရဲ့ သီချင်းပြောင်းသွားတာပေါ့။ မိုးတွေရွာရင်__ ငယ်ငယ်တုန်းကအကြောင်း ပြန်ပြောင်းသတိရပါတယ်__ ကျောင်းသွားအတူတူ__ ကစားလည်း အတူတူပဲကွယ်__ နှောင်းအတိတ်မှာ ပျော်စရာ အောက်မေ့ပါသေးတယ်…….
ပြီးတော့ အစ်ကိုနဲ့က အသက်ကလည်း သိပ်မကွာတော့ ဆော့လိုက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်ပေါ့။ ပြီးရင် အနိုင်ရမှ ကျေနပ်တတ်တဲ့ မနောကိုလည်း အလိုလိုက်ရသေးတယ်။ အဲ နည်းနည်း ကြီးလာတော့ ခွေမလှိမ့်တော့ဘူး။ ဘောလုံးကန်တယ်။ ဘောလီဘော ကစားတယ်။ ပြီးတော့ မိုးရွာထဲမှာ စက်ဘီးစီးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ပြီးရင် အစ်ကိုနဲ့ ကော်ဖီ တစ်ခွက်ကြေးဆိုပြီး စက်ဘီးပြိုင်နင်းသေးတာ။ မိုးတွေအရမ်းရွာရင်တော့ စက်ဘီး မစီးခိုင်းဘူး။ လူကြီးတွေက အိမ်နားမှာဘဲ ဆော့လို့ပြောရော။ ခဏနေရင် တက်ရမယ်တဲ့။ မိုးရေထဲ မဆော့ရမှာစိုးလို့ ဟုတ်ကဲ့ပေါ့။ ပြီးတော့ အအေးပတ်ခါမှ ပတ်ရော တော်တော်နဲ့ အိမ်ပေါ်ကို ပြန်မတက်တော့ဘူး။ အဲ တော်တော်ကြီးလာတော့ ထွက်ဆော့ဖို့ ခွင့်မပေးတော့ဘူး။ ဒီတော့ ဘာလုပ်လဲ မိုးရေထဲမှာ ထီးမပါ၊ အဆောင်းမပါဘဲနဲ့ လျှောက်သွားတာပေါ့။
မိုးတွင်းကို နှစ်သက်ပေမဲ့ မိုးခြိမ်းရင် အရမ်းကြောက်တယ်။ ငယ်တုန်း ကတော့ မေမေကို မေးကြည့်တော့ မလိမ်မာတဲ့ကလေးတွေကို ခေါ်မလို့တဲ့။ အဲဒါကို ဖေဖေကို ထပ်မေးကြည့်တာပေါ့။ ဖေဖေကပြောတော့ မိုးပေါ်မှာ သိကြားမင်းနဲ့ အသူရာ စစ်ဖြစ်နေတာ တဲ့။ ဟင် ဘယ်ဟာက အမှန်လဲပေါ့ စဉ်းစားသေးတယ်။ ဪ သူတို့ ဘာဖြစ်ဖြစ်ပေါ့။ ကိုယ်ကတော့ မိုးရေထဲ ထွက်ဆော့မြဲပဲလေ။ ဒါနဲ့ မေမေပြောတဲ့စကားကြောင့် မိုးရေထဲ မထွက်ဘဲ နေလိုက်သေးတယ်။ ဘာလဲဆိုတော့ မိုးဘာလို့ ရွာတာလဲလို့ မေးကြည့်တာကို မိုးပေါ်က နတ်သားတွေ သေးပေါက်ချတာတဲ့။ အဲဒါနဲ့ ဟာ… ‘ဒါဆို ဒီရေတွေက ညစ်ပတ် တာပေါ့ ဆိုပြီး အိမ်ထဲမှာ စာအုပ်ဖတ်ရင်း အောင်းဖြစ်သေးတယ်။ အဲ နောက်တော့ မရပါဘူး။ ထွက်တာပါဘဲ။ ကျောင်းတက်တော့ လူကြီးတွေက မိုးတွင်းရောက်ရင် စိတ်ညစ်တယ်တဲ့။ မနောကတော့ ပျော်တာပေါ့။ ကျောင်းသွားတုန်း မိုးက ဗြုန်းဆိုရွာပါလေရော၊ အရမ်းသည်းတော့ တစ်ကိုယ်လုံး စိုကုန်ရောလေ။ ကျောင်းရောက်တော့ လဲစရာမပါတော့ ဆရာမက ပြန်ခိုင်းရော။ ဟား ဟား ဟား ပျော်လိုက်တာ အရမ်းပဲ။ ဘယ်ရမလဲ နှစ်ခါ မပြောရဘူး ပြန်တာပေါ့။ တက္ကသိုလ်တက်တော့လည်း ဒီလိုဘဲ မိုးရေထဲလျှောက်သွားရတာကို နှစ်သက်တယ်။ ထီးပါရင်လည်း သူများပေးဆောင်းလိုက်တာပဲ။ အဲ စိုးလွင်လွင်သီချင်းကို လည်း သတိရမိတယ်။
မိုးတွေရွာတိုင်း__ လွမ်းမျက်ရည်တွေဝိုင်း__ လွမ်းစရာ အရာရာ ဖြစ်ခဲ့ပြီ__ သို့ပေမဲ့လဲလေ__ နယ်မြေခြင်း__စည်းခြားခဲ့ပြီ ဆိုတဲ့ သီချင်းလေ။ ဟုတ်တာပေါ့။ အမိတက္ကသိုလ်မြေကို ကျောခိုင်းထွက်ခွာခဲ့ရပြီလေ။ ကျောင်းကြီးကို လွမ်းပေမဲ့ ဝေးခဲ့ရပြီလေ။ မနောလေ မိုးရာသီရောက်တိုင်း ပျော်ခဲ့ပေမယ့် မနှစ်က နှစ်မိုးရာသီကို အရမ်းမုန်းမိတယ်။ နာလည်း နာကျင်မိတယ်။ မနောတို့သူငယ်ချင်းတွေအားလုံးက မထင်မှတ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုကြောင့်ပေါ့။ မနှစ်ကတော့ မိုးရွာရုံတင်မကဘူး။ လယ်သမားတွေရော၊ လူတွေအားလုံးကိုရော အကြီးအကျယ်စိတ်ဆင်းရဲစေခဲ့တဲ့ မိုးရာသီ အဝင်ဖြစ်လာခဲ့တယ်လေ။ မနောလေ ဒီသတင်းကို လုံးဝ မထင်မှတ်ထားဘူး။ ခုထိလည်း လုံးဝမယုံကြည်သေးဘူး။ ဒီသတင်းကို သယ်ဆောင်လာတဲ့သူကတော့ မနောတို့အဖွဲ့ထဲက တစ်ယောက်ပေါ့။ သူက သူ့ရဲ့ မင်္ဂလာဆောင်ကို လိုက်ဖိတ်တယ်။ အရင်ဆုံး ကျောင်းတုန်းက နှိပ်စက်ခဲ့တဲ့ ဆရာမတွေကို သွားဖိတ်ခဲ့တယ်လေ။ အဲဒီမှာ မေဂျာက ဆရာမကို ဖိတ်ပြီး နောက်တော့ မနောတို့ကို အစစအရာရာ အလိုလိုက်၊ သည်းခံခွင့်လွှတ်ပြီး အရာရာ သွန်သင်လမ်းပြပေးတဲ့ ဆရာမနောက်တစ်ယောက်ကို ဖိတ်မလို့ ဖိတ်စာမှာ နာမည်လေးရေးထားပြီး သွားပေးတဲ့အချိန်မှာ ဆရာမဟာ လူ့လောကကြီးမှာ မရှိတော့ဘူးတဲ့။ ကြားလိုက်ရတဲ့ သတင်းဟာ မယုံကြည်နိုင်လောက်ဘူး။
‘ဒီတော့ သူငယ်ချင်းက မနောက်ပါနဲ့ ဆရာမရယ် ပေါ့။ မေဂျာဆရာမက အဖြစ်အပျက်ဟာ မြန်ဆန်လွန်းပါတယ်တဲ့။ မင်းတို့တွေ မင်းတို့ချစ်တဲ့ ဆရာမအကြောင်းတောင် မသိလိုက်ရဘူးနော်တဲ့။ ရင်ထဲမှာ တော်တော်ကို စို့သွားတယ်။ ဘာဖြစ်လို့လဲ ဆရာမရယ်လို့ မေးလိုက်တော့ စိတ်ကို ခိုင်ခိုင်ထားကြပါတပည့်တို့ရယ် ဆိုပြီး ရေတွေကြီးပြီး မိုးတွေအရမ်းရွာနေတဲ့တစ်နေ့မှာတဲ့ သူ တာဝန်ကျရာ မြို့ကို ပြန်အသွားမှာ ကားမှောက်တာတဲ့။ ကားပေါ်မှာပါတဲ့သူတွေအားလုံး ပွဲချင်းပြီး ဆုံးကြတာတဲ့။ အဲဒီထဲမှာ မင်းတို့ချစ်တဲ့ ဆရာမပါသွားတယ်တဲ့။ ဆရာမရယ် ဒါဟာ မဖြစ်နိုင်ပါဘူး။ ဆရာမ နားကြားလွဲတာ ဖြစ်ပါလိမ့်မယ်လို့ ပြောရင်း မယုံကြည်နိုင်စွာပဲ မနောတို့တွေ အားလုံးဟာ မိုးရေတွေနဲ့အတူ မျက်ရည် မိုးတွေ ရွာပြီး ပြန်ခဲ့ကြရပါတယ်။ ဆရာမက တရားနဲ့ ဖြေကြပါ သားတို့ သမီးတို့ရယ်တဲ့။ ဖြစ်လာမှတော့ ဘယ်တတ်နိုင်မှာလဲတဲ့။ အဲဒါနဲ့ သူငယ်ချင်းက သူ့ရဲ့ဖိတ်စာလေးကို လက်နှင့် ဆုပ်ထားလိုက်တာ လက်ထဲမှာ ဆရာမရဲ့ နာမည်လေးဟာ ကြေမွလို့ပေါ့။ ကိုယ့်ပေါ်ကို ကောင်းတဲ့ဆရာမ ဆုံးရှုံးတာကို တရားနဲ့ဖြေလို့ ဘယ်ရမလဲ။ ခုတော့ မနောလေ မိုးရာသီကို အရမ်းကြီး မမုန်းပေမဲ့ မိုးရာသီရောက်တိုင်း ဆရာမကို လွမ်းတဲ့စိတ်၊ သတိရတဲ့စိတ်က ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တော့ပါဘူး။ မနောတစ်ယောက်ထဲတင် မဟုတ်ပါဘူး လေ။ သူငယ်ချင်းအားလုံးရဲ့ရင်ထဲမှာ မိုးရာသီကို အမြဲသတိရတမ်းတနေမိကြမှာ အမှန်ပါဘဲ။
ဟော အပြင်မှာ မိုးတွေရွာနေတယ်။
လေဟာနယ်မှာ မိုးတွေရွာနေတယ်။
နေရာတိုင်းမှာ မိုးတွေရွာနေတယ်။
ရင်ထဲမှာလည်း မိုးတွေရွာနေတယ်။
ဒါပေမဲ့လေ…
ရင်ထဲမှာ ရွာနေတဲ့မိုးက ပိုပြီး သည်းထန်နေပါတယ်။
ဆရာမတစ်ယောက် ဒီလို အဖြစ်ဆိုးမျိုးနဲ့ ဘဝဆက်တိုင်း မကြုံမိပါစေနဲ့လို့ မနောဆုတောင်း နေမိပါတယ်။ (ဆရာမ ကောင်းရာသုဂတိလားပါစေ)
6 comments
မင်း ခန့် ကျော်
September 9, 2014 at 12:31 pm
မိုးသည်းသည်းမှာ
ခြေဗလာနဲ့
ငယ်စဉ်အရွယ်မှာ
လယ်ကွင်းတွေသွား(ပြီး)
ပုဇွန်(ကဏန်းနှိက်)ခဲ့တာ။
မိုးသည်းသည်းမှာ
ဝါးခမောက်ကြီးနဲ့
ကျောင်းကအဆင်း
အိမ်ပြန်လမ်းမှာ
လွယ်အိတ်ပိုက်ပြီး
ပြေခဲ့ရတာ။
မိုးသည်းသည်းမှာ
လှေငယ်တစင်းနဲ့
အကိုနဲ့နှစ်ယောက်
ထန်းသီးမှည့်ကြွေ
လိုက်စုခဲ့တာ။
ပဲဟင်းပူပူ
ငြုပ်သီးစပ်စပ်
ရှုရှဲအရသာ
နှပ်ရည်ကျဲကျဲ
သောက်စားပျော်ပါး
မိုးသည်းသည်းမှာ
ခုတော့ မိုးသည်း
မပျော်အားနိုင်
အိုဘဲ့
မန်းမိုးးးး
ဟတ်ချို
ဟတ်ချို။
(မန္တလေး မိုးနဲ့ဓါတ်မတည့်ဘူးဗျာ)
ခင် ခ
September 9, 2014 at 12:39 pm
မန်းမှာတော့ မိုး ကောင်းကောင်းမရွာသေးလို့ မိုးမျှော်နေစဲပါဗျာ။
manawphyulay
September 9, 2014 at 1:55 pm
တကယ်လား ကဲ ရန်ကုန်မိုးတွေ မန်းကို သွားလေရော့……
kyeemite
September 9, 2014 at 2:02 pm
.စကားမစပ်..ကျုပ်လည်းဇူလိုင်မွေးတာပဲ..ကျုပ်လည်းမိုးကိုချစ်ပါတယ်…
.မနော ဆရာမအတွက်စိတ်မကောင်းပါဘူးဗျာ…
manawphyulay
September 9, 2014 at 2:23 pm
ဒါဆို လေးမိုက်နဲ့ မွေးနေ့အတူတူ ကျင်းပလို့ရတာပေါ့နော်…
ဦးဦးပါလေရာ
September 10, 2014 at 1:40 pm
.မိုး….. လား ….
.အဲဒါ ကျုပ်ရဲ့ အချစ်ဆုံး
.ဇွန်လ မိုးဦးလေဦးမှာ မွေးတာမို့
.ရန်ကုန် မရောက်ခင်အထိ မိုးရာသီကို သဘောကျတယ်…
.မိုးသဲသဲရွာနေတုန်း နှစ်ထပ် သစ်သားအိမ် အပေါ်ဆုံးထပ်မှာ
.ပြူတင်းပေါက်ကို ဖွင့် ဖျာတစ်ချပ်ခင်းပြီး
.လဘက်သုပ်တစ်ပန်းကန် နဲ့ စာတစ်အုပ်ကို အဖေါ်ပြုရတဲ့အရသာ ဘယ်လိုမှ မမေ့နိုင်…
.ရန်ကုန်ရောက်မှ ပဲ …
.မိုးကို စိတ် ကုန်တော့တယ်….
.လမ်းဘေး လမ်းလျှောက်ရင် ကားဘီးတွေက ရွှံ့ စင် တယ်
.ဘတ်စ ကားစီးရင် ဖိနပ်အပေတွေနဲ့ အနင်းခံရတယ် …
.မိုးသဲသဲရွာရင်
.ဘယ်လောက်လုံတဲ့ထီးဆောင်းဆောင်း မေးစေ့အောက် တစ်ကိုယ်လုံးရွှဲပြီး
.ဘတ်စ ကားလဲ တက်မရ တက္ကစီလဲ တားမရနဲ့…