ကြယ်တွေကြွေနေပြီ….မောင်
တစ်ဖျတ်ဖျတ်တောက်ပနေတဲ့ ကြယ်တွေကို ကျွန်မမော့ကြည့်မိနေတယ်။ ကျွန်မစောင့်ကြည့်နေတယ်။ ကြာခဲ့ပါပြီ။ မိုးတစ်ဖွဲဖွဲကျရောက်နေပေမယ့် လက်တစ်ဖက်က ထီးကိုဆုပ်ကိုင်ထားပြီ စောင့်ကြည့်နေမိတယ်။ မြစ်ကမ်းဘေးနားမှာ လူတစ်ယောက်မှရှိဘူး။ ကူးတို့ဆိပ်နားက လှေကိုစောင့်ရင် နားဖို့ထားတဲ့ ဝါးတဲအိမ်က ကတော့ ခပ်တည်းတည်း။ လှေစီးမယ့်သူမရှိတော့တဲ့အချိန်မှာ ညကမှောင်မိုက်နေတယ်။ ချောင်းရေပြင်ပေါ် မှာတော့ မိုးပေါက်တွေရဲ့ ကျရောက်မှုကြောင့် လှိုင်းပွက်ကလေးတွေက ခပ်ဖျောက်ဖျောက်ပေါ်နေတယ်။ ကြယ်တွေကတော့ မှိတ်တုတ်မှိတ်တုတ်။ တိမ်မည်းမည်းတွေ အနည်းငယ်အုပ်မိုးထားတော့ ကြယ်တွေကို သိပ်မတွေ့ရဘူး။ တစ်စုံတစ်ရာကြယ်များ ကြွေမလားလို့ပေါ့။ ဆုတောင်းဆိုတာ တောင်းတိုင်းပြည့်သလားလို့ ကျွန်မကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေသာ အဖတ်တင်ခဲ့ သလားလို့ ပြန်အဖြေထုတ်မိပြန်တယ်။ အခုတော့ ကျွန်မစောင့်ကြည့်တဲ့အချိန်ထိ ကြယ်တွေမကြွေသေးဘူး …မောင်။
……………………………………………………………………………………………………………………
မှုန်ပျပျနံနက်ခင်းဟာ နေ့တိုင်းလိုလိုပါပဲ။ အုံ့မှိုင်းမှိုင်းရာသီဥတုက ပိုသတိရလွမ်းဆွတ်နေသလိုလို။ အိမ်ရှေ့ထွက်လိုက်တာနဲ့ တူတူစိုက်ခဲ့တဲ့ ထားဝယ်ပန်းတွေဟာ ခြံစည်းရိုးအဝင်ပေါက်ဝမှာ အဆုပ်လိုက် ပွင့်နေတယ်။ ထားဝယ်ပန်းရဲ့ချိုအီအီအနံ့ကို မောင်သိပ်ကြိုက်တယ်မဟုတ်လား။ ထားဝယ်ပန်းတွေကို ကျွန်မ နမ်းကြည့်ရင်း ဝရန်တာပေါ်မှာ စိုက်ထားတဲ့ တွဲလောင်းကျနေတဲ့ သံယောဇဉ်ပင်ကလေးတွေကို ကြည့်မိတယ်။ သတိရသေးလား…..မောင်။ သံယောဇဉ်ပင်ဆိုတဲ့အတိုင်း အမျှင်မပြတ်နိုင်တဲ့ တွဲလောင်းကျနေတဲ့ ရွက်ကျပင် ပေါက်မျိုးတွေလေ။ ကျွန်မသိပ်ကြိုက်လို့ မောင်တယုတယစိုက်ပေးခဲ့တာတွေပေါ့။ အိမ်ရှေ့မြောင်းနှုတ်ခမ်း ဘေးမှာစိုက်ထားတဲ့ ရွှေသပြေပင်တွေတောင် တော်တော်ကြီးလာပြီ။ ဘုရားပန်းအတွက်ကော လှူဖို့အတွက်ပါ စိုက်ခဲ့တာ အမှတ်ရနေသေးတယ်။ နံနက်ခင်းတိုင်းမှာ ကျွန်မနဲ့မောင်စိုက်ခဲ့တဲ့အပင်တွေကို လိုက်ကြည့်ရတာ အကျင့်ဖြစ်နေပြီလေ။
ခြံထောင့်မှာ သိပ်မွှေးတဲ့ ဆိပ်ဖလူးပန်းတွေဖွေးဖွေးလှုပ်နေပြီ။ ဆိပ်ဖလူးပန်းလေးတွေကို ကျွန်မဖြည်း ညင်းစွာကောက်ယူနေတယ်။ ပြီးရင် အုန်းလက်ကလေးတွေကို သင်မယ်။ အုပ်လက်ရိုးတံလေးတွေပဲ ဆိပ်ဖလူး ပန်းလေးတွေကို သီမယ်။ ဘုရားတင်ပြီးပိုရင် ဘေးအိမ်တွေကိုလှူမယ်။ ဆိပ်ဖလူးပန်းလေးတွေသီနေရင်း ခုံပေါ်မှာ ဘေးအိမ်က ကျွန်မစားဖို့ ကောက်ညှင်းပေါင်းလာပို့ထားတယ်။ စတော်ပဲပြုတ်မွှေးမွှေးလေး ဖြူးထား တဲ့ ကောက်ညှင်းပေါင်းက မွှေးပျံ့နေတယ်။ ကောက်ညှင်းပေါင်းပုဂံကို ကျွန်မကြည့်ရင်းပြုံးမိတယ်။ မောင့်ကို သတိရလိုက်တာ။ အခုချိန်ဆိုရင် မောင်များကောက်ညှင်းပေါင်း စားချင်နေပြီးလား။ အို မောင်ဒီ့ထက်ကောင်း တာတွေလည်း စားချင်စားနေရမှာပေါ့။ ဆိပ်ဖလူးပန်းလေးတွေ သီလို့ပြီးပြီ။ ကောက်ညှင်ပေါင်းပန်းကန်လေးကို အိမ်ထဲမှာပင် ပဲဆီလေးဆမ်းပြီး စားလိုက်တယ်။ မောင်ရှိနေတုန်းကတော့ ကောက်ညှင်းပေါင်းကို နယ်ပေးနေကျ။ အခုတော့တစ်ယောက်တည်း။
……………………………………………………………………………………………………………………
နေ့လည်စာအတွက်တော့ တစ်ယောက်တည်းမို့ ထမင်းပူပူလေးကို ပဲဆီလေးဆမ်းကာ ကြက်ဥ ဟက်ဘွိုင်ကြော်လေးနှင့်သာ စားလိုက်မည်ဟု စဉ်းစားထားတယ်။ နေ့လည်မရောက်ခင်တော့ ဝရန်တာလေး မှာ စာဖတ်နေကျအလုပ်လုပ်ရဦးမယ်။ ဝရန်တာမှာရှိတဲ့ သံယောဇဉ်ပင်လေးတွေကို ရေလောင်းမည်ဟု ကျန်ကာမှ အပင်လေးများဘေးမှ စတော်ဘယ်ရီပင်လေးကို ကြည့်မိတယ်။ စတော်ဘယ်ရီရဲရဲကလေးတွေ သီးနေပြီ။ အဲသည်နေ့ တယုတယနဲ့မောင်ယူလာပေးတဲ့ ပန်းစတော်ဘယ်ရီပင်လေးကို အခုထိမျိုးမပြတ် အောင် စိုက်ထားခဲ့တယ်။ ပန်းစတော်ဘယ်ရီသေးသေးလေးတွေဟာ လှလှပပကို သီးနေပြီ။ မောင့်ကို မြင်ချင် စမ်းပါဘိ။ ကျွန်မ မောင်နဲ့တွေ့ရင်တော့ မောင်နဲ့ကျွန်မစိုက်ခဲ့တဲ့ အပင်တွေဟာ ဘယ်လိုရှင်သန်နေကြောင်း မောင့်ကို တစ်ဝကြီးပြောပြရဦးမယ်။
ညနေရောက်ရင်တော့ အိမ်ရှေ့ဘယ်ဘက်မှာစိုက်ထားတဲ့ ခရေပင်နှစ်ပင်အောက်ထိုင်မယ်။ ခရေပန်း ကောက်တဲ့ ကလေးတွေနဲ့ စကားပြောရဦးမယ်။ ကျွန်မဖတ်ဖူးခဲ့ ဆရာမခင်ခင်ထူးရဲ့ ပန်းမှောင်ရုံတောဆိုတဲ့ ရသစာစုထဲကလိုပဲပေါ့။ ဆရာမခင်ခင်ထူးဟာ သူနေထိုင်တဲ့အိမ်ရဲ့ ခြံထဲမှာ သစ်ပင် ပန်းပင် သီးပင် စားပင် အစုံကိုစိုက်ထားတယ်။ ပြီးတော့ သူနှစ်သက်တဲ့ အပင်စီတိုင်းစီတိုင်းမှာ သူလေးစားနှစ်သက်တဲ့ စာရေးဆရာကြီးတွေ ကိုယ်စားပြုစိုက်ထားတယ်။ ကျွန်မအိမ်ရှေ့က ခရေပင်လေးနှစ်ပင်ကတော့ မောင်က သူ့ဘဝကိုယ်စားပြုစိုက်ခဲ့လို့ ပြောဖူးတယ်။ မောင် ငယ်ငယ်တုန်းက ခရေပင်တွေအောက်မှာ ခရေပန်းကောက် ပြီး ခရေပန်းတွေသီရောင်းပြီး ကျောင်းစားရိတ်ရှာခဲ့ရလို့ ဘဝအမှတ်တရအနေနဲ့စိုက်ခဲ့တယ်။ ကျွန်မလည်း ညနေတိုင်း ခရေပင်တွေအောက်ထိုင် ခရေပန်းလာကောက်တ့ ကလေးတွေနဲ့ စကားတွေပြောမည်။ သူတို့လေးတွေရဲ့ ဘဝအကြောင်းကို မရိုးတမ်းနားထောင်ဦးမယ်။
……………………………………………………………………………………………………………………
ဒီနေ့တော့နေသာတယ်။ မိုးလည်းမရွာဘဲ နေဝင်ချိန်မှာ ပုစွန်ဆီရောင်ကိုတောက်လို့။ ညအမှောင်က တစ်ဖြည်းဖြည်းနဲ့ နက်လာတာနဲ့အမျှ ကြယ်ကလေးတွေက မှိတ်တုတ် မှိတ်တုတ်နဲ့ ထွက်ပေါ်လာတယ်။ ခြံအပြင်က ခရေပင်အောက်ကို ကျွန်မလှမ်းကြည့်တော့ ကျွတ်ကျွတ်အိတ်လေးတစ်လုံးနဲ့ ကလေးတစ်ယောက် ရောက်နှင့်နေပြီ။ တော်ကြာနေရင်တော့ ကလေးတွေနဲ့စကားပြောပြီး ကြယ်တွေကိုကြည့်ရဦးမယ်။ ခြံရဲ့ ဘယ်ဘက်ထောင့်မှာ စိုက်ထားတဲ့ ဇီဇဝါပင်က ဇီဇဝါပန်းရနံ့ကတော့ ခြံထဲမှာ မွှေးပျံနေတယ်။ မောင်ကတော့ ဇီဇဝါပန်းရနံ့ကို သိပ်ကြိုက်လို့ ဘယ်တော့မှမခူးဖို့မှာထားတယ်။ မောင်မှာထားတဲ့အတိုင်းပါပဲ ဇီဇဝါပန်းလေး တွေဟာ အပင်မှာတင် အဖြူရောင်ကနေ အဝါရောင်ကိုတောင်ပြောင်းပြီး ခြောက်သွေ့တဲ့အထိရှိနေဦးမှာပါပဲ။ ဇီဇဝါဆိုတာကလည်း ရော်ဝါ ဝါလာလေ ပိုမွှေးလေမဟုတ်လား။
ကြယ်ကလေးတွေစုံလာပြီ။ အချိန်ကည (၁၀)နာရီ။ ခရေပင်အောက်မှာ ကလေးတွက ခရေပန်း ကောက်လို့ကောင်းတုန်း။ (၁၀)နှစ်ခန့်ရှိပြီပေါ့။ ညတိုင်းကျွန်မကောင်းကင်ပေါ်က ကြယ်တွေကိုကြည့်ခဲ့တာ။ မောင်ကတော့ ကြယ်လေးဖြစ်ချင်တယ်တဲ့။ သိပ်စိတ်ကူးယဉ်ဆန်တယ်။ ပုံပြင်ထဲက ခွန်ဆန်လောနဲ့နန်းဦးရင် လိုပဲ ကောင်းကင်ပေါ်မှာ ကြယ်လေး(၂)လုံး တူတူရှိနေချင်တယ်တဲ့။ ဒါပေမယ့် သူတို့အဖြစ်မှာတော့ ကြားထဲမှာကြယ်သုံးလုံးခြားနားအောင် လုပ်ဆောင်တဲ့သူကရှိနေတာကိုး။ အဲသည်တုန်းကတော့ မောင်ကပြော ဖူးတယ်။ ကျွန်မတို့နှစ်ယောက် ကြယ်လေးဖြစ်ခဲ့ရင် ကျွန်မတို့ကြားမှာ ခြားနားအောင်လုပ်မယ်သူတော့ မရှိပါစေနဲ့တဲ့။ အဖြစ်အပျက်တစ်ခုက ကျွန်မရှေ့မှာတင် အံဩစရာဖြစ်ပျက်သွားတယ်။ ကြယ်တွေ ကြယ်တွေ ကျွန်မကြည့်နေရင်းနဲ့ ကြွေကျသွားတဲ့ ကြယ်(၂)စင်း။ ကျွန်မတင်မကပဲ ခရေပန်းကောက်နေတဲ့ ကလေးတွေထဲ က (၂)ယောက်(၃)ယောက် မြင်တွေ့လိုက်ရတယ်။ ကလေးတွေကတော့ ကြယ်ကြွေတာတွေ့ရင် ဆုတောင်းပြည့်တယ်ဆိုပြီး ဆုတောင်းနေလိုက်ကြတာ။
ကျွန်မရင်ထဲမှာတော့ စိုးရိမ်စိတ်ကအပြည့်။
ကျွန်မရင်ထဲမှာတော့ စိုးရိမ်စိတ်ကအပြည့်။
ကျွန်မရင်ထဲမှာတော့ စိုးရိမ်စိတ်ကအပြည့်။
……………………………………………………………………………………………………………………
ငယ်ငယ်ကဆို ကြယ်တွေကြွေရင် ပြေးကောက်ချင်နေတာ။ နောက်ပြီး ဘယ်သူမှမပြောပြဘဲ ဆုတစ်ခုကိုတောင်းနေမိတာ။ အခုတော့ ဒါတွေဟာ မဖြစ်နိုင်ဘူးဆိုတာ သိခွင့်ရခဲ့ပြီ…မောင်။ အလို နောက်ထပ်ကျွန်မနှုတ်က ထွက်ကျလာတဲ့အသံ။ ကျွန်မအသံကြောင့် ကလေးတွေက ကျွန်မကိုလှည့်ကြည့် ကြတယ်။ သူတို့ဆုတောင်းမပြည့်စေချင်လို့မဟုတ်ဘူးဆိုတာ သူတို့သိမှာမဟုတ်ပါဘူး။ ကျွန်မရှေ့မှာတင် နောက်ထပ် ကြယ်(၂)စင်းက ထပ်ပြီး ကြွေဆင်းသွားကြတယ်။ ဟုတ်တယ်လေ။ မောင်…ကျွန်မဘဝထဲက ထွက်ခွာမသွားခင်တုန်းက ကြယ်လေးဖြစ်ချင်တယ်ဆိုတဲ့ မောင့်ရဲ့….စကား။ အခုတော့ (၁၀)နှစ်ပြည့်ခဲ့ပြီ.. မောင်။ တကယ်လို့ မောင်များကြယ်လေးဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်မလည်း မောင့်နောက်လိုက်ခဲ့မယ့်အချိန် ကျရင် မောင်နဲ့အတူ ကြယ်လေးဖြစ်ချင်တာပေါ့။ ကြယ်တွေကြွေသွားတိုင်း ကျွန်မစဉ်းစားမိတယ်။ မောင်မဟုတ်ပါစေနဲ့လို့။ ကျွန်မဆုတောင်းပြည့်ချင်တယ်မောင်။ အခုတော့… ကြယ်တွေလည်း ကြွေမြဲ ကြွေနေဆဲပါပဲ။
ခြံအဝက ထားဝယ်ပန်းရနံ့တွေနဲ့ဇီဇဝါပန်းရဲ့ရနံ့တွေက ကျွန်မကိုလာရိုက်ခတ်တယ်။ ပန်းပွင့်လေး တွေကတော့ အချိန်ကြာမြင့်လာတဲ့အခါကြွေကျနေကြပြီ။ အခု ကြယ်တွေကြွေနေတာလည်း ကျွန်မမြင်နေရပြီ။
ဘဝတစ်ခုမှာ အချစ်တစ်ခုကိုတော့ အကြိမ်ကြိမ် ကျွန်မ မကြွေချင်ဘူး….မောင်။ ဝရန်တာပေါ်က သံယောဇဉ်ပင်လေးတွေက လေအဝှေ့ကြောင့် တစ်ခတ်ခတ်လှုပ်ရှားနေတယ်။ ပန်းစတော်ဘယ်ရီပင်ပေါ်က စတော်ဘယ်ရီအသီးလေးက တစ်လှုပ်လှုပ်နဲ့ ကျွန်မကိုကြည့်နေသလားပဲ။ ညကတော့ တစ်ဖြည်းဖြည်းနဲ့ နက်နက်လာတယ်။ ခရေပန်းကောက်နေတဲ့ကလေးတွေကတော့ ကျွန်မကိုနှုတ်ဆက်သွားကြတယ်။
“အဖွား သားတို့…. ပြန်တော့မယ်နော်။ မနက်ကျရင် အဖွားစားဖို့ ပဲပြုတ်ကောက်ညှင်းပေါင်း လာပို့ပေးမယ်။”
ညည့်လည်းနက်ပြီမို့ ကျွန်မရဲ့အိုဟောင်းတဲ့အိမ်လေးရဲ့ အိပ်ခန်းလေးထဲ ဝင်ရတော့မယ်။ ကြယ်တွေကြွေတာမြင်တာနဲ့ ကျွန်မစိတ်မကောင်းဖြစ်မိတာ ဘာကြောင့်မှန်းမသိဘူး။ စစ်မှန်သောအချစ်မှာ အိုဟောင်းတတ်ပါသလား။ သိပ်ချစ်သော နှစ်ဦးကြားတွင်သာရှိသော အခြားသူမသိသော အခေါ်အဝေါ်များ ပြောင်းလဲ တတ်ပါသလားဟု ကျွန်မကိုမေးမည်ဆိုလျှင် ကျွန်မကတော့ ငြင်းရဦးမည်။ အိပ်ခန်းပြတင်းပေါက်မှ ကြယ်(၁)စင်းကြွေသွားတာကို မြင်မိလိုက်သေးသည်။ မပြည့်သောဆုတစ်ခုဆိုပေမယ့် ကျွန်မတောင်းရဦးမယ်။ မောင်သာတကယ်ကြယ်လေးဖြစ်သွားရင် ကျွန်မလည်းမောင့်ဘေးက ကြယ်လေးဖြစ် ချင်ပါတယ်။ အခုတော့ ………..။
ကြယ်တွေက ကြွေနေတုန်းပင်………….။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရင်နှင့်ရင်း၍
အောင်မိုးသူ
၉ရက် စက်တင်ဘာလ ၂၀၁၄ခုနှစ်
ည ၆နာရီ ၃၈မိနစ်
6 comments
ခင် ခ
September 11, 2014 at 9:11 pm
ကြယ်တစ်လုံး၏ သက်တမ်းဘယ်လောက်ရှိလဲလို့ တွေးနေမိတယ်ဗျ
သိလားဟင် ကြယ်သက်တမ်းကိုလေ
kai
September 13, 2014 at 10:21 am
How many stars are there in the universe?
To answer “how many stars are there,” we must limit the discussion to what we can observe. Astronomers estimate that the observable universe has more than 100 billion galaxies. Our own Milky Way is home to around 300 billion stars, but it’s not representative of galaxies in general.
ကြယ်တွေ.. တရက်အလုံး တကုဋေလောက်ကြွေနေပုံရသဗျ…။ :k:
သက်တမ်းကတော့..အစားစားရှိမှာပါ..။
နေလိုကြယ်ဆိုရင်.. 10Billion နှစ်လောက်သက်တမ်း…တဲ့..။
ဆရာအောင်မိုးသူရင်နဲ့ရင်းထားတာတွေထဲ.. “တမျိုးကြီး”ဖြစ်သွားရင်ခွင်လွတ်ပါ့..။
ဇီဇီ ခင်ဇော် (15102012)
September 12, 2014 at 10:04 am
ရေးတာ အတော်ကောင်းတယ်။
ပန်းနံ့လေးတွေရော ရလာသလို
ဗိုက်လည်း ဆာ လာရော။
:s:
အောင် မိုးသူ
September 13, 2014 at 9:06 am
🙂
pooch
September 13, 2014 at 12:48 pm
ဟုတ်ပါ့ စာဖတ်ရင်းနဲ့ ပန်းနံ့ရလာတယ်
ဖတ်လို့ကောင်းတယ်
ဖတ်ရင်းနဲ့အပင်တွေကိုချစ်တတ် ခွေးချစ်တတ်တဲ့ သိုးမဲတကောင်ကိုတောင်သတိရသွားတယ် :mrgreenn:
ကိုပေါက်(မန္တလေး)
September 13, 2014 at 2:38 pm
ဖတ်ပြီးတော့ ကြယ်တွေ လို ရေ ကြွေ သွား တယ်
တစ်ဆက်တည်း စိုင်းခမ်းခုံးရဲ့ သီချင်းလေး ကို သတိ ရ သွား လို့
ပြန် ရှာ ပြီး နား ထောင် မိ တယ်
ရှမ်း အလွမ်း ဇာတ်လေး တစ် ခု ပေါ ့
စိုင်းခွန်ဆမ်လော နဲ့ နန်း ဦး ပင် တဲ့