လုံ၍ ခြုံသော “ချက်…. ချက်…. ချက်” တိတ်ဆိတ်မှုမှာ ထွက်ပေါ်နေတဲ့နာရီလက်တံရဲ့ ရွေ့လျားသံ ဟာ ကျွန်မကို သတိပေးနေလိုလို။ ကွန်ပျူတာကိုပိတ် နာရီကိုမော့ကြည့်မိတော့ (၈)နာရီနဲ့ (၂၇)မိနစ်။ ပိတ်စရာရှိတဲ့ ခလုတ် တွေကိုပိတ် အားလုံးစစ်ဆေးပြီး ရုံးအပြင်ကို ထွက်ခဲ့လိုက်တယ်။ ညမီးရောင် မှိတ်တုတ်မှိတ်တုတ်နဲ့ အတူ ရန်ကုန်မြို့ရဲ့ ညအလှက ခပ်ဝါးဝါးပဲ။ ဒီနေ့ဟာ အရင်ညတွေနဲ့မတူ လမ်းမပေါ်နဲ့ မုန့်ဆိုင် နဲ့ သောက်စားလို့ ရတဲ့ဆိုင်တွေမှာ လူစည်ကားနေတယ်။ ဟုတ်တယ် ဒီနေ့က ပေးဒေးဆိုတဲ့ လစာထုတ်ရက်ပါပဲ။ ကျွန်မအတွက် သာမာန်နေ့တွေလိုပဲ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်တယ် ဘတ်စ်ကားအလာကိုစောင့်နေလိုက်တယ်။ သာမာန်နေ့တွေနဲ့ မတူတာ တစ်ခုပဲရှိတယ်။ ပေးဒေးမို့ ရတဲ့လစာ တစ်လစာဟာ ကျွန်မရဲ့ လက်ဆွဲအိတ်ထဲမှာ ဆိုတာပါပဲ။ […]