သူမရဲ့……“June”

8748016

နံနက်စောစော မိုးရွာပြီးကာစ အိမ်ရှေ့သစ်ပင်ဖျားတို့မှ မိုးစက်ကလေးများကျသံကို ကြားကြားခင်း ကျွန်တော် သူမကိုသတိရလိုက်မိသည်။ နှုတ်မှ June လတောင်ရောက်လာပြန်ပြီပဲဟုတ် ပြက္ခဒိန်မှ First June

ကိုကြည့်ရင်း ရေရွတ်လိုက်မိ၏။ မိုးစက်ကလေးတွေနှင့် အပြေးလာသည် June ကိုသူမ သိပ်သဘောကျသည် ကို ကျွန်တော်သိသည်။ ယခုအချိန်မှာများ သူမစိတ်နှင့်ကိုယ် တစ်ထပ်တည်းကျနေပြီလားဟု ကျွန်တော်တွေး နေမိသည်။ June ဆိုသည့် အသံကြာသည်နှင့်ပင် သူမကိုကျွန်တော်ပြေးမြင်မိလိုက်၏။ သူမနှင့် June သည် ခွဲခြားလို့မရသော သက်ရှိတစ်ခုနှင့်နာမတစ်ခု ဆက်စပ်နေသော အရာဖြစ်နေသည်။ ရိုးရှင်းသောအရာများ သည် ဆန်းပြားသောအရာများထက် ပိုပြီးတက်ရှိုင်းလွန်းသည်ဟု သူမနှင့်တွေ့မှ ယုံကြည်စွာလက်ခံလိုက် ရသည်။ မိန်းမတစ်ယောက်၏စိတ်ထားနှင့်လက်များသည် နူးညံ့စွာပင် အရာရာကိုပုံဖော်စွမ်းရှိသည်ဟု သူမက သက်သေပြသွားခဲ့၏။ သူမ၏နာမည်သည် June နဲ့နီးနီးစပ်စပ် (သို့) နီးနီးကပ်ကပ်ဖြစ်နေသည့် နာမည်ဟုပင် ကျွန်တော် ကောက်ချက်ချိမိလိုက်သည်။ သူမသည် “စိမ်းသံလွင်” ဆိုသည့် နာမည်ခပ်ဆန်းဆန်းတစ်ခုကို ပိုင်ဆိုင်ထား၏။

“အဖြူရောင်သည် ငြိမ်းချမ်းခြင်းနိမိတ်ဆိုလျှင် အစိမ်းရောင်သည် အေးမြခြင်းနိမိတ်ဟု ကျွန်တော်အသိအမှတ်ပြုချင်သည်။ ထိုအသိအမှတ်ပြုခြင်းသည်။ တစ်စုံတစ်ယောက်ဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။”

 

မေ(၃၁) ၂၀၁ဝခုနှစ်

မှတ်မှတ်ရရထိုနေ့က မိုးတွေရွာနေခဲ့သည်။ ဆူးလေကားဂိတ်ရှိ J’Donut ဆိုင်လေးထဲသို့ ကျွန်တော် ဝင်း​ဝင်းချင်းပင် သူမအပြုံးကိုစတွေ့လိုက်သည်။ သူမဘေးတွင် သူမနှင်ရွယ်တူ မိန်းကလေးတစ်ယောက်ကိုပါ တွေ့လိုက်ရ၏။ အမှန်ဆိုလျှင် သူမနှင့်ကျွန်တော် အပြင်မှာ တစ်ခါမျှမဆုံဖူးသေးချေ။ အွန်လိုင်းပရဟိအဖွဲ့လေး တစ်ခုတွင် အလှူငွေထည့်ဝင်ချင်ပါသည်ဟု သူမဆက်သွယ်လာသောကြောင့် ပြင်ပတွင် ဆုံဖို့ရန် စီစဉ်လိုက် ခြင်းပင်ဖြစ်သည်။ အသားညိုညက်ညက်နှင်မို့ နက်နဲသောမျက်ခုံးနှင့် မျက်လုံးကမပေါ်သယောင် ဖြစ်ပေမယ့်လည်း သူမ၏ မျက်လုံးများမှာ အနည်းငယ်စူးသယောင်ရှိသည်။ ကျွန်တော်တွေ့မြင်ရသောထူးခြား မှု တစ်ခုမှာ သူမခေါင်းပေါ်တွင် သစ်ခက်အစိမ်းတစ်ခက်ပန်ဆင်ထားခြင်းပင်ဖြစ်သည်။ ထိုနေ့က သူမနာမည်ကို မိတ်ဆက်ရင်းပင် သိခဲ့ရသည်။ သူမနာမည်မှာ “စိမ်းသံလွင်” ဖြစ်ပြီး သူမနံဘေးတွင် အဖော်ပါ လာသူမှာ သူမ၏ညီမဖြစ်သူ “အေးမြလွင်”ဟုပင်။ ထိုနေ့က သူမနှင့်ကျွန်တော် တွေ့ဆုံခြင်းသည် ထိုမျှနှင့်ပင် အဆုံးသတ်ခဲ့သည်။

“ချစ်ခြင်းတွင် မျှော်လင့်ချက်ရှိသည်ဆိုလျှင် ထိုမျှော်လင့်ချက်သည် အရောင်တစ်ခုခုရောနှောပါဝင် နေလိမ့်မည်။ ကျွန်တော်ထင်ပါသည် ထိုအရောင်သည် အပြစ်ကင်းသော အရောင်ပင်ဖြစ်လိမ့်မည်”

 

 

 

ဇွန်(၆)ရက် ၂၀၁ဝခုနှစ် တနင်္ဂနွေ

မှောဘီမြို့အလွန် မြောင်းတကာဆိုသည့် ဒေသလေးတစ်ခုသို့ ပရဟိတအဖွဲ့နှင့်အတူ ကျွန်လိုက်ပါ ခဲ့သည်။ ကားပေါ်မှဆင်းဆင်းချင်းပင် မြင်ကွင်းထဲသို့ တစ်စုံတစ်ခုရောက်လာခဲ့သည်။ သစ်ရွက်စိမ်းလေး တစ်ခက်ပင်ဖြစ်၏။

“မစိမ်းသံလွင်”

“ဪ ကိုမိုးစွေ” ဆံပင်တစ်ချက်သပ်ကာ ကျွန်တော့်ကို ကြည့်ရင်းပြုံးပြသည်။

“ဘယ်လိုလုပ် ပါလာတာလဲဗျ။ ကျွန်တော်တောင် ခုမှတွေ့လို့”

“ဟုတ်တယ်….ကျောင်းလည်းပိတ်တာနဲ့ ဒီအလှူကို လိုက်လာခဲ့တာ”

“ဪ ဟုတ်ကဲ့…မစိမ်းသံလွင်လာလေ ဟိုဘက်လျှောက်ရအောင်”

ဘုန်းတော်ကြီးစာသင်ကျောင်းဝန်းကို လျှောက်ကြည့်ရင်းသူမကို ကျွန်တော်သတိထားမိသည်။ ခြံအတွင်းရှိ သစ်ပင်တွေကို တစ်ရှိုက်မက်မက် ကြည့်နေသည့် သူမ။ မထိန်းနိုင်တော့သည့် နှုတ်မှ လွှတ်ကနဲ ထွက်သွားမသည်။

 

“မစိမ်းသံလွင်က သစ်ခက်လေးတွေပဲ ပန်တယ်နော်”

ကျွန်တော်မေးလိုက်တော့ သူမတစ်ချက်ပြုံးရင်း

“ကျွန်မက သစ်ပင်တွေကို ချစ်တယ်။ တန်ဖိုးလည်းထားတယ် ပန်းပွင့်လှလှတွေထက် သစ်ရွက်အခက်အစိမ်းတွေကို ပိုပန်ဖြစ်တာ”

သူမကို ကျွန်တော်တစ်ချက် ငေးကြည့်မိလိုက်သည်။ အလှူကအပြန် သူမလက်ထဲတွင် ပျိုးပင်အနည်းငယ် ပါသွားသည်ကို တွေ့လိုက်ရသည်။ ကျွန်တော့်နှုတ်မှ သူမနာမည်ကို ခဏတာ ရွတ်ကြည့်မိသည်။

 

“သစ်ပင်တွေကိုချစ်တယ်”

သူမစကားကို ကျွန်တော်ပြန်စဉ်းစားမိသည်။ ကျွန်တော်သစ်ပင်တွေကို ချစ်ဖူးသလား။ ကျွန်တော် မချစ်ဖူးပေ။ ကျွန်တော်သစ်ပင်တွေကို သစ်ပင်ဟုသာ တန်ဖိုးထားခဲ့ဖူးသည်။ သစ်ပင်တွေကို ယခုအသက်အရွယ်ထိ မချစ်မိဖူးချေ။

 

“အဆင့်အတန်းဆိုသည့် အဓိပ္ပာယ်သည် ရှေးယခင်ကတည်းက ရှိခဲ့မည်ဟုထင်ပါသည်။ အဆင့်အတန်းဆိုသည့် ဝေါဟာရ ပျောက်ပျက်သွားဖို့ဆိုလျှင် ဘာတွေလိုအပ်မလဲဟု မေးခွန်းပြန်ထုတ်မိသောအခါ”

 

ဇွန်(၁၁)ရက် ၂၀၁ဝခုနှစ် သောကြာနေ့

တက္ကသိုလ်ဝင်တန်းထိ တက်ခဲ့သည့်ကျောင်းမှ ဆရာ၊ဆရာမတွေက ကျောင်းလာခဲ့ပါဦးဆိုသည်နှင့်

ခြေမချတာကြာခဲ့သော ကျောင်းဝန်းထဲသို့ ကျွန်ရောက်ရှိခဲ့သည်။ ကျောင်းဝန်းထဲမှာ ကျောင်းသူကျောင်းသား တွေသစ်ပင်စိုက်နေတာ ကြည့်မိတော့မှ ဒီနေ့ကျောင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ သစ်ပင်စိုက်ကြသတဲ့။ ကလေးတွေကို မြေကြီးတူးပေးရင်းနဲ့ မျက်လုံးထဲဝင်လာသည့် မြင်ကွင်း။ နှုတ်မှလည်း တစ်ချက်လွှတ်ကနဲ ရွတ်လိုက်မိသည်။

 

“စိမ်းသံလွင်”

 

မည်သို့မျှမတွေးမိထားသော သူမ။ သူမဝတ်ထားသည့် အကျီ င်္အဖြူ ထမီအစိမ်းနှင့် ခေါင်းပေါ်တွင် သဇင်ပန်းကဲ့သို့ အဖြူရောင်အနွယ်ပန်းများနှင့်ဖြစ်သည်။ ထမီအစိမ်းအောက်အစနားတွင် မြေကြီးများဖြင့် ကပ်ငြိနေသည်။

 

“ဒီနေ့တော့ သစ်ခက်စိမ်းမပန်တော့ပါလား မစိမ်းသံလွင်။ သဇင်ပန်းတွေလားဗျ”

နှုတ်မှထွက်သွားပြီးမှ မှားသွားသလားဟု စဉ်းစားမိလိုက်သည်။

“ကိုမိုးစွေ ဒီပန်းကို မသိဘူးထင်တယ်။ သဇင်လိုတော့ ဘယ်တော်ဝင်မလဲရှင် ဒါပေမယ့် သဇင်နဲ့သဏ္ဍာန်တူတယ်။ ဂေါ်သဇင်တဲ့ နွယ်ပင်မျိုးပဲ ဝေနေအောင်ပွင့်တတ်တာ ကျွန်မသိပ်ကြိုက်တာ။ ဒါကြောင့်တော်မဝင်ပေမယ့် ဂုဏ်ပြုတဲ့အနေနဲ့ပေါ့”

“မစိမ်းသံလွင် က ကျောင်းဆရာမလား”

“ကျွန်မက ကျောင်းဆရာမနဲ့ မတူဘူးလား”

“မဟုတ်ပါဘူးဗျာ မသိလို့ပါ”

စကားပြောအပြီး ကလေးတွေနှင့်အတူ သစ်ပင်စိုက်နေတဲ့သူမအား ကျွန်တော်ပြုံးရင်း ကြည့်နေမိသည်။

 

“တစ်ခါတစ်ရံအဝေးကြီးထင်ထားသည့်အရာများသည် ကိုယ်နှင့်နီးနီးလေးတွင် ရှိနေတတ်၏။ ထိုအရာများသည် တန်ဘိုးကြီးသော အရာများဖြစ်နေသောအခါ……”

 

ဇွန်(၁၂)ရက် ၂၀၁ဝခုနှစ် စနေနေ့

ညနေခင်း ဗိုက်ထဲကဆာသလိုလိုဖြစ်သည်နှင့် စက်ဘီလေးစီးကာ ထွက်လာခဲ့မိသည်။ မိုးအုံ့တုံ့တုံ့ နှင့်မို့ ရာသီဥတု သာယာသလိုလိုပင်။ တစ်ဖက်ရပ်ကွက်ပင် ကူးလေပြီ စားချင်သည့် စားစရာမတွေ့သေး။ မြင်တွေ့လိုက်ရသော တစ်စုံတစ်ယောက်ကြောင့် စက်ဘီးဘရိတ်ကို ရုတ်တရက် ညှစ်လိုက်မိ၏။

 

“မစိမ်းသံလွင်”

ကျွန်တော့်ခေါ်သံကြောင့် သူမတစ်ချက်လှည့်ကြည့်သည်။ မြောင်းနှုတ်ခမ်းဘေးတွင် သစ်ပင်တစ်ပင် စိုက်နေသည့် သူမလက်များတွင် မြေကြီးများပေကျန်နေသည်။

“ဟယ်…. ကိုမိုးစွေ ဘယ်ကလှည့်လာလဲ….”

“မစိမ်းသံလွင် ဒီမှာနေတာလား”

“မဟုတ်ဘူး ဒါအဒေါ်အိမ်ပါ ကျောင်းပိတ်ရက်မို့ ခဏလာနေတာလေ သစ်ပင်လည်းစိုက်ပေးရင်းနဲ့ ခြံထဲဝင်ဦးလေ ကိုမိုးစွေ”

 

သစ်သားမြောင်းကူးတံတားလေးမှ ကူးပြီး သူမခေါ်ရာခြံထဲဝင်ဝင်ချင်း အေးမြမှုကို ခံစားလိုက်ရသည်။ ရွှေသပြေဟုခေါ်သော(အာဆီယံသပြေ)ကအစ အပင်ကြီးအပင်ငယ် များဖြင့်ပြည့်နှက်နေသည်။ ဂေါ်သဇင်ပင်ကတော့ ခြံပေါက်ဝကို မှီတွယ်၍(နွယ်ပင်ဖြစ်သောကြောင့်)စိုက်ထားသည်။ မိုးရာသီဖြစ်သဖြင့် ဂေါ်သဇင်ပန်းမှာ ဝေဝေဆာဆာပွင့်နေသည်။

 

“ဒါနဲ့ မစိမ်းသံလွင်က မနေ့ကတွေ့ခဲ့တဲ့ ကျောင်းမှာ ဆရာမလုပ်တာလား ”

“မဟုတ်ပါဘူးရှင် ကျွန်မက ခရမ်း သုံးခွဘက်က ရွာလေးတစ်ရာမှာ ဆရာမလုပ်နေတာ မနေ့က အသိဆရာမတွေက လုပ်အားပေးရှိလို့လာတာ ဒီနေ့နဲ့မနက်ဖြန်လည်း ကျောင်းပိတ်တယ်ဆိုတော့ အဒေါ်အိမ်မှာတင် အိပ်လိုက်တာ နက်ဖြန်ညနေဆို ရွာပြန်ရမှာလေ”

 

“ဪ… သစ်ပင်စိုက်တာ အရမ်းဝါသနာပါတယ်ထင်တယ်”

 

“အင်း ကျွန်မသစ်ပင်တွေချစ်တယ်။ သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့အဆုတ်တွေပဲလေ။ ဒီလိုနေရတာကိုက ငြိမ်းအေးတယ်လိုထင်နေတာ”

 

“မြို့ကောင်းပေါ်ပြောင်းဖို့ရော စိတ်ကူးမရှိဘူးလား” လွှတ်ကနဲထွက်သွားသော စကားကို ပြန်ရုတ်သိမ်းဖို့ မမီတော့ချေ။

 

“မက်မောမှုဟာ တစ်ခါတစ်ရံ ဘဝကိုယိုင်လဲသွားစေသလို။ မက်မောမှုဟာ တစ်ခါတစ်ရံဘဝကိုတည့်မတ်ပေးတယ်တဲ့ ကိုမိုးစွေ။ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမယ့် အဲသည်နှမ်းနဲ့ထိတွေခဲ့တဲ့  အရာနှစ်ခုကတော့ ဆီဖြစ်ခဲ့တာ သိမှာပါ”

သူမပြောသော စကားကို ကျွန်တော်သိပ်နားမလည်ပေမယ့် သေချာမမေးမိခဲ့တော့ပေး။ ထိုနေ့က မှတ်မှတ်ရရ သူမခေါင်းပေါ်တွင် အစိမ်းရောင်သစ်ခက်တို့နှင့်အတူ ယုဇနပန်းငယ်အချို့ကို ကျွန်တော်တွေ့ခဲ့ရသည်။

 

“အနစ်နာဆိုသည့်စကားလုံးသည် နက်နဲသည်ဟု ဆိုရတာထက် ခက်ခဲသည်ဟုသာ ကျွန်တော်သိလိုက်ရသည်မှာ June တွင်ဖြစ်သည်။ ”

 

ဇွန်(၂၇) ၂၀၁ဝခုနှစ် သောကြာ

 

အလှူအဖွဲ့နှင့်ရောက်လာလို့သာ သည်နေရာကိုကျွန်တော်ရောက်လာခဲ့မိသည်။ ခရီးမဝေးသည်ဟု ဆိုသော်ငြားလည်း သုံးခွမြို့ကားဂိတ်မှ တော်တော်ဝေဝေးပင် ဆိုင်ကယ်နှင့်ခရီးဆက်ရသေးသည်။ မိုးတွင်းမို့ ဆိုင်ကယ်မပေါက်၍ လမ်းလျှောက်ရမည်ဆိုသဖြင့် အဖွဲ့သားတွေ လမ်းဆင်းလျှောက်ကြသည်။ ရွာသို့မရောက်သေး ဗွက်များကခြေသလုံးကျော်လာပြီဖြစ်သည်။ တစ်ဖြည်းဖြည်း ဒူးနားပင်ရောက်ရှိလာသည်။ အတန်ကြာလျှောက်ပြီး ကျောင်းလေးကိုလှမ်းမြင်နေရပြီး။ မလှမ်းမကမ်းမှ အဖြူအစိမ်းအရောင်အုပ်စုလေး ကျွန်တော်တို့အဖွဲ့ဆီ တလှုပ်လှုပ်လာနေသည်ကို တွေ့ရသည်။ ကျွန်တော်ကြည့်မိနေရင်းတစ်ဖြည်းဖြည်း ပီပြင်လာသည်။ အဖြူအစိမ်းနှင့်ကလေးငယ်များ ၊ သူတို့ရှေ့မှ ဆရာမနှစ်ယောက်။ ဆရာမတစ်ယောက်ရဲ့ ခေါင်းပေါ်တွင် အစိမ်းရောင်သစ်ခက်တစ်လက်ပန်ထားသည်။

 

“စိမ်းသံလွင်”

စိတ်မှ အံ့ဩခြင်းများစွာဖြင့် ရေရွတ်မိလိုက်သည်။ တဖြည်းဖြည်း သူမ ကျွန်တော့်အနားတို့ရောက်လာသည်။

“လှူမယ့်လူတွေလာတောမြင်နေလို့ ဝိုင်းသယ်ပေးမို့ရောက်လာတာ….။ ဟယ် ကိုမိုးစွေ……..”

သူမကျွန်တော့်ကိုမြင်မြင်ချင်း အံ့ဩသလိုဖြစ်သွားသည်။

ကျောင်းကိစ္စများ လုပ်ပြီးသည်နှင့် ကျောင်းရှေ့ထိုင်ခုံလေးတွင် ခဏနားနေလိုက်မိသည်။ ကျောင်းဝန်းလေးထဲတွင် သစ်ပင်တော်တော်များများ စိမ်းလန်းစွာရှိသည်။ သူမလက်ရာတွေလား ဟု ကျွန်တော်ထင်မိလိုက်သည်။

“ကိုမိုးစွေကို အပြန်ကျရင် လက်ဆောင်တစ်ခုပေးလိုက်ဦးမယ်”

ကျွန်တော့်နောက်မှ ထွက်ပေါ်လာသောအသံဖြစ်သည်။

“ဪ မစိမ်းသံလွင် ဘာတွေပေးလိုက်မှာလဲဗျ အားနာစရာ”

“သစ်ပင်ပျိုးပင်တစ်ပင်ပါ အခု ဇွန်လရောက်ပြီလေ အပင်တွေစိုက်လို့ကောင်းတဲ့ရာသီပေါ့။ ကျွန်မက ဇွန်လဆို သိပ်ပျော်တာ။ ကျွန်မရဲ့ကလေးတွေနဲ့လည်း တွေ့ရမယ်။ ကျွန်မချစ်တဲ့ အပင်တွေလည်း စိုက်လို့အကောင်းဆုံး အချိန်လေ”

“မစိမ်းသံလွင် အဲ့လိုလုပ်နေရရင် ပျော်နေတယ်ပေါ့”

“ပျော်လည်းပျော်ပါတယ်….။ သူတို့လေးတွေကိုလည်းကျွန်မ ထားမသွားနိုင်ဘူး ကိုမိုးစွေ။ ပြီးတော့ကျွန်မ သည့်ထက်ပိုပြီး သစ်ပင်တွေ စိုက်ချင်နေသေးတယ်”

 

နားသန်စမှ ဆံပင်အချို့ကိုလက်ဖြင့်သပ်၍ အဝေးကိုငေးကြည့်ရင်း သူမပြောနေသည်။ ကျွန်တော်လည်း သူမလိုပင် ငေးကြည့်မိလိုက်၏။

 

ဇွန်(၂၈) ၂၀၁ဝခုနှစ် စနေ

 

သူမပေးလိုက်သော ပျိုးပင်လေးဟာ ခြံဝန်းတစ်နေရာတွင် သေချာစွာကျွန်တော် စိုက်ပျိုးလိုက်သည်။ သူမနောက်ဆုံးပြောခဲ့သောစကားတစ်ခွန်း ကျွန်တော်ပြန်လည်း အမှတ်ရနေမိသည်။

 

“သစ်ပင်တွေကို ရှင်မချစ်တတ်သေးရင် သစ်ပင်တစ်ပင်လောက် အရင်စိုက်ကြည့်ပါလား ကိုမိုးစွေ” ဟုပင်ဖြစ်သည်။

 

အေးမြခြင်းရဲ့အရသာဟာ ဘယ်လိုလဲဆိုသည်ကို ကျွန်တော်သူမလို ခံစားကြည့်ချင်သည်။ ဇွန်လအဆုံးသတ်တော့မည်။ နောက်တစ်နှစ် ဇွန်တွင်ကျွန်တော် အေးမြခြင်းအရသာကို ခံစားကြည့်ချင်သည်။ ကျွန်တော်သူမလို လက်ဖဝါးတွေ ပိုင်ဆိုင်ချင်သည်။ သူမသည် ဇွန်နဲ့အတူ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ တွေးရင်းနှင့်ပင် မိုးပေါက်လေးများကျရောက်လာသည်။ ကျွန်တော်ခေါင်းမော့ကာ မိုးစက်လေးများ၏ ထိတွေ့မှုကို ခံလိုက်သည်။ ငြိမ်းအေးခြင်းဆိုသည်မှာ မိမိ်ဖာသာ ရှာဖွေရမည်ဖြစ်သည်။

 

………………………………………………………………………………………….

သူမ လက်ဖဝါးမှာ ပန်းတွေပွင့်ခဲ့သည်။ သူမ လက်ဖဝါးမှာ သစ်ရွက်တွေ ကြွေခဲ့သည်။ သူမ လက်ဖဝါးမှာ အလွမ်းတွေဝေခဲ့သည်။ ထိုအရာများ အားလုံးသည် ‘June’ တွင်ဖြစ်သည်။

 

“မိုးစွေ”

 

………………………………………………………………………………………

 

Credit – သစ်ပင်တွေဟာ ကမ္ဘာကြီးရဲ့ အဆုတ်တွေဖြစ်တယ် ( ဂျူး – အစိမ်းရောင်အမွေအနှစ်)

ဓာတ်ပုံ (ချော (အစိမ်းရောင်လွင်ပြင်))

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဇွန်လ ၁၈ရက် ၂၀၁၄ခုနှစ်

ည၁၁နာရီ ၁၂မိနစ်

13 comments

  • snow smile

    June 18, 2014 at 11:53 pm

    တ ကယ် အ ရေး ကောင်း သူ ပါ လား
    ရင် ထဲ ထိ ကို ရောက် သွား တယ်

  • ဇီဇီ

    June 19, 2014 at 7:28 am

    အရေးးလည်းးးကောင်းးး
    ဇာတ်လမ်းးလေးးး လည်းးကောင်းးး
    ပေးးချင်တဲ့ မက်ဆေ့လေးး ကလည်းးးကောင်းးး

    🙂

    • aung moethu

      June 19, 2014 at 9:14 am

      မက်ဆေ့လေးရောက်ရင်ပဲ ကျေနပ်မိ 🙂

  • alinsett (gazette)

    June 19, 2014 at 7:47 am

    အောင်မယ်လေးးး အစ်ကိုတော်ရယ်
    အရေးကောင်းလိုက်တာဗျာ
    ဖတ်ရင်းနဲ့ မျောသွားတယ်။
    ဒီလိုရာသီ နဲ့ ဒီလိုစာကို တွဲဖတ်ရတော့
    ရင်ထဲမှာ တမျိုးကြီးကိုဖြစ်လို့. . .

    😆

    ဒါနဲ့ ဇာတ်ကောင်နာမည်ပေးပုံလေးတွေ လှတယ်ဗျို့

    • aung moethu

      June 19, 2014 at 9:15 am

      အရေးအသားကို သိပ်အားမရသေး ကိုအလင်းဆက်ရေး စိတ်ထဲမှာရှိတာလေးကို ရေးပြရုံသက်သက်လေးမို့ ဒီစာလေးရေးဖြစ်တာ။ ဘာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်တယ်ဆို ဝမ်းသာပါတယ်။

  • kyeemite

    June 19, 2014 at 10:58 am

    စာလေးကဖတ်လို့လည်းကောင်း..ပညာပေးလေးလည်းပါတော့ တော်တော်နှစ်သက်ပါတယ်….
    တစ်ဆက်တည်းတွေးမိတာက လူတိုင်းသာ“ဇွန်”လမှာ သစ်တစ်ပင်စီ စိုက်ကြရင်….
    မြန်မာပြည်ရဲ့ ကင်ဆာဖြစ်နေတဲ့ အဆုတ်တစ်စုံ ပြန်ကောင်းလာနိုင်မလားလို့…… :kwi:

    • aung moethu

      June 19, 2014 at 4:12 pm

      ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုမှာ သစ်ပင်တွေပါဝင်ပတ်သက်နေတယ် ဦးကျောက်ရေ။ ကျတော်လည်း သစ်ပင်တွေကိုချစ်တယ်။ သူတို့ကို ပွတ်သတ်နေရရင်ကို ပျော်နေတာ။ 🙂

  • Mr. MarGa

    June 19, 2014 at 11:47 am

    June ဝတ္ထုမို့
    June မကုန်ခင် အပြီးရေးတာပေါ့လေ
    မကျေနပ်ဘူးဗျာ
    တစ်ဝက်တစ်ပျက်နဲ့ ထားသွားလို့
    ဒါပဲ 🙂

  • နောင် ရိုး

    June 19, 2014 at 2:30 pm

    သစ်ပင်စိုက်ဖို့ နှိုးဆော်ထားတဲ့ စေတနာလေးရော အရေးကောင်းတာရော မြင်ရပါတယ်….။
    သတိပေးလို့ကျေးဇူးပါ…
    ကျနော်လဲ ဒီလ သစ်ပင်စိုက်ပါ့မယ်လို့….

  • Ma Ma

    June 19, 2014 at 2:48 pm

    ဓာတ်ပုံ ချော(အစိမ်းရောင်လွင်ပြင်) လို့ ရေးထားပြီး ပုံမတွေ့လို့။
    ကွန်ကြောင့်လားတော့ မသိဘူး။
    သစ်ပင်စိုက်ချင်လာအောင် ဂျွန်လအမီ တင်ပေးလိုက်တဲ့ ရာသီစာလေးပေ့ါ။ 🙂

    • aung moethu

      June 19, 2014 at 4:09 pm

      ဂေါ်သဇင်ပန်းပုံလေးပါ Set Feature Image မှာ တင်လိုက်ပီတာမို့…. edit လုပ်ပီး ပြန်လည်တင်ပေးလိုက်ပါ့မယ်။ း))

  • hmee

    June 20, 2014 at 8:45 am

    ကျွန်​မလည်​း အခုလို စာမျိုး ​ရေးတတ်​ချင်​တာ။ မ​ရေးတတ်​​သေးဘူး

Leave a Reply