လုံ၍ …….. ခြုံသော……..
လုံ၍ ခြုံသော
“ချက်…. ချက်…. ချက်” တိတ်ဆိတ်မှုမှာ ထွက်ပေါ်နေတဲ့နာရီလက်တံရဲ့ ရွေ့လျားသံ
ဟာ ကျွန်မကို သတိပေးနေလိုလို။ ကွန်ပျူတာကိုပိတ် နာရီကိုမော့ကြည့်မိတော့
(၈)နာရီနဲ့ (၂၇)မိနစ်။ ပိတ်စရာရှိတဲ့ ခလုတ် တွေကိုပိတ် အားလုံးစစ်ဆေးပြီး ရုံးအပြင်ကို
ထွက်ခဲ့လိုက်တယ်။ ညမီးရောင် မှိတ်တုတ်မှိတ်တုတ်နဲ့ အတူ ရန်ကုန်မြို့ရဲ့ ညအလှက
ခပ်ဝါးဝါးပဲ။ ဒီနေ့ဟာ အရင်ညတွေနဲ့မတူ လမ်းမပေါ်နဲ့ မုန့်ဆိုင် နဲ့ သောက်စားလို့
ရတဲ့ဆိုင်တွေမှာ လူစည်ကားနေတယ်။ ဟုတ်တယ် ဒီနေ့က ပေးဒေးဆိုတဲ့
လစာထုတ်ရက်ပါပဲ။ ကျွန်မအတွက် သာမာန်နေ့တွေလိုပဲ ဘတ်စ်ကားမှတ်တိုင်ကို
လမ်းလျှောက်တယ် ဘတ်စ်ကားအလာကိုစောင့်နေလိုက်တယ်။
သာမာန်နေ့တွေနဲ့ မတူတာ တစ်ခုပဲရှိတယ်။ ပေးဒေးမို့ ရတဲ့လစာ တစ်လစာဟာ ကျွန်မရဲ့
လက်ဆွဲအိတ်ထဲမှာ ဆိုတာပါပဲ။
လက်ထဲကနာရီကိုလည်းကြည့် ဘတ်စ်ကားလာရာကိုမျှော်ကြည့်လစာထုတ်
ရက်မို့ အလုပ်များတာနဲ့ ဒီနေ့ဟာ တော်တော်ကို နောက်ကျနေမှန်းကျွန်မသိနေ
တယ်လေ။ (၁၅)မိနစ်လောက်သာသာမှာတော့ စောင့်မျှော်နေတဲ့ ဘတ်စ်ကားဟာ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့တယ်။ လူနည်းငယ်ကြပ်ပေမယ့်
မစဉ်းစားပဲ ဘတ်စ်ကားပေါ် အပြေးတက် ကားပေါ်ရောက်မှသာ ဟင်းကနဲ ချနိုင်တဲ့
အဖြစ်မျိုးဟာ ထူးမခြားနား ဘဝတွေအတွက် မထူးဆန်းတဲ့ အဖြစ်တွေပေါ့။
တကယ်အမှန် စီးရမယ့် ခရီးက (၄၅)မိနစ်မှာ ရန်ကုန်မြို့ရဲ့ ကပ်ဘေးသဖွယ်
လမ်းပိတ်တာကြောင့် (၁)နာရီ (၃၀)မိနစ်လောက် ကြာမယ်ဆိုတာ သိနှင့်ပြီးတာပဲလေ။
……………………………………………………………………………………………………………
ကားပေါ်ရောက်တဲ့အချိန်က (၈)နာရီခွဲကျော်ကျော် ရပ်လိုက် နားလိုက်
ဘတ်စ်ကားပေါ်က ဆောင်းဘောက်စ် ခပ်စုတ်စုတ်ဆီကနေ သီချင်းသံက ခပ်သဲ့သဲ့။
‘မိုး……မိုး…….မိုး အလွမ်းလေးမဆုံးဘူး …မိုး
မိုး…..မိုး…..မိုး… အခုတော့ တို့အချစ် ဘယ်မှာလဲ
လမ်းဘေးနားလေး တို့တစ်ယောက်တည်း
မိုးဖွဲများလည်း ကျနေဆဲ…..
မိုးနဲ့ စတဲ့ အချစ်တွေ
မိုးနဲ့အဆုံးသတ်ပေါ့လေ
မိုးနဲ့ရောတဲ့မျက်ရည်
မိုးနဲ့အမြဲပေါ့လေ …….မိုးးး
ငိုနေတယ်……မိုးလေးများလည်း ငိုနေတယ်
ကြင်နာသူရေ…ဘယ်မှာလဲ’
တီးတိုးသီချင်းသံကြားမှာ လိုက်ညည်းနေရင်းကနေ အပြင်ဘက်ကို
တစ်ချက်လှမ်းကြည့်တော့ မိုးက ရွာမယ့်ဟန်ပြင်ပြင်။ လက်တစ်ဖက်က တန်းကိုကိုင်
တစ်ဖက်က လက်ကိုင်အိတ်ကိုစမ်းရင်း မိုးရွာဟန်ပြင် တော့မှသာ ထီးဆောင်းဖို့ကို
သတိရမိတယ်။ သည်လိုပါပဲ အချို့အရာတွေကို လူတွေဟာ မေ့ထားတတ်ကြ
တယ်။ တကယ်လိုအပ်မှသာ အဲ့သည်အရာတွေကို ပြန်လည်သတိရတတ်
ကြတယ်။ တွေးရင်းတွေးရင်းနဲ့ တောင် ဆင်းမယ့်ဘတ်စ်ကားမှတ်တိုင်
ကို ရောက်လာတော့တယ်။
‘ဝေါ……………ဝေါ………’
ကျွတ်ဆိုတဲ့ စုတ်သတ်သံနဲ့အတူပါပဲ ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း
ထီးကိုဖွင့်မိတယ်။ မိုးဟာ ဘတ်စ်ကားပေါ်က ဆင်းတာနဲ့ ကွက်တိပါပဲ
သည်းသည်းမည်းမည်း ရွာချတော့တယ်။ သည်းသည်းမည်းမည်း
မိုးနဲ့အတူပဲ ပတ်ဝန်းကျင်ဟာ မှောင်မိုက်သွားတယ်။ ဘတ်စ်ကားမှတ်တိုင်ကနေ
အိမ်ကိုရောက်ဖို့ဆိုတာ လမ်းမကြီးကနေ လမ်းကြားလေး ၊ လမ်းကြားလေးကနေတဆင့်
လယ်ကွင်းတစ်ခုကို ဖြတ်ရမှာမို့ သက်ပြင်းတစ်ချက်ချ ခြေလှမ်းကိုလည်း
သွက်သွက်လေးလျှောက်နေမိတယ်။ ဒီနေ့ဟာ လခထုတ်ရက်လေ။
ကိုယ့်ကို မျှော်နေတဲ့မိသားစုဆိုတာ ရှိတယ်မဟုတ်လား။
……………………………………………………………………………………………………………
မိုးသည်းရင် လျှပ်စစ်မီးတွေပျက်သွားတဲ့ ထုံးစံနဲ့အတူပဲ လမ်းမပေါ်က
ဓာတ်တိုင်မီးတွေဟာလည်း မှောင်ကာမိုက်နေတယ်။ ဘတ်စ်ကားဂိတ်ကနေ
အိမ်ကိုရောက်ဖို့ မိနစ်(၂၀)နီးပါးကြာမယ်။ နာရီကိုကြည့်မိတော့ (၁၀)နာရီ (၃၅)မိနစ်။
အမေ့ကိုပဲ ဖုန်းတစ်ချက်ကြိုဆက်ထားရမလား စဉ်းစားမိတယ်။ ပြန်လာနေကျလမ်းမို့
စိတ်ပူနေမှာစိုးတာနဲ့ မဆက်တော့ဘူးလို့ ဆုံးဖြတ်လိုက်မိပြန်တယ်။ ရွာနေတဲ့မိုးနဲ့အတူပဲ
ကျွန်မခြေလှမ်းတွေဟာ ခပ်သွက်သွက်ဆိုတာထက်ကို သွက်နေမိတယ်။
‘ရှပ်………ရှပ်………..ရှပ်……..ရှပ်’
နားထဲမှာ ကြားလိုက်ရတဲ့ အသံတစ်သံ ကျွန်မနောက်ကဆိုတာ မကြည့်ဘဲနဲ့
သိနေတယ်။ ခြေသံလူတစ်ယောက်ရဲ့ ခြေသံ။ ထီးကိုတစ်ချက်စောင့်ငံကြည့်တော့
ငါးပေအကွာလောက်မှာတော့မဟုတ်ဘူး ခပ်လှမ်းလှမ်းကပဲ။
ကျွန်မလှည့်မကြည့်ရဲဘူး။ ခြေလှမ်းကိုသာ ခပ်သွက်သွက်လျှောက်မိနေတယ်။
တလောကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်သွားတဲ့ အကျဉ်းသားတော်တော်များများ
ဆိုတာ သိနေတယ်လေ။ အဲ့သည်နောက်ပိုင်း မြို့ထဲ (၄၇)လမ်း နေ့ခင်းကြောင်တောင်
မိန်းကလေးချင်း ဓားထောက်ငွေတောင်းခံရတဲ့သတင်း။ ကားလော့ခ်မချဘဲ
ကားရပ်နေရာကနေ ကားတံခါးဖွင့် လုခံရတဲ့သတင်းတွေဟာ ဝေစည်ကာ
မကြားဖူးတာတွေ ကြားနေရတဲ့အဖြစ်တွေ။
……………………………………………………………………………………………………………
လက်လျှောက်ရင်း လက်ကိုင်အိတ်ကို ထီးကိုင်ထားတဲ့ လက်နဲ့ညှပ်ကာ
အိတ်ထဲက တစ်စုံတစ်ခုကိုကျွန်မရှာဖွေလိုက်တယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကမှ
ဝယ်ထားခဲ့တဲ့ ခေါက်ဓားလေးတစ်ချောင်း ကျွန်မလက်ထဲပါလာတယ်။
ဓားကိုကျစ်ကျစ်ပါအောင်ဆုပ် ခြေလှမ်းကိုလှမ်းခပ်သွက်သွက်လျှောက်နေမိတယ်။
ကျွန်မခပ်သွက်သွက်လျှောက်လေ နောက်ကခြေလှမ်းအသံကလည်း သွက်လေဆိုတာ
ကျွန်မသတိထား မိတယ်။ တကယ်လို့များ ကျွန်မကိုရန်ရှာလာရင် ကျွန်မဘာလုပ်ရမလဲ။
လမ်းမှာရှိတဲ့ လူတွေကို အကူအညီ တောင်းမလား။ အကူအညီတောင်းဖို့က ဒီလမ်းက
လူကခပ်ပြတ်ပြတ်။ ဒါမှမဟုတ် နီးစပ်ရာအိမ်ကို ပြေးဝင်ရမလားဆိုတာ
ကို တွေးနေမိတယ်။ အော်ဟစ်အကူအညီတောင်းဖို့ဆိုတာလည်း ဒီမိုး ဒီလေနဲ့
အချည်းအနှီး ဆိုတာ သတိထားမိနေတယ်။
ဒီနေ့လစာထုတ်ရက်မဟုတ်လား။ လခစားဝန်ထမ်းတွေမှာဒီနေ့ဟာ ငွေပါလာမယ်
ဆိုတာလူတိုင်းနီးပါး သိကြတယ်လေ။ နောက်ကလူဟာ ပိုက်ဆံလိုချင်တာလား။
ကျွန်မအတွေးပေါင်းများစွာနဲ့ပါပဲ။ ခြေလှမ်းတွေဟာပိုပြီး မြန်အောင်လျှောက်မိတာနဲ့ထပ်
တူ ကိုယ့်ကိုယ်ကို မလုံခြုံတဲ့ဘဝမှာနေနေရတယ်ဆိုတဲ့ စိတ်နဲ့ထပ်တူ
ငိုချင်လာမိပြန်တယ်။ နောက်က ခြေသံဟာလည်း တဖြည်းဖြည်းနီးနီးလာသလို
ကျွန်မလှည့်မကြည့်မိပါဘူး။ လှည့်ကြည့်မိရင် ကြောက်လန့်တဲ့စိတ်ပိုမိုမိမယ်ဆိုတဲ့ စိတ်နဲ့အတူပဲ
ပိုမြန်အောင်လျှောက်မိနေပြန်တယ်။ လက်ကလည်း ဓားကိုဆုပ်ကိုင်ထားမိတယ်။
ခပ်လှမ်းလှမ်းမှာ ကျွန်မအိမ်ကို လှမ်းမြင်နေရပြီး စိတ်ကဇောနဲ့
အတူပဲ အနည်းငယ် သက်ပြင်းချမိတယ်။
……………………………………………………………………………………………………………
ကျွန်မအိမ်အနားရောက်ထိတိုင်ပါပဲ ခြေသံက ကပ်ပါလာဆဲပါ။ ကျွန်မကလည်း
ပိုပြီးခြေလှမ်းတွေကမြန်လာပါတယ်။ ကျွန်မအိမ်ရှေ့ ခြံပေါက်ဝကိုအရောက်
ကျွန်မခြေလှမ်းတွေကို ရပ်လိုက်တယ်။ ကျွန်မခြံထဲ မဝင်သေးဘူး ဘယ်လိုလူလဲဆိုတာ
သိချင်နေသေးတယ်။ နောက်ကအရိပ်ဟာကျွန်မဘေးနားကိုတဖြည်းဖြည်း ရောက်လာ
တယ်။ ထီးကိုအသာမကာ မျက်နှာတစ်ချက်စောင်းငဲ့ကြည့်လိုက်တယ်။ ကျွန်မ
မျက်လုံးအစုံဟာ အနည်းငယ်ဝိုင်းကာသွားတယ်။ ကျွန်မနောက်က ထပ်ကြပ်မကွာ
လိုက်လာတဲ့သူဟာ ကျွန်မလိုမျိုး လက်ဆွဲအိတ်တစ်လုံးနဲ့ ထီးတစ်ချောင်းနဲ့
မိန်းကလေးတစ်ယောက်ဆိုတာပါပဲ။
သူ့မျက်နှာဟာ စိုးရိမ်မှုအထင်းသားကနေ အနည်းငယ်ပြေလျော့ဟန်နဲ့ ကျွန်မကို
အနည်းငယ် ပြုံးပြတယ်။ ပြီးတော့ ကျွန်မကို စကားတစ်ခွန်းပြောတယ်။
“ကျွန်မက…. တစ်ရက်ကမှ ဟိုဘက်အိမ်ကို ပြောင်းလာတာပါ
ဒီနေ့ ပေးဒေးဆိုတော့ လမ်းမှာလူပြတ်တာသိတော့ ကားဂိတ်မှာ အစ်မကိုတွေ့တာနဲ့
အစ်မနောက်ကနေ ကြောက်ကြောက်နဲ့လိုက်လာတာ။ နောက်မှပဲ အိမ်သစ်တက်ပွဲ
လာဖိတ်ဦးမယ်နော်…”
ကျွန်မလည်း ခေါင်းတစ်ချက်ငြိတ်ပြကား သူ့ကိုပြုံးပြလိုက်ပါတယ်။
ခြံတံခါးကိုအဖွင့် စောနက စိုးရိမ်းစိတ် ၊ မလုံခြုံတဲ့စိတ်တွေကိုဖယ်ကာ အိမ်ထဲရောက်ရင်
အမေ့ကိုပြုံးပြရဦးမယ်။ ဖြတ်သန်းလာတဲ့ မှောင်မိုက်တဲ့ လမ်းမကိုတစ်ချက်ငေးကြည့် တယ်။ သိလိုက်ရတာ ကျွန်မတို့ဘဝတွေ မလုံခြုံသေးဘူးဆိုတာ
ပါပဲ။ ကျွန်မလိုချင်တဲ့အရာတစ်ခု စိတ်ထဲကနေတောင်းနေမိတယ်။ အဲ့ဒါက……
“ကျွန်မတို့ဘဝတွေ လုံခြုံချင်ပြီ အမေရယ်”
……………….
ရင်နှင့်ရင်း၍
အောင်မိုးသူ
10 comments
ဇီဇီခင်ဇော်
September 3, 2015 at 11:56 am
မိန်းကလေးဘဝတွေသာမက
လူသားအဖြစ်ဖြစ်တည် ခဲ့တဲ့ လူ့ဘဝတွေတောင်
မလုံခြုံတာ ဘယ်သူ့ကို အပြစ်တင်ရမလဲဟင်??
😥
အောင် မိုးသူ
September 3, 2015 at 12:11 pm
ဘယ်သူတွေကြောင့်ဆိုတာ သိကြမှာပါ မကြီးရယ်။
Mike
September 3, 2015 at 2:35 pm
.အဲ့တာပဲ…မိန်းကလေးမပြောနဲ့ ယောက်က ျားလေးလည်းမလုံခြုံပါဘူး..
.တခါ ဒညင်းဝက် အလုခံရတာကြည့်ပါလား
.ဒါကြောင့်ပြောတာ..“မြန်မာနိုင်ငံကြီးပျက်စီးနေပီလို့”
အောင် မိုးသူ
September 3, 2015 at 3:05 pm
ဟုတ်တယ် ယောက်ျားလေးတောင် မလုံခြုံတော့ဘူး။ လမ်းသွားရင် ဖုန်းတောင် မကိုင်တော့ဘူး။ အိတ်ထဲထည့် လွယ်အိတ်ကို ကိုယ်ရှေ့မှာပဲထားတယ်။
ဟေသီ
September 3, 2015 at 2:48 pm
ဒီနေ့ပဲ နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ အဲ့လိုမျိုး ကြောက်စိတ်နဲ့ သွားခဲ့ရတယ်….
kai
September 3, 2015 at 3:49 pm
ထေရာဝါဒ.. သာသနာထွန်းကား.. နိုင်ငံလေ…
ကဲ.. လိုက်ဆို….
ပါဏာတိ.. .. .. :k:
အောင် မိုးသူ
September 3, 2015 at 4:07 pm
သမာဓိရာမိ
Ma Ma
September 3, 2015 at 7:34 pm
@ သဂျီး
နိုင်ငံကို တရားဥပဒေက အုပ်ချုပ်နေတာလား။
ဘာသာရေးက အုပ်ချုပ်နေတာလား။
အာဏာပိုင်တာ ဘယ်သူလဲ။
ပြည်သူ့ဘဝလုံခြုံဖို့အတွက် ဘယ်သူ့မှာတာဝန်ရှိလဲ။
ဘာသာရေးခေါင်းဆောင်တွေ လွှတ်တော်ထဲမဝင်ရဘူးပြောတုန်းကလဲ သဂျီးပဲ။ :b:
kai
September 4, 2015 at 1:25 am
အလယ်ခေတ်ဥရောပမှာ.. နိုင်ငံကိုအုပ်ချုပ်တာ.. ချချ်နဲ့.. ဘုရင်ဗျ…။
မြန်မာပြည်က.. အခုအဲဒီခေတ်မှာပဲရှိနေသေးတာ…
ချချ်နေရာကို.. အဝါတွေ…။
ဘုရင်နေရာကို.. အစိမ်းတွေထည့်မြင်ကြည့်လိုက်ပေါ့…။
ဆိုတော့…
ပြည်သူ့ဘဝလုံခြုံဖို့အတွက် ပြည်သူတွေမှာတာဝန်ရှိပါတယ်…။
လူထုဟာ..သူနဲ့တန်တဲ့အစိုးရပဲရပါတယ်..။
ဥပဒေရဲ့အထက်မှာ.. ဘယ်သူကိုမှမထားရပဲ.. ရှိရင်လည်း.. ဆွဲချဖို့တာဝန်ရှိပါတယ်..။
အရင်ဆုံး.. ကုလသမဂ္ဂရဲ့.. လူ့အခြေခံအခွင့်အရေးဖြစ်တဲ့.. အပိုဒ်နံပါတ်တစ်ကို.. လိုက်နာဖို့ပဲ..
မြန်မာ့နည်းမြန်မာ့ဟန်နဲ့.. ဘာသာပြန်ရင်..
“မည်သူကမှ.. မည်သူ့ကိုမှ.. ဖူးမျှော်မာန်လျှော့…ကန်တော့ခြင်းမပြုရ..။”
အဲဒါကို မြန်မာပြည်သူလူထုအများစုလိုက်နာပြီးတဲ့နောက်မှာ…
လိုချင်တဲ့.အရာများစွာ.. မိုးပေါ်ကကျလာမယ်.. အာမခံ…။ :k:
မြစပဲရိုး
September 4, 2015 at 3:27 am
ဒီ သူကြီးလေး က လဲ တစ်မျိုး။
.ရွှေပြည်ထဲ ဘယ်သူ က ဘယ်သူ့ ကို ကြိုးဆွဲပြီး က ခိုင်း နေတယ် ဆိုတာ ဒီ မှာ သက်သေပါ။
သူကြီး အထင်ကြီး နေတဲ့ အဲဒီ မဘသ များ ဟာ ရွှေတို့ ရဲ့ ခိုင်းဖတ် လက်ကိုင်ဒုတ် ဆိုတာ လယ်ပြင်မှာ ဆင်သွား သလို ပေါ်ပါပြီ။
အခု ဆို နဲနဲ ပိုကြပ်လာတဲ့ အခြေမို့ ဝီ တို့ ကို ရွှေသား တွေ နဲ့ တောင် မျှားပြီး လုပ်ခိုင်း နေပါပြီ။
(နောက် ဆို နဲနဲ ပိုပြီး မူ ပြ ဝီဝီ။ ရွှေ တွေ ကို ဝီ့ ကိုယ် နဲ့ ဆက်ပြီး ပေးအောင်လို့) 😉
အဲဒီ ရွှေ တို့ လူများ ကလဲ အခြေအနေ အကဲမဖြတ်နိုင် အပါးအနပ် မရှိဘဲ ဒုံး ကြီး ဝင်ဝင်ပြီး က ပြ နေတာ ကတော့ အံ့ဖွယ်ဘဲ။
ခမျာ များ လှုပ်လေ ပိုမြုပ်လေဖြစ်နေပေါ့။ သူတို့ ဒုံးတိုက် တာ နဲ့ နဂို ခြံစည်းရိုးခွ တွေ တောင် စိတ်ညစ်လာရော့မယ်။ ကောင်းသကွယ်။ lol:-)))
http://www.bbc.com/burmese/burma/2015/09/150903_donation_to_mabatha
မဘသကို ရွှေတူးဖေါ်ရေး ကုမ္ပဏီက ရွှေလှူဒါန်း
မဘသ ဟာ ဗုဒ္ဓရဲ့ အယူ ဝါဒ အတိုင်း ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဖြစ်တဲ့ မဘသ ကို အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူး ဖေါ်ထုတ်လုပ်မှု အုပ်စု ကုမ္ပဏီ ကနေ ရွှေသား အတိ ၁ ပိဿာ မကြာ ခင်က လှူဒါန်းခဲ့ ပါတယ်။
ကျပ်ငွေ သိန်း ၇၀ဝ တန်ဖိုး ရှိတဲ့ အခုလို လှူဒါန်း ခဲ့တာ နဲ့ ပတ်သက် လို့ ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန် က မဘသ အဖွဲ့ဟာ ကောင်းတဲ့ အလုပ်ကို လုပ်နေ တာလို ယုံကြည် တဲ့အတွက် အခုလို လှူဒါန်း တာလို့ ဆိုပါတယ်။
မသဘ အဖွဲ့ဟာ အစွန်း ရောက်တယ် ဆိုတဲ့ ဝေဖန်မှု တွေ ရှိတဲ့ အပေါ်ကိုတော့ ဒါဟာ ဒိဌိ တွေက ပြောတာလို့ ဦးစိုးထွန်းရှိန်က ပြောပြီး၊ မဘသ ဟာ ဗုဒ္ဓရဲ့ အယူ ဝါဒ အတိုင်း ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
=====================================
သူတို့ က ဒိဌိ လို့ အမည်တပ် ရင် အခါ တစ်သန်း ဒိဌိ ဖြစ်ပါ့မယ်။
ဒိဌိ မို့ ငရဲ သွား ဆိုလဲ ပျော်ပျော်ကြီး သွားပါမယ်။
သူတို့ နဲ့ ဝေး ရင် ပြီး ရော။
ငရဲမင်း နဲ့ ငရဲသား တွေ က မှ သူတို့ ထက်ပိုပြီး ချစ်ဖို့ကောင်းဦးမယ်။
(ဘူလိုက်ကြမဲ)
:-)))