လမ်းကလေး
လမ်းကလေး
ရောက်ခဲ့ပြန်ပါပြီ။
ဘယ်တော့မှ ထပ်မရောက်နိုင်တော့ပါဘူးလို့ ထင်ခဲ့တဲ့လမ်းကလေးဆီ နောက်တကြိမ် ရောက်ခဲ့ပြန်ပါပြီ။
အဖြစ်အပျက်တွေ အားလုံးဟာ ဒေါ်ခင်သူ စိတ်ထဲမတော့ မနေ့တနေ့ကလိုပင်။ အချိန်ဆိုတဲ့ သမားတော်ဟာ အရာရာကို ကုစားနိုင်ပေမဲ့ ဒေါ်ခင်သူကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။ ဒေါ်ခင်သူသာ မပြောင်းလဲပေမဲ့ လမ်းကလေးကတော့ ပြောင်းလဲခဲ့ပြီ။ ဟိုတုန်းက မြေနီလမ်းကလေးဟာ အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ စိတ်ကို လန်းဆန်းစေခဲ့သော စိမ်းစိမ်းစိုစို ပုဏ္ဏရိတ်ပင်တန်း ခြံစည်းရိုးလေးတွေ နေရာမှာ အုတ်တံတိုင်းတွေက အစားထိုးနေလေပြီ။ အဆုတ်လိုက်ပွင့်နေသော ပုဏ္ဏရိတ်ပန်းနီနီလေးတွေ၊ တချို့နေရာမှာ ပန်းရောင်ဖျော့ဖျော့၊ တချို့နေရာမှာတော့ အဝါရောင်လေးတွေနှင့် အလှဆင်ထားကြသော သဘာဝအလှတရားတို့ ဘယ်တုန်းကများ ပျောက်ကွယ်သွားပါလိမ့်။ ဒေါ်ခင်သူ့ အတွေးထဲမှာတော့ လမ်းကလေးကို တွေးမြင်လေတိုင်း သည်သဘာဝ အလှလေးတွေက ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။ အခုတော့ ဒေါ်ခင်သူ မျက်မြင်မှာတော့ အရာရာပြောင်းလဲခဲ့ပြီ။ ပျောက်ကွယ်ခဲ့ပြီ။ ရင်ထဲမှာ ဘာကိုလွမ်းမှန်းမသိ တင်းတင်းကျပ်ကျပ်။ အရင်ပုံစံအတိုင်း အတွေးထဲမှာ အမြဲလှနေသော လမ်းကလေး ပြောင်းလဲကြီးပြောင်းလဲ သွားတာကို မြင်လိုက်ရတဲ့ ခံစားချက်ကို ဒေါ်ခင်သူ မည်သို့ ပုံဖော်ရမှန်းပင် မသိတော့ချေ။
ဘယ်တော့မှ ပြန်မသွားတော့ဘူး။ နောက်…. ပြန်ရောက်မှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့သော အထင်ကို စတင်ဖျက်ဆီးသူမှာ လတ်လတ်ထွေးရယ်သာ။ ဒေါ်ခင်သူ မြို့က ထွက်သွားပြီးကတည်းက တစ်ဦးသော အဆက်အသွယ်မပြတ်သူကလည်း လတ်လတ်ထွေး။ နောက်…….သည်လမ်းကလေးနဲ့ မိတ်ဆက်ပေးခဲ့သူကလည်း လတ်လတ်တွေးရယ်ပါပဲ။ တီချယ်နေမကောင်းဘူးဆိုတာ အကြောင်းကြားသူရယ်ပါ။ ဒေါ်ခင်သူရဲ့ ကျေးဇူးရှင် တီချယ်။ အင်္ဂလိပ်စာကို ကြောက်လန့်စရာ ဘာသာအဖြစ်ကနေ အသွင်းပြောင်းပေးခဲ့သူ တီချယ်။ တီချယ် ကျန်းမာရေး မကောင်းကြောင်း သတင်းကြားတော့ သိပ်မစိုးရိမ်သေး။ နောက်ဆေးရုံတင်ရသည်။ ဆေးရုံက လက်လျှော့ရျ် အိမ်ပြန်ခေါ်ရသည် ကြားတော့ ဒေါ်ခင်သူ မနေနိုင်တော့ပေ။ ရှိ်သမျှ အလုပ်တွေ ပြစ်ထားရျ် တီချယ့်ဆီ ထွက်လာခဲ့သည်။ နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် တီချယ်ကို တွေ့ချင်ခဲ့သည်။ သည်လိုနှင့် တီချယ့်အိမ်တည်ရှိရာ ကျွမ်းဝင်ခဲ့သော လမ်းကလေးဆီ နောက်တခေါက် ရောက်ခဲ့သည်။ အတွေးနဲ့ လက်တွေ့ကတော့ ကွာခြားသွားခဲ့ပြီ။ အတွေးထဲမှာ အမြဲလှနေသော လမ်းကလေး အခုတော့ အလှတို့ ပျောက်ကွယ်ပါပြီကော…….။
“လာပါဟာ…….ခင်..ကလည်း မရှက်ဘူးလား။ မကြီးမငယ်နဲ့ နေ့တိုင်းခူးနေတာပဲ။”
ပုဏ္ဏရိတ်ခြံစည်းရိုး အပေါ်ပိုင်းမှာ အဆုတ်လိုက် လှနေသော ပုဏ္ဏရိတ်ပန်းဝါဝါကြီးကို မမှီ့တမှီ ခြေဖျားထောက်ကာ ကြိုးစားပန်းစား ခူးနေသော ခင်သူ့ကို မောင်မောင်ကျော် တယောက် စိတ်မရှည်စွာ အော်ပါသည်။ တချက်မှ လှည့်မကြည့်ပဲ ရအောင်ခူးနေသော ခင်သူ့ကို ထားသာ ပြစ်ခဲ့ချင်တော့သည်။ ရှက်ရျ် ခပ်လှမ်းလှမ်းမှာ ရပ်နေပေမဲ့ သည်လမ်း ထဲက လူတွေက သူတို့နှစ်ယောက်ကို သိကြသည်။ မနက်တိုင်း သည်လမ်းကလေးက ဖြတ်သွားနေကြမို့ မျက်မှန်းတန်းမိနေကြပြီ။
အသားညိုညို လူပုံခန့်ခန့်၊ အရပ်ခပ်မြင့်မြင့် မောင်မောင်ကျော်နှင့် ပိုးဟပ်ဖြူလေးလို ဖြူဖွေးကာ သေးသေးသွယ်သွယ် မခင်သူတို့ နှစ်ယောက်သည် လိုက်ဖက်သလို မလိုက်ဖက်သလို။ ဒါ့ကြောင့်လည်း မှတ်မိနေတာ ဖြစ်မည်။ ဖြတ်သွားဖြတ်လာ တယောက်က ခင်သူ့ကို တချက်ကြည့်ကာ မောင်မောင်ကျော်ကို ပြုံးပြ နှုတ်ဆက်ရျ် ပြန်နှုတ်ဆက်ရင်း မကြီးမငယ် နှင့် ပန်းခူးနေသော ခင်သူ့ကို အော်မိခြင်း ဖြစ်သည်။ ခင်သူကလည်းခင်သူ နေ့တိုင်းခူးသည်။ တခါတရံ ပုဏ္ဏရိတ်သီးလေးတွေ ခူးပြီး စားလိုက်သေးသည်။ သိပ်ချိုသည် ဆိုပဲ။
ပန်းကို လက်ထဲမှာ ကိုင်ရင်း အောင်နိုင်သူလို လှမ်းလာသော ခင်သူတယောက် မောင်မောင်ကျော်ကို သွားဖြဲကလေးနှင့် ရီပြနေလေသည်။ မျက်မှောင်ကုတ်ကာ ကြည့်နေသော မောင်မောင်ကျော်။ သည်ပုံစံလေးကိုပင် မခင်သူ ချစ်ခဲ့ရတာပင်။ ခင်သူ အင်္ဂလိပ်စာ သင်တန်း တက်ချင်သည်ဆိုတော့ တစ်ဦးတည်းသော သူငယ်ချင်း လတ်လတ်ထွေးက တီချယ့်အိမ်ကို ခေါ်လာခဲ့သည်။ မှတ်မှတ်ရရ အဲ့သည်နေ့က မောင်မောင်ကျော့်ကို စတွေ့ခဲ့သည်။ စာသင်မည့် စာပွဲဝိုင်းလေးမှာ ထိုင်နေသောသူ။ အသားရောင် လည်ကတုံး အင်္ကျီ ၊ ယောပုဆိုး နီညိုလေးနှင့်။ မျက်မှန်လေးထောင့်ရှည်ရှည်လေးပေါ်က မျက်မှောင်ကုတ်ကာ မျက်လုံး လှန်ကြည့်နေသော သူ့ကို အမှတ်ထင်ထင် သတိထားမိခဲ့သည်။ ခင်သူနှင့် ပတ်သက်မည့်သူဟုတော့ တွေးတောင်မတွေးမိ။ တီချယ်က မိတ်ဆက်ပေးလို့ ပြုံးပြတော့မှ သွားတက်ကလေးတဖက်နှင့်။ ရုတ်တရက် မျက်နှာလွှဲလိုက်ရသေးသည်။ မတော် ငေးကြည့်မိမှာ စိုးရျ်။
သည်လိုနှင့် အသွားအပြန် သည်လမ်းလေးမှာ အတူတူ။ နောက် လတ်လတ်ထွေး သင်တန်းမတက်တော့လည်း သူတို့နှစ်ယောက် အတူတူ ပင် ပြန်ဖြစ် သွားဖြစ်ခဲ့လေသည်။ ကြာတော့ မစွမ်းရင်းကလည်းရှိ ကစွန်းခင်းကလည်းငြိမိ တမျိုးတိုးမိကြလေသည်။ လည်ကတုံး အင်္ကျ ီ ကလေးတွေနှင့် ယောပုဆိုးတွေကိုသာ စွဲစွဲမြဲမြဲ ဝတ်တတ်သော မောင်မောင်ကျော်ကို ခင်သူ့စိတ်ထဲ့မှာတော့ ဘယ်တော့မှ ပုံစံ ရိုးမသွား။ ချစ်မြဲချစ်လျှက်ပင်။ သူတို့ နှစ်ယောက် ဘယ်တော့မှ မခွဲကြေး၊ မခွဲရဘူးလို့ ခင်သူ့ အထင်တွေ ပျောက်ဆုံးသွားသောနေ့သည် ခင်သူ မဟာတန်း ဆက်လက်တက်မည့် အချိန်တွင် ဖြစ်သည်။
“ ခင်က ကျောင်းဆက်တက်ဦးမယ်ပေါ့.”
မောင်မောင်ကျော့် အမေးကို ခင်သူတယောက် ခေါင်းတချက် ငြိမ့်ပြလိုက်သည်။
“ ပြီးရင်ကော…..”
မောင်မောင်ကျော့်ကို လှည့်မကြည့်ပဲ
” ဆရာမ လုပ်မှာပေါ့ မောင်ရဲ့”
ခင်သူ့ စိတ်ထဲမှာ ခံစားချက်က မသိုးမသန့်မို့ မောင်မောင်ကျော့်ကို လှည့်ကြည့်လိုက်တော့ ။ မောင်မောင်ကျော်သည် သူ့ကို ကြည့်မနေ။ အဝေးကို ငေးနေလေသည်။ နောက်…..သက်ပြင်း တချက်ချရင်း
“မောင်….ခင့်ကို မျှော်ရင်း စောင့်မနေချင်တော့ဘူး”
မောင်မောင်ကျော့် စကားက အဆန်းမို့ ခင်သူတယောက် နားမလည်နိုင်ပေ။ ဘာကို ဆိုလိုပါလိမ့်လို့ အပြေးအလွှား အဖြေရှာပေမဲ့ အဖြေက ချက်ချင်းထွက်မလာ။ ထို့အတူ ခင်သူ့ဆီမှ စကားသံလည်း ထွက်မလာပေ။
“မောင် အိမ်ထောင်ပြုတော့မယ်”
“ဘာရယ်…”
” မောင် မေမေတို့ သဘောတူတဲ့သူနဲ့ လက်ထပ်တော့မယ်လို့”
အိမ်အပြန်လမ်းတလျှောက် စကား မဆိုဖြစ်တော့ချေ။ သိပ်မကြာခင်မှာပဲ လတ်လတ်ထွေးတယောက် မောင်မောင်ကျော့် ဖိတ်စာနှင့်အတူ ခင်သူ့ဆီ ရောက်လာခဲ့သည်။ ကိုယ်တိုင် မလာဝံ့ ဟု ဆိုသူက ဖိတ်စာတော့ ရောက်အောင်ပို့သေးသည်မို့ ခင်သူလည်း မင်္ဂလာပွဲသို့ တက်ရပေဦးမည်။ ခင်သူတို့ အကြောင်းကို သိထားသူမို့ မသွားဖို့ လတ်လတ်ထွေးက တားခဲ့ပေမယ့် ခင်သူ လတ်လတ်ထွေးကို အဖော်ပြုကာ မင်္ဂလာဆောင်ကို ရောက်ဖြစ်ခဲ့ကြသည်။ သည်တော့မှ မောင်မောင်ကျော် ခင်သူ့ကို ဘာ့ကြောင့်မစောင့်နိင်ရသနည်း။ ။ မိဘစကား ဘာ့ကြောင့်နားထောင်ခဲ့သလဲ ဆိုတဲ့အဖြေကို ခင်သူရှင်းရှင်းလင်းလင်း သိခဲ့ရသည်။
ဝါဝင်းတဲ့ အသားအရည်၊ လှပတဲ့ မျက်နှာနဲ့သားကောင်းမိခင် ကိုယ်လုံးကိုယ်ထည်နဲ့ သတို့သမီးက ခင်သူ့ထက် အစစအရာရာ သာခဲ့သည်ကိုး။ ချစ်ခင်နှစ်လိုဖွယ် အပြုံးလေးနှင့်လှနေသော သတို့သမီးကို လက်ဆွဲလျှက် နှုတ်ဆက်လာသော မောင်မောင်ကျော့် အပြုံးကို ထိုနေ့က ခင်သူနောက်ဆုံးမြင်တွေ့ခဲ့ရခြင်းပါ။
တိုက်တိုက်ဆိုင်ဆိုင် ခင်သူ့ အဖေ ရန်ကုန်ကို တာဝန်နှင့် ပြောင်းရချိန်။ ခင်သူလည်း ရန်ကုန်တက္ကသိုလ်မှာ မဟာဘွဲ့တက်ရမှာမို့ ရန်ကုန်ကို ပြောင်းလာကတည်းက ခင်သူ မြို့ကို တခေါက်မှ ပြန်မရောက် ဖြစ်တော့ပေ။ မြို့ကိုသာ မရောက်ပေမဲ့ လတ်လတ်ထွေးနှင့်တော့ အဆက်အသွယ်မပြတ်ခဲ့။ မြို့က သတင်းတွေကို အမြဲသိနေရသည်။ မောင်မောင်ကျော်မှာ သမီးလေးနှင့် သားလေး နှစ်ယောက် မွေးထားသည်မှအစ။ စီးပွားရေးအထိ သိနေသည်။ လိမ္မာပါးနပ်တဲ့ အိမ်သူကို ရထားသည်မို့ စီးပွါးရေးပြေလည်သလို အိမ်ထောင်ရေးလည်း အဆင်ပြေသည်။ ခင်သူနှင့် မဆိုင်တော့ပေမဲ့ သံယောဇဉ် လက်ကျန်လေးနှင့် မုဒိတာ ပွားမိသည်။ သူ့ဘဝနဲ့သူ သာယာနေသည်ကို ကြားတော့ လည်း ကျေနပ်မိနေသေးသည်။
တခါတရံ အတွေးထဲ ကို အလည်လာတတ်သော မောင်မောင်ကျော်သည် စတွေ့သည့်နေ့တုန်းကလို အသားရောင် လည်ကတုံးအကျင်္ ီ ယောပုဆိုးလေးနှင့် သွားတက်ကလေးပေါ်အောင် ပြုံးပြနေတုန်းပင်။ အော်….ငယ်ကချစ် အနှစ်တရာ မမေ့သာ တဲ့…..။ ဟုတ်ပေလိမ့်မည် ။ ဘာ့ကြောင့်လည်းဆို မခင်သူ သူ့ကို မမေ့နိုင်သေးလို့ပင်။
…………………………………………………………………………………………………………………………………………
နောက်များ မကြာမီ မခင်သူတယောက် ကျောင်းပြီးကာ တာဝန်ကျရာ မြို့များသို့ လှည့်လည်တာဝန်ထမ်းဆောင်ရင်း ဘဝကို အချိန်ကုန် ခဲ့လေသည်။ ဒါပေမဲ့ လတ်လတ်ထွေးနှင့်တော့ အဆက်အသွယ် မပျက်ခဲ့ပေ။ မခင်သူဘဝမှ ဒေါ်ခင်သူဘဝသို့ ရောက်ခဲ့ပြီ။ အရင်လို မပြောင်းမလဲ လှနေတုန်းပင်။ ဘယ်လောက်စားစား ပေါင် ၁၀ဝ ထက်မပိုသော ခန္ဓာကိုယ်။ တစ်ကိုယ်တည်းမို့ ဗာရီရ ကိစ္စမများတာမို့ ကိုယ့်ကိုကိုယ် သနိုင်တုန်းပင်။ မခင်သူ ဘဝမှ ဒေါ်ခင်သူဖြစ်လာရျ် တည်ငြိမ်ရင့်ကျက်ကာ အယ.ဉ်တွင့် ရင့်ကျက်မှု ဆင့်ကာ တင့်တည်မှုဖြင့် လှနေပေသေးသည်။ တက္ကသိုလ် ဆရာမတည်းဟူသော ဂုဏ်ကြောင့် ပိုရျ်ပင် ခန့်ထည်နေသေးသည်။
မြို့ကို ပြန်ရောက်ရောက်ခြင်း လတ်လတ်ထွေးနှင့် တွေ့တော့ပင် သူ့ကို ချက်ချင်းမှတ်မိသည်။ ခင်သူရယ် နင် အရင်အတိုင်းပဲဟယ် ဘာမှ မပြောင်းလဲသလိုပဲဟု တအံ့တဩ ဆိုပေသည်။ လတ်လတ်ထွေးကတော့ အိမ်ထောင်မှု ကိစ္စများဖြင့် တကယ့်ကို မိန်းမကြီးပင် ဖြစ်နေပေပြီ။ တီချယ့်ကို တွေ့ရန် တီချယ့်အိမ်ကို ခင်သူ တယောက်တည်းသာ ထွက်လာရသည်။ လတ်လတ်ထွေးကတော့ အိမ်ထောင်မှုများ ၊လူမှုရေး ကိစ္စများကြောင့် ခင်သူ့ကို အဖော်လုပ်ကာ လိုက်ပါမပေးနိုင်ပေ။ သည်လိုနှင့် သည်လမ်းကလေးကို ခင်သူ နောက်တကြိမ် ရောက်ခဲ့ရသည်။
ခင်သူ့ အတွေးထဲမှာ မပြောင်းလဲမလဲ အရင်လို ရှိနေတုန်း လမ်းကလေးသည် အခုလို ပုံစံတွေ ပြောင်းသွားတော့ အံ့အားသင့်မိသည်။ နောက်တော့မှ အော်….အချိန်တွေ အတော်ကြာပြီမို့ ပြောင်းလဲမှု ရှိနေတာ မဆန်းမဟုတ်လို့သာ……။
ဟိုး…..အရင်က အဖြစ်တွေကို ပြန်ပြောင်းမြင်ယောင်ရင်း ရုပ်ရျင်ပြကွက်များလို တကွက်ပြီးတကွက်……….။ ခင်သူ ပန်းခူးနေလို့ မောင်မောင်ကျော် စိတ်မရှည်ပုံတွေ။ အတူတူ စကားတပြောပြော လမ်းလျှောက်ပြန်လာတာတွေ။ တွေးမြင်ယောင်ရင်း တကိုယ်တည်း ပြုံးမိသေးသည်။ နောက်မှ ပတ်ဝန်းကျင်ကို သတိရရျ် ဘေးဘီ လှည့်ကြည့်ရသည်။ တယောက်တည်း ပြုံးလိုက် တည်လိုက် လုပ်နေရျ် မတော် အရူးလို့ထင် မခက်လား။
အခုမှ သတိထားမိသည် ။ ဟိုး…ခပ်လှမ်းလှမ်းက လာနေတဲ့သူ ဘယ့်နှယ့် ရိုင်းလှချည်လား။ လူကို စူးစူးစိုက်စိုက် ကြည့်နေတာများ အားမနာ…။ ဝတ်ထားတဲ့ လည်ကတုံးနှင့်ယောပုဆိုးမှ အားမနာ။ ကြည့်ပုံကိုက မယဉ်မကျေးနဲ့ ရိုင်းလိုက်တာ။ ဒေါ်ခင်သူ တယောက် အတွေးထဲတင် အတော်အမြင်ကပ်နေမိသည်။ မနေနိုင်လို့ နောက်တကြိမ်ထပ်ကြည့်တော့ အနားနီးလာပြီ။ ဇရာကြောင့် ပြောင်နေတဲ့ ထိပ်ကို တဖက်က ဆံပင်နဲ့ ကျော်ကာ ဖုံးဖိထားပေမဲ့ မကွယ်ဝှက်နိုင်ပေ။ ချမ်းသာမှု၏ ပြယုဂ်လား၊ ကြွယ်ဝခြင်း သဏ္ဍာန်လား၊ သို့မဟုတ် ဇရာလား မဆိုနိုင် ဆူဖြိုးလွန်းသော ဝမ်းဗိုက်ကြောင့် ခါးတွင် လုံချည်စည်းမရပဲ ရင်ခေါင်း တက်ဝတ်ထားပုံကလည်း ကြည့်ရဆိုးလှပေသည်။ ဝလွန်းရျ် ဖောင်းနေသော ပါးနှစ်ဖက်က ကွမ်းသီးများ ငုံထားသလို။ မေးတွင် အဆီပိုများနေရျ် လည်ပင်းပင် ပျောက်လုလု။ အတော်ကို ဆိုးသည့် ဥပဓိရုပ်။ တော်ပါသေးရဲ့ ဒါမျိုးကြီးနှင့် ဖူးစာ မဆုံလို့လို့ တွေးမိရင်း ကိုယ့်ဘာသာ ရယ်ချင်ပက်ကျိ ပြုံးလိုက်မိသေးသည်။
“ ခင်….ဟို…… မဟုတ်ပါဘူး……မခင်သူလားလို့”
ဒေါ်ခင်သူ ဘေးရောက်မှ ရုတ်တရက် ရပ်ကာ မေးလိုက်သံကြောင့် တအံ့တဩ။ ဘယ့်နှယ့် ဒီလူကြီး က ငါ့နာမည်ကို သိနေပါလားလို့။ဘယ်သူပါလိမ့်လို့ အပြေးအလွှား စဉ်းစားပေမဲ့ အဖြေမပေါ်။
“ ဟုတ်ကဲ့ ကျွန်မ မခင်သူပါ။”
မေးရျ်သာ ဖြေလိုက်ရသည်။ အခုထိ ဘယ်သူမှန်းမသိသေး။
“မခင်သူက မပြောင်းလဲဘူးနော်။ အရင်လိုလေးပဲ။ ဟိုး…အဝေးကတည်းက တူပါတယ်လို့ ကြည့်နေတာ။ တီချယ့်ဆီလာတာလား။ ကျွန်တော်လည်း အခုပဲ တီချယ့် အိမ်က ပြန်လာတာ။ သွားလိုက်ပါ လတ်လတ်ထွေးက မခင်သူလာမဲ့ အကြောင်းပြောထားလို့ တီချယ်မျှော်နေတယ်။ မတွေ့ရတာ ကြာပြီမို့ တီချယ်လည်း သိပ်တွေ့ချင်နေရှာတယ်။ ”
တီချယ့်ကိုလည်း သိသူမို့။ ဒါဆို ကျွန်မ အသိကတော့ သေချာပြီ။
“ဟုတ်ကဲ့ပါ”
“ကျွန်တော့်ကို မမှတ်မိဘူးလား။ အေးဗျာ အချိန်တွေက အတော်ကြာပြီး အရာရာ ပြောင်းလဲနေပြီကိုး၊ သဘာဝတရားကြီးက မခင်သူကိုပဲ ကွက်ချန်ခဲ့တယ်ထင်ပါရဲ့”
မခင်သူရဲ့ ဇဝေဇဝါ မျက်လုံးကို ဖတ်မိတယ် ထင်ပါရဲ့ တချက် ပြုံးလိုက်ရင်း ဆိုပါတယ်။ ဒီတော့မှ မခင်သူတယောက် ခေါင်းထဲမှာ လင်းခနဲ တချက် ဖြစ်သွားပြီး
“ဟော…..ဒီအပြုံး……ဒီမျက်လုံးနဲ့ ဒီသွားတက်ကလေး……. ”
“ဘုရားရေ…..ဒါ….ဒါ ကျွန်မရဲ့ မောင်…..ကျွန်မရဲ့ မောင်မောင်ကျော်ပါလား……….။ ”
(၁၇.၉.၁၄)
…………………………………………………………………………………………………………………………………
38 comments
ဇီဇီ
September 18, 2014 at 9:10 am
အဟီးဟီးးး
ငယ်ကချစ် နောက်တစ်ခေါက်မမြင်သေးသ၍ အနှစ်တစ်ရာ မမေ့သာ ပဲ။
ခွိ။
ကွကိုယ်တော့ ဘယ်လောက် ဝ တယ် မသိ။
ကျနော် သူ့ကို နောက်တစ်ခေါက်ပြန်တွေ့တော့ ကိုယ့်ဆုံးဖြတ်ချက် အတွက် နောင်တမ ရမိ။ အဟိဟိ။
:k:
ဖတ်လို့ ကောင်းလိုက်တာ မမှီ။
ဆက်ရေးရင် ဝတ္ထုရှည်ဖြစ်ပါရဲ့။
:s:
hmee
September 18, 2014 at 1:23 pm
ဇီဇီရေ မမှီလည်း ဝ တာမြန်တယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် သတိထားနေရတယ်။ ပုံပျက်ပန်းပျက် ဖြစ်မှာစိုးလို့လေ။ 🙂
kyeemite
September 18, 2014 at 9:49 am
.ခိခိ…ဖြစ်ရလေမခင်သူရယ်…
.စာရေးကောင်းတော့ဝတ္ထုလေးကချောနေတာပဲ…တစ်ခုသတိရသွားတယ်…
.ကျောင်းတုန်းက အချောအလှတွေ ၂၅နှစ်တာကြာပြီး ပြန်တွေ့တော့ .အများစုက တော်တော်ဝပြီးပုံပျက်နေကြပြီ..ဆိုတော့..တွေ့ဆုံပွဲမှာတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး
.ရီကြ စကြနဲ့တစ်မျိုးတော့ ပျော်စရာကောင်းသား :k:
hmee
September 18, 2014 at 1:29 pm
အမှန်တော့ အပြင်မှာ တကယ်ကြုံခဲ့တာကို စာရေးချင်နေတာကြာြပြီ ဇာတ်လမ်း ဖွဲ့ နေတာ အဆင်မသင့်သေးလို့။ ကျွန်မကို လာနှုတ်ဆက်တာ ဘယ်သူမှန်း အဖြေရှာလို့မရလို့ အတူပါလာတဲ့သူကို တိုးတိုးတိတ်တိတ်မေးမှ သိရတော့ အံ့ဩလိုက်တာ။ ြပြီးခဲ့တဲ့ရ်က်က အမှတ်မထင် ငယ်ငယ်တုန်းက ကျုရှင်အသွားအပြန် လမ်းကလေးကို အမှတ်မထင်ရောက်ခဲ့ရတော့ နှစ်ခုေပေါင်းြပြီး ဇာတ်လမ်းတခုရသွားတာ။
Ko chogyi
September 18, 2014 at 9:56 am
ငယ်ကအချစ် အနှစ် ၂ဝ မှာ မမှတ်မိတော့ပါဖြစ်သွားတယ်ပေါ့
hmee
September 18, 2014 at 1:31 pm
ကိုချိုကြီးရေ ကျွန်မတော့ အသက်ကြီးလာလို့ဖြစ်မယ်။ တချို့ အသိတွေကို သိပ်မမှတ်မိတော့ဘူး။
ဦးကျောက်ခဲ
September 18, 2014 at 10:09 am
အဲဒါပဲဗျ … ယောက်ျားတွေမှာ သားကျွေးမှုမယားကျွေးမှု တာဝန်ပိရင်…
ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘူး…
အဟိ… သာမီးလေးတွေကို မေတ္တာထားနိုင်တဲ့ အန်ကယ်ဂျီးတွေကတော့ ချွင်းချက်…
:k:
hmee
September 18, 2014 at 1:41 pm
ဦးကျောက်ရှင့် မိန်းမတွေက ကလေးအငယ်လေးနဲ့ဆို ပိုဆိုး။ လှဖို့ကို သတိမရတော့ဘူး။ တခါတခါ သတိထားနေရတယ် မတော် လန်းနေတဲ့ သာမီးလေးတွေ ့ နေမှဖြင့်။
pooch
September 18, 2014 at 10:12 am
မမှီရေ ကျမတော့ ခုထိတော့ လွန်ခဲ့သော နှစ်တွေက အတိုင်း ကျန်နေသေးတယ်တဲ့
ကလေး ၃ ယောက် အမေ ကျမသူငယ်ချင်းက ပြောတာ. ဟီး :mrgreenn:
နောက်တာပါ
လူ့ဘဝက ဒီလိုပဲ တက်လိုက်ကျလိုက် တွေ့လိုက် ကွဲလိုက်
နဂိုအတိုင်း စိတ်ရော လူရော မပြောင်းဖို့ ဆိုရင် စိတ်အကြည်ဓာတ်ခံလည်း ကောင်းမှ ကိုယ်ကလည်း ထိန်းနိုင်မှအစားလေးကို
ဘယ်သူမပြု မိမိအမှုလေ အမရယ် ကိုယ့်ရဲ့ ပြောင်းလဲမှုက ကိုယ်နဲ့ပဲ ဆိုင်တာကို
ရည်းစားဦးဆိုတာ ကိုယ်နေခဲ့တဲ့ ဇာတိမြို့လေးလိုပဲ
ကိုယ်ဘယ်လောက်ပဲ သေလောက်အောင် လွမ်း လွမ်း
ပြန်အခြေချဖို့ မဖြစ်နိုင်တော့သလိုပဲတဲ့ အမရယ်
ကိုစိုင်းစိုင်းက ပြောတာ တခါက သူ့fb မှာ ရေးဖူးတာ :mrgreenn:
hmee
September 19, 2014 at 8:31 am
ပုချ့်ရေ ရည်းစားဦးနဲ့ ဇာတြိမြို့ကို တင်စားပုံလေး သဘောကျမဆုံးဘူး။ မမှီ သူငယ်ချင်း အပျိုကြီးလည်း အသက်သာ ၄၀ကျော်လာတယ် မပြောင်းလဲဘူး။ တက်ကသိုလ် တက်တုန်းက ပုံစံလေးအတိုင်းမပြာင်းလဲဘူး။ မမှီတို့တော့ သူနဲ့ ယှဉ်ရင် အဖွားကြးီပုံ ဖြစ်နေပြီ။ 🙂
ခင် ခ
September 18, 2014 at 10:41 am
ကျောင်းတုန်းက ငယ်သူငယ်ချင်းတွေ မတွေ့တာကြာပြီး ခုချိန် ကျုပ်ကိုပြန်တွေ့မိရင် အစဖော်ပြီးမနည်းမိတ်ဆက်ရပါ၏။ ဘာကြောင့်လဲဆိုတော့ အခုအလွန်ဝလာတာကိုးဗျ။
ဒီပိုစ့်ဖတ်ပြီး ကိုယ့် ကိုယ်ပြန်ကြည့်ပြီး စိတ်ညစ်သွားပြီဗျ။
hmee
September 19, 2014 at 8:33 am
ကိုခင်ခရေ အသက် ၄၀လောက်ဆို ဝလာတတ်ကြတယ်နော်။။ တချို့ဆို ငယ်ရုပ်ကို မနည်းဖမ်းယူရတယ်။
ကိုပေါက်(မန္တလေး)
September 18, 2014 at 11:59 am
လမ်း ကလေး ကို မြင်လာမိအောင်ဖွဲ့ နိုင်တာ ကို
သဘောကျလွန်းပါတယ်။
မမှီစာကို ဖတ်ပြီး ကိုယ် လျောက်ခဲ့ဘူးတဲ့ ဗိုလ်ကတော်မျက်ခုံးပင်လေးတွေနဲ့ခြံစည်းရိုးခတ်ထားတဲ့
လမ်းကလေးကို သတိရ မိ သွားလို့ပါ။
မမှီရေ
ခင်လို့ပြောမယ်နော်
ကျနော်တို့အားလုံးစားရေးတဲ့အခါ မဲ့ နဲ့ မယ့် ကို မှားတတ်ကြပါတယ်။
မဲ့= မရှိခြင်း ကို ညွှန်းပါတယ်
မယ့် ကတော့ ဒါပေမယ့် ဆိုတဲ့ စကားလုံး နေရာမျုးိမှာသုံးပါမယ်။
သွားမယ့် လာမယ့် ခရီလမ်းသာပါစေ လိုမျိုး မှာသုံးပါတယ်။
လတ်လတ်ထွေးက တားခဲ့ပေမဲ့ လို့ရေးမယ့် အစား လတ်လတ်ထွေးက တားခဲ့ ပေမယ့် ဆိုမှ မှန်ပါတယ်။
ဆရာလုပ်တာတော့ မဟုတ်
ကျနော်ကိုယ်တိုင်မှားလွန်းလို့ ဆရာတစ်ယောက်က ထောက်ပြလို့ သတိထားပြီးရေးနေရတာမို့ပါ။
နောက်တစ်ခုက ဘာရီရ ကိစ္စ ရဲ့ တကယ့် စာလုံးအမှန် က ဗာဟီရ ကိစ္စ ဖြစ်ပါတယ်မမှီရေ။
သူများမှားတာကို ရှာကြံပြောတာမဟုတ် စာရေး သူချင်း ကိုယ်ခြင်းစာ လို့ ပြောတာပါ။
နေ့စဉ်သုံးစကားလုံးမဟုတ်တဲ့အခါမှာ စကားလုံးတစ်လုံး ကို ခေါင်းပူအောင်စဉ်းစားရတတ်လို့ပါနော်။
ဝင်ကြွားလိုက်အုံးမယ် မဒမ်ပေါက်က တော့ ငယ်ငယ်က နဲ့ သိပ်မကွာဘူးဗျာ။
လှတုန်းဘဲ။
hmee
September 19, 2014 at 8:38 am
ကျေးကျေးပါ လေးပေါက်ရေ။ ပြင်လိုက်ပါြပြီ။ အမှန်ဆို တကယ် သတိမထားမိဘူး။ သိပ်မကွဲဘူးပေါ့။ အခုလိုပြောပြတဲ့အတွက် နောက်မမှားနိုင်မှာမို့ ကျေးဇူးပါ။ နေ့စဉ် သုံးလေ့မရှိတဲ့စကားလုံးတွေကို အလွယ်ပြောနေပေမဲ့ ချရေးရင် သို့လော သို့လောနဲ့ တကယ် ခေါင်းပူတာ။ 🙂
aye.kk
September 18, 2014 at 12:21 pm
ဟိုတုန်းကတော့
ချောလိုက်တာ
လှလိုက်တာ
ုမြင်သူတကာငေးရတဲ့ရုပ်ရည်
အသဲထိတိစွဲငြိရတဲ့ရုပ်ရည်
ခုများမှာတော့ဇရာဖြို
အိုနာရပြီအတိတ်ကာလ
အနာဂတ်ကာလဆိုတာ
ကိုယ်မပိုင်ဆိုင်ပါ
ကိုယ်ပိုင်ဆိုင်တာပစ္စုပ္ပန်
လက်ရှိပိုင်ဆိုင်တဲ့ပစ္စုပ္ပန်
အကောင်းဆုံးအသုံးချနိုင်
ဖို့်အတွက်ကအရေးကြီး
ဆုံးပါ
ပစ္စုပ္ပန်ဆိုတဲ့လမ်းကလေး
ကတော့ဘယ်တော့မှပြောင်းလည်း
ခြင်းမရှိနိုင်တဲ့လမ်းကလေးပါပဲ
hmee
September 19, 2014 at 8:44 am
ဟုတ်ပါတယ် aye.kk ရေ။
sorrow
September 18, 2014 at 12:59 pm
..အဟိဟိ…မမှီပို့စ်လေးဖတ်မိမှ ပြောချင်လာတယ်…ကျော်လေ..ဆယ်တန်းတုန်းက ..အရပ်ကငါးပေနဲ့ ..အသားကဖြူဖြူနဲ့ ပေါင်က 80 ကျော်လေးပဲရှိသဗျ…
..အဲ့တုန်းက ကောင်မလေးတစ်ယောက်ကိုပိုးပန်းဖူးသဗျာ..အဲ့တုန်းက သူလဲ ငါးပေပဲ…
..ပြန်မကြိုက်တဲ့အပြင် …ဒီအိမ်မြှောင်ဖြူက ငါ့ကိုတူသလားတန်သလားပေါ့…ကတ်ကတ်ပါလန်တာ…
..အို..ချစ်ဆုံးရယ်…ဒီမောင်ကအတည်ကြံတာပါပေါ့…မရပါဘူး…ဒီလိုနဲ့ ..တက္ကသိုလ်ပြီးလို့ ..အလုပ်ထဲဝင်ပြီးမှ… ကိုယ်တွေက ..ဇက်အက်ဖရွန်လိုလို..ရိန်းလိုလိုရုပ်ဖြစ်လာမှ…မိတင်တခုမှာပြန်တွေ့တယ်..အဟိဟိ..အဲ့မှာ ..ဖက်တီးမလေး..( အတော်ကိုဝတာကလား…တကယ့်စည်ပိုင်းလေး ) တစ်ယောက်က ..ကြည့်လှချည်လားပေါ့… နောက်မှမိတ်ဆက်ကျမှ…လားလားးးးး …ငယ်ကျွမ်းဆွေ…အသဲတုံးလေးဖြစ်နေပါပေါ့လား….အဟိဟိ…ပျော်လိုက်တာမှ ပျော့တောင်နေတယ်..အ..ဟိဟိဟိ….မတော်လို့ သူသာပြန်ကြိုက်ရင်..နာပြီလို့…အဟိဟိ ….ကွကိုယ်အရှုံးသမားမှတ်နေတာ…အချိန်ကတယ်စကားပြောသကိုး…အဟိဟိ ( အလွတ်ဝင်ပေါတာ )
hmee
September 19, 2014 at 8:48 am
ဒါမျိုးကြီးနဲ့ ဖူးစာမဆုံ တာ ကံကောင်းလေခြင်းလို့ ကျိတ်ပြီး ဝမ်းသာလာတယ်ပေါ့။။ 🙂
nicolus agral
September 18, 2014 at 6:45 pm
လိပ် ဆောရိုး
ဒါနဲ့
စိုင်းခမ်းဆိုလားဘာလားကို
ဘယ့်နယ် ကချဉ်ဖစ်ရဒါဒုံး
sorrow
September 19, 2014 at 2:45 pm
…ဒေါက်တာလေးရေ ..ဒီလိုပါခင်ဗျာ ..အဖေက ရှမ်းပြည်နယ်မှာနှစ်ပေါင်းများစွာ ( နှစ်သုံးဆယ်လောက် ) ..စာသင်ခဲ့တာဗျ…ဆိုတော့ ..ရှမ်းတွေက တော်တော်ချစ်ကြတယ်ပေါ့ဗျာ . ။ အဲ့မှာ သားဦး ရလာတော့ ..ရှမ်းတွေက ..ဆရာကြီးသားကို …ဂုဏ်ပြုတဲ့အနေနဲ့ ကျော်တို့နာမည်ပေးပါရစေဆိုပြီး ပေးရင်းက ..တွင်လာတဲ့နာမည်ပါခင်ဗျာ ..
မွသဲ ( 17082011 )
September 19, 2014 at 8:47 am
အဟိ ရေးတတ်လိုက်တာမှီရယ်။ မှီ့လိုတော့ခံစားချက်မျိုးမကြုံဖူးဘူး။ ဒါပေမဲ့ကြုံဖူးရင်တော့ မခင်သူလိုကံကောင်းလိုက်တာလို့တွေးမိမလားပဲ။ ကွ့ကိုယ်တော့ ပြန်တွေ့တဲ့သူတွေ အိုက်လိုနောင်တမရအောင် အတင်းထိန်းနေရတယ်
hmee
September 19, 2014 at 8:54 am
ဒါမျိုးကြီးနဲ့ ဖူးစာမဆုံ တာ ကံကောင်းလေခြင်းလို့ ကျိတ်ပြီး ဝမ်းသာလာတယ်ပေါ့။။ 🙂
hmee
September 19, 2014 at 8:59 am
သဲရေ မမှီလည်း ဝလာမှာကြောက်ကြောက်။ အရမ်းပုံပျက်ပန်းပျက် ဝနေတဲ့ သူငယ်ချင်းတွေ တွေ့ရင် ကိုယ်တိုင် အဲ့လိုပုံပျက်မှာကြောက်တယ်။။ မမှီက အလှကြိုက်တော့ သူများ အမြင်မတင့်မှာထက် ကိုယ့်ဘာသာ မလှမှာ ကြောက်တာ။ 🙂
ကိုပေါက်(မန္တလေး)
September 19, 2014 at 9:02 am
ထပ်ပြောမယ်
စိတ်ထဲက တကယ်ချစ်ခဲ့ရိုးမှန်ရင်
ခန္ဓာကိုယ်အနေအထားဘယ်လိုဘဲပြောင်းသွားသွားချစ်နေအုံးမှာဘဲ
အဲတော့ တကယ်မချစ်ခဲ့ဘူးလို့ ကောက်ချက်ချ နိုင် ပါကြောင်း
hmee
September 19, 2014 at 10:56 am
ဟားဟား လေးပေါက်ကတော့ ပြောရော့မယ်။ ဖြစ်တော့ ဖြစ်နိုင်တယ်။ အခုတော့ ဗိုက်ပူြပြီး ဆံပငင်တွ ဖြူနေတာတောင် မျက်လုံးထဲ ကြည့်ကောင်းတုန်း။ ဟီး ကြော်ငြာဝင်တာ။
kyeemite
September 19, 2014 at 11:55 am
.မမှီ ၍ ကို ရျ် အဲ့လိုရိုက်ထားတာတွေ့လို့
~ ခလုပ်နဲ့ t တွဲရိုက်ရင်… ဤ
~ ခလုတ်နဲ့ y တွဲရိုက်ရင်… ၌
~ ခလုတ်နဲ့ i တွဲရိုက်ရင်… ၍ ရပါကြောင်း
.ပတ်ဆင့်ရိုက်ရင်လည်း ~ နဲ့ပဲတွဲရိုက်ရပါကြောင်း..
သိပီးသားဆိုရင်ဆောရီးနော :))
hmee
September 19, 2014 at 12:32 pm
အမှန်တော့ မသိဘူး။ 🙂 ပတ်ဆင့် ရိုက်တာလည်း ဦးကြောင်ထင်တယ် အစ်စရေးမှာ ရှိနေတုန်းက သင်ပေးတာ။ 🙂 ကူးထားလိုက်ပါြပြီ။ ကျေရဇူးပါ ဦးမိုက်ရေ ။
kai
September 19, 2014 at 2:33 pm
လွန်ခဲ့တဲ့ ၁၅နှစ်လောက်..ရန်ကုန်တခေါက်ပြန်ရောက်တုံးကပေါ့…
ကျောင်းကသူငယ်ချင်းက. မင်္ဂလာဆောင်တယ်..။
အဲဒါ.. မင်္ဂလာဆောင်လိုက်သွားတာ.. ကျောင်းတုံးကသူငယ်ချင်းများနဲ့တွေ့တာပေါ့..။
ဆိုတော့…
မိန်းကလေးသူငယ်ချင်းတွေများ..(တော်တော်များများ.. အားလုံးလိုလို) မိန်းမကြီးတွေဖြစ်လို့.. ဗိုက်တလုံးစီနဲ့အရာရှိမကြီးတွေပေါ့..
အောင်မြလေး..။
လန့်ထှာ.. :k:
(လမ်းကြုံရင်.. သွားမပြောနဲ့နော..။ )
hmee
September 20, 2014 at 8:33 am
အသက် ၄ဝ ကျော်လာရင် ထိန်းထားမှ မထိန်းရင် အလွန်အကျွံ ဝလာတတ်တယ်။ စကားအတင်းစပ် 🙂 🙂 ကျွန်မရဲ့ အဖွားက အစ အမေရော ကြီးတော်တွေ ရော အခုထိ ဒေါ်စုလို ကိုယ်လုံးလေးတွေ။ သမီး ဆိုတာ အမေတူတယ်လို့ ပြောတာပဲ ။ 🙂
naywoon ni
September 19, 2014 at 4:43 pm
ဟောဗျာ …… တစ်ကယ်မမှတ်မိတာလား ။ ဇတ်လမ်းထဲမှာမို့ ဇာတ်နာအောင်လုပ်လိုက်တာလား ¿ ¿
hmee
September 20, 2014 at 8:35 am
ဟီး အပြင်မှာတော့ အိမ်ရောက်တဲ့ထိ စဉ်းစားမရဘူး။။ 🙂 ဘယ်သူလဲ လို့ မေးယူရတယ်။ 🙂
Mr. MarGa
September 19, 2014 at 5:06 pm
သံသရာတစ်ကွေ့ ပြန်တွေ့ချိန်မှာ အဲ့လိုဖြစ်သွားတယ်လား 🙂
hmee
September 20, 2014 at 8:37 am
သကြားရေ အများစုတော့ ဖြစ်တတ်တာပေါ့။ 🙂 အသက်ကြီးပိုင်းဆို ဝ လာတတ်တာကိုး။
မြစပဲရိုး
September 20, 2014 at 2:34 am
မှီ ရယ်
ဖတ်ရင်း နောက်ဆုံးမှာ ရီလိုက်ရတာ။
တလောက Facebook ထဲ မယ် မှတ်ချက် တစ်ခု ဖတ်ပြီးလဲ ရီလိုက်ရသေးတယ်။
Facebook ဆိုတာက
အခု မှ သိပြီး အရင်က မတွေ့ဘူး သူတွေရော၊ အရင်က သိသူတွေရော လူစုံ ပါတာကိုး။
ငယ်တုန်းက ပုံ တွေ ကို သူငယ်ပြန်ပြီး ပြန်ပြန် တင်ကြတော့
“ဟာ အဲဒါ အန်ကယ် လား။
ဆံပင် တွေ နဲ့ မှတ်တောင် မမှတ်မိ ဘူး”
တဲ့။
ခမျာ ဝမ်းသာရခက်၊ ဝမ်းနည်းရခက် ဖြစ်သွားမှာ။ lol:-)
ပုဏ္ဏရိတ်ပင်တန်း ဆိုတာနဲ့ မော်လမြိုင် မှာ နေတုန်းက အိမ်ရှေ့က ပုဏ္ဏရိတ်ပင်တန်း ကို တန်းမြင်တယ်။
အဲဒီ ပုဏ္ဏရိတ်သီး လေး တွေ က တကယ်ချိုတာပါ။
နီ တဲ့ အသီးလေးတွေ မဲ သွားမှ မှည့်ပြီး စားလို့ ကောင်းတာ။
ပုဏ္ဏရိတ်သီး ရှာခူးရင်း လက် ကို ပုတ်သင်ညို ကိုက်တာ ခံ လိုက်ရသေး။
ဇာတ်လမ်း ထဲ က မင်းသား ကတော့ ကိုယ့်ဟာကိုယ် ဘာလိုချင်မှန်း မသိတဲ့ လူထင်ပါရဲ့။
မဆုံတာဘဲကောင်းပါတယ်။
အရင် ပိန်ပိန် မိန်းမ တွေ ဝ သွားတာ ကို လှလှပပ ဖွဲ့ပြတတ် တဲ့ မင်းလူ ကို လဲ သတိရ မိတယ်။
သူ့မိန်းမ ကတော့ ညအိပ်လို့ စောင်လေးခြုံ ထားချိန် မျက်နှာလေးက လှ တုန်း ဆိုလား။ 😉
ဒီလို စာမျိုးလေးတွေ မကြာ မကြာ ဖတ်ချင်ပါတယ် မှီ ရေ။
:-))
hmee
September 20, 2014 at 8:49 am
အရီးရေ မင်းလူကတော့ အကြိုက်ဆုံး။ နောက် စွဲစွဲ မြဲမြဲ ဖတ်တာက မစနာ ။ ဘယ်လိုကြိုက်မှန်းမသိဘူး။ 🙂 တခါတုန်းက သူငယ်ချင်း တယောက်က နောက်ဆုံးနှစ်မှာ သူငယ်ချင်းတွေ အမှတ်တရ ရိုက်ထားတဲ့ပုံလေး ကို အီးမေးလ်ကနေ လှမ်းပို့တယ်။ ကျွန်မလည်း ရှားပါးပုံလေးမို့ ကျွန်မ ဖေ့ဘွတ်မှာ တင်လိုက်တယ်။ အစ်စရေးရောက်မှ ခင်တဲ့သူက တအံ့တဩ ပြောတယ် ဟာ ထင်တောင်မထင်ဘူး အမ ငယ်ငယ်က အတော်လှ တာပဲ တဲ့။ ဝမ်းသာရမလို ဝမ်းနည်းရမလို ။ ဒါဆို အခု မလှတော့ဘူးလို့ ဆိုလိုတာပေါ့နော်။ 🙂 🙂
Crystalline
September 21, 2014 at 6:12 am
ငိုဗျဇီ 😥
Congratulations… ဆုရပို့စ်လေးအတွက် ဂုဏ်ယူပါတယ်.. အဲ့ဒီအချိန် တင်ခဲ့တဲ့ ပို့စ် ၂ပုဒ်လုံးကိုလည်း ဖတ်ခဲ့တယ်
အဲ့ဒီဆေးရုံဖွင့်စမှာ အရမ်းခင်မင်ရင်းနှီးပြီး မိသားစုလိုအားကိုးရသူတစ်ယောက် ကံမကောင်းခဲ့တာ ပြန်သတိယပြီး ကွန်မင့်ရေးခဲ့ပြီးမှာ ဘယ်လိုဖြစ်ပြီး
မပေးဖြစ်သလဲမသိတော့ဘူး :))
alinsett
September 21, 2014 at 12:26 pm
😆
အောင် မိုးသူ
November 13, 2014 at 3:16 pm
စောနက ဇာတ်လမ်းလိုပဲ မဆုံးသေးသလို ခံစားလိုက်ရတယ်