ဈေးသည်နဲ့…ဆေးသည်
(၁)
ကျနော်….အိပ်မက် မက်နေတယ်….
(၂)
ကျနော်…အိပ်မက် မက်နေတယ်….
အိပ်မက်ထဲမှာ…ကျနော်…လျှောက်သွားနေတယ်….
ကျနော် ရောက်နေတာက…..ပင်လယ်ကမ်းစပ်တစ်ခုမှာ..…
နိပ်ဟ!!!!!
ပိုက်ဆံမကုန်ဘဲ…ဟာဝိုင်ရီများ ရောက်လာတာလား….
ဒါပေမယ့်…ဒီကမ်းခြေမှာ…လူသူ အတော်ရှင်းနေတယ်…ဟာဝိုင်ရီဆိုရင်တော့…လူတွေနဲ့ ရှုပ်ရှက်ခတ် ဆူညံနေရမှာပဲ…..။ ဒါဆို….ဒါ…ဟာဝိုင်ရီတော့ မဟုတ်လောက်ဘူး….
ရောက်နေတာ….ငပလီများလားလို့…ရေသူမရုပ်ကို ဟိုဟိုဒီဒီရှာကြည့်သေးတယ်….။
ရေသူမရုပ်တော့မတွေ့ဘူး…..
အတော်ဝေးဝေးကို…လှမ်း မျှော်ကြည့်မှ…လူတချို့လိုလိုကို…ခပ်ဝါးဝါးလှမ်းတွေ့တယ်….
အင်းးးးး…ဘာပဲဖြစ်ဖြစ်လေ…..
ရောက်တုန်းရောက်ခိုက်….တဝုန်းဝုန်းတက်လာတဲ့ ပင်လယ်ရေလှိုင်းတွေနဲ့ပဲ ငါဆော့ရင် ကောင်းမလား…၊ ခရုခွံလှလှတွေပဲ လိုက်ကောက်ရင် ကောင်းမလား…၊ သဲအိမ်ပဲ ဆောက်ကြည့်ရကောင်းမလား…
ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနဲ့…ကျနော်ဘာမှမလုပ်ဘဲ ကမ်းခြေအတိုင်းပဲ လျှောက်နေတယ်…။ ဖိနပ်ကိုချွတ်လိုက်ပြီး…သဲမြေတွေထဲ…ခြေချောင်းတွေနဲ့ ထိုးဆော့လိုက်..၊ ခုန်ပေါက်လိုက်နဲ့…စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေတုန်း ရှိသေး
“ဟိတ်ကောင်လေး!!!!….”
ခေါ်သံကြောင့် ကျနော် လှည့်ကြည့်လိုက်တယ်…..။
အမလေး!!!!!
ကျနော်…တော်တော် လန့်သွားတယ်….
ဟင်….ဘယ့်နှာ မျက်နှာကြီးဒုန်း….
ကျနော့်ကို ခေါ်လိုက်တဲ့သူက … သူ့ကိုကျနော်ကြောက်သွားမှန်းသိတော့…ကျေကျေနပ်နပ်နဲ့ မလှမပ ပြုံးတယ်…။
စဉ်းစားကြည့်…
ကျနော် … မကြောက်ဘဲ နေမလား….၊
သူ့ဆီက လူသံသာထွက်လာတယ်..၊ သူ့မျက်နှာကဖြင့်…ကျားမျက်နှာကြီးနဲ့…
အဲ့ဒီကျားမျက်နှာနဲ့လူက…ဆက်ပြောတယ်…
“မင်းကဘာလို့ မြေကြီးပေါ် ခြေကို အပြားလိုက်ချထားတာတုန်း၊ ပြီးတော့ မင်းက ခုန်ခုန်နေလိုက်သေးတယ်…..။ တယ်….ငါ လုပ်လိုက်ရ…၊ မင်းကိုယ်လုံးကြောင့် မြေကြီးက ပိုလေးတော့မှာပဲ….၊ ခြေကို ထောက်ပြီးလျှောက်မှ…မြေကြီးကမင်းကို ထမ်းထားရတာ…..နည်းနည်းသက်သာတော့မှာပေါ့…၊ ဟေ့ကောင်…ခြေကို ထောက်ပြီးလျှောက်…”.
သူကသာ အဲ့ဒီလိုပြောတယ်…၊ ကျနော် သူ့ခြေထောက်ကို လှမ်းကြည့်လိုက်တော့…..ခြေကိုအပြားလိုက်ချထားတဲ့အပြင်…လေးလံတဲ့…ကန်းထရီးဒေါက်ဆိုတာကြီးတောင်…စီးထားလိုက်သေးတယ်…။
ဟင်းးးးး သူကျတော့…
ကျနော်…သူ့ကို…မကျေမနပ်နဲ့ ဘုရှိုးပြန်ရှိုးတော့…သူက သူ့အစွယ်တွေ…ကျနော်မြင်သာအောင်ဖြဲပြရင်း….ကျနော့်ကို ဟိန်းဟောက်လိုက်သေးတယ်….
“ဂါးးးးးးးးးးးးး”
ပြီးတော့ ကျနော့်ဘေးက လှည့်ထွက်သွားရင်းးးး
“ငါ ပြောသလိုလုပ်” တဲ့…
ပြောဖြစ်အောင် ကျနော့်ကို ပြောခဲ့သေးး…
ဘယ်လို လူမှန်း မသိဘူး…
ခုနက ပျော်နေတဲ့စိတ်တွေ…နည်းနည်း နောက်ကျိသွားရင်းနဲ့…ကျနော် ကမ်းခြေအတိုင်း…ဆက်လျှောက်တယ်…
သိပ်မကြာခင်ပဲ…..
“မောင်လေး”
မိန်းမတစ်ယောက်ရဲ့ အိညှောင်ညှောင်သံကြောင့်….ကျနော်လှည့်ကြည့်လိုက်တော့….
ဟင်….ဒီမိန်းမကျတော့ သိုးမျက်နှာကြီးနဲ့…
ဒီတစ်ခါတော့ ကျနော် သိပ်မအံ့ဩတော့ဘူး…
“အစ်မရဲ့ ယောကျာင်္းက မလိမ္မာဘူးကွယ်…၊ ဘာမှလဲ မလုပ်ကျွေးပဲ .. အရက်ချည်းပဲသောက်နေတယ်…”
ဟင်….သူ့ယောကျာင်္းအရက်သောက်တာ ငါနဲ့ဘာဆိုင်လို့တုန်း….၊
ဒါနဲ့ သူ့ယောကျာင်္းလဲ သူ့လို သိုးမျက်နှာရှင်ပဲလားမသိ….
ကျနော် မဆီမဆိုင်တွေးလိုက်မိသေးတယ်…။
သူမက .. ဆက်ပြောတယ်….
“အဲ့ဒါ…အိမ်မှာ….ကလေးတွေအတွက်…ဘာမှ စားစရာမရှိဘူးဖြစ်နေတယ်….ညနေစာတောင် အိမ်မှာ ဆန်မရှိဘူးရယ်……။
အဲ့ဒါ…
အစ်မကို .. မောင်လေး ပိုက်ဆံလေးဖြစ်ဖြစ်…နည်းနည်းလောက် ကူညီခဲ့ပါလားကွယ်….”
ဟင်းးးးးးးးး ဖြစ်ရမယ်…
ကျနော်…အကျီင်္အိတ်ကပ်တွေ၊ ဘောင်းဘီ အိတ်ကပ်တွေထဲကို လိုက်စမ်းလိုက်တယ်…၊ ဘောင်းဘီညာဘက်အိတ်ကပ်ထဲက…ပိုက်ဆံတစ်ထပ်ထွက်လာတယ်….။ ကျနော် ဖြန့်ကြည့်လိုက်တော့….တစ်ထောင်တန်…၄ ရွက်၊ ငါးရာတန်…၂ ရွက် နဲ့ နှစ်ရာတန် ၁ ရွက်…
ဒါနဲ့ပဲ…
ကျနော်…သူမကို…သနားသွားပြီး….၅၀ဝ တန်တစ်ရွက် ထုတ်ပေးလိုက်တယ်….
သူမက ၅၀ဝ တန်ကို တစ်လှည့်၊ ကျနော့်မျက်နှာကိုတစ်လှည့်ကြည့်ရင်းနဲ့…တစ်ထောင်တန် ၄ ရွက် ဆီကိုလဲ အကြည့်က ရောက်နေတယ်….။ နောက်ဆုံးလှည့်ထွက်ခါနီး ကျနော် မထင်ထားစွာပဲ….ကျနော့ကို သူမက…မျက်စောင်းထိုးသွားတယ်…။
ဟင်…….
ကျနော့်မှာ ပေးလဲပေးရသေးတယ်…။ ဒီမိန်းမ….ကျေးဇူးတင်တယ်တောင် ပြောမသွားဘူး…
ဘယ့်နှာကြီးဒုန်း…
လှည့်ထွက်သွားတဲ့.သိုးမျက်နှာနဲ့ အမျိုးသမီးရဲ့ နောက်ကျောကို ကြည့်ရင်း…ငါဘာများမှားသွားလို့လဲလို့ စဉ်းစားရင်း စဉ်းစားရင်း…ကျနော်..ခေါင်းခြောက်လာတယ်….
ဒါနဲ့ပဲ…ကမ်းခြေမှာ လမ်းလျှောက်ချင်စိတ်လဲ မရှိတော့တာနဲ့…ကုန်းတွင်းဘက်…ကျနော်…လျှောက်လာခဲ့တယ်…
ကုန်းတွင်းဘက်မှာ….
(၃)
ကုန်းတွင်းပိုင်းမှာ ကမ်းခြေထက် လူပိုစည်တယ်…..
ကျနော့ရှေ့ခပ်လှမ်းလှမ်းမှာ…လျှောက်နေတာက ဆိတ်မျက်နှာနဲ့ အမျိုးသမီးကြီး…။ ဘေးက လူကို…
နိုင်ငံခြားရောက်နေတဲ့ သူ့သားအကြောင်း၊ ဘေးအိမ်က မခင်ရွှေရဲ့သား ဘယ်လောက်တောင်ဆိုးကြောင်း၊ ဝယ်နေကျ နွားနို့သည်ကုလားက ရေအလွန်ထိုးကြောင်း၊ ဈေးထဲက ပဲပြုတ်သည် ဒေါ်ဘုမတောင် အလေးခိုးကြောင်း…၊ အိမ်နားက မအေးမိရဲ့ လက်ကောက်တွေက အတုကြီးဖြစ်ကြောင်း…မနားတမ်း တတွတ်တွတ်နဲ့ ပြောနေတယ်…
ဘေးက ပုတ်သင်ညိုမျက်နှာနဲ့ အမျိုးသမီးကလဲ…ခေါင်းတညိတ်ညိတ်နဲ့ အင်းအင်း လိုက်နေတယ်…
သူတို့ ၂ ယောက်နောက် လျှောက်ရတာ နားအတော်ညီးလာတာနဲ့ ကျနော်…ရှေ့ကို ကျော်တက်လိုက်တယ်…။
ကျော်တက်ပြီး လျှောက်လာရင်းနဲ့…ကျနော့် ကျောတွေတောင်မှ…..ယားကျိကျိ ဖြစ်လာသလိုပဲ….။
ဟင်းးးးး ဟိုဆိတ်မကြိီးတော့ ငါ့အကြောင်း ပြောနေပြီထင်တယ်…..
(၄)
သွားတဲ့လမ်းမှာ…..မျက်နှာပေါင်းများစွာကို ကျနော်တွေ့တယ်…
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့….လက်ဖက်ရည်ဝင်သောက်ရကောင်းမလားလို့ တွေးလိုက်သေးတယ်…
ဒါပေမယ့်…ဆိုင်ထဲမှာ…ရေနွေးအိုးလိုက်ဖြည့်နေတဲ့…..မျောက်မျက်နှာနဲ့ စားပွဲထိုးကောင်လေးရယ်….ပြီးတော့….အရင် စားထားသမျှတွေကို ပြန်ပြန်ထုတ်ပြီး စားမြုံ့ပြန်နေတဲ့ နွားမျက်နှာနဲ့ လူကြီး ၃ ၄ဝိုင်းရယ်ကို မြင်တော့ ကျနော့် စိတ်ကူးပြောင်းသွားပြီး….ဆက်လျှောက်လာတယ်…
ဟင်!!!!!!!!
ဟိုရှေ့မှာ…လူတွေ ရုံးစုရုံးစုနဲ့…အိမ်တစ်လုံးရှေ့မှာ…တန်းစီနေကြတယ်….
ထူးဆန်းတာက….တန်းစီနေကြတဲ့သူတွေက လူမျက်နှာတွေ ဖြစ်နေတယ်….
အံမယ်….ဘယ်ဆိုးလို့လဲ…။ ဒီမှာလဲ လူမျက်နှာတွေ…ရှိသားပဲ….။
အတွေးနဲ့ ကျနော်…ပျော်သွားတယ်….။ သွားမိတ်ဖွဲ့ဦးမှ…ဒါမှ…စကားပြောဖော်လေးဘာလေးရမှာ….
အနားရောက်တော့ နောက်ဆုံးမှာ တန်းစီနေတဲ့…အသက် ၃ဝ ဝန်းကျင် လူတစ်ယောက်ကို ကျနော်ပြုံးပြပြီး မိတ်ဖွဲ့လိုက်တယ်….
နာမည် အရင်မေးမှပဲ…..ဒါမှ…ခေါ်လို့ပြုလို့ကောင်းမယ်..….
ဒါနဲ့ပဲ….
“ခင်ဗျားနာမည်….ဘယ်လိုခေါ်လဲဗျ..”
“အေး…ငါ့နာမည်…သာဇံကွ..”
“ဗျာ….တာဇံ ဟုတ်လား..”
“သာဇံကွ..သာဇံ… ငါ့မိဘတွေက ငါ့ကို ချမ်းချမ်းသာသာနဲ့ စံစားပါစေတော့ဆိုပြီး အမည်သညာမှည့်ခေါ်ထားတာ….။ ခေါ်ရင်းခေါ်ရင်းနဲ့မှ….သာဇံဖြစ်သွားလို့….။ မင်းက ထပ်ပြီး ငါ့ကို နာမည်မဖျက်နဲ့ကွ…”
အဲ့ဒီလူက ရှုးရှုးရှားရှားနဲ့ ကျနော့်ကို စွာတယ်…..
မဖြစ်ဘူး….မျက်နှာချို ပြန်သွေးမှပဲ…
“အင်းပါဗျာ…ကျနော်က စ တာပါ…ခင်ဗျားကလဲ….ဒေါနကြီးပဲ….”
ကျနော် ပြန် မျက်နှာချိုသွေးလိုက်တယ်….
ဟိုလူလဲ ကျေနပ်သွားတယ်….
ကျနော်က တစ်ဆင့်တက်လိုက်ပြီး….
“ဒါနဲ့…ခုက တန်းစီပြီး ဘာလုပ်နေတာလဲဗျ……အလှူပေးနေတာလား…”
“မဟုတ်ဘူးကွ…..”
ကိုသာဇံက စကားကို ခပ်ဖြေးဖြေး တစ်လုံးချင်းပြောတယ်…
“အရောင်းအဝယ် လုပ်နေတာ…”
“ဗျာ…
အရောင်းအဝယ်လုပ်နေတာ…ဟုတ်လား…”
“အေး…ဟုတ်တယ်…အရောင်းအဝယ်လုပ်နေတာ..”
သူက ပြောလဲပြော၊ ကျနော့ကိုလဲ သေချာစိုက်ကြည့်ရင်းနဲ့…
“မင်း အသက်ဘယ်လောက်လဲ” လို့ … လှမ်းမေးတယ်….
ကျနော်က…. “နောက်လဆို ၂ဝ ပြည့်တော့မှာဗျ..”လို့ ပြန်ပြောတော့….
“ဒါဆိုလာကွာ…ငါ့နောက်မှာ…ဝင်တန်းစီလိုက်…”တဲ့
ဒါနဲ့ပဲ ကျနော်လဲ ကဗျာကယာ ဘုမသိဘမသိနဲ့ ဝင်တန်းစီလိုက်ရတယ်…
ကျနော့်နေရာ အတည်တကျဖြစ်သွားတော့..သူက အလာပ သလာပ ဆက်မေးတယ်..
“မင်းက ဘယ်က လာတာလဲကွ…”
“ကျနော်လား..၊ ကျနော်က ဘယ်ကမှ မလာဘူး..၊ ကျနော် အိပ်မက်မက်ရင်း ရောက်လာတာ…”
“ဟေ….”
ကျနော့် အဖြေကြောင့် ကိုကြီးသာဇံလဲ ဇဝေဇဝါ ဖြစ်သွားပုံပဲ…
ပြီးတော့…
အေးအေး…ဘာပဲဖြစ်ဖြစ်…တန်းစီလိုက်..လို့ ဆက်ပြောတယ်…
အဲ့တော့မှ….ကျနော်လဲ ဘာမှန်းမသိဘဲ သူတန်းစီခိုင်းလို့ တန်းစီနေရတဲ့အဖြစ်ကို သတိရသွားတယ်…
“ပြောပါဦးဗျ…ဘာတွေ ရောင်းပြီး ဘာတွေ ဝယ်တာလဲ…”
“အိမ်းးးး”
ကိုကြီးသာဇံက သူ့ဝသီအတိုင်း….ခပ်လေးလေးပဲ ဆက်ပြောတယ်…
“ဒီအိမ်ထဲမှာ…ဈေးသည်တစ်ယောက်နဲ့ ဆေးသည်တစ်ယောက်ရှိတယ်…
ဆေးသည်ကတော့ မင်းသိတဲ့အတိုင်းပေါ့ကွာ…၊ လူမမာတွေ ဒဏ်ရာရသူတွေကို ဆေးကုပေးတယ်…။ အင်းးး ဈေးသည်ကတော့…မျက်နှာဖုံးတွေ ရောင်းတာကွ…”
“ဗျာ….မျက်နှာဖုံးတွေ ရောင်းတာ…”
ကျနော် သူပြောတဲ့ စကားကြောင့်….အံ့ဩသွားတယ်…
“အေး…ဟိုမှာ ကြည့်ပါလား…”
သူ လှမ်းပြတာက…အိမ်ထဲက ထွက်လာတဲ့သူတွေကိုပါ…။ ဟုတ်ပါတယ်..၊ တချို့တွေက သမင်မျက်နှာဖုံးတွေ၊ တချို့တွေက…ခြသေ့င်္မျက်နှာဖုံးတွေ တပ်ပြီး ထွက်လာကြတယ်..၊ တချို့တွေကျတော့ ဆေးပုလင်းလိုလို ဖန်ပုလင်းတွေကိုင်ပြီး ထွက်လာကြတယ်…
ကျနော် သဘောပေါက်သွားတယ်…
“ဒါနဲ့ ခင်ဗျားကရော…ဘာမျက်နှာဖုံးဝယ်မလို့လဲ…”
“ငါက နောက်လဆို..စီးပွားရေး စ လုပ်တော့မလို့ကွ…
ဒီတော့ ကျီးကန်းမျက်နှာဖုံးနဲ့ ယုန်မျက်နှာဖုံး လာဝယ်တာ..”
“ဗျာ….ကျီးကန်းမျက်နှာဖုံး…ဟုတ်လား..”
“ဟုတ်တယ်လေကွာ….ကျီးကန်းတောင်းမှောက်ဆိုတဲ့စကားတောင် ရှိသေးတယ်မဟုတ်လား..”
“အင်းးးး ရှိတယ်လေ”
“အိမ်း…မင်းကြည့်ကြည့်..ကျီးကန်းတွေရဲ့ မျက်လုံးက ဘယ်တော့မှ မငြိမ်ဘူးကွ…၊ အမြဲ ဘာကိုချီပြီး ပျံပြေးလို့ရမလဲ စဉ်းစားနေတာ…
ငါလဲ ဒီလိုပဲကွ….၊ အခွင့်အရေးဘယ်တော့ရမလဲ အမြဲ ရှာကြံနေရမှာ…”
အင်းးးး သူပြောတော့လဲ ဟုတ်သလိုလို…
“ဒါဆို…ယုန်မျက်နှာဖုံးကရောဗျာ….”
“မင်းကလဲကွာ…ဒုံးဝေးလိုက်တာ…စီးပွားရေးလုပ်ပါတယ်ဆိုမှ…ငါနဲ့ ဆက်ဆံရတဲ့ Supplier တွေ ရှိမှာပေါ့…၊ သူတို့နဲ့ ဆုံရင် သုံးရမယ်လေကွာ….ဒါနဲ့ မင်းကရော ဘာမျက်နှာဖုံး ဝယ်မယ်စိတ်ကူးလဲ…”
သူမေးမှ…ကျနော်…ဘာမျက်နှာဖုံးဝယ်ရင် ကောင်းမလဲလို့…စဉ်းစားသွားရတယ်…
ငါ့အတွက်…ဘာမျက်နှာဖုံးဝယ်ရကောင်းမလဲ…?????
ငါ့အတွက်…ဘာမျက်နှာဖုံးဝယ်ရကောင်းမလဲ…?????
ဘာမှတော့ ခုထိ လိုသေးတယ်မတွေးမိသေးဘူး…၊ ငါ့အတွက်မလိုသေးဘူးဆိုရင်…. အမေ့အတွက်ရော။
အဖေဟောက်သမျှ အမြဲခံနေရတဲ့ အမေ့မျက်နှာကို သွားမြင်တယ်…
အမေ့ကိုသာ ကျားမျက်နှာဖုံးဝယ်ပေးလိုက်ရင်….အဖေနည်းနည်းတော့လန့်သွားမှာပဲ…
မဖြစ်ဘူး မဖြစ်ဘူး…
ကျနော် အမေ့ဖို့ကျားမျက်နှာဖုံးဝယ်ပေးမယ့်စိတ်ကူးကို ချက်ချင်းပဲ လက်လျှော့လိုက်တယ်…
မဖြစ်ဘူး..၊ ကိုယ့်ရှုးကိုယ်ပတ်…တော်ကြာ အဖေ့တင်မက … င့ါဘက်ပါ လှည့်လာနိုင်တယ်…
ဟင်…မျက်နှာဖုံးတစ်ခု…ဘယ်လောက်လဲတောင် မမေးရသေးဘူး…။ မနက်က ထောင်တန်လေး ၄ ရွက်လောက်ကို သွားမြင်တော့..ပိုက်ဆံမလောက်ရင် ဒုက္ခလို့တွေးပြီး ကျနော် ပျာယာခတ်သွားတယ်…။
“ကျနော် ဘာဝယ်ရမှန်း မသိသေးဘူးဗျ……ဒါနဲ့..ကိုကြီးသာဇံ…မျက်နှာဖုံးတစ်ခု..ဘယ်လောက်ရောင်းလဲဗျ….။ ကျနော့်မှာ ပိုက်ဆံ သိပ်မပါလာဘူး…”
ကိုကြီးသာဇံက ကျနော့်ကိုလှည့်ကြည့်ပြီး ပိုက်ဆံအတွက်တော့ စိတ်မပူပါနဲ့ကွ လို့လှမ်းပြောတယ်…။
“ဒီမျက်နှာဖုံးတွေက ပိုက်ဆံနဲ့ ရောင်းတာမဟုတ်ဘူးကွ….။ မင်းက ဒီမျက်နှာဖုံးတွေကို ယူတဲ့အဖိုးအခအဖြစ် ပိုက်ဆံကို ပေးစရာမလိုဘူး…”
သူ့စကားကြောင့် ကျနော် ပျော်သွားတယ်….
“ဗျာ…ဒါဆိုရင်…အလကားပေးတာလား…”
ဒါပေမယ့်…သူ ဆက်ပြောလိုက်တဲ့စကားကြောင့် ကျနော် စိတ်ညစ်သွားတယ်…
“မင့်အမေကြီးတော်မို့ မင်းကို အလကားပေးရမှာလားကွ….။ ဒါပေမယ့်…..မင်း ပေးရမှာ..ပိုက်ဆံတော့မဟုတ်ဘူး…၊ မင်း မျက်နှာဖုံး တစ်ခုယူတိုင်း….မင်းဆီက ကိုယ်ချင်းစာစိတ်ဖြစ်ဖြစ်၊ စာနာထောက်ထားမှုဖြစ်ဖြစ်၊ သိက္ခာဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားဖြစ်ဖြစ် အဲ့ဒီထဲက တစ်ခုခုကို အဖိုးအခအဖြစ် ဒီမှာ ထားခဲ့ရမယ်….”
ဟင်းးးးးးးးး
ကျနော်…စိတ်မောသွားတယ်…
မျက်နှာဖုံးတွေရဲ့ အဖိုးအခက ပိုက်ဆံထက်တောင်….တန်ဘိုးကြီးနေသေးတယ်…
ဒါပေမယ့်….ဘာကြောင့်မှန်းမသိဘဲ…ကျနော် နေရာမရွှေ့မိဘူး…
ဒီလိုနဲ့…ကိုကြီးသာဇံနဲ့ ထွေရာလေးပါးပြောရင်း…ရှေ့ကိုတိုးရင်း တိုးရင်းနဲ့ပဲ….အိမ်ထဲကိုရောက်လာတယ်…
ကျနော့်ရှေ့မှာ..ကိုကြီးသာဇံအပါအဝင်မှ…လူ ၃ ယောက်ပဲ ရှိတော့တယ်…ခုချိန်ထိ ကျနော် ……
(၆)
ဘာမျက်နှာဖုံးဝယ်ရမလဲ…မဆုံးဖြတ်ရသေးဘူး….
(၇)
ရှေ့ဆုံးကလူက ညာဘက်မှာ…ဆေးသည်လို့..ဆိုင်းဘုတ်ချိတ်ထားတဲ့ အဘိုးကြီးတစ်ယောက်ထိုင်နေတဲ့…ညာဘက်က…အခန်းထဲကို…ဝင်သွားတယ်…
အဘိုးကြီးက လူမမာဖြစ်ဟန်တူသူကို မေးတယ်…
“ပြော…လူလေး…အဘ ဘာကူညီရမလဲ…”
လူမမာက စကား စ ပြောတယ်
“ကျနော်က ငယ်ငယ်ကတည်းက ခြေထောက်မခိုင်ဘူးဗျ…”
“အိမ်း…” အဘိုးကြီးက စကားထောက်တယ်…။
“ဒီတော့…ကျနော် ခဏခဏ ချော်လဲတာပေါ့ဗျာ…။ တစ်ခါတစ်လေ ဒူးထောက်ရက် ကျတယ်..၊ တစ်ခါတစ်လေ..ရင်ဘတ်နဲ့ကျတယ်…။
ဒူးခေါင်းက ဒဏ်ရာကတော့ ကျနော် ဆေးထည့်ပါတယ်…၊ ပျောက်မလိုဖြစ်လိုက်၊ ထပ်လဲလိုက်နဲ့…ဒါပေမယ့်..မြင်နေရတော့ ဆေးပုံမှန်ထည့်ဖြစ်ပြီး အဲ့ဒါက အခု သက်သာနေတယ်…
ခက်တာက….ဟိုတစ်နေ့ကမှ…ကျနော် သတိရလို့…ရင်ဘတ်နဲ့လဲတဲ့ဒဏ်ရာကို ထုတ်ကြည့်တော့…”
ပြောပြောဆိုဆို…လူငယ်က သူ့ရင်ဘတ်ကို ခွဲလိုက်ရင်း…အထဲက တစ်စုံတစ်ခုကို လက်နဲ့ နှိုက်ယူတယ်…။
အမလေးးးးး!!!!!
ကျနော်…သူ့လက်ထဲပါလာတဲ့…သူ့နှလုံးသားကို မြင်ပြီး….အံ့ဩသွားတယ်…
သူ့နှလုံးသားရဲ့ တစ်ဝက်ကျော်ကျော်လောက်က ရာဘာတုံးဖြစ်နေပြီ…
ဆေးဆရာ အဘိုးအိုက လူငယ့်လက်ထဲက..နှလုံးသားကို လှမ်းယူရင်း…ရာဘာဘက်အခြမ်းကို ခေါက်ကြည့်တယ်…။ အဘိုးအိုလက်က ပြန်ကန်ထွက်လာတယ်…
အဘိုးအိုက အသာအယာခေါင်းညိတ်တယ်…..
နှလုံးသားရဲ့ အသားဘက်အခြမ်းကို ထပ်ခေါက်တယ်….
အားးးးး!!!!!!!!!!!
လူငယ့်ဆီက နာနာကျင်ကျင်အော်သံထွက်လာတယ်…
“ဖြည်းဖြည်းလုပ်ပါဗျ..”
နာကျင်မှုကြောင့် လူငယ့်ဆီက အသံထွက်လာတော့…အဘိုးအိုက အားနာတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်….
ပြီးတော့…သူ့လက်ထဲက လူငယ်လေးရဲ့ နှလုံးသားကို…အပြန်ပြန်အလှန်လှန်ကြည့်ပြီးတော့….
“လူလေးနှလုံးသားက အတော်ကိုဆိုးနေတယ်….၊ အရင်အတိုင်း…ပြန်ဖြစ်ဖို့တော့….”
အဲ့ဒီအချိန်မှာပဲ…နာကျင်မှုကြောင့် ညည်းညူနေတဲ့ လူငယ်က ခြေကာကာလက်ကာကာ၊ ခေါင်းတစ်ခါခါလည်တစ်ခါခါနဲ့ ပြန်ပြောတယ်…..
“မဟုတ်ဘူး အဘိုး၊ မဟုတ်ဘူး…၊ အဘိုးထင်တာ မှားနေပြီ…..။ ကျနော် အရင်အတိုင်းပြန်ဖြစ်ချင်တာမဟုတ်ဘူး…၊
ကျနော် အဲ့ဒီတစ်ခုလုံးကို ရာဘာချည်းပဲ ဖြစ်ချင်တာပါ…”
အဘိုးအိုဆီက “ဟေ” ဆိုတဲ့ အာမေဋိတ်သံ ထွက်လာတယ်…
ပြီးတော့…လူငယ်ရဲ့မျက်နှာကို လှမ်းကြည့်ပြီး…စိတ်မကောင်းစွာနဲ့…..ခေါင်းခါတယ်…
“စိတ်မကောင်းပါဘူး…လူလေးရယ်…၊ အဘိုးဒါတော့ ကူညီနိုင်မယ်မထင်ဘူးကွယ်…..”
အဘိုးအိုစကားအဆုံးမှာ…မျှော်လင့်တကြီးနဲ့ကြည့်နေတဲ့လူငယ့်ဆီက ဟင်းးးး ကနဲ သက်ပြင်းရှည်ကြီး ချသံထွက်လာတယ်…
အဘိုးက ဆက်ပြောတယ်…
“ဒါပေမယ့်…မပူပါနဲ့ကွယ်….၊ မင်း ရင်ဘတ်နဲ့ခဏခဏလဲကျတဲ့အခါ၊ မင်းမိသားစုက မင်းကို နားမလည်တဲ့အခါ၊ မင်းသူငယ်ချင်းတွေက မင်းကို လှောင်ပြောင်ကြတဲ့အခါ၊ မင်းတန်ဘိုးထားတဲ့သူတွေ၊ မင်းသံယောဇဉ်ရှိတဲ့သူတွေ၊ မင်းချစ်တဲ့သူတွေက မင်းရင်ဘတ်ဆီကို … သူတို့ရဲ့ အတ္တတွေ၊ ဒေါသတွေ၊ သံသယတွေနဲ့ ပစ်ပေါက်ကြတဲ့အခါ….မင်းနှလုံးသားဟာ…ခပ်မြန်မြန်ပဲ..ရာဘာတုံးတစ်ခုလိုပဲ…ထုံသွားပါလိမ့်မယ်…။”
လူငယ်လေးလဲ…ကျေးဇူးတင်ကြောင်း အဘိုးအိုကို ပြောပြီး ထ ထွက်သွားတယ်…။
ဒုတိယ…တစ်ယောက်ကလဲ…ဆေးသည်အဘိုးအိုဆီကိုပဲ သွားတယ်….
ထူးဆန်းတာက …အဲ့ဒီလူ တစ်ကိုယ်လုံးဟာ…အနီရောင်တွေချည်း ဖြစ်နေတယ်..
ထိုသူ အဘိုးအိုရှေ့ရောက်ရင်ပဲ…ရည်ရွယ်ချက်မရှိ..စားပွဲကို တဒုန်းဒုန်းထုရင်း…သူ ခုလိုတွေ့ဖို့ ဘယ်လောက်ကြာကြာထိ တန်းစီနေရကြောင်း ပြောတယ်…
အဘိုးအိုက နားလည်သလိုကြည့်ရင်း….လာရင်းကိစ္စကိုမေးတော့…
“ဒီမှာကြည့် အဘိုးကြီး…၊ ကျုပ်ရဲ့ ခနာကိုယ်ကို…၊ ကျုပ်ငယ်ငယ် ၁၅နှစ်သားလောက်ထိ….လူ့အသားအရည်အတိုင်း ရှိနေတုန်းပဲ….။ ဒါပေမယ့်…..ကျုပ်မိသားစု တောင်ဘက်ပိုင်းကို ပြောင်းခဲ့တော့ ကျုပ်လဲ အတူပါလာရင်း….အဲ့ဒီပတ်ဝန်းကျင်ကလူတွေက…ကျုပ်ကို အနက်ရောင်တွေနဲ့ ဝိုင်းပက်ကြတယ်…။ ဟော..ခု အရှေ့ဘက်ကို ပြောင်းတော့ ကျုပ်ကို အနီရောင်တွေနဲ့ ဝိုင်းပက်ကြပြန်ပြီ….
အဲ့ဒါ ကျုပ်နဂိုအသားအရောင်အတိုင်းလိုချင်လို့…ခင်ဗျားကုပေးပါ….”
အဘိုးအိုက “ရပါတယ်….” လို့ ခပ်တိုးတိုးပြောလိုက်ပြီး…ဘယ်ဘက်အခန်းက မျက်နှာဖုံးရောင်းတဲ့ ဈေးသည်ဆီကူးသွားတယ်….
ပြီးတော့…ခုနက မျက်နှာဖုံးဝယ်တဲ့သူတွေ…အဖိုးအခအဖြစ်… ထားသွားတဲ့…ကိုယ်ချင်းစာနာစိတ် နဲ့ ကြင်နာခြင်း ပုလင်း ၂ လုံးကို ယူပြီး လူမမာကို ပေးရင်း……….
ဒီဆေး ၂ ဖုံကို မနက်၊ နေ့လည်၊ ည သောက်ပါ…၊ နောက်တစ်ပတ်နေရင် ပြန်လာပြပါလို့ သေချာမှာနေတယ်..။
အဲ့ဒီလူလဲထွက်သွားရော…ကိုကြီးသာဇံလဲ မျက်နှာဖုံးဝယ်ဖို့….မျက်နှာဖုံးရောင်းတဲ့ ဘယ်ဘက်အခန်းက အဘိုးအိုဆီကို ဝင်သွားတယ်…။
သူပြောခဲ့သလို…ကျီးကန်းမျက်နှာဖုံးနဲ့…ယုန်မျက်နှာဖုံး ၂ ခုဝယ်တယ်…။ ဝယ်ပြီးတော့မှ လိုလိုမယ်မယ်ဆိုပြီး ဗျိုင်းမျက်နှာဖုံးတစ်ခုကိုပါ ထပ်ဝယ်လိုက်တယ်…..
ကဲ…..ကျနော့် အလှည့်ရောက်ပြီ…….
(၈)
မျက်နှာဖုံးရောင်းသူ အဖိုးအိုက….”ဘာယူမလဲ လူလေး” လို့…မေးတဲ့အချိန်ထိ…ကျနော် ဘာမျက်နှာဖုံးဝယ်ရမလဲ သေချာမသိသေးဘူး….
နောက်တော့…..ကျနော်…သေချာစဉ်းစားပြီး….ဆုံးဖြတ်ချက်ချလိုက်တဲ့လေသံနဲ့ အဘိုးကို လှမ်းပြောလိုက်တယ်….
“အဘိုး…ကျနော့်ကို ပျော်ရွှင်ခြင်းမျက်နှာဖုံးတစ်ခုပေးပါ….”
အဘိုးအိုက ခဏငြိမ်သွားပြီး ကျနော်ပြောတဲ့ ပျော်ရွှင်ခြင်းမျက်နှာဖုံးကို ရှာနေတယ်….
ရှာတွေ့တော့…သူ့လက်ထဲမှာ…ပျော်ရွှင်ခြင်းမျက်နှာဖုံးကို ကိုင်ထားရင်း…ကျနော့်ကိုမပေးသေးဘဲ..မေးခွန်းတစ်ခု မေးတယ်…
“လူလေးက ဘာလို့…ဒီမျက်နှာဖုံးကို လိုချင်တာလဲ…”
ကျနော့်မှာ…အဖြေအဆင်သင့်ရှိပါတယ်…ဒါကြောင့်လဲ…ကျနော်ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ်…
“ပျော်ရွှင်ခြင်းမျက်နှာဖုံးက ဝမ်းနည်းခြင်း မျက်နှာဖုံးထက်စာရင်…ပိုလှတယ်မဟုတ်လား…”
ကျနော့်အဖြေကြောင့် အဘိုးက မျက်နှာကြီးပြုံးသွားရင်း….မင်းက တယ်လှချင်ပါလားလို့ ပြန်ပြောတယ်…။
“ရှိသေးတယ်အဘိုးရဲ့…
ဒီမျက်နှာဖုံးကျနော်တပ်ထားရင်…ကျနော့်ကို ချစ်တဲ့သူတွေလဲ ကျနော့်မျက်နှာကိုမြင်ရင်…ပျော်မယ်မဟုတ်လား…၊
တကယ်လို့ ကျနော့်ကို မုန်းတဲ့သူတွေ …ကျနော့်မျက်နှာကို…မြင်ရင်လဲ… သူတို့မုန်းတဲ့ပမာဏအတိုင်းပဲ…ဒီမျက်နှာဖုံးကို ကြည့်ရင်း…စိတ်ညစ်သွားနိုင်ကြတာပေါ့….
ဒါကြောင့်ပါ…”
အဘိုးက ကျနော့်အဖြေကို …လက်ခံပါတယ်….
လက်ခံတဲ့အပြင်…အဲ့ဒီပျော်ရွှင်ခြင်းမျက်နှာဖုံးကို…ကျနော့်မျက်နှာမှာ…စနစ်တကျတပ်ပေးရင်း….မင်းရည်ရွယ်ချက်က ဒီလိုဆိုရင်…..ဒါဟာ မျက်နှာဖုံးတစ်ခုဆိုတာ…လူမသိပါစေနဲ့ လို့…ခပ်တိုးတိုးမှာတယ်…။
အဘိုးအိမ်ရဲ့ ပြတင်းပေါက်မှန်ကနေ မြင်နေရတဲ့ ကျနော့်မျက်နှာကို ကျနော်…အတော်သဘောကျနေတယ်…။ အဘိုးတပ်ပေးလိုက်တဲ့မျက်နှာဖုံးဟာ…ကျနော့်မျက်နှာပေါ်မှာ ရောက်နေပြီ…….။ မျက်နှာဖုံးပေါ်က…ကျနော့် နှုတ်ခမ်းတွေဟာ… ပြုံးနေကြတယ်…၊ ကျနော့်မျက်လုံးတွေကလဲ အပျော်တွေနဲ့ တလက်လက်တောက်ပနေတယ်….။
အဲ့ဒါနဲ့ပဲ…..အဲ့ဒီမျက်နှာဖုံးကို ကျေနပ်စွာကျနော်တပ်ရင်း….မျက်နှာဖုံးတွေနဲ့ပြည့်နေတဲ့…အပြင်လောကကြီးဆီကို ကျနော် … ပြန်ထွက်လာခဲ့တယ်…
(၉)
အင်းးးး
ကျနော်…မပြောမိလိုက်တာ…တစ်ခု ရှိနေတယ်…
အဲ့ဒါက…ကျနော်…အဲ့ဒီမျက်နှာဖုံးအတွက်…အဖိုးအခအဖြစ်…ဘာထားခဲ့သလဲ..ဆိုတာပါပဲ…
ထားပါတော့လေ….ကျနော် မပြောတော့ဘူး….
ဒါကတော့……ကျနော့်ရဲ့…လျို့ဝှက်ချက်ပဲ….
ကောင်းကင်ပြာ
၂၄.၉.၂၀၁၄
57 comments
ဇီဇီ
September 24, 2014 at 2:41 pm
မျက်နှာဖုံးတစ်ခုမှ မပိုင်ရင် လူရာမဝင်တဲ့ အချိန်မို့ နေမှာပါကွယ်။
ကြာတော့လည်း မျက်နှာဖုံး အောက်က မျက်နှာ အစစ်ဟာ ဘယ်လိုလဲလို့ မတွေးမိတော့ပဲ မျက်နှာဖုံးလေးတွေပဲ ကွက်ကြည့်မိရင်း နေသားတကျ။
မျက်နှာ အစစ်ကိုတောင် မမြင်ရမှတော့ နှလုံးသား အစစ်ကို မြင်ရဖို့ဝေးးး
နောက်တော့လည်း ဒီ အရာတွေကို အစစ်လို့ ဇွတ်မှတ်ယူရင်း သက်တမ်းကုန်ရဦးမှာပါပဲ။
နောက်ကျောကို ထိုးတဲ့ ဒါးချက်နဲ့ သက်တမ်းကုန်မလားး
ရှေ့တည့်တည့်က ကျည်ဆံနဲ့ သက်တမ်းကုန်မှာ လား ဘယ်သူသိနိုင်မလဲ။
ပြသထားတဲ့ နောက်ကွယ်မှာ ဘာရှိတတ်သလဲ လို့ အချိန်ပေးမစဉ်းစားတော့ ကြာပါပေါ့။
:b:
Kaung Kin Pyar
September 25, 2014 at 6:53 pm
ဟုတ်ပါတယ် မဇီရေ….
ဒီလိုနဲ့ပဲ သက်တမ်းတွေကုန်ကြဦးမှာပဲ…
ရှိနေတဲ့အချိန်တော့လဲ … အကောင်းဆုံး ကြိုးစားတာပေါ့…နော့..
Myo Thant
September 24, 2014 at 2:44 pm
ကျနော့်ကိုတော့ အကြွေးကင်းတဲ့ မျက်နှာဖုံးပေးပါ ၊
မရှိတော့တဲ့ သိက္ခာတွေကို ထားခဲ့ပါ့မယ် ၊
Kaung Kin Pyar
September 25, 2014 at 6:55 pm
အကြွေးကတော့ ဘယ်သူမှ … မကင်းနိုင်ဘူး မဟုတ်လား..ဦးမျိုးရဲ့…
အကြွေးရှိမှ..သူဌေးလို့ မည်တာဆို…(ကြားဖူးတာပဲ…)
ပိုက်ဆံချေးထားရင်…သူငယ်ချင်းတွေက မမေ့တတ်ကြလွန်းလို့…ကောင်းကင်ပြာတောင် တစ်ယောက်နည်းနည်းစီ..ပိုက်ဆံလိုက်ချေးနေတယ်…
:k:
ခင် ခ
September 24, 2014 at 2:51 pm
“အဘိုး…ကျနော့်ကို ပျော်ရွှင်ခြင်းမျက်နှာဖုံးတစ်ခုပေးပါ….”
အနော့်လဲ အဲဒါမျိုးတစ်ခုလောက်ပေးပါဗျ။
Kaung Kin Pyar
September 25, 2014 at 6:55 pm
လေးခက မျက်နှာဖုံးမတပ်ပါနဲ့…
မျက်နှာအစစ်နဲ့ပဲ…ပျော်ရွှင်အောင်နေပါ…
ဒါမှ..လူဖြစ်ကျိုးနပ်မှာ…
ဂျက်စပဲရိုး
September 24, 2014 at 4:15 pm
ဆေးဆရာကြီး ဆီ သွားပြီးတော့ပဲ ရာဘာ မျက်နှာ ရာဘာ နှလုံးသား ဖြစ်သွားအောင် ကုပေးဖို့ တောင်းဆိုရင် ကောင်းမယ် ထင်တာပဲ။ း)
Kaung Kin Pyar
September 25, 2014 at 6:56 pm
“စိတ်မကောင်းပါဘူး…လူလေးရယ်…၊ အဘိုးဒါတော့ ကူညီနိုင်မယ်မထင်ဘူးကွယ်…..”
စိတ်မကောင်းပါဘူး…ဂျက်ရယ်…။ အဘိုးဒါတော့ ကူညီနိုင်မယ် မထင်ဘူးကွယ်….
sorrow
September 24, 2014 at 5:17 pm
..ကျော့်မှာလဲအဲ့လိုပျော်ရွှင်ခြင်းမျက်နှာဖုံးတခုရှိပါတယ် … ကျော်ပြန်ပေးလိုက်ရတဲ့တန်ဖိုးက ..ကျော့်ရဲ့ပျော်ရွှင်ခြင်းပါပဲ..တစ်ခါတလေ…တစ်စုံတစ်ယောက်ပျော်ရွှင်ဖို့အတွက်….
…မျက်ရည်တိတ်တိတ်ကလေးကျဖူးပါရဲ့ ..ဆုံးဖြတ်ထားပါတယ်..ကွကိုယ်.လောင်ကျွမ်းသွားပစေ…တစ်စုံတစ်ယောက်အတွက် ..လမ်းပြပေးနိုင်ရင်တော်ပြီ..ရိုးရိုးလေးပါ .မှောင်နေတဲ့.လောကကြီးအတွက် …ဖယောင်းတိုင်တတိုင်ဖြစ်ချင်တယ် ….
Kaung Kin Pyar
September 25, 2014 at 7:02 pm
တစ်စုံတစ်ယောက်ပျော်ရွှင်ဖို့ မျက်ရည်ကျပေးလိုက်ရင်…ဘရားသားမျက်ရည် အလဟသ မဖြစ်ပါဘူး….။ အနည်းဆုံးတော့ လူတစ်ယောက် ပျော်သွားတယ်လေ…။
လောကကြီးကတော့ အရမ်းမှောင်နေတယ်…။ ဖရောင်းတိုင်အလင်းရောင်လောက်နဲ့ မတိုးနိုင်ဘူးထင်တယ်…။ ဒါပေမယ့်…လုံးဝမလင်းတာထက်စာရင်တော့…အလင်းရောင်တော့ ဖြစ်မှာပါ….။
ဖရောင်းတိုင်မလုပ်နဲ့ ဘရားသားရေ….။
သဂျီးတို့ရွာမှာ…မီးအိမ်လေး လုပ်ပါ….။ (မြန်မာပြည်ကတော့ အက်ဒီဆင်ကို ဂုဏ်ပြုတာ များလွန်းတယ်..) :k:
လေယာဉ်မယ်လေးလက်ကိုကိုင်ရင်း…မြန်မြန်ပြုံးပြုံးကြီး အောင်ပွဲခံနိုင်ပါစေ…လို့..
alinsett
September 24, 2014 at 7:16 pm
ကျနော် အရမ်း နှစ်သက်တဲ့ ဆရာတာရာမင်းဝေ တို့ ရေးတာလိုမျိုး
အရေးအသား ဆန်းဆန်းလေး
အဲ ရိုးရိုးလေး လို့လည်း ပြောချင်တယ်။
ဘာပဲဖြစ်ဖြစ်လတော်တော်ကြိုက်မိတဲ့ စာမူလေးပါ။
ဒီစာမူလေး မှတ်ခားလိုက်ပါတယ်နော။
—–
စကားမစပ်
မနေ့တနေ့ကတော့ ငွေဆောင်ကမ်းခြေမှာ
အဆိုတော်မလေးတွေနဲ့ လိုက်သွားတဲ့
မာမီနှစ်ယောက် ရေ နစ် သေဆုံးသွားလေရဲ့။
ရသ မမြောက်လိုက်ပုံများ။
ဒီ စာမူနဲ့တော့ ကွာဘ
Kaung Kin Pyar
September 25, 2014 at 6:46 pm
ဟုတ်တယ်ဆက်ဆက်ရေ….
ဆရာတာရာမင်းဝေတို့ ဆရာမင်းခိုက်စိုးစန်တို့က ကောင်းကင်ပြာအရမ်းကြိုက်တဲ့ စာရေးဆရာတွေထဲ ပါတာပေါ့…။
ဆရာတာရာမင်းဝေရဲ့စာတွေ နောက်ပိုင်းမတွေ့တော့ ဆရာမင်းခိုက်စိုးစန်ရဲ့ စာတွေ ဖတ်ဖြစ်နေပါတယ်..။ ဆရာဘာသာပြန်တဲ့ ဟယ်ရီပေါ်တာရဲ့ မိစ္ဆာခန်းဆောင် ကိုဖတ်ပြီးတော့ နောက်အခန်းတွေ ဘယ်သူဘာသာပြန်တာမှ မတိုးတော့လို့ အတော်အဆင်မပြေဖြစ်နေတယ်…။
သူတို့ရဲ့ ရေးဟန်တွေကလဲ အနည်းနဲ့အများတော့ ကောင်းကင်ပြာကို လွှမ်းမိုးပါတယ်…။
အဆိုတော်မလေးတွေနဲ့ လိုက်သွားတဲ့
မာမီနှစ်ယောက် ရေ နစ် သေဆုံးသွားတာကတော့….သူရို့ ၂ ယောက် ဖလန်းဖလန်းထ တာ များသွားလို့ ဖြစ်မယ်ကွယ်…
:k:
အလင်းဆက်
September 25, 2014 at 10:05 pm
အဟုတ်ပဲဗျ။
ဆရာခိုက် ဘာသာပြန်ပေးလိုက်တဲ့ ဟယ်ရီပေါ်တာ
မိစ္ဆာခန်းဆောင် . . . .
တော်တော် စွဲသွားခဲ့တာ။
ကင်းကောင်ပြာလိုပါပဲ။
တခြား( ကြည်ကြည်မာဆိုလား ဘာသာပြန်ထားသေးတယ်) မတိုးတော့ဘူး။
ဆရာခိုက် ဘာသာပြန်တာက ရုပ်ရှင် ကြည့်နေရသလို
ပြီးတော့ အရမ်း ဂွတ်တယ်။
😆
တာရာမင်းဝေတို့ လိုင်းကို နှစ်သက်သူချင်း တွေ ့ဆုံရလို့ ဝမ်းသာမိပါတယ်။
နောက်ထပ် ရေးလာမှာတွေကိုလည်း
မျှော်နေတယ်နော
Shwe Ei
September 24, 2014 at 9:13 pm
..ဖတ်ရတာ ရသမြောက်တယ်လို့ ခံစားရတယ်..အစကနေ အဆုံးထိ မရပ်ဘဲ ဖတ်ချင်အောင်လဲ ..ဆွဲဆောင်နိုင်ပါတယ် 🙂
..မျက်နှာဖုံးတွေ အကြောင်းစဉ်းစားမိတာ တစ်ခုတော့ရှိတယ်…လူတွေဟာ အခြေအနေနဲ့ …အချိန်အခါကိုလိုက်ပီး လိုက်လျောညီထွေဖြစ်မဲ့ မျက်နှာဖုံးတစ်ခုစီတော့ …အမြဲတပ်ထားလေ့ရှိကြတာဘဲမှုတ်လား ????
Kaung Kin Pyar
September 25, 2014 at 6:42 pm
ဟုတ်ပါတယ်…မရွှေအိ်ရေ…လူတွေဟာ..အခြေအနေနဲ့ …အချိန်အခါကိုလိုက်ပီး လိုက်လျောညီထွေဖြစ်မဲ့ မျက်နှာဖုံးတစ်ခုစီတော့ …အမြဲတပ်ထားလေ့ရှိကြတာပါပဲ…
ပညာတတ်….လူ့ယဉ်ကျေးတွေများလာလေ…၊ သူတို့ဆောင်ထားတဲ့ မျက်နှာဖုံးတွေ များလာလေပဲ .. ထင်ပါတယ်…။
ဘာလို့လဲဆိုတော့…ကောင်းကင်ပြာ နေခဲ့ဖူးတဲ့ နယ်မြို့လေးတွေမှာတော့…အဲ့ဒီမျက်နှာဖုံးတွေက မရှိသလောက်ရှားလို့ပါ…။
ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲနော်…
ကျားနဲ့တွေ့လဲ လိုက်လျောညီထွေ၊ သိုးနဲ့တွေ့လဲ လိုက်လျောညီထွေ..
ဒါလို လိုက်လျောညီထွေတတ်တာလဲ…ပညာရပ်တစ်ခုလို ဖြစ်နေပြီမဟုတ်လား…
kyeemite
September 25, 2014 at 8:38 am
.အရေးအသားနဲ့အတွေးစဉ်လေးကိုတော့ လက်ဖျားခါတယ်ဗျာ…အဲ့လိုရေးတတ်ချင်တယ်.. :p:
.မထီတရီပြုံးနေတဲ့ မျက်နှာဖုံးတစ်ခုတော့လိုချင်သားဗျ…လောကဓံကိုအံတုတဲ့အခါတတ်ရအောင် :k:
kyeemite
September 25, 2014 at 8:44 am
.မေ့သွားလို့…စာနဲ့ အောက်ဆုံးကပျော်ရွှင်ခြင်းမျက်နှာဖုံးတတ်ထားတဲ့ပုံလေး လိုက်ဖက်တယ်လို့ :))
Kaung Kin Pyar
September 25, 2014 at 6:39 pm
ဦးကြီးမိုက် ချီးကျူးတာနဲ့တင်…ဒီပိုစ့်အတွက်…ပင်ပန်းရတာ တန်သွားဘီ….
Ma Ei
September 25, 2014 at 12:12 pm
”မျက်နှာဖုံး တစ်ခုယူတိုင်း….
ကိုယ်ချင်းစာစိတ်ဖြစ်ဖြစ်၊
စာနာထောက်ထားမှုဖြစ်ဖြစ်၊
သိက္ခာဖြစ်ဖြစ်၊
ကိုယ်ကျင့်တရားဖြစ်ဖြစ်
အဲ့ဒီထဲက တစ်ခုခုကို အဖိုးအခအဖြစ် ဒီမှာ ထားခဲ့ရမယ်….”
…
ပျော်ရွှင်မှု မျက်နှာဖုံးလေးတော့ လိုချင်သား…
ဘာထားခဲ့ရမလဲ ?????????????
ကိုယ်ကျင့်တရား နဲ့ သိက္ခာ ကိုတော့ ထားခဲ့လို့ မဖြစ်
ကိုယ်ချင်းစာစိတ် ၊ စာနာထောက်ထားမှု တစ်ခုခု ထားခဲ့ရမလား ဆိုတော့လဲ…
ဒါတွေမရှိရင် နေပျော်အောင် နေနိုင်မှာမဟုတ် …ဆိုတော့
…
ကောင်းကင်ပြာ ဘာကိုထားခဲ့လဲ …..
Kaung Kin Pyar
September 25, 2014 at 6:38 pm
ထားပါတော့လေ….မပြောတော့ဘူး….
ဒါကတော့……ကောင်းကင်ပြာရဲ့…လျို့ဝှက်ချက်ပဲ….:k:
ဒါပေမယ့်…
အကိုတစ်ယောက်မှန်းတာကတော့ မှန်သွားတယ်…
ဦးကျောက်ခဲ
September 25, 2014 at 1:01 pm
ဆန်းသစ်တဲ့ အတွေးအခေါ် ၊ ပြေပြစ်တဲ့ အရေးအသားမို့ ဗရာဗိုပါ ကောင်းကင်ပြာရေ …
🙂
Kaung Kin Pyar
September 25, 2014 at 6:37 pm
ဦးကျောက်စ်ရဲ့ ဗရာဘိုအတွက်လဲ ကျေးဇူးပါ…။ လာအားပေးတာလဲ ကျေးဇူးပါပဲ ဦးကျောက်စ်ရေ…
manawphyulay
September 25, 2014 at 1:02 pm
အဘိုး ကျမကို အဲဒီလို မျက်နှာဖုံး မျိုးစုံ အများကြီး လုပ်ပေးပါ
သီတင်းကျွတ်ပွဲတော်ရက်မှာ ရောင်းချင်လို့…..
Kaung Kin Pyar
September 25, 2014 at 6:34 pm
ဒီမျက်နှာဖုံးတွေကတော့ တန်ဘိုးကြီးတယ် မနောရေ…
Paing Lay
September 25, 2014 at 2:23 pm
အနော့ကိုလည်း ရာဘာမျက်နှာဖုံး မျိုးစုံလုပ်ပေးပါ ရုပ်ရှင်လောကထဲက ရုပ်ဖျက်တဲ့ ပညာသည်တွေကို ပြန်ရောင်းမလို့ :k:
Kaung Kin Pyar
September 25, 2014 at 6:33 pm
ရာဘာနဲ့ပတ်သတ်တာ အဘိုးမကျွမ်းပါဘူးတဲ့ကွယ်…
မြစပဲရိုး
September 25, 2014 at 2:55 pm
ဒေါ်ကင်းကောင် လေး
နေလို့ ကောင်းသွားပြီလား။
စာလေး ပြန်တွေ့ ရတာ ပျော် သွားပါတယ်။
ကျန်းမာရေးတော့ ဂရုစိုက် သမီး ရေ့။
ဘုန်းကြီး ကျောင်း က ဆရာတော် ဟောဘူးတာ။
အရီး တို့ တွေ က ကျန်းမာရေး တွေ ပျော်ရွှင်မှု တွေ ကို ရင်းပြီး ပိုက်ဆံတွေ ရှာနေကြရတာ တဲ့။
တကယ်တော့ အဲဒီ ပိုက်ဆံ တွေ ကလဲ အဲဒီ ကျန်းမာရေး တွေ၊ ပျော်ရွှင်မှု တွေ အတွက်ဘဲ ပြန်သုံး ကြရသတဲ့။
ဘဝ မှာ ပိုက်ဆံ၊ ကျန်းမာရေး နဲ့ ပျော်ရွှင်မှုကို Balance လုပ်ကြဖို့ သတိပေးစကားလေးပေါ့။
ရိုးရိုးလေးပေမဲ့ အများကြီး အဓိပ္ပါယ်ရှိတယ်။
အခု ဒီ ဝတ္တုလေး ထဲ ကလိုပေါ့။
ပျော်ရွှင်မှု မျက်နှာဖုံး အတွက် ပျော်ရွှင်မှု ကို ပေးလိုက်ရသလိုပေါ့။
ဟေ့
အရီး စဉ်းစားနေတယ်။ သိလား။
အဲဒီ မျက်နှာဖုံး တွေ က သက်တမ်း ဘယ်လောက်ခံ မလဲ ဆိုတာ။
တစ်ခါဝယ်ပြီး တစ်သက် သုံးပေရော့လား။
နောက် အဲဒီ ပျော်ရွှင်ခြင်းတွေ၊ ကိုယ်ချင်းစာစိတ်တွေ ဆိုတာ လျှော့သွားတိုင်း ပြန်ဖြည့် လို့ ရလားလား
ရရင် အကြောင်းမဟုတ်။
မဟုတ်ဘဲ ပေးလိုက်ပြီး ပြန်မဖြည့် နိုင်တော့ ခက်သား။
ကိုယ် နောက်ထပ် မျက်နှာဖုံး လိုချိန်ကျ ဘယ့်နှဲ့ လုပ်ပါ။
ဒီတော့
နောက်တစ်ခါ အိမ်မက် ထဲ မှာ အဲဒီ အဘ ကို သတိပေးလိုက်ပါနော်။
ပျော်ရွှင်ခြင်းတွေ၊ ကိုယ်ချင်းစာစိတ်တွေ ကို အတု တွေ လုပ်ပြီး လာဝယ် မစိုးလို့။
အဲလိုသာ ဆိုလို့ ကတော့ ဟိုဘက် က ဆေးသည် အဘ ရဲ့ လူနာ တွေ တော့ ဒွတ်ခ ပါဘဲ။ (စီဒီ – သဲ)
တွေးကြည့်တာ။
:))
PS – နောင်ရိုး တစ်ယောက်ရော စိတ်ပြန်ကောင်းသွားပြီလား။
သူ့ကိုလဲ အရီးက မေးတယ် ပြောလိုက်စမ်းပါ။
သူ အပျော်တွဲပြီး ထားခဲ့တဲ့ မိန်းကလေး တွေ ရဲ့ မေတ္တာစူး နေပြီလားလို့။
LOL:-)))))
Kaung Kin Pyar
September 25, 2014 at 6:33 pm
ကောင်းကင်ပြာကလဲ အရီး ကောင်းကင်ပြာရဲ့ ပိုစ့်ထဲဝင်မန့်ပေးလို့ ကျေးဇူးတင်တယ်…။
ပြန်Sharing လုပ်တဲ့ ဆရာတော်ဟောတဲ့စကားအတွက်လဲ ကျေးဇူးပါပဲ အရီးရေ…
“အရီး စဉ်းစားနေတယ်။ သိလား။
အဲဒီ မျက်နှာဖုံး တွေ က သက်တမ်း ဘယ်လောက်ခံ မလဲ ဆိုတာ။
တစ်ခါဝယ်ပြီး တစ်သက် သုံးပေရော့လား။
နောက် အဲဒီ ပျော်ရွှင်ခြင်းတွေ၊ ကိုယ်ချင်းစာစိတ်တွေ ဆိုတာ လျှော့သွားတိုင်း ပြန်ဖြည့် လို့ ရလားလား
ရရင် အကြောင်းမဟုတ်။
မဟုတ်ဘဲ ပေးလိုက်ပြီး ပြန်မဖြည့် နိုင်တော့ ခက်သား။
ကိုယ် နောက်ထပ် မျက်နှာဖုံး လိုချိန်ကျ ဘယ့်နှဲ့ လုပ်ပါ။”
Refill လိုမျိုးလား အရီး…???
ကောင်းကင်ပြာ သေချာမသိပါဘူး..။
ဒါပေမယ့်..ရိုးသားခြင်း၊ စစ်မှန်ခြင်းတစ်ခုခုကို အတုအယောင်နဲ့ ဖုံးကွယ်လိုက်တိုင်း…အဲ့ဒီအတုအယောင်က ပျောက်ပေးရတယ်….။ ဘယ်အချိန်မဆိုပဲ..။ အတုတစ်ခုနဲ့ ဖုံးကွယ်လိုက်တိုင်း အစစ်အမှန်က ပျောက်သွားရတယ်..။
ကောင်းကင်ပြာတော့ အဲ့ဒီလိုပဲ ထင်ပါတယ်…။
ကြွေလွင့် ပန်း
September 26, 2014 at 10:04 am
ကိုကောင်းကင်ပြာ
ကျုပ်ကတော့ အစကတည်းက သတိထားမိပါတယ်.. ရေးထားတဲ့စာလေးကို ဖတ်မိလိုက်ပြန်တော့လည်း အရေး၊ အတွေးက ကောင်းပါပေတယ်
အစကနေ အလယ်လောက်ရောက်လာတော့ အဖိုးအခ ဆိုတာ ဘာများလဲ သိချင်လာရော၊
အဖိုးအခဆိုတာ သိလာပြန်တော့ ဘာများဝယ်မှာလဲဆိုပြီး သိချင်လာပြန်ရော၊
ဇာတ်လမ်းတစ်ခုကို ဖတ်သူတစ်ယောက်အနေနဲ့ ဘယ်လိုသိမ်းလဲ စိတ်ဝင်စားစရာကောင်းလာအောင် ရေးတတ်သူတစ်ယောက်အနေနဲ့ရော၊ စာရေးသူတစ်ယောက်အနေနဲ့ စာဖတ်သူတွေကို ဘာပေးချင်တာလဲဆိုတာကို သေချာတွေးပြီး သေသေချာချာ ပေးဖြစ်သွားအောင် ပေးနိုင်တာရော သဘောကျသဗျာ။
နောက်ဆုံးမှာ ကိုကောင်းကင်ပြာရဲ့ ကောင်မလေးပုံကို တင်ပြီးကြွားသွားတာတော့ မလိုနာဘူး။
ဂလောက်ပဲ။
kai
September 26, 2014 at 3:11 pm
နောက်လကုန်ဆို.. ယူအက်စ်ရဲ့မျက်နှာဖုံးတွေတပ်တဲ့ပွဲတော်ကြီးလာတော့မယ်..။
အဲဒီမှာလေ..
လမ်းမကြီးတွေပေါ်မှာ.. ဟောလိဝုဒ်မှာ.. မြို့ကြီးတွေ.. နိုက်ကလပ်တွေ.. အိမ်တွေအထိအောင်ပေါ့..
လူထီးတွေ.. လူမတွေ.. လူဂေးတွေ.. မျက်နှာဖုံးမျိုးစုံတပ်ကြတယ်..။
ကလေးတွေက. ဝတ်ရုံကြီးတွေခြုံ.. မျက်နှာဖုံးတွေတပ်.. အိမ်တွေကိုလိုက်တံခါးခေါက်..
လှည့်စားမလား.. ပြုစုမလား… တဲ့…။ :k:
Kaung Kin Pyar
September 26, 2014 at 3:40 pm
ဟင့်အင်းးး
ကောင်းကင်ပြာဆိုရင်တော့
လှည်းစားတာနဲ့ပြုစုတာစကားနှစ်လုံးထဲက တစ်ခုစီယူပြီး ပြောမယ်
ပြု..စား…မယ်
လို့
:k:
Iris
September 26, 2014 at 6:46 pm
Halloween day ကိုသွားချင်တာ..မနှင်းဖြူပေါ့ပုံပြောပြီးပြန်သွားတယ်။ မျက်နှာဖုံးမတပ်လိုက်ရဘူး။ ကောင်းကင်ပြောတဲ့မျက်နှာဖုံးတွေကတော့အမ မှာရှိတယ်ဝယ်စရာမလိုဘူး။ ကြိုက်တဲ့အချိန်ကောက်စွပ်ပလိုက်ရုံပဲ။ ရုံးမှာမန်နေဂျာနဲ့ပြောရင်တစ်ခု။ အုံနာနဲ့ဆိုတစ်ခု။ တခြားဌာနတွေနဲ့ဆိုတစ်ခု. စပလီုင်ယာတွေနဲ့ဆိုတစ်ခု…အများကြီးပဲ..:-D
Kaung Kin Pyar
September 26, 2014 at 8:26 pm
ကိုကြွေလွင့်ပန်း
ခင်ဗျားမြှောက်တာနဲ့ကျုပ်မှာ ပျော်ရွှင်ခြင်းမျက်နှာဖုံးကနေ မြင်းမျက်နှာဖုံးပြောင်းတပ်လိုက်ရတယ်။ တဟီးဟီးနဲ့ကို ဖြစ်သွားလို့ :k:
အေးဗျာ ပုံထဲကတစ်ယောက်တော့ ရွာသားချင်းမို့ ပြောရဦးမယ်။ ဝေးဝေးကရှောင်ပါဗျာ။ ခင်ဗျားမမှားပါဘူး။ နည်းနည်းမှ ကောင်းတာ မဟုတ်ဘူးရယ်။
မြစပဲရိုး
September 26, 2014 at 11:14 pm
အဲဒါ ကင်းကောင် ဆိုလို့ ကတော့ အရမ်းကို ချစ်ဖို့ ကောင်း တဲ့ မိန်းကလေး ပါဘဲ။
မျက်နှာလေး က တစ်အား အေးချမ်းတယ်။
မျက်နှာဖုံး မလိုအောင် ကြည်လင် ပျော်ရွှင် နေပြီး သား နေမှာပါ။
:))
Kaung Kin Pyar
October 9, 2014 at 5:39 pm
စိတ်ကြည်လင်ဖို့လဲ…ပြင်ဆင်နေပါတယ် အရီးရယ်…
နည်းနည်းတော့ ခက်တယ်ထင်ပါတယ်….။ ခုမှ ကြိုးစားနေတုန်းပါ…။
ဦးကြောင်ကြီး
September 29, 2014 at 11:28 am
ကင်းကောင်ပြာကို
ဗူများဆေးရောင်ခြယ်
ကင်းကောင်ပြာကို
ကြောင်ကြီးမွှေးချင်
အဲ..အဲ.. မှားရို့
ကင်းကောင်ပြာကို
ကြောင်ကြီးဆေးရောင်ခြယ်… ငါကွ
ဦးကြောင်ကြီး
October 16, 2014 at 9:46 am
ငါ့ကြတော့ အဖက်မလုပ်ဗူး.. ဒီကေဘီအေ ကယင်သဗုံမ… မော်တာနဲ့ ထုလိုက်ယ..
Kaung Kin Pyar
October 16, 2014 at 3:07 pm
အဖက်လုပ်ပါတယ် အူးကြောင်ရယ်….။
အလှူကိုလဲ သာဓုခေါ်ပါရဲ့….။
တစ်တပ်တစ်အားပါဝင်ဖို့လဲ….တွေးထားပြီးသားပါ….။ လူအားမဟုတ်တောင် … ငွေအားနဲ့တော့ တတ်နိုင်သလောက် ပါဖြစ်ပါလိမ့်မယ်…။
အူးကြောင်လဲ ရေးထားတဲ့စာလေးလာဖတ်ပေးတာ ကျေးဇူးအများကြီးတင်ပါကြောင်း…
နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေ…
ဦးဦးပါလေရာ
October 7, 2014 at 6:20 am
စာကြမ်းပိုးပြောလို့ (လင့်ပေးလို့) လာပြေးဖတ်မိတာ..
အကြောင်းအရာ အတွေး နဲ့ ရေးဟန် က တစ်သားတည်း ညီညွတ်တယ်…
သိပ်ကောင်းတဲ့ စာလေးပါပဲ….
Kaung Kin Pyar
October 8, 2014 at 5:25 pm
လာအားပေးတာ ကျေးဇူးပါ ဦးပါရေ……
padonmar
October 7, 2014 at 9:20 pm
စာဖတ်ရင်း ငါ့မျက်နှာပေးမှာ ဘာမျက်နှာဖုံးများ ရှိနေပါလိမ့်ဆိုပြီး စမ်းမိတော့မလို ဖြစ်သွားတယ်….
ဘာမျက်နှာဖုံးများ စမ်းမိမယ်ထင်လဲဟင်…
Kaung Kin Pyar
October 8, 2014 at 5:17 pm
အာတီဒုံဆိုရင်တော့…ချစ်ဖို့ကောင်းတဲ့ မျက်နှာဖုံးတစ်စုံတော့ သေချာရှိမှာပါ…
မျက်နှာဖုံးတွေကတော့ နေရာအေနေအထားနဲ့…ဆက်ဆံရတဲ့ဝန်းကျင်ပေါ်လိုက်ပြီး ကွဲပြားမယ်ထင့်…
Crystalline
October 8, 2014 at 5:10 pm
အဲ့လိုဆန်ဆန်လေး ဖတ်ဖူးတယ်… မြန်မာလိုတော့ဟုတ်ဘူး…
စာများများရေးပါ ကောင်းကင်ပြာလေးရေ… :))
Kaung Kin Pyar
October 8, 2014 at 5:15 pm
ဟုတ်….
နောက်ထပ်စာတွေရေးနိုင်ဖို့…ကြိုးစားပါ့မယ် မခွစ်ရေ…
ရေးထားတာ တချို့တော့ရှိတယ်…စိတ်တိုင်းမကျသေးတာနဲ့……..
Burmese Rose
October 9, 2014 at 11:18 am
စစဖတ်ချင်းက ပုံပြင်တစ်ပုဒ်ပဲထင်လို့။ အရမ်းလေးနက်တဲ့ စာတစ်ပုဒ်ပါ။ ကောင်းကင်ပြာရဲ့ ပို့စ်လေးဖတ်ပြီးတော့ အတွေးတွေ အများကြီးတွေးဖြစ်တယ်။ ဒီလောကမှာ မျက်နှာဖုံးနဲ့ကင်းတဲ့သူ ဘယ်သူများရှိမလဲ…
Kaung Kin Pyar
October 9, 2014 at 5:30 pm
အဟီးးးး
Burmese Rose က အဲ့လိုတွေးတယ်…။
ကောင်းကင်ပြာတော့ အဲ့တစ်လောက ဘေးနားကဖြတ်သွားတဲ့သူတွေ၊ မြင်နေတဲ့သူတွေကို ကြည့်ရင်း..သူတို့မှာ..ဘာမျက်နှာဖုံးတွေ တပ်ထားတာလဲလို့..လိုက်လိုက်တွေးမိနေတယ်…။ လှည်းတန်းတို့လိုနေရာတွေ၊ မြေနီကုန်းတို့လိုနေရာတွေဆို သိပ်တွေးလို့ကောင်း…အဟိ…
ရုံးကလူတွေတောင် သူတို့သူငယ်ချင်းတွေအကြောင်း အတင်း လာပြောရင်..ဒီဆိတ်မလေးတွေတော့ စ ပွားပြီလို့ တွေးမိတဲ့အထိ…ဟီးဟီး..
မ " တတ် ပါ့ "
October 9, 2014 at 11:30 am
အတွေးကောင်း
အရေးကောင်း
စာရိုက်ပုံလည်း စနစ်တကျလေးမို့
ဖတ်လို့လည်း အဆင်ပြေပါတယ်။
ကျေးဇူးတင်ပါတယ်။
Kaung Kin Pyar
October 9, 2014 at 5:31 pm
ဟုတ်
ကျေးဇူးပါ..မ တတ် ပါ့ ရေ…
မ တတ် ပါ့ရဲ့ စာတွေကိုလဲ…အားပေးနေပါတယ်…
weiwei
October 9, 2014 at 12:57 pm
စာကြမ်းပိုးအညွှန်းနဲ့ အခုမှ ဝင်ဖတ်ဖြစ်တာ …
အရမ်းကောင်းတဲ့ အရေးအသားနဲ့ အတွေးအခေါ်ပဲ …
နောက်ကျမှ ဖတ်ဖြစ်လိုက်ပေမယ့် ဖတ်ဖြစ်သွားလို့ တော်သေးတယ် ..
Kaung Kin Pyar
October 9, 2014 at 5:33 pm
နောက်ကျမှ ဖတ်ဖြစ်လိုက်ပေမယ့် ဖတ်ဖြစ်သွားလို့ တော်သေးတယ် ..
အို…
ဒီလိုစာသားလေးတွေ..ဘယ်လောက် Heart ထိစေလဲ…
ကောင်းကင်ပြာ..ခရီးတွေထွက်ဖြစ်ရင်လဲ…ခရီးသွားဆောင်းပါးတွေ စမ်းရေးကြည့်ချင်ပါသေးတယ်…။ မဝေကို အားကျလို့….
Phoe Myinttar
October 9, 2014 at 2:02 pm
သိမ်းထားလိုက်ပြီဗျာ
Kaung Kin Pyar
October 9, 2014 at 5:34 pm
ဟုတ်ကဲ့ပါ ကိုဖိုးမေတ္တာ…။
မတွေ့တာတောင် ကြာပြီ…
Fall Guy
October 13, 2014 at 10:28 pm
ကျနော့် ကိုတော့ ကြောက်စရာကောင်းတဲ့ ဘီလူးမျက်နှာဖုံးတစ်ခုပေးပါ
Wow
October 15, 2014 at 10:17 am
“ပျော်ရွှင်ခြင်းမျက်နှာဖုံးက ဝမ်းနည်းခြင်း မျက်နှာဖုံးထက်စာရင်…ပိုလှတယ်မဟုတ်လား…”
“ရှိသေးတယ်အဘိုးရဲ့…
ဒီမျက်နှာဖုံးကျနော်တပ်ထားရင်…ကျနော့်ကို ချစ်တဲ့သူတွေလဲ ကျနော့်မျက်နှာကိုမြင်ရင်…ပျော်မယ်မဟုတ်လား…၊
တကယ်လို့ ကျနော့်ကို မုန်းတဲ့သူတွေ …ကျနော့်မျက်နှာကို…မြင်ရင်လဲ… သူတို့မုန်းတဲ့ပမာဏအတိုင်းပဲ…ဒီမျက်နှာဖုံးကို ကြည့်ရင်း…စိတ်ညစ်သွားနိုင်ကြတာပေါ့….
ဒါကြောင့်ပါ…”
ဆုရမှပဲ ဝင်ဖတ်ဖြစ်တော့တယ်… ဘရာကြော်ပါ ကောင်းကင်ပြာလေး :sar:
Kaung Kin Pyar
October 16, 2014 at 9:37 am
ဘယ်အချိန်ပဲ လာဖတ်ပေးပေး…လာဖတ်ပေးရုံနဲ့ ကျေးဇူးတင်ပါတယ်…
ဦးကြောင်ကြီး
October 16, 2014 at 9:47 am
ကင်းကောင်ပြာလေးကို နေ့ရောညပါ ဖက်ခြင်တှာ… လူလစ်လဲဖက် လူရှင်းလဲဖက် လူရှေ့လဲဖက် ဖက်မဲကွာ… ပြီးတော့ ရှလွတ်… ငါကွ
ayesad89
September 30, 2018 at 9:14 pm
လူနဲ့လောကကို Scene တစ်ခုချင်းစီ အလျားလိုက်ခင်းခင်းပြသွားလိုက်တာ…နောက်ဆုံးစာကြောင်းထိ ဖတ်နေတဲ့လူကိုတွေးအားကူဖြည့်ဖို့ ဗလာနယ်ထားခဲ့တာကြီး…လှလိုက်တာ..တွေးတတ်ရေးတတ်လိုက်တာ…ဒီလိုစာမျိုး နောက်ဆုံးဖတ်ခဲ့ရတာ မှတ်မှတ်ရရ တာရာမင်းဝေရဲ့ ပွဲတော်ညတို့ လူနဲ့ကမ႓ာပတ်လမ်းတို့ပါပဲ…ကျေနပ်လိုက်တာ